Dragon's bridegroom (Unicode)
လူသားများကြား ပေါင်းစည်းခြင်းကား
ဖူးစာရေးနတ် ကမ္ဘာဦးစကသတ်မှတ်။
သို့ပေသော်ငြား....
ထူးခြားဆန်းကြယ် သတ်မှတ်ခြင်းဝယ်
နဂါးနက်၏ကြင်ယာတော်ကား မည်သူနည်း...။
______Dragon's Bridegroom_______
မနက်မိုးသောက်ကာစပင်ဖြစ်သော်ငြား ဆူညံမှုများဖြင့် အသက်ဝင်လျက် လူတို့၏လှုပ်ရှားမှုများဖြင့် စည်ကားနေသော မနက်ခင်းလေးတစ်ခု။
မြို့တွင်းရှိ အိမ်တိုင်း၌လည်း အနီရောင်အပြင်အဆင်တို့ဖြင့် ကျက်သရေရှိစွာ တန်ဆာဆင်နေကာ မြို့သူမြို့သားတို့မှာလည်း သစ်လွင်သော အဝတ်အစားတို့ကို ဆင်ယင်လျက် အပြုံးပန်းတို့ချိတ်ဆွဲထားသည့် ဤမနက်ခင်းလေးကား အလွန်ပင်ခမ်းနားလှပေစွ။
စေတနာရိပ်တို့ စွန်းထင်လျက် ကိုယ်တိုင်ပြုလုပ်ထားကြသော ရိုးရာမုန့်များကို တစ်အိမ်နှင့်တစ်အိမ် အပြန်အလှန်ဝေငှရင်း ပီတိအပြုံးတို့ ချိတ်ဆွဲထားသည့် မိန်းမပျိုလေးများ၏အလှသည်ကား 'ချူ အန်း'မြို့ကို လူသိများရသည့် အကြောင်းအရင်းများထဲကတစ်ခုပင်။
"အခမ်းအနားစတော့မယ်ဗျို့....အခမ်းအနားစတော့မယ်!!"
လမ်းမကျယ်ကြီးထက်တွင်သာမက လမ်းကြိုလမ်းကြားပါမကျန် အော်ဟစ်ပြေးလွှားရင်း အသိပေးလာသော ဆင်းရဲသားကလေးငယ်တို့၏အသံကြောင့် မြို့သူမြို့သားတို့သည်လည်း အခမ်းအနားကျင်းပမည့်နေရာစီသို့ ခြေလှမ်းကြတော့သည်။
တစ်စိတ်....မည်သို့သော အခမ်းအနားမျိုးမို့လို့ ပြည်သူတွေဟာ ဤကဲ့သို့ စိတ်လှုပ်ရှားနေကြခြင်း ဖြစ်သနည်း။
နှစ်နိုင်ငံချစ်ကြည်ရေး အခမ်းအနားများလား..... မဟုတ်။
နန်းတက်ပွဲအခမ်းအနားများလား....ဤသို့လည်းမဟုတ်။
ယနေ့ကျင်းပမည့် အခမ်းအနားသည်ကား "ချူ အန်း"မြို့၏ သမိုင်းကြောင်းတွင် တစ်ခါမှကြုံတွေ့ခဲ့ရဖူးခြင်းမရှိသော ယောကျ်ားပျိုနှစ်ဦး၏ လက်ထပ်ထိမ်းမြားခြင်းအခမ်းအနားပင်။
သဘာဝကိုဆန့်ကျင်သော ဤထိမ်းမြားမင်္ဂလာပွဲကို ပြည်သူများက မဆန့်ကျင်မကဲ့ရဲ့ကြသည့်အပြင် ပြုံးရယ်ဂုဏ်ပြုပေးနေကြခြင်း၏ အကြောင်းရင်းကို ထောက်ပြရမည်ဆိုပါက "ဤထိမ်းမြားမင်္ဂလာပွဲကို ကျင်းပမှသာ တိုင်းပြည်ရဲ့ မိုးခေါင်မှုကို ပျက်ပြယ်စေနိုင်လိမ့်မယ်"ဟု ဟောခဲ့သော နန်းတွင်းနက္ခတ်ပညာရှင်'ကျန်း'၏ အဆိုအမိန့်ကြောင့် စတင်ခဲ့သည်ဟု ဆိုရမည်ပင်။
မိုးခေါင်မှုဒဏ်ကို နှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရသော ပြည်သူများမှာတော့ ယနေ့၏ပေါင်းစည်းခြင်းဖြစ်သော မြို့စားမင်း၏သားတော် 'လီရှောင်ယို'နှင့် ပေ့အိမ်တော်မှ သခင်လေး'ပေ့ရှင်း'တို့၏ မင်္ဂလာထိမ်းမြားခြင်းပြီးလျှင် ချီးမြှင့်ခြင်းခံရမည့် မိုးနတ်မင်းထံမှ မိုးရေစက်များကို မျှော်လင့်တကြီးမြင်ယောင်ရင်း ပြုံးနေမိကြလေရဲ့။
ပင်လယ်ရေတွေဝန်းရံလျက် တောတောင်အနည်းငယ်ဖြင့် ခြံရံရင်း လှပစွာဖြစ်တည်နေသော 'ချူအန်း'မြို့ရှိ ဘုရင်ခံနှင့်တကွ ပြည်သူပြည်သားများအပါအဝင် ယနေ့၏အဓိကဇာတ်ဆောင်နှစ်ဦးဖြစ်သည့် သတို့သားနှစ်ဦးတို့ သတိမမူမိခဲ့သည်ကား.......ဤမင်္ဂလာပွဲမပြီးခင်အထိ အရာရာကို သတိရှိရှိလုပ်ဆောင်သင့်တယ်ဆိုတာကို........။
________Dragon's Bridegroom_______
"မတူညီသော မျိုးနွယ်...
မတူညီသော ဒေသ....
မတူညီမှုများစွာနှင့် ရှင်သန်လာသော်ငြား...
ကံကြမ္မာစေလျှင်.....
ဧကန်မလွဲ ဆုံရမည်ပင်...။"
_______Dragon's Bridegroom_______
"မရောက်သေးဘူးလား"
"ခဏနေရင် ရောက်တော့မှာပါ...သခင်လေး"
လွန်ခဲ့သော မိနစ်များစွာကအဖြေအတိုင်း 'ခဏနေရင်'ဟု အဖြေထပ်ပေးလာသည်ကို ကြားပြီးနောက် ဝေါယာဉ်ထဲမှနေ၍ အပြင်ဘက်ရှိ အထိန်းတော်ဦးလေးအား ပေ့ရှင်း မျက်စောင်းထိုးလိုက်မိသည်။
"ရှည်ချင်ဦး...ပေ့ရှင်းရေ။ အိမ်မှာပဲ ရိုးရိုးရှင်းရှင်း ထိမ်းမြားလို့ရရက်နဲ့ အဆန်းထွင်ပြီး ဘုံကျောင်းမှာမှ ထိမ်းမြားချင်တာကိုး။ ခံပေတော့"
နှုတ်မှလည်း ပွစိပွစိပြောလျက် လက်ကလည်း နဖူးပေါ်က ချွေးစက်တို့ကိုသုတ်ရင်း စိတ်ရှုပ်နေသော ပေ့ရှင်းမှာ တောင်ပေါ်ကဘုံကျောင်းရှိရာသို့ ခြေကျင်တက်နေရသည်ဟု ထင်ပါသလား။ ထိုသို့တွေးလျှင်တော့ မှားသွားပါလိမ့်မည်။ ဆူပုတ်နေသော ပေ့သခင်လေးသည် အနီရောင်မင်္ဂလာဝတ်ရုံကိုဝတ်ဆင်ထားလျက် မင်္ဂလာဝေါယာဉ်ပေါ်မှ အခန့်သားလိုက်ပါလာခြင်းဖြစ်ပြီး ထိုဝေါယာဉ်မှာလည်း လူထွားကြီးလေးယောက်၏ ထမ်းပိုးသယ်ဆောင်ပေးခြင်းကို ခံနေရခြင်း ဖြစ်လေရဲ့။
အနက်ရောင်ဆံနွယ်၊ ဖြူ လွန်းသဖြင့် သွေးကြောစိမ်းလေးများပင်မြင်နေရသည့် အသားအရည်တို့နှင့် လိုက်ဖက်လွန်းသော အနီရောင်မင်္ဂလာဝတ်ရုံကိုဆင်မြန်းထားသည့် ပေ့သခင်လေးသည် ရုပ်ရည်အားဖြင့် ချောမောလွန်းသော်ငြား အကျင့်စရိုက်အားဖြင့်ဆိုလျှင်တော့ ကလေးတစ်ယောက်ကဲ့သို့ ဆူပူလွန်းလှသဖြင့် လူထွားများမှာ ဝေါယာဉ်ကို ထမ်းထားရသည်ကြောင့် မမောပန်းရဘဲ သခင်လေးရဲ့ပွစိရွတ်သံများကြောင့် ချွေးဒီးဒီးကျနေရသည့်အဖြစ်။
ဤသို့ဖြင့် မလွယ်ကူလှသော ဘုံကျောင်းသို့သွားရာ မင်္ဂလာခရီးလမ်းသည် အချိန်အနည်းငယ်ကြာပြီးနောက်တွင်တော့ တောင်ပေါ်ရှိဘုံကျောင်းလေးကိုပင် မျက်စိရှေ့၌မြင်နေရသည့်အကွာအဝေးသို့ ရောက်လာခဲ့လေပြီ။
ထိုစဉ်...
"အာ့"
"ဘာဖြစ်တာလဲ"
"သခင်လေး..အဟွတ်...ရုတ်တရတ်..အွတ်...လေတွေတအားတိုက်လာလို့"
တစ်စုံတစ်ဦး၏ ထိခိုက်နာကျင်သံနှင့်အတူ ယိမ်းယိုင်သွားသည့်ဝေါယာဉ်ကြောင့် ပေ့ရှင်းအော်မေးလိုက်လေတော့ ပြန်ဖြေလာသည့်အထိန်းတော်ကြီး၏အသံကား ဗလုံးဗထွေးနှင့်သာ။
"လေတိုက်တာများ"
လေတိုက်တာလေးကို အထူးအဆန်းလုပ်နေသည်ဟု စိတ်ထဲမှတွေးလိုက်ကာ ဝေါယာဉ်ရဲ့ ဘေးပြတင်းပေါက်လေးကို အသာတွန်းဖွင့်မိတော့...
"အမေ့!"
သဲမှုန်များပင် လွင့်စင်လာသည်အထိ ကြမ်းတမ်းစွာ တိုက်ခတ်လာသည့်လေကြောင့် ဘေးပြတင်းပေါက်ကို ပေ့ရှင်းအမြန်ပိတ်လိုက်ရသည်။
"ရုတ်တရတ်ကြီး?"
ခုနကပင် ကြည်လင်နေသော ပတ်ဝန်းကျင်၏ ရုတ်တရတ်ပြောင်းလဲလာမှုသည် ပုံမှန်တော့ မဟုတ်တန်ရာ။
သို့ရာတွင် တခြားအရာတွေကိုနောက်ထား၊ လောလောဆယ်တွင်တော့ ဝေါယာဉ်ကိုထမ်းထားသော လူထွားကြီးတို့၏လှုပ်ယမ်းနေမှုကြောင့် သူ့ဘဝမှာ မကြာမီပင် ဝေါယာဉ်ပေါ်မှ မြေကြီးပေါ်သို့ မရှုမလှသက်ဆင်းရပေတော့မည်။
**ဆယ့်ရှစ်နှစ်ကြာမှ ပထမဆုံးအကြိမ်အဖြစ် လောကကြီးကို ခြေချခွင့်ရတာကလည်း ဒီလိုပုံစံကြီးနဲ့တဲ့လား**
စိတ်ထဲတွင်တော့ ငိုချင်းချနေမိပေမယ့် လက်တွေ့တွင်တော့ မြေကြီးပေါ်မှောက်ရက်ကျမည့်အဖြစ်ကို အမြန်ဟန့်တားရသည်။
"ဝေါယာဉ်ကိုချလိုက်...ဝေါယာဉ်ကိုချ! အမေ့!"
စကားပင်မဆုံးသေး၊ ပိုမိုလှုပ်ယမ်းသွားသည့် ဝေါယာဉ်ကြောင့် ပေ့ရှင်းလန့်သွားရသည်။
"ချ..ချလို့ပြောနေတယ်လေ"
ပြန်ဖြေသံဟူ၍ တစိုးတစိမှမကြားရသည့်အပြင် ဝေါယာဉ်တစ်ခုလုံးကို လှုပ်ခါနေသကဲ့သို့ ဆက်တိုက်ဖြစ်လာတော့ ပေ့ရှင်းမှာ မူးနောက်လာရုံသာမက အန်ပင်အန်ချင်လာရသည်။
**နေပါဦး..ဘာလို့ လေပေါ်ပျံနေသလို ခံစားနေရတာလဲ**
အမြင့်ကြောက်သူဖြစ်သည့်အလျောက် ယခုခံစားနေရသော ခံစားချက်ကြီးသည် သူမနှစ်မြို့သော ခံစားချက်ဖြစ်ကြောင်း သူသတိပြုလိုက်မိသည်နှင့် တစ်ပြိုင်နက် အသိကင်းမဲ့နေသောလက်တို့သည်လည်း စိတ်၏စေခိုင်းမှုကြောင့် ဘေးပြတင်းပေါက်ကို ဆွဲဖွင့်မိလျက်သား။
သို့သော်...
"ဟင်"
မျက်စိရှေ့၌ ကွင်းကွင်းကွက်ကွက်မြင်လိုက်ရသည့် ပတ်ဝန်းကျင်မှာ ဘုံကျောင်းသို့သွားရာ တောင်ပတ်လမ်းလည်းမဟုတ်။ ဆယ့်ရှစ်နှစ်တာလုံးကို အထီးကျန်စွာကုန်ဆုံးခဲ့ရသော ပေ့အိမ်တော်လည်းမဟုတ်။ သူမြင်နေရသည်ကား ချူ အန်းမြို့တစ်မြို့လုံးကို အပေါ်စီးမှ ထင်ထင်ရှားရှားရှုစားလို့ရသည့်မြင်ကွင်းဖြစ်နေပြီး မိုးထိအောင်မြင့်သော သစ်ပင်မြင့်တို့၏ အကိုင်းဖျားများကိုလည်း သူ့ရဲ့လက်တစ်ကမ်းအကွာ၌ ကွင်းကွင်းကွက်ကွက်တွေ့နေရသည်။
ဖြစ်ပျက်နေသမျှကို မလိုက်မှီနိုင်စွာ ကြောင်အမ်းနေမိစဉ် နားထဲသို့ ကြားလာရသည်ကား တစ်ဖက်ဖက်မြည်သံတစ်ခု။ ထိုအသံကိုကြားမှ ပေ့ရှင်းတစ်ယောက် ကြောင်အမ်းနေမိရာမှ အသိဝင်လာပြီး ပြတင်းပေါက်ငယ်လေးဆီမှ ခေါင်းပြူထွက်လျက် အသံလာရာဆီသို့ ကြောက်လန့်တကြား အကြည့်ပို့မိလိုက်သည်။
သူ့ဘဝတွင်တစ်ခါမှမမြင်တွေ့ဖူးခဲ့သော၊ အိပ်ယာဝင်ပုံပြင်များ၌သာ ကြားခဲ့ဖူးသော စူးရှသည့်မျက်ဝန်းအစုံ၊ ချွန်ထက်သည့်ဦးချိုများနှင့် တဖက်ဖက်မြည်သံများထွက်ပေါ်သည်အထိ လှုပ်ခတ်နေသောတောင်ပံအနက်ရောင်များနှင့် သတ္တဝါကြီးကို မြင်လိုက်ရသည့်တစ်ခဏ္ဏ သတ္တိရှိလှသော သခင်လေးပေ့ရှင်းမှာ အာမေဍိတ်သံပင်မထွက်နိုင်တော့ဘဲ အမှောင်ကမ္ဘာသို့ ချက်ချင်းရောက်ရှိသွားတော့သည်.....။
_______Dragon's Bridegroom________
နားထဲ၌ကြားနေရသော ငှက်ငယ်တို့၏ တီတီတာတာအော်မြည်သံတို့နှင့်အတူ ပေ့ရှင်းရဲ့မျက်ဝန်းများ ပွင့်လာရသည်။မျက်စိဖွင့်ဖွင့်ချင်း ဝေဝါးနေသောမြင်ကွင်းကြောင့် မျက်တောင်တို့ကိုပုတ်ခတ်ပုတ်ခတ်လုပ်မိတော့ ပိုမိုပီပြင်လာသည့်မြင်ကွင်းသည်ကား မျက်စိရှေ့ရှိကျောက်ဂူနံရံကြီးပင်။
နိုးလာကာစ ထုံထိုင်းနေသည့်မှတ်ဉာဏ်များကို အသာအလုပ်ပေးကာ ဖြစ်ပျက်ခဲ့သမျှကို ပြန်တွေ့မိလေတော့ မှတ်ဉာဏ်ထဲ၌ မြင်ယောင်လာသော ဝေါယာဉ်ကိုကုတ်ဆွဲကာ ပျံသန်းနေသည့် အနက်ရောင်နဂါး၏ပုံရိပ်ကြောင့် ပေ့ရှင်း လှဲနေရာမှ အလန့်တကြားကောက်ထထိုင်မိသည်အထိ။
"အ!"
မည်မျှပင်သတိလစ်သွားခဲ့သည်မသိ။ မူးဝေကိုက်ခဲနေသည့်ခေါင်းကြောင့် လှုပ်ရှားမှုများကို အရှိန်သပ်ကာ ခေါင်းကိုလက်နှစ်ဖက်ဖြင့် အုပ်ကိုင်လိုက်မိသည်။
"နိုးပြီလား"
"အမေ့!"
နာကျင်မှုထံ၌ အာရုံရောက်နေမိစဉ် ဘေးမှ ရုတ်တရတ် ထွက်လာသည့် အေးစက်စက်အသံကြောင့် ပေ့ရှင်းတစ်ယောက် မိခင်ဖြစ်သူကိုပင်'တ'မိသည်အထိ ထိတ်လန့်သွားရသည်။
ဆွဲမိဆွဲရာအနေနှင့် အညိုရောင်ပင်သန်းနေပြီဖြစ်သော အိပ်ယာခင်းညစ်ညစ်ကို ဆွဲကိုင်မိလျက် အသံပိုင်ရှင်ဆီသို့ အကြည့်ပို့လိုက်မိသည်။
နီညိုရောင်ဆံနွယ်များနှင့် အနက်ရောင်ဝတ်ရုံကိုဝတ်ဆင်ထားသော ဖြူ စွတ်စွတ်အသားရောင်ပိုင်ရှင်ကား သူ့အား စူးရှသောမျက်ဝန်းအစုံဖြင့် စိုက်ကြည့်လို့နေသည်။
"ဘယ်...ဘယ်သူလဲ"
အယောင်ယောင်အမှားမှားနှင့် မေးလိုက်မိသော သူ့စကားအဆုံးတွင် ထိုလူက ကုတင်ခြေရင်း၌ ဝင်ထိုင်လာသည်။
"အင်း..ကိုယ့်နာမည်က ကျူ းလီအန်း။ မနေ့က ကျွန်းရဲ့ကမ်းနားစပ်မှာ မင်းမေ့လဲနေတာတွေ့လို့ ကိုယ်ဒီကိုခေါ်လာခဲ့တာ။ ဒီနေ့နဲ့ပါဆို မင်းသတိမေ့နေတာ သုံးရက်ရှိပြီ"
သူကြုံတွေ့ခဲ့ရသည်များနှင့် ကွဲပြားစွာသော အဖြေကိုပေးလာသည့် ထိုသူကြောင့် ပေ့ရှင်းကြောင်အမ်းသွားရသည်။
"ဒါ..ဒါဆို နဂါးကရော"
မဝံ့မရဲမေးလိုက်သည့် သူ့အမေးအဆုံး၌ ထိုလူမျက်နှာပျက်သွားသလားလို့။
"ကြည့်ရတာ မင်းဂယောင်ခြောက်ခြားဖြစ်နေတယ်ထင်တယ်။ ဒီမှာ ဘာနဂါးမှမရှိဘူး။ မင်းကိုလည်း ကိုယ်အစာရှာထွက်ရင်း ကမ်းစပ်မှာမေ့နေတာတွေ့လို့ ကိုယ်ခေါ်လာခဲ့တာ"
တည်ငြိမ်စွာပင် အဖြေပေးလာသည့် ထိုသူ့ကြောင့် ပေ့ရှင်းခမျာ အတွေးကမ္ဘာထဲ၌ ချာချာလည်သွားလေပြီ။
**လောကကြီးရေ ဘာတွေများဖြစ်ကုန်တာလဲ**
"ဒါဆို ဒီနေရာက ဘယ်နေရာလဲ"
"အင်း..အဲ့တာတော့ ကိုယ်လည်းမသိဘူး"
"ဗျာ"
"ကိုယ်မွေးကတည်းက ဒီကျွန်းမှာပဲ ကြီးပြင်းလာခဲ့တာ။ ငယ်ငယ်တုန်းကဆို ဒီကျွန်းတစ်ခုလုံးမှာ ကိုယ်ရယ် ကိုယ်အဖေရယ် ကိုယ်အမေရယ် သုံးယောက်ပဲရှိတယ်။ ဟင်း....ကိုယ့်မိဘတွေဆုံးသွားတော့ ဒီကျွန်းတစ်ခုလုံးမှာ ကိုယ်တစ်ယောက်ပဲကျန်တော့တာပေါ့"
နောက်နေဟန်မတူဘဲ တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလာသော ထိုသူ့ကိုကြည့်ရင်း ပေ့ရှင်းတစ်ယောက် မျက်လုံးတွေပြူးလျက် ပါးစပ်ပင်ဟသွားရသည်။
"အဟင်း..ခုတော့ ကိုယ်တစ်ယောက်တည်း မဟုတ်တော့ဘူးပေါ့"
သူ့အား စူးစိုက်ကြည့်ကာ ပျော်ရွှင်သောအပြုံးကို ဆင်လျက် ဝမ်းသာဟန် ပြောလာသည့် ထိုလူကြောင့် ပေ့ရှင်းခမျာ အတင်းဖျစ်ညစ်ပြီး ပြန်ပြုံးပြလိုက်ရသည့်အဖြစ်။
**ဒီကျွန်းကနေ လွတ်မြောက်ဖို့ လမ်းစရှာမှပါ**
'ဆန္ဒနှင့်ဘဝ ထပ်တူမကျ'တဲ့။
ထိုစကားအတိုင်းပင် ပေ့ရှင်းမှာလည်း ယခုကြုံတွေ့နေရသည့်အဖြစ်မှ လွတ်မြောက်ချင်သော်ငြား လေးပတ်လေးရံလုံး ရေများဖြင့် ဝန်းရံခြင်းကိုခံထားရသော ဤကျွန်း၏တည်နေရာကြောင့် မည်မျှပင်ကြိုးစားပြီး ချူ အန်းမြို့သို့ပြန်ရန်လမ်းစရှာသော်လည်း ကောက်ရိုးပုံထဲ၌ အပ်ပျောက်ရှာရသလို ဖြစ်နေလေရဲ့။
တစ်နေ့ပြီးတစ်နေ့ ရက်ပေါင်းများစွာကုန်ဆုံးသွားသည်မှာ ရက်မှလသို့ ကူးပြောင်းသည်အထိပင်။ ထို့အတူ ပေ့ရှင်းမှာလည်း ဘဝပေးကံဟုသာ မှတ်ယူပြီး လူသူမရှိသောကျွန်း၌ အဆင်ပြေသလိုနေထိုင်ရတော့သည်။
သို့ရာတွင် သူ့အားနွေးထွေးပျူ ငှါစွာ ဆက်ဆံပေးသည့် အစ်ကိုကျူ းကြောင့်လည်း သူ့နေ့ရက်များဟာ အတန်ငယ်စိုပြည်လှသည်။ ရက်တွေကြာလာသည်နှင့်အမျှ တစ်ဦးနှင့်တစ်ဦး ရင်းနှီးလာကြသော်ငြား စကားအပိုပြောလေ့မရှိသည့် အစ်ကိုကျူ းကြောင့် နာမည်ကလွဲရင် သူ့အကြောင်း ကိုယ့်အကြောင်း ဘာမှကိုမသိရသည့်အဖြစ်။ သူကလည်းမမေး ကိုယ်ကလည်းမဖြေနှင့် ရက်သုံးဆယ်မျှကို မည်သို့ကုန်ဆုံးခဲ့မိသည်မသိ။ သေချာသည်ကတော့ အစ်ကိုကျူ းဟာ သူ့အပေါ်၌ အရမ်းနွေးထွေးသည်ပင်။
"အစ်ကိုကျူ း"
ကျောက်ဂူနံရံများ၌ ပဲ့တင်ထပ်သွားသည့် သူ့ခေါ်သံကြောင့် အစ်ကိုကျူ းက မလှမ်းမကမ်းတွင် မီးဖိုနေရာမှ သူရှိရာသို့ လှည့်ကြည့်လာသည်။
"ဘာလို့လဲ ရှင်းအာ"
မီးဖိုနေရာမှထကာ သူ့ဆီသို့ လျှောက်လှမ်းလာရင်း အမေးပြုလာသည့် အစ်ကိုကျူ းသည် သူ့လိုပင် ယောကျ်ားတစ်ဦးဖြစ်သော်ငြား ခန့်ညားလွန်းလှသည်။
"ရှင်းအာ"
မည်မျှပင်အတွေးနယ်ချဲ့နေမိသည်မသိ။ ပုခုံးကို အသာလှုပ်ကာ ခေါ်လာသည့်အစ်ကိုကျူ းရဲ့အသံကိုကြားမှ သူအတွေးလွန်နေမှန်း သတိထားမိတော့သည်။
"ဟို အစ်ကို့အကြောင်းပြောပြပါလား"
"ဟမ်"
"ကျွန်တော်ပျင်းလို့ပါ..ဟီး"
သွားလေးဖြဲကာ မျက်နှာချိုသွေးလိုက်သည့် သူ့ပုံစံကြောင့် အစ်ကိုကျူ းက ကြောင်အမ်းနေရာမှ ဟက်ကနဲ ရယ်ချလာသည်။
"ကောင်းပြီလေ"
တစ်ကြိမ်တစ်ခါမှပင်မပြုလုပ်ခဲ့ဖူးသော ပူဆာခြင်းဟူသည့်အနုပညာသည် အစ်ကိုကျူ းနှင့် တွေ့မှသာ မွေးဖွားလာသည့်အရာဖြစ်သည်။
ကျောက်ဂူနံရံကိုအမှီပြုကာ ပြုလုပ်ထားသည့် သစ်သားပင်စည်လေးပေါ်တွင် ထိုင်နေသော သူ့ဘေးကို အစ်ကိုကျူ းက ဝင်ထိုင်လာသည်။
"ကိုယ့်အကြောင်းက သိပ်စိတ်ဝင်စားဖို့မကောင်းလို့ ကိုယ့်အမေပြောပြဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်ကို ပြောပြမယ်ဆိုရင်ရော"
ကြည်လင်သောမျက်ဝန်းများဖြင့် သူ့ဘက်ကို လှည့်ကာ ညှိနှိုင်းလာသော အစ်ကို့၏ခန့်ညားသည့် အသွင်အပြင်ကြောင့် ဘာကိုမှမတွေးနိုင်စွာ အယောင်ယောင်အမှားမှားနှင့် ပေ့ရှင်းခေါင်းငြိမ့်ပြလိုက်မိသည်။
"ကောင်းပြီ.... ဒါဆို ညအိပ်ရာဝင်တိုင်း ကိုယ့်အမေပြောပြလေ့ရှိတဲ့ 'နဂါးနက်ရဲ့ ကြင်ယာတော်'ဆိုတဲ့ ဇာတ်လမ်းလေးကို ကိုယ်ပြောပြမယ်"
"နဂါးနက်ရဲ့ ကြင်ယာတော်?"
အထူးအဆန်းဖြစ်ကာ ရေရွတ်မိသော သူ့ကို အစ်ကိုကျူ းက လှည့်ကြည့်ကာ ပြုံးပြလာသည်။ သို့ရာတွင် ခါတိုင်းကဲ့သို့ ကြည်လင်မနေဘဲ ခန့်မှန်းရခက်သော အရိပ်အယောင်များဖြင့် ဖုံးလွှမ်းနေသည့် မျက်ဝန်းများဖြင့်သာ။
"အင်း...ဇာတ်လမ်းလေးရဲ့အမည်က 'နဂါးနက်၏ကြင်ယာတော်'တဲ့။ တစ်ခါကပေါ့...နဂါးတွေအုပ်စိုးပြီး လောကကြီးပျက်စီးလုနီးပါးဖြစ်ခဲ့ရတဲ့အချိန်တုန်းကပေါ့။ လူတွေဟာ နေ့ညပေါင်းများစွာကို ထိတ်လန့်ကြောက်ရွံ့မှုနဲ့ပဲ ဖြတ်သန်းခဲ့ရတယ်။ လူတွေရဲ့အစာတွေကို လုယူရုံသာမက လူသားတွေရဲ့နေအိမ်တွေကိုပါ ဖျက်ဆီးပစ်တဲ့အထိ နဂါးတွေက ဆိုးသွမ်းခဲ့ကြတာပေါ့။ ဒီလိုနဲ့ တဖြည်းဖြည်း ရက်တွေကြာလာတဲ့အခါ လူသားတွေက မခံနိုင်ကြတော့ဘူး။ 'ကြွက်တောင် ချောင်ပိတ်မိရင် ကြောင်ကို ပြန်ကိုက်သေးတာပဲ' လူတွေဟာလည်း မခံနိုင်တော့တဲ့အဆုံး အသက်သေရင်သေပါစေ၊ နဂါးတွေကို ရအောင်တိုက်ထုတ်မယ်ဆိုပြီး သွေးဆူလာကြတယ်။ ဆိုးသွမ်းလွန်းတဲ့ နဂါးတွေကို နတ်ဘုရားတွေကလည်း အပြစ်ပေးတယ်ထင်ပါရဲ့၊ ရရာလက်နက်ကိုဆွဲကိုင်ပြီး တိုက်ခိုက်လာကြတဲ့ လူသားတွေဟာ အရေအတွက်မများပေမယ့် နတ်ဘုရားတွေရဲ့ဖေးမမှုကြောင့် နဂါးတွေကို ပြန်တိုက်ထုတ်နိုင်ခဲ့ကြတယ်။ ဒီလိုနဲ့ ရက်တွေ၊လတွေကြာလာတဲ့အခါ နဂါးတွေအပေါ်ထားရှိတဲ့ လူသားတွေရဲ့အမုန်းဟာ တစ်စတစ်စကြီးထွားလာပြီး နဂါးတွေကို ဖမ်းဆီးသတ်ဖြတ်တဲ့အထိ ဖြစ်လာခဲ့တာပေါ့။"
ပြောလက်စစကားကို အသာရပ်ကာ ဘေးရှိကောင်လေးဆီသို့ လီအန်းအကြည့်ပို့မိတော့ လက်တစ်ဖက်ဖြင့် မေးထောက်လျက် သူ့ဇာတ်လမ်းထဲ၌ ပါဝင်စီးမြောနေသည်ကို တွေ့လိုက်ရသည်။ ချစ်စဖွယ်ကောင်းလွန်းတဲ့ကောင်လေးရဲ့ပုံစံကြောင့် အတန်ငယ်ကော့တက်သွားသည့် နှုတ်ခမ်းပါးကိုတော့ ဇာတ်လမ်းထဲ၌ နစ်မြောနေသည့် ပေ့ရှင်းတစ်ယောက် မမြင်မိခဲ့ပါလေ။
"တဖြည်းဖြည်းနဲ့ လူသားတွေရဲ့ ကြီးထွားလာတဲ့ အမုန်းကြောင့် နဂါးတွေဟာ တစ်နေ့ထက်တစ်နေ့ အကောင်ရေနည်းပါးလာခဲ့တယ်။ ဘယ်လောက်အထိလဲဆို နဂါးနက်မောင်နှံပဲ အသက်ရှင်ကျန်တော့တဲ့အထိပေါ့။ အန္တရာယ်မပြုတော့ရင်တောင် လိုက်လံသတ်ဖြတ်ခြင်းကို ခံရလာတော့ နဂါးနက်ဟာ ကိုယ်ဝန်ရင့်နေတဲ့သူ့ကြင်ယာတော်နဲ့အတူ လူတွေနဲ့ဝေးရာမှာရှိတဲ့ လူမရှိတဲ့ကျွန်းဆီကို ပျံသန်းပြေးရှောင်ခဲ့တယ်။ ကံဆိုးတယ်လို့ပဲပြောရမလား...လူတွေရဲ့ရန်ကနေရှောင်ပြေးလာရတဲ့ဒဏ်ကြောင့် နဂါးနက်ရဲ့ကြင်ယာတော်က ကျွန်းပေါ်ကိုရောက်ရောက်ချင်းမှာပဲ နဂါးငယ်လေးကိုမွေးပါလေရော။ နဂါးငယ်လေးကို ဥဥပြီးချင်း မိုးနတ်မင်းရဲ့ အမှာစကားကို နတ်ဘုရားတွေက မိုးကောင်းကင်ကနေတစ်တင့် လက်ဆင့်ကမ်းပြောလာခဲ့တယ်။'လူသားတွေအပေါ်ကို စာနာစိတ်ကင်းမဲ့ပြီး ဒုက္ခပေးခဲ့တဲ့ နဂါးမျိုးနွယ်ရဲ့လုပ်ရပ်ကြောင့် လူသားတွေရဲ့အမုန်းနဲ့ဖြစ်တည်တဲ့ ကျိန်စာဟာ နဂါးမျိုးနွယ်ရဲ့နောက်ဆုံးမျိုးဆက်ဖြစ်တဲ့ ဒီကလေးအပေါ်ကို သက်ရောက်သွားခဲ့ပြီ'ဆိုတာကိုပေါ့"
"ဘာကျိန်စာလဲဟင်"
စကားပင်မဆုံးသေး။ သိချင်စိတ်ဖြင့် ဖြတ်မေးလာသည့် ကောင်လေးဟာ ဤဇာတ်လမ်း၌ အတော်ပင်စီးမြောနေသည်ထင်ပါရဲ့။
"ကျိန်စာက ဘာလဲဆိုတော့
.
.
.
.
.
.
အချစ်"
"အချစ်??"
"အင်း....အချစ်။ နဂါးငယ်လေးဟာ အသက်နှစ်ဆယ်ပြည့်လို့မှ တစ်စုံတစ်ဦးရဲ့အချစ်စစ်ကို မရခဲ့ဘူးဆိုရင် မြူ မှုန်လေးတွေအဖြစ်နဲ့ လောကကြီးကို စွန့်ခွာရမှာတဲ့"
"ဟာဗျာ...မတရားတာကြီး။ ဘာလို့နဂါးငယ်လေးက အပြစ်မလုပ်ထားဘဲ ဒီလိုဝဋ်ကြွေးမျိုးကို ခံရမှာလဲ"
မကျေမနပ်လေး ရေရွတ်လာသည့်ကောင်လေး၏ပုံစံလေးမှာ အသည်းယားစရာကောင်းသော်ငြား ဒီတစ်ခါမှာတော့ လီအန်းမရယ်ပြုံးမိချေ။
"အင်းနော်....ဘာလို့ ဒီလိုဝဋ်ကြွေးမျိုးကို ခံရမှာလဲ"
ကွဲအက်သောလေသံဖြင့် လွမ်းဆွေးစွာဆိုလာသော လီအန်းရဲ့အသံတိုးတိုးမှာ ကြားရသူတို့အတွက် အလွန်ပင်ရင်နင့်စရာ။
"ဒါဆို နဂါးလေးက ဘာဆက်ဖြစ်သွားလဲဟင်"
"ဒါတော့..ကိုယ်လည်းမသိဘူး"
"ဗျာ"
နားမလည်သည့်ပုံစံဖြင့် 'ဗျာ'ပင် ဗျာလာသည့် ကောင်လေးကို ကြည့်ရင်း လီအန်းနေရခက်သလို လည်ပင်းကို လက်ဖြင့် အသာပွတ်မိသည်။
"ဟို...ဇာတ်..ဇာတ်လမ်းရဲ့အဆုံးကို ကိုယ့်အမေကမပြောပြသွားလို့"
လက်မခံနိုင်စရာကောင်းသည့် အကြောင်းပြချက်ကြောင့် ငြိမ်ကျသွားသည့်ကောင်လေးကိုကြည့်ရင်း လီအန်းစကားလွှဲရန်ကြံရတော့သည်။
"ရှင်းအာရော...ရှင်းအာအကြောင်းကို မပြောပြချင်ဘူးလား"
ရုတ်တရတ်မေးလိုက်သည့် လီအန်းရဲ့အမေးကြောင့် ပေ့ရှင်းက ဆက်ကနဲလှည့်ကြည့်လာသည်။
အညိုညစ်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့်တိုင် ကြည်လင်တောင်ပသည့် ကောင်လေး၏သွင်ပြင်မှာတော့ ပျောက်ကွယ်မသွားချေ။
"ကျွန်တော့်အကြောင်းလား"
"အင်း"
အံ့သြတကြီးမေးလာသည့်ကောင်လေးကို လီအန်းခေါင်းအသာငြိမ့်ပြမိစဉ် အနားသို့တိုးလာသည့်ကောင်လေးကြောင့် မြန်ဆန်လာသည့်ရင်ခုန်သံတို့ကို လီအန်းအမြန်ထိန်းချုပ်လိုက်ရသည်။ ထိုကလေးငယ်နေရခက်မည်ကို သူမလိုချင်ပါလေ။
"မေးမှမေးပါ့မလားလို့။ ဟင်း...ကျွန်တော့်အကြောင်းကို ပြောပြရမယ်ဆိုရင်တော့ ကျွန်တော့နာမည်က ပေ့ရှင်း၊ ပေ့အိမ်တော်ရဲ့အငယ်ဆုံးသား။ ကျွန်တော့်ကိုမွေးတုန်းက နန်းတွင်းနက္ခတ်ပညာရှင်က ကျွန်တော့်ရဲ့နက္ခတ်ကိုကြည့်ပြီး ဘာဟောခဲ့လဲသိလား"
ပြောနေရင်းမှ သူ့အားဖြတ်ကနဲလှည့်မေးလာသည့်ကောင်လေးကြောင့် အယောင်ယောင်အမှားမှားနှင့် လီအန်းတစ်ယောက် ခေါင်းခါပြလိုက်မိသည်။
"ကျွန်တော့်အသက်ဆယ့်ရှစ်နှစ်မှာ ယောကျ်ားပျိုတစ်ဦးနဲ့ လက်ထပ်ရမယ်။ အဲ့တာမှ ချူ အန်းမြို့ရဲ့ ကပ်ဘေးဖြစ်တဲ့ မိုးခေါင်ခြင်းကို တားဆီးနိုင်လိမ့်မယ်တဲ့လေ။ ဘယ်လောက်တောင် ရယ်ရသလဲနော်"
ပျက်လုံးတစ်ခုကို ပြောပြနေသဖွယ် ရယ်မောလာသည့် ကောင်လေး၏အပြုံးမှာ အလွန်ပင်လှပသော်ငြား လီအန်းမပြုံးရယ်မိသည်မှာ နာကျင်ရိပ်တို့စွန်းထင်းနေသည့် ကောင်လေး၏မျက်ဝန်းငယ်များကြောင့်သာ။
"ထူးဆန်းလွန်းတဲ့ နက္ခတ်ပညာရှင်ရဲ့ ဟောတမ်းက နယ်စပ်ဒေသတွေအထိ ပျံ့နှံ့သွားတဲ့အခါ ကျွန်တော့်အဖေက ကျွန်တော့်ကို ပေ့အိမ်တော်ရဲ့နန်းဆောင်မှာပဲ အကျယ်ချုပ်ချထားခဲ့တယ်။ မသမာသူတွေရဲ့ ရန်ကနေကာကွယ်ပေးတာဆိုတဲ့ အကြောင်းပြချက်တစ်ခုတည်းနဲ့ ပေ့အိမ်တော်ရဲ့အဆောင်ငယ်လေးမှာ ပိတ်လှောင်ခံရင်း ရှင်သန်ခဲ့ရတာက မွေးကတည်းကနေ အသက်ဆယ့်ရှစ်နှစ်ပြည့်တဲ့အထိလေ။ နေ့စဉ်နေ့တိုင်း ဒီမြင်ကွင်းတစ်ခုတည်းကိုပဲ ကြည့်ရှုရင်း၊ ဒီစားပွဲတစ်ခုတည်းပေါ်က ပြောင်းလဲနေတဲ့ဟင်းလျာတွေကို စားသောက်ရင်း၊ ဒီကုတင်တစ်ခုတည်းပေါ်မှာပဲ ညပေါင်းများစွာအိပ်စက်ရင်း ကျွန်တော်ညတိုင်းဆုတောင်းမိတာက သာမန်ဘဝလေးတစ်ခုကိုသာ ပိုင်ဆိုင်ခွင့်ရဖို့ပါ။ မချမ်းသာရင်နေပါစေ။ လွတ်လပ်ပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုကိုပဲ ကျွန်...ကျွန်တော်လိုချင်မိတာ"
အပြုံးမပျက်ပြောနေသော်ငြား မျက်ရည်ကြည်များဝေ့သီနေသည့် ကောင်လေး၏ပုံရိပ်သည် လီအန်း၏နှလုံးသားအားနာကျင်မှုကို ပေးစွမ်းသည်။
"ကျွန်တော်က လောကမှာ ကံအခေဆုံးလူထင်တယ်"
မျက်ခုံးများပင့်ကာ သူ့အားလှည့်ပြောလာသည့် ရင်ခုန်သံပိုင်ရှင်လေးကို လီအန်းပြန်မေးခွန်းထုတ်မိသည်။
"ဘာလို့လဲ"
"စဉ်းစားကြည့်လေ။ မွေးကတည်းက ဘာမဟုတ်တဲ့ ဟောတမ်းတစ်ခုကြောင့်နဲ့ ဘဝတစ်ခုလုံးကို အကျဉ်းသားတစ်ယောက်လို ကုန်ဆုံးခဲ့ရတယ်။ ဟော..အသက်ဆယ့်ရှစ်နှစ်ပြည့်လို့ တိုင်းပြည်ရဲ့ ရှင်ဘုရင်ချမှတ်တဲ့ အမိန့်အတိုင်း ယောကျ်ားတစ်ယောက်ဖြစ်တဲ့ မြို့စားမင်းရဲ့သားတော်လီနဲ့ လက်ထပ်ပွဲကိုဆင်နွှဲရပြန်တော့လည်း ဘယ်ကနေဘယ်လိုဖြစ်သွားမှန်းမသိတဲ့ အခြေအနေကြောင့် လူမသိတဲ့ကျွန်းပေါ်ကို ရောက်လာရပြန်ရော။ ကြည့်ရတာ မိုးနတ်မင်းက ကျွန်တော့်ဘဝတစ်ခုလုံးကို လှောင်အိမ်ထဲက ငှက်ငယ်လိုမျိုးပဲ ရှင်သန်စေချင်တယ်ထင်ပါရဲ့။"
နှုတ်ခမ်းလေးပင်ဆူထော်ကာ ခေါင်းငိုက်စိုက်လျက် မြေကြီးပေါ်သို့ မကျေမနပ်စိုက်ကြည့်နေသည့် ကောင်လေး၏အူယားဖွယ်ပုံစံလေးကြောင့် လီအန်းရယ်မိသွားရသည်။ ထိုအခါ မကျေနပ်ဟန်ဖြင့် သူ့ထံသို့လွင့်ပျံလာသည့် မျက်စောင်းနုနုလေးတစ်ခု။
"ရှင်းအာက အခုလိုကျွန်းငယ်လေးမှာ ကိုယ့်နဲ့အတူရှိနေရတာကို ဝမ်းနည်းနေတာလား"
"မ...မဟုတ်ပါဘူး"
စကားလမ်းကြောင်းလွှဲသည့်အနေဖြင့် မေးလိုက်မိသော သူ့အမေးကို ခပ်သွက်သွက်ပြန်ဖြေလာသည့်ကောင်လေးမှာ သူတစ်မျိုးထင်သွားမည်စိုး၍ထင် ပြန်ဖြေလာပုံလေးမှာ လက်လေးပင်ခါလို့။
"ဒါဆို ရှင်းအာ ကိုယ့်နဲ့ နေရတာကို ဘယ်လိုခံစားရလဲ"
"ဟို"
ဘာရယ်မဟုတ်မေးလိုက်မိသည့်အမေးဖြစ်သော်ငြား ကလေးငယ်၏နှုတ်မှထွက်လာမည့်အဖြေနှင့်ပတ်သတ်ပြီး လီအန်းစိုးထိတ်သွားရသည်။
**ကလေးငယ်ကသာ မပျော်ရွှင်ဘူးလို့ပြောခဲ့ရင်**
"အရမ်းပျော်တာ"
"ဟမ်"
"အစ်ကိုကျူးနဲ့နေရတာကို ကျွန်တော်အရမ်းသဘောကျတာ။ အမှန်အတိုင်းပြောရရင် ကျွန်တော့်အနေနဲ့ နွေးထွေးမှုဆိုတာကို အစ်ကိုကျူးနဲ့တွေ့မှသာ ခံစားလာရတာ။ အိမ်တော်မှာတုန်းက အလုပ်သမားတွေချက်ပေးတဲ့ တန်ဖိုးကြီးဟင်းလျာတွေအများကြီးထက် ကျွန်တော့်အတွက်ဆိုပြီး သီးသန့်ရည်ရွယ်ချက်နဲ့ စေတနာပါပါချက်ပြုတ်ထားတဲ့ အစ်ကိုကျူ း ချက်ကျွေးတဲ့ ငါးဟင်းကို ကျွန်တော်ပိုသဘောကျတယ်။ နေမကောင်းတဲ့အခါမှာ အမိန့်တစ်ခုကြောင့် ရောက်လာလေ့ရှိတဲ့ သမားတော်တွေထက် အနားမှာထိုင်ပြီး စိုးရိမ်ပေးနေတတ်တဲ့ အစ်ကိုကျူ းရှိနေတာကို ကျွန်တော်ပိုသဘောကျတယ်။ ကြည့်ရတာ ကျွန်တော်အစ်ကိုကျူ းအပေါ် အများကြီးခင်တွယ်မိနေပြီပဲ။"
သူစိုးရိမ်မိသည်နှင့်ကွဲပြားစွာ စိတ်ထဲရှိသမျှကို ရိုးရိုးသားသား ဖွင့်အံလာသည့် ကလေးငယ်၏စကားများနောက် လီအန်းမထိန်းချုပ်နိုင်တော့စွာ မျက်စိရှေ့က ကောင်ငယ်လေးကို ရင်ခွင်ထဲသို့ဆွဲပွေ့လိုက်မိသည်။
"နောက်လည်း ခံစားရသမျှကို အခုလို ရင်ဖွင့်လို့ရတာမို့ ဘာကိုမှမြိုသိပ်ထားနေဖို့မလိုဘူး။ သိပြီလား...အရူးလေး"
ကြိုးအဖြူ ရောင်လေးဖြင့် ပြေလျော့စွာ စည်းနှောင်ထားသည့် ဆံနွယ်များကို လက်တစ်ဖက်ဖြင့်အသာပွတ်သပ်ကာ ကျန်လက်တစ်ဖက်ဖြင့် သေးသွယ်သည့် ခန္ဓာကိုယ်လေးကို ထွေးပွေ့လျက် ဆူသလိုသူပြောမိတော့ တဆတ်ဆတ်ငြိမ့်ပြလာသည့် ခေါင်းနှင့် နှုတ်ခမ်းလွှာနှစ်ခုကြားမှထွက်ပေါ်လာသည့်ကလေးငယ်၏ စကားသံတို့ကား သူ့အား ပျော်ရွှင်မှုကို ပေးစွမ်းလာသည်။
"ဟင်း...အစ်ကိုကျူ းပြောမှ မေမေ့ကိုသတိရလာသလိုပဲ။ အိမ်တော်မှာ ရှင်းအာကို ချစ်တာဆိုလို့ မေမေပဲရှိတာ။ မေမေက ရှင်းအာ အားငယ်လာတဲ့အချိန်တိုင်း ရောက်လာတတ်ပြီး ခုလိုမျိုး ထွေးပွေ့ထားပေးတတ်တာလေ"
သူ့ကိုယ်သူ ရှင်းအာဟုသုံးနှုန်းလာသည့် ကလေးငယ်ဟာ သူ့အပေါ် ပိုပြီးရင်းနှီးလာပြီထင်ပါရဲ့။ ကလေးများကဲ့သို့ ပူဆာဟန်ပြောလာသည့် စကားသံလေးကြောင့် လီအန်းမှာ အသည်းတယားယားဖြစ်နေရတော့သည်။
"ဒါဆို ရှင်းအာဝမ်းနည်းတဲ့အချိန်တိုင်း ကိုယ်ဒီလိုမျိုးထွေးပွေ့ထားပေးမယ်လေ"
"အွန်း...ကတိနော်"
"အင်း...ကတိ"
စကားသံများအဆုံးတွင် ထွက်ပေါ်လာသည့် သဘောတကျရယ်သံတို့ကား နှစ်ပေါင်းများစွာ အထီးကျန်နေသည့် ကျွန်းငယ်လေးအား သာယာစိုပြည်သည့်နေ့ရက်များကို ဆောင်ယူပေးလို့လာလေရဲ့။
________Dragon's Bridegroom_______
**ပုံပြင်ထဲက ကျိန်စာသင့်နဂါးငယ်လေးဟာ ကိုယ်ဆိုတာ သိတဲ့တစ်နေ့.....၊
မင်္ဂလာဝေါယာဉ်ကို ကုပ်ချီခဲ့တဲ့နဂါးနက်ဟာ ကိုယ်ဆိုတာ သိတဲ့တစ်နေ့.....၊
ဟောတမ်းထဲက မင်းနဲ့ထိမ်းမြားရမယ့် ယောကျ်ားပျိုဟာ ကိုယ်ဆိုတာ သိတဲ့တစ်နေ့.....၊
မင်းဘယ်လိုပြန်တုံ့ပြန်မလဲဆိုတာ ကိုယ်မတွေးရဲပေမယ့်....
လက်ရှိအချိန်လေးမှာတော့ အပြည့်အဝပျော်ရွှင်နေခွင့်လေးပေးပါ....ချစ်ရသူ။**
________Dragon's Bridegroom_________
အစိမ်းရောင်ရွက်နုလေးများ အဝါရောင်ရွက်ကြွေအဖြစ်သို့ ပြောင်းလဲလာသည့်အချိန်တွင် သူတို့နှစ်ဦးကြားရှိ ဆက်ဆံရေးသည်လည်း တိုးတက်သထက်တိုးတက်လာခဲ့သည်။
အချိန်တွေ ကုန်ဆုံးလာသည်နှင့်အမျှ လီအန်းသိလာရသည်ကား ချစ်ရသူလေးဟာ အမေးအမြန်းထူလွန်းသည့် ရစ်စိန်လေးဆိုတာ။
"အစ်ကိုကျူ းက ဒီကျွန်းမှာနေလာတာလည်း ကြာပြီကို၊ ဘာလို့ ဒီကသစ်ပင်တွေနဲ့ အိမ်မဆောက်ဘဲ ဒီကျောက်ဂူထဲမှာပဲ နေတာတုန်း"
"အစ်ကိုကျူ းက ငါးဖမ်းလည်းတော်တယ်၊ သစ်သီးခူးတာလည်းတော်တယ်၊ ဟင်းချက်တာလည်းတော်တယ်၊ ဒါတွေအားလုံးကို ဘယ်ကတတ်တာလဲဟင်"
"ဒီကျွန်းမှာလူမှမရှိတာ ကျွန်တော်ဒီကျွန်းကို မရောက်ခင်ကဆို အစ်ကိုကျူ းတစ်ယောက်တည်းပျင်းနေမှာပေါ့နော်"
စသည်ဖြင့် တစ်နေ့တစ်မျိုးမရိုးနိုင်အောင် မေးခွန်းထုတ်နိုင်လွန်းသည့် ရစ်စိတ်လေး၏အမေးများကို စိတ်ရှည်သူကြီးကလည်း အပြုံးလေးနှင့် ခရေစေ့တွင်းကျ ပြန်ဖြေလေရဲ့။
"သစ်ပင်တွေနဲ့အိမ်ဆောက်ရင် ဒီကျွန်းပေါ်က သစ်ပင်တွေကို ခုတ်လှဲရမှာပေါ့။ ကျောက်ဂူထဲမှာနေလည်း အဆင်ပြေတာပဲဟာ ဘာလို့အပြစ်မရှိတဲ့ အရာတွေကို ဖျက်ဆီးပစ်နေမှာလဲ ရှင်းအာရဲ့"
"ငါးဖမ်းတာနဲ့ အသီးခူးတာက ကိုယ့်ပါပါးသင်ပေးထားတာ။ ဟင်းချက်တော်တာကတော့ ကိုယ့်မာမားဆီက အမွေရထားတာလေ"
"ရှင်းအာနဲ့မတွေ့ခင်တုန်းကတော့ အထီးကျန်မှုတွေကို သဘာဝတေးသံတွေ နားဆင်ရင်း ဖြေဖျောက်ခဲ့ရတာပေါ့"
ဤသို့ဖြင့် တဖြည်းဖြည်းချည်နှောင်လာသည့် သူတို့နှစ်ဦးကြားရှိ အနီရောင်ကြိုးထုံးလေးသည် နှလုံးသား၏ အနက်ရိုင်းဆုံးတစ်နေရာစီ၌ အတည်တကျနေရာယူသွားခဲ့လေပြီ။
အင်း...ထိုနေ့ရက်လေးရောက်မလာခင်အထိပေါ့။
"အင်း...ဟင်း~"
ချစ်ရသူလေးပါဝင်သော အိပ်မက်တိုင်းပြည်လေးသို့ အလည်အပတ်သွားရန်ကြံစဉ် နားထဲသို့ကြားယောင်လာသည့် ညည်းသံတိုးတိုးကြောင့် လီအန်းရဲ့မျက်ဝန်းများ ဖြတ်ကနဲပွင့်လာရသည်။
ဂူနံရံများ၌ပင် ပဲ့တင်ထွက်နေသည့် ညည်းသံသဲ့သဲ့ကြောင့် အသံလာရာသို့ လီအန်းကြည့်လိုက်တော့ တရားခံကား နှစ်ယောက်မရှိသော သူ့ရဲ့ရင်နင့်သည်းချာလေးပင် ဖြစ်ချေရဲ့။
ကျောက်ပြားထက်ရှိ အပြာရောင်အိပ်ယာခင်းပေါ်တွင် အိပ်စက်နေသည့် ရှင်းအာလေးကား ချမ်းအေးလို့ထင် ဒူးလေးကွေးပြီး ခြုံစောင်ထဲသို့ တိုးဝင်နေသည်မှာ နှုတ်ခမ်းလေးပင်တုန်ယင်လို့။
တဟင်းဟင်းညည်းသံနှင့်အတူ တဆတ်ဆတ်တုန်ယင်နေသည့် ရှင်းအာလေး၏ချွေးစို့နေသည့်နဖူးကို မြင်လိုက်ရပြီးနောက် လီအန်း၏ခြေလှမ်းတို့သည် တုံ့ဆိုင်းခြင်းမရှိဘဲ ကလေးငယ်ဘေးသို့ ရောက်ရှိသွားလေပြီ။
စိုးရိမ်စိတ်နှင့်အတူ ချစ်ရသူလေး၏နဖူးကို လက်ဖြင့်အသာစမ်းကြည့်လိုက်မိတော့....
"ကိုယ်ပူနေတာပဲ"
ထင်ထားသည့်အတိုင်း ရှင်းအာ ဖျားလေပြီ။
လေးပတ်လေးရံလုံး ရေများဖြင့် ဝန်းရံထားသည့် ဤကျွန်းငယ်၏ရာသီဥတုသည် အအေးစိမ့်သော်လည်း လီအန်းလိုလူတစ်ယောက်အတွက်တော့ မပြောပလောက်ပေ။ သို့ပေသော်ငြား ရှင်းအာသည် သာမန်ကလေးတစ်ယောက်ဖြစ်သည့်အတွက် ဤသို့သောရာသီဥတုမျိုးကို ရေရှည်မခံနိုင်ကြောင်း သူမေ့သွားခဲ့သည်ပဲ။
ချမ်းအေးမှုဒဏ်ကြောင့် ခိုက်ခိုက်တုန်နေသည့် ချစ်ရသူလေးကို နွေးထွေးစေရန်အလို့ငှာ ကလေးငယ်အိပ်စက်ရာ ကျောက်ပြားပေါ်သို့ လီအန်းဝင်လှဲလိုက်သည်။ ထိုအခါ အိပ်ပျော်နေသည့်အကောင်ပေါက်လေးက မသိစိတ်ဖြင့် အနွေးဓာတ်ရှိရာ သူ့လဲလျောင်းနေသည့်ဘက်သို့ တိုးကပ်လာသည်မှာ မြတ်နိုးဖွယ်ကောင်းမှုအတိဖြင့်။
ချစ်စဖွယ်ကောင်းလွန်းသော ပုဇွန်ကွေးလေး၏အပြုအမူကြောင့် လီအန်းပါးချိုင့်များပေါ်သည်အထိ ပြုံးလိုက်မိသည်။
တရွေ့ရွေ့ဖြင့် တိုးကပ်လာသည့် ကိုယ်ငယ်လေးကို ချစ်ခြင်းအတိဖြင့် လီအန်းထွေးပွေ့မိပါရဲ့။ ရင်ခွင်ထဲသို့ ဝင်ရောက်လာသည့်နတ်သူငယ်လေးမှာတော့ နွေးထွေးမှုကြောင့် ညည်းညူသံများ ရပ်စဲသွားခဲ့ပြီ။
အိပ်စက်ခြင်းသို့ စိတ်ချလက်ချ လက်ပစ်ကူးနေသည့် မျက်စိရှေ့က ကြွေရုပ်လေးကိုကြည့်ရင်း လီအန်းစိတ်လှုပ်ရှားလာရသည်။
ဖြူ ဖွေးချောမွေ့သောအသားအရည်၊ ရှည်လျားကော့ညွတ်နေသော မျက်တောင်ရှည်ရှည်လေးများ၊ ဖြောင့်စင်းနေသောနှာတံနှင့် နှင်းဆီရောင်သန်းသော မထူမပါးနှုတ်ခမ်းလွှာတစ်စုံ တို့ကို အနီးကပ်မြင်နေရသဖြင့် ကဆုန်ပေါက်နေသည့် ရင်ခုန်သံတို့ကို သူမနည်းထိန်းချုပ်ထားရသည်။
သို့ရာတွင် ဆွဲဆောင်မှုရှိလွန်းသည့် ချစ်ရသူ၏အလှတရားများက သူ့စိတ်အား ဒူးထောက်အရံှူးပေးရန် စွမ်းဆောင်လျက်ရှိသည်။
**ခွင့်မတောင်းဘဲ ဆွတ်ခူးမိတဲ့ အနမ်းတစ်ပွင့်အတွက် ကိုယ့်ကိုခွင့်လွှတ်မယ်လို့မျှော်လင့်မိတယ်.....ကလေးငယ်**
မခံနိုင်တော့သည့်အဆုံး နှလုံးသား၏ဆန္ဒကို အလိုလိုက်မိသည့်နောက် သူ့နှုတ်ခမ်းပါးတို့သည် ကလေးငယ်၏ နှင်းဆီငုံလေးပေါ် ခစားသွားခဲ့ပြီ။ နူးညံ့အိစက်မှုကို ခံစားလိုက်ရသည့်တစ်ခဏ္ဏ ထပ်မံပေါက်ဖွားလာသည့်အလိုဆန္ဒများနောက် သူလိုက်ပါချင်သော်ငြား မလိုက်ပါမိခဲ့။ ဤအနမ်းသည် ဖြူစင်သောအနမ်းတစ်ပွင့်ပါလေ......❤
________Dragon's Bridegroom________
မနက်မိုးလင်းပြီဟူသောအသိကြောင့် ပေ့ရှင်းနိုးထလာသည်။ လေးလံသော မျက်ဝန်းများကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီးနောက် ပထမဆုံးမြင်လိုက်သည်ကား ကျောက်ဂူနံရံကြီးပင်။ ထုံးစံအတိုင်းပင် နိုးသည်နှင့် ပျင်းကြောဆန့်ရန်အတွက် ပေ့ရှင်းထထိုင်လိုက်မိသည်။
သို့သော်....
"အ!"
သူ့အား ချုပ်နှောင်ထားသည့်တစ်စုံတစ်ရာကြောင့် ပေ့ရှင်းတစ်ယောက် ထထိုင်ရန် မစွမ်းသာခဲ့ပေ။
ထိုအခါမှ ပွင့်ထွက်လာသည့် အိပ်ယာနိုးကာစထုံထိုင်းနေသော အသိဉာဏ်နှင့်အတူ ရှင်းအာသတိထားမိလိုက်သည်ကား ကျောက်ပြားပေါ်တွင် သူတစ်ဦးတည်းအိပ်စက်နေတာမဟုတ်သည်ကို။
ကျောပြင်နှင့်ထိကပ်နေသော ကိုယ်ခန္ဓာဆီမှ ကြားနေရသည့် နှလုံးခုန်သံကြောင့် ရှင်းအာ တစ်ကိုယ်လုံး တောင့်တင်းသွားရသည်။
မဟုတ်မှ....အစ်ကိုကျူ းက သူ့အိပ်ယာပေါ်ရောက်နေသည်လား။
ခေါင်းထဲသို့ဝင်လာသော ထိုအသိနှင့် မသက်ဆိုင်စွာပင် သူ့နှလုံးခုန်သံတို့မြန်လာရသည်။
စိတ်ထိန်းစမ်း...ပေ့ရှင်း..မင်းဘာဖြစ်နေတာလဲ။ အိပ်ယာနိုးကာစ ကယောင်ချောက်ချားဖြစ်နေတာလား။ ဟုတ်မယ် အိပ်ယာနိုးကာစမို့နေမယ်။ အိပ်ယာက မြန်မြန်ထမှပါ။ အင်း...ထရမယ်။ အိပ်ယာကထ--
စိတ်ထဲမှ ရေရွတ်မှုနှင့်အတူ အိပ်ယာခင်းပေါ်မှဆင်းရန်အပြင်...ပေ့ရှင်း၏ မျက်ဝန်းများသည် တစ်နေရာသို့အရောက် အရာအားလုံးငြိမ်သက်သွားရသည်။
"ဘာ..ဘာကြီး!"
ပြူးကျယ်သွားသောမျက်ဝန်းများနှင့်အတူ နှုတ်မှပင် အထိတ်တလန့်အော်မိသည်ကြောင့် လက်နှစ်ဖက်ဖြင့် ပါးစပ်ကို အလျင်အမြန်ပိတ်လိုက်ရသည့်အဖြစ်။
မြင်နေရသည့် ကိုယ့်မျက်လုံးပင်မယုံနိုင်အောင် မျက်စိရှေ့ရှိ မြင်ကွင်းသည်ကား သူ့အား တုန်လှုပ်မှုကိုပေးစွမ်းနေသည်။
ခြုံစောင်ဟုထင်မှတ်ကာ ကိုယ်ပေါ်မှ ဆွဲဖယ်လိုက်မိသော တစ်စုံတစ်ရာသည် အမွှေးများစွာနှင့်အနက်ရောင်တောင်ပံကြီးဖြစ်နေလိမ့်မည်ဟု သူမထင်မိခဲ့ပေ။ ထို့အတူ သူ့အား ပွေ့ဖက်ကာ အိပ်စက်နေသော အစ်ကိုကျူ းမှာလည်း နဖူးတွင်ဦးချိုနှစ်ခုပါသော နားရွက်ရှည်ရှည်နှင့် လူသားတစ်ယောက်မဟုတ်သော သူဖြစ်နေလိမ့်မည်ဟု သူလုံးဝမထင်ခဲ့မိတာအမှန်။
"ဘာ..ဘာတွေဖြစ်ကုန်တာလဲ"
မျက်စိရှေ့က မြင်ကွင်းကို မယုံနိုင်စွာ ကြောင်အနေမိစဉ် မှတ်ဉာဏ်ထဲ၌မှတ်မိလာသည့် တစ်စုံတစ်ခုနောက်တွင်တော့ ရှင်းအာ တစ်ကိုယ်လုံးတုန်ယင်လာရသည်။
ဤတောင်ပံ၊ သူ့အား မင်္ဂလာပွဲမှ ကိုက်ချီခဲ့သော နဂါးနက်၏ကိုယ်တွင်သူမြင်ခဲ့ရသည့် ဧရာမတောင်ပံကြီးနှင့် ချွတ်စွပ်တူနေသည့် ဤအနက်ရောင်တောင်ပံ။
မဟုတ်ဘူးမလား..အစ်ကိုကျူ း။ ကျွန်တော့်ကို မင်္ဂလာပွဲကနေ ပြန်ပေးဆွဲလာခဲ့တဲ့ နဂါးနက်က အစ်ကိုမဟုတ်ဘူးမလား။ လွတ်လပ်မှုကို လိုလားတောင်းတနေတဲ့ ကျွန်တော့်ကို ဒီလူမသိတဲ့ကျွန်းမှာ ရည်ရွယ်ချက်ရှိရှိနဲ့ ပိတ်လှောင်ထားတာကလည်း အစ်ကိုကျူ းမ..မဟုတ်ဘူးမလား...ကျေးဇူးပြု ပြီး...။
ဦးဏှောက်ထဲသို့အစုလိုက်အပြုံလိုက်ဝင်ရောက်လာသည့်အတွေးတို့နှင့်အတူ သူ့ခြေအစုံတို့ဟာလည်း ခွေလဲချင်လာသည်။
ထိုစဉ်....
"ရှင်းအာ"
ဟူသော ခေါ်သံနှင့်အတူ ကျောက်ပြားပေါ်မှ နိုးထလာသည့်သူသည် အစ်ကိုကျူ း..ဟင့်အင်း...အစ်ကိုကျူ းယောင်ဆောင်ထားသည့် သတ္တဝါကြီးပင်။
"ရှင်းအာ"
ခေါ်သံနှင့်အတူ အိပ်ယာခင်းပေါ်မှ ဆင်းလာသည့် ထိုလူကြောင့် ရှင်းအာ၏ခြေလှမ်းများ နောက်ဆုတ်သွားရသည်။
"မလာနဲ့"
"ရှင်းအာ"
"မလာနဲ့လို့!"
ကြောက်အားလန့်အားအော်မိသည်နှင့်အတူ ပါးပြင်ပေါ်သို့်စီးကျလာသည့် မျက်ရည်များကြောင့် ထိုသူ၏ခြေလှမ်းများရပ်တန့်သွားသည်။
"ခင်..ခင်ဗျားကဘာလဲ"
ကျောက်ဂူနံရံထဲသို့တိုးဝင်မတတ်တိုးကပ်ကာ မဝံ့မရဲမေးမိတော့ နားမလည်ဟန်ဖြစ်သွားသည့်ထိုလူ၏ မျက်ဝန်းများသည် ပကတိဖြူ စင်သော်ငြား ပေ့ရှင်းအား ကြောက်ရွံ့မှုကို ပေးစွမ်းလေရဲ့။
ပေ့ရှင်းရဲ့အမေးကို ကြားမှသာ အထိတ်တလန့်ဖြစ်သွားသည့်ထိုသူသည် ယခုမှသာ သူ၏ပုံစံကို သတိထားမိဟန်တူသည်။
ရုတ်တရတ် တုန်လှုပ်သွားသောထိုသူ၏ မျက်ဝန်းများသည် အဘယ်သို့သော အကြောင်းပြချက်မျိုးကြောင့်ဆိုသည်ကို ပေ့ရှင်းမသိပေမယ့် သေချာသည်ကတော့ ပေ့ရှင်းထိုသူ့ကိုကြောက်သည်။
"ခင်ဗျားကဘယ်သူလဲ"
"ကိုယ်..."
"ခင်..ခင်ဗျားက ကျွန်တော့်ကို ပြန်ပေးဆွဲခဲ့တဲ့နဂါးလား? ဟမ်..ဖြေလေ! ကျွန်တော့်ဘဝကို ဒီကျွန်းမှာ ပိတ်လှောင်ထားတဲ့သူလားလို့်!"
"မဟုတ်..ကိုယ်"
"ဟုတ်..နေတာပဲ! ဒီတောင်ပံ၊ ဒီဦးချို ။ ကျွန်တော်မှတ်မိတယ်။ ခင်ဗျားက ကျွန်တော့်ကို ဖမ်းခေါ်လာခဲ့တဲ့ နဂါးပဲ"
"ကိုယ်တောင်းပန်ပါတယ် "
မျက်ရည်ကြည်များဝေ့သီကာ တောင်းပန်တိုးလျှိုးစွာဖြင့် ထွက်ပေါ်လာသည့်လေသံတိုးတိုးကို ယခင်ကဆိုလျှင် သူသနားမိမှာပေမယ့် ယခုမှာတော့မဟုတ်။
ထိုသူသည်....။
သူအရမ်းခင်တွယ်မိပါသော....၊ သူ့အပေါ်အကောင်းဆုံးလူသားဟုသူထင်ခဲ့မိပါသော ထိုသူသည်.....သူ့ဘဝအား အကျဉ်းကျစေသောသူ။ နေ့ညမပျက် နေ့ရက်တိုင်းကို ဟန်ဆောင်မှုအပေါင်း သရဖူဆောင်းပြီး ပိပိရိရိလိမ်ညာခဲ့သည့်လူ။
ဘယ်လောက်တောင် ဟားတိုက်နေလိမ့်မလဲ။
သူ့အပေါ်အရာအားလုံးယုံကြည်ပြီး ခင်တွယ်နေတဲ့ ဒီကောင်လေးရဲ့ နုံအ ပုံကိုကြည့်ပြီး ဘယ်လောက်တောင်လှောင်ရယ်နေလိမ့်မလဲ။
မျိုးစုံသောအတွေးတို့နှင့်အတူ နာကျင်လာရသော ရင်ဘတ်ကြောင့် နှုတ်ခမ်းကိုဖိကိုက်လျက် သူအံကြိတ်ထားမိသည်။ အဆက်မပြတ်စီးကျလာသော မျက်ရည်များသည် ကြောက်ရွံ့ခြင်းဟူသော အကြောင်းပြချက်တစ်ခုတည်းကြောင့်မဟုတ်မှန်းသူသိသည်။
နောက်ဆုံးတွင်တော့ မျက်စိရှေ့က ပြောစရာကင်းမဲ့နေဟန် ခေါင်းငုံ့နေသည့်ထိုသူကို တစ်ချက်ကြည့်ရင်း ပေ့ရှင်းစိတ်ထဲမှ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်သည်။
ဤဆုံးဖြတ်ချက်တွင် နာကျင်ခြင်း၊ ယူကြုံးမရဖြစ်ခြင်း၊ ထိတ်လန့်ခြင်း စသည့်အမျိုးမျိုးသောခံစားချက်တွေ ပါရှိပေမယ့် အမုန်းဟူသော ဒြပ်မဲ့နာမ် ပါမပါကိုတော့ ပေ့ရှင်းမသိခဲ့ပါလေ။
______Dragon's Bridegroom______
လီအန်း အိပ်မက်ဆိုးတစ်ခုကိုမက်ခဲ့သည်။ သူအရမ်းချစ်ရသောကလေးငယ်ဟာ ချောက်ကမ်းပါးအစွန်းမှ ခုန်ချသွားသည်တဲ့။ ဒိန်းကနဲမြည်ဟိန်းသွားသော သူ့ကမ္ဘာကြီးနှင့်အတူ နေ့တစ်နေ့၏အစကို သူနိုးထလာတော့ ပထမဆုံးရင်ဆိုင်လိုက်ရသည်ကား သူ့အား ကြောက်လန့်သောမျက်ဝန်းအစုံဖြင့် ကြည့်နေသည့် ရှင်းအာကို။
နေ့စဉ်မြင်တွေ့နေရသော ကလေးငယ်၏ပုံစံနှင့် ကွဲပြားလှသည့် တုန်လှုပ်နေသောရှင်းအာ၏ပုံရိပ်ကို မြင်လိုက်ရသည့်တစ်ခဏ ဘာကိုမှဂရုမပြုမိတော့ဘဲ သူ၏ခြေလှမ်းတို့သည် ကလေးငယ်ရှိရာသို့ အလျင်အမြန်ရောက်ရှိသွားရသည်။
သို့ရာတွင် အနီးသို့ပင် မရောက်လိုက်။ သူ့အား မလာရန်တားမြစ်လာသည့် ကလေးငယ်ကြောင့် သူ့ရဲ့ခြေလှမ်းတို့သည်လည်း မဆိုင်းမတွရပ်တန့်သွားရသည်။
"ခင်ဗျားကဘာလဲ"တဲ့။ သူ့ခန္ဓာကိုယ်ကို အထိတ်တလန့်ကြည့်ကာ မေးလာသည့်ကလေးငယ်ရဲ့မေးခွန်းကြောင့် သူ့အကြည့်တို့ဟာလည်း ကလေးငယ်ကြည့်ရှုရာဆီသို့ မဆိုင်းမတွရောက်ရှိသွားရလေရဲ့။
သို့သော်.....
ခန္ဓာကိုယ်ရှိ အနက်ရောင်တောင်ပံတစ်စုံနှင့်အတူ ပြောင်းလဲနေသော သူ့ခန္ဓာကိုယ်ကို သတိထားမိလိုက်သည့်တစ်ခဏ္ဏ သူ့စိတ်အစဉ်တို့ ပြိုလဲသွားရတော့သည်။
သူဘယ်လိုရှင်းပြရမလဲ။
မျက်စိရှေ့က မျက်ရည်များရွှဲနစ်နေသည့်ကလေးငယ်၏ ထိတ်လန့်နေသည့်ပုံရိပ်ကို သူဘယ်လိုဖြေသိမ့်ပေးရမလဲ။
ပြောစရာစကားများပျောက်ရှသွားရကာ တောင်းပန်စကားသာပြောမိသော်ငြား သူ့အားနာကျင်နေသောမျက်ဝန်းအစုံဖြင့် ကြည့်နေသည့် ကလေးငယ်ကြောင့် စိတ်ထဲ၌ဗလာဖြစ်သွားရကာ ခေါင်းကိုသာင့ုံထားမိတော့သည်။
သူမည်သို့ရှင်းပြရမည်လဲ။
တတ်သိစအရွယ်ကတည်းက သူ့ရဲ့ကြင်ယာတော်အဖြစ် ညစဉ်ညတိုင်းအိပ်မက်ထဲသို့ အလည်ရောက်လာတတ်သည့်ကောင်လေးဟာ ကလေးငယ်ဖြစ်သည့်အကြောင်းကိုလား....။
မင်္ဂလာပွဲကနေပြန်ပေးဆွဲလာသည့်နဂါးနက်မှာသူဖြစ်ပြီး ဤသို့သောလူမရှိတဲ့ကျွန်းမှာပိတ်လှောင်ထားရခြင်းဟာလည်း ကလေးငယ်အပေါ်ထားရှိသည့် အချစ်ကြောင့်ဆိုတာကိုလား....။
အသက်နှစ်ဆယ်ပြည့်လို့မှ အချစ်စစ်ကိုမရရှိလျှင် မြူ မှုန်အဖြစ်ပျောက်ကွယ်သွားရမည့် ကျိန်စာသင့်နဂါးငယ်လေးဟာ ကျူ းလီအန်းဆိုသည့်သူဖြစ်သည့်အကြောင်းကိုလား....။
အရာအားလုံးကိုပူပင်မိကာ ပြောစကားစရာများပျောက်ရှနေမိစဉ် ရုတ်တရတ်ပြုမူလိုက်သည့် ကလေးငယ်၏အပြုအမူကြောင့် လီအန်း၏နီညိုရောင်မျက်ဝန်းများပြူ းကျယ်သွားရသည်။
မြေကြီးပေါ်တွင် မဆိုင်းမတွ ဒူးထောက်လိုက်သည့်သူကား သူချစ်ရသောကလေးငယ်တဲ့လား။
မျက်ရည်များစီးကျကာ တစ်စုံတစ်ခုကို စိတ်ပိုင်းဖြတ်ထားဟန် မျက်ဝန်းများဖြင့်မော့ကြည့်လာသည့် ကလေးငယ်၏မျက်ဝန်းများသည် ပထမဆုံးအကြိမ်အနေနှင့် သူ့အားမနှစ်သက်မှုကို ဖြစ်စေသည်။
"ရှင်းအာ"
"ကျွန်တော့်ကို လွှတ်မြောက်ခွင့်ပေးပါ"
အော်ကြီးဟစ်ကျယ်ပေါက်ကွဲတာမျိုးလားမဟုတ်၊ ငိုကြွေးကာ ပြောဆိုလာသည်မျိုးလည်းမဟုတ်ပါဘဲ တည်ငြိမ်သောလေသံနှင့်ထိုစကားလုံးများသည် သူ့နှလုံးသားအား လှံချွန်ဖြင့်ထိုးသကဲ့သို့ နာကျင်မှုကို ဖြစ်ပေါ်စေလေရဲ့။
"ကျေးဇူးပြုပြီး ဒီလိုပုံစံနဲ့ဒူးထောက်တောင်းပန်တာမို့လို့.... ကျွန်...ကျွန်တော့်ကိုလွတ်မြောက်ခွင့်ပေးပါ။ နဂိုကတည်းက အကျဉ်းကျနေပြီးသား ကျွန်တော့်ဘဝကို လွတ်မြောက်ပေးပါ အစ်..အစ်ကို...ကျူ း"
ပြောနေရင်းနှင့်ပင် မျက်ရည်များစီးကျလာသည့် ကလေးငယ်၏ပုံရိပ်သည် သူ့အားလက်နက်ချစေသည်ထင်ပါရဲ့။ အတ္တတို့တင်းခံသော ကလေးငယ်၏အနားတွင်အမြဲတမ်းရှိနေချင်သည့်သူ့စိတ်ဆန္ဒတို့သည် ထိုမျက်ရည်စက်များနောက် လွင့်စင်သွားခဲ့ပြီ။
အင်အားချည့်နဲ့စွာဖြင့် ကလေးငယ်ရှိရာသို့ တိုးကပ်သွားသည့်သူ့ခြေလှမ်းများနောက် တင်းတင်းဆုပ်လိုက်သည့် ကလေးငယ်၏လက်ချောင်းများကို မြင်လိုက်မိပါဘိ။
ကိုယ့်ကို အဲ့လောက်တောင် ကြောက်ရွံ့သွားခဲ့ပြီလား...ကလေးငယ်။
ကလေးငယ်နည်းတူ မြေကြီးပေါ်တွင် ဒူးထောက်ချကာ လက်နှစ်ဖက်ဖြင့် မျက်စိရှေ့မှကိုယ်ငယ်လေးကို ထွေးပွေ့မိသည်ကား မြတ်နိုးခြင်းအတိဖြင့်သာ။
ပြည့်စုံသွားခဲ့ပြီ။ သူ့အား ပြန်လည်မဖက်တွယ်လာသော်ငြား မလိုလားသဖွယ်တွန်းထုတ်ခြင်းမရှိလာသည့်ကလေးငယ်ကြောင့် သူ့ရဲ့ဆန္ဒတို့ဟာ ပြည့်စုံသွားခဲ့လေပြီ။
"နောင်တမရမှာသေချာလား..ကလေးငယ်"
ရင်ထဲမှ မြတ်မြတ်နိုးနိုးခေါ်ဝေါ်မိသော နာမ်စားလေးသည် ကလေးငယ်အတွက်တော့ စိမ်းသက်နေလိမ့်မည်မှန်ပေမယ့် ကိုယ့်အတွက်တော့ ရင်တွင်းမှာ အချိန်တိုင်း မြည်ဟိန်းနေတဲ့ နာမ်စားလေးဖြစ်တယ်ဆိုတာ ကလေးငယ်မသိလည်း ဖြစ်ပါသည်လေ။
ဘာကိုမှပြန်ဖြေလာခြင်းမရှိသည့်ကလေးငယ်ဟာ အမှန်တကယ်ပင် နောင်တမရသည့်နှယ်။
ဘာလို့များ...မွန်းကြပ်စရာကောင်းတဲ့ အဲဒီ့နေရာကို ပြန်သွားချင်နေရတာလဲ ကလေးငယ်။
စိတ်ထဲတွင် မေးခွန်းထုတ်မိပေမယ့် လက်တွေ့တွင်တော့ ကလေးငယ်၏ဆုံးဖြတ်ချက်ကို မြတ်နိုးသည့်အနေဖြင့် သူဘာမှထုတ်မပြောမိ။ ထိုအစား ဘယ်ဘက်မျက်ဝန်းမှ မျက်ရည်စက်များသာ ကြွေလွင့်ခွင့်ပေးခဲ့မိသည်။
______Dragon's Bridegroom______
မျက်စိရှေ့မှ ဝေါယာဉ်ကို ကြည့်ရင်း ပေ့ရှင်း အံ့သြမိသွားရသည်။ ဤဝေါယာဉ်သည် သူ့အားပြန်ပေးဆွဲခဲ့စဉ်က ပါလာခဲ့သည့် မင်္ဂလာဝေါယာဉ်ပင်ဖြစ်သည်။ အံ့သြမှုကြောင့် ဘေးတွင်ရပ်နေသည့် ထိုလူသားကို သူ့လှည့်ကြည့်မိတော့ သူ့အားကြည့်နေသည့် ဆို့နင့်နေသောမျက်ဝန်းများနှင့် ဆုံသည်။
"ကိုယ်က မင်းနဲ့ပတ်သတ်ရင် မြူ မှုန်လေးကအစ တန်ဖိုးထားတယ် ရှင်းအာ"
နှုတ်ခမ်းပါးတစ်စုံက ပြုံးနေသော်ငြား ထိုနှုတ်ခမ်းပါးကိုဖြတ်၍ ထွက်ပေါ်လာသောစကားသံများမှာတော့ ဆန့်ကျင်ဘက်ဆန်စွာ ကြေကွဲလို့နေသည်။
သူ့အား မျက်ရည်ကြည်များဝေ့လျက် စူးစိုက်ကြည့်နေသော မျက်ဝန်းများကို သူရင်မဆိုင်နိုင်စွာ မြေပြင်ပေါ်သို့အကြည့်လွှဲပြီး သူမေးခွန်းထုတ်လိုက်မိသည်။
"ကျွန်တော့်ကို ဘာလို့ပြန်ပေးဆွဲခဲ့တာလဲဆိုတာ သိလို့ရမလား"
"ကိုယ်ပြောရင်ရော မင်းကယုံမယ်တဲ့လား"
ပြန်လည်မေးခွန်းထုတ်လာသည့်စကားသံကား တိုက်ခတ်နေသော လေပြည်ကဲ့သို့ပင် လွမ်းဆွေးမှုအပြည့်။
"လက်ခံနိုင်စရာဖြစ်နေရင်ပေါ့"
ထိုတစ်ခွန်းသာ သူပြန်ဖြေမိကာ အကြည့်တို့ကိုတော့ နောက်တစ်ခါထပ်မံမြင်တွေ့ရရန်မဖြစ်နိုင်တော့သော ပတ်ဝန်းကျင်တစ်ခွင်ဆီသို့ ပို့ထားမိသည်။
"အရာအားလုံးရဲ့အကြောင်းပြချက်က......အချစ်ပဲ ကလေးငယ်"
တစ်လုံးချင်းဆီပြန်ဖြေလာသည့်အဖြေအဆုံး၌ အဆက်မပြတ်ခုန်လာသည့် နှလုံးခုန်နှုန်းတို့ကား မွေးရပ်မြေကို ပြန်ရန် စိတ်လှုပ်ရှားနေသည့်အတွက် ဖြစ်ပေလိမ့်မည်။
ထိုစဉ်....
"......"
လည်ပင်းပေါ်သို့ ရောက်ရှိလာသည့် အေးစက်စက်အထိအတွေ့ကြောင့် သူ့တစ်ကိုယ်လုံးတောင့်တင်းသွားရသည်။ သိချင်စိတ်ဖြင့် ငုံ့ကြည့်လိုက်မိတော့ အနောက်ဘက်မှတားမြစ်လာသည့် အသံနှင့်အတူ မြင်လိုက်ရသည်ကား နဂါးဦးချိုပါသည့်လည်ဆွဲလေးတစ်ခု။
"မလှည့်ကြည့်လိုက်နဲ့"
အမိန့်မဟုတ်သော တောင်းဆိုသံကြောင့် ရှင်းအာအနောက်ဘက်ကို မလှည့်ကြည့်ပေမယ့် ဘေးရှိရေမျက်နှာပြင်တွင်ထပ်ဟပ်နေသော အရိပ်ကိုတော့ ရှင်းအာကြည့်လိုက်မိသည်။
အံ့သြစွာဝိုင်းစက်သွားရသည့် ရှင်းအာရဲ့မျက်ဝန်းများ၏ တရားခံကား ရေမျက်နှာပြင်တွင်ထင်ဟပ်နေသည့် ဦးချိုတစ်ခုကျိုးပဲ့နေသော ကျူ းလီအန်းဆိုသူ၏ပုံရိပ်ပင်။
"မင်းအနားမှာ ကိုယ်ဖြစ်တည်နေခွင့်မရှိတော့ပေမယ့် ဒါလေးကိုတော့ မင်းအနားမှာဆက်ရှင်သန်ခွင့်ပြုပါ"
ဘာလို့ရယ်မသိ။ ထိုတောင်းဆိုမှုကို ရှင်းအာ၏နှုတ်မှတော့ ဘာမှပြန်မဖြေမိပေမယ့် စိတ်ထဲတွင်တော့ အမိန့်တစ်ခုလို လိုက်နာနေမိတော့သည်။
_______Dragon's Bridegroom_________
**တွေ့ဆုံခွင့်သာပေးပြီး....
ပေါင်းဆုံခွင့်မပေးဘဲ....
အမျိုးမျိုးလှည့်စားနေသည့် ကံတရားကို....
အပြစ်တင်ခွင့်သာရှိရင်။**
________Dragon's Bridegroom________
အခုဆိုရင် ရှင်းအာ 'ချူအန်း'မြို့ကို ပြန်ရောက်နေသည်မှာ ရက်သတ္တပတ်ပင်ကြာမြင့်လို့နေပြီ။
ရုတ်တရတ်ပျောက်ဆုံးပြီး ပြန်ပေါ်လာသည့်သူ့ကို အိမ်တော်က လူတွေအားလုံး အထူးအဆန်းဖြစ်နေကြပေမယ့် ဘာမှမမေးလာ၍သာ တော်ရော့မည်။
အကယ်၍ မေးခွန်းတစ်ခုခုသာ မေးလာခဲ့သည်ရှိသော် သူမည်ကဲ့သို့ပြန်ဖြေရမည်နည်း။
နဂါးနက်က သူ့ကို ပြန်ပေးဆွဲသွားခဲ့သည်ဟူ၍လား။
ကျွန်းတစ်ကျွန်းပေါ်မှာ နဂါးတစ်ကောင်နှင့် ရက်ပေါင်းများစွာ အတူရှိနေခဲ့သည်ဟူ၍လား။
ဤသို့သော အဖြေများကို မည်သူကရော ယုံမည်တဲ့နည်း။
နဂါးဟူသောစကားလုံးနှင့်အတူ မျက်လုံးထဲ၌ မြင်ယောင်လာသည့် တစ်စုံတစ်ဦး၏ပုံရိပ်ကြောင့် ရှင်းအာခေါင်းခါလိုက်မိသည်။
**ဘာလို့စဉ်းစားနေဦးမှာလဲ**
ထိုစဉ်...
"ရှင်းအာ...မေမေဝင်လာခဲ့မယ်နော်"
အသိပေးသံနှင့်အတူ အခန်းထဲသို့ ဝင်လာသည့်မေမေ့ကြောင့် ရှင်းအာအတွေးတို့ ပျက်ပြယ်သွားရသည်။
တံခါးအနားမှ သူထိုင်နေသည့်ကုတင်ဘေးသို့ ဝင်ထိုင်လာသည့် မေမေ့မျက်နှာသည် ထုံးစံအတိုင်း ကျက်သရေအပြည့်နှင့်။
"ရှင်းအာ မေမေ့ကိုကြည့်"
ပေါင်ပေါ်တင်ထားသည့် သူ့လက်နှစ်ဖက်ကို နူးညံ့စွာဆုပ်ကိုင်လာလျက် ပြောလာသည့်မေမေဟာ ရှင်းအာ၏ဘဝတွင် အချစ်ရဆုံး၊အတွယ်တာရဆုံးသောသူဖြစ်သည်။
"မေမေ့ကို ပြောစရာအများကြီးရှိနေမယ်လို့ထင်တယ်"
သူ့မျက်ဝန်းများကို စိုက်ကြည့်ကာ ညင်ညင်သာသာပြောလာသော မေမေကား ပေ့အိမ်တော်၏သခင်မဟူသော ဂုဏ်ပုဒ်နှင့် လိုက်ဖက်ညီစွာပင် သိမ်မွေ့လွန်းလှသည်။
"ကျွန်တော့်မှာ-"
"သားမှာ မေမေ့ကို ရင်ဖွင့်ချင်တာတွေရှိမယ်လို့ မေမေထင်တယ်"
မိခင်တစ်ယောက်ဖြစ်သည်နှင့်အညီ သားသမီး၏စိတ်ထဲအထိ ထွင်းဖောက်မြင်နိုင်သည့် မိခင်မေတ္တာသည် ရှင်းအာအား အားကိုးချင်စိတ်ကိုပေးစွမ်းသည်။
"ကျွန်တော်ပြောရင်ရော မေမေက ယုံပါ့မလား"
စိုးရိမ်မိစွာ မဝံ့မရဲမေးမိတော့ ပြန်လည်ဖြေဆိုလာသည် မေမေ့စကားတို့ကား နောက်ပြောင်ခြင်းကင်းမဲ့စွာ။
"မေမေက သားရဲ့မိခင်လေ။ သားတစ်ယောက်ရဲ့စကားကို မိခင်က ပျယ်ရယ်ပြုပါ့မလား"
မျက်နှာထက်ဝယ် ဝေ့ဝဲကျနေသည့် သူ့ဆံနွယ်များကို အသာသပ်တင်ပေးကာ ပြောလာသည့် မေမေ့စကားအဆုံး သူ့စိတ်ထဲ၌ ချုပ်တည်းထားသမျှ ပွင့်အံလို့လာခဲ့လေရဲ့။
မင်္ဂလာပွဲနေ့က ပြန်ပေးဆွဲခံရမှုမှအစ ကျွန်းပေါ်မှ နေ့ရက်များအပါအဝင် ချူ အန်းမြို့ကိုပြန်ရောက်တဲ့နေ့အထိ ဖြစ်ပျက်ခဲ့သမျှအကြောင်းအရာတိုင်းကို မေမေ့ထံ၌ သူရင်ဖွင့်မိသည်။ ရင်ထဲကအမည်မသိခံစားချက်ကြောင့် ပါးပြင်ပေါ်ဖြတ်သန်းစီးကျလာတဲ့မျက်ရည်များနဲ့ပေါ့။
"သားရယ်"
မျက်ရည်ကြည်များဝေ့ကာ ရေရွတ်ရင်း သူ့အားပွေ့ဖက်လာသည့် မေမေရဲ့လက်များကို သူမရုန်းဖယ်မိ။ အခုချိန်တွင် သူလိုအပ်နေသည်ကား မေမေ့ရင်ခွင်ပင် မဟုတ်ပါလား။
"ကံကောင်းလို့သာပေါ့...သားရယ်။ သားသာ တစ်ခုခုဖြစ်ခဲ့ရင်"
ယူကြုံးမရဖြစ်စွာ မြည်တမ်းလာသည့် မေမေရဲ့ပုံစံဟာ သူ့အားဘယ်လောက်စိတ်ပူနေခဲ့ကြောင်း သက်သေပင်။
"နေဦး...သား"
သူ့အား ပွေ့ဖက်ထားကာမှ တစ်စုံတစ်ခုကို သတိရသွားဟန် မေမေ့ကြောင့် ရှင်းအာ မေမေ့ကိုကြည့်လိုက်မိသည်။
တစ်စုံတစ်ရာကိုစဉ်းစားနေသည့်မေမေ့ပုံစံမှာ လေးနက်ခြင်းအပြည့်ဖြင့်။ အတန်ကြာသည်အထိ တစ်စုံတစ်ခုကိုတွေးတောနေခဲ့သော မေမေသည် ခဏအကြာတွင်မှ သူ့အားစကားစလာခဲ့သည်။
"သားကို သူက ဘာမှအန္တရာယ်မပြုခဲ့ဘူးလား"
မေမေဆိုလိုသော 'သူ'ဆိုသည့် ရည်ရွယ်သူကို ရှင်းအာနားလည်လိုက်ပြီးနောက် မေမေ့အမေးကို သူခေါင်းခါပြလိုက်မိသည်။
"တကယ်ကြီး..ဘာမှအန္တရာယ်မပြုခဲ့ဘူးပေါ့"
အံ့သြဟန်ဖြင့် ရေရွတ်လာသည့်မေမေ့ကို သူထပ်မံခေါင်းခါပြလိုက်မိသည်။
"ဒါဆို..မဟုတ်မှ..."
တစ်စုံတစ်ခုကို တွေးမိသွားဟန် အလန့်တကြားရေရွတ်လာသည့် မေမေ့ပုံစံကြောင့် သူ့ခြေလက်တို့အေးစက်လာရသည်။
"ဘာကိုလဲ မေမေ"
"သားစဉ်းစားကြည့်။ သူကနဂါးနက်။ ပြီးတော့ သားကိုပြန်ပေးဆွဲခဲ့တာ။ အကြောင်းပြချက်မရှိဘဲ ပြန်ပေးဆွဲခဲ့တာမျိုးတော့မဖြစ်နိုင်ဘူး။ ဒါပေမယ့် မေမေနားထောင်ရသလောက်တော့ သားပြောတဲ့အထဲမှာ သူသားအပေါ် ကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့တာချည်းပဲ။ ဒါဆိုနဂါးနက်ကဘာလိုချင်ခဲ့တာလဲ"
ဟုတ်ပါရဲ့။ မေမေပြောမှ သူစဉ်းစားမိသည်။ အစ်ကိုကျူ းဟာ သူ့ကိုပြန်ပေးဆွဲခဲ့တာကလွဲပြီး ဘာမှထိခိုက်အောင်လုပ်ခဲ့ခြင်းမရှိခဲ့။ တစ်ကြိမ်တစ်ခါမျှပင် မရခဲ့ဖူးသော နွေးထွေးမှုများသာ ပေးအပ်ခဲ့သည်။ ဒါဆိုရင် ဘာကြောင့်လဲ...သူ့ကိုဘာကြောင့်ပြန်ပေးဆွဲခဲ့သည်လဲ။
"ရှင်းအာ။ မေမေထင်တာတော့ သားမှားပြီထင်တယ်"
ဝမ်းနည်းရိပ်သန်းနေသော မျက်ဝန်းများဖြင့် သူ့အားပြောလာသည့်မေမေ့ကို သူကြောင်အစွာကြည့်နေမိသည်။
"သူပြောခဲ့တဲ့ အကြောင်းပြချက်က 'အချစ်'လို့ပြောခဲ့တယ်မဟုတ်လား"
တစ်လုံးချင်းစီပြောကာ မေးလာသည့်မေမေ့ကို ရှင်းအာ ခေါင်းအသာညိမ့်ပြလိုက်မိသည်။
ထိုအခါ...မူးနောက်ဟန် ယိမ်းယိုင်သွားသည့် မေမေကြောင့် သူအမြန်ထိန်းလိုက်ရသည်။
"မေမေ..အဆင်ပြေရဲ့လား"
"အင်း..မေမေအဆင်ပြေပေမယ့် သူကတော့အဆင်ပြေမယ်မထင်ဘူးသား"
"ဟင်"
ဘာလို့လဲ။ အစ်ကိုကျူ းက ဘာလို့အဆင်မပြေရမှာလဲ။
"သားပြောခဲ့တယ်မဟုတ်လား။နဂါးနက်ရဲ့ အသက်နှစ်ဆယ်ပြည့်မွေးနေ့က ဒီနေ့ဆိုပြီး"
"ဟုတ်"
"သားစဉ်းစားမိလား။ တကယ်လို့ 'နဂါးနက်ရဲ့ကြင်ယာတော်'ပုံပြင်ထဲက နဂါးနက်ဟာ ကျူ းလီအန်းဖြစ်နေမယ်ဆိုရင်ရော"
အက်ကွဲစွာထွက်လာသည့် မေမေ့ရဲ့စကားအဆုံး သူ့တစ်ကိုယ်လုံး ချောက်နက်ကြီးထဲ ကျသွားသလိုခံစားလိုက်ရသည်။
"မဖြစ်နိုင်တာ"
တိုးတိုးလေးရေရွတ်မိပေမယ့် ဖြစ်နိုင်သည်ဆိုတာ သူသိ၏။ တစ်ရက်ပြီးတစ်ရက် အရောင်မှိန်လာသည့် လည်ဆွဲရှိဦးချိုလေးကို ကြည့်ရင်း သူစိုးရိမ်ခဲ့ရသည်မှာ ညတိုင်းပင်။ အကယ်၍သာ ပုံပြင်ထဲက နဂါးနက်ဟာ အစ်ကိုကျူ းသာဖြစ်ခဲ့ရင်ဆိုသည့် အတွေးမျိုး ခေါင်းထဲကိုဝင်လာတတ်ပေမယ့် အတင်းဖြစ်ညစ်ကာ မေ့ပျောက်ပစ်ရသည်မှာလည်းအခါခါပင်။
"စဉ်းစားနေဖို့အချိန်မရှိဘူး..သား။ သားအတွက် တစ်သက်လုံးနောင်တရနေရမယ့် ကိစ္စမျိုးကို မေမေဖြစ်မနေစေချင်ဘူး။"
"ဒါပေမယ့် အရာအားလုံးကနောက်ကျသွားပြီလေ"
ဟုတ်သည်။ အရာအားလုံးဟာ နောက်ကျသွားခဲ့ပြီ။ မနက်ဖြန်ဆိုလျှင် သူသည် မင်းကြီးရဲ့အမိန့်အတိုင်း မြို့စားမင်းရဲ့သားတော် လီရှောင်ယိုနှင့် ထိမ်းမြားလက်ထပ်ခြင်းကို ထပ်မံကျင်းပရတော့မည်ဖြစ်သည်။
နောင်တတွေတပွေ့တပိုက်နှင့် နာကျင်နေသော သူမ၏သားကိုကြည့်ရင်း သူမနာကျင်ရသည်။ မွေးကတည်းက အချုပ်အနှောင်များနှင့်ကြီးပြင်းခဲ့ရသည့်ကလေးငယ်ဟာ ကြီးလာတော့လည်း အရွယ်နှင့်မလိုက်သည့် အဖြစ်ဆိုးတို့ကို ကြုံရသည်တဲ့လား။
"ဒီညကို ကျော်လွန်သွားရင်တော့ တကယ်ကိုနောက်ကျသွားတော့မှာ"
သတ္တိရှိလိုက်စမ်းပါ ကလေးရေ။ မနက်ဖြန်ရောက်လို့ အရာအားလုံးကို နောင်တမရခင် သတ္တိရှိလိုက်စမ်းပါ။
"ဒါပေမယ့် ဖေဖေ"
"သခင်ကြီးကို မေမေကြည့်ပြောမှာမို့လို့ သားစိတ်မပူနဲ့။ မင်္ဂလာပွဲဆိုတာလည်း မေမေကြည့်စီစဉ်မှာမို့။ သားသာ သားအတွက်တွေးစမ်းပါ"
တွေဝေမှုများဖြင့် နာကျင်နေသည့် သား၏ပုံရိပ်ကို ကြည့်ရင်း သူမမျက်ရည်ကျရသည်။
"သားမှတ်မိလား။ သားကိုမွေးတုန်းက နက္ခတ်ပညာရှင်ကြီးက ဘာဟောခဲ့လဲဆိုတာ"
"ပေ့အိမ်တော်ကသခင်လေး'ပေ့ရှင်း'ဟာ ယောကျ်ားပျိုတစ်ယောက်နဲ့ ထိမ်းမြားမှသာ ချူအန်းမြို့ရဲ့ မိုးခေါင်ခြင်းကိုတားဆီးနိုင်လိမ့်မယ်"
တွေတွေလေးပြန်ဖြေမိသည့် သူ့စကားအဆုံး၌ လိုချင်တာရသွားသည့်သဖွယ် မေမေကပြုံးလာသည်။
"ဟုတ်တယ်။ သားက ယောကျ်ားပျိုတစ်ဦးနဲ့ လက်ထပ်ရမယ်လို့ဟောခဲ့တာ။ ဒါပေမယ့် အဲဒီ့ယောကျ်ားပျိုက သခင်လေးလီလို့ဟောခဲ့လို့လား"
"ဟင့်အင်း"
"မေမေပြောတာနားလည်လား"
သူ့အားစိုက်ကြည့်ကာ ပြောလာသည့်မေမေ့စကားကို သူသေချာစဉ်းစားမိတော့...
"မေမေ"
"ဟုတ်တယ် သား။ သားက ယောကျ်ားပျိုတစ်ဦးနဲ့ လက်ဆက်ရမှာပေမယ့် သားလက်ဆက်ရမယ့်သူက သခင်လေးလီမဟုတ်ဘူး။ သားက နဂါးနက်ရဲ့ကြင်ယာတော်ပဲ"
"ဟာဗျာ"
မေမေ့စကားအဆုံး၌ အိကနဲ ရိုှက်ငိုလိုက်မိသော သူသည် ဝမ်းနည်းခြင်းကြောင့်မဟုတ်။ ရှုပ်ထွေးလွန်းသော မေးခွန်းအားလုံး၏ အဓိကအဖြေကိုရှာတွေ့သွား၍သာ။
"မေမေ့သားတောင် အရွယ်ရောက်လာပြီပဲ"
သူ့အားပွေ့ဖက်ကာ ဆံနွယ်များကို နမ်းရိုက်လာသည့်မေမေသည် သူ့ဘဝ၏ပဲ့ကိုင်ရှင်၊ သူ့ဘဝရဲ့ကယ်တင်ရှင်ပင် ဖြစ်လေစွ။
**ကျေးဇူးပါ မေမေ။ ကျွန်တော့်ဘဝကို ကယ်တင်ပေးလို့်**
______Dragon's Bridegroom_______
**တောင်လား မြောက်လား....
ရွေးရခက်စွာ တွေဝေမိလျက်....
လမ်းပျောက်နေသော သဘောၤငယ်၏
လမ်းပြကြယ်ကား...
မိခင်ဟူသော ဓူဝံကြယ်လေးပင် ဖြစ်လေရဲ့။**
_______Dragon's Bridegroom__________
ဖြူ ဖွေးသောလက်ချောင်းများနီရဲကာ အရေပြားများပင်လန်လာသော်ငြား သူဂရုမမူမိချေ။ မဲမှောင်နေသော ညသန်းခေါင်အချိန်ပင်ဖြစ်သော်ငြား ယခုအချိန်တွင် သူစိတ်ထဲ၌ ရှိနေသည့်တစ်ခုတည်းသောအကြောင်းအရာသည်ကား ချစ်ရသူနှင့်ပတ်သတ်သည့်စိုးရိမ်မှုသာ။
နာကျင်နေသောလက်မောင်းကို ပို၍အားစိုက်ကာ လှော်တက်ကိုအမြန်လှော်ရင်း မျက်စိရှေ့တွင်မြင်နေပြီဖြစ်သော ကျွန်းငယ်ဆီသို့ လှေဖြင့် အမြန်ဦးတည်မိတော့သည်။
ကမ်းကပ်သည်နှင့် နာကျင်နေသည်များကိုပင် အမှုမထားနိုင်တော့ဘဲ ရည်ရွယ်ရာဆီသို့သာ အပြေးဦးတည်မိသည်။
တော်တော်ကိုပြောင်းလဲသွားသည်ပဲ။ ပြေးလွှားရာလမ်းတစ်လျှောက်၌ မြင်လိုက်ရသည့် ညိူးနွမ်းနေသောသစ်ပင်လေးများနှင့် ငှက်ငယ်တို့၏တီတီတာတာမြည့်သံတို့ကို တစ်စိုးတစိမျှပင်မကြားရအောင် တိတ်ဆိတ်နေသည့် ပတ်ဝန်းကျင်ကို ကြည့်ရင်း သူ့စိတ်ထဲ၌ ပို၍ ပူလောင်လာရသည်။ ကျွန်းငယ်ရဲ့အရှင်သခင်လည်း ဤကဲ့သို့ဖြစ်နေခဲ့ပါလျှင်။
စိတ်ထဲ၌ တွေးမိသောအတွေးနှင့်အတူ သူ့ခြေလှမ်းတို့သည်လည်း ကျောက်ဂူရှိရာသို့ အမြန်ဦးတည်မိလေရဲ့။
"အစ်ကိုကျူ း"
ကျောက်ဂူနံရံများ၌ပင် ပဲ့တင်ထပ်လောက်သော အသံဖြင့် သူအသံပြုမိသော်ငြား ပြန်လည်ခွန်းတုံ့ပြန်လာခြင်းမရှိသောအခြေအနေသည် သူ့အား မျက်ရည်များစီးကျအောင် စွမ်းဆောင်နိုင်သည်။
"အစ်ကိုကျူ း"
မျက်စိရှေ့တွင်မြင်နေရသော လစ်လပ်နေသည့် ကျောက်ပြားပေါ်မှအိပ်ယာခင်းနှင့် လှုပ်ရှားမှုမရှိဘဲ ငြိမ်သက်နေသည့် ကျောက်ဂူ၏ မြင်ကွင်းကြောင့် ရှင်းအာ ယိုင်လဲကျသွားရသည်။
"မဖြစ်နိုင်တာ..ဟင့်..မဖြစ်..နိုင်တာ"
ရင်ဘတ်ထဲမှနာကျင်လာမှုနှင့်အတူ လည်ပင်းတွင်ဆင်မြန်းထားသည့် လည်ဆွဲဆီသို့ သူအကြည့်ပို့မိတော့ အရောင်အဆင်းမရှိတော့သည့် လက်ညိုးအရွယ် ဦးချိုငယ်ကား သူ့အားပြောင်ပြနေသယောင်။
"မဟုတ်ဘူးလေဗျာ။ ဒီလိုဖြစ်ဖို့မှမဟုတ်တာ။ ဟင့်။ ကျွန်တော်ပြန်လာခဲ့တာအခုလိုဖြစ်ဖို့မှမဟုတ်ဘဲ..အား...ပေ့ရှင်း..မင်းအသုံးမကျလိုက်တာ။ ချစ်ရသူရဲ့နောက်ဆုံးအကြိမ်ကိုတောင် မတွေ့လိုက်ရတဲ့မင်းက...မင်းက တော်တော်အသုံးမကျတဲ့လူပဲ"
"အသုံးမကျဘူး..ဟင့်..ကိုယ်ခံစားချက်ကိုတောင်ကိုယ်မသိတဲ့ အသုံးမကျတဲ့လူ"
"ဘုတ်💢"
"ရင်ထဲက ခံစားချက်တွေကိုဖွင့်ပြောမယ်ဆို"
"ဘုတ်💢"
"ကိုယ်ချစ်ရတဲ့လူက ဘာဖြစ်နေလဲဆိုတာတောင် မသိတဲ့လူ"
"ဘုတ်💢"
"ကြေကွဲနေတဲ့သူ့မျက်ဝန်းတွေကို တွေ့တာတောင် လျစ်လျူရှုပစ်ခဲ့တဲ့လူ"
"ဘုတ်💢"
"မင်းက အသုံးမကျတဲ့လူပဲ ပေ့ရှင်း! သွားသေလိုက်တော့!"
မြေကြီးပေါ်သို့ ထိုးသွင်းမိသော လက်သီးများနောက် ယိုစီးလာသည့်သွေးများကိုပင် ဂရုမစိုက်နိုင်စွာ သူ့ရင်ထဲ၌ပြည့်နှက်နေသည်ကား ယူကြုံးမရမှုများနှင့် ကိုယ့်ကိုယ်ကိုယ်မုန်းတီးမှုများသာ။
"ဟုတ်တယ်။ မင်းကသေဖို့ပဲထိုက်တန်တယ်! အချိန်မဆွဲဘဲ အစ်ကိုကျူ းနောက်ကို လိုက်သွားတာပေါ့"
မာကျောလှသောကျောက်ဂူနံရံကိုကြည့်ကာ ချလိုက်မိသောဆုံးဖြတ်ချက်သည် သူ့အားပြုံးရယ်မှုကို ဖြစ်ထွန်းစေလေရဲ့။
**တမလွန်မှာဆုံတွေ့ကြတာပေါ့**
မှိတ်ချမိသောမျက်ဝန်းအစုံနောက် သူ့ခြေလှမ်းတို့ဟာ ကျောက်ဂူနံရံဆီသို့ ဦးတည်သွားလေရဲ့။ ချစ်ရသူရဲ့နောက်ဆုံးအချိန်ကိုဖြတ်သန်းခဲ့ရသည့် ဤနေရာ၌သာ သူ့ဘဝ၏ထွက်သက်ကိုရင်ဆိုင်ရမည်ဖြစ်ကြောင်း တွေးမိလိုက်ပြီးနောက် ရှေ့ဆက်နေသည့်ခြေလှမ်းတို့ဟာ ပို၍ မြန်ဆန်သွားရသည်။
မျက်စိရှေ့တွင်အနီးကပ်မြင်နေရပြီဖြစ်သော ဂူနံရံကြီးကိုကြည့်ရင်း ကျေနပ်စွာဖြစ်တည်သောအပြုံးတို့ သူ့နှုတ်ခမ်းထက်ဝယ်ဖြစ်ပေါ်သွားပြီးနောက်တွင်တော့ မျက်လုံးကိုစုံမှိတ်လျက် ဂူနံရံအား နဖူးဖြင့်အသားကုန်စောင့်လိုက်မိတော့သည်။
"အ!"
အတန်ကြာသည်အထိ နာကျင်မှုတစ်စုံတစ်ရာမခံစားရပါဘဲ ကြားလိုက်ရသည့် နာကျင်သံတစ်ခုကြောင့် ပေ့ရှင်းရဲ့မျက်ဝန်းများပွင့်လာရသည်။
မျက်စိရှေ့တွင်မြင်လိုက်ရသည့် အနက်ရောင်ဖိနပ်ကိုဝတ်ဆင်ထားသော ခြေထောက်တစ်စုံကြောင့် အသံလာရာဆီသို့ ပေ့ရှင်းအမြန်လှည့်ကြည့်မိတော့...
"အစ်..အစ်ကိုကျူ း!"
ဧကန်အမှန်ပင် မျက်စိရှေ့၌ နီးနီးကပ်ကပ်မြင်နေရသည်ကား သူ့အားပြုံးကာကြည့်နေသော အစ်ကိုကျူ းဖြစ်နေလေရဲ့။
ကိုယ့်မျက်စိကိုပင် မယုံနိုင်စွာ သွေးများပေကျံနေသောလက်ဖြင့် မျက်လုံးကို အသာပွတ်လိုက်မိသော်လည်း မြင်နေရသည့် ချစ်ရသူ၏ပုံရိပ်ကား မပျောက်ပျယ်သွားခဲ့ချေ။ အိပ်မက်များလားဟူသော အသိဖြင့် လက်မောင်းကို ခပ်နာနာဆိတ်မိတော့လည်း နာကျင်နေသည့်အသိကြောင့် ရှင်းအာ အော်ငိုမိတော့သည်။
"မငိုရဘူးလေကွာ"
ပါးပြင်ပေါ်သို့စီးကျနေသည့် သူ့မျက်ရည်များကို တယုတယသုတ်ပေးလာသည့် အကြင်သူကိုယ်တိုင်မှာတော့ မျက်ဝန်းများတွင် မျက်ရည်စက်များဖြင့် တွဲလွဲခိုလျက်။
"စိုးရိမ်သွားခဲ့ရတာ..ဟင့်....အစ်ကို့ကို မတွေ့ရတော့ဘူးထင်လို့်..အင့်...နောင်တတရားတွေကိုပဲ ပွေ့ပိုက်ရတော့မယ်ထင်လို့..ဟင့်..စိုးရိမ်သွားခဲ့ရတာ"
ကလေးတစ်ယောက်လိုငိုရိုှက်မိသော သူ့ကို ချစ်ရသူကြီးက နွေးထွေးမှုအပြည့်ဖြင့် ပွေ့ပိုက်လာခဲ့လေရဲ့။
**တော်သေးတာပေါ့။ တကယ်ကိုတော်သေးတာပေါ့**
"တစ်ကယ်ပဲ...ဘာမှမဖြစ်ဘူးလားဟင်"
မျက်ရည်များစီးကျလျက် တစ်ကိုယ်လုံးကို လှည့်ပတ်စစ်ဆေးကာ မေးလိုက်သည့် သူ့အမေးအဆုံး ချစ်ရသူကြီးက သဘောတကျရယ်လာသည်။
"ရှင်းအာက ဒီမှာရှိနေပြီးပဲကို။ ကိုယ်ဘာမှမဖြစ်တော့ပါဘူး"
"ဟင်..ဘာလို့"
"နဂါးနက်ရဲ့ကျိန်စာကပျက်ပြယ်သွားပြီလေ။ သူလိုချင်တဲ့အချစ်စစ်ကိုရရှိခဲ့ပြီပဲ"
သူ့အားစူးစိုက်ကြည့်ကာ ပြုံးလျက် ပြန်ဖြေလာသည့်ချစ်ရသူ၏စကားကြောင့် ရှင်းအာတစ်ယောက် အိုးတိုးအမ်းတမ်းဖြစ်သွားရသည်။
သို့ပေမယ့် ရှင်းအာပျော်မိသည်။ ချစ်ရသူအား ဘေးမသိရန်မခဘဲ မြင်တွေ့နေရပြီမဟုတ်ပါလား။
"ကိုယ့်ကိုဒီတစ်ခုတော့ဖြေပေး"
သူ့မျက်နှာအား လက်နှစ်ဖက်ဖြင့်ထွေးပွေ့ကာ ကြင်နာစွာမေးလာသည့်သူကား သူ့ရင်ထဲမှနက်နက်နဲနဲချစ်ရပါတဲ့ အစ်ကိုကျူ းတဲ့လေ။
"ကိုယ့်ကိုချစ်လား...ကလေး"
ပထမဆုံးအကြိမ်အဖြစ် အမေးခံရသော ထိုမေးခွန်းကို နှလုံးသား၏အနက်ရိုှင်းဆုံးနေရာမှ ရှင်းအာအဖြေပေးမိသည်ကား....
"ချစ်တယ် အစ်ကိုကျူ း"
စကားသံများအဆုံးတွင် ပြည့်လျှံကျလာသော မျက်ဝန်းများမှ မျက်ရည်ကြည်များသည် ပျော်ရွှင်ခြင်း၊ မြတ်နိုးခြင်းအစရှိသည့် ချစ်ခြင်း၏အလင်္ကာများဖြင့် ဝန်းရံ၍သာ။
ထိုစဉ် ရုတ်တရတ်မဲမှောင်လာသော ကောင်းကင်ယံနှင့်အတူ ဝုန်းကနဲရွာချလာသော မိုးရေစက်များသည် ချစ်သူနှစ်ဦး၏ ချစ်ခြင်းကိုဂုဏ်ပြုနေသည့်သဖွယ် ချူအန်းမြို့ကို လွှမ်းခြုံလို့..........❤
နဂါးနက်သည်လည်း ကျိန်စာမှ လွတ်မြောက်သွားပြီဖြစ်သလို ပေ့သခင်လေးသည်လည်း သူ၏တာဝန်ကို ကျေပွန်ခဲ့လေပြီ........❤
________Dragon's Bridegroom_________
ကျွန်းငယ်လေးကို ဝန်းရံထားတဲ့ ရေကြည်လေးတွေကပြောတယ်။ 'နဂါးငယ်လေးဟာ အသက်နှစ်ဆယ်ပြည့်တဲ့နေ့မှာ သေဆုံးရမယ်'တဲ့။
ကျွန်းပေါ်က သစ်ပင်လေးတွေက ပြောတယ်။ 'နဂါးငယ်လေးဟာ သူ့ဘဝကို အထီးကျန်စွာနဲ့ရှင်သန်ရမယ်'တဲ့။
သစ်ပင်တွေပေါ် ခိုနားနေတဲ့ ငှက်လေးတွေကပြောတယ်။ 'နဂါးနက်ဟာ သူ့ဘဝကို လွမ်းဆွေးမှုတွေနဲ့ ဖြတ်သန်းရမယ်'တဲ့။
ထိုစကားတွေကို ကြားခဲ့တုန်းက ကိုးနှစ်အရွယ် နဂါးငယ်လေးဟာ ငိုပြီးပြောခဲ့တယ်။ 'သူဟာ ကြင်ယာတော်ကြောင့် အသက်ရှည်ရှည်နေရမှာ'တဲ့။
အချိန်ကာလတွေကြာပြီးနောက် ရေကြည်တွေဟာ တခြားနေရာကို စီးဆင်းသွားတယ်။ သစ်ပင်တွေဟာလည်း အကိုင်းအခတ်တွေကြွေကျပြီး အိုမင်းလာတယ်။ ငှက်ငယ်လေးတွေဟာလည်း ရပ်ခြားနေရာတွေကို အသိုက်ပြောင်းသွားတယ်။ ကျွန်းပေါ်မှာပဲ ကြီးပြင်းလာတဲ့ နဂါးငယ်လေးကတော့ လွန်ခဲ့တဲ့ဆယ့်တစ်နှစ်က စကားအတိုင်း ထပ်မံပြောလာတာက.... 'သူဟာ ကြင်ယာတော်ကြောင့် အသက်ရှည်ရှည်နေနေရပြီ'တဲ့။
အမှန်တကယ်တော့ ရေကြည်လေးတွေ၊ သစ်ပင်လေးတွေ၊ ငှက်ငယ်လေးတွေပြောတာလည်းမမှားပါဘူး။
နဂါးငယ်လေးဟာ သူ့ဘဝကို အထီးကျန်စွာနဲ့ ရှင်သန်ခဲ့ရတယ်..... အတိုင်းအတာတစ်ခုအထိပေါ့။
နဂါးနက်ဟာ သူ့ဘဝကို လွမ်းဆွေးမှုတွေနဲ့ ဖြတ်သန်းခဲ့ရတယ်....ချစ်ရသူနဲ့ဝေးကွာခဲ့ရစဉ်ကာလမှာပေါ့။
နဂါးငယ်လေးဟာ အသက်နှစ်ဆယ်ပြည့်တဲ့နေ့မှာ သေဆုံးခဲ့ရတယ်.....ချစ်ရသူရဲ့အချစ်စစ်နဲ့ပြန်ရှင်ထခွင့်ရခဲ့တာကလွဲလို့ပေါ့။
အမှန်တကယ်တော့ နဂါးနက်ငယ်လေးဟာ အထီးကျန်ခြင်း၊ လွမ်းဆွတ်ခြင်းစတဲ့ ဝေဒနာပေါင်းများစွာကိုခံစားပြီး သက်တော်နှစ်ဆယ်မှာကံကုန်ခဲ့ရပေမယ့် သူ့ရဲ့ကြင်ယာတော်လေးကြောင့် သူ့ရဲ့ဘဝကိုဆက်လက်ရှင်သန်ခွင့်ရခဲ့တာပေါ့။
မိုးနတ်မင်းဟာ Yinနဲ့Yangကို မွေးဖွားစကတည်း သတ်မှတ်ပေးပြီးသားပေမယ့် ထိုက်တန်မှုရှိမရှိ စမ်းသပ်မှုတွေပြုပြီးနောက်မှ တွဲလက်မြဲခွင့်ပြုသည်မှာ ယေဘုယျပင် ဖြစ်လေရဲ့။
________THE END__________
စာရေးသူသည် စာစရေးကာစဖြစ်သည့်အတွက် လိုအပ်ချက်များ၊ လွဲမှားခဲ့သည်များ ရှိခဲ့သော် Feedback တွင် ထောက်ပြလို့ရပါကြောင်း🙆❤
ချစ်ခင်လေးစားစွာဖြင့်......(Kunn❤)

Коментарі