ZAWGYI
UNICODE
UNICODE
ဆိုင်ကယ်ကိုရပ်ပြီးတာနဲ့ အသည်းအသန်ဆင်းပြေးဖို့
ပြင်လိုက်တဲ့ ဝသုန်။

"နေပါဦး ဘယ်လိုဖြစ်၊ အေးဆေးပေါ့"

ကျောပိုးအိတ်ကို နောက်ကဆွဲထားတဲ့ ညီနောင်ကြောင့် ရှေ့မရောက်ပဲ ကိုးရိုးကားယားရပ်သွားတယ်။ ညီနောင်က နာရီကို မြှောက်ပြလိုက်ရင်း -

"ဒီမှာ ၁၈မိနစ်တောင် လိုသေးတယ်တွေ့လား၊ ငါနဲ့ လက်ဖက်ရည်ဆိုင်လိုက်ထိုင်ဦး"

"အေးပါ၊ လွှတ်ဦး၊ ငါ Finger Print နှိပ်ဦးမယ်လို့"

စူပွပွပြောလာတဲ့ ဝသုန့်ပါးဖောင်းဖောင်းလေးကို ဖြစ်ညှစ်ပြီးမှ ညီနောင်လွှတ်ပေးလိုက်တယ်။

Finger Print နှိပ်ပြီးတာနဲ့ ကမန်းကတမ်းပြန်ထွက်လာတဲ့ ဝသုန်ကိုကြည့်ပြီး ရုံးစောရောက်တဲ့သူတွေ ပြုံးစိစိဖြစ်နေပြီ။

ဒီလိုပဲ ဝသုနြေ္ဒ နဲ့ ညီညီနောင် တို့ရဲ့အတူရှိချိန်တိုင်းက လူတွေကို စိတ်ဝင်တစားဖြစ်စေတယ်။ ရယ်မောစေတယ်။ အားကျစေတယ်။ ဒါဟိုးအရင် ချစ်သူမဖြစ်ခင်ကတည်းက။

အတူတူကြီးပြင်းလာတဲ့ တစ်လျှောက်လုံးမှာ ညီနောင် တစ်ယောက်က ဝသုန်မခံချင်အောင် အစအနောက်လွန်ကဲတတ်တာကလွဲရင် လူတိုင်းသတိမထားမိပဲ မနေနိုင်လောက်အောင် ဂရုစိုက်တတ်တယ်။ ဝသုန်တစ်ယောက် ညီနောင်ကြောင့် ခဏခဏငိုရသလို ညီနောင်ကြောင့်ပဲ ခဏခဏပျော်ရွှင်ခဲ့ရတယ်။

ဝသုန်တစ်ယောက်ကိုယ့်ကိုယ်ကို Gay နေမှန်း ညီနောင်ကို တိုးတိုးတိတ်တိတ်ဝန်ခံလိုက်ရုံပဲ ရှိသေးတယ်၊ ညီနောင်က သူ့ကိုယ်သူချက်ချင်းကြီး come out လုပ်ခဲ့ပြီး ဝသုန့်ကိုပါချစ်ခွင့်ပန်ပစ်တာ။ အခုဆို ဇွတ်တရွတ်နိုင်တဲ့ ညီနောင့်အချစ်ကို တုန့်ပြန်ခဲ့တာ အခုဆို ၃-နှစ်တောင်ကျော်ခဲ့ပြီ။

"ဒီမှာ ပေါက်စီတစ်လုံးထည့်ယူသွားဦး"

"ငါမစားနိုင်တော့ပါဘူးဆို"

"နေ့လည်စားလေ၊ အလုပ်ကြီးပဲလုပ်မနေနဲ့၊ ငါ့ပါးလေးပိန်သွားဦးမယ်"

"ဟေ့ကောင် လူကြားထဲပါးမဆွဲပါနဲ့ဆို၊ ပြောရင်မှတ်မထားဘူး၊ ဦးနှောက်မရှိဘူးလား"

"မရှိပါဘူး၊ မင်းရည်းစားဖြစ်နေကတည်းက ဦးနှောက်မရှိလို့လေ ဖိုးဝလေးရဲ့"

ဆက်ပြောလည်း သူပဲစိတ်တိုရမှာသိလို့ ပေါက်စီထုပ်ကိုယူပြီး ထပြန်လာလိုက်တယ်။ ဒါတောင် ဘေးကနေကပ်ပြီး ပေါက်ကရကဗျာတွေ ရွတ်ပြီး စလာသေးတယ်။

"ဝလုံး ဝလုံး ဖိုးဝလုံး၊ စောစောစီးစီး ဘုတ်အီးတုန်း..."

"သွားတော့၊ ဆိုင်ကယ်စီးတာ ရမ်းကားမနေနဲ့ဦး၊ နေ့လည်ကျ ဂိမ်းဆော့နေတာ မကြားချင်ဘူးနော်"

"ပွစိပွစိနဲ့ တနေ့တခြားမိန်းမကြီးနဲ့ တူလာပြီ"

"ဘာပြောတယ်"

"ဘဝမှာ အရေးကြီးဆုံးက ဖိုးဝပဲလို့ပြောတာ၊ မင်းကလည်း စိတ်ကြီးပဲ၊ ဝင်တော့နော်၊ သွား သွား ရုံးတက်တော့မယ်"

ညီနောင်က ဝသုန့်ကျောကနေ ဖွဖွတွန်းပြီး နှင်လွှတ်လိုက်တယ်။ ရုံးခန်းထဲ ဖိုးဝဝင်သွားပြီးမှ ဆိုင်ကယ်မောင်းပြီး ထွက်လာခဲ့တယ်။

Let's go to game zone!!!

..... ..... .....

ဖုန်းမကိုင်သေးတဲ့ ညီနောင်ကြောင့် ဝသုန်စိတ်တိုလှပြီ။ ဒါက ဂိမ်းဆော့နေတဲ့သဘောဆိုတာ သိနေပြီမို့လို့ ပိုစိတ်တိုတာ။ အခုလိုပြောလို့ ဝသုန့်ကောင်လေးကို အလုပ်လက်မဲ့လို့တော့ မထင်စေချင်ဘူး။ နားလည်မှုရှိတဲ့ ညီနောင့်မိဘတွေက ညီနောင်စိတ်မဝင်စားတာတွေ အတင်းမလုပ်ခိုင်းပဲ ဂိမ်းဆိုင်ဖွင့်ပေးထားတာမို့ သူ့တစ်လတစ်လဝင်ငွေက ဝသုန့်လစာရဲ့ လေးငါးဆပင်မကပါ။

ညီနောင်က မိဘတွေကို ကျေးဇူးတင်တာရော သူတို့ ရှေ့ရေးအတွက်ပါ ဖိဖိစီးစီးကြိုးစားတာ ဝသုန်လည်း သိတော့သိတယ်။ ဒါပေမယ့် အခုလိုအဆက်အသွယ်မရတာမျိုးကို လုံးဝမကြိုက်။

အင်း... ငါလည်း ညီနောင်ပြောသလို မိန်းမကြီးနဲ့
တူလာပြီလားမသိ...

စိတ်လျှော့လိုက်ပြီး ထမင်းစားလို့ပြီးခါနီးမှ ညီနောင့်ဆီက ဖုန်းပြန်ဝင်လာတယ်။

"ဖိုးဝလေး စားပြီးပြီလား ဟီးဟီး"

ဝသုန်ဖုန်းကိုင်ကိုင်ချင်း ကြားလိုက်ရတဲ့ လေချိုသွေးသံကြောင့် တစ်ယောက်တည်းမျက်စောင်းထိုးမိတယ်။ တစ်ဝိုင်းထဲအတူစားနေတဲ့ အစ်မတွေကတော့ ပြုံးစိစိပေါ့။ အနေမှန်တဲ့ ဝသုနြေ္ဒက Gay ဆိုတာကို တကူးတက ဖုံးကွယ်ထားတာမျိုးမဟုတ်ပါဘူး။ ဒါပေမယ့် အခုလို ချစ်စရာကောင်းတဲ့အမူအယာလေးတွေကိုတော့ ပုံမှန်အချိန်မှာ မြင်ရလေ့မရှိ။ သူ့ချစ်သူနဲ့ဆိုရင် စွာစွာလေးဖြစ်နေတတ်တာကိုက ချစ်ဖို့ကောင်းနေတတ်တာ။

"ပြီးတော့မယ်"

"ဘာဟင်းလဲ"

"ညီနောင်သား၊ ညီနောင်စဉ်းကော၊ ညီနောင်တောက်တောက်ကြော်၊ ညီနောင်ခြေထောက်စွပ်ပြုတ်"

"ကြည့်စမ်း ကြည့်စမ့်း၊ ငါ့ကို စားချင်နေတယ် ပေါ့လေ၊ လက်လည်းမထပ်ရသေးပဲနဲ့ အဲ့လိုကြံစည်နေတော့ ဒီကရှက်တာပေါ့လို့ ကိုဖိုးဝကလည်း၊ သွား...လူဆိုးကြီး"

ကိုယ်စိတ်တိုနေမှန်းသိအောင် တမင်ရွဲ့ပြောလိုက်ပေမယ့် ပရောပရည်အသံနဲ့တုန့်ပြန်လိုက်တဲ့ ညီနောင့်စကားတွေကြောင့် ဝသုန်ရယ်လိုက်မိပြီ။ စားပွဲကျဉ်းကျဉ်းမှာ စားနေကြတာမို့ နားစွန်နားဖြားကြားလိုက်သူတွေလည်း ကြိတ်ရယ်နေကြတယ်။

ဝသုန်တစ်ယောက် ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး တစ်ဖက်က ကိုယ်နိုင်တဲ့သူကိုပဲ ဖိမဲတော့တယ်။

"အဲ့လို ပေါက်ကရတွေပဲ လျှောက်ပြောနေတယ်၊ ဖုန်းဆက်တာ ဘယ်နှခါရှိပြီလဲ၊ ဘာလို့ခုမှပြန်ဆက်တာလဲ"

"ဟီး ဟီး ဖိုးဝကလည်း သိရဲ့သားနဲ့၊ ငါက လူလိုလို့ ဝင်ဆော့ပေးနေတာပါကွာ"

ညီနောင်က အစအနောက်သန်တာကလွဲရင် လိမ်ပြောလေ့မရှိတာမို့ ဝသုန်ယုံပါတယ်။

"ပြောလိုက်ရင် အဲ့ဒီအတိုင်းချည်းပဲ၊ ညနေဒင်နာရှိလို့ နောက်ကျမယ်လို့ လှမ်းပြောတာ"

"အမ် လုပ်ပြန်ပြီ၊ ဘယ်သူတွေနဲ့လဲ"

"ငါတို့ Team နဲ့၊ MD နဲ့ P'Nap တို့ ပြန်တော့မှာမို့လို့ နှုတ်ဆက်ပွဲလုပ်တာ"

"ထင်တယ်၊ ထင်နေတယ်၊ အဲ့ဒီထိုင်းကောင်ပါလာမယ်လို့၊ မလိုက်ရပါဘူး၊ လုံးဝပဲ"

"Project တစ်လျှောက်လုံး ငါနဲ့အများဆုံးတွဲလုပ်လာခဲ့တာ မလိုက်လို့ကောင်းမလားဟ"

"ငါမှ အဲ့ဒီကောင်ကို ကြည့်မရတာ၊ မင်းလည်းသိသားနဲ့၊ မလိုက်ပါနဲ့... နော် ဖိုးဝ"

အစပိုင်းမှာ လေသံမာပေမယ့် နောက်ပိုင်းမှာ ချော့မော့အသနားခံလိုက်တဲ့လေသံလေးကြောင့် ဖိုးဝပြုံးမိတယ်။ ဒီထိုင်းလူမျိုး ပရောဂျက်မန်နေဂျာက ဝသုန့်ကို ချစ်ခွင့်ပန်ဖူးတာကြောင့် အူတိုနေတာ အသိသာကြီး။

ဝသုန့်အလုပ်ကို လေးစားသမှုနဲ့ မထွက်ခိုင်းရက်ပေမယ့် ရုပ်ချောတာက ၅၀% လောက် အရေးပါနေရတဲ့ ဒီ Marketing ပိုင်းကို တကယ်မလုပ်စေချင်ပါ။ ဝသုန်ကတော့ ခွဲခြားခံလူတန်းစားဘဝမှာ အလုပ်တစ်ခုရဖို့ မလွယ်တာရော၊ မခံချင်စိတ်ပါပေါင်းပြီး သူများထက်ကို ပိုကြိုးစားနေတာ။ ပြီးတော့ သားသမီးမွေးစားဖြစ်ရင် ညီနောင်က ငွေရှာနိုင်တာမို့ သူကရာထူးဆိုတဲ့ဂုဏ်လေးနဲ့ ပံ့ပိုးပေးချင်တယ်လေ။

"နော်...လို့"

"အင်းပါ ညနေဆိုင်မဝင်ခဲ့တော့ဘူး၊ Ferry မရှိလို့"

ဝသုန်က Ferry ရှိရင် ညီနောင့်ဂိမ်းဆိုင်ရှိရာ လမ်းထိပ်မှာ စီးရပေမယ့် လိုင်းကားက ဆန့်ကျက်ဘက်လမ်းထိပ်မှာ ဆင်းရတာမို့ ပြောနေတာပါ။

"ငါလာကြိုမှာပေါ့"

"ဆိုင်မှာလူကျတဲ့အချိန်ကြီးကို"

"လာမှာပဲ၊ လိမ္မာလို့ ဆုချမလို့ဟာ"

ဝသုန် နောက်တစ်ကြိမ်မျက်စောင်းထိုးမိပြန်ပြီ။ သူချမယ့်ဆုကို ကြိုသိနေတယ်။ အမြင်ကပ်တယ်။ နှာဗူးကောင်။

"ပြီးရော နောက်မကျစေနဲ့၊ ထမင်းမေ့ဟင်းမေ့လည်း လုပ်မနေနဲ့ဦး"

"အင်း အင်း ချစ်တယ် ဖိုးဝ"

"အင်း"

"အင်းတစ်လုံးတည်းလား ပြီးတော့ရော"

"အင်း ငါရောပဲ"

ညီနောင်က ဒီထက်ပိုမေးလို့မရတော့မှာ သိတာမို့ ရယ်ပြီးဖုန်းချလိုက်တယ်။ ဝသုန်တစ်ယောက် ပန်းသီးလုံးဖြစ်နေတော့မှာ မြင်ယောင်နေပြီ။
..... ..... .....

ဝသုန်နဲ့ဖုန်းပြောပြီးကတည်းက ဂိမ်းဝင်ဆော့ပေးနေရတာမို့ ပွဲပြတ်တဲ့အချိန်မှာ ဝသုန့်ရုံးဆင်းချိန်ကို ကပ်နေပြီ။ ကမန်းကတမ်းရေမိုးချိုးပြီး အိမ်ကထွက်လာတော့ ဝသုန့်ရုံးဆင်းချိန်အတိ။ အရေးထဲမှာ ဆိုင်ကယ်ကလည်း နှိုးလို့မရ။

Taxi တစ်စီးဖမ်းတားပြီး စီးလာရင်းကျမှ ဗိုက်ထဲကနာသလိုလိုဖြစ်နေတာသတိထားမိတယ်။ ဟုတ်သားပဲ၊ ဖိုးဝနဲ့အတူ မနက်စာစားပြီးကတည်းက ဘာမှမှမစားရသေးတာ။ ဝသုန်သူဂိမ်းဆော့ရင်မကြိုက်တာကလည်း အဲ့ဒါ။ အစာအိမ်လေနာရှိပေမယ့် ထမင်းမေ့ဟင်းမေ့ ဖြစ်တတ်တဲ့ ညီနောင့်အကျင့်ကပဲ ဝသုန့်ကို မကြာခဏစိတ်ဆိုးစေတာ။

"ဦးလေး နည်းနည်းမြန်မြန်လေး မောင်းပေးပါလား"

"အေး ပွိုင့်မိနေလို့ပါကွ၊ မင်းရော ရရဲ့လား"

ဗိုက်ဖိပြီး မသက်မသာပြောနေတဲ့ ဝသုန့်ကို Taxi သမားကြီးက စိုးရိမ်တကြီးမေးလိုက်တယ်။

"အာ...ရပါတယ်၊ ကျွန်တော် အဆာလွန်သွားလို့၊ ဟိုရောက်မှ တစ်ခုခုစားလိုက်မယ် အဲ့ရှေ့နားလေးပဲ ကပ်ရပ်ပေးပါ"

ညီနောင် ကားပေါ်ကဆင်းပြီး ဟန်မပျက် ထိန်းလျှောက်လာပေမယ့် ဗိုက်ကအတော်နာနေတာ။ One way မို့လို့ ကားပြန်ပတ်ချိန်ကို မစောင့်ချင်လို့ ဆင်းလျှောက်လာခဲ့တာ မှားပါတယ်။ ထိန်းလျှောက်လာရင်း အဆောက်အဦးကြီးတစ်ခုကျော်လာတဲ့အခါ ကားမှတ်တိုင်မှာထိုင်နေတဲ့ ချစ်သူလေးကို လှမ်းမြင်နေရပြီ။

ဘေးတစ်စောင်းမကျတကျပုံရိပ်လေးက အနည်းငယ်စူထော်ချင်နေတာမို့ ဖိုးဝစိတ်ဆိုးနေပြီဆိုတာကို ညီနောင်သိတယ်။ ဖိုးဝက မိန်းကလေးတွေလို ဟိုဟိုဒီဒီ တောင်းဆိုနားပူတာတွေမရှိပေမယ့် ညီနောင်လုပ်ပေးမယ် ပြောပြီးပျက်ကွက်တာမျိုးကိုတော့ စိတ်ဆိုးတတ်တယ်။ အခုလိုပေါ့၊ လာကြိုမယ်အတင်းပြောထားပြီး ရောက်မလာတာ။

ညီနောင် ဗိုက်က စူးပြီးအောင့်လာတာမို့ ဓာတ်တိုင်တစ်ခုကိုမှီပြီး ခဏထိုင်ချလိုက်တယ်။ အခုလိုပုံစံနဲ့သာ မြင်ရင် ဖိုးဝကအရမ်းစိတ်ပူသွားမှာ၊ ပြီးရင် စိတ်အကြီးကြီးတိုတော့မှာ၊ အခန့်မသင့်ရင် ငိုတောင်ငိုနိုင်တယ်။

ငယ်ငယ်က မငိုငိုအောင် စနောက်ခဲ့ပေမယ့် ချစ်သူဖြစ်ပြီးတဲ့ နောက်မှာတော့ ဖိုးဝမျက်ရည်တွေက ညီနောင့်အတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်လာတယ်။ သူတို့ချစ်နေတာ လက်မခံနိုင်သေးခင်က ဖိုးဝအဖေရဲ့လက်သီးစာမိသွားတဲ့ ညီနောင့်ကိုကြည့်ပြီး ဖိုးဝမျက်ရည်ကျခဲ့ဖူးတယ်။ အဲ့ဒီကတည်းက နောက်တစ်ကြိမ်မျက်ရည်မကျအောင် အတတ်နိုင်ဆုံးကြိုးစားပေးဖို့ ညီနောင် ကိုယ့်ကိုယ်ကို ကတိပေးခဲ့တာ။

ခဏငြိမ်နေလိုက်လို့ သက်သာသွားတာနဲ့ ကားမှတ်တိုင်နားကို တိတ်တိတ်လေးကပ်လာခဲ့တဲ့ ညီနောင်။ ဖိုးဝက အရမ်းစိတ်ဆိုးရင် တစ်ယောက်ထဲ ပွစိပွစိလေးတွေ ရေရွတ်တတ်တယ်။ ညီနောင်က အဲ့တာလေးတွေကို ခိုးနားထောင်ရတာကြိုက်တယ်။

"အစုတ်ပလုတ်ကောင် မေ့နေတာမလား၊ သိသားပဲ၊ ဆော့နေ၊ ဆော့နေ အဲ့ဂိမ်းကိုပဲ သေအောင်"

ဝသုန်တတွတ်တွတ်ရွတ်ရင်း သူ့ called list ထဲ ဝင်လိုက်ထွက်လိုက်လုပ်နေတယ်။ အဲ့ဒီတော့မှ ညီနောင်လည်း သူ့ဖုန်းအိမ်မှာကျန်ခဲ့တာကို သတိရတာ။

အဲ့ဒီအချိန်မှာပဲ အနောက်ဖက်လှမ်းလှမ်းမှာ လူတွေစုရုံးစုရုံးဖြစ်နေလို နှစ်ယောက်လုံးခဏလှမ်းကြည့်နေမိသေးတယ်။ စိတ်မကြည်တဲ့ ဝသုန့်မျက်မှောင်က ပိုမိုတွန့်ခေါက်သွားတယ်။ ပုံမှန်ဆို ကုမ္ပဏီရုံးခန်းတွေ အများဆုံးရှိတဲ့ ဒီလမ်းက ရုံးဆင်းချိန်ကျော်တာနဲ့ လူပြတ်သွားတတ်တယ်။

ဝသုန်က မကိုင်တဲ့ညီနောင့်ဖုန်းကို ထပ်မဆက်တော့ပဲ ပြန်တော့မယ့်အကြောင်း ရိုးရိုး text message ပဲ ပို့လိုက်တယ်။ ဘယ်လောက်စိတ်ဆိုးဆိုး အဆက်အသွယ် မဖြတ်ပစ်တတ်တဲ့ချစ်သူလေး။

"ဖိုးဝ"

အနောက်ကနေ စလိုက်ဖို့စိတ်ကူးထားတာကို ပယ်လိုက်ပြီး ရိုးရိုးတန်းတန်းပဲ နှုတ်ဆက်လိုက်တယ်။ ဝသုန်က လှည့်ကြည့်လိုက်ပြီးမှ မသိသလိုပြန်လှည့်သွားတယ်။ ဒါက ဝသုန်အရမ်းစိတ်ဆိုးရင် လုပ်တတ်တဲ့အမူအယာ။ သူ့ကို လျှစ်လျူရှုပစ်တာ။ အဲ့ဒီ Level ရောက်နေပြီဆိုရင် အကောင်းဆုံးလုပ်ဖို့က တိတ်တိတ်လေးနေတာပဲ။ မဟုတ်ရင် မခေါ်မပြောနေရတဲ့အချိန်တွေ ပိုကြာသွားနိုင်တယ်။

လိုင်းကားတွေကျဲသွားချိန်မို့လို့ ဝသုန် Taxi တားလိုက်တယ်။ ဈေးညှိပြီးတဲ့အခါ ကိုယ့်ဘာသာတက်သွားပြီး ကားတံခါးကိုပါစောင့်ပိတ်လိုက်သေးတယ်။ ညီနောင်သာ ဖိုးဝအကြောင်းမသိထားရင် ကျန်ခဲ့မှာသေချာတယ်။ ပုံမှန်ချိန်ဆို ကတ်စေးနည်းတတ်တဲ့ ဝသုန်က စိတ်ဆိုးရင်တော့ ပိုက်ဆံတွေလျှောက်သုံးပစ်တတ်တယ်။ ခုလည်း ဈေးမဆစ်ပဲ တန်းစီးလာတာ။

ညို့မှိုင်းနေတဲ့ ဝသုန့်မျက်နှာကိုကြည့်ပြီး ညီနောင်ဗိုက်ဆာနေတာတောင် ပြန်မေ့သွားတယ်။ ပြီးတော့ မရဲတရဲနဲ့ထပ်ခေါ်လိုက်တယ်။

"ဖိုးဝလေး"

ဝသုန်က ဆတ်ခနဲလှည့်ကြည့်တယ်။ စေ့ထားတဲ့နှုတ်ခမ်းတွေက ပိုတင်းသွားပြီး၊ ချိုးထားလက်စမျက်ခုံးတွေက ပိုတွန့်သွားတယ်။ ညီနောင်လည်း ထပ်မခေါ်ရဲတော့ဘူး။

ဘောက်ဆတ်ဘောက်ဆတ်နဲ့ ရှေ့ကသွားနေတဲ့ကျောပြင်လေးက ညီနောင့်အတွက် အရမ်းချစ်ဖို့ကောင်းပါတယ်။ စိတ်ဆိုးတိုင်းနောက်ကနေ အသံတိတ်လိုက်နေကျဖြစ်နေလို့ ဒီမြင်ကွင်းက သူ့အတွက်ရင်းနှီးနေပြီးသား။

Taxi ကို လမ်းထိပ်မှာပဲရပ်ခိုင်းပြီး ဆင်းလျှောက်လာကြတာမို့ လမ်းထဲမှာ ခါတိုင်းထက် လူပိုစည်နေတာ သတိထားမိတယ်။

"ဖိုးဝစိတ်ရှုတ်တာလည်းမပြောနဲ့၊ လူတွေကိုက ရုတ်ရုတ်ရုတ်ရုတ်နဲ့၊ နိဗ္ဗာန်ဈေးကဖြင့်မစသေးဘူး၊
လမ်းသလားနေကြပြီ..."

တစ်ယောက်ထဲရေရွတ်သလိုနဲ့ ခပ်ကျယ်ကျယ်ပြောလိုက်ပေမယ့် စိတ်ကောက်နေဆဲ ဝသုန်ကတော့ ညီနောင့်ကို ဥပေက္ခာပြုထားဆဲ။ အိမ်နားရောက်ခါနီးမှ ထိုးဟောင်လာတဲ့ ခွေးတအုပ်ကြာင့် ဝသုန့်ခြေလှမ်းလေးတွေ အနည်းငယ်နှေးသွားတယ်။

ညီနောင်က စိတ်ကောက်နေတဲ့ချစ်သူလေးရဲ့သူရဲကောင်းလုပ်ဖို့ ခွေးတွေကိုခြောက်လွှတ်လိုက်တယ်။ ဘယ်ရမလဲ။

ဒီလိုနဲ့ပဲ ဝသုန်တို့တိုက်အောက်ကိုရောက်လာပြီ။

"ဖိုးဝ"

ဝသုန်က လှည့်ကြည့်ပြီးမှ ဘေးဘီကိုလူရှင်းမရှင်း လှည့်ပတ်ကြည့်လိုက်တယ်။ နွမ်းနယ်နေတဲ့ ဝသုန့်ပုံစံလေးကြောင့် ညီနောင်ခေါ်မထားရက်တော့ဘူး။

"နားတော့ နားတော့ ငါမနက်ဖြန်မှ လိုက်ပို့ပေးမယ်"

ဝသုန်က ဘာမှပြန်မပြောပေမယ့် နာခံစွာပဲ အပေါ်တက်သွားတယ်။

"ညီနောင်"

ခေါ်သံဆီကို လှည့်ကြည့်လိုက်တဲ့အခါမှာပဲ ညီနောင် လိပ်ပြာလွင့်မတတ် လန့်သွားတယ်။

..... ..... .....

"ညီနောင် သား၊ ဝသုန့်ကို လွှတ်ပေးလိုက်ပါတော့"

"အန်တီက အန်တီက..."

ညီနောင်မေးခွန်းက လည်ပင်းမှာတစ်ဆို့နေဆဲ ဝသုန့်အမေက အလိုက်တသိပြန်ဖြေလိုက်တယ်။

"ဟုတ်တယ် အန်တီပါ။ အခု ညီနောင်လည်း အန်တီတို့နဲ့အတူတူဖြစ်နေပြီ"

ဟင့်အင်း၊ မဖြစ်နိုင်တာ၊ ငါကဘာလို့တူရမှာလဲ...
ဘာလို့ မနှစ်ကဆုံးပြီးသား ဖိုးဝအမေနဲ့ တူရမှာလဲ...

ညီနောင်ပြန်တွေးကြည့်တော့မှ လမ်းပေါ်မှာ လျှောက်နေတဲ့ သူမျက်မှန်းတန်းမိနေတဲ့သူတွေထဲမှာလည်း သေဆုံးပြီးသားတွေ ရောပါနေတာပဲ။

သွေးပျက်နေတဲ့ ပရမ်းပတာအတွေးတွေကြားမှာ
သူဓာတ်တိုင်ကိုမှီပြီး လဲကျသွားတာကို ပြန်မှတ်မိတယ်။
ထိုင်ချလိုက်တာမဟုတ်ဘူး၊ လဲကျသွားခဲ့တာ။
အဲ့ဒီနောက်ပိုင်း မနာကျင်တော့ဘူး...

ဒါဆို...ငါလည်း...

..... ..... .....

မီးခိုးခေါင်းတိုင်ကတဆင့် လွင့်ပျောက်သွားတဲ့ အငွေ့တွေထဲမှာ ညီနောင့်ပုံရိပ်ကို ဝသုန်လိုက်ရှာနေမိတယ်။
ဒီအခိုးအငွေ့တွေက သူမဖြစ်နိုင်ဘူးမလား။

ငါတို့ အိမ်လေးတစ်လုံးဝယ်ကြဦးမှာလေ
ငါတို့ သမီးလေးတစ်ယောက် မွေးစားဦးမှာလေ
တောင်းပန်ပါတယ်... မနောက်ပါနဲ့တော့ ညီနောင်ရယ်

ဖိုးဝ... ငါ့ရဲ့ဖိုးဝလေး...
တင်းမထားပါနဲ့ ငိုချလိုက်ပါ...
အခုအချိန်မှာ မင်းကိုငိုစေချင်တယ်...

ညီနောင်ရေ...
မင်းအတွက် အမျှလေးတောင်
ဖြောင့်အောင်ဝေမပေးနိုင်တဲ့ငါ့ကို စိတ်မဆိုးပါနဲ့...

ဖိုးဝ...
မင်းကို ချစ်တတ်စေခဲ့ပေမယ့်
မင်းစကားတွေကို နားမထောင်ခဲ့မိလို့ စိတ်မဆိုးပါနဲ့...

ညီနောင်...
ငါ့ဆီကို ပြန်လာခဲ့ပေးပါ
မင်းပြန်လာမယ်ဆို ငါစိတ်မဆိုးတော့ပါဘူး
ဘာကြောင့်မှ ဘယ်တော့မှ စိတ်မဆိုးတော့ပါဘူး...

ဖိုးဝ...
ငါ့ကို လှည့်မကြည့်တာထက် ငါရှိနေမှန်းမခဲ့သိတာက
မင်းစိတ် ပိုသက်သာစေခဲ့တာဆိုရင် မသိစေရပါဘူး။
ငါဒီအတိုင်းလေး မင်းအနားမှာ ရှိနေချင်သေးတယ်
ဖိုးဝရယ်...

ညီနောင်...
အဲ့ဒီညနေက မင်းရှိနေခဲ့တယ်မလား၊
ငါ့တစ်ဘဝလုံးမှာလည်း မင်းရှိနေခဲ့သလိုမျိုးလေ၊
မင်းကိုမမြင်ရတာထက် မင်းမရှိတော့မှာက ပိုခက်ခဲလို့
တစ်ခွန်းလောက်ဖြစ်ဖြစ် ငါ့ကို ထပ်ခေါ်ပေးပါ...
မင်းရဲ့ခေါ်သံကို ထပ်ကြားခွင့်ရပါရစေ...

"ဖိုးဝ...ငါမင်းကို အရမ်းချစ်တယ်"

"ညီနောင်ရေ...ငါမင်းကိုအရမ်းချစ်တယ်"

..... ..... .....
ပြီးပါပြီ။
-----။-----။-----။-----။-----။-----။-----။-----။-----
© Nya Yeik Nyo,
книга «This Evening».
Коментарі