ZAWGYI
UNICODE
UNICODE
အမေက တစ်ဖက်မိဘတွေကို တောင်းပန်ရင်း ကျွန်တော့်ကိုလည်း ခပ်သာသာဆူနေတယ်။ ရန်ဖြစ်ရတဲ့အကြောင်းကို ကြားရတော့ လူကြီးတွေမှာ စိတ်ဆိုးရအခက် ရယ်ရအခက်နဲ့ပေါ့။

"အစ်ကို့သားကလေ လက်မြန်ခြေမြန်နဲ့ အစ်ကိုနဲ့တူတာနေမှာ"

အမေပြန်တိုင်တော့ လေအေးအေးနဲ့ချော့ပြောလေ့ရှိတဲ့ အဖေက ကျွန်တော့်ကို စကားစပြောပါတယ်။

"သားကဘာလို့ သူငယ်ချင်းကို ကိုက်ဆွဲတာလဲ။
သူနာနာဖြစ်သွားမှာ မသနားဘူးလား"

အဖေ့စကားကိုနားထောင်ပြီး ကျွန်တော်သူ့အတွက် စိတ်ပူသွားမိတယ်။ သူတကယ်အရမ်းနာနေမလား၊ ပါးဖောင်းဖောင်းလေးမှာ နာနာအကြီးကြီး ဖြစ်သွားမလားလို့တွေးရင်းတွေးရင်းနဲ့ ငိုချလိုက်မိတဲ့အထိပဲ။

"သားသားက.. သားသားက.. သူ့ပါးက ဖောင်းဖောင်းလေးမို့ ဒီတိုင်းနမ်းကြည့်ရင်းနဲ့ ကိုက်မိသွားတာ"

အလိုလိုက်တဲ့အဖေ့နဲ့ဆိုတော့ ပြောရင်းပြောရင်းနဲ့ ငိုကြောမိသွားပြီး ပိုပိုဝမ်းနည်းလာတယ်။

"သားသားက ချစ်လို့.. ချစ်လို့.. ဖြည်းဖြည်းလေးကိုက်မိတာကို.. သားသားကို ကုတ်ဆွဲတယ်"

တိုင်ပြောရင်းငိုရှိုက်နေမိတာ တော်တော်နဲ့မရပ်တာမို့ အဖေကိုယ်တိုင် ကျွန်တော့်ကို စက်ဘီးပေါ်တင်ပြီး သူ့အိမ်လိုက်ပြရတဲ့အထိဘဲ။

ကျွန်တော်ရောက်သွားတော့ သူကအိပ်ယာဝင်ခါနီးတောင်ဖြစ်နေပြီ။ သူ့ပါးမို့မို့လေးမှာ နာနာအကြီးကြီး ရှိမနေဘဲ၊ သူကုတ်ဆွဲလိုက်တဲ့ဒဏ်ရာကို သူကိုယ်တိုင်ပြန်ပြီး ဥုံဖွ ဥုံဖွ လုပ်ပေးလိုက်တော့မှ ကျွန်တော်စိတ်ချမ်းသာသွားတယ်။

ဒီညစောစောအိပ်ရမယ်။ မနက်ဖြန် မူကြိုရောက်ရင် သူ့ပါးကို ဥုံဖွ ဥုံဖွ ပြန်လုပ်ပေးရဦးမှာ။ သူ့ပါးကို သူများကိုပေးနမ်းရင်တော့ ထပ်ကိုက်ဆွဲဦးမှာပဲ။

..... ..... ..... ..... ..... ..... ..... ..... ..... .....
အစိမ်းရောင်ရဲ့အဓိပ္ပာယ်ကို မကောင်းတဲ့ဘက်က ဖွင့်ဆိုရင် တစ်ကိုယ်ကောင်းဆန်မှုနဲ့ပိုင်းစိုးမှုကိုဖော်ညွှန်းပြီး၊ သူ့မှာ အချစ်အတွက် ဖွင့်ဆိုချက်မရှိဘူး တဲ့။

အချစ်မသိခင်အချိန်တုန်းက ငါ့ခံစားချက်တွေမှာ
အစိမ်းရောင်သန်းနေခဲ့တာပဲဖြစ်မယ်။

(ကျွန်တော့်အသက် ၄-နှစ်)
..... ..... ..... ..... ..... ..... ..... ..... ..... .....
.
.
.

လူပျိုပေါက်တွေရဲ့ ထုံးစံအတိုင်း ကျွန်တော်တို့နှစ်ယောက်လုံး ဆန့်ကျင်ဘက်လိင်ကို စပြီးစိတ်ဝင်စားတဲ့အရွယ်။

သူက လွယ်အိတ်လေးကို ကျွန်တော့်ဘေးနားမှာ ချလိုက်ပြီး လူမြင်မကောင်းတဲ့စာအုပ်ကို လျှို့ဝှက်သည်းဖိုဟန်နဲ့ ထုတ်ယူလိုက်တယ်။ TV တောင် အိမ်တိုင်းမရှိသေးတဲ့ကာလမှာတော့ ဒီစာအုပ်တွေက ကျွန်တော်တို့အတွက် လက်ဦးဆရာတွေပါပဲ။

"ဒီတယောက်ပိုလှတယ်ကွာ နော်"

ရေကူးဝတ်စုံနီနီလေးနဲ့ မခို့တရို့ကြည့်နေတဲ့ စာအုပ်ထဲက မိန်းကလေးရဲ့မျက်နှာက နုပျိုဝင့်ကြွားနေတယ်။ ပြီးတော့ စာအုပ်ကိုကြည့်နေတဲ့ သူ့မျက်နှာက စိတ်လှုပ်ရှားမှုနဲ့ နီမြန်းနေတယ်။

ဆံပင်ညိုနုနုက နဖူးပြေပြေပေါ်ဝဲကျလို့၊ ညာဘက်မျက်ခုံးတန်းပေါ်မှာ ကျွန်တော်စက်ဘီးစီးသင်ပေးတုန်းက ရခဲ့တဲ့အမာရွတ်လေးနဲ့။ နှာတံလုံးလုံးလေးမှာ ဆားဝက်ခြံနည်းနည်းရှိနေပြီး၊ နှုတ်ခမ်းထူထူလေးက နှုတ်ခမ်းမွှေးရာစိမ်းဖန့်ဖန့်လေးနဲ့ လိုက်ဖက်နေတယ်။

သူစာမျက်နှာအသစ်တွေဆက်လှန်နေပေမယ့် ကျွန်တော်စိတ်မဝင်စားတော့ဘူး။

အဲ့ဒီနှစ်မှာပဲ သူကသူ့အချစ်ဦးကို စတွေ့ခဲ့သလို
ကျွန်တော်ကလည်း ကျွန်တော့်အချစ်ဦးကို
စတွေ့ခဲ့တယ်။

..... ..... ..... ..... ..... ..... ..... ..... ..... .....
ဆယ်ကျော်သက်ဘဝရဲ့ လွတ်လပ်ပျော်ရွှင်ခြင်းတွေကို အချစ်ဦးနဲ့အတူတူ ဝေမျှခံစားခွင့်ရခဲ့တာက ကံအကောင်းဆုံးပဲ ဖြစ်လိမ့်မယ်။

နေရောင်ခြည်လေးလို နွေးထွေးတဲ့မင်းက
ကံကောင်းစေတဲ့အဝါရောင်လက်ဆောင်လေး။

(ကျွန်တော့်အသက် ၁၄-နှစ်)
..... ..... ..... ..... ..... ..... ..... ..... ..... .....
.
.
.

သူ့မင်္ဂလာဖိတ်စာလေးကို ယူထားလိုက်ပေမယ့် ကျွန်တော် ဘယ်တော့မှဖတ်မှာမဟုတ်ပါဘူး။ သတို့သားအရန်အဖြစ် ကျွန်တော်မငြင်းလောက်ဘူးလို့ ကြိုတွက်ထားတဲ့သူက တော်တော်လေး မကျေမနပ်ဖြစ်နေပါတယ်။

သူရည်းစားလေးယောက်ပြောင်းပြီးတဲ့ အချိန်မှာ ကျွန်တော်ရဲ့ ဟန်ဆောင်တဲ့အရည်အချင်းကလည်း တော်တော်တိုးတက်လာခဲ့ပြီး ကိုယ့်ဒုက္ခကိုယ်ရှာတဲ့ ကိစ္စမျိုးကို ဝေးဝေးကရှောင်ရမှန်းလည်း နားလည်နေပါပြီ။

"မင်းကလည်း တစ်ခေါက်တည်းပဲကွာ နော်"

"မင်းက နောက်ဘယ်နှစ်ခါထပ်ဆောင်ဦးမှာမို့လို့လဲ"

"ဘယ်နှစ်ခါထပ်ဆောင်ဆောင်ကွာ၊ မင်းကိုသတို့သားအရန်ထပ်မလုပ်ခိုင်းဘူး၊ ကတိ ကတိ"

အတင်းအကြပ်တောင်းဆိုနေတဲ့ သူ့ကိုကြည့်ပြီး ကျွန်တော့်ရင်ထဲလည်း တင်းကြပ်လာတယ်။ ကျွန်တော်စိတ်ကူးယဉ်လေ့ရှိတဲ့ ပုံစံမျိုးနဲ့မဟုတ်ပေမယ့် ကျွန်တော်ကသူ့အတွက် အရင်းနှီးဆုံးလူထဲက တစ်ယောက်ပဲလေ။

"ငါက သတို့သားဘဲ လုပ်ချင်တာ၊ သတို့သားမလုပ်ရရင် အရန်လည်းမလုပ်ဘူး"

ကျွန်တော်ဝန်ခံနိုင်သမျှက ဒါအကုန်ပါပဲ။
သူကတော့ ရိုးသားစွာဆဲဆိုကြိမ်းမောင်းနေဆဲ။

နောက်ဆုံးတော့ သူ့မင်္ဂလာဆောင်မှာ သတို့သားအရန်လုပ်မပေးခဲ့တာက ကျွန်တော်သူ့အလိုကို ပထမဆုံးငြင်းဆန်ခဲ့တဲ့ကိစ္စအဖြစ် သူတသသပြောစရာ ဖြစ်သွားခဲ့ပါတယ်။

မင်္ဂလာအချိန်ကျော်လွန်သွားတဲ့အခါ ဧည့်ခံနေရတဲ့ စုံတွဲနည်းတူ ဟန်ဆောင်ပြုံးနေရတဲ့ ကျွန့်တော့်မျက်နှာကြောလည်း တော်တော်ညောင်းညာနေပါပြီ။ သူ့ Bachelor Night မှာ ပထမဆုံးမှောက်သွားခဲ့တဲ့ကျွန်တော့်ကို သူကိုယ်တိုင်အိမ်ပြန်လိုက်ပို့ပေးခဲ့တာမို့ သတို့သမီးမကြည်ဖြူတဲ့ မင်္ဂလာဦးဖြစ်သွားခဲ့ပါတယ်။

အသည်းကွဲနေတဲ့ကျွန်တော်က လိမ္မော်ရောင်မီးသတ်ဗူးတစ်ဗူး လက်ဖွဲ့လိုက်ပါတယ်။ ဘယ်တော့မှမသုံးရဖို့ မျှော်လင့်ပေမယ့် သုံးစရာလိုလာရင်လည်း ယောကျားအားနဲ့မှ ဖွင့်နိုင်မယ့် အကြီးဆုံးဆိုဒ်ပေါ့။

..... ..... ..... ..... ..... ..... ..... ..... ..... .....
ပျော်ရွှင်မှုနဲ့ထိုက်တန်တဲ့မင်းအတွက်
စိတ်ရင်းနဲ့ဂုဏ်ပြုလိုက်ပါတယ်။

ယုံကြည်မှု၊ ခင်မင်မှုတွေကို ကိုယ်စားပြုတဲ့ လိမ္မော်ရောင် Friend Zone ထဲမှာ ငါပိတ်မိကျန်ရစ်ခဲ့ပေမယ့်...

(ကျွန်တော့်အသက် ၂၄-နှစ်)
..... ..... ..... ..... ..... ..... ..... ..... ..... .....
.
.
.

သင်္ဘောသားတစ်ယောက်အနေနဲ့ နိုင်ငံတကာပတ်ပြီးအနေကြာလာတဲ့အခါ ကျွန်တော့်ရဲ့ Sexual Desire ကိုလည်း ပိုပြီးလက်ခံလာနိုင်ခဲ့ပါတယ်။ မိန်းမတွေ၊ ယောကျ်ားတွေနဲ့ ပတ်သက်ဖို့ကြိုးစားခဲ့ပေမယ့် Relationship အဆင့်ထိ မသွားနိုင်လေလေ ကျွန်တော်သူ့ကိုလွမ်းလေလေပဲ။

နိုင်ငံတစ်ခုရောက်တိုင်း သူ့အတွက်လက်ဆောင် ကြည့်မိတဲ့ကျွန်တော်က သူအပါအဝင် ဘယ်သူနဲ့မှလက်မတွဲနိုင်ပေမယ့် သူ့ကိုလွမ်းတဲ့စိတ်နဲ့တော့ RS ချိတ်နိုင်ခဲ့ပြီလို့လည်း အူကြောင်ကြောင်တွေးမိတတ်ပါတယ်။

ဒီနှစ်တွေထဲမှာ ရန်ကုန်ကိုနှစ်ခါပဲ ပြန်ခဲ့ပေမယ် ကျွန်တော်တစ်ကြိမ်ပြန်တိုင်း သူ့မှာကလေးပေါက်စတစ်ယောက် တိုးနေပါတယ်။ ဗိုက်ရွှဲချင်သလိုလို ပြည့်ပြည့်လေးဖြစ်လာတဲ့သူ့ကိုမြင်ပြီး မချစ်ချင်တော့တဲ့ ကျွန်တော့်ခံစားချက်တွေ အဝေးလွင့်သွားပြန်ပြီပေါ့။

"ငါ့သမီးကို မင်းနဲ့သဘောတူတယ် ဟေ့ကောင်၊ ဖေဖေလို့ခေါ်စမ်း"

"ကိုကလည်း ဘာတွေလျှောက်ပြောနေတာလဲ"

မျက်နှာထားတင်းတင်းနဲ့ သူမိန်းမက ဟောက်စားလုပ်လိုက်တဲ့အချိန်မှာ ကျွန်တော့်ပျော်ရွှင်မှုတွေ ရပ်တန့်သွားပါတယ်။ လက်ပေါ်မှာ ရယ်မောနေတဲ့သမီးငယ်လေးကိုပြန်ပေးပြီး ပြန်ဖို့နှုတ်ဆက်တော့ သူ့မျက်နှာလည်း မသာယာမယာနဲ့။

ကျွန်တော့်ရင်ထဲမှာ ဘာဘဲရှိရှိ လက်တွေ့ဘဝမှာ အပြင်လူဆိုတာကိုတော့ လက်ခံရမှာပဲလေ။

..... ..... ..... ..... ..... ..... ..... ..... ..... .....
အပြာရောင်ဟာ သူများတွေအတွက်တော့
ငြိမ်းချမ်းခြင်းနဲ့ လှိုက်မောစရာအချစ်ပဲ။

ကျွန်တော်တစ်ယောက်ထဲအတွက်သာ
လူသိပ်မသိတဲ့ မထင်မရှားအဓိပ္ပါယ်လေးနဲ့။
ဝန်မခံနိုင်တဲ့ တစ်ဖက်သတ်အချစ် တဲ့။

(ကျွန်တော့်အသက် ၃၄-နှစ်)
..... ..... ..... ..... ..... ..... ..... ..... ..... .....
.
.
.

"ငါ့မှာဘယ်သူမှမရှိတော့ဘူး"

ကျွန်တော့်ကိုမကြည့်ပဲ တစ်ယောက်တည်းရေရွတ်သလိုပြောနေတဲ့သူက ဖျော့တော့အားနည်းပြီး အရာရာကိုအရှုံးပေးဖို့ အဆင်သင့်ဖြစ်နေတဲ့ ပုံစံနဲ့ပါ။ သတင်းကြားကြားချင်း အပြေးမလာနိုင်တဲ့အဖြစ်က ကျွန်တော်ကိုယ်တိုင် အဝေးမှာနေဖို့အတွက် ရွေးချယ်ထားတဲ့အလုပ်ကို စိတ်ပျက်သွားစေခဲ့ပါတယ်။

ယဉ်မတော်တဆမှုမှာ မိဘနှစ်ပါး၊ ဇနီးသည်နဲ့ သားဖြစ်သူ ဆုံးရှုံးခဲ့ပြီး ကိုယ်တိုင်လည်းအိပ်ယာထဲလဲခဲ့တဲ့သူ့ကို ဘယ်လိုနှစ်သိမ့်ပေးရမှန်းမသိပေမယ့် အခုကစပြီးအနားမှာ နေပေးတော့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကတော့ တစ်ထိုင်ထဲနဲ့ ခိုင်မြဲခဲ့တာပါ။

"မင်းရဲ့သမီးရှိသေးတယ်လေ၊ ပြီးတော့ငါလည်းရှိပါသေးတယ်"

လူတော်တစ်ယောက်ဖြစ်တဲ့သူက လအနည်းငယ်အတွင်းမှာဘဲ ထူထူထောင်ထောင်ပြန်ဖြစ်လာခဲ့ပြီး သမီးဇောနဲ့ အလုပ်ပိုကြိုးစားနေပါပြီ။ ကျွန်တော်က အနှစ်နှစ်ဆယ်လောက် သင်္ဘောလိုက်ပြီး စုဆောင်းထားသမျှကို လဲပြိုလုဆဲဆဲ သူ့လုပ်ငန်းအတွက်ထည့်ဝင်ခဲ့ပြီး သူ့လက်ထောက်အနေနဲ့ အတွေ့အကြုံအသစ် စတင်ခဲ့ပါတယ်။

ပါးလျှသွားတဲ့ကိုယ်ဟန်နဲ့ ရွှင်ပျတဲ့သူ့ပုံစံက ခေတ်နဲ့လိုက်လျောညီထွေရှိနေပြီး အမျိုးသမီးတွေ မျက်စိကျစရာ ဖြစ်လာပြန်ပါတယ်။ "မင်းမိန်းမမယူသေးဘူးလား" ဆိုတဲ့စကားအစား "မင်းမိန်းမမရှိတာကောင်းတယ်" လို့ပြောတတ်လာတဲ့ ကျွန်တော့်ရဲ့သူဌေးလေးပေါ့။

"ဦး"လို့ခေါ်ပြီး သူ့ကိုချွဲတတ်တဲ့ကောင်မလေးတွေကြောင့် ကျွန်တော်စိတ်ရှုပ်ရတိုင်း "ဒယ်ဒီ"လို့ခေါ်ပြီး ကျွန်တော့်ကိုပူဆာလေ့ရှိတဲ့ သူ့သမီးရဲ့ကလေးဆန်မှုတွေနဲ့ ကုစားနိုင်နေပါပြီ။ သူ့ကိုဖေဖေလို့ခေါ်ပြီး ကျွန်တော့်ကိုဒယ်ဒီလို့ခေါ်တတ်တဲ့ သမီးလေးရှိနေတာက ကျွန်တော့်ခံစားချက်ကို ပြည့်စုံလှပစေပါတယ်။

ကျွန်တော်ရယ် သူရယ် သမီးရယ်
အတူပျော်ရွှင်ခွင့်ရတာက ကျွန်တော့်ဘဝအတွက်
စိတ်အချမ်းသာဆုံး အချိန်တွေပါပဲ။

..... ..... ..... ..... ..... ..... ..... ..... ..... .....
ခရမ်းရောင်ရဲ့အဓိပ္ပါယ်က ချမ်းသာခြင်း၊ တည်ငြိမ်ခြင်း၊ မျှော်လင့်ခြင်းနဲ့ သိမ်မွေ့စွာချစ်တတ်ခြင်းတဲ့။

ဒီနေ့ ငါ့ရဲ့ကောင်းကင်မှာ ခရမ်းရောင်ခြယ်ထားတယ်။

(ကျွန်တော့်အသက် ၄၄-နှစ်)
..... ..... ..... ..... ..... ..... ..... ..... ..... .....
.
.
.

တရင်းတနှီးနေတတ်တဲ့ သမီးလေး အိမ်ထောင်ကျသွားတာက ကျွန်တော်တို့နှစ်ယောက်လုံးကို နှမြောတသဖြစ်စေပါတယ်။ အလိမ္မာအိမ်ပါတဲ့ သားမက်လေးကို ရရှိခဲ့ပေမယ့် သမီးရဲ့ဂရုစိုက်မှုတွေ၊ ဆိုးနွဲ့မှုတွေကတော့ ကျွန်တော်တို့ဆီမှာ မရှိတော့ပါဘူး။

သူက သားအဖနှစ်ယောက်ထဲနေခဲ့တဲ့အိမ်မှာ တစ်ယောက်ထဲကျန်ခဲ့တဲ့ခံစားမှုကြောင့် တခါတရံအပြင်မှာ မူးအောင်သောက်ပြီး၊ တခါတရံလည်း ကျွန်တော့်တိုက်ခန်းမှာ အချိန်ဖြုန်းလာတတ်ပါတယ်။

အလုပ်တွေဖိလုပ်လွန်းလို့ အာရုံပြောင်းပေးမိတဲ့ ကျွန်တော်က သူငယ်ချင်းဟောင်းတွေနဲ့ တရုန်းရုန်းပြန်ဖြစ်လာတော့လည်း တကောက်ကောက်လိုက်ရပြန်ပြီပေါ့။

ငယ်သူငယ်ချင်းတွေပြန်ဆုံကြတိုင်း ကျွန်တော်တို့နှစ်ယောက် ခုချိန်အထိ တတွဲတွဲရှိနေနိုင်တာကို သဘောကျအားကျလေ့ရှိကြတယ်။ ငွေရှိဂုဏ်ရှိပေမယ့် အထိန်းအကွပ်မရှိတဲ့ အန်ကယ်ကြီးနှစ်ယောက်ဘဝပေါ့။ ကျွန်တော့်ဘဝကြီးတစ်ခုလုံးကို သူ့ကိုထိန်းကွပ်ပေးဖို့ သုံးစွဲနေခဲ့မှန်းတော့ ဘယ်သူမှ မသိနိုင်မမြင်နိုင်ကြဘူး။

"သမီးဖေဖေ ဒယ်ဒီ့ဆီမှာ အိပ်မယ်နော်၊ စိတ်ပူနေမှာစိုးလို့"

သမီးနဲ့ဖုန်းချပြီးမှ ဆိုဖာပေါ်မှာခွေခေါက်နေတဲ့သူ့ကို ကုတင်ပေါ်ပွေ့တင်ရပါတယ်။ အဝတ်အစားတွေလဲဝတ်ပေးအပြီးမှာ ကျွန်တော့်အကျ်ီပွပွကြီးတွေနဲ့ ပါးစပ်ကြီးဟပြီးအိပ်ပျော်နေတဲ့ အဖိုးကြီးပေါက်စလေးကိုကြည့်ရင်း အချိန်အကြာကြီးမေ့ဖျောက်ထားခဲ့တဲ့ ရင်ခုန်သံရိုင်းရိုင်းတွေ ပြန်လည်မြည်ဟီးလာပါတယ်။

ထိန်းချုပ်ထားခဲ့တဲ့ ခံစားချက်တွေကို လွတ်ထွက်သွားတဲ့အခါ ကျွန်တော်တစ်ဘဝလုံး ငေးကြည့်ခဲ့ရတဲ့ နှုတ်ခမ်းလေးတွေကို တတိတိစုတ်ယူစားသုံးနေမိပါပြီ။ သူလူဘယ်နှစ်ယောက်ကို နမ်းခဲ့ပါစေ၊ အသက်ဘယ်လောက်ကြီးရင့်နေပါစေ ကျွန်တော့်အတွက်တော့ အလတ်ဆတ်ဆုံးနဲ့ တန်ဖိုးအရှိဆုံးအနမ်းလေးပါ။

ဘယ်တော့မှရမယ်ထင်မထားခဲ့တဲ့ အနမ်းလေးကြောင့် ဝရန်တာကိုထွက်လာချိန်အထိ ကျွန်တော့်မျက်ရည်တွေ မရပ်တန့်နိုင်သေးပါဘူး။

အရမ်းဝမ်းသာတာမျိုး မဟုတ်သလို
ဝမ်းနည်းနောင်တရတာမျိုးလည်း မရှိခဲ့။

သူ့လို အတွေ့အကြုံတွေမများခဲ့ပေမယ့်
ကျွန်တော်လည်း ချစ်သူကို သိမ်းပိုက်ခွင့်ရချင်တဲ့
ယောကျ်ားတစ်ယောက်ပဲလေ။

..... ..... ..... ..... ..... ..... ..... ..... ..... .....
အနီရောင်က ရဲရင့်မှု၊ အစွန်းရောက်မှု၊ ချစ်စိတ်ပြင်းပြမှုတွေကို ကိုယ်စားပြုပြီး၊ အနီရောင်လက်ဆောင်ကတော့ "မင်းကငါ့အတွက်တစ်ဦးတည်းသောသူ"လို့
အဓိပွာယ်ရတယ်တဲ့။

မင်းမဟုတ်တဲ့ တခြားလက်ဆောင်တွေလည်း
ငါ့အတွက်မလိုအပ်ခဲ့ပါဘူး။

(ကျွန်တော့်အသက် ၅၄-နှစ်)
..... ..... ..... ..... ..... ..... ..... ..... ..... .....
.
.
.

သာယာတဲ့ညနေခင်းလေးမှာ ကျွန်တော်တို့အတူတူ လေညှင်းခံနေကြပါတယ်။

ကောင်းကင်ပြာကြီးထက်မှာ အဖြူရောင်တိမ်ဆိုင်တွေက ဟိုတစ်စဒီတစ်စ အမြဲရှိနေခဲ့ပေမယ့် လှပတဲ့သက်တံက နေရောင်နဲ့အလျှဉ်းမသင့်တော့တဲ့ ခဏအတွင်းမှာ ပျယ်လွင့်သွားခဲ့ပါပြီ။

သူပေးတဲ့ခံစားချက်တွေက
သက်တံတစ်ခုလို ကျွန်တော့်ဘဝကို
ဆေးရောင်လှလှခြယ်သခဲ့ပေမယ့်၊
ကျွန်တော့်မျှော်လင့်ချက်ကတော့
အဖြူရောင်တိမ်တွေလိုမျိုး သူ့ရဲ့ကောင်းကင်မှာ အကြာကြီးရှိခွင့်ရချင်ခဲ့ရုံလေးပဲ။

သက်တံရောင်စဉ်အလံပုံ ရိုက်နှိပ်ထားတဲ့ အင်္ကျီလေးတွေ ဆင်တူဝတ်ထားတဲ့ မိန်းကလေးနှစ်ယောက်ကိုတွေ့ပြီး အတွေးစဝေဖြာနေမိတဲ့ကျွန်တော်ပါ။

အခုခေတ်မှာ ကျွန်တော်လို လိင်စံနှုန်းထူးခြားနေတဲ့သူတွေအတွက် ကိုယ်ချင်းစာပေးတဲ့သူတွေ၊ ရပ်တည်ပေးတဲ့သူတွေ အများကြီးပေါ်ပေါက်လာပြီဆိုပေမယ့် လက်မခံနိုင်သူတွေကလည်း အများကြီးရှိနေဆဲပဲ။ ဒါပေမယ့် ခေတ်လူငယ်တွေက ကျွန်တော့်ထက်အများကြီး သတ္တိရှိတယ်လို့ပြောရမယ်ထင်တယ်။ ဝန်ခံရဲပြီး အထိုက်အလျှောက်နာမည်ကျော်တဲ့ လိင်တူချစ်သူစုံတွဲတွေလည်း ရှိလာနေပြီလေ။

ကျွန်တော်တို့နှစ်ယောက်သာ ဒီဘက်ခေတ်ကျမှ လူဖြစ်ခွင့်ရမယ်ဆိုရင်ရော...

ဟင့်အင်း။
ကျွန်တော်တို့နှစ်ယောက် အတူရှိခွင့်ရခဲ့တဲ့
ဒီအဖြူရောင်ရပ်ဝန်းကို ဆေးမခြယ်ချင်တော့ပါဘူး။

သူ့အနားကိုရောက်လာတဲ့မိန်းမတွေ..
သူ့အနားကထွက်သွားတဲ့မိန်းမတွေ..
သူ့ကိုချန်ထားရစ်ခဲ့တဲ့မိန်းမတွေ..
သူကချန်ထားရစ်ခဲ့တဲ့မိန်းမတွေ..

ဘယ်သူမှမရှိတော့တဲ့အချိန်အထိ ကျွန်တော်ကတော့ သူ့အနားမှာ ရှိခွင့်ရနေတုန်းဘဲ။

သူ့ရဲ့ယုံကြည်ခံရတဲ့ သူငယ်ချင်းအဖြစ်၊
သူရဲ့အားကိုးရတဲ့ မိသားစုဝင်အဖြစ်၊
အရိုးခံအတိုင်းဆက်ဆံလို့ရတဲ့ တစုံတယောက်အဖြစ်။

လုံခြုံပြီးငြိမ်းချမ်းတဲ့ အဖြူရောင်မျက်နှာဖုံးအောက်ကကျွန်တော့်ဟာ သူ့ဘဝအတွက် အရေးအပါဆုံး လူတစ်ယောက်အဖြစ်နဲ့ အသားကျနေခဲ့ပါပြီ။

"အခုချိန်မှာ ငါသာ သူတို့အရွယ်ဆိုရင် မင်းကိုဘဲ ယူပါတယ်ကွာ။ ငါ့မိန်းမလုပ်ပေါ့"

သူလည်း ကောင်မလေးစုံတွဲကိုတွေ့ပြီး ကျွန်တော့်ကို လှမ်းစနေတာပါ။ ရွှင်ပြတဲ့သူ့စရိုက်အတိုင်း ရိုးရိုးရှင်းရှင်းနောက်ပြောင်လိုက်မှန်းသိပေမယ့် ကျွန်တော့်ရင်ဘတ်ကတော့ ကြည်နူးမှုနဲ့တသိမ့်သိမ့်ခုန်မိတုန်း။

"ဘာကို မင်းမိန်းမလည်း ခြေထောက်တောင် မ-မနိုင်တဲ့သူကများ၊ မင်းဘဲငါ့မိန်းမလုပ်ရမှာ"

ကျွန်တော်ပက်ခနဲ ပြန်ချေပလိုက်တဲ့အခါ သူသဘောတကျရယ်ရှာတယ်။ လေဖြန်းထားလို့ မျက်လုံးလေးတစ်ဖက် ပိတ်နေပေမယ့် ကျွန်တော့်အတွက်တော့ ငယ်ငယ်ကစက်ဘီးစီးသင်ပေးခဲ့ရတဲ့ ပါးဖောင်းဖောင်းနဲ့ကောင်လေးပါဘဲ။

"ငါ့အနားမှာရှိနေပေးလို့ ကျေးဇူးတင်ပါတယ်"

ကျွန်တော့်ကိုမော့ကြည့်ပြီးပြောလာတဲ့ သူ့အကြည့်က ဖြူစင်ရိုးရှင်းစွာ ဆွဲဆောင်နိုင်တုန်းပါ။

"ငါတို့က အချစ်ဆုံး သူငယ်ချင်းတွေလေ"

ကျွန်တော်အခုတော့ ဒီစကားကို သက်သောင့်သက်သာ ပြောနိုင်ခဲ့ပါပြီ။

အိမ်ပြန်ဖို့အတွက် Wheel chair ကို စတွန်းလိုက်တော့ သူက အေးနေတဲ့ သူ့လက်တွေကို ကျွန်တော်ဝယ်ပေးထားတဲ့ အဖြူရောင်ပုဝါခေါက်လေးထဲ ထည့်လိုက်ပါတယ်။

..... ..... ..... ..... ..... ..... ..... ..... ..... .....
အဖြူရောင်ဆိုတာ တခြားတစ်ဖက်သတ်ချစ်သူတွေအတွက် တားဆီးထားတဲ့ တံတိုင်းတစ်ခုဆိုပေမယ့်၊
ကျွန်တော့်အတွက်တော့ သူ့ဆီကိုသွားဖို့ နင်းဖြတ်ခဲ့တဲ့ တံတားတစ်ခုပါပဲ။

အဖြူရောင်လက်ဆောင်ရဲ့အဓိပ္ပါယ်က
"မင်းနဲ့ငါ့ကြားက သံယောဇဉ်ကို
အချိန်အကြာကြီးဖြတ်သန်းချင်ပါတယ်"တဲ့။

(ကျွန်တော်တို့အသက် ၆၄-နှစ်)
..... ..... ..... ..... ..... ..... ..... ..... ..... .....
ၿပီးပါၿပီ။
-----။-----။-----။-----။-----။-----။-----။-----။-----

© Nya Yeik Nyo,
книга «Painted Me».
Коментарі