Breeze
2025-04-23 14:30:28
Особисте
ကိုယ်သဘောကျရတဲ့သူက သူသဘောကျနေတဲ့သူအကြောင်း အားတက်သရောပြောပြနေတာကို ဘာမှမဖြစ်သလိုထိုင်နားထောင်ပေးရတဲ့အခိုက်အတန့်က ဘဝမှာရင်နာစရာအကောင်းဆုံးတွေထဲက တစ်ခုပဲ။
ဒီနေ့လည်း ငါဟန်ဆောင်ကောင်းခဲ့တယ်ထင်ပါရဲ့။ ငါ့မျက်ဝန်းထဲကမျက်ရည်တွေကို သူမမြင်နိုင်ခဲ့ဘူး။ မဟုတ်ဘူး၊ ရင်ဘတ်ထဲကမျက်ရည်တွေ မျက်ဝန်းထဲမှာလျှံတက်မလာအောင်အထိ ငါကဟန်ဆောင်ကောင်းလွန်းနေခဲ့တာထင်တယ်။ တကယ်တော့ ရင်ဘတ်ထဲမှာ ငါငိုနေခဲ့တာ။ ရင်ဘတ်ထဲကအောင့်လာတာတွေကိုလျစ်လျူရှုရင်း သူပြောပြတာတွေကို လေးလေးနက်နက်နားထောင်ပေးခဲ့တာ။
သူ့ကို သိပ်သဘောကျတာတဲ့လား၊ သူနဲ့တွဲချင်တယ်တဲ့လား။ အချိန်ခဏလေးအတွင်းမှာ သူ့ရဲ့စိတ်အာရုံတွေကိုညှို့ယူသွားနိုင်တဲ့ အဲဒီတစ်ယောက်ကို ငါမနာလိုဖြစ်မိပါရဲ့။ ဒါပေမဲ့ ဟန်ဆောင်ကောင်းလွန်းတဲ့ငါက သူ့ကို အဲဒီအမျိုးသားနဲ့ပိုပြီးအဆင်ပြေလာစေဖို့အတွက် အကြံဉာဏ်တွေတောင်ပေးခဲ့ရသေးသတဲ့။ ရယ်စရာပါပဲ။ ဒီလောက်ဆိုရင် ငါ သူငယ်ချင်းကောင်းပီသတယ်မဟုတ်လား။
အခုချိန်ထိ ဘယ်သူ့ကိုမှရင်မခုန်ဖူးသေးဘူးတဲ့လား။ ဒါဆို ငါ့အတွက်ကရော။ ငါနဲ့ပတ်သက်ပြီး တစ်ခါလေးတောင်ရင်မခုန်ခဲ့ဖူးတာလား။ ဒါဆို အရင်ကပြောခဲ့ဖူးတဲ့စကားတွေက အပျော်ဖလစ်ခဲ့ရုံသက်သက်ပဲလား။ ပြောတော့ သဘောကျပါတယ်ဆို။ တစ်နှစ်အချိန်ယူပြီးရင် လက်တွဲကြဖို့အထိပါသဘောတူညီခဲ့ကြဖူးတာမဟုတ်လား။ ငါ့အပေါ်ထားတဲ့ခံစားချက်တွေကို ထင်ယောင်ထင်မှားဖြစ်ခဲ့ရုံသက်သက်ပဲထင်ပါရဲ့။ တကယ်တော့ သူ ငါ့အပေါ်မချစ်နိုင်ခဲ့ပါဘူး။
ငါကရော အဲ့လိုရင်ခုန်ဖူးတဲ့သူရှိလားတဲ့။ မေးရက်လိုက်တာလို့ပြောချင်ပေမဲ့ တကယ်တမ်းပြောမိသွားတာကတော့ မရှိပါဘူးတဲ့။ ဟုတ်တယ်၊ ငါညာခဲ့တာ။ ငါ့စိတ်ကိုဘယ်တုန်းကမှနားမလည်ခဲ့တဲ့သူက ဒီတစ်ခါလည်း အယုံလွယ်ပြန်တာပဲ။ သူ့စကားတွေကြောင့် ရင်ခုန်သွားရတဲ့အခိုက်အတန့်တွေ၊ သူနဲ့အတူရှိနေချိန်မှာရင်ခုန်ခဲ့ရတဲ့အခိုက်အတန့်တွေကို သူ့ကိုမသိစေချင်တော့ပါဘူး။ သူသိဖို့လည်း မလိုအပ်တော့ပါဘူးလေ။ သူမသိနိုင်တဲ့ငါ့ရဲ့ဝမ်းနည်းမှုတွေက အမြဲတမ်းမျိုသိပ်ခြင်းတွေနဲ့ အသားကျနေခဲ့ပြီးသားပဲ။ သူ့ရှေ့မှာတုန်းက အားတင်းပြီးပြုံးထားခဲ့ရသမျှ လူကွယ်ရာရောက်မှ အမှောင်ထဲငိုကြွေးနေခြင်းတွေကိုလည်း သူ့ကိုမသိစေချင်ပါဘူး။ ဒီနာကျင်မှုတွေကို ဒီလောက်နဲ့ပဲလုံလောက်စေချင်ပြီ။ တကယ်ပင်ပန်းနေပြီမလို့။