Unicode
Zawgyi
Unicode
ရည်းစားမထားဖူးသေးရင်အသက်ဘယ်လောက်ပဲကြီးကြီး ကလေးလေးပဲလို့အဘွားကပြောဖူးတယ်။
၁၇နှစ်အရွယ်မှာ အသက်၆လကျော်ကွာတဲ့ကောင်မလေးကိုချစ်မိသွားတဲ့သူက တစ်သက်လုံးကလေးလေးလုပ်ပြီး
အဲ့ဒိကောင်မလေးနောက်တကောက်ကောက်လိုက်နေချင်ခဲ့တော့တာပါပဲ။

လိင်တူချစ်သူတွေကိုအပြင်မှာတွေ့ဖူးတဲ့သူကကိုယ်တိုင်ကြုံလာရတဲ့အခါ
ဒါဟာပထမဆုံးရင်ခုန်သံ ဒါဟာပထမဆုံးအချစ်ပါလားလို့ပြုံးပြုံးကြီးလက်ခံခဲ့တယ်။
မိန်းကလေး ယောကျာ်းလေးကွဲပြားမှုတွေကိုလျစ်လျူရှုလို့ သူ့နှလုံးသားလေးကသွားစွယ်လေးတွေမှာအပြီးတိုင်ငြိတွယ်သွားခဲ့တယ်။
မျက်မှန်အောက်ကမျက်လုံးတွေကိုသူအပိုင်သိမ်းထားခွင့်မရှိပေမဲ့ ပြုံးယောင်သန်းတဲ့
အကြည့်လှလှလေးတွေကိုတော့
သူ့သက်တမ်းတစ်လျှောက်လုံးစာလိုချင်ခဲ့တယ်။
သူ့နာမည်ကိုခေါ်တဲ့အခါ ဖြစ်တည်လာတဲ့နွေးထွေးမှုက ဒီကောင်မလေးကိုမြတ်နိုးမိဖို့အတွက်သေချာစေခဲ့ပြီ။

"​စောရိပ်.... ခင်သော့်ရဲ့ရင်ခုန်ဖက်လူဖြစ်ပေးနိုင်မလား''

မတောက်တခေါက် ဝတ္ထုလေးတွေဖတ်တတ်တဲ့သူက ဒီလိုပဲချစ်ခွင့်ပန်ခဲ့တယ်။

ရှက်တတ်တဲ့ကောင်မလေးကသူ့ခံစားချက်တွေကိုလိမ်ညာဖွင့်ဟလာရင် သူ့ဘက်ကဇွဲမလျှော့ဖို့ကြိုပြင်ဆင်ထားပြီးသားဖြစ်သည်။
မြတ်နိုးရတဲ့ကောင်မလေးက အဖိုးတန်​လေးမို့ ဆန္ဒရှိသလောက်မူခွင့်ရှိသည်။

..................

"ဟဲ့ ခင်သော်...မနေ့ကအဆင်ပြေလား''

မနက်ခင်းအစောကြီးအခန်းကူးလာကာမေးနေတဲ့သူငယ်ချင်းမနှစ်ယောက်က သိချင်စိတ်တွေကိုတော်တော်မြိုသိပ်ထားခဲ့ပုံရသည်။
အခန်းဖော်မရှိလို့သာတော်တော့သည်။
မဟုတ်ရင်အဆောင်မှူးဆီတိုင်ခံရဖို့ကသိပ်မလိုတော့။

"ယွန်းကလည်း သူအီးမှန်ထားတဲ့မျက်နှာကြီးနဲ့အိပ်ယာထဲကမထတာကိုမေးနေစရာလိုသေးလား''

ဒဲ့ထိုးပြောတတ်တဲ့ယမင်းကခင်သော့်ကိုဖဲ့လေပြီ။အစပိုင်းတွေတုန်းကအတူတူဝိုင်းဝမ်းနည်းပေးသလောက် ကြာလာတော့အရည်ထူသွားပုံရသည်။
ခင်သော်ခြုံထားတဲ့စောင်ကိုဆွဲလှန်ပြီး လူကိုလည်းကုတင်ပေါ်ကနေဆွဲထူတော့သည်။

"ကဲကဲ ..၁၁ခါမြောက်ငြင်းခံရတဲ့ကောင်မလေး ၁၂ခါအတွက်အားရှိအောင်
မုန့်သွားစားမယ် ထ''

သူများတွေလိုဆက်မလိုက်နဲ့ဘာညာပြောမနေတော့။ ပြောလည်းလက်မခံတဲ့ဒီအကြောတင်းအရည်ထူက မွေးကတည်းကရှက်ကြောမှားဖြတ်မိပုံပင်။
သာမန်လူဆိုတစ်ခါနှစ်ခါငြင်းရုံနဲ့လက်လျှော့လောက်ပေမဲ့ ဒီကောင်မလေးကတော့ ၃နှစ်လုံးလုံးတကောက်ကောက်လိုက်ခဲ့သည်။

ငိုချင်ရက်လက်တို့ဆိုသလို မုန့်ဆိုင်မှာထိုင်နေတဲ့စောရိပ်နဲ့တည့်တည့်တိုးတော့သည်။
သူတို့ကိုမြင်ပုံမရတဲ့ စောရိပ်ကသူငယ်ချင်းတွေနဲ့စကားအပြောမပြတ်။
ခေါင်းငိုက်စိုက်နဲ့အသေကြီးလိုလိုက်လာတဲ့ ခင်သော်က ချက်ချင်းပဲမုန့်ဆိုင်ထဲကနေလှည့်ထွက်သွားသည်။

"ဟဲ့ ယမင်း....ဒီတစ်ခါခင်သော်အသည်းကွဲတာနည်းနည်းပိုဆိုးနေသလိုပဲ''

"OMG!!! မဟုတ်မှလွဲ''

တစ်ယောက်မျက်နှာတစ်ယောက်တအံ့တသြကြည့်ရင်း ပြိုင်တူထအော်တော့သည်။

"ဟိုအစ်ကိုကြီးနဲ့ရည်းစားဖြစ်သွားပြီလား''

"အာ မဟုတ်လောက်ပါဘူး။
မဟုတ်ပါဘူး။''

စောရိပ်ဆိုတာသူတို့ထက်တစ်နှစ်ကြီးတဲ့
မေဂျာတူစီနီယာ...
ဒီကျောင်းကိုပထမဆုံးလာတက်တဲ့နေ့မှာ
မျက်နှာကြီးရဲပြီး တစ်ယောက်ထဲပြန်လာတဲ့ခင်သော်က သူရင်ခုန်ဖူးပြီလို့ပြောတော့ ကြောင်များသွားပြီလားလို့တွေးခဲ့ဖူးတယ်။
ငယ်ငယ်ကတည်းကအစွဲလမ်းကြီးတဲ့သူက စောရိပ်နဲ့ရင်းနှီးဖို့ မျိုးစုံကြိုးပမ်းရင်းနောက်ဆုံးမှာ
''ကျမတို့က မဖြစ်နိုင်ပါဘူးရှင်''ဆိုတဲ့
အငြင်းစကားကိုပဲအကြိမ်ကြိမ်ရခဲ့တယ်။

စောရိပ်အမြင်မှာသူက ညီမလေးတစ်ယောက်ထက်မပိုခဲ့။
အကြိမ်ရေများလာတဲ့အခါမှာ ခင်သော်ကအကြောင်းအရင်းကိုမေးခဲ့တယ်။
သူတို့မဖြစ်နိုင်ရတဲ့အကြောင်းအရင်းတစ်ခုခုပေါ့။

အချစ်ကြီးတဲ့ ခင်သော်ကသိပ်ချစ်တတ်တဲ့ကောင်မလေးကိုမှစွဲလမ်းမိခဲ့တယ်.....

အထက်တန်းကတည်းကသဘောကျရတဲ့အစ်ကိုကြီးရှိတာမို့ သူခင်သော့်ကိုဒိထက်ပို
အဆင့်မတက်နိုင်တော့တဲ့အကြောင်းအပြုံးလေးနဲ့ခပ်အေးအေးငြင်းခဲ့တယ်။
ခင်သော်ဟာမျက်နှာတောင်မမြင်ဖူးတဲ့လူတစ်ယောက်ကိုအကြိမ်ပေါင်းများစွာရှုံးခဲ့တယ်။

"စောရိပ်ကိုသဘောကျတာတောင်မဟုတ်ဘဲ စောရိပ်ကိုယ်တိုင်ကချစ်နေတဲ့လူကိုငါဘယ်လိုများ
ပြိုင်နိုင်ပါ့မလဲ''လို့ပြောခဲ့တယ်။

နောက်နေ့ရောက်တော့...

''ငါကစောရိပ်နဲ့ပိုအနေနီးတော့ ငါ့ကိုချစ်လာနိုင်တာပဲ''လို့အားတင်းပြန်တယ်။

စောရိပ်နဲ့ပက်သက်လာရင်
သူ့ယုံကြည်မှုတွေကပျောက်သွားလိုက်၊
တစ်စစီဖြစ်နေတဲ့ယုံကြည်မှုတွေကိုကိုယ်တိုင်ပဲပြန်တည်ဆောက်လိုက်နဲ့ သုံးနှစ်လုံးလုံးတောင့်ခံခဲ့တယ်။

..............

အချိန်တွေကသိပ်ကိုအကုန်မြန်လွန်းတယ်။ဒုတိယနှစ်ဝက်စာမေးပွဲကြီးကနီးလာနေပြီ။
ဒီနှစ်ကုန်ရင်ကျောင်းပြီးတော့မယ့်စောရိပ်နဲ့တွေ့ရဖို့အချိန်တွေကလည်းဘယ်လောက်မှမကျန်တော့ဘူး။
ဒီလိုနောက်ဆုံးအချိန်ထိသူဘာလုပ်ရမလဲမတွေးနိုင်.....
သူဘာကိုမှမဆုံးဖြတ်နိုင်....

တစ်နှစ်လုံးလုံးသူကသာပူလောင်ပြီးရင်ကွဲနာကျနေပေမယ့် စောရိပ်ကတော့အရင်လိုပြုံးပြုံးလေးနဲ့အေးချမ်းနေတုန်းပဲ။
စောရိပ်ကိုချစ်ခဲ့မိတဲ့သုံးနှစ်လုံးမှာ
ဝမ်းနည်းစရာတွေ၊ပျော်ရွှင်စရာတွေ၊နောက်ပြီး.... ထင်ယောင်ထင်မှားဖြစ်စေခဲ့တဲ့ကြည်နူးမှုလေးတွေနဲ့ပြည့်နေတယ်။
လက်လျှော့လိုက်တော့ဖို့စဥ်းစားခဲ့တဲ့အချိန်တိုင်းမှာ စောရိပ်ရဲ့နာမည်ခေါ်သံလေးတစ်ခုကတောင်ရှေ့ဆက်တိုးဖို့ခွန်အားတွေပေးနေသလိုပဲ.....

သူဒီမိန်းကလေးကိုလက်မလွှတ်ချင်....
စောရိပ်ရွေးချယ်လိုက်တဲ့လူက
စောရိပ်အပေါ်သူ့လိုချစ်ပေးနိုင်ပါ့မလားလို့တွေးမိတဲ့အချိန်တိုင်းက သူ့ကိုယောက်ယက်ခတ်စေပြီးဒီမိန်းကလေးကိုတိတ်တိတ်လေးအပိုင်သိမ်းထားချင်မိတဲ့ထိဖြစ်စေတယ်.......

ပိုင်လည်းမပိုင်နိုင် ဆိုင်လည်းမဆိုင်နိုင်တဲ့
အဆင့်မှာတောင်သူဟာစောရိပ်ကိုဒီလိုပဲနှမြောနေမိတယ်......

......................

စာမေးပွဲရက်တွေကတဖြည်းဖြည်းနဲ့ကုန်တော့မယ်။
အရင်နှစ်တွေမှာလည်းဒီလိုအချိန်ဆို
သူသိပ်ပျော်မနေတတ်ပေမဲ့ ဒီနှစ်ကတော့
ထူးထူးခြားခြားပိုဝမ်းနည်းနေတယ်။

နေ့လယ်တုန်းကစာမေးပွဲခန်းကအထွက်
"ခင်သော်လေး ဖြေနိုင်တယ်မလား''
လို့မေးလာတဲ့စောရိပ်ကို အဲ့ဒိနေရာမှာပဲ
လက်သွယ်သွယ်လေးတွေကိုဆုပ်ကိုင်လို့
သူ့ကိုပြန်ချစ်ပေးဖို့အတင်းအကျပ်
တောင်းဆို​ပစ်လိုက်ချင်မိတယ်။

တကယ်တမ်းလက်တွေ့မှာတော့....
''ဒါပေါ့...စောရိပ်ရဲ့ခင်သော်လေးပဲလေ
ဖြေနိုင်တာပေါ့''
လို့ခပ်နောက်နောက်ပြောရင်းထွက်လာခဲ့မိတယ်။

ဘယ်လိုလုပ်ကြမလဲ....
စောရိပ်မချစ်တာသေချာနေပေမဲ့
စိတ်ထဲက ချစ်တယ်လို့ထင်နေတုန်းပဲ.......

..............

စာမေးပွဲခန်းကအထွက်မှာ ခင်သော့်
တစ်ကိုယ်လုံးချွေးစေးတွေပြန်နေတယ်။
ဗိုက်ထဲကထိုးအောင့်နေတဲ့ခံစားချက်ရော၊
ခြေထောက်တွေကရပ်ဖို့တောင်ခဲယဥ်းလောက်တဲ့ထိကိုက်နေတာတွေရောက
ပေါင်းပြီးနှိပ်စက်နေခဲ့တာသုံးနာရီလုံးလုံးပဲ။

နောက်ဘဝများတော့သေတောင်
မိန်းကလေးမလုပ်တော့ပါ။
ဒါကသူ့ရဲ့တစ်လတစ်ခါမကျေမနပ်
ရေရွတ်နေကျစကား.....

"ခင်သော်''

နောက်ဘက်ကလာတဲ့အသံကြောင့်
ကျောကမတ်ခနဲ။
သူ့ရဲ့အရင်လိုပျော်ပျော်နေတတ်တဲ့အပြုံးကိုဖန်တီးယူရင်းလှည့်ကြည့်လိုက်ပေမဲ့
လျှင်လွန်းတဲ့စောရိပ်ကဘာဖြစ်နေလဲချက်ချင်းပဲဖမ်းမိသွားခဲ့တယ်။

"ခင်သော် ဗိုက်အောင့်နေတာလား။
ဆေးရောသောက်ပြီးပြီလား။
သူငယ်ချင်းတွေရောမပါဘူးလား။
လာ..အစ်မလိုက်ပို့ပေးမယ် ''

"ရတယ် စောရိပ် .....ကိုယ့်ဘာသာပြန်လိုက်မယ်။ဒီလကနည်းနည်းအစားအသောက်
မဆင်ခြင်မိလို့ဖြစ်သွားတာ။
စာမေးပွဲချိန်နီးနေပြီ သွားတော့.....''

"အင်း.....အချိန်ကလိုပါသေးတယ်။
အရင်ဆုံးလိုက်ပို့ပေးမယ်လေ...နော်....''

သူမငြင်းချင်တော့....

ဘယ်လောက်မှမကျန်တော့တဲ့
အတူရှိရမဲ့ရက်တွေမှာရသမျှ
ဂရုစိုက်ကြင်နာမှုတွေကို
သိမ်းကြုံးယူပစ်လိုက်ဖို့ပဲ ဆန္ဒရှိတော့တယ်။
သူ့ကိုထိုင်ခုံမှာထိုင်ခိုင်းထားပြီးသူငယ်ချင်းတစ်ယောက်ဆီကနေဆိုင်ကယ်ငှားဖို့ထွက်သွားတော့ ချက်ချင်းပဲပြန်ရောက်လာခဲ့တယ်။
စောရိပ်မောင်းတဲ့ဆိုင်ကယ်နောက်ကနေ
ထိုင်စီးရင်း သူချစ်ရတဲ့ကောင်မလေးက
လူချစ်လူခင်ပေါပြီး အပေါင်းအသင်းတွေကြားမျက်နှာပွင့်တဲ့သူလေးဖြစ်နေတော့
ဘာရယ်မဟုတ်ကြည်နူးမိပြန်တယ်။

အဆောင်ကိုရောက်တော့ မုန့်ကျွေး၊
ဆေးတိုက် အားလုံးကိုခပ်မြန်မြန်ပဲလုပ်ပေးပြီးပြန်ထွက်သွားတယ်။
စာမေးပွဲဖြေပြီးလို့ပြန်လာရင် ဆေးလိမ်းပေးမယ်လို့ပြောသွားတော့ သူ့စိတ်ထဲဆုတောင်းနေမိတာက၃နာရီမြန်မြန်ထိုးဖို့ပဲ။

သူစောင့်နေရင်းဆေးရှိန်ကြောင့်အိပ်ပျော်သွားတဲ့ခနမှာ ညနေ၃နာရီခွဲနေခဲ့ပြီ။
ခနကြာတော့အခန်းထဲကိုခြေသံခပ်ဖွဖွနင်းရင်းဝင်လာတဲ့ စောရိပ်.....

သူ့နဖူးပေါ်လက်ဖဝါးနုနုလေးနဲ့
အသားစမ်းရင်း
"မဖျားလို့တော်သေးတာပေါ့''လို့
ခပ်တိုးတိုးရေရွတ်​သေးတယ်။

ဘုရားရေ....ဒီမိန်းကလေးက
သူ့ကိုတစ်ဘဝလုံးဒီလိုဂရုစိုက်ပေးဖို့
စိတ်ကူးရှိနေတာလား?

"သက်သာသွားပြီဆေးသောက်လိုက်တာ''

"အင်း....ခုမိုးမချုပ်ခင်ရေသွားချိုးလိုက်
ဒီမှာဂျင်းပြုတ်ရည်လည်းထည့်လာတယ်။
ခနနေကျရင်ဆေးလည်းလိမ်းပေးမယ်
ရေနွေးအိတ်လည်းကပ်ပေးမယ်''

"Oki''

ရေအေးအေးနဲ့ထိတော့ ပြန်ပေါ်လာတဲ့ကိုက်ခဲမှုတွေကြောင့်ရော အပြင်ကနေမြန်မြန်လုပ်ဖို့လှမ်းအော်နေတာကြောင့်ရော
ခပ်သွက်သွက်ပဲလက်စသတ်လို့
ထွက်ခဲ့လိုက်ရတယ်။
အပြင်ရောက်တော့အကျီလက်ရှည်၊ဘောင်းဘီရှည်ကအရန်သင့်။
ခါတိုင်းလည်းဒီလိုပဲဂရုစိုက်တတ်တဲ့မိန်းကလေးပေမဲ့ ဒီနေ့ကနည်းနည်း
ပိုဂရုစိုက်ပေးနေသလိုပဲ။

ဂျင်းပြုတ်ရည်ကြိုက်တဲ့သူ့အတွက်
အချိုနည်းနည်းကဲထားတဲ့နှစ်ပန်းကန်က
ခနနဲ့ကုန်သွားတယ်။
ခြေထောက်ကိုဆေးလိမ်းပေးဖို့လုပ်တဲ့သူကိုငရဲကြီးနေပါ့မယ်ပြောပြန်တော့
အကြီးကိုတစ်ချိန်လုံးနာမည်တပ်ခေါ်နေပြီး
ဒါကျမှမထူးတော့ဘူးလို့ မျက်စောင်းလှလှလေးထိုးရင်းပြောတယ်။

ကိုယ့်ထက်အကြီးကိုနာမည်တပ်ခေါ်တာ
မယဥ်ကျေးဘူးလို့ပြောတဲ့ကောင်မလေးကို
ဒီနှစ်လုံးထဲပါတဲ့နာမည်လေးက
ခေါ်လိုက်တိုင်း ရင်အေးစေလို့ဆိုတဲ့အကြောင်း ဖောင်းဖောင်းအိအိပါးလေးတွေနစ်ဝင်သွားတဲ့ထိနမ်းပစ်ရင်းပြောပြချင်သေးတာ.....

သူ့အတွေးကိုမကြားနိုင်တဲ့ကောင်မလေးကရေနွေးအိတ်ကို အပူချိန်သေချာစမ်းပြီး
ဗိုက်ပေါ်ကိုအသာအယာတင်ပေးထားတယ်။
သူ့ကိုတစ်လတစ်ခါလွမ်းဆိပ်တက်ရအောင်များကြံနေရော့သလား....

"ဟိုအစ်ကိုကြီးနဲ့အခြေအနေကရော
ဘယ်လိုလဲ''

"ဟင် ..ဘာကိုလဲ''

"အော်...အဲ့ဒါအခုထိအဖြေမပေးရသေးဘူး''

ဘာရယ်မဟုတ် အစိုးမရတဲ့စိတ်လေးကသူ့ကြောင့်လက်မခံသေးဘဲစဥ်းစားနေတာလားလို့နယ်ကျွံတွေး​မိပြန်တယ်။

"ဘာလို့လဲ စောရိပ်ကလည်းသူဖွင့်ပြောထားတာဒီနှစ်စကတည်းကမလား။​
စောရိပ်လည်းချစ်ရက်နဲ့ အကြာကြီးစောင့်ခိုင်းထားတယ်။
ဘာတုန်း ကလဲ့စားချေနေတာလား....
အဆိုးလေး ''

"မိန်းကလေးလေ ခင်သော်ရဲ့
စဥ်းစားရမှာပေါ့
ဒါကကိုယ့်တစ်ဘဝလုံးနဲ့ဆိုင်တယ်။
ခင်သော်လေးနောက်ကျရင်နားလည်လာမှာပါ''

"နားမလည်ချင်ပါဘူးဗျာ......ခုချိန်ခါများ
စောရိပ်ကချစ်တယ်ပြောလာရင် ကပြီးတော့ကိုလက်ခံပစ်လိုက်မှာ
ဒါမှမဟုတ် တစ်ခါတည်းလက်ထပ်ကြမယ်လေ မပိုင်ဘူးလား....ဟားဟား''

"ဒီကောင်မလေးကတော့အကြီးကို
လျှောက်စနေပြန်ပြီ။
ခုနည်းနည်းသက်သာတော့ စာကျက်ချင်သေးလား။
စောင့်ပေးမယ်''

"စာလား...အဲဗရီးသင်းအစ်အိုကေပဲ
ရပြီးပြီ ထပ်မကျက်ချင်တော့ဘူး''

"အင်းအင်း....ဒါဆိုစောစောအိပ်တော့''

"ဟင်...စောစောအိပ်တော့
စောရိပ်ကပြန်သွားမှာပေါ့ ''

"အပြင်ကိုကြည့်ဦး....မပြန်တော့ဘူး
အဆောင်မှူးကိုလည်းညီမလေးနေမကောင်းလို့,လို့ပြောထားတယ်''

"ဟွန်.....တစ်ခါတည်းကောင်မလေးလို့ပြောခဲ့လိုက်ရင်ပြီးရောပေါ့''

သူ့ခေါင်းကိုမနာအောင်ခပ်ဖွဖွထုရင်း
စာထိုင်ကျက်နေတဲ့အခန်းဖော်ဘက်မေးထိုးပြတယ်။
ခင်သော့်ရဲ့အခန်းဖော်ကစိတ်ပူစရာမလို။
တစ်ချိန်လုံးစာမကျက်ဘဲအနားနီးမှ
ပေးသမျှစာ ခေါင်းထဲမောင်းသွင်းနေရလို့
ဒီလိုရက်ဆိုပတ်ဝန်းကျင်နဲ့အဆက်ပြတ်နေတတ်တယ်။
အဲ့အခါမှ သူ့ရဲ့ပေါ်မလာအတော်ကြာတဲ့ကောင်မကြီးနှစ်ယောက်ကိုလည်းသတိရမိတယ်။
စာမေးပွဲရက်ဆိုကိုယ့်အာရုံနဲ့ကိုယ်မို့အချင်းချင်းစကားတောင်မပြောဖြစ်ကြ။
သူနဲ့စောရိပ် ဒီလိုအတူရှိနေတဲ့အကြောင်းများပြောပြလိုက်ရင် အပြောင်းအလဲမြန်လွန်းတဲ့မျောက်စိတ်နဲ့ကောင်မကြီးဆိုပြီး ဝိုင်းအုပ်ကြမှာအသေအချာပဲ။

"ကဲ ...ဟိုဘက်နည်းနည်းတိုး''

"ဒီတစ်ခါအတူတူလာအိပ်ရင်
တစ်သက်လုံးအတူတူအိပ်ပေးရမှာနော်....
ဟိိဟိ ''

"ဒီကောင်မလေးပြောင်စပ်စပ်နဲ့ ''

ပါးစပ်ကလည်းပြောရင်းလက်ကလည်းတင်ပါးကိုဖတ်ခနဲ။
တော်တော်လက်သံပြောင်တာပဲ။

"အယ်....တင်ပါးကိုရိုက်တယ်
ဒီမှာအသားယူနေပါတယ်ဗျို့ ''

"ရှူး တိုးတိုးလုပ် အခန်းထဲကနေအတွဲလိုက်ကန်ထုတ်ခံနေရမယ်။

စောရိပ်ကအခန်းဖော်ကိုအသာလှည့်ကြည့်ပြီးကုတင်ပေါ်ကိုအသံမမြည်အောင်တက်လိုက်တယ်။
ကုတင်ပေါ်ရောက်လာတဲ့ခပ်ပြည့်ပြည့်ကိုယ်လုံးလေးကိုကိုယ့်အပိုင်လိုဖက်ပစ်လိုက်တော့ဘာမှတုံ့ပြန်မလာ။
တွန်းဖယ်ခြင်းလည်းမရှိသလို...
ပြန်ဖက်လာခြင်းမျိုးလည်းမရှိ...
နီးကပ်လွန်းတဲ့အကွာအဝေးကြောင့် စောရိပ်အသက်ရှူအောင့်လိုက်တာကိုတောင်သူခံစားမိနေတယ်။
ပုံမှန်လေးလှုပ်ရှားနေတဲ့ ခပ်တိုးတိုးနှလုံးခုန်သံလေးကို ရေတွက်ရင်းသူအိပ်ပျော်သွားခဲ့ပြီ။

ဒီတစ်ခါတော့ ညရောက်တိုင်းလွမ်းဆိပ်တက်ရအောင်ဖန်နေတာပါပဲ......

.............

စောရိပ်သူ့ဘေးမှာအိပ်နေတဲ့ကောင်မလေးကိုသေချာကြည့်နေမိတယ်။
သုံးနှစ်လုံးသူ့နောက်တကောက်ကောက်လိုက်နေတဲ့ကောင်မလေးကတကယ့်ကိုပြောင်စပ်စပ်ရယ်။
သူငယ်ချင်းသိပ်မများတဲ့ခင်သော်ကသူစိမ်းတွေနဲ့ဆို ဘာမှမသိတော့တဲ့ကလေးပေါက်စလိုငြိမ်ကျသွားတတ်သေးတာ။

အမှန်တိုင်းပြောရရင်သူဒီကောင်မလေးကို
အားကျတယ်။
ခင်သော့်မှာသူချစ်တဲ့သူကိုချစ်တယ်လို့
ဖွင့်ပြောရဲတဲ့သတ္တိရှိတယ်။
အငြင်းခံရရင်တောင်လက်မလျှော့ဘဲရှေ့ဆက်တိုးရဲတယ်။
သူကတော့ ဒီလိုသတ္တိမျိုးမရှိဘူး။

​ကံကောင်းတာလား ကံဆိုးတာလားမပြောတတ်ပေမဲ့
သူနှစ်တွေအကြာကြီးချစ်နေခဲ့ရတဲ့သူက
သူ့ကိုချစ်ကြောင်းဖွင့်ပြောလာခဲ့တယ်။
အဲ့ဒိအချိန် သူ့ခေါင်းထဲပေါ်လာတာက ဝမ်းနည်းနေမဲ့ကောင်မလေး.....
ဘာမှမဆိုင်ပေမဲ့လည်း စဥ်းစားပါရစေဦးလို့ပဲပြောခဲ့မိတယ်။

သူလဲလူပဲလေ...
ခင်သော့်အပေါ်စိတ်မယိုင်ဖူးဘူးလား
မေးလာရင် သေချာပေါက်စိတ်ယိုင်ဖူးတာပေါ့။
သေချာတွေးကြည့်ရင် လျှောက်ရဦးမယ့်လမ်းတွေကဝေးလွန်းတယ်။
လမ်းတိုင်းကတော့ထိခိုက်မှုတွေရှိတတ်ပေမဲ့
လူတိုင်းနာကျင်မှုနည်းမယ့်လမ်းကိုပဲ
သူရွေးချင်တယ်။
အကောင်းဆုံး,ဆုံးဖြတ်ချက်ကိုချနိုင်ဖို့ရာ
သုံးနှစ်တာကတကယ်ပဲလုံလောက်ခဲ့ပြီ။

...............

မနက်မိုးလင်းလို့သူ့ဘေးကိုကြည့်လိုက်တော့ဘယ်သူမှရှိမနေတော့ဘူး။
ဒီနေ့ကစာမေးပွဲနောက်ဆုံးနေ့ပဲ......
ဒီနေ့ပြီးရင် စောရိပ်မရှိတော့တဲ့ရက်တွေကို
သူဖြတ်သန်းရတော့မယ်။

ဒီတစ်ခါဝေးခြင်းကတစ်သက်စာဝေးခြင်းပဲ...
ဒီနေ့ကိုလွန်သွားရင် စောရိပ်ကိုရဖို့
စောရိပ်နဲ့နီးဖို့ သူကြိုးစားတော့မှာမဟုတ်ဘူး။
အားလုံးကိုမေ့ပစ်လိုက်ပြီး သူ့ရဲ့ကျန်နေသေးတဲ့လူငယ်ဘဝလေးကိုပျော်ပျော်ကြီးဆက်ဖြတ်သန်းမယ်။
ဒါကလည်းစောရိပ်ရဲ့ဆန္ဒဖြစ်မယ်လို့
သူယုံကြည်တယ်။

ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ
နာကျင်စေခြင်းမရှိပဲ လိပ်ပြာသန့်သန့်နဲ့
ပျော်ရတာကစစ်မှန်တဲ့ပျော်ရွှင်ခြင်းပဲ။

နောက်ဘဝဆိုတာတွေလည်း မတောင်းဆိုတော့ပါဘူး။
ဘယ်လိုကြိုးမျိုးနဲ့မှ မချည်နှောင်ရက်တာမို့
လွတ်လွတ်လပ်လပ်ပဲ ချစ်လိုက်ပါ........

............

သူ့အတွက်နောက်ဆုံးစာသင်နှစ်က
သိပ်မကြာလိုက်ပဲရောက်လာပြီ။
ပထမဆုံးစောရိပ်ကိုမတွေ့ရဘဲ
ဖြတ်သန်းရမယ့်စာသင်နှစ်ပေါ့။

"ခင်သော်....ခင်ခင်သော်....ခင်သော်လေးရေ''

"ဟေဟေ ''

"ဘာတွေတွေးနေတာတုန်း''

"အေး ဘာမှမဟုတ်ဘူး ပြီးရင်သွားကြမယ်''

အအေးဒဏ်က သူ့ကိုမုန့်ဖက်ထုပ်လိုအနွေးထည်ကြားထဲမြုပ်နေစေတယ်။
ဘာရယ်မဟုတ် ကျင့်သားမရသေးတဲ့စိတ်က
သူ့လိုပဲအအေးဒဏ်မခံနိုင်တဲ့စောရိပ်ကိုသတိရမိပြန်တယ်။

"ကျောင်းပြင်က အာပူလေးသွားသောက်ကြမယ် မကောင်းဘူးလား''

"ကောင်းတယ် ကောင်းတယ် ဗိုက်သားလေးနဲ့နှစ်ပွဲလောက် ငရုပ်သီးစပ်စပ်လေးကွာ''

ဘေးကနှစ်ယောက်ရဲ့စကားသံတွေကိုလည်း
သူမကြားတော့ ။
သူမြင်တာ သူ့ရှေ့မှာလမ်းလျှောက်လာနေတဲ့မိန်းကလေး။

စောရိပ်ကသူ့ဆီပြန်လာတာလား။
မဟုတ်ဘူး....
သူနဲ့တွေ့ဖို့လာတာလား။
မေးခွန်းပေါင်းများစွာတွေးနေမိပေမဲ့ ခြေထောက်တွေကကျောက်ချထားသလို
နေရာကမရွေ့။
ဘေးကနှစ်ယောက်နဲ့စောရိပ်တို့အပြန်အလှန်နှုတ်ဆက်သံကြားတော့မှ အသိစိတ်က
ပြန်ကပ်တယ်။

*လွမ်းနေတာ တကယ်အများကြီးလွမ်းနေခဲ့တာ*

"ခင်သော်လေးနေကောင်းရဲ့လား''

"အင်း ကောင်းပါတယ်
စောရိပ်ရောကျောင်းမှာဘာကိစ္စရှိလို့လဲ''

*ခင်သော့်ကိုတွေ့ဖို့လာခဲ့တာမလား*

"အော်....မနက်ဖြန်ဘွဲ့ယူဖို့အတွက်လေ''

"အော်.....''

သူနည်းနည်းလေးစိတ်ကူးယဥ်ဆန်သွားခဲ့တာပဲ။
စာမေးပွဲနောက်ဆုံးနေ့က အကုန်လုံးကိုလွှတ်ချပြီး နှုတ်မဆက်ဘဲတောင်ထွက်လာခဲ့ပြီးပြီလေ။
ဘာတွေများမျှော်လင့်နေတာလဲ။

"ဒါဆို အစ်မသွားလိုက်ဦးမယ်နော် ညီမလေးတို့ ''

"ဟုတ်''

"ဟုတ်''

သံပြိုင်နှုတ်ဆက်နေကြပေမဲ့ သူကသာအသက်ရှူနေသေးရဲ့လားတောင်မသိအောင်ငြိမ်သက်နေမိတယ်။

"ကဲ အာပူသွားသောက်မယ်ဟ
ကုန်သွားလိမ့်မယ်''

ခန....ဘေးကလူနှစ်ယောက်ကရော
သူ့ကိုအရေးမစိုက်ကြတော့ဘူးလား။
ဘာလို့စားဖို့ပဲအာရုံရောက်နေကြတာလဲ။

..........

မနက်ကတည်းက အခန်းထဲခြေချင်းလိမ်နေတဲ့နှစ်ယောက်ကိုကြည့်လို့မရတော့။
မိတ်ကပ်ပစ္စည်းတွေယူချလာပြီးပြင်ပေးနေတာကလည်း အကြောင်းအရင်းမသိရ။

"တစ်ဝိုင်းနော်''ဆိုတာပဲပြောနေကြတယ်။
လူကလကုန်ခါနီးလို့အိတ်လေးက
ဝိတ်တော်တော်ကျပြီးပိန်ကပ်နေပြီ။
ဘယ်တစ်ဝိုင်းမှလဲမကျွေးနိုင်ပါ။

"ကဲ လှသွားပြီ ဟဲဟဲ ....
မိတ်ကပ်အားတစ်ကြီးယွန်းယွန်းရဲ့
လက်စွမ်းတွေတယ်ထက်နေပါ့လား''

"ကဲ ဒါဆိုလည်းစတိုင်လစ်ကြီးယမင်းရဲ့
အလှည့်ပေါ့။
အဖြူဝမ်းဆက်လေးထုတ်ပေးထားတယ်နော်''

အဖြူဝမ်းဆက်လေးဆိုမှသတိရလို့
ကြည့်လိုက်တော့ စောရိပ်လက်ဆောင်ပေးထားတဲ့ချည်ဝမ်းဆက်လေး.....
ဒါကိုသူမဝတ်ချင်ပါ။
စောရိပ်ရှေ့မှာ ဝတ်ပြရင်သူစိတ်မပြတ်သေးတာကိုစောရိပ်သိသွားတဲ့အခါ
စိတ်ဆင်းရဲရမှာမျိုးမလိုချင်ပါ။

"တော်ပြီ အဲ့ဒါမဝတ်ချင်ဘူး''

"ဟာ ဘာလို့တုန်း''

"ဒီတိုင်းပဲ မဝတ်ချင်လို့''

"ဘာတုန်း....နင်သူ့ပေါ်စိတ်မပြတ်သေးဘူးလားခုထိ''

"မဆိုင်တာတွေ''

"မယုံပါဘူးနော် နင်သာသူ့အပေါ်ပြတ်နိုင်ရင်ဒါတွေကဘာမှအရေးစိုက်စရာမလိုဘူး''

"ငါတို့ကတော့ ငါတို့သူငယ်ချင်းလေး
သူမရှိလည်းပျော်နိုင်တယ် အရေးမစိုက်ဘူးဆိုတာပြစေချင်လို့ကြိုးစားပေးနေတာကို
နင်ကတော့....''

ယမင်းကခပ်တည်တည်နဲ့ပြောတော့
ငိုသံကြီးနဲ့ဒရမ်မာထခင်းတာက ယွန်းယွန်း။

"အေးပါ ဟုတ်ပါပြီ
တော်ပါတော့ ဝတ်ပါ့မယ် ဒီပေးအဲ့အကျီ''

သူတို့ပြင်ပေးသမျှကိုငြိမ်ခံရင်း
သူတို့ခေါ်ရာနောက်ပဲလိုက်လာခဲ့လိုက်တယ်။
ကျောင်းဝင်းထဲမှာ ဘွဲ့ဝတ်စုံတွေတကားကားနဲ့သွားလာနေကြတဲ့သူတွေ။
အတော်အတန်မြင့်လာတဲ့နေအပူရှိန်ကြောင့်ရောမိတ်ကပ်ကြောင့်ရော
လူကစိတ်အိုက်လာနေပြီ။
တွေ့ချင်တဲ့သူကိုလိုက်ရှာကြည့်တော့
ကားတစ်စီးပေါ်ကဆင်းလာသူ။
ကားတံခါးဖွင့်ပေးတာက သူ့ချစ်သူပဲဖြစ်ရမယ်။
စောရိပ်လိုသူလည်း မျက်မှန်နဲ့ပဲ။
ရုပ်ရည်သန့်ပြန့်ပြီး ကြင်နာတတ်တဲ့လူလို့
သူမှတ်ချက်ပြုလိုက်တယ်။
တစ်နည်းပြောရရင်.......
သူ့အစားကံကောင်းသွားတဲ့သူပေါ့။

ဟိုနှစ်ယောက်သူ့ကို နောက်ဆုံးတန်းကခုံတစ်ခုံမှာထားခဲ့ပြီး ဘယ်ရောက်သွားမှန်းလည်းမသိရ။
တစ်ယောက်ပြီးတစ်ယောက်စင်ပေါ်တက်သွားလိုက်ကြတာ စောရိပ်ဆိုတဲ့နာမည်လေးကြောင့်သူ့အကြည့်တွေကစင်ဘက်ကိုအပြေးအလွှား....
အနီရောင်ဝမ်းဆက်လေးက
ဖြူနုနုအသားလေးနဲ့ လိုက်လွန်းတယ်။
မျက်နှာကတော့ရင်ကျက်တဲ့အပြုံးအေးအေးလေးကြောင့် ကျက်သရေရှိနေတယ်။
ဒါလေးကသူမပိုင်နိုင်တော့တဲ့ရတနာလေးပေါ့။

သေချာတယ်....

စောရိပ်လိုရင့်ကျက်တဲ့မိန်းကလေးမျိုးက
သူ့ဘဝအတွက်အကောင်းဆုံးလူကိုရွေးချယ်နိုင်မှာပဲ......
ဘာတွေကိုတွေးပူနေတော့မှာလဲ....

စောရိပ်နေရာမှာထိုင်လိုက်တဲ့ထိ
စောင့်ကြည့်ပြီး ခန်းမထဲကနေထွက်လာခဲ့လိုက်တယ်။
လက်လွှတ်သင့်တဲ့အမှန်တရားကို
ဦးနှောက်ကလက်ခံပေမဲ့ ရင်ဘတ်ထဲကတော့လက်မခံနိုင်သေးဘူး။
သူတစ်ယောက်တည်းတိတ်တိတ်လေး
ငိုဖို့လိုနေပြီ။

........
" ခင်သော်အဆောင်ဘက်ပြန်ထွက်သွားတယ် မမ''

Messageအဆုံးမှာ သူခြေလှမ်းတွေကကျောင်းသူဆောင်ဘက်ဆီ။
စာမေးပွဲနောက်ဆုံးနေ့ကမပြောမဆိုနဲ့
ထွက်သွားတဲ့ကောင်မလေးကို
လုံးဝမဆက်သွယ်ဘဲ ပစ်ထားခဲ့တာ
ဒီကလေးမလေးသူ့ကိုတကယ်မေ့သွားမှာလည်းပူရသေးတယ်။
သူ့ရဲ့သုံးနှစ်တာအချိန်ယူခဲ့ရတဲ့ဆုံးဖြတ်ချက်ကိုပြောပြချင်လို့ ဒီနေရောက်အောင်စောင့်ခဲ့ရတာ။
သူတောင်ဒီလောက်ခံစားရတာ
ခင်သော်လေး၃နှစ်လုံးဘယ်လိုများ
သည်းခံခဲ့ပါလိမ့်။

သုံးနှစ်အကြာမှာတော့
သူချစ်တတ်သွားသလို
ကိုယ်ချင်းလည်းစာတတ်ခဲ့ပြီ......

.............

အခန်းထဲကိုဝင်လိုက်တော့ ပြတင်းပေါက်ဘက်မျက်နှာမူထားတဲ့ကောင်မလေးက
သူ့ကိုအာရုံမလာ။
ကျောပြင်ကတစ်ချက်တစ်ချက်တုန်လို့နေတယ်။
သူငိုရအောင်လုပ်လိုက်မိပြန်​ပြီပဲ။

"ခင်သော်''

"ဟင်''

သူလာမှာကိုဘယ်လိုမှမျှော်လင့်မထားပုံပဲ။

"စောရိပ်ဘာလာလုပ်တာလဲ''

"စောရိပ် ခင်သော်ဆီပြန်လာတာလားဟင်''

"ဟုတ််တယ်မလား''

မျက်ရည်ဗလပွနဲ့အဆက်မပြတ်မေးနေတဲ့ကောင်မလေးက ရိုးရှင်းလွန်းတယ်။
ခင်သော့်မှာ သူ့အပေါ်ထားတဲ့မျှော်လင့်ချက်တွေမကုန်သေးမှန်းသိလိုက်ရတော့ သူအချိန်မီသေးတာပဲ။

သူကပဲနောက်မကျသေးတာလား.........

ဒီက​လေးမလေးကပဲအကြာကြီးထပ်စောင့်နေဖို့တွေးထားတာလား....

"ကိုယ်တို့စတွေ့ခါစကမေးထားတဲ့မေးခွန်းလေးလေ ...အဲ့တာအကျုံးဝင်သေးလား
စောရိပ် ခင်သော်လေးရဲ့ရင်ခုန်ဖက်လူဖြစ်ချင်တယ်''

"ကိုယ်တဲ့လား .......ဘာကြီးတုန်း
အငယ်ဆိုပြီးလာစနေတာလား''

"ဟော.....ဒီလိုကြီးမေ့ချင်ယောင်ဆောင်တော့မှာလား ....
ဒီကလက်ထပ်ရင်ပုလဲတစ်ဆင်စာနဲ့
တင်တောင်ခိုင်းမယ်လို့ပြောတဲ့ကောင်မလေးဖို့လက်စွပ်ယူလာတာကို ''

"ဘယ်သူပြောလဲ''

"မသိပါဘူး....ဘယ်အရူးမလေးရဲ့သူငယ်ချင်းတွေမှန်းလည်းမသိဘူး။
မေးသမျှအကုန်ဖြေကြတာ''

"အင့် စွပ်ပေး''

"မစဥ်စားတော့ဘူးလား မမလေး''

"ပြောပြီးသားပဲ စောရိပ်သာချစ်တယ်ပြောလာရင်ကပြီးတော့ကိုလက်ခံမှာပါလို့ဆိုနေ''

"ခု ဒီလက်စွပ်ကခင်သော်ပိုင်တာနော်''

"ခင်​သော့်ကိုလည်း စောရိပ်ပိုင်တာနော်''

"ခင်သော်က ဟင်းလည်းမချက်တတ်ဘူး''

"ကိုယ် ချက်တတ်တယ်''

"ခင်သော်က လှလည်းမလှဘူး''

"ကိုယ်က ချောကလတ်တုံး​လေးကိုပဲပိုချစ်တာ''

"​ခင်သော့်ကိုပြန်ချစ်ပေးလို့ကျေးဇူးပါနော်''

"ကို့ယ့်ကို စောင့်နေပေးလို့လည်းကျေးဇူးပါနော်''

ရှေ့ဆက်ရင်ဆိုင်ရဦးမယ့် အခက်အခဲတွေကြုံလာတဲ့အခါ အချစ်ခံချင်တဲ့ကောင်မလေးကိုအများကြီးချစ်ပေးမယ်။
မျက်ရည်ကျစရာတွေကြုံလာခဲ့ရင် မျက်ရည်တွေကိုသုတ်​ပစ်ဖို့ သူ့ရဲ့လက်နှစ်ဖက်ကိုလည်းအပိုင်ပေးထားမယ်။

ဘယ်တုန်းကစချစ်တာလည်းဆိုပြီး
ရစ်လုံးလေးကမေးရင်
ဒီနေရာ ဒီအခန်းလေးမှာပဲ
သူ့ကိုတစ်ညလုံးသိုင်းဖက်ထားခဲ့တဲ့ကောင်မလေးက ချစ်တတ်ဖို့သတ္တိတွေပေးခဲ့တယ်လို့ မငြီးမငြူဖြေပေးမယ်။

စောရိပ်အတွက်
ပျော်ရွှင်စရာဇာတ်သိမ်းဆိုတာ
ခင်သော်ပျော်ရွှင်နေခြင်းပါပဲ.....

❤❤❤
30.10.2020
Aurora_lynx
ရင်ခုန်ဖက်လူ





























































© Aurora Lynx,
книга «ရင်ခုန်ဖက်လူ».
Коментарі