Sunny_Fanfan
2020-10-23 07:32:58
One day
Новини
ကိုယ်မင်းကို ခေါ်သွားပြချင်တာ။ ဒါတို့ရဲ့ ဇာတိလေ...ရှေးအစဥ်အစက် သမိုင်းပေါင်းများစွာနဲ့ ဖွဲ့စည်းထားတဲ့ တို့ရဲ့မြန်မာနိုင်ငံကြီးဆိုပြီးတော့ပေါ့။
မြန်မာနိုင်ငံရဲ့ အထင်ကရနေရာတွေထဲက တစ်ခုဖြစ်တဲ့ သရေခေတ္တရာ ပျူမြို့ဟောင်းကြီးကိုလည်း မင်းမြင်အောင် လိုက်ပြချင်သေးတယ်။ ရာဇဝင်ထဲကသတို့သမီးကို နောက်ခံထားပြီး ဓာတ်ပုံတွေလည်း တူတူရိုက်ချင်တယ်။ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ရေကစားပြီး ပျော်မြူးချင်သေးတယ်။
ဧရာဝတီမြစ်နောက်ဖက်ကမ်းက ဖိုးဦးတောင်ကြီးကိုလည်း တူတူသွားချင်မိသေးတယ်။ အမှတ်တရပစ္စည်းလေးတွေ တူတူဝယ်ပြီး သိမ်းထားချင်သေးတယ်။
ညနေစောင်းရင် ဧရာဝတီမြစ်ကြောတစ်လျှောက်ဖွင့်ထားတဲ့ ဆိုင်တန်းလေးမှာ ၂ယောက်သားတူတူထိုင်ရင်း နေဝင်ဆည်းဆာကိုလည်း ခံစားကြည့်ချင်သေးတယ်။
ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပျူမြို့ဟောင်းကြီးအကြောင်းရော၊ မင်းမြတ်တွေရဲ့သမိုင်းကြောင်းကို မမောနိုင်မပန်းနိုင် မင်းသိအောင်ရှင်းပြချင်သေးတယ်။ ဒွတ္တဘောင်မင်းကြီးနဲ့ ဗိဿနိုးမိဖုရားတို့ရဲ့ အချစ်အကြောင်းကို ဆွေးနွေးကြရင်း သမိုင်းထဲကိုစိတ်ကူးလေးနဲ့အရောက်သွားကြမယ်။
တို့နေတဲ့နိုင်ငံမှာမင်းမရှိပေမယ့် ရေမြေခြားနေတဲ့မင်းကို တို့နိုင်ငံဆီအရောက်ခေါ်ပြီး ဒေသ သဘာဝအလှအပတွေအကြောင်း၊ မြစ်ကြောင်းတစ်လျှောက်တောင်တန်းတွေနဲ့ သမိုင်းတွေအကြောင်းကို မင်းမြင်အောင်ပြချင်မိသေးရဲ့။
တစ်နေ့...တို့နိုင်ငံကို မင်းလာတဲ့တစ်နေ့မှာ ကိုယ်ဟာဂုဏ်ယူဝင့်ကြွားစွာနဲ့ မင်းကိုရှင်းပြနေမိမှာ။
တစ်နေ့...အဲ့တစ်နေ့ကို ကိုယ်စောင့်နေဆဲ~
#Sunny