Jealous (Zawgyi)
Jealous 🎇
...................
မနာလိုဘူး ရိုး။
ကိုယ်မင်းကို တကယ်မနာလိုဘူး။
ကိုယ်နဲ့မင်း ပြန်ဆုံတဲ့တစ်နေ့ကျရင် မပြောဖြစ်လိုက်တဲ့ စကားလေးတစ်ခွန်းနဲ့အတူ မင်းကို
မနာလိုဖြစ်မိတဲ့အကြောင်းတွေ ပြောပြရအုံးမယ်
🎆🎆🎆🎆🎆🎆🎆🎆🎆🎆🎆🎆🎆🎆🎆
နွယ်ရိုးဂုဏ်
အသက် (၂၆) နှစ်
၁၂.၆.၂၀၁၅ ခုနှစ်တွင် ကွယ်လွန်သည်။
လက်ချိုးရေတွက်၍ရသော ခုနှစ်တချို့
လက်ငါးချောင်း ပြည့်သွားသည့်တိုင် အရောင်
မမှိန် ၊ ဆေးမပြယ်သော အဖြူရောင်လွှလွှ အုတ်ဂူလေးက သူထားထားသော နေရာလေးမှာ အမြဲရှိနေဆဲ။ အုတ်ဂူထက်မှ အနီရောင် နှင်းဆီပန်းစည်းလေးကတော့ ဥတုရာသီကြောင့်
ပုံပျက်၍နေခဲ့လေပြီ။
လက်ထဲတွင် အသင့်ကိုင်ဆောင်လာသော လတ်လတ်ဆတ်ဆတ် မွေးပျံ့နေသည့် နှင်းဆီပန်းစည်းလေးကို ခြောက်ကပ်နွမ်းခြောက်
နေသည့် ပန်းစည်းခြောက်လေးနေရာမှာ အစားထိုး လဲလှယ်ရင်း ရင်ထဲမှ စကားတချို့တီးတိုး ရေရွတ်လိုက်မိတော့ ဝဲဘတ်ရင်အုံက ဆစ်ခနဲ။
အားနာလိုက်တာ ..... ရိုး။
လာကြည့်သူ မဲ့နေတဲ့ အုတ်ဂူလေးအဖြစ် တခြား အုတ်ဂူတွေကြားထဲ မျက်နှာငယ်နေမှာကို တွေးမိရင်.....။
မင်းပြောဖူးတယ်လေ။ ကျွန်တော်က လူအများကြား ဂုဏ်ဆာရတာ သိပ်ကြိုက်တာတဲ့။
အခုတော့ မင်းကို ဂုဏ်ငယ်စေခဲ့ပြီလား။
အုတ်ဂူလေးပေါ်မှ သစ်ရွက်ခြောက် အကြွေ
အလွင့်များကို လက်ဖြင့်ဖယ်ရှားပေးရင်း ပြိုခနဲ ကျဆင်းလာသော မျက်ရည်တွေက နေရာကျဉ်းကျဉ်းလေးမှာ ခက်ခက်ခဲခဲ အိပ်စက်အနားယူနေရသော ရိုးကိုမှ အားမနာ။ အပြိုင်အဆိုင် ခုန်ပေါက်ကျဆင်းလာလိုက်လေခြင်း။
နီစွေးစွေးပါးပြင်ပေါ်မှ မျက်ရည်စများကို နာကျင်စွာဖြင့် ခပ်ကြမ်းကြမ်းပွတ်သုတ်လိုက်တော့ အနည်းငယ် ကျိန်းစပ်သွားသော ပါးပြင်က လက်ဖနောင့်နားမှ အသားမာတချို့နှင့် မိတ်ဆက်သွားခဲ့၍လား။
လွမ်းတယ်...ရိုး။
ဖွင့်ဟပြောခွင့်မရှိပေမဲ့ ကျယ်လောင်မြည်ဟီးစွာ အော်ပာစ်နေသော သူ့ရင်ခုန်သံတွေကို ရိုးတစ်ယောက်ကြားနေရသည်ဆိုတာကို သူ တပ်အပ်သိသည်။ သို့သော် မင်းကြားလား ဟု မမေးဖြစ်ခဲ့လိုက်။
ဒီလိုသာ ထွက်သွားမယ်မှန်း သိခဲ့ရင် သူသေချာပေါက်ပြောခဲ့လိုက်မိမှာ။
"ကိုယ်မင်းကို ချစ်တယ်....ရိုး" ဟူ၍.....။
အခုတော့ မေးခွင့်မရှိတော့သလို သူ့ရင်ခုန်သံတွေကိုပါ မကြားနိုင်တော့တဲ့ ရိုး။
"ကိုယ့်ကိုထားပြီး ထွက်သွားရတာ ပျော်ရဲ့လား" ဟု တခါတလေ အသံကုန်အော်ဟစ် မေးပစ်လိုက်ချင်သည်အထိ နေစိမ့်လွန်းသည့် ရိုး။
အခု မင်း ...အဆင်ပြေရဲ့လား။
မနာလိုဘူး...ရိုး။
မင်းကိုမှ မနာလိုတာ မဟုတ်ဘူး ရိုး။
မင်းကိုယ်ပေါ်ကို ကျဆင်းလာတဲ့ မိုးစက်မိုးပေါက်လေးတွေကိုတောင် ကိုယ် မနာလိုဖြစ်မိတာ အမှန်။
မင်းရဲ့အရေပြားတွေကို နီးကပ်စွာထိတွေ့ခွင့်ရတဲ့ အတွက်ပေါ့။ မင်းခေါ်ခေါ်နေကြ ဦးယျာ ဆိုတဲ့ ကိုယ်က မင်းရဲ့ အရေပြားကို ထိဖို့ မပြောနဲ့၊ မင်းရဲ့ လက်ဖဝါးလေးတွေကိုတောင် မကိုင်တွယ်ခဲ့ဖူးတဲ့ ကောင်ပါ။
နောက်ပြီး ညင်သာစွာ တိုးဝှေ့တိုက်ခတ်လာတဲ့
လေနုလေအေးလေးတွေကိုလည်း ကိုယ်မနာလိုဘူး..ရိုး။ ဂျယ်နဲ့ မနည်းရအောင် ထောင်ပြီး ပုံသွင်းထားရတဲ့ မင်းဆံပင်တွေကို ပုံပျက်ယိုင်လဲသွားအောင် လုပ်နိုင်တဲ့အတွက်ပေါ့။ ကိုယ်ဆိုတာက မင်းရဲ့ ဆံသားတွေကိုတောင် မထိတွေ့ခဲ့ဖူးသူလေ။
"ကျွန်တော့်အိမ်ကို မလွန်ဆန်နိုင်လို့ပါဗျာ"
ထိုစကားတစ်ခွန်းကိုသာ တွင်တွင်ပြောပြီး အိမ်ကို ငိုကြီးချက်မ ရောက်လာကာ ငိုပွဲဆင်တဲ့နေ့။
မှတ်မှတ်ရရ ဂျူလိုင် ဆယ်ရက်နေ့....သူ့မွေးနေ့။
ဘာဖြစ်တာလဲလို့ သူမေးချိန်မရလိုက်။ သူ့ရင်ခွင်ထဲ အတင်းခေါင်းတိုးဝင်ကာ အကြိမ်ကြိမ်တောင်းပန်စကားဆိုနေသော ရိုး ကို သူ ယောင်ယမ်းပြီး တွန်းထုတ်လိုက်မိသေးသည်။
"မင်း...ဘာဖြစ်လာတာလဲ ရိုး"
သူ့မေးခွန်းတွေကို ရိုးကမဖြေ။ ကျောပြင်တစ်ခုလုံး တသိမ့်သိမ့်တုန်သည်အထိ ရှိုက်ကြီး တငင်ငင် ငိုကြွေးခဲ့လေသူ။
အခု မင်း အဆင်ပြေရဲ့လား....ရိုး။
.
.
.
.
"ဦးယျာ ကျွန်တော့်မိန်းမက ကလေးလိုချင်လိုတဲ့၊ အဲ့ဒါ ဦးယျာများ ကူညီပေးနိုင်မလားလို့"
မျက်နှာသေလေးနှင့် သူ့အိမ်ကိုရောက်လာပြီး အကူအညီတောင်းခဲ့စဉ်က
"ဟာ...ငရိုး မင်းဘာစကားတွေ လာပြောနေတာလဲ..ပေါက်ကရတွေ"
ဟုဆိုကာ ကျောပြင်ကို လက်သီးဖြင့် အနည်းငယ်နာအောင် ထိုးလိုက်မိသေးသည်။
အသည်းခိုက်အောင် နာကျင်သွားရလိမ့်မယ်လို့
သူမှမသိခဲ့ဘဲလေ။
ရိုး....မင်း သိပ်ရက်စက်တယ်....။
.
.
.
.
"ကျွန်တော်မှ ကလေး မရနိုင်တာပဲလေ"
ညည်းတွားသလိုလေးပြောကာ မှိန်ကျသွားသော မျက်နှာနှင့် ခပ်မှိုင်းမှိုင်း မျက်ဝန်းအိမ်တွေက
ထိခိုက်ကြေကွဲမှုကို အထင်းသား။ သို့သော် သူမျက်နှာလွှဲ ခဲပစ်လုပ်မိခဲ့လိုက်သည်။
ကိုယ်ချစ်တာ မင်းကို....ရိုး။
မင်း မိန်းမကို မဟုတ်ဘူး။
ကိုယ်ပိုင်ဆိုင်ချင်တာ မင်းကို...ရိုး။
မင်းပိုင်ဆိုင်ထားတဲ့ မိန်းမကို မဟုတ်ဘူး။
"ကျွန်တော့်ကို မချစ်ဘူးလား ဦးယျာ"
ရိုးရှင်းလိုက်တဲ့မေးခွန်း။
သို့သော် ထိုမေးခွန်းအတွက်အဖြေဟာ သူ့အတွက်
သိပ်ကို ခက်ခဲခဲ့သည်။
နွယ်ရိုးဂုဏ်ဆိုသည့် လူသား၏မေးခွန်းကို
သူဖြေရန် အင်အားမရှိခဲ့။
"ကျွန်တော်က မကြာခင် ခရီးအဝေးကြီးကို ထွက်သွားရတော့မှာဗျ"
ပြုံးတုံ့တုံ့မျက်နှာပေးနှင့် အသိပေးသလိုလို အကြောင်းကြားသလိုလို ပြောခဲ့တုန်းက အမှုမဲ့အမှတ်မဲ့ဖြင့် ဟားတိုက်ရယ်မောခဲ့သေးသည်။
"ဒီလောက်လေးနဲ့ မသေနိုင်ပါဘူး ငရိုးရာ"
ထိုစကားကို သူပြန်ပြောခဲ့တုန်းက သိပ်ကိုပေါ့ပျက်ပျက်နိုင်လွန်းစွာ။ ယခုချိန်မှာတော့ ကိုယ့်ပါးစပ်ကို
ပိတ်ရိုက်ပစ်ချင်မိသည်အထိ နောင်တရမဆုံး။
နောင်တဆိုတာ နောင်မှရတတ်သည့်အမျိုးလား။
"ကျွန်တော်...ဦးယျာကို ချစ်တယ်၊ ဦးယျာနဲ့ အတူတူနေချင်တယ်"
သူ့လက်ကိုဆွဲကာ ကလေးတစ်ယောက်လို ပူဆာသည်နှယ့်ပြောနေပုံက ပြိုမည့်မိုးကို ကြောက်၍ ခြေနှစ်ချောင်းမိုးပေါ်ထောင်ကာ
အိပ်စက်လေ့ရှိသော တစ်တီတူးငှက်ကိုများ အားကျလေသလား....ရိုး။
ကိုယ်တို့ ဒီလောက်အထိ ....မိုက်ရူးရဲ မဆန်သင့်ဘူး။
"တစ်ခါတည်းပါဗျာ"
လက်ညိုးလေး တထောင်ထောင်ဖြင့် ပါးလေး
ထိုးပေးကာ အနမ်းတစ်ပွင့်တောင်းခံရှာသည့် ရိုး။
ကိုယ်လည်း မင်းအပေါ်ကို သိပ်ရက်စက်ခဲ့တယ်။
အခုတော့ မင်း အဆင်ပြေနေပြီ..မဟုတ်လား။
.
.
.
.
မင်းထွက်သွားခါနီးမှာ ကိုယ်မှာလိုက်တဲ့ စကားတွေကို မင်း မှတ်ရော မှတ်မိသေးရဲ့လား။
ငါ့ခွင့်ပြုချက် မရဘဲ ထွက်သွားရင် မင်းကို လုံးဝ ခွင့်မလွှတ်ဘူးဆိုတာလေ။
မင်း သေချာပေါက် ကြားလိုက်တာ
ကိုယ် သိတယ်ရိုး....အဲ့ဒီတော့ မင်းအခု ပြန်လာခဲ့ပါ။
ကိုယ်မရှိတဲ့ ဒေသတစ်ခုမှာ၊ ကိုယ်မဟုတ်တဲ့ သူတွေနဲ့ မင်းပျော်နေမှာကို ကိုယ် မနာလိုဘူး...ရိုး။
မင်းတစ်ယောက်တည်း ပျော်လို့မရဘူးလေ။
"ကျွန်တော်က ပျော်လာပြီဆို အလိုလို ငိုချင်လာတာ" တဲ့။
မင်းစကားက ဘာစကားကြီးလဲ အဆန်းကြီးဟု သူပြန်မေးမိစဉ်က ရိုး၏ရင်ထဲကို သူ မမြင်ခဲ့။
အခုတော့ လှမ်းမကြည့်ပါဘဲ အတိုင်းသား မြင်နေရပြီလေ။
မင်း ငိုနေလား....ရိုး။
ငိုချလိုက်ပါ။
ကိုယ်လည်း မင်းနဲ့အတူ လိုက်ငိုမယ်။
ပျော်လို့နော်..ရိုး......ပျော်လို့။
မင်းနာကျင်ခံစားနေရတဲ့ ဝေဒနာတွေက လွတ်မြောက်ပြီး ပျော်ရွှင်စွာနေထိုင်ခွင့်ရသွားလို့
ကိုယ်လည်း မင်းနဲ့အတူ ပျော်တယ်။
မင်းပြန်လာတဲ့ တစ်နေ့....မင်းကြုံဆုံခဲ့ရတာတွေ၊
ကြည်နူးခဲ့ရတဲ့အရာလေးတွေကို ပြန်ပြောပြတဲ့အခါ ကိုယ် ရယ်ရယ်မောမော နားထောင်ရအုံးမယ်။
.
.
.
အခုတော့ ငြိမ်သက်စွာ လှဲလျောင်းအိပ်စက်နေတဲ့ ရိုးကို မပြောဖြစ်လိုက်တဲ့ စကားလေး တစ်ခွန်းနဲ့ ခဏလောက်လေး နှုတ်ဆက်ခဲ့ပါရစေ။
"ကိုယ်မင်းကို အရမ်းချစ်တယ် နွယ်ရိုးဂုဏ်"
🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐

Коментарі