Особисте
ငါကြိုသိနေခဲ့တယ်။ ဒီလိုနေ့ကိုရောက်လာလိမ့်မယ်ဆိုတာ ငါကြိုသိနေခဲ့ပါတယ်။ အဲဒီအတွက်လည်း စိတ်ကိုအမြဲတမ်းပြင်ဆင်ထားခဲ့ပေမဲ့ လက်တွေ့မှာတော့လွယ်ကူမနေခဲ့ဘူးပဲ။ ရင်ဘတ်ထဲက အောင့်သက်သက်နဲ့။ သူ့ကိုလက်လွှတ်လိုက်ပြီလို့ပြောရအောင်လည်း သူက ဘယ်တုန်းကမှ ငါ့အပိုင်မဟုတ်ခဲ့ဘူးလေ။
သူနဲ့ငါက သူငယ်ချင်းတွေ။ အင်း...သူငယ်ချင်းထက်ပိုတဲ့သူငယ်ချင်းတွေပေါ့။ ဒီထက်ပိုပြီးအဆင့်တက်ဖို့ ဘယ်လိုနည်းနဲ့မှမဖြစ်နိုင်ဘူးဆိုတာ သူလည်းသိနေပုံပါပဲ။ ပိုပြီးသေချာတာတစ်ခုကတော့ အရာရာမှာဦးနှောက်နဲ့ပဲဆုံးဖြတ်တတ်တဲ့သူက သူ့ဘဝအတွက် ငါ့ကိုဘယ်တော့မှရွေးချယ်မှာမဟုတ်ဘူးလေ။ ဒါတွေကို ငါကြိုပြီးသိနေခဲ့ပြီးသားပဲ။ ဒါပေမဲ့ ဘာလို့ရူးချင်စရာကောင်းလောက်အောင် ဒီရင်ဘတ်ထဲကနာကျင်နေရတာလဲ။
အမှန်အတိုင်းဝန်ခံရရင် ငါ့မှာ သူနဲ့လက်တွဲဖြစ်ခဲ့ရင်ဆိုတဲ့စိတ်ကူးအိပ်မက်တွေ အများကြီးရှိခဲ့ဖူးတယ်။ နှစ်ယောက်တည်းကမ္ဘာလေးကို တစ်ယောက်တည်းပုံဖော်တည်ဆောက်နေခဲ့ဖူးတယ်။ နှစ်ယောက်သဘောတူညီထားတဲ့အချိန်တစ်ခုကိုရောက်ရင် သူဟာ သေချာပေါက် ငါ့အပိုင်လေးဖြစ်လာလိမ့်မယ်လို့တွေးရင်း ရင်ခုန်နေခဲ့ဖူးတယ်။ ဒါပေမဲ့ ဒီကြားထဲမှာ တဖြည်းဖြည်းသိလာရတာက ငါတို့နှစ်ယောက်က တစ်ယောက်အတွက်တစ်ယောက် မဟုတ်ခဲ့ကြဘူး။
ဘယ်ရထားမှာလွဲခဲ့ကြတာလဲတွေးမိတော့ standard တွေမတူညီတာက အစပြုခဲ့တယ်ထင်ပါရဲ့။ ဂရုစိုက်ခံချင်လွန်းတဲ့ငါနဲ့ ဂရုတစိုက်မရှိလွန်းတဲ့သူ။ အားရင်သူနဲ့ပဲစကားပြောချင်နေတဲ့ငါနဲ့ အားရင်ဇာတ်ကားပဲကြည့်ချင်နေတဲ့သူ။ ငါကပဲကပ်တွယ်လွန်းနေတာလား၊ သူကပဲ self-love ကြီးမားလွန်းနေတာလား။ သေချာတာကတော့ ဘယ်ရထားစီးစီး နီးနိုင်မှာမဟုတ်တော့ဘူး။
သူကငါ့ကိုနာကျင်စေသလို ငါကလည်း သူ့ကိုနာကျင်စေသတဲ့။ ဒါတွေကိုသိလာပြီးတဲ့နောက်ပိုင်း သူ့ကိုလက်လွှတ်နိုင်ဖို့ကြိုးစားလာမိတယ်။ အင်း...သူ့အပေါ်ထားတဲ့ အရောင်ပါတဲ့ခံစားချက်တွေကိုပါပဲ။ သူက ငါ့အပိုင်မှမဟုတ်တာလေ။ သူလည်း ငါ့လိုပဲတွေးနေခဲ့တယ်ထင်ပါရဲ့။ ဒီလိုနဲ့ပဲ သူငယ်ချင်းထက်ပိုတဲ့အဆင့်ကနေ သူငယ်ချင်းဆိုတဲ့အဆင့်ကို မသိမသာလေး တဖြည်းဖြည်းချင်းပြန်ခုန်ဆင်းမိခဲ့ကြတယ်ဆိုပါတော့။
တစ်နေ့မှာ သူ့အတွက်ပြီးပြည့်စုံတဲ့၊ သူနဲ့လိုက်ဖက်ညီတဲ့၊ သူသဘောကျရတဲ့သူတစ်ယောက်ကို ရှာတွေ့လာလိမ့်မယ်ဆိုတာ ငါသေချာပေါက်သိနေခဲ့ပါတယ်။ တကယ်လည်း ရှာတွေ့လာစေချင်ခဲ့တာ စိတ်ရင်းအမှန်ပါ။ ချစ်ရတဲ့သူငယ်ချင်းလေးက ငါ့ထက်အများကြီးပိုသာတဲ့သူနဲ့ ထိုက်တန်တယ်လေ။ အရာအားလုံးတူညီနေခဲ့ရင်တောင် same gender ဆိုတဲ့ခေါင်းစဉ်အောက်မှာ ငါဟာကျရှုံးနေခဲ့ပြီးသားပဲ။ သူ့ဘဝအတွက် အဆုံးသတ်မှာသူရွေးချယ်မဲ့သူက ပြီးပြည့်စုံတဲ့အမျိုးသားတစ်ယောက်ပဲလေ။ လောကနိယာမအရဆိုရင်လည်း ဒီအတိုင်းပဲဖြစ်သင့်ပါတယ်။
ဒါပေမဲ့ သူ ယောက်ျားလေးတွေနဲ့ ရင်းရင်းနှီးနှီးစကားပြောရင် ငါ့စိတ်ထဲမှာဝမ်းနည်းမိတယ်။ ငါ့အပိုင်လေးဖြစ်မလာနိုင်မှန်းသိတာတောင် သူများအပိုင်လေးဖြစ်သွားမှာစိုးရိမ်နေမိတာက ငါအတ္တကြီးလွန်းရာများရောက်သွားသလား။ ဒါပေမဲ့ ဒါတွေကို ငါကတားဆီးနိုင်မှာတဲ့လား။ နောက်ဆုံးတော့ သူသဘောကျရတဲ့လူကို ရှာတွေ့တော့မယ်။ အဲဒီအမျိုးသားဟာ ဘယ်လိုသဘောကျစရာကောင်းကြောင်းပြောပြတာတွေကို သူငယ်ချင်းကောင်းပီပီနားထောင်ပေးနိုင်ဖို့ ပြင်ဆင်ရတော့မယ်။ အဓိကကတော့ ရင်ဘတ်ထဲကအောင့်နေလည်း နှုတ်ခမ်းကပြုံးနေနိုင်အောင် ကြိုးစားရတော့မှာပေါ့။ အဆင်ပြေပါတယ်။ ငါက ဟန်ဆောင်ကောင်းတယ်လေ။ ဒါကြောင့်လည်း ငါ့မျက်ရည်တွေကိုသူဘယ်တုန်းကမှမသိခဲ့တာပေါ့။