ကလေးဘဝ
သို့ နေဗီ
သို့နေဗီ
ကလေးဘဝ
ပြန်မရနိုင်တဲ့အထဲမှာ ငယ်ဘဝအမှတ်တရတွေပါတယ်တဲ့
သီချင်းတွေတောင်ရှိသေးတယ်
ဘာတဲ့ ''ငယ်ငယ်တုန်းကလို ပျော်စရာကလေးဘဝကို ပြန်လည်ကာသတိရပါတယ်...''

တကယ်ကိုသတိရနေမိတာ....
ငယ်ငယ်တုန်းက အိမ်ကလူတွေမသိအောင် မီးခြစ်ကိုယူ.. ပြီးတော့ မြေကြီးကို ခွက်ကလေးနဲ့ နက်နက်လေးတူး... စက္ကူအပိုင်းအစလေးတွေယူပြီး မီးခြစ်နဲ့ညှိ... မီးစွဲနေတဲ့ စက္ကူစလေးတွေကို တူးထားတဲ့ မြေကြီးထဲကိုထည့်.. အပေါ်ကနေ ဟင်းချက်တဲ့ အိုးသေးသေးလေး တင်ပြီး ခိုးယူလာတဲ့ နှမ်းဆီလေးထည့်..  ခူးထားတဲ့ ဟင်းရွက်လေးတွေကို ကပ်ကြေးနဲ့ညှပ်... ပြီးတော့ ကြက်သွန်နီကို သေးသေးလေးတွေဖြစ်အောင်လှီးပြီး ဆီပူနေတဲ့ အိုးထဲကိုထည့်... အဟဲ ဆီသတ်တာပေါ့နော်... ဆီလည်းသတ်ပြီးရော ဟင်းရွက်လေးတွေထည့်ပြီး ဟင်းချက်တယ်ဆိုပါတော့...  လူမိသွားရင် ဆူခံရ.... အဟား တကယ်ကို ပျော်စရာကောင်းခဲ့ပါတယ်...  ကိုယ်ရယ်၊
ကိုယ့်အစ်မရယ်၊ ကိုယ့်ညီမရယ် သုံးယောက်ပေါင်း လောင်းကျော်ခဲ့တာ... 

နောက်ပြီးရှိသေးတယ်... ထောင့်မှန်စတုဂံ ပုံစံအတိုင်း ကျွင်းတွေတူးပြီး ဝါးလုံးတွေစိုက်... အိမ်မှာက ဝါးလုံးအတိုတွေက ပိုနေတော့   အိမ်ဆောက်ကြတာ😅  အပေါ်ကနေ ခေါင်မိုးတွေ ဘာတွေလုပ်... ပလတ်စတစ်ကြိုးတွေနဲ့ ချည်....
ကပ်ထူတွေနဲ့ အမိုးအကာတွေလုပ်...  အဲ့တုန်းက အိမ်က သိပ်မခိုင်တော့ ဝုန်းဆိုပြီး ပြိုကျရော...
အဲ့ဒါလည်း လက်မလျှော့သေးဘူး အားကြိုးမာန်တက် ပြန်ဆောက်ကြရော 😂
နှစ်ခါသုံးခါလောက်ပြိုကျပြီးတဲ့နောက် အောင်မြင်သွားပါလေရော...
အဲ့အိမ်ထဲမှာလည်း မီးမွှေးပြီး ဟင်းချက်သေးတယ်ဗျို့... မီးမလောင်တာ ကံကောင်း🤣

ပြီးတော့ ကိုယ်တို့အိမ်ရှေ့မှာ ကွမ်းယာဆိုင်တဲကြီး ရှိတယ် အလွတ်ကြီးပေါ့ကွာ ဘယ်သူမှ မရှိဘူး အဲ့တုန်းက.... အိမ်ကအိုမားက မြေပဲဆံအခွံခွာ ခိုင်းတာ...  တဲထဲကို မြေပဲဆံ လင်ဗန်းကြီးမ ပြီး ယူသွားရော...  အိုမားကိုတော့ ​ပြောသွားရတာပေါ့.... မဟုတ်ရင် ဆော်ခံရမှာ... အဲ့တာနဲ့ တဲထဲလည်းရောက်ရော ကိုယ်တို့ညီအစ်မသုံးယောက် မြေပဲဆံအခွံခွာကြတာပေါ့ကွာ..
အဲ နောက်ကျတော့ အစ်မတော်နဲ့ညီမတော်က ငါတို့ မြေပဲလှော်ကြရအောင်တဲ့... ကိုယ်ကတော့ အေးဆေးသမားလေးနော်... သူတို့က မွှေကြတာ အဟဲ....
ညီမတော်က မီးခြစ်ကိုခိုးယူလာပြီးတော့ မီးမွှေးရော... အဲ့ပေါ်ကနေ အိမ်မှာသုံးတဲ့ စလောင်းအိုးအဖုံးကြီးတင်လိုက်ရော...ပြီးတော့ ခွာထားတဲ့ မြေပဲဆံကို စလောင်းအိုးအဖုံးကြီးထဲထည့်ပြီးတော့ လှော်ကြပါလေရော... အစ်မတော်က ဦးဆောင်ပြီးလှော်တာ... ညီမတော်က မြေပဲဆံတွေ အားရပါးရ ခွာပြီး လှော်တဲ့ အထဲကိုထည့်ပါလေရော... ကိုယ်ကတော့ ဘေးကနေ ပွဲကြည့်ပရိသတ်လေးပေါ့.... လှော်တာ မီးများသွားလို့ မြေပဲဆံလည်း တူးရော... အိမ်ထဲကနေ တူးနံ့ရလို့ဆိုပြီး အိမ်အပြင်ထွက်လာကြတဲ့ လူကြီးတွေကို တဲထဲက အပီအပြင်မြေပဲလှော်နေတဲ့ နှစ်ယောက်ကမသိ...  ကိုယ်က မြေပဲမလှော်ဘူးနော် ပရိသတ် အဟဲ...  အဲ့မှာ မိရော... နင်တို့ မီးလောင်ရင် ထောင်ထဲသွားချင်လို့လားးတဲ့ ... အိုမားတို့က ဆူပါလေရောဗျာ.... မြေပဲလှော်တဲ့ စလောင်းအိုးအဖုံးကြီးကို ယူပြီးကြည့်တော့ မည်းသည်းနေတာပဲ 🤣 အိုမားတို့က ဆူနေရင်းအဲ့တာလည်းမြင်ရော ရီကုန်ကြတယ်😂

အဲ့လိုပဲ ငယ်ဘဝက သိပ်ကိုပျော်စရာကောင်းခဲ့ပါတယ် ပွေလီကြတာတွေရော  ဆူခံရတာတွေရောပေါ့

အချိန်တွေကိုသာ နောက်ပြန်လှည့်နိုင်မယ်ဆိုရင်
က​လေးဘဝကိုပဲပြန်သွားချင်မိတယ်....
© KM ,
книга «ရင်တွင်းဖြစ်».
သို့ နေဗီ
Коментарі
Упорядкувати
  • За популярністю
  • Спочатку нові
  • По порядку
Показати всі коментарі (1)
SILENT_SOUL
ကလေးဘဝ
ကလေးဘဝကိုပဲပြန်သွားချင်မိတယ်...
Відповісти
2021-08-23 07:42:19
1