Eight ( Unicode )
မိုးဦးရာသီ၏ လေစိမ်းတို့တိုက်ခတ်နေသော သာမန်နေ့လေး တစ်ရက်။မိုးရွာအပြီးတွင် စိုထိုင်းစရှိနေသေးသည့်မြေဆီလွှာ မှတစ်ဆင့် ထွက်ပေါ်လာသော စိမ်းရွှင်ရွှင်မြေသင်းနံ့တို့သည် အများသူငှာ လူသူအပေါင်း၏ အသက်ရှူလမ်းကြောင်းထဲသို့ အပြေးအလွှားနှင့်အလုအယက်၀င်ရောက်လျက်ရှိနေပါသော အချိန်အခိုက်အတန့်လေးတစ်ခု။တ၀ီဝီ၊တဝါဝေါ၊တပွမ်ပွမ်နှင့် မြို့အနှံ့ဖြတ်ပြေးနေသည့် ယာဉ်အမျိုးမျိုးတို့၏ အသံစုံပေါ် လွှမ်းမိုးနိုင်ရမည်ရည်ရွယ်ရင်း တကျီကျီတကျာကျာအသံနှင့် အစွမ်းကုန် တေးသီနေကြပါသောသဘာဝ၏ကျေးငှက်များ။ဤသို့ဤဖုံနှင့် အရာအားလုံးမှာသာယာလှပနေပါသော်လည်း တစ်စုံတစ်ခုသော မြင်ကွင်းပုံရိပ်ကမူ သာယာငြိမ့်ညောင်းဖွယ် မနက်ခင်း ရှုခင်းအလှပန်းချီကားအားညစ်ထေးနေစေလျက်။ထိုပုံရိပ်အားအသေအချာမြင်ကွင်းချဲ့ကြည့်လိုက်မည်ဆိုပါက ပစ်မှတ်မြင်ကွင်းထဲဝင်ရောက်လာသည်မှာ ကောင်လေးနှစ်ဦး ဖြစ်ပြီးသူတို့နှစ်ဦး၏အနေအထားအားပုံဖော်ကြည့်မည်ဆိုက မျက်နှာချင်းဆိုင် ရပ်နေသူနှစ်ယောက်မှာ တစ်ဦးထံသို့တစ်ဦး တည့်မတ်စွာ ချိန်ရွယ်ထားသော သေနတ်များအား အသီးသီး ကိုယ်စီ ကိုင်ဆောင်ထားကြသည်ကို တွေ့မြင်ရပါလိမ့်မည်။
"မင်း လက်နက်ချပြီးတော့ အဖမ်းခံလိုက်ပါ..."
လက်နက်ကိုင်ဆောင်ထားသူချင်းအတူတူဖြစ်နေသည့် သူတို့ နှစ်ဦးသားမှာအရှိန်အဝါအရာ၌မူသိသာစွာကွဲထွက်နေလျက်။တစ်ဦးသည်မူအမိန့်ပေးနိုင်စွမ်းရှိသည့်ရဲဝန်ထမ်းတစ်ဦးဖြစ်၍ နောက်တစ်ဦးကမူအမိန့်နာခံရမည့်အပြစ်သားတစ်ဦးပင်သာ။သို့ဖြစ်ပါ၍ အမိန့်ပေးနိုင်သူကအမိန့်ပေးနေပါသော်လည်း မိမိ ၀တ္တရားရှိသည့်အတိုင်း နာခံနိုင်ပုံမပေါ်သူကတစ်ဖက်သူအား သေနတ်ဖြင့်ချိန်ရွယ်ကာ သူ၏ လွတ်မြောက်ရာလမ်းအတွက် ရှာဖွေနေပါတော့၏။
"မင်းကို လက်နက်ချလိုက်ပါတော့လို့ပြောနေတယ်...အခု မင်းကိုကယ်မယ့်သူ ဘယ်သူမှမရှိတော့ဘူး..မင်းရဲ့အဖော် အပေါင်းအပါ အားလုံးကို ငါတို့ ဖမ်းမိသွားပြီးပြီ...ဒါကြောင့် မင်းအညံ့ခံလိုက်ပါ..."
"အဟက် မင်းက ငါ့ကို ခွေးအ ထင်နေတာပဲ...အုပ်စုဖွဲ့ပြီး ဟောင်တဲ့ အလုပ်မျိုးကို ငါမလုပ်ဘူး ရှင်းလား....ပြောရရင် တစ်ကောင်တည်းနဲ့ ဟိန်းဟောက်နိုင်တဲ့ တောဘုရင်ခြင်္သေ့ လိုလူမျိုးပဲ...ငါဆိုတဲ့ကောင်ကပေါ့..."
အုပ်စုရှိမှမိုက်မည်ဟူသော လူမိုက်များထဲတွင် သူမပါခဲ့ပါ။မိမိ တစ်ယောက်တည်းနှင့်လည်း ထင်တိုင်းရမ်းကားနိုင်စွမ်းရှိ၏။ထို့ကြောင့် သူ့အားကယ်မည့်သူမရှိတော့ဟူသည့်ခြိမ်းခြောက် စကားတို့က အနည်းငယ်ပင် တုန်လှုပ်စေစွမ်း မရှိသည့်အပြင် ဟာသမြောက်ဝါကျဖွဲ့ထုံးတစ်ကြောင်းပမာသာဖြစ်နေလျက်။သူပြောခဲ့သည့်အတိုင်း သူသည် ခွေးအတစ်ကောင်မဟုတ်ဘဲ ခြင်္သေ့ဘုရင်ဖြစ်နေခဲ့သည်ဟူသော အကြောင်းကြောင့်ပါပင်။
"ဒါနဲ့လေ အခု သင်းကွဲနွားဖြစ်နေတာ ငါမဟုတ်ဘဲနဲ့ မင်းဖြစ်နေသလားလို့ပါ..."
ထီမထင်အကြည့်တို့နှင့် လှောင်ရယ်သံတို့စွက်နေသည့်သူ၏ စကားလုံးတို့က နေရာတစ်ခုအားဦးတည်စိုက်ကြည့်နေလျက်
ပြောလာခြင်းရယ်ပါ။ထိုနေရာသည်ကား အခြားအဝေးနေရာ တစ်နေရာတော့မဟုတ်။သူ၏မျက်နှာချင်းဆိုင်အနေအထား၌
ရပ်နေသည့် ကောင်လေး၏ အနောက်ဘက် ၀န်းကျင်နေရာ တစ်ဝိုက်ကိုသာ။ထို့ကြောင့် တစ်ဖက်ကောင်လေးသည်လည်း မိမိ၏အနောက်ဘက်သို့လှည့်ကြည့်ကာအကဲခတ်မိလေတော့ သူထင်မထားခဲ့မိသည့် အခြေအနေ။တစ်နည်းအားဖြင့်ခြင်္သေ့ ဘုရင်ဟုမိမိကိုယ်ကိုခေါ်ဝေါ်သမုတ်ထားသည့်ကောင်လေး၏ ပြောစကားတို့အတိုင်း သူသည်အမှန်တကယ်ပဲ သင်းကွဲကျား တစ်ကောင်ဖြစ်နေခဲ့ပါရောလားနွားဟူ၍ပြောရလောက်သည် အထိတော့ သူ မသိမ်ဖျင်းမနုံချာသေးပါလေ။
ဒိုင်း!!!
"အ့..."
"ရန်သူနဲ့ ရင်ဆိုင်နေရတဲ့အချိန် ဘယ်တော့မှ အကြည့် မလွှဲမိစေနဲ့...နောက်လည်းလှည့်မကြည့်မိစေနဲ့...ဒါက မင်းအတွက်သင်ခန်းစာပဲ...အခုတော့ ဘိုင့်ဘိုင်ပါ..."
ရုတ်တရက်ဆန်စွာဖြင့်ပေါင်ခြံအတွင်းသို့ ဖောက်ဝင်လာသော ကျည်တစ်ချက်အားသူရှောင်တိမ်းနိုင်စွမ်းမရှိလိုက်ပါ။အငိုက် မိသွားသည်ဟုပဲ ပြောရလေမလား။သို့မဟုတ် တစ်ဖက်လူ၏ မာယာများလှသော ပရိယာယ်ကျော့ကွင်းထဲသို့မမျှော်လင့်ဘဲ သက်ဆင်းခဲ့မိသည်ဟုပဲပြောရပါလေမလား။မည်သို့ဆိုပါစေ။လောလောဆယ် အခြေအနေတွင်တော့ သူသည် အရှုံးသမား တစ်ယောက်သာ။သွေးတဖြိုင်ဖြိုင် စီးကျနေသည့်ပေါင်ခြံမှာ လမ်းလျှောက်ဖို့ရန်နာကျင်နေလင့်ကစား အားမာန်တင်းကာ သူကုန်းထမှဖြစ်ပါလိမ့်မည်။သို့မဟုတ်ပါလျှင်သူ၏မြင်ကွင်းမှ ယင်းအပြစ်သား ပျောက်ကွယ်သွားတော့မည်မဟုတ်ပါလား။
**********
မောပန်းတကြီးဖြင့်ဦးတည်ရာမဲ့ပြေးလွှားနေရင်း မိမိသည်ပင် မည်သည့်နေရာသို့ ရောက်၍ရောက်မှန်း မသိနိုင်တော့အောင် ဖြစ်နေသူ ကောင်လေးတစ်ယောက်။သူနှင့် ရင်းနှီးမှု အလျင်း မရှိသည့်ထိုနေရာမှာတိုက်တာတို့နှင့်မွမ်းမံထားခြင်းမရှိသည့်သစ်ပင်ခြုံနွယ်တို့ဖြင့် ၀န်းရံထားသောအစိမ်းရောင်ကမ္ဘာငယ် တစ်ခုသာ။မည်သည့်နေရာသို့အကြည့်ပို့လိုက်ပါစေ၊သူ့အပေါ် လွှမ်းခြုံကြီးစိုးနေသည်ကအစိမ်းရောင်မြင်ကွင်းတို့ချည်းသာ၊
"What the hell!!!"
မည်သည့်နေရာသို့ဦးတည်ကာ ဆက်၍ပြေးလွှားရမည်ကို တွေးတောနေခိုက် သူလက်နှစ်ဖက်အားစုချည်ပူးကိုင်ကာ လက်ထိပ်ခတ်လိုက်သည့် တစ်စုံတစ်ယောက်ကြောင့်ပုံမှန် ထွက်နေကျအာမေဍိတ်စကားတို့သည်လည်းနှုတ်ဖျားထံမှ ရုတ်တရက်ထွက်အံကျလာခဲ့ရပါတော့သည်။အများသူငှာ လူတို့နည်းအတိုင်းဘုရားသခင်အားတိုင်တည်ယောင်ဖို့ရာ အတွက်မူ သူသည် အမှောင်လူသား လူမိုက်တစ်ယောက် ဖြစ်နေခဲ့ပါသည်လေ။
"မင်း မင်း ဘယ်လိုလုပ်ပြီး ဒီအထိလိုက်လာနိုင်ရတာလဲ..."
အနောက်ဘက်မှ တရားခံအား ကြည့်မိလေတော့ ထိုသူမှာ သူကိုယ်တိုင်သေနတ်ဖြင့်ပစ်ခဲ့သော ကောင်လေးဖြစ်နေ၏။ဘယ်လိုနည်းလမ်းမျိုးနှင့်များ သူ့နာက်သို့ ထိုခြေထောက်နှင့် လိုက်လာနိုင်ရပါသနည်း။တကယ့်ကို အာဂလူသားလေးပင်။
"မင်းပြောခဲ့သလိုပဲလေ...ငါကလည်း သင်းကွဲတော့ သင်းကွဲ ဆိုပေမယ့် သင်းကွဲကျားဖြစ်နေတာကိုး..."
ဟုတ်ပါ၏။သူသည် သင်းကွဲနွားမဟုတ်ဘဲ ကျားတစ်ကောင် ဖြစ်နေခဲ့သည်ကြောင့် သွေးစိမ်းရှင်ရှင်ကျနေသောဒဏ်ရာနှင့် တဆစ်ဆစ်နာကျင်နေသော ဝေဒနာတို့ကို အံတုရင်ဆိုင်ကာ ယခုကဲ့သို့အမှီလိုက်နိုင်ခဲ့သည်မဟုတ်လား။ကျားတို့မည်သည် မည်မျှပင် အားနည်းထိခိုက်နေပါစေ။သူ့အစွယ်တို့ကိုရိုက်ချိုး မထားသရွေ့အန္တရာယ်ရှိနေသေးသည့်နည်းတူသူသည်လည်း အသက်မသေခင်အထိ သူ့သားကောင်အား လွတ်မြောက်ခွင့် ပြုလိမ့်မည်မဟုတ်ပါချေ။
"မင်းတော်ပါတယ်..."
"ငါ မင်းဆီကနေ ချီးကျုးစကားကြားချင်တာမဟုတ်ဘူး..."
သူ၏တာဝန်အရ ကျေပွန်အောင် ထမ်းဆောင်ရမည့်လုပ်ငန်း တာဝန်ဖြစ်သည်ကြောင့် တစ်ပါးထံမှချီးကျူးစကားကိုလည်း သူမကြားလိုတော့ပေ။စိတ်လိုလက်ရမဟုတ်ပါဘဲ အပေါ်ယံ ဟန်ဆောင်မှုသက်သက်ကမည်သည့်ကြည်နူးခံစားမှုမျိုးကိုမှ ပေးစွမ်းနိုင်စွမ်းမရှိသည်လေ။
"ဟိတ် မင်း ဘယ်ကိုပြေးဦးမလို့လဲ..."
တစ်ဖက်သို့ပြန်လှည့်လိုက်သည့်တရားခံဖြစ်သူကောင်လေး၏ အင်္ကျီစအား အလျင်အမြန်ဆွဲကိုင်လိုက်သူ။သည်တစ်ခါတော့ သူအငိုက်မမိလိုတော့ပါလေ။
"မင်းအထင် ငါထွက်ပြေးနိုင်ဦးမယ်လို့တွေးနေတာလား..."
"ဟမ် ဘာလို့လဲ...မင်းတစ်ခုခု ဒဏ်ရာရထားလို့လား..."
လွတ်မြောက်ချင်လွန်း၍ပင် သူ့အားလှည့်ဖျားကာ လစ်ထွက် သွားသည့်သူက ယခုအခါတွင်တော့ ထွက်ပြေးနိုင်စွမ်းမရှိဟု ပြောလာသည်ကြောင့် အံသြစိတ်တို့ ကြီးစိုးသွားသည့်အပြင် တစ်ခုခုကြောင့် ဖြစ်မည်လားဟူသော အတွေးတို့ကလည်း ဖြတ်ကနဲ လျင်မြန်စွာဖြင့် သူ၏စိတ်အာရုံအတွေးအတွင်းသို့ ၀င်ရောက်ခဲ့၏။ထို့ကြောင့်လည်း ဒဏ်ရာရထားပါသလားဟု သူမေးမိခြင်းရယ်ပါလေ။
"အခုရောက်နေတဲ့နေရာကို မင်းပြန်ကြည့်လိုက်ဦး... ဘယ်နေရာကိုပြေးရင် ငါ့အတွက်လွတ်လမ်းရှိမလဲ..."
ထိုအခါမှ ဘေးပတ်ဝန်းကျင်အနီးအနားအားသူလေ့လာမိ၏။တရားခံအား လက်လွတ်မခံလိုသော စိတ်နှင့်သာ ကမူးရှူးထိုး ပြေးလိုက်လာခဲ့သည်ကြောင့်ပတ်ဝန်းကျင်အနေအထားတို့ကို သုံးသပ်ဖို့ရာအတွက် သူ မေ့လျော့သွားခဲ့ပါသည်လေ။ယခုမှ အသေအချာကြည့်မိလေတော့သူရောက်ရှိနေသည်မှာ လူသူ အရောက်အပေါက်နည်းသော တောနက်ဖြစ်နေပါရောလား။
"ငါ့အထင် ငါတို့တွေ တောထဲကို တော်တော်နက်နက် ရောက်လာခဲ့ကြပြီထင်တယ်..."
"သေချာတာပေါ့..."
"မင်းငါနဲ့အသာတကြည် လိုက်ခဲ့ပါ..."
မည်သို့ပင်ဆိုပါစေ။လတ်တလောအခြေအနေ၌တော့ တရားခံကိုသူလက်ဝယ်ဖမ်းဆီးထားနိုင်ခဲ့ပါပြီလေ။ရုံးတင်စစ်ဆေးဖို့ရန်အတွက် ထိုသူကို သူခေါ်ထုတ် သွားရန်သာကျန်ပါတော့သည်။
"မင်းသာ ငါ့ကို ဒီတောထဲကနေ ခေါ်ထုတ်သွားနိုင်ခဲ့မယ် ဆိုရင်ပေါ့..."
တရားခံဘက်မှစိန်ခေါ်ပြောလာသည့် If You Can... ဟူသည့် စကားသံတို့သည် သူ၏မာနတို့ကိုတစိတ်တပိုင်း ထိခိုက်နေပါသယောင်။အဘယ်အတွက်ကြောင့်နှင့်များ သူမလုပ်နိုင်ဟု ထင်နေရပါသနည်း။
"ဘယ်လိုလဲ...မင်း ပြန်လမ်း မသိတော့ဘူးလား..."
သူ့ကိုယ်သူ တောတွင်းမှလမ်းပြဂိုက်တစ်ဦးပမာ ယုံကြည်မှု အပြည့်အ၀နှင့် လျှောက်လှမ်းနေသည့် သူ၏အရှေ့ဘက်မှ ကောင်လေးအားကြည့်၍ ဦးခေါင်းတို့ကိုသာ အတွင်တွင် ခါယမ်းနေမိတော့သည်။သူသည်လည်း အိမ်အပြန်လမ်း ပျောက်နေပါပြီဟူသော အဖြစ်မှန်အား ၀န်ခံချင်သည့်ပုံ မပေါ်ဘဲဖြစ်နေသည်လေ။
"ငါ ငါဒီလမ်းအတိုင်း ၀င်လာခဲ့တာပါပဲ...ဘာဖြစ်လို့များ..."
"အဟက်..."
"ဒီမှာ မင်း ဘာလှောင်တာလဲ..."
အိမ်အပြန်လမ်းပျောက်နေ၍ စိတ်ညစ်ပါသည်ဆိုကာမှ တစ်ဖက်က လှောင်ရယ်လာသည်ကြောင့် ဒေါသတို့က ထွက်ရပြန်ပါသေးသည်။
"ကျားလေးက ကိုယ့်တောကိုယ် မမှတ်မိတဲ့ပုံပဲနော်..."
"မင်းကရော မှတ်မိလို့လား...မမှတ်မိတော့လို့ ငါ့နောက်က လိုက်လာတာကိုများ သောက်ပိုလုပ်ပြီး လေကြီးလေကျယ် လာပြောမနေစမ်းပါနဲ့..."
ယခုအခါမှသာသူဂဂနနသဘောပေါက်ပါတော့၏။တကယ် တမ်းတွင်တော့ ထိုတရားခံဖြစ်သူကောင်က သူ့နောက်သို့ အသာတကြည်လိုက်လာခြင်းမျိုးမဟုတ်ဘဲ သူကိုယ်တိုင် လမ်းပျောက်နေ၍ ချောချောမွေ့မွေ့လိုက်ခဲ့ခြင်းဖြစ်သည် ဟူသော အချက်ကိုပါပင်။
"ဟေး အစောကြီးထဲက ငါမှတ်မိတယ်လို့ပြောမိလို့လား..."
"ပြောတော့ဖြင့် သူ့ကိုယ်သူ ကေသရာဇာခြင်္သေ့မင်းလိုလို ဘာလိုလိုနဲ့...ကျစ် အခုဘယ်လိုလုပ်ကြမလဲ..."
"ဘယ်လိုလုပ်ရမှာလဲ တစ်နည်းနည်းနည်းထွက်နိုင်အောင် ကြိုးစားရမှာပေါ့ကွ..."
ကြိုးစားရမည်။ ဟုတ်ပါသည်။ သူတို့တွေ ကြိုးစားရပါမည်။ ထိုင်နေရုံတွေးနေရုံနှင့်လမ်းစပေါ်လာလိမ့်မည်မဟုတ်သည်မို့ ဖြစ်နိုင်ချေရှိသောလမ်းအားသူတို့ရွေးချယ်သွားရပါမည်လေ။သည်တစ်ခေါက်တွင်တော့ တောကြီး၏ မာယာမျာအောက်မှ ရုန်းထွက်နိုင်ဖို့ရာ သူတို့ နှစ်ဦးအဖို့ ဘုရားသခင်ဆောင်ကြဉ်း ပေးမည့်ကံကောင်းမှုဟူသော အရာအား လိုအပ်နေပါပေပြီ။
"ဟူး ငါ မောလာပြီ...ဆက်မသွားနိုင်တော့ဘူး..."
မိနစ်လက်တံတို့က အရစ်ပေါင်းများစွာ လည်ပတ်သွားသည့် နည်းတူ လမ်းပျောက်ရှာနေသူတို့၏ကိုယ်ခံအားတို့မှာလည်း တဖြည်းဖြည်းနှင့် အနုတ်လက္ခဏာပြနေပါပြီ။ဇောချွေးစတို့ စီးကျနေသည့်တိုင် သူတို့၏အိမ်အပြန်လမ်းကို ကြိုးစားကာ ရှာဖွေနေကြဆဲ။သို့သော် တစ်ယောက်ကမူ နောက်ဆုံးတွင် အလံဖြူထောင်ပြလိုက်ပါတော့၏။
"ကျစ် ဆက်မသွားလို့ရမလားကွ...တဖြည်းဖြည်းနဲ့ ညနေ စောင်းလာပြီ...ဒီတောထဲမှာ မင်းညအိပ်ချင်လို့လား..."
တစ်ဖက်က အလံတထူထူနှင့် ခရီးဆက်ချင်နေသောသူမှာ မမောဘူးလားဟု မမေးလိုက်ပါနှင့်။ရေစွတ်ထားသည်လား အောက်မေ့ရလောက်အောင်ပင် စိုရွှဲနေသည့်ချွေးသီးတို့နှင့် မောဟိုက်နေသော အသက်ရှူသံခပ်ပြင်းပြင်းတို့က သူ၏ အနေအထားအမှန်အား လှစ်ဟပြနေပါ၏။သို့သော်လည်း သူ၏ပန်းတိုင်သို့ တစိုက်မတ်မတ်ဦးတည်ကာ ခုတ်မောင်း နေသည်ကြောင့် အခြားအရာများကို ဂရုပြုနိုင်ပုံမပေါ်ပါ။
"မစာမနာမပြောစမ်းပါနဲ့ကွ..မင်းငါ့ကိုသေနတ်နဲ့ပစ်လိုက်တဲ့ ဒဏ်ရာက အခုထက်ထိကိုသွေးတိတ်သေးတာမဟုတ်ဘူး... ငါလိုလူမျိုးမို့လို့သာ ဒီအချိန်လောက်ထိခံနိုင်ရည်ရှိနေတာ..."
သူပြောသည်မှာလည်းအမှန်ပါပင်။ယခုထက်ထိတိုင် သွေး မတိတ်သေးသည့်ဒဏ်ရာအား လျစ်လျူရှုကာ ပန်းတိုင်ထံ ဦးတည်ပြေးလွှားခဲ့ပါသည်။သို့သော် ယခုအခါတွင်တော့ သူမည်သည့်နည်းနှင့်မှ သည်းမခံနိုင်တော့လောက်အောင် ဒဏ်ရာက ကိုက်ခဲလာသည်လေ။သူ့နေရာ၌ အခြားသော အားနည်းသူတစ်ဦးသာဖြစ်ခဲ့ပါက ယခုအနေအထားတိုင်း အကောင်းပကတိပုံစံမျိုးနှင့် ရပ်နေနိုင်လိမ့်မည်မဟုတ်။
"ငါ့ရှေ့မှာ စာလာဖွဲ့ပြမနေနဲ့...မသနားတတ်ဘူး....အေး မင်းဆက်မလိုက်နိုင်တော့ဘူးဆိုရင်လည်း ဒီနေရာမှာတင်ပဲ လမ်းခွဲလိုက်ကြတာပေါ့...ငါကတော့ တောရဲကောင်တွေရဲ့ အစာအဖြစ်မခံနိုင်ဘူး.....နှုတ်ဆက်ခဲ့ပါတယ်ကွာ....မင်း ကံကောင်းပါစေ..."
ညဉ့်နက်လာသည်နှင့်အမျှတောရဲသားကောင်တို့သည်လည်း အလျှိုလျှိုထွက်လာကြတော့မည်။ဤအခါမျိုး၌ လက်နက်မဲ့ လူသားသူတို့အဖို့မည်သည်ကိုအသုံးပြုကာခုခံရပါမည်နည်း။ကိုးတောင်ခန့်ရှိသည့် ကျားအား ပစ်စတိုလ်လေးတစ်လက်မှ ကျည်တောင့်တို့နှင့် နှိမ်နှင်းနိုင်ပါမည်လား။မဖြစ်နိုင်သည်ကို စူးစမ်းနေမည့်အစား ဖြစ်နိုင်ချေရှိသည့်လမ်းကို ရွေးချယ်ရန် စွန့်လွှတ်ရမည့်အရာရှိခဲ့ပါလျှင် ထိုသူမှာ သူ၏မျက်စိရှေ့တွင် ရဲသားကောင်လေးပင် ဖြစ်ပါလိမ့်မည်။ပန်းတိုင်တစ်နေရာသို့ အတူလျှောက်လှမ်းရန် ရည်ရွယ်ခဲ့ပါသော်လည်း တစ်ဖက်က အလျှော့ပေးလိုက်ပြီဆိုမှတော့သူ့အနေဖြင့်လက်တွဲဖြုတ်၍ ထားရစ်ခဲ့ရုံမှတစ်ပါး အခြားရွေးချယ်နိုင်ပါဦးမည်လား။
"ဟေ့ မင်း ငါ့ကို တကယ်ပဲ တစ်ယောက်တည်း ထားခဲ့တော့မလို့လား...ဟေ့..."
ကျောခိုင်းထွက်ခွာသွားနှင့်ပြီဖြစ်သော သူတစ်ယောက်အား ပြန်၍လှည့်လာမည်အမှတ်နှင့် ရူးနှမ်းစွာ သူဟစ်အော်မိ၏။သို့သော် လက်တွေ့တွင်မူ သူ၏ မျှော်လင့်ချက်တို့အတိုင်း ဖြစ်မလာခဲ့ပါပေ။သို့ဖြစ်ပါ၍ တဖြည်းဖြည်းချင်းနဲ့ မှောင်ရိပ် သန်းလာသည့်တောနက်အထဲတွင် သူတစ်ယောက်တည်း သို့မဟုတ် တစ်ဖက်လူပြောခဲ့သည့် သားရဲတိရစ္ဆာန်တို့နှင့် တစ်ညတာအား ဖြတ်သန်းကုန်ဆုံးရတော့ပါမည်လား။
တစ်ဆင့်ချင်းတစ်ဆင့်ချင်းဖြင့် အသွေးအသားအတွင်းသို့ စိမ့်ဝင်လာသောလေအေးတို့က ချမ်းအေးလှသည်ကြောင့် သူ့အနေဖြင့် ငယ်စဉ်အရွယ်အချိန်က သင်ကြားခဲ့ဖူးသော အချုပ်တန်းဆရာဖေ၏ ဆောင်းရတုပွဲကဗျာမှ
"ချမ်းပုံမှာ ကမ်းကုန်ရစ်တာမို့...
မန်းတုန်အောင် လမ်းဆုံက ဟစ်ချင်တော့... သည်ခေတ်မှာသည်လိုဟာဖြင့်...
သည်ကိုယ်မှာ သေသလုပါပေါ့...
ကမ္ဘာကို ဗြဟ္မာတို့ပြုခဲ့တယ်...
ဆောင်းရတုပွဲ..."ဟူသော အချိုးအပိုဒ်လေးကိုပင် သွား၍ သတိရပါတော့၏။အအေးဒဏ်ကြောင့်ပိုမိုကိုက်ခဲလာသည့် ခြေထောက်ဒဏ်ရာတို့က အသည်းခိုက်မတတ်နာကျင်ပါ၍ ပတ်ဝန်းကျင်မှ လေစိမ်းတို့ကလည်း အသည်းခိုက်မတတ် အေးစိမ့်နေပြန်ပါသည်လေ။ဟန်ဆောင် သည်းခံနိုင်သော အစွမ်းအစတို့ ကုန်ဆုံးသွားသည့်အဆုံး အသိမဲ့လှစွာသော ခန္ဓာကိုယ်လေးမှာ မြေပြင်ထက်သို့အဆီးအတားမရှိ ပြိုကျ ခဲ့ရပါတော့သည်။
တစ်ဖက်တွင်လည်း သူ၏ ဦးတည်ရာရည်ရွယ်ချက်အတိုင်း ခရီးဆက်နေသော လူမိုက်ကြီးတစ်ဦး။သနားစဖွယ်လူသား ကိုပင်လျစ်လျူရှုကာ ထားရစ်ခဲ့ပါသော ထိုလူမိုက်ကြီးမှာ ယခုအခါတွင်တော့ မည်သည်အရာအား နောက်ဆံတင်း၍ တင်းနေမှန်း သူကိုယ်တိုင်ပင် သတိမထားမိလောက်အထိ ခြေလှမ်းတို့က လေးလံနေခဲ့ပါသည်။သေချာသည်ကတော့ ထိုကောင်လေး အဆင်ပြေပါမည်လား။သားကောင်များ၏ ၀ိုင်းဝန်းအမဲဖြတ်ခြင်းကိုပဲ ခံနေရတော့မည်လား ဟူ၍ သူ တွေးတောမိကာ စိတ်ပူနေမိပါ၏။
"ကျစ် ငါထင်တဲ့အတိုင်းပါပဲလား..."
စိုးရိမ်စိတ်တို့ကြောင့်ဟူ၍ပင် ပြောရပါလေမလား။သို့မဟုတ် လူသားဆန်စိတ်ကြောင့်ဟုပဲ ပြောရပါလေမလား။နောက်ဆုံး သူ၏ခြေလှမ်းတို့အား နောက်ပြန်လှည့်ကာ ထိုကောင်လေး ရှိရာနေရာသို့ပြန်လာခဲ့ပါသည်။သူထင်ထားသည့်အတိုင်းပင်။ထိုကောင်လေးမှာ စိုနစ်နစ် မြေညိုလွှာထက်၌ အဖြူစင်ဆုံး အိပ်မောကျနေခဲ့သည်လေ။
"ဟေ့ ဟေ့ မင်းသတိထားဦးလေ...ဟာ ကိုယ်တွေလည်း ပူကျစ်နေတာပဲ..."
အိပ်မောကျနေသည်ပဲမဟုတ်။ထိုကောင်လေး၏ ခန္ဓာကိုယ် ထက်တွင် သာမန်မဟုတ်သော အပူငွေ့တို့လည်း ဖြစ်ပေါ် နေပါ၏။သို့ဖြစ်ပါလျှင် အနာရှိန်နှင့်အအေးဒဏ်ပေါင်းမိကာ သူဖျားသွားခြင်း ဖြစ်ပါလိမ့်မည်လေ။
မြန်မာလူမျိုးတို့၏စိတ်ရင်းအတိုင်းဒုက္ခရောက်နေသည့်သူကို ပစ်မထားနိုင်ခဲ့ရိုးဖြစ်ခဲ့ပါလျှင်သူသည်လည်းကောင်လေးအား တစ်ယောက်တည်း ပစ်မထားခဲ့နိုင်ပါ။ထို့ကြောင့် သူ့အတွက် လုံခြုံစိတ်ချမည့်တစ်နေရာအားခေါ်ဆောင်သွားဖို့ရန်အတွက် လိုအပ်နေပြီလေ။ သို့သော်နောက်ပြန်လက်ထိပ်ခတ်ထားခြင်း ခံနေရသူသူ့အဖို့ ထိုကောင်ငယ်လေးအား ပါးစပ်ဖြင့် ကိုက်ချီ သွားရပါမည်လား။အင်း.ဤသည်ကမည်သို့ဖြစ်နိုင်မည်နည်း။သို့ဖြစ်လျှင် ထိုလက်ထိပ်အားဖွင့်ဖို့ရာအတွက် သော့တံတော့ လိုအပ်နေပါပြီ။ထိုကောင်လေး ကံကောင်းသည်ဟုပဲ ပြောရ လေမလား။သို့မဟုတ် သူကံကောင်းသည်ဟုပဲပြောရမလား။ဘောင်းဘီအိပ်ကပ်ထဲမှ သောတံလေးမှာ လွယ်ကူစွာနှင့်ပင် အပြင်ဘက်သို့ ရောက်လာခဲ့သည်လေ။
"မင်း ငါ့ကို တော်တော်ဒုက္ခပေးတာပဲ ကျားပေါက်ရေ..."
သည်လိုနှင့် တောထဲတွင်ပိတ်မိနေသော ကျားပေါက်လေးမှာ လမ်းပျောက်နေသော တောဘုရင်ခြင်္သေ့မင်း၏ကျောထက်၌ မှေးစက်ရင်းနှင့်ပင် ခရီးဆက်ခဲ့ကြပါတော့သည်။
>>>>>Eight
"ရေ...ရေဆာတယ်..."
ကျဲတဲတဲဖြစ်နေပါသော သစ်သားပြားအချပ်တို့အား အစီအရီ ခင်းကျင်းထားသော ကြမ်းခင်းပြင်ထက် လူးကာလိမ့်ကာဖြင့် နိုးထလာသော ကျားပေါက်လေး။နှုတ်မှလည်း ရေဆာတယ် ဟူ၍သာ တတွတ်တွတ်ပြောနေသူ။
"ရေ ရေဆာတယ်လို့...ကြီးငွေရေ သားကို ရေခပ်ပေးပါ..."
သူ့ဘေးမှရေတောင်းနေသူ ကျားပေါက်၏အသံအား ကြားလျက်နှင့် မကြားချင်ယောက်ဆောင်နေသော ခြင်္သေ့တစ်ကောင်သည်လည်း သွေးအေးစွာပါပင်။ကျားပေါက်သည်လည်း သူလိုချင်သည့်အရာအား မရမချင်းတကျီကျီ ပူဆာနေလျက်။သူ့နေအိမ်ဟု ထင်မှတ်နေသည့်ပုံပါပင်။အရာရာအား အမိန့်ပေး ခိုင်းစေနိုင်ပုံထောက်လျှင် ထိုကျားပေါက်လေးမှာ ၀ရမ်းပြေးဖြစ်သော သူနှင့် ကွဲပြားခြားနားစွာပင် အဆင့်အတန်းမြင့်မျိုးရိုးမှဆင်းသက်လာပုံပေ။
"မင်း..."
ရေဆာပါသည်ဆိုကာမှ သူ့ထံသို့ရေရောက်မလာသည်ကြောင့် အကြီးကြီးဒေါခွီးကာရန်တွေ့ရန်အထသူမြင်လိုက်ရသည်က မနေ့က သူနှင့် အတိုက်အခံဖြစ်ခဲ့သော တရားခံကောင်လေး။သို့ဖြင့်လျှင် သူ ယခုထက်ထိ တောထဲတွင် ပိတ်မိနေဆဲပေါ့။
"သက်သာလား..."
ထို့နောက် သူ့အားကြည့်ကာသွေးအေးအေးနှင့်အေးစက်စက် သတင်းမေးလာသူ။သတင်းမေးသည်ကို ဤလောက်အထိပင် မျက်နှာထားတင်းထားစရာလိုလားဟု သူမေးလိုက်ချင်ပါရဲ့။
"မင်းက ဘယ်လိုလုပ်ပြီးတော့..."
အဲ...သူသိချင်သည်က ဤနေရာသို့ သူမည်သို့ရောက်လာရပါ သနည်း။သူမှတ်မိသည်က တကြော်ကြော်အော်ခေါ်နေသော သူ့အား တစ်ယောက်သောသူက သွေးအေးရက်စက်စွာဖြင့် ပစ်သွားခဲ့သည်လေ။ယခုနိုးလာခါမှ ထိုသွေးအေးလူသားက သူ၏မျက်စိရှေ့တွင်ရောက်နေသည်တဲ့လား။
"လူတစ်ယောက်သေသွားမှာကို ဒီအတိုင်း ပစ်မထားရက်ခဲ့လို့..."
"အဟား..."
သြော်...ထိုသွေးအေးလူသားက သူ့အား ခေါ်လာသည်ဆိုပဲ။လူတစ်ယောက်၏အသက်တစ်ချောင်းအား တန်ဖိုးထားသည် ဟူသော တရားခံ၏စကားက သူ့အဖို့တော့ဟာသမြောက်၏။လူတကာအပေါ် ဖျံကျနေသူတစ်ယောက်က ဤစကားမျိူး ပြောတတ်သည်လားဟူ၍သာ မေးလိုက်ချင်တော့၏။
"ဘာရယ်တာလဲ..."
"မင်းလိုလူမျိုးဆီက အဲလိုစကားမျိုးကြားရတာ ထူးဆန်းနေလို့ပါကွ..."
ုခြင်္သေ့သည်လည်းသူ့ရှေ့တွင် သူ့အား လှောင်ရယ်နေသည့် ကျားပေါက်လေးအားအပြစ်ပြောလိုတော့ပါပေ။သူ့အနေဖြင့် အများအမြင်တွင် ထိုသို့သော လူတစ်ယောက်ဖြစ်နေသည် မဟုတ်ပါလား။သူကိုယ်တိုင်ရွေးချယ်ခဲ့သည့်လမ်းဖြစ်တာမို့ ရင်ဆိုင်ရဲသည့်သတ္တိသည်လည်း အပြည့်အ၀ရှိပါသည်လေ။ညကြီးမိုးချုပ်သူ့အားထမ်းပိုးကာ မှီခိုရာနေရာတစ်ခုရအောင် အပြေးအလွှား လိုက်ရှာခဲ့သည်ဆိုသော အကြောင်းအရာနှင့် ဆေးမြစ်ဆေးရွက်တို့ ရှာဖွေထုထောင်းကာ ဒဏ်ရာများကို သက်သာပေးစေခဲ့သည့်အခြင်းအရာများအားတစ်ဖက်လူ သိစေအောင်လည်း သူ ပြောပြဖြစ်တော့မည်မဟုတ်ပါ။
"အ့...ငါ့ခြေထောက်က တဆစ်ဆစ်နာနေတယ်..."
"အဲတော့..."
"မင်းမှာ အကိုက်အခဲပျောက်ဆေးလေးဘာလေးပါလား..."
"မပါဘူး..."
ဒဏ်ရာက အကင်းမသေသည်ကြောင့် ကိုက်ခဲတုန်းဖြစ်သည် ထင်ပါရဲ့။ယောက်ျားလေးမဟုတ်သည့်အတိုင်း မျက်နှာတို့က စူပုတ်ရှံ့တွနေပါ၏။သူ့အနေဖြင့် ထိုအကောင်ပေါက်လေးမှာ ဤမျှလောက်အထိ ကလေးဆန်တတ်မှန်း ထင်မထားခဲ့မိရိုး အမှန်ရယ်ပါ။
"မုန့်တွေဘာတွေရော...ငါ ဗိုက်ဆာလို့..."
"ကျစ် အဲဒါတွေ အကုန်ပါရအောင် ငါက ပျော်ပွဲစားထွက်လာတာမှမဟုတ်တာ..."
"ထားပါတော့ကွာ..."
ဒုက္ခရောက်နေပါသည်ဆိုကာမှ ပျော်ပွဲစားထွက်လာသည် အမှတ်နှင့် ဗိုက်ပွတ်ကာ မုန့်တုန်းနေသူက တကယ်ပင် အပူအပင်ကင်းနေသယောင်။သူဘယ်လိုလူမျိုးနှင့်များ ဆုံစည်းခဲ့ပါသနည်း။
"မင်း ဘယ်လဲ..."
"ငါ့ဟာငါ ဘယ်သွားသွား မင်းအပူပါလား..."
ထို့နောက် သူတို့၏ယာယီခိုနားရာအိမ်လေးထံမှ ထွက်သွား တော့မည်ပြုနေသော ခြင်္သေ့အား ကျားပေါက်က မျက်လုံး ပြူးကျယ်ကျယ်လုပ်ကာ မေးခွန်းထုတ်လာတော့သည်။သို့သော်ခြင်္သေ့ကမူ ခပ်တည်တည် ခပ်ပြတ်ပြတ်ပါပင်။
"ငါ့ကိုထားသွားမှာတော့ မဟုတ်ဘူးမှတ်လား..."
သူ့အား တစ်ယောက်တည်းထားသွားမည်ကို ကြောက်နေ၍ ထင်ပါရဲ့။မျက်နှာငယ်လေးဖြင့်မေးလာသောသူ။သို့ပါသော် သူမည်သည့်အဖြေမျိုးကိုမှ ပြန်မပေးခဲ့မိဘဲ ထိုနေရာထံမှ အဝေးသို့သာ ထွက်လာခဲ့လိုက်ပါသည်။သေချာသလောက် ကျန်ခဲ့သူကောင်လေးမှာ စိုးရိမ်စိတ်တို့ကြီးစိုးနေပါလိမ့်မည်။သူ့အားထားသွားတော့မည်လားဟူသော အတွေးတို့နှင့်ပေါ့။
ထို့နောက် အချိန်ဘယ်လောက်မှ မကြာလိုက်ပါ။ကျားပေါက်ထံသို့ ခြင်္သေ့လေးပြန်ရောက်လာခဲ့၏။
"ထ ဆေးသောက်လိုက် သက်သာသွားအောင်..."
"ဟမ် ဒါတွေက ဘာတွေလဲ..."
သာမန်ပြန်ရောက်လာခြင်းမျိုးမဟုတ်ဘဲ လက်ထဲတွင် တန်ဆာပလာအပြည့်အစုံနှင့် ပြန်ရောက်လာခြင်းသာ။
"ဆေးရွက်တွေကို ကြိတ်ထားတာ...ဒါက မင်း နာကျင်တာကို သက်သာစေလိမ့်မယ်..."
သြော်..လက်စသတ်တော့ ခြင်္သေ့ကြီးက ကျားပေါက်လေး၏ နာကျင်မှုကို မကြည့်ရက်၍ ဆေးရွက်တို့ သွားရှာခြင်းပါပင်။
"ငါ အဲဒါကြီးကို မသောက်ချင်ဘူး...ခါးမယ်ထင်တယ်..."
အသက်ကဖြင့်၂၀လောက်ရှိမည့်ပုံ။ဤသည်ကိုဆေးကြောက် သည့်ပုံလုပ်နေ၍ အပင်ပန်းခံရှာလာရသူက စိတ်မရှည်ချင်ပင် ဖြစ်လာရတော့သည်။တကယ်ကို ဂျစ်တိုက်လွန်းလှသော ထို ကောင်လေးမှာ အိမ်တွင်မည်မျှ အလိုလိုက်ခံထားရသည်ကို သူတွေးကြည့်ရုံနှင့်ပင် သိလိုက်ပါပြီလေ။
"ကျစ် ရှည်လိုက်တာ...ကဲ..."
"အု..."
အရစ်သန်လွန်းသူကောင်လေးမှာ လှည့်ဖျားတတ်လွန်းသူ ကောင်လေး၏အငိုက်ဖမ်းမှုအောက်တွင် နောက်တစ်ဖန် ကျရှံးခဲ့ရပြန်ပါသည်။အကြောင်းကား ရုတ်တရက်ဆန်စွာ သူ၏ပါးစပ်ထဲသို့ ၀င်ရောက်လာသော ဆေးရည်တို့အား ရှောင်တိမ်းနိုင်စွမ်းမရှိလိုက်သည်ကြောင့်ပင်။
"ချိုသားပဲ..."
ထို့နောက် ပါးစပ်ထဲရောက်သွားနှင့်ပြီးသည့် ဆေးအရသာကို သဘောကျသွားသည်ထင်ပါရဲ့။နှုတ်ခမ်းစတို့အား လျှာလေး နှင့်သပ်ကာပင် အရသာခံနေတော့၏။ဤကောင်လေးအား ကလေးမဆန်ဟုပြောလျှင် မည်သူ့ကိုကလေးဆန်သည်ဟု
ု ပြောရတော့ပါမည်နည်း။
"ဒီမှာ မင်းအတွက်...ဒီနားမှာက အသီးအနှံတွေပဲ ရှာလို့ရတယ်..."
"ကျေးဇူးပါကွာ..."
ကျားပေါက်လေးဗိုက်ဆာနေသည်ကို သိ၍ထင်ပါရဲ့။ခြင်္သေ့က အသီးအနှံ သစ်သီးဝလံတို့အား ခူးဆွတ်လာခဲ့ပါလေ၏။
ခဏအကြာတွင်တော့ ကျားပေါက်လေးသည်လည်း ဆေးသောက်ပြီးဗိုက်တင်းကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပါတော့သည်။
**********
"မင်း ပြန်ရောက်လာပြီလား...တစ်နေ့လုံး ဘယ်တွေသွားနေတာလဲ..."
သူခဏလောက် မှေးကနဲအိပ်ပျော်သွားလိုက်ပါသည်။နိုးလာ ချိန်တွင်တော့ သူ့ဘေးတွင် တရားခံကောင်လေးက ရှိမနေ။တောကြီးချောက်နက်ထဲတွင် သူ့အား တစ်ယောက်တည်း ထားခဲ့ပါပြီလား ဟူသော အတွေးတို့က အတော်ကြီးကိုပင် ပူလောင်စေ၏။ထို့ကြောင့် အိမ်အပေါက်ဝလေး၌ ထိုင်ကာ တစ်ယောက်သောသူ ပြန်အလာအား မျှော်လင့်တကြီးဖြင့် စောင့်စားနေမိ၏။ထိုအချိန်မျိုးတွင် ထိုတရားခံကောင်လေး ပြန်ရောက်လာသည်ကြောင့် သူ မည်မျှပင်ပျော်ခဲ့ရသနည်း။သူစိမ်းတစ်ယောက်အပေါ် ပထမဆုံးအကြိမ် အားကိုးမိခြင်း ရယ်ပါလေ။
"အိမ်အပြန်လမ်းသွားရှာနေတာ..."
"သြော်..."
"ဒါနဲ့ ငါတို့တွေ တစ်ယောက်နဲ့တစ်ယောက် မိတ်မဆက်ရသေးဘူးလားလို့..."
"တရားခံတစ်ယောက်နဲ့ ရဲတစ်ယောက်ရဲ့ကြားမှာ ဘာများမိတ်ဆက်စရာကိစ္စရှိရမှာလဲ..."
ဟုတ်ပါသည်။သူတို့နှစ်ယောက်၏ ပတ်သတ်မှုမှာ ထိုကဲ့သို့ ပတ်သတ်မှုမျိုးပါပင်။အလင်းထဲမှ သူနှင့် အမှောင်ထဲမှ သူ။သူတို့နှစ်ယောက်မှာ ရထားတစ်လမ်းသံတစ်လမ်းမည်သည့် ပတ်သတ်မှုမျိုးပါပင်။သို့သော် ထူးဆန်းနေသည့် အချက်က သူထိုကောင်လေးနှင့် အတူရှိနေချိန်တွင် သူ၏ စိတ်တို့က ပေါ့ပါးလတ်ဆတ်နေခဲ့သည်ဆိုသောအချက်ပါပင်။မိမိအား လက်ထိပ်ခတ်ကာ သံတိုင်ကြားထဲသို့ ဆွဲခေါ်သွားမည့်သူ ဖြစ်နေပါလျှက် အဘယ်ကြောင့် နှလုံးသားက မှားယွင်းစွာ ခံစားမှုတို့ဖြစ်ပေါ်နေရပါသနည်း။
"အဟမ်း..ငါ့နာမည်က မိုးထက်ပိုင်...လောလောဆယ်တော့ ရဲဝန်ထမ်းတစ်ယောက်ပေါ့...မင်းနာမည်ကရော..."
"မင်းက ငါ့နာမည်ကို မသိဘူးပေါ့..."
ရဲတစ်ယောက်က သူဖမ်းဆီးရမည့် တရားခံ၏ နာမည်အား မသိဘူးဆိုသည်မှာ ဘယ်လိုတောင် မဖြစ်နိုင်ပါသနည်း။
"မင်းတို့လောကမှာတော့ M2ဆိုပြီးတော့ မင်းက နာမည်ကြီးနေတာပဲလေ...အခု ငါသိချင်တာက မင်းရဲ့နာအည်အရင်းကို..."
"M2လို့ပဲ သိထားလိုက်ပါ...နာမည်ပြောရလောက်တဲ့အထိ ရင်းနှီးတဲ့လူတွေမှ မဟုတ်ကြတာပဲ..."
M2....ထိုနာမည်အား ဒုစရိုက်လောကတွင် မသိသည့်သူ မရှိလောက်အောင်ပင်သူကျင်လည်ခဲ့သည့်အချိန်ကာလက မနည်းခဲ့သည်လေ။ပြောရပါလျှင် သူ၏ နာမည်အရင်းအား မိဘနှစ်ပါးမှလွဲ၍ မည်သူမျှသိနိုင်လိမ့်မည် မဟုတ်ပါချေ။ထို့ကြောင့် မိုးထက်ပိုင်ကိုလည်း သူမပြောပြနိုင်သေးပါ။တစ်နေ့...တစ်နေ့ အခွင့်ရှိခဲ့လျှင်တော့ ပြောဖြစ်ကောင်း ပြောဖြစ်နိုင်ပါလေရဲ့။
"ဒါပေမယ့် ငါ သိချင်...ဟေ့ ဟေ့..."
မိုးထက်ပိုင်မှာတော့ သူသိလိုသည်ကို မသိလိုက်ရပါပေ။တစ်ဖက်သို့လှည့်ကာ အိပ်ချင်ယောင်ဆောင်နေသူအား နိုး၍မရနိုင်တော့သညကိုး။
"ကျစ် ခြင်္သေ့ကောင်အစုတ်ပလုတ်...နာမည်လေးပြောပြပါ ဆိုတာကို ဈေးကိုင်နေတယ် ဟွန်း...ခြင်္သေ့ လိုင်းယွန်း.. ဟုတ်ပြီ..ငါ မင်းကို လိုင်းယွန်းလို့ပဲခေါ်မယ် ကြားလား..."
သူ အိပ်ပျော်သွားပြီအမှတ်နှင့်ပွစိပွစိပြောနေသော ကောင်လေး၏ စကားသံတို့အား သူပြုံးပြုံးကြီးနှင့် နားထောင်နေမိသည့်နောက် တစ်ယောက်သောသူ ပေးထားသည့် အမည်နာမတစ်ခုအား နှစ်ခြိုက်စွာ သူတိုးတိုးလေး ရေရွတ်နေမိ၏။
လိုင်းယွန်း...ဒီတောထဲတွင်ရှိနေသည့်ကာလတွင်တော့ ထိုကောင်လေးဘေးတွင် M2ဆိုသည့် ဒုစရိုက်ကောင် မဟုတ်ဘဲ လိုင်းယွန်းဆိုသည့်ကောင်လေးတစ်ယောက် အဖြစ်သူ့အား ကားကွယ်ပေးနေပါရစေ။
>>>>>Eight
"မင်း လမ်းသွားရှာမလို့လား..."
"အင်း ဟုတ်တယ်..."
မနက်စောစောစီးစီးအချိန်တွင် အသေအချာပြင်ဆင်ကာ အပြင်သွားရန်ပြင်နေသော လိုင်းယွန်း။ယနေ့တွင်လည်း တောနက်ထဲမှ လွတ်မြောက်ဖို့ရာလမ်းစအား သူရှာဖွေ ရပါဦးမည်လေ။
"ငါလည်း အတူလိုက်ခဲ့မယ်လေ...အတူ ၀ိုင်းရှာပေးလို့ ရတာပေါ့..."
"မင်းခြေထောက်က သက်သာလို့လား..."
"အင်း သက်သာသွားပြီ...ငါလိုက်ခဲ့မယ်နော်..."
တောထဲတွင်ပိတ်မိကာ ဒုက္ခရောက်နေသူချင်း အတူတူကို အဘယ်ကြောင့်များ သူကသက်သက်သာသာနှင့် အိမ်တွင် ထိုင်နေနိုင်ပါမည်နည်း။ကောင်းတူဆိုးဖက် အေးတူပူအမျှ ပင်ဖြစ်နေရမည်မဟုတ်ပါလား။ထို့ကြောင့် လိုင်းယွန်း၏ ရှာဖွေရေးခရီးစဉ်တွင် သူလည်း ပါဝင်လာခဲ့ပါတော့သည်။
"ဝါး တကယ်လှတာပဲ...သဘာဝရှုခင်းဆိုတာ ဒါမျိုးကိုး..."
"မင်းက တကယ်ကို အပူအပင်ကင်းနေတာပဲနော်...မသိရင် အပန်းဖြေခရီး ထွက်လာတာကျနေတာပဲ..အန္တရာယ်တစ်ခုခု ကြုံရမှာကို မကြောက်မိဘူးလား..."
သစ်ပင်ပန်းမန်တို့ဖြင့်စိမ်းစိုနေပါသော သဘာ၀၀န်းကျင်အား ကြည့်ကာ တပြုံးပြုံးနှင့်အပျော်ကြီးပျော်နေသောသူမှာတော့ မိုးထက်ပိုင်ဆိုသောကောင်လေးပါပင်။ယောက်ျားလေးတန်မဲ့ နုဖတ်ချောမောနေသော ရုပ်အဆင်းအင်္ဂါတို့က ဘဘာဝအလှ နှင့်သူအပြိုင်ငါအပြိုင် အလှပြိုင်နေပါသယောင်။ထို့ကြောင့် သူ့ရှေ့မှ အကောင်ပေါက်လေးအားကြည့်ကာ အေးစက်စက် ခြင်္သေ့ကြီး၏ နှလုံးသားလေးသည်လည်း ဒုတ်ခနဲ မသိမသာ ခုန်သွားခဲ့ပါ၏။
"ဟင့်အင်း မင်းရှိနေတာပဲလေ..."
"ဘာပြောတာ..."
"အဟမ်း ကြိုတွေးပြီး ပူမနေနဲ့လို့ပြောတာ...
လာပါ အရှေ့ကို ဆက်သွားကြရအောင်..."
အပူအပင်...အကယ်၍သာ ထိုခြင်္သေ့ကြီး သူ၏ဘေးတွင် မရှိခဲ့ပါလျှင် သူပူပင်ရုံသာမကကြောက်ရွံ့ခြင်းတို့သည်ပါ ဖြစ်ပေါ်နေမည်မှာအမှန်။သို့ပါသော် လိုင်းယွန်းဆိုသည့် ရှိနေသည်ကြောင့် သူမည်သည်ကိုမှမကြောက်မိတော့။ထိူလူသားက မည်သည့်အခြေအနေမျိုး၌ ဖြစ်နေပါစေ။သူ့အားကာကွယ်ပေးလိမ့်မည်ဟူ၍ သူ အပြည့်အ၀ကို ယုံကြည်ထားသည်လေ။
သည်လိုနှင့် နှစ်ဦးသား၏ ခြေလှမ်းတို့မှာ စည်းချက်ညီစွာနှင့် တက်ကြွမှုအပြည့် လျှောက်လှမ်းနေလျက်။
"ဘာဖြစ်လို့ရပ်လိုက်တာလဲ..."
ထို့နောက် နေရာတစ်နေရာ အရောက်တွင် သူ၏ ခြေလှမ်းတို့အား တိကနဲ ရပ်လိုက်သူ လိုင်းယွန်း။
"ရေချိုးမလို့..."
"ဟမ် ရေ...ဘယ်မှာချိုးမလို့လဲ..."
"ဟိုမှာလေ..."
တောင်ထဲတောင်ထဲတွင်ရေချိုးမည်လုပ်နေသော လိုင်းယွန်း။မိုးထက်ပိုင်တွေးမိသည်က ယခုလိုနေရာမျိုးတွင် ရေချိုးခန်း ရှိနေ၍လား။အများသုံးရေချိုးခန်းလိုမျိုးပေါ့။ ထို့ကြောင့်ပင် ရေချိုးမည်ဟူ၍ ပြောနေသည်လားဟု တွေးမိပါသော်လည်း လိုင်းယွန်းမျက်စပစ်ပြလိုက်သည့် နေရာအား အကြည့်တို့ကို ပို့လိုက်ပြီးသည့်နောက်တွင်တော့ သူ၏ အတွေးတို့မှာ ကြက် ပျောက်ငှက်ပျောက်ပျောက်ရှသွားခဲ့တော့၏။သူပြောသည်က တောင်ကျရေတံခွန်၌ ရေစိမ်ချိုးဖို့ရာအတွက် ဆိုလိုသည်ပဲ။
"မင်းလည်း ရေမချိုးတာ နှစ်ရက်ရှိပြီမှတ်လား...
တစ်ခါတည်း ချိုးလိုက်လေ..."
"ငါ..."
ဟင့်အင်း...မဖြစ်နိုင်ပါ။ဘယ်လိုပင် ယောက်ျားလေးတစ်ဦး ဖြစ်လင့်ကစား လူမြင်ကွင်းတွင် သူရေမချိုးနိုင်ပါ။ထို့အပြင် သူနှင့်သက်တူရွယ်တူကောင်လေးတစ်ယောက်နှင့်အတူ..
အို...မည်သို့ပင်တွေးတွေး မဖြစ်နိုင်ပါသည်လေ။
"အဟမ်း လာလေ..."
"ဟမ် အွန်း..."
သူကသာ မဖြစ်နိုင်ဘူးဟု အခါခါတွေးတောနေပါသော်လည်း လိုင်းယွန်းကမူအပေါ်ပိုင်းဗလာကျင်းဖြစ်နေပြီဖြစ်ကာ ရေထဲ ဆင်းရန်ပင်ပြင်ဆင်နေပါလေပြီ။အလို...ခြင်္သေ့.....တကယ့်ကို ခြင်္သေ့တစ်ကောင်အတိုင်း တောင့်တင်းသောကြွက်သားတို့က မည်မျှယောက်ျားပီသကြောင်းသက်သေပြနေ၏။ သူ့၌လည်း ရှိသင့်သလောက်ရှိပါသည်။သို့သော် အဖုအထစ်ကြွနေသည့် ခန္ဓာကိုယ်အချိုးအစားမျိုးမဟုတ်ဘဲနှင့် အဆီပိုကင်းမဲ့သော ဘော်ဒီရယ်သာ။အစက၌ မချိုးတော့ပါဟု လုပ်သော်လည်း ယားကျိကျိဖြစ်နေသော အသားအရည်တို့က ရေကန်ထဲသို့ ၀င်စိမ်ရန်အချက်ပြနေသည်ကြောင့်...
"ဝါး Bathtubeထဲမှာစိမ်ချိုးရတာထက် ပိုဇိမ်ရှိတာပဲ...ဟုတ်တယ်မှတ်လား...."
"အင်း..."
သူကသာ ကန်ထဲတွင် ရေပျော်သော ဘဲတစ်ကောင်ပမာ ရွှင်မြူးနေသော်လည်း အေးတိအေးစက် ရေခဲတုံးကြီးမူ မျက်နှာထားတည်တည်ကြီးနှင့်ပင် ရေစိမ်နေလျက်။
ဖြန်း...
"မင်း ဘာလုပ်တာလဲ..."
"ရေနဲ့ပတ်လိုက်တာလေ...လာစမ်းပါ ပျော်ဖို့ကောင်းတယ် မဟုတ်လား...Com'on boy..."
ပျော်ရွှင်စေရန်အလို့ငှာရည်ရွယ်ရင်းရေဖြင့်ပတ်လိုက်သည်ကို ဘာလုပ်သည်နည်းဟု ပြန်လည်မေးခွန်းထုတ်နေသူ။အင်း... သူ့ကြည့်ရသည်မှာယခုကဲ့သို့ပြောင်ချော်ချော်ပျော်ရွှင်စရာတို့ လုပ်ဖူးသည့်ပုံမပေါ်ပါလေ။ထို့ကြောင့် အစပိုင်းတွင် အူတူတူ ဖြစ်နေပါသော်လည်း အဆက်မပြတ်ဖြင့် တိုက်ခိုက်လာသော မိုးထက်ပိုင်၏ တိုက်ကွက်တို့အောက်တွင် ခြင်္သေ့ကြီးလည်း လိုက်လျောညီထွေဖြစ်လာကာ ရေပျော်သည့်လိုင်းယွန်းကြီး ဖြစ်လာပါတော့သည်။ထိုအခိုက်လေးတွင် တစ်ဦးနှင့်တစ်ဦး ရေပတ်ရင်းစနောက်ပျော်ပါးနေသည့်ကောင်လေးနှစ်ဦးအား ကိုရီးယားဒရမ်မာထဲမှ ဇာတ်ဝင်ခန်းတစ်ခန်းပမာ တွေ့မြင် ရမည်ဖြစ်ပေသည်။
ပလုံ ပလုံ ပလုံ...
"အား ဘာကြီးလဲမသိဘူး...မိ မိကျောင်းထင်တယ်..
ငါ ငါ ကြောက်တယ် ငါ့ကိုကယ်ပါကွာ..."
ထိုစဉ် မိုးထက်ပိုင်၏အနားတစ်ဝိုက်မှ ရေများက ပွက်လာသည်ကြောင့် ကြောက်အားလန့်အားနှင့် လိုင်းယွန်းအနားသို့ပြေးကပ်ဖက်ထားမိလိုက်၏။
"တကယ့်ကို မိကျောင်းကြီးပဲ..."
ရုတ်တရက် သူ့အားပြေးဖက်လာသူ အကောင်ပေါက်ကြောင့် ပတ်ဝန်းကျင်အားလေ့လာကြည့်မိတော့ ရေထဲ၌ရှိနေသည်က မိကျောင်းမဟုတ်ဘဲ ငါးလေးနှစ်ကောင်ရယ်သာ။ဤသည်ကို ကြောက်အားလန့်အားဖြစ်နေသည်ကြောင့်သူ့ဘက်ကလည်း စနောက်ချင်မိ၏။ထို့ကြောင့်မိကျောင်းကြီးဟုပြောလိုက်လျှင် သူ့အား ပို၍တင်းတင်းကျပ်ကျပ်ဖက်လာသောကျားပေါက်။
"ငါ့ကို လွှတ်ပါဦးကွ..."
သူဖက်ထားသည်က ကိစ္စမရှိ။ဗလာကျင်းနေသည့် ခန္ဓာကိုယ် နှစ်ခုမှာ လေတိုးပေါက်မရှိလောက်အောင်ပင် နီးနီးကပ်ကပ် ထိကပ်နေသည်ကြောင့် သူ့ရင်ခုန်သံတို့ ၀ုန်းဒိုင်းကြဲနေသည် ဆိုသောအဖြစ်မှန်အား ရင်ခွင်ထဲမှကောင်လေးအား ပေးမသိ လိုပါချေ။
"တကယ်က ငါးလေးပါ...ငါ မင်းကို နောက်လိုက်တာ... ဒါကြောင့် ငါ့ကို လွှတ် လွှတ်ပါဦးကွ..."
"ဟမ်...ဟို အင်း ငါတက်နှင့်ပြီ..."
သူသည်လည်းရှက်သည်ထင်ပါရဲ့၊လိုင်းယွန်း၏မျက်နှာကိုပင် အသေအချာ မကြည့်တော့ဘဲ ကမ်းပေါ်သို့ တစ်ချိုးတည်း တက်ပြေးလေတော့၏။လက်ကလေးတစ်ဖက်အား သူ၏ ဘယ်ဘက်ရင်ဘတ်အပေါ် ဖိကပ်ထားလျက်ပေါ့။
**********
"ကင်ပြီးသွားပြီလား..."
"အင်း မင်းစားချင်စားလို့ရပြီ..."
ထင်းမီးတို့၏အကူအညီဖြင့် ကင်ထားသော ငါးလေးများမှာ ကင်ထားသူ၏ ကျွမ်းကျင်မှုကြောင့် အနည်းငယ်ပင် တူးနံ့ ထွက်နေပါသယောင်။သို့သော်လည်း စေတနာအပြည့်နှင့် ကင်ပေးထားခြင်းဖြစ်သည်ကြောင့် တူးနေပါသော်လည်း သူမတူသော အရသာတို့ရှိနေပါလိမ့်မည်လေ။
"မင်းက မစားဘူးလား..."
"ငါ ဗိုက်ပြည့်နေလို့..."
"လူညာကြီး..."
"ဘာ..."
"မင်း ဘာမှလည်းမစားရသေးဘဲ ဘယ်လိုလုပ်ပြီးတော့ ဗိုက်ကပြည့်နေရတာလဲ...နတ်သြဇာဝနေတာလား... လျှာမရှည်နဲ့...အတူတူ လာစားလိုက်..."
သူကိုယ်တိုင်ဖမ်း သူကိုယ်တိုင်ကင်ပေးပြီးကာမှ မင်းပဲစား ဟူ၍အနစ်နာခံနေသော ခြင်္သေ့ကြီးရယ်ပါ။မည်သူကများ သိနိုင်မည်နည်း။ရုတ်ရင်းရက်စက်သည့် ခြင်္သေ့သည်လည်း တစ်စုံတစ်ယောက်ကြောင့် သူ၏ ပင်ကိုအရာအားလုံးအား ပြောင်းလဲနိုင်စွမ်းရှိသည်ဆိုသည်ကိုလေ။
"မင်းဘာဖြစ်လို့ ဒီလမ်းကိုမှ ရွေးချယ်ခဲ့ရတာလဲ...ငါ့ကို မပြောပြချင်ဘူးလားဟင်..."
"ငါ ဗိုက်ဝသွားပြီ...အိမ်ထဲဝင်နှင့်တော့မယ်..."
တူးနံ့လှိုင်နေပါသော ငါးလေးအား နှစ်ကိုယ်တူ စားနေပါရင်း သူမဖြေချင်သည့်မေးခွန်းကိုမှ မိုးထက်ပိုင်က မေးလာသည့် ပုံပါပင်။ထို့ကြောင့် မည်သည့်စကားမှ ဆက်မပြောတော့ဘဲ အိမ်လေးတွင်းသို့ အရင်ဝင်သွားလိုက်တော့၏။အချိန်အတန် ကြာပြီးသည့် နောက်တွင်မှ မိုးထက်ပိုင်လည်း ၀င်လာကာ အိပ်စက်ခြင်းဆီသို့။
ဂျိန်း...
မည်းမှောင်နေသော မဟူရာညဉ့်နက်တွင် ကောင်းကင်မှ တစ်ချက်တစ်ချက်ဖြတ်လင်းလာသော လျှပ်ပန်းနွယ်တို့က ၀န်းကျင်တစ်ခွင်အား အလင်းပေးနေသကဲ့သို့ တဂျိန်းဂျိန်း မိုးခြိမ်းသံတို့ကလည်း တောကြီးဆိတ်ညံတစ်ခွင်ပျံ့နှံ့လျက် နေပါတော့၏။
"ဘာဖြစ်လို့လဲ..."
ထိုစဉ်တွင် သူနှင့် ၃ပေအကွာလောက်၌ အိပ်နေကျဖြစ်သော မိုးထက်ပိုင်က သူ့ဘေးနားတိုးကပ်လာကာ အသားချင်းပင် ထိကပ်နေပါတော့သည်။
"ငါ ကြောက်လို့..."
သူ၏ အကြောင်းပြချက်ကတော့ ရှင်းရှင်းလေးရယ်သာ။ဘာတဲ့...ကြောက်၍ဆိုသည်ပဲ။
"မိုးခြိမ်သံတွေ လျှပ်စီးလက်တာတွေကို ငါအရမ်းကြောက်တယ်...ကျေးဇူးပြုပြီး ငါ့ကိုဖက်ထားပေးလို့ရမလား..."
"ငါ့ကိုကျတော့ မကြောက်ဘူးလား...ငါ့လို
၀ရမ်းပြေးတရားခံ တစ်ယောက်ကိုလေ..."
မိုးခြိမ်းသံကိုတော့ ကြောက်ပါလျက်နှင့် လူမိုက်ကြီးဖြစ်သည့် သူ့ကိုတော့ ထိုကောင်လေး မကြောက်တတ်လေရောလား။တကယ့်ကို လူထူးဆန်းလေးရယ်။
"ဟင့်အင်း ငါမကြောက်မိဘူး..."
"ဘာဖြစ်လို့လဲ..."
"အဲဒါကို ငါ မသိဘူး...ဒါပေမယ့် မင်းအပေါ်မှာ ငါ့ရဲ့ ခံစားချက်တွေက ထူးခြားနေတာတော့ အမှန်ပဲ..."
ထူးဆန်းပါသည်။ပထမဆုံးတွေ့ဖူးသည့် သူတစ်ယောက်အား ယုံကြည်နေမိသည်က ထူးဆန်းပါသည်။သူ့ကိုတွေ့နေရလျှင် ပျော်နေသည်ဟူသောအချက်ကထူးဆန်းပါ၏။ သူသည်သာ ကိုယ့်ကိုထားသွားခဲ့လျှင်ဟုတွေးကာ ၀မ်းနည်းအားငယ်နေမိ သည်ကထူးဆန်းပါသည်။အချိန်တိုလေးအတွင်း၌ သူစိမ်းလူ တစ်ယောက်အား မခွဲခွာလိုသည်အထိတွယ်တာသွားမိသည် မှာထူးဆန်းပါသည်။အထူးသဖြင့် တစ်ကြိမ်တစ်ခါလေးပင် နိုးထခဲ့ဖူးခြင်းမရှိသော မိမိ၏နှလုံးသားလေးက မိမိဖမ်းဆီး ရမည့်တရားခံကောင်လေးတစ်ယောက်ကြောင့်ပရမ်းပတာ ခုန်နေသည်မှာလည်း အလွန်ထူးဆန်းပါသည်။
"ငါ ဘာလို့ မင်းအပေါ် မကြောက်မိတာလဲဆိုတာကို အဖြေရှာသင့်လား..."
"ဟင့်အင်း မရှာပါနဲ့...မရှာတာက ငါတို့အတွက် အကောင်းဆုံးဖြစ်လိမ့်မှာပါ..."
တစ်ချိန်တွင်ခွဲခွာရမည်ကိုကြိုသိနေပါလျက်နှင့်ရူးမိုက်စွာဖြင့် ရှေ့ဆက်မတိုးသည်မှာ သူတို့နှစ်ဦးလုံးအဖို့ အကောင်းဆုံး အဖြေတစ်ခုဖြစ်သည်မဟုတ်ပါလား။နာကျင်ခြင်းတို့ဖြင့်သာ အဆုံးသတ်ရမည်ကိုမလိုလားသည်ကြောင့် ယခုအချိန်တွင် ပိုင်ဆိုင်နေသည့်ကာလအခိုက်အတန့်လေးတွင် မိမိကြောင့် တစ်ယောက်သောသူလေး လုံခြုံနွေးထွေးပါစေရည်ရွယ်ရင်း တင်းကျပ်စွာဖက်ထားလိုက်ပါတော့၏။
>>>>>Eight
"နိုးနေပြီဆိုလည်း ထတော့လေ...ငါ့လက်မောင်းက တော်တော်လေးနာနေပြီကွ..."
"ဟမ် မင်း အိပ်ပျော်နေတာ မဟုတ်ဘူးလား..."
"မဟုတ်ဘူး...မင်း ငါ့မျက်နှာကို ခွင့်ပြချက်မရှိဘဲ လာထိနေတာကို သိနေတယ်ဆိုရင်ရော..."
"အား ရှက်လိုက်တာ..."
ညက မိုးများရွာနေသည်ကြောင့် လိုင်းယွန်း၏ ရင်ခွင်ထဲ၌ သူမှေးစက်ခွင့်ရခဲ့သကဲ့သို့ပြန်လည်နိုးထလာချိန်တွင်လည်း သူ၏ရင်ခွင်ထဲမှာပင်။ထို့ကြောင့် သူလုပ်နေသာ အလုပ်နှင့် လိုက်ဖက်ခြင်းအလျင်းမရှိအောင်ပင် ပြေပြစ်ခန့်ညားသည့် လိုင်းယွန်း၏ မျက်နှာအစိတ်အပိုင်းတို့အား ပိုင်ရှင်မသိခင် အသာထိတွေ့မိခြင်းပါ။ဤသည်ကို ထိုခြင်္သေ့စုတ်ကြီးက အိပ်ပျော်နေခြင်းမဟုတ်ဘဲ သူ့အားကျိတ်လှောင်နေသည် တဲ့လား။ဘယ်လိုတောင် ရှက်ဖွယ်ကိစ္စနည်း။ထို့ကြောင့် မျက်နှာသစ်ခြေလက်ဆေးဖို့ရာအတွက် သူကသာ ဦးစွာ ထွက်သွားလိုက်တော့၏။
ထို့နောက်တွင်တော့ သူတို့၏ ထုံးစမ်းအတိုင်း အမှတ်အသား ပြုလုပ်ကာ အိမ်ပြန်လမ်းအတွက် ရှာဖွေရေးလုပ်ငန်းစဉ်အား စတင်ခဲ့ပါတော့၏။
"မင်းသိလား..ငါလေဒီဘ၀လေးကိုတောင်ပျော်မွေ့လာပြီ... မသိရင် မင်းနဲ့ငါနဲ့က တောထဲမှာကျက်စားနေထိုင်နေကြတဲ့ မုဆိုးလင်မယားနဲ့တူမနေဘူးလား...ဟား ဟား..."
"ဘာကိုလင်မယားလဲ မင်း အရူးလား..."
သူ့နောက်မှတဖြည်းဖြည်းလျှောက်လာရင်း ပြောင်ချော်ချော် ပြောနေသော မိုးထက်ပိုင်မှာ သူနှင့်ပထမစတွေ့ခဲ့စဉ်အခါက ရဲသားကောင်လေးနှင့် လားလားမှမဆိုင်။တစ်ခါတစ်ခါတွင် လူစားများအထိုးခံလိုက်ရလေသလားဟု တွေးမိသည်အထိ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့၏။သို့မဟုတ် ဤသည်ပင် သူ၏ ပုံစံအစစ်အမှန် ဖြစ်နေပါလေရောလား။
"အယ် တူပါတယ်ကွ..."
"မတူပါဘူး..."
"တူပါတယ်..."
"ကျစ် မတူပါဘူးဆိုကွာ..."
မိနစ်အနည်းငယ်အကြာတွင်တော့ သူ့နောက်မှ စကားတို့ တတွတ်တွတ်ပြောနေသော ကောင်ငယ်လေး၏ အသံမှာ သိသိသာသာပျောက်သွားမှန်း လိုင်းယွန်းသတိထားမိ၏။ထိုအခါမှသူ့နောက်ဘက်သို့ လှည့်ကြည့်ရန် သတိရမိပုံ။
အလို...မိုးထက်ပိုင်တစ်ယောက်မှာ အသံပင်ပျောက်သွား ခြင်းမဟုတ်ဘဲလူကိုယ်တိုင်သည်ပါ ပျောက်နေပါသည်ပဲ။
"မိုးထက်ပိုင် မင်းဘယ်မှာလဲ.....ဟေ့ရောင် မင်းဘယ်မှာလဲလို့...ငါ့ကိုမနောက်နဲ့နော်..."
ဤသည်ကို သတိမထားမိခဲ့သည့် ကိုယ့်ကိုပင် အပြစ်တင်ရမလို ဖြစ်နေပါပြီလေ။
"မိုးထက်ပိုင်!!!"
စိုးရိမ်စိတ်တို့က ဒီရေအလားမြင့်တက်လာသည်ကြောင့် တစ်ယောက်သောသူ၏နာမည်အား ခြင်္သေ့တစ်ကောင်၏ ဟိန်းဟောက်သံမက ကျယ်လောင်သည့် အသံတုံးမျိုးနှင့် ဟစ်အော်လိုက်ကာ ခြေလှမ်းကျဲတို့မှာလည်း နေရာအနှံ့ ပြေးလွှားနေလျက်။
"လိုင်းယွန်း လိုင်းယွန်း...ငါဒီမှာ..."
သူ၏အသံကို ကျားပေါက်လေးက ကြားသွားသည်ထင်ပါရဲ့။သူရှိနေကြောင်း အသံပြုလာလေ၏။သို့သော်လူအကောင်မူ အရိပ်ပင်မမြင်ရ။
"ဘယ်မှာလဲကွ..."
"ငါ ကျင်းထဲမှာ..."
"ဟမ်...မင်း ဘယ်လိုလုပ်ပြီး ဒီထဲရောက်နေတာလဲ..."
နောက်ဆုံးတော့ တွေ့လိုက်ပါပြီလေ။သားကောင်ထောင်ရန် တူးထားသောကျင်းထဲသို့ သူ့ကျားပေါက်လေးက ဆိုက်ဆိုက် မြိုက်မြိုက်ကျသွားခဲ့သည်ကိုး။
"ငါ မတော်တဆ ခြေချော်ကျသွားတာ..."
"မင်းကတော့လေ...ကျစ် ခဏစောင့်နေ..."
"မင်း ဘယ်သွားမလို့လဲ..."
"မင်းကို ကျင်းထဲက ဆွဲတင်ဖို့ တစ်ခုခုသွားရှာမလို့ပေါ့ကွ..."
"မင်း ပြန်လာမှာပါနော်...ငါ့ကို မထားခဲ့ဘူးမှတ်လား..."
အတူနေလာသည်ပဲ ဒီလောက်ရှိတော့မည်ကို ကျားပေါက်က ယခုထက်ထိတိုင် ခြင်္သေ့ကြီး၏ ထားသွားခြင်းအားခံမည်ကို ကြောက်နေသည့်ပုံပါပင်။ကျင်းအတွင်းမှ ခေါင်းကိုမော့ကာ မျက်နှာငယ်လေးနှင့် မေးနေပါလေရဲ့။
"မင်းငါ့ကိုယုံလား..."
"အင်း ယုံတယ်..."
"ဒါဆို ငါ့ကို စောင့်နေပါ..."
စောင့်နေမည်။အဘယ်ကြောင့်ဆိုသော် သူ ယုံကြည်သည်မို့။မိမိကိုယ်တိုင်ထက်ပင် လိုင်းယွန်းအား သူယုံကြည်မိသည်မို့။
"မင်းပြန်လာသားပဲ..."
ခဏအကြာတွင်တော့ နွယ်ကြိုးတစ်ချောင်းအား ကိုင်၍ သူယုံကြည်ထားသည့်အတိုင်း သူ၏ခြင်္သေ့ကြီး သူ့ထံသို့ ပြန်ရောက်လာခဲ့ပါသည်လေ။ပြန်လာပါလိမ့်မည်ဟု သူ ပြောခဲ့သည်မဟုတ်ပါလား။
"ရော့ ဒီကြိုးကိုဆွဲလိုက်..."
ခိုင်ခံ့ပုံပေါ်သည့်ကြိုးစအား ကျင်းထဲသို့ ချပေးကာ မိုးထက်ပိုင်အားဆွဲတင်ရန်မှာ သူ၏အကြံအစည်။
"ကြိုးက တိုနေတယ်..."
"ကျစ် ခဏ..."
သို့သော် ကံမကောင်းစွာနှင့် သူယူလာသည့် နွယ်ကြိုးမှာ မိုးထက်ပိုင်ထံရောက်ရန် အနည်းငယ်အလိုတွင် ရပ်တန့် နေတော့၏။သို့ဖြစ်၍ သူဝတ်ဆင်ထားသော အင်္ကျီစအား ကြိုးနှင့်ခိုင်ခံ့အား ပူးချည်ကာ တစ်မျိုးကြံစည်ရပြန်၏။
ရှူး ရှူး...
"မြွေ မြွေ..."
အပေါ်ဘက်တွင်ကြိုးချည်နေခိုက် ကျင်းထဲတွင်လည်း အန္တရာယ်တို့က ဆီးကြိုနေပါလေ၏။မည်သည့်နေရာမှ ထွက်လာမှန်းမသိသော တောကြီးမြွေဟောက်ကြီးမှာ ပါးပြင်တထောက်ထောင်နှင့် မိုးထက်ပိုင်၏ အနားသို့ တိုးကပ်လာပါတော့သည်။
"ဒီကြိုးကိုဆွဲလိုက်..."
တဖြည်းဖြည်းချင်းနီးကပ်လာပြီဖြစ်သောမြွေနှင့် တောင့်တောင့်ကြီးရပ်ကာ မှင်သေသေနေသော မိုးထက်ပိုင်တို့ကြား မွန်းကြပ်နေရသူက မိမိ။
"မိုးထက်ပိုင် ဒီကြိုးကိုဆွဲလိုက်လို့ ငါပြောနေတယ်!!!"
တစ်ခုခုဖြစ်သွားမည်ကိုစိုးရိမ်လွန်းသည်ကြောင့် အသံကုန် ခြစ်ကာ ဟစ်အော်လိုက်တော့မှ သတိဝင်လာပုံပေါ်သော မိုးထက်ပိုင်မှာ သူကမ်းပေးလိုက်သည့်ကြိုးစအား အချိန်မီ ဖမ်းဆုပ်နိုင်ခဲ့တော့၏။တကယ့်ကို လက်မတင်လေးပါပင်။စက္ကန့်ပိုင်းလောက်သာ နောက်ကျသွားခဲ့ပါက ခြင်္သေ့ကြီး အနေဖြင့် သူ့ကျားပေါက်လေးအား တစ်သက်စာအတွက် ဆုံးရှုံးလိုက်ရပါတော့မည်လေ။
"မင်းအရူးလား...ဘာကိစ္စနဲ့ အဲမှာတောင့်တောင့်ကြီး ရပ်နေရတာလဲ.....အဲဒီမြွေက မင်းကို မပေါက်ဘဲနဲ့ အလှကြည့်နေရအောင် မင်းလင် မဟုတ်ဘူးကွ..."
စိုးရိမ်ခြင်းဒေါသတို့ကြောင့် အသံမာနေသည်ကို ထိုကောင်လေး နားလည်နိုင်ပါလိမ့်မလား။
"ငါ ရုတ်တရက် မှင်သေသွားလို့ပါ...ပြီးတော့ ငါ ကြောက်လည်းကြောက်လို့ပါ အွတ်...အွတ်..."
"ကြောက်တာတွေကလည်း များလိုက်တာကွာ..."
ဂနာမငြိမ်သောမျက်ဝန်းတို့နှင့်တုန်ယင်နေသည့်ခန္ဓာကိုယ်က သူမည်မျှကြောက်နေသည်ဖြစ်ကြောင်း နှုတ်မှဖွင့်ဟမပြပါဘဲ သိသာစေအောင် ဘေးမှအထောက်အပံ့ပေးနေပါသယောင်။ဤသည်ကြောင့် တဆတ်ဆတ်တုန်ယင်နေသော ခန္ဓာကိုယ် လေးအား သူ၏ရင်ခွင်ထဲသို့ အလိုက်သင့်လေးထည့်ထားမိ လေတော့ ထိုကျားပေါက်လေးက ခေါင်းလေးတိုး၍ ၀င်လာ ပါလေရဲ့။ထို့ကြောင့် ထိုခေါင်းလေးအား အသာပွတ်ပေးရင်း ထိတ်လန့်မှုတို့ ပြေပျောက်စေရန် ရည်ရွယ်ပါလျက် ပိုမိုကာ တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားလိုက်ပါတော့သည်။
**********
ညအချိန်၌ ကြယ်ရောင်စုံလေးတို့အောက်တွင် ထိုင်ကာ စိတ်ကူးထိုင်ယဉ်နေကြသည့် ကောင်လေးနှစ်ယောက်။သည်လိုကြည့်လိုက်ပါလျှင် သူတို့၏ဘ၀မှာ မည်သည်မှ ပူပင်ကြောင့်ကြဖွယ်ရာမရှိဘဲ အေးချမ်းနေပါသယောင်။
"ဒါနဲ့ မင်းက ကြောက်ရင် ဂျို့ထိုးတတ်တာလား..."
"ဘာဖြစ်လို့လဲ..."
"နေ့လည်က မင်း ဂျို့အရမ်းထိုးနေတာတွေ့လို့ပါ..."
"သိသွားပြီပဲ...ငါ့ရဲ့အားနည်းချက်ကိုသိတာ တကယ်ကို မင်းတစ်ယောက်ပဲရှိသေးတယ်..."
သာမန်ထက်ပိုကာ တအွတ်အွတ်နှင့် ဂျို့ထိုးနေသည်ကြောင့် ထူးဆန်းပါသည်ဟု ထင်ခဲ့သည့်အတိုင်းပါပင်။သူ အကြောက် လွန်လာလျှင်ဤသို့ဖြစ်တတ်သည်တဲ့။တကယ်ပါပင်။သူ့ကဲ့သို့ တစ်ကိုယ်ကောင်းသမားမျိုးထံတွင် တစ်စုံတစ်ယောက်အား စောင့်ရှောက်ပေးချင်စိတ်တို့ ဖြစ်ပေါ်လာအောင် စွမ်းဆောင် ပေးနိုင်စွမ်းရှိသည့် တစ်ဦးတည်းသော လူသားပါပင်။
"မင်းဒုက္ခပေးသမျှခံရတာလည်း ငါတစ်ယောက်ပဲ ရှိသေးတယ်ထင်တယ်..."
"ငါ တကယ် မရည်ရွယ်ခဲ့ပါဘူး...ဒီလိုလုပ် မင်း စိတ်ပျော်သွားအောင် ငါပုံပြင်ပြောပြရမလား..."
"ငါက ကလေးလား..."
စိတ်ပြောစေရန် ပုံပြင်ပြောပြမည်တဲ့လား။ထိုကောင်လေးက လူတိုင်းအား သူ့ကဲ့သို့ ကလေးဆန်ဆန်အတွေးအခေါ်မျိုး ရှိနေသည်ဟု ထင်နေ၍လားမသိပေ။
"ငါ ပုံပြင်ပြောတာကို နားထောင်ဖူးတဲ့သူကလည်း မင်း တစ်ယောက်တည်းပဲရှိသေးတာနော်..."
"ဟုတ်ကဲ့ပါဗျာ..."
သို့သော် ပထမဦးဆုံးဟူသော အသိနှင့်ပင် ထိုပုံပြင်လေးကို သူပျော်ပျော်ကြီး နားသောတဆင်ပေးပါတော့မည်လေ။
"မယ်သီတာနဲ့ဒဿဂီရိအကြောင်းပြောပြမယ်..."
"မယ်သီတာနဲ့ရာမ မဟုတ်ဘူးလားကွ..."
"ဟင့်အင်း...လူတွေက အချစ်ရှုံးသမားလို့ခေါ်နေတဲ့ ဒဿဂီရိဘီလူးရဲ့ နေရာကနေပြီးတော့ ပြောပြမယ်..."
သည်လိုနှင့်ထိုနေ့က မိုးထက်ပိုင်ပြောပြသော သီတာနှင့်ဒဿ ပုံပြင်လေးအားလိုင်းယွန်းတစ်ယောက်တ၀နားထောင်ခဲ့ရ၏။
>>>>>Eight
ဝေါ ဝေါ ဝေါ...
လောကကြီးတွင်အကောင်းနှင့်အဆိုး အမြဲဒွန်တွဲနေခဲ့ရိုး ဖြစ်ခဲ့ပါလျှင် ယခုအခါတွင်တော့ သူတို့ နှစ်ယောက်အဖို့ အဆိုးနှင့်ရင်ဆိုင်ရမည့် အချိန်သို့ ရောက်လာပါပြီလေ။ရုတ်ချည်းဆိုသလို တဝေါဝေါနှင့်ဝင်ရောက်လာခဲ့သော အင်အားပြင်းမုန်တိုင်းကြီးက သူတို့၏ နေအိမ်လေးကို ခြိမ်းခြောက်နေပါလေပြီ။
"လေတွေက အရမ်းကြီးနေပြီ...ငါတို့ ဒီအိမ်က ပြိုကျတော့မယ်ထင်တယ်..."
"ငါတို့ ဒီကနေ ထွက်သွားရအောင်..."
"ဘယ်ကိုသွားမှာလဲကွ...မိုးတွေဒီလောက်ရွာနေတာကို..."
"ဒီနေရာက မကြာခင် ရေတက်လာနိုင်တယ်...ငါတို့ မြေမြင့်ပိုင်းနေရာတစ်နေရာဆီ ရောက်အောင်သွားမှ ဖြစ်မယ်..."
ရေနှင့်နီးသည့်အပြင်မြေနိမ့်ပိုင်းနေရာ ဖြစ်နေပါသည်ကြောင့် မိုးနှင့်အတူ ဒီရေတို့ကပါ ကပ်ပါလာနိုင်သည်လေ။ထို့ကြောင့် သူတို့အနေဖြင့် ရေနစ်မသေလိုလျှင် ထိုနေရာမှ အမြန်ဆုံး ပြေးထွက်ဖို့ရာအတွက် လိုအပ်နေပါပေပြီ။
"ဒါပေမယ့် အပြင်မှာ မှောင်လည်းမှောင်နေပြီကို..."
"ငါ့ကို ယုံတယ်မှတ်လား..."
ယခုကဲ့သို့အဖြစ်မျိုးနှင့် တစ်ကြိမ်တစ်ခါမှမကြံဖူးမှန်း သိသာနေသော ကျားပေါက်လေးမှာ ထုံးစံအတိုင်းပင် ကြောက်ဒူးတို့တုန်နေပြန်ပါသည်။ထို့ကြောင့် သူ၏ လက်ဖဝါးပြင်ကျယ်ကျယ်အား မိုးထက်ပိုင်ဆုပ်ကိုင် နိုင်ရန်အလို့ငှာသူကမ်းပေးလိုက်၏။
"အင်း..."
ထိုအခါ ကျားပေါက်လေးက မည်သည့်စကားမှမဆိုတော့ဘဲ အင်းဟု ခေါင်းတစ်ချက်ညိတ်၍သာ ခြင်္သေ့၏ လက်အစုံအား အားကိုးတကြီးဆုပ်ကိုင်လာပါတော့သည်။
ယုံကြည်မိသည်။သူနှင့်သာအတူဆိုလျှင် လူ့ပြည်အစ ငရဲပြည် အဆုံးတိုင် အတူသွားဝံ့သည်မို့ သူ၏ လက်အစုံအား ရဲရဲဝံ့ဝံ့ ဆုပ်ကိုင်လိုက်ပါရစေ။ဤမျှထိ ယုံကြည်မိသည်ကြောင့်။
လိုင်းယွန်းပြောခဲ့သည့်အတိုင်းပါပင်။သူတို့နှစ်ယောက်သား ထွက်လာပြီး မကြာမီတွင်ပင် တရိပ်ရိပ်ဖြင့်တက်လာသော ဒီရေတို့က လမ်းပျောက်နေပါသည့် သူတို့နှစ်ယောက်အား ငါးရက်တာမျှ ခိုလှုံခွင့်ပေးခဲ့သော အိမ်ငယ်လေးကို ဝါးမြို သွားပါတော့၏။ထို့နောက် မိုးကြီးသည်းနက် အတွင်းတွင် လက်နှစ်ဖက်ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း ပြေးလွှား နေကြသော ကောင်လေးနှစ်ယောက်၏နောက်သို့ အငြိုး ကြီးစွာလိုက်ပါလာပြန်ပါသည်။
"အ့..."
"ဘာဖြစ်တာလဲ..."
"ငါ တစ်ခုခုကို တက်နင်းမိသွားတယ်..."
ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဟူသော စကားပုံမှာ မိုးထက်ပိုင်အား ရည်ရွယ်ထားပါသော စကားပုံများ ဖြစ်နေပါလေစ။ယခုသည်လည်းပြေးရင်းလွှားရင်း အမည်မသိသောဆူးတစ်ခုအား ခပ်နက်နက် နင်းမိ သွားပြန်ပါလေပြီ။
"ကျစ် အခု လမ်းလျှောက်နိုင်သေးလား..."
"ဟင့်အင်း...အရမ်းနာနေတယ်..."
"ကျောပေါ်တက်..."
နမော်နမဲ့နိုင်လှသော ကျားပေါက်လေးအား ယခင်ကအတိုင်း ခြင်္သေ့ကြီးက ကျောပိုးသွားရုံမှတစ်ပါး မရှိတော့ပါလေ။
"ဟင့်အင်း..."
"ကျောပေါ်တက်လို့!!!"
အရေးကြီးနေသည့်ချိန်ရောက်ကာမှ ဂျစ်တိုက်နေသော မိုးထက်ပိုင်ကြောင့် သူ ဒေါသတကြီးအော်လိုက်မိ၏။အဘယ်အတွက်များ လွယ်ကူသောကိစ္စတစ်ခုအား ခက်ခဲအောင်လုပ်နေရပါသနည်း။
"သွားပါ...မင်းတစ်ယောက်ထဲပဲ သွားပါတော့...ငါမင်းကို ၀န်ပိစေခဲ့ပေါင်းများပြီ...ငါ့ကို ထားခဲ့လိုက်ပါတော့..."
"တောက်စ်..မင်းကိုသာ ငါထားခဲ့နိုင်ရင် အစောကြီးတည်းက ပစ်ထားခဲ့လိုက်ပြီ မင်းသိလား..."
ဟုတ်ပါသည်။သူသည်သာ ပစ်ထားနိုင်ခဲ့ပါလျှင် ထိုနေ့က သူ့အားအော်ခေါ်နေသော ကောင်လေး၏အသံတို့ကိုသာ လျစ်လျူရှုနိုင်ခဲ့ပါလျှင်ယခုအချိန်အထိ သူ့ဘေးနားနေ၍ သူ့အားစောင့်ရှောက်ပေးနေပါ့မည်နည်း။
"ဘာဖြစ်လို့လဲ...ဘာဖြစ်လို့ ပစ်မသွားနိုင်ရတာလဲ..."
"ဘာဖြစ်လို့လဲဆိုတော့ ငါမင်းကို..."
လိုင်းယွန်းထံမှနောက်ဆက်တွဲထွက်လာမည့် စကားတို့ကို မျှော်လင့်ချက်အပြည့်နှင့် သူစောင့်စားနေမိပါသော်လည်း..
"ငါ မင်းကို သူငယ်ချင်းအရင်းတစ်ယောက်လိုခင်လို့ပါ..."
သူပြန်ရလိုက်သည့် အဖြေက သူငယ်ချင်းလေး ဟူ၍သာ။
"သူငယ်ချင်းတဲ့လား...တကယ်ပဲ သူငယ်ချင်းလား...
ဒါပေမယ့် ငါကတော့ မင်းကို...အ့..."
သူ၏မေ့ကြောအား ရုတ်တရက် ဖိနှိပ်ခြင်းခံလိုက်ရသဖြင့် စကားပင်ဆုံးအောင်ပြောခွင့်မရလိုက်သော မိုးထက်ပိုင်၏ သတိမဲ့ခန္ဓာကိုယ်လေးမှာ လိုင်းယွန်း၏ ရင်ခွင်ထက်သို့ အလိုက်သင့်လေး ပြိုကျလာပါတော့သည်။တကယ်တမ်း တစ်ချို့တစ်ချို့သောစကားများသည် ပြောဖြစ်ခြင်းထက် မပြောဖြစ်လိုက်ဘဲ ရင်ထဲတွင် သိမ်းဆည်းထားသည်သာ အကောင်းဆုံးဖြစ်ကြောင်း ထိုကျားပေါက်လေး နားလည် နိုင်ပါစေဟု ရည်ရွယ်ဆုတောင်းပေးလျက်နှင့်သာ...
>>>>>Eight
"မင်း ငါ့ကို ခေါ်လာခဲ့သေးတာပဲ..."
"မင်းကို မထားခဲ့ပါဘူးလို့ပြောခဲ့သားပဲ.....လောလောဆယ် နေရတာအဆင်ပြေအောင်လို့ပဲ ဒီနေရာလေးကိုလုပ်ထားတာ နောက်မှ ငါ ဒီထက်ခိုင်ခံ့တဲ့အိမ်မျိုး လုပ်ပေးပါ့မယ်..."
ထုံးစံအတိုင်းပါပင်။သူကိုယ်တိုင်ပင် မသိလိုက်မိသော အိပ်စက်မှုတို့မှ တစ်ဖန်ပြန်လည်နိုးလာချိန်တွင်တော့ သူ့အတွက်လုံခြုံသည့်နေရာတစ်ခုက ဆီးကြိုနေဆဲ။ယခုအခါ၌လည်းယခင်လောက်မသနားသော်လည်း ခဏတာတည်းခိုနိုင်ရန်အတွက် ဓနိမိုးဓနိကာတို့ဖြင့် အိမ်လေးတစ်လုံးကသေသပ်စွာရှိနေလေရဲ့။ထို့ပြင် သူ၏လုံခြုံမှုတို့ကိုဖန်တီးပေးသည့် ဖန်ဆင်းရှင်သည် သူ၏မလှမ်းမကမ်းနေရာလေးတွင် ရှိနေပြန်ပါ၏။
"ဘာလို့လဲ..."
အစမရှိအဆုံးမရှိမေးလိုက်မိသော သူ၏မေးခွန်းအား လိုင်းယွန်းကဘာဖြစ်လို့လဲဟူသော အကြည့်မျိုးနှင့် ကြည့်ကာပြန်လည်မေးခွန်းထုတ်လာပြန်ပါသည်။
"ဘာလို့ ငါ့အပေါ်ကို အဲလောက်ထိကောင်းပြနေရတာလဲ...
မင်းပြောတော့ သူငယ်ချင်းပါဆို...ဘာလို့ ငါ့ကို ထင်ယောင် ထင်မှားဖြစ်အောင် လုပ်နေရတာလဲ...ဘာဖြစ်လို့လဲလို့..."
သူငယ်ချင်းဆိုပါလျှင် ဘာ့အတွက်များ ဤလောက်ထိ ကောင်းပြနေရပါသနည်း။အဘယ်ကြောင့်များ သူ့အား နည်းအမျိုးမျိုးတို့နှင့် စိတ်ယိုင်လာအောင် လုပ်ပြီးကာမှ သူငယ်ချင်းဟူသည့်ခေါင်းစဉ်အား တပ်လိုက်ရပါနည်း။တိကျသောအဖြေတစ်ခုအား သူသိရမှဖြစ်ပါတော့မည်။
"မင်းကိုထင်ယောင်ထင်မှားဖြစ်စေခဲ့ရင် ဆောရီးပါ... မင်းလိုလူမျိုးနဲ့ ဒီလိုပတ်ဝန်းကျင်က အဆင်မပြေဘူး ဆိုတာကိုငါသိနေလို့ ဂရုစိုက်ပေးခဲ့ရုံပါပဲ...ပြီးတော့ မင်းနေရာမှာတခြားတစ်ယောက်ဖြစ်နေခဲ့ရင်လည်း ငါအခုလိုမျိုးပဲဆက်ဆံမိခဲ့မှာပါ..."
"အဟက် ငါ့ဘက်ကလည်း ဆောရီးပါ....မင်းရဲ့ ရိုးသား ဖြူစင်တဲ့ဂရုစိုက်မှုတွေကို လွဲမှားစွာအရောင်ဆိုးခဲ့မိလို့..."
ခံယူချက်တိူ့မတူညီခဲ့သည့်သူတို့နှစ်ယောက်အဖို့ ဤသည်က အသင့်တော်ဆုံး အကြိုဇာတ်သိမ်းလေးတစ်ခု ဖြစ်ကောင်း ဖြစ်နိုင်ပါလိမ့်မည်လေ။
ထိုနေ့မှစကာ ကျားပေါက်နှင်ခြင်္သေ့တို့ အခေါ်အပြောလည်း သိသိသာသာ နည်းပါးသွားသကဲ့သို့ ကျားပေါက်သည်လည်း ခြင်္သေ့၏ရှာဖွေရေးခရီးစဉ်တွင် ပါဝင်ခြင်းမရှိတော့။သို့သော် ခြင်္သေ့ကမူ သူ၏ကျားပေါက်အတွက် အစာရေဆာတို့ရှာစဲ။ဤသည်ကို စိတ်ဆိုးနေသောကျားပေါက်က လျစ်လျူ ရှုမြဲ ရှုစဲပါပင်။
>>>>>Eight
ယနေ့ဆိုလျှင် သူတို့နှစ်ဦး တောထဲတွင် ပိတ်မိနေသည်မှာ ရှစ်ရက်ပင်ရှိခဲ့ပြီဖြစ်သည်။ထုံးစံအတိုင်းလိုင်းယွန်းသည်မူ တောထဲမှထွက်သွားနိုင်မည့် လမ်းစအား ရှာဖွေမြဲရှာနေစဲ။သို့သော် ယနေ့အခါကျမှ ညမိုးချုပ်နေသည့်တိုင် သူတို့၏ နေအိမ်လေးသို့ လိုင်းယွန်း ပြန်ရောက် မလာသည်ကြောင့် မိုးထက်ပိုင်တစ်ယောက်အကြီးအကျယ်ပင်စိတ်ပူနေရပါပြီ။မည်သို့ပင် စိတ်ဆိုးစိတ်ကောက်နေပါစေ။သူ၏ စိတ်နှလုံးမှ ခံစားချက်အစစ်အမှန်ကိုတော့လိမ်လည်၍မရနိုင်သည်လေ။ွှဤသည်ကြောင့် ကျားပေါက်လေးအနေဖြင့် ခြင်္သေ့ပျောက် ရှာပုံတော်ဖွင့်ရန်အတွက် ခရီးစဉ်စတင်လိုက်ပါတော့၏။
"လိုင်းယွန်း လိုင်းယွန်း မင်းဘယ်မှာလဲ!!!"
တဟုန်းဟုန်းနှင့် အရှိန်ပြင်းစွာ တောက်လောင်နေသော မီးတုတ်တစ်ချောင်းအား ကိုင်စွဲလျက် သူ၏ နာမည်အား ဟစ်အော်နေသောကောင်လေး၏ အသံအား ခြင်္သေ့ကြီး ကြားနိုင်စွမ်းရှိနိုင်ပါမည်လော။
"မင်းပြောတော့ ငါ့ကို လုံးဝထားမသွားပါဘူးဆို...ဟောဒီက သူငယ်ချင်းကိုထားမသွားဘူးဆို...သစ္စာဖောက်ကောင်..."
နှုတ်ကသာကျိန်ဆဲနေပါသော်လည်း အရည်လဲ့နေသော မျက်ဝန်းအစုံတို့က သူနှင့် ဆန့်ကျင်ဘက်သဘောအား ဖော်ညွှန်းနေပါလေသည်။အရူးကြီးတစ်ယောက်သဖွယ် ဟိုပြေးဒီလွှားနှင့် လိုက်ရှာနေ၍ တစ်နေရာအရောက်၌ တစ်ယောက်သောသူ၏အရိပ်အယောင်။မဟုတ်။အနံ့။သူစိမ်းလူတစ်ယောက်၏အနံ့ကိုပင် ပထမဆုံးအကြိမ် အလွတ်မှတ်မိအောင် စွမ်းဆောင်နိုင်ခဲ့သူ။ထိုသူကား သူ၏ခြင်္သေ့ကြီး ဖြစ်နေပါလိမ့်မလား။
"လိုင်း လိုင်းယွန်း...မင်းလား..."
"ဒီတစ်ခါတော့ မင်းက ငါ့ကို တွေ့အောင်ရှာနိုင်ခဲ့တာပဲ..."
တကယ်ပဲ သူတွေးထားသည့်အတိုင်းပါပင်။သည်တစ်ခါတော့ ကျားပေါက်လေးကခြင်္သေ့ကြီးအားတွေ့အောင်ရှာနိုင်ခဲ့ပါ၏။
"မင်း ဘာဖြစ်လို့ ဒီလှောင်ချိုင့်ထဲရောက်နေရတာလဲ..."
"အသွားမတော်တလှမ်း အစားမတော်တစ်လုတ်တဲ့ ဟား..."
"ဒီအခြေအနေမှာတောင် ရယ်နေနိုင်သေးတယ်နော်..."
"အဲလိုလား..."
"ဒီလှောင်အိမ်ကို ဘယ်လိုဖွင့်ရပါ့မလဲ...ကျစ်...ငါ တစ်ခုခု သွားရှာလိုက်ဦးမယ်..."
"မသွားပါနဲ့..."
သူ့ဘာသာသူ တစ်ယောက်တည်း တတွတ်တွတ်ပြောကာ တစ်ယောက်တည်း ဆုံးဖြတ်ချက်ချ၍ တစ်ခုခုသွားရှာမည် လုပ်နေပါလေသောသူအားကြည့်ကာလှောင်ချိုင့်အတွင်းမှ ခြင်္သေ့ကြီးလိုင်းယွန်းတစ်ယောက်အပြုံးကြီးပြုံးနေမိ၏။
သို့သော် သူ့ဘေးနားမှထွက်သွားတော့မည် လုပ်နေတော့ မိုးထက်ပိုင်၏လက်အား သူ ဖမ်းဆွဲထားလိုက်ပါသည်။
"ဒီအတိုင်းလေး ငါ့ဘေးနားမှာပဲနေပေးလို့ရမလား..."
"အရူးကောင်...ငါ့မှာတော့ မင်းငါ့ကို ထားသွားပြီထင်ပြီး ဘယ်လောက်တောင်မှ ကြောက်နေခဲ့ရလဲ..ငါ အွတ်..."
"အင်း မင်းတကယ်ကြောက်နေခဲ့တာပဲ...အခုလိုမျိုး ဂျို့ထိုးနေပုံ ထောက်ရင်ပေါ့..."
တကယ်တမ်းတော့ သူသည်လည်း သူ့ရှေ့မှကောင်လေးအား နောက်ထပ်မတွေ့ရတော့မည်ကို သေမလောက်ကြောက်နေ ခဲ့ပါသည်လေ။တစ်ချိန်တွင်ခွဲခွာရမည်ကို သိနေပါသော်လည်း ယခုထက်ထိတော့ သူအဆင်သင့် မဖြစ်သေးပါချေ။သို့သော် ဤအကြောင်းအားမိုးထက်ပိုင်သိစေရန်အဖို့လည်း သူပြောပြ လိမ့်မည်မဟုတ်ပါ။
"မင်းသိလား...အသက်၁၀နှစ်တောင်မပြည့်သေးတဲ့ ကလေးတစ်ယောက်က လမ်းဘေးမှာ သူ့ဝမ်းရေးကို ဖြေရှင်းနိုင်ဖို့အတွက် သူများဆီက အလစ်သုတ်ရုံက လွဲပြီးတော့မတတ်နိုင်ခဲ့ဘူး...အဲလိုနဲ့ အလွယ်ရတာ များလာတဲ့အခါကျတော့ အလွယ်လမ်းကို ခုံမင်မှန်း မသိဘဲခုံမင်လာခဲ့တယ်..ကိုယ်ပိုက်ဆံရဖို့အတွက်နဲ့ အပြစ်မရှိတဲ့တစ်ပါးသူတွေရဲ့ဘ၀တွေကို နင်းခြေ တတ်လာခဲ့တယ်...သူ့ရဲ့လက်ဖဝါးနှစ်ဖက်ကလည်း သွေးစွန်းပြီးမဖြူစင်တော့တဲ့အတွက် ဘုရားသခင်ထံ လက်အုပ်ချီပြီးဆုတောင်းရမှာတောင်အကြောက်ကြီး ကြောက်ရွံ့နေခဲ့မိတာကိုလေ..."
အလို...ခြင်္သေ့ကြီးက သူ၏ဘ၀အကြောင်းအား ကျားပေါက်လေးထံ ရင်ဖွင့်နေပါသည်လား။
"မင်းအတွက် နောက်မကျသေးပါဘူး...မှားမှန်းသိရဲ့သားနဲ့ ဘာဖြစ်လို့ လမ်းအမှားကို ဆက်လျှောက်နေဦးမှာလဲ...မင်း ပြုပြင်လို့ရပါသေးတယ်ကွာ..."
"ငါ့ဘ၀ကအရမ်းကိုမှောင်မိုက်လွန်းနေပြီ..လမိုက်ညတွေ များလွန်းတော့ အလင်းရောင်ကို မမျှော်လင့်ရဲတော့ဘူး... ငါ့ဘေးမှာရှိတဲ့တစ်စုံတစ်ယောက်ကိုလည်း ငါ့ကြောင့်နဲ့ ငါရဲ့အရိပ်မည်းကြီးက သူ့အပေါ်ကို ဖုံးလွှမ်းသွားတာမျိုး မဖြစ်စေချင်ဘူး..."
"ကောင်းကင်ကြီးကို မော့ကြည့်လိုက်စမ်း...လမင်းကြီး သာနေတာကို တွေ့တယ်မှတ်လား...မင်းအတွက် နေ အလင်းရောင်ဆိုတာမရှိခဲ့ရင်တောင်မှ လအလင်းရောင် ကတော့ထိန်လင်းပေးနေမှာပါ...ပြီးတော့ အဲဒီလရောင် အောက်မှာမင်းရဲ့လက်ကိုတွဲပြီး အတူတူ လမ်းလျှောက် ထွက်မယ့်တစ်ယောက်သောသူကလည်း သေချာပေါက် ရှိနေပေးမှာ..."
"တကယ်ပဲ ငါ့အတွက် အဲဒီလို အိပ်မက်မျိုး မက်ခွင့်ရှိသေးတာလား..."
"အင်း အပြည့်အ၀ရှိပါသေးတယ်..."
သည်တစ်ခေါက်တွင်တော့လိုင်းယွန်း၏ လက်အစုံတို့အား သူကသာတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားလိုက်တော့၏။ထိုအခိုက်အတန့်တွင် သူတို့နှစ်ဦးလုံး၏မျက်ဝန်းအိမ်ထဲ၌ မျက်ရည်ဥတို့က တွဲခိုနေခဲ့ပါလေသည်။
"ငါ မင်းကို သီချင်းတစ်ပုဒ်ဆိုပြမယ်...မင်း နားထောင်မယ် မဟုတ်လား..."
ထိုအခါ မျက်ရည်စတို့ ရစ်သိုင်းနေသော အငိုမျက်လုံး အပြုံးမျက်နှာနှင့်ခေါင်းညိတ်ပြလာသူကြောင့် သူလည်း သီချင်းလေးအား စတင်သီကြွေးလိုက်ပါတော့သည်။
It's okay to shed the tears...
But don't you tear yourself...
Moonchild...you shine...
When you rise...it's your time...
C'mon y'all moonchild...don't cry...
When moon rise...it's your time...
C'mon y'all moonchild...you shine...
When moon rise...it's your time...
တကယ်တော့ တစ်ချို့တစ်ချို့သောစကားလုံးများက နှုတ်မှ ထုတ်ဖော်ပြောစရာမလိုဘဲ နှလုံးသားချင်း နီးစပ်နေရုံနှင့်ပင် သိနိုင်ပါသည်လေ။နှုတ်မှထုတ်ဖော်မပြောခဲ့သော်ငြားလည်း မျက်ဝန်းတို့က တိကျသောအဖြေကို ပေးနှင့်ပြီးဖြစ်သည်မို့ ဤလောက်နှင့်ပင် သူတို့အဖို့ လုံလောက်သွားခဲ့ပါပြီ။
>>>>>Eight
မျက်လုံးအတွင်းသို့ စူးရှစွာ ၀င်ရောက်လာသည့် မနက်ခင်း အလင်းရောင်တို့ လက်တွဲမဖြုတ်တမ်းအိပ်ပျော်နေပါသော ကောင်လေးနှစ်ယောက်အား နိုးထစေခဲ့ပါ၏။
"မိုးတောင်လင်းသွားပြီပဲ..."
"ဟုတ်ပါရဲ့...ဒါနဲ့ မင်း ငါ့ကို အသွားထက်တဲ့ဟာ တစ်ခုခု ရှာပေးလို့ရမလား...ငါတို့ ဒီနေရာကနေ ထွက်ရမယ်..."
"အသွားထက်တာ...အင်း ငါ သွားရှာခဲ့မယ်..."
သည်တစ်ခေါက်တွင်တော့ ကျားပေါက်လေးကံကောင်းသည် ဟုသာပြောရလေမလား။သို့မဟုတ် စစ်မှန်သည့်စိတ်ရင်းအား အရင်းပြုကာလိုက်ရှာခဲ့သည်ကြောင့်ပဲလားမသိ။အနည်းငယ် ဟောင်းနွမ်းနေသော လွှတစ်ခုအား သူ ရှာတွေ့ခဲ့သည်လေ။ဤသည်ကြောင့် ထောင်ချောက်အတွင်း ပိတ်မိနေခဲ့ပါသော ခြင်္သေ့သည်လည်း လွတ်မြောက်ရာရခဲ့ပါတော့သည်။
"မင်းခြေထောက်ကလမ်းလျှောက်ဖို့အဆင်မပြေဘူး မှတ်လား...လာ ငါမင်းကို တွဲခေါ်သွားပေးမယ်..."
"အင်း ဒီတစ်ခါတော့ အကူအညီတောင်းပါရစေ..."
ထောင်ချောက်ထဲမိသွားစဉ် အနည်းငယ်ဒဏ်ရာရသွားသည့် ခြေထောက်မှာ ပုံမှန်မူအတိုင်း လမ်းလျှောက်ဖို့ရာအတွက် မဖြစ်နိုင်တော့သည်ကြောင့် သည်တစ်ခါတော့ လိုင်းယွန်း မိုးထက်ပိုင်၏အကူအညီအား လိုအပ်နေပါလေပြီ။
"ခဏ..."
"ဘာဖြစ်လို့လဲ..."
ထို့နောက် နှစ်ယောက်အတူ သူတို့၏သာမန်နေအိမ်လေးသို့ ပြန်မည်အလုပ် သူ့အား ရပ်တန့်ခိုင်းလိုက်သော လိုင်းယွန်း။
"ဒါ လူခြေရာမှတ်လား..."
"ဟုတ်တယ်ကွ...ဒါ လူခြေရာပဲ...ဒါဖြင့်ရင်..."
သေချာပါသည်။ထိုအရာများမှာ လူခြေရာအမှန်ပါ။ဤသို့ဆိုက တောထဲသို့ ၀င်လာသူရှိသည်မဟုတ်ပါလား။ယခုခြေရာများ အတိုင်းသား လိုက်သွားခဲ့ပါလျှင်....
"ငါတို့ ပြန်လမ်းရှာတွေ့ပြီထင်တယ်..."
...သူတို့အတွက် ပြန်လမ်းရှာတွေ့နိုင်ပြီထင်ပါ၏။ထို့ကြောင့် ခြေရာတို့အတိုင်း လျှောက်သွားပြီး၍ အဆုံးသတ်ရောက်ရန် အနည်းငယ်အလိုတွင်တော့ အစိမ်းရင့်ရောင် ပတ်ဝန်းကျင် မဟုတ်တော့ဘဲ ကားတို့တ၀ီဝီပြေးလွှားနေသော လမ်းမကြီး ထက်မှအလင်းရောင်တစ်ခုအား သူတို့မြင်လိုက်ရပါပြီ။
"တကယ်ပဲကိုး..."
နောက်ဆုံး၌ လမ်းပျောက်ခြင်္သေ့နှင့်ကျားတို့ သူတို့ ခဏတာ ပျော်မွေ့ခဲ့ဖူးသောတောကြီးအား နှုတ်ဆက်ရတော့မည်လေ။သူတို့၏ ရှစ်ရက်တာ စွန့်စားခန်းကြီး တစ်ခန်းရပ်ခဲ့ပါလေပြီ။
"အင်း ဒီတစ်ခါတော့ တကယ်ပဲ ငါတို့ခွဲခွာဖို့အချိန် ရောက်လာပြီပဲ..."
အမြဲတမ်း သူ၏ စိတ်အတွေးထဲတွင်သာ ရှိနေခဲ့သော ခွဲခွာမှု ဟူသည်ကို ယနေ့တော့ လိုင်းယွန်းလက်တွေ့ကျကျရင်ဆိုင် ရပါတော့မည်။သည့်အတွက်လည်းခံနိုင်ရည်ရှိစေရန်အတွက် သူပြင်ဆင်ထားပြီးပါပြီ။
"ဘာဖြစ်လို့ အဲလိုပြောရတာလဲ..."
"ငါ ငါ့ရဲ့ အပြစ်ကြွေးတွေကိုဆေးကြောတော့မယ်... ဒီထက်ပိုပြီး ရှောင်ပြေးမနေတော့ဘူး...ငါ့ရဲ့ ဘ၀ကို အသစ်ပြန်စချင်တယ်...တစ်ကနေပေါ့..."
"မင်း တကယ်ပြောနေတာလား...ငါ မင်းအတွက် တကယ်ဂုဏ်ယူပါတယ်ကွာ..."
ခွဲခွာရတော့မည်ဟူသည်ကခါးသက်ပါသော်လည်းသူ့ကိုယ်သူ လူကောင်းတစ်ယောက်အဖြစ်ပြောင်းလဲတော့မည်ဟူသည်က ဂုဏ်ယူဝမ်းသာစရာတစ်ခုမဟုတ်ပါလား။
"ရော့..."
ထို့နောက် သူ၏အင်္ကျီအတွင်းမှ လက်ထိပ်တစ်ခုအားထုတ်၍ မိုးထက်ပိုင်အားပေးလိုက်သည့် လိုင်းယွန်း။
"ဒါကို မင်းသိမ်းထားသေးတာလား..."
"အင်း...ငါ သိမ်းထားခဲ့တာ...အဲဒီလက်ထိပ်နဲ့ ငါ့ကိုခတ်လိုက်ပါ...တခြားသူထက် မင်းဆီမှာပဲ ငါအဖမ်းခံချင်တယ်..."
သူ၏ လက်နှစ်ဖက်အားဆန့်တန်းကာ ထိုးပေးလာသော လိုင်းယွန်း၏ လက်အစုံအား မိုးထက်ပိုင် လက်ထိပ်ဖြင့် ပူးခတ်လိုက်ပါသည်။ဖြူစင်သောခြင်္သေ့လေးတစ်ကောင် ဖြစ်လာစေရန် ရင်ထဲမှ ဆုတောင်းနေလျက်ပေါ့။
"ငါလေ မင်းကို ပြောစရာစကားတစ်ခုရှိတယ်..."
"ဘာပြောစရာလဲ...ပြောလေ..."
"အခုမပြောသေးဘူး...တစ်နေ့ ငါတို့ ပြန်တွေ့တဲ့တစ်နေ့... မဟုတ်ဘူး..ပြန်တွေ့နိုင်ခွင့်ရှိသေးရင်..အဲဒီအခါကျတော့မှ ပြောမယ်...ဒါပေမယ့် အဲဒီနေ့က..."
ပြန်မတွေ့နိုင်တော့သူတစ်ယောက်ပမာ နှုတ်ဆက်စကားတို့ ပြောနေသည်ကြောင့် လိုင်းယွန်း၏နှုတ်ခမ်းပါးလေးထက်သို့ လက်ညှိုလေးဖိကပ်ကာ စကားတို့အား သူ ရပ်တန့်စေမိ၏။
"ရှူး...မင်းပြောတဲ့စကားကိုနားထောင်ဖို့ စောင့်နေမှာမို့လို့ ဆက်ဆက်ပြန်တွေ့ရအောင်ပါ M2..အဲဒီအချိန်ရောက်ရင် မင်းရဲ့နာမည်အရင်းကိုလည်း ငါသိရဖို့မျှော်လင့်ပါတယ်..."
စောင့်နေပါမည်။အမြဲတမ်း သူ့ထံ ပြန်ရောက်လာတတ်သူကို ယခုအခါတွင်လည်း ယုံကြည်စွာနှင့် သူစောင့်နေပါမည်လေ။အချိန်များမည်မျှပင်ကြာသွားခဲ့ပါစေ၊သူနားထောင်လိုပါသော စကားလေးတစ်ခွန်းအတွက် သူ ဆက်ဆက်စောင့်နေပါမည်။သူသိနေပါသည်လေ။ထိုစကားလုံးတွင် 8 Letters သာ ပါရှိနေမည်ဆိုသည်ကိုပေါ့။
"သွားကြရအောင်..."
"အင်း သွားကြတာပေါ့..."
ထို့နောက်တွင်တော့ ကောင်လေး နှစ်ယောက်၏ ဦးတည်ရာကသူတို့၏ မျက်စိရှေ့တည့်တည့်တွင် ရှိနေသောမြို့ပြ၏လမ်းမကျယ်ကြီးထက်သို့ပါပင်။
ထိုစဉ်နာရီလက်တံတို့ညွှန်ပြနေသည့်အချိန်တစ်ခုက စက္ကန့်လေးပင်မစွန်းသေးသောရှစ်နာရီတိတိကိုသာ။
____________Eight (The End)__________
Written By W

Коментарі