(နတ်)ဖမ်းမှော်
King Solomon
~~~~~~~~~~~~~
Solomon ဘုရင်သည် ဖန်ဆင်းရှင်၏အမှတ်အသား (ငါးထောင့်ကြယ်ပုံ)ပါသော လက်စွပ်တစ်ကွင်းကို နတ်စစ်သူကြီး Michael ထံမှရရှိခဲ့ပြီး ထိုလက်စွပ်သည် နတ်ဆိုးတို့ကို အမိန့်ပေးစေခိုင်းနိုင်ပေသည်။
Solomon သည် ထိုလက်စွပ်အစွမ်းဖြင့် နတ်ဆိုးများကိုစုစည်းထိန်းသိမ်း၍ ဘုရားကျောင်းတည်ဆောက်ရာတွင် ခိုင်းစေခဲ့သည်။
.
Abezethibou and Ephippas
~~~~~~~~~~~~~~~~~~~~~~~
Abezethibou ကောင်းကင်မှကြွေကျချိန်တွင် အခြားသောနတ်တို့က သူ၏တောင်ပံတစ်ဖက်ကို ဆွဲထားပေးကြသော်လည်း ထိန်းမထားနိုင်၍ တောင်ပံတစ်ဖက်ဆုံးရှုံးခဲ့ရပြီး အနီရောင်တောင်ပံတစ်ဖက်သာကျန်နေခဲ့ကာ နောက်ပိုင်းတွင် နတ်ဆိုးအဖြစ်နှင့် ငရဲ၌ပျော်မွေ့နေခဲ့သည်။
တမန်တော် Moses အား အရိုအသေမဲ့စေရန် Pharaoh ဘုရင်အား သွေးဆောင်ခဲ့သည်။ Abezethibou နှင့် Moses တို့ အပြန်အလှန်တိုက်ခိုက်ကြစဉ်တွင် ရေပြင်နှစ်ခြမ်းကွဲသွားသည့် ပင်လယ်နီကိုဖြတ်၍ Moses နောက်သို့ Abezethibou လိုက်သည့်အခါ Moses သည် နှစ်ခြမ်းကွဲနေသောရေပြင်ကြားမှ အက်ကြောင်းကို ရေလွှမ်းစေခဲ့သည်။ ပင်လယ်နီရေပြင်သည် နောက်မှလိုက်လာသော Abezethibou နှင့် Pharaoh ၏စစ်တပ်အပေါ်တွင် ပြန်လည်ပိတ်ကာသွားသည့်အခါ Abezethibou မှာ တိုင်လုံးကဲ့သို့သောလေဟာနယ်ထဲတွင် ပိတ်မိနေလေတော့သည်။
နောက်ဆုံးတွင် Solomon ဘုရင်စေလွှတ်လိုက်သော နတ်ဆိုး Ephippas သည် Abezethibou နှင့် ထိုလေဟာနယ်တိုင်လုံးကို ရေနက်ထဲမှဆယ်ယူ၍ ဘုရင့်ထံသို့ဆောင်ယူခဲ့သည်။ ဘုရင်က Abezethibou အမှန်ဖြစ်ကြောင်းကို အတည်ပြုပြီးနောက် Ephippas အား ကမ္ဘာဆုံးအထိ ထိုတိုင်ကိုမ,ထားစေရန် အမိန့်ပေးစေခိုင်းခဲ့သည်။
Abezethibou နှင့် Ephippas သည် ထိုတိုင်ကို လေထဲသို့ပင့်မြှောက်ထားခဲ့သည်။ Solomon ဘုရင်မှ နတ်ဆိုးနှစ်ကောင်ကိုပေါင်းသွားစေပြီး တိုင်အောက်ခြေတွင်ပိတ်ထားခဲ့တော့သည်။
ထိုတိုင်ကို ဘုရားသခင်တည်ရှိသရွေ့ ပင့်မြှောက်ထားရမည်ဖြစ်ပြီး အကယ်၍ လွတ်ကျခဲ့လျှင် ကမ္ဘာပျက်ရလိမ့်မည်ဖြစ်သည်။
°°°°°
(ဤဇာတ်လမ်းပါအကြောင်းအရာများသည် Religion နှင့်ပတ်သက်သော အချက်အလက်အချို့အပေါ် အခြေတည်၍ စိတ်ကူးယဉ်မှုတစ်ခုအနေဖြင့် ဖန်တီးပါသောကြောင့် အမှားအယွင်းတစ်စုံတစ်ခုရှိပါက သည်းခံခွင့်လွှတ်ပေးပါရန် ကြိုတင်တောင်းပန်အပ်ပါသည်။)
°°°°°
White wizard ဖြစ်သူ Shannon သည် ဂါထာအချို့ကိုစမ်းသပ်နေရာမှ နတ်ဆိုး Ephippas ကို မတော်တဆလွတ်မြောက်စေခဲ့သည်။ နတ်စစ်သူကြီးပေးသည့်လက်စွပ်နှင့် နတ်ဆိုးတို့အပေါ်လွှမ်းမိုးခဲ့သော Solomon ဘုရင်၏အစွမ်းကို ပျက်ပြယ်စေခဲ့သည့် သူ၏ဂါထာအတွက် Shannon မှာ အလွန်ဂုဏ်ယူနေမိပြီး Ephippas နှင့်ပေါင်းမိခဲ့သည်။
Ephippas သည်ကား လူ့ဘုံတွင် Angel တို့နှင့်ပတ်သက်သူတို့ကို သတ်ဖြတ်နေခဲ့ပြီး သူ၏အကြောင်းကိုရှာဖွေဖော်ထုတ်မည့် Angel ကို Shannon အကူအညီနှင့် အနမ်းမှော်သွင်းကာ လှည့်ဖျားရန်ကြိုးစားခဲ့သော်လည်း ထို Angel အပေါ်တွင် မေတ္တာသက်ဝင်မိခဲ့သည်။ နောက်ဆုံးတွင် Angel လက်ပေါ်၌ပင် အမှုန်အမွှားအဖြစ် ပြောင်းလဲပျောက်ကွယ်သွားခဲ့ရသည်။
°°°
Shannon ၏အတွေးတို့ Romeo နှင့် Julian (male version of Juliet) တို့၏အချစ်ရပ်ဝန်းသို့ ခေတ္တပြန်သွားခဲ့ပြီး ယခုအခါ ပစ္စုပ္ပန်သို့ ပြန်လည်ဆိုက်ရောက်လာလေပြီ။
မိမိကိုဖမ်းဆီးမည့် Angel ကိုမှ ချစ်မိလေသော Demon တစ်ကောင်၏အချစ်နှင့် ၎င်းတို့နှစ်ဦး၏အဖြစ်အပျက်သည် လူမသိသော ခေတ်သစ် Shakespeare ပြဇာတ်ဖြစ်ခဲ့သည်။ Demon Julian နှင့် သူ၏ Angel Romeo တို့မှာ ဇာတ်သိမ်းမလှခဲ့ကြပေ။
Shannon သည်လည်း ထိုအဖြစ်အပျက်များပြီးသည့်နောက်တွင် Wizard Village မှထွက်လာခဲ့ပြီး သာမန်လူတစ်ယောက်ကဲ့သို့သာ အေးချမ်းစွာနေထိုင်ခဲ့သည်မှာ ငါးနှစ်ကျော်လာခဲ့ပြီဖြစ်သည်။
"အခုဆို Ernest တစ်ယောက် ကောင်းကင်ဘုံမှာအဆင်ပြေနေရောပေါ့။"
Shannon တစ်ဦးတည်း မြစ်ကမ်းဘေးတွင်ထိုင်ကာ အတွေးများရွက်လွှင့်နေသည်မှာ အချိန်အတော်ကြာသွားခဲ့သည်။ အတိတ်မှအကြောင်းအရာများကို ပြန်တွေးမိစေသောတရားခံသည် နံနက်ခင်းပိုင်းကတွေ့ခဲ့ရသည့် တစ်ဦးတစ်ယောက်ကြောင့်ပင် ဖြစ်ပေလိမ့်မည်။
°°°
Shannon ယနေ့နံနက် အိပ်ရာထနောက်ကျသည့်အပြင် အိမ်တွင်လည်း စားစရာမရှိသည့်အတွက် လိုအပ်သည်တို့ကိုဝယ်ရန် Mini Mart လေးရှိရာသို့ထွက်လာခဲ့ပြီး အစားအသောက်တန်းတွင် ပစ္စည်းရွေးနေစဉ် Shannon နှင့်ခပ်လှမ်းလှမ်းတွင်လည်း လူငယ်တစ်ဦး အစားအသောက်များရွေးနေသည်ကို သတိထားမိသည်။ ခဏအကြာတွင် အခြားလူနှစ်ဦးထပ်ရောက်လာပြီး ထိုလူငယ်အား တစ်ဖက်တစ်ချက်မှ ချုပ်ကိုင်ဆွဲခေါ်လေသည်။ လူငယ်သည် တွန်းထိုးရုန်းကန်နေရာမှ ရုတ်တရက်အော်ဟစ်လာတော့သည်။
"လွှတ်၊ မလိုက်ဘူး။ ငါ့ကို ဖမ်းချုပ်ထားကြမယ့် လူဆိုးကြီးတွေ။ ဖယ်စမ်းပါ။"
လူငယ်၏အော်ဟစ်သံကြောင့် ဈေးဝယ်သူအချို့ သတိထားမိသွားကြသည်။ ထိုအခါ ဆေးရုံဝန်ထမ်းဝတ်စုံဖြင့် နောက်လူနှစ်ယောက်ထပ်ရောက်လာသည်။ ဝတ်စုံမှတံဆိပ်အရ စိတ်ကျန်းမာရေးဆေးရုံမှ ဝန်ထမ်းများဖြစ်သည်။ လူငယ်သည်လည်း ယောက်ယက်ခတ်လှုပ်ရှားနေပုံမှာ စိတ်ဝေဒနာရှင်ဟု သိသာလွန်းလှပါသည်။ ထိုလူငယ်သည် ရုန်းကန်နေရင်းမှ Shannon နှင့်မျက်နှာချင်းဆိုင်သို့လှည့်မိချိန်တွင် မျက်နှာမော့လာ၍ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် Shannon အံ့ဩသွားရသည်။
"Z"
'မဖြစ်နိုင်ဘူး။ Ephippas နဲ့အတူ Z ရဲ့ခန္ဓာကိုယ်ပါ အမှုန်တွေဖြစ်ပြီး ထာဝရပျောက်ကွယ်သွားခဲ့ပြီးသားပဲ။'
Shannon မိမိကိုယ်ကိုသတိပေးရင်း ရုန်းရင်းဆန်ခတ်ဖြစ်နေရာသို့ ပြန်ကြည့်မိသည့်အခါ စိတ်ငြိမ်ဆေးထိုးခံလိုက်ရပုံရသည့် ထိုလူငယ်သည် Shannon ကိုကြည့်နေပြီး နှုတ်ခမ်းလှုပ်ရုံသာစကားပြောလိုက်သည်။
"Save me."
ထိုသို့ပြောပြီးနောက်တွင် မျက်လုံးများမှိတ်ကျသွားတော့သည်။ ဝန်ထမ်းများမှ အနားရှိလူများကို အနှောင့်အယှက်ဖြစ်ရသည့်အတွက် တောင်းပန်ပါကြောင်း၊ လူနာလိုက်ဖမ်းခြင်းဖြစ်ကြောင်း၊ ယခုစိတ်ချရပြီဖြစ်ကြောင်းများ ရှင်းပြကာ လူငယ်ကိုသယ်၍ ထွက်သွားကြလေပြီ။
°°°
Shannon တွေးမရသည်မှာ နတ်ဆိုး Ephippas ၏လက်ခံကိုယ်ဖြစ်သော Z အမည်ရသည့်ထိုလူသားသည် လွန်ခဲ့သောငါးနှစ်ကပင် Ephippas ၏ဝိညာဉ်ပျက်စီးမှုနှင့်အတူ သူ၏ခန္ဓာကိုယ်ပါ ပြာကျပျက်စီးသွားခဲ့သည်ကို Shannon မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရပြီးဖြစ်သည်။ ယခုအခါ မိမိကို ကယ်တင်ရန်တောင်းဆိုခဲ့သည့် စိတ်ဝေဒနာရှင်သည် Z နှင့်တစ်ပုံစံတည်းဖြစ်နေသည်။ Z ဆိုသည့်လူသားမှာ နောက်ခံမိသားစုမရှိသည့် တစ်ကောင်ကြွက်တစ်ဦးဖြစ်သည်ကို မိမိအသိဆုံးပင်။ ထို့ကြောင့် နံနက်ခင်းကတွေ့ခဲ့သူမှာ Z နှင့်သွေးသားတော်စပ်သူတစ်ယောက်ဟု သံသယဝင်ရန်မှာလည်း ခက်လှပေသည်။
"မင်း ဘယ်သူလဲ။"
°
"လွှတ်၊ ငါ့ကိုလွှတ်ပေး။ အား ... ငါ့ကို အဲဒီလိုပိတ်မထားပါနဲ့။ ငါသတ်ပစ်မှာနော်၊ ဆွေစဉ်မျိုးဆက် အလွတ်မပေးဘူးမှတ်။ ငါ့ကိုလွှတ်ပေးစမ်း။"
အခန်းအတွင်း အော်ဟစ်သောင်းကျန်းနေသည့် စိတ်ချို့ယွင်းနေသူတစ်ဦး။
ဤသည်မှာ သည်နေရာ၊ သည်အရပ်တွင် မထူးဆန်းသည့်အဖြစ်အပျက်တစ်ခုသာ။
ထူးဆန်းသည်မှာ ထိုညက အော်ဟစ်သောင်းကျန်းနေသော ထိုလူနာသည် နောက်တစ်နေ့နံနက်တွင် ဆေးရုံမှ ပျောက်ခြင်းမလှပျောက်သွားခြင်းပင်။
°°°
ကောင်းကင်ဘုံသို့ရောက်လာခဲ့သည်မှာ ငါးရက်ခန့်ရှိပြီဖြစ်သော်လည်း အမည်နာမမရှိသေးသည့်နတ်ဟူ၍ တစ်ပါးတည်းသာဖြစ်နေပါသည့် Angel.
နတ်စစ်သူကြီး၏မျက်နှာသာပေးမှုကို ရရှိနေသည့်အလျောက် အနည်းငယ်ရဲတင်းလာသည့် ထို Angel သည် လူ့ဘုံကိုစူးစမ်းချင်နေသည်။
လက်ရှိအခြေအနေတွင် ဥယျာဉ်တစ်ခုအတွင်း ရောက်ရှိနေသည်။ အကြောင်းမှာ လူသားတို့သည် ဧဒင်ဥယျာဉ်မှအစပြုသည်ဟု သိထားသောကြောင့်ပင်။ ဧဒင်သည် အလွန်လှသောဥယျာဉ်တစ်ခုဖြစ်ပြီး တိတ်ဆိတ်ငြိမ်သက်နေသည်မှာ အပင်များမှလွဲ၍ သက်ရှိအရာတို့မရှိကြ၍လားဟုပင် တွေးမိသည်။
"Ernest?"
နောက်ဘက်မှအသံကြားမိ၍ လှည့်ကြည့်သည့်အခါ မည်သူမျှမရှိပါ။ မည်သူက မည်သူ့ကို ခေါ်လိုက်သည်မသိ၍ ရှေ့ဆက်သွားရန်ပြင်လိုက်သည်။
"Ernest?"
အသံသည် သူ၏ဘေးဘက်ရောက်လာသောကြောင့် ရှာကြည့်လေမှ အပင်ငယ်လေးတစ်ပင်ပေါ်တွင် အဖြူရောင်မျောက်ငယ်တစ်ကောင်။
"ဘယ်သူ့ကို ခေါ်တာလဲ။"
"အသင်"
သူ့ကိုလက်ညှိုးထိုးပြီး အသေအချာပြောလာ၍ ထပ်မံအတည်ပြုမိသည်က
"ကျုပ်က Ernest လား။"
မျောက်ငယ်က မျက်စိမှိတ်၊ ခေါင်းညိတ်ပြပြီး အပင်ပေါ်မှခုန်ဆင်းလာသည်။
သူထိုင်ချလိုက်ပြီး မျောက်ဖြူလေးကိုသေချာကြည့်ကာ
"ကျုပ်ကိုသိတာလား။"
ခေါင်းညိတ်ပြပြန်သည်။
"ဘယ်သူလဲ။"
"Angel."
"အဲဒါတော့သိတယ်လေ။ ကျုပ်မှာ နာမည်တောင်မရှိဘူး။ ကျုပ်အကြောင်းသိရင် ပြောပြပါ။"
"Ernest."
"ကျုပ်နာမည်က Ernest. ဟုတ်ပြီ၊ အရင်က ကျုပ်ဘာတွေလုပ်လဲ။ ထင်တာတော့ ကျုပ်က အခုမှနတ်ဖြစ်ခါစတော့ မဟုတ်ဘူး။ ဒါပေမဲ့ ကျုပ်ကိုကျုပ်လည်း မသိဘူး။"
မျောက်ဖြူလေး ခေါင်းကုပ်ရင်းတွေးနေပေသည်။
"လူ့ဘုံ"
မျောက်ငယ်၏စကားပြောနိုင်စွမ်းသည် အကန့်အသတ်ရှိဟန်တူပြီး ယခုလည်း လက်ညှိုးကိုအောက်စိုက်၍ ပြောနေပြန်သည်။
"ကျုပ်က လူ့ဘုံကိုရောက်ဖူးတာလား။"
ခေါင်းညိတ်ပြသည်။
"နတ်ပြည်"
"ပြီးတော့ ဒီကိုပြန်ရောက်လာတယ်ပေါ့။ လူ့ဘုံကိုမသွားခင်က ကျုပ်က ကောင်းကင်ဘုံမှာပဲနေတာပေါ့။ ဒါဆို ကျုပ်ဘာမှမသိတော့တာ လူ့ဘုံမှာ ဘာဖြစ်ခဲ့လို့လဲ။"
"နတ်ဆိုး၊ သေခြင်း။"
ပြောနေရာမှ တစ်စုံတစ်ခုကိုစိုးရိမ်သွားဟန်နှင့် ခေါင်းခါရမ်း၍ ပြေးထွက်သွားလေသည်။ သူက လျင်မြန်စွာဖမ်းဆွဲထားလိုက်ပြီး
"ပြောပြပါဦး။"
ခေါင်းခါရမ်းပြီး ရုန်းထွက်နေသည်။ သူအတင်းဆွဲထားသောကြောင့် ရုန်းနေရာမှရပ်ကာ
"Agatha."
"Agatha က ဘယ်သူလဲ။"
"လက်နက်"
ပြောပြီး ထွက်သွားရန်လက်ဟန်ပြလေသည်။
"Agatha ဆီသွားရမှာလား။"
ခေါင်းညိတ်ပြလာ၍ လွှတ်ပေးလိုက်သည့်အခါ အပင်များကြားသို့ တိုးဝင်ပျောက်ကွယ်သွားလေတော့သည်။
"Agatha တဲ့။ လက်နက်တဲ့။ ရင်းနှီးနေသလိုပဲ။"
ဧဒင်မှထွက်လာပြီး Ernest အတွေးများနေခဲ့လေသည်။
"ကျုပ်က Ernest. ပြီးတော့ Agatha ကိုရှာရမယ်။"
Ernest တွေးသည်က လက်နက်ပစ္စည်းတစ်ခုကိုရှာရန်ဖြစ်၍ လူ့ပြည်သို့ဆင်းရန်သာ ဦးတည်နေမိသည်။ နောက်ဆုံးတွင်တော့ နတ်တံခါးဝမှ Ernest ခိုးထွက်ခဲ့တော့သည်။
°°°
လူ့ဘုံတွင်နေရန် Angel အတွက် လက်ခံကိုယ်တစ်ခုရှိရန်လိုသည်။ ထို့ကြောင့် လက်ခံကိုယ်ရှာရမည်။ လက်ရှိရောက်နေသည့်နေရာမှာ စာသင်ကျောင်းပျက်တစ်ခုတွင်ဖြစ်သည်။ ဤနေရာမှတံခါးတစ်ချပ်တွင် ကောင်းကင်ဘုံတံခါးဝရှိနေသည်ဟု မည်သူကထင်မည်နည်း။
Ernest လက်ခံကိုယ်ရှာရန်ထွက်လာစဉ် လူပြတ်သည့်ထိုလမ်းသွယ်အတွင်းသို့ လူတစ်ဦးပြေးဝင်လာလေသည်။ ခပ်လှမ်းလှမ်းမှလည်း နောက်ထပ်လူတစ်ဦး ပြေးလိုက်လာကာ
"ဟေ့ကောင်၊ မင်းရပ်လိုက်။"
ရှေ့မှပြေးလာသူ Ernest အနားသို့နီးလာသည့်အခါ နောက်မှလူက လှမ်းအော်လာသည်မှာ
"အဲဒီလူကိုဖမ်းထား။"
အနားရောက်လာသည့်လူ၏လက်တွင် ပိုက်ဆံအိတ်အခေါက်လေးကိုတွေ့ရ၍ အလစ်သုတ်လာသည်ဟု Ernest သဘောပေါက်လိုက်ကာ ထိုလူချော်လဲစေရန် လုပ်ပေးလိုက်သည်။ လဲကျသွားစဉ်လွတ်ကျသွားသော ပိုက်ဆံအိတ်ကိုလည်း Ernest က ခပ်လှမ်းလှမ်းကိုရွေ့စေလိုက်သေးသည်။ အလစ်သမားမှာ ပိုက်ဆံအိတ်ကိုပြန်ကောက်ရန် အချိန်မရတော့ဘဲ ထပြေးရပေတော့သည်။
နောက်မှလိုက်လာသူက ပိုက်ဆံအိတ်ကိုကောက်ယူလိုက်ပြီး
"တော်သေးတာပေါ့။ ဘယ်လိုလုပ်လိုက်လို့ အဲဒီကောင်ချော်လဲတာလဲ။"
Ernest ကိုကြည့်ကာမေးလာသည့် ထိုလူသားကြောင့်
"မြင်နေတာလား။ မဖြစ်နိုင်တာ။"
"မြင်တယ်လေ။ မင်းကူညီတာဆိုရင် ကျေးဇူးတင်ပါတယ်။"
Ernest တစ်ယောက်တည်းရေရွတ်လိုက်သော်လည်း ထိုလူသားကပြန်ဖြေလာသည့်အခါ Ernest နားမလည်နိုင်ဖြစ်ရချေပြီ။ သာမန်လူသားတစ်ဦးက လက်ခံကိုယ်မရသေးသည့်နတ်ကို မြင်နိုင်သည်မှာ မဖြစ်နိုင်ပေ။ မြင်နေသည်ဆိုလျှင် မည်သည့်ပုံစံမျိုးကို မြင်နေပါသနည်း။
"မင်း ကျုပ်ကိုမြင်တာလား။"
"အင်းလေ၊ ဘာဖြစ်လို့လဲ။"
"ကျုပ်ကိုသေချာကြည့်စမ်း။"
နားမလည်နိုင်သကဲ့သို့ Ernest ကိုစိုက်ကြည့်လာသည့် ထိုလူသား။ သူ၏မျက်ဝန်းများတွင်လည်း Ernest ၏ပုံရိပ်ထင်မနေပါ။ သို့သော် ထိုလူသား၏မျက်ဝန်းထဲတွင် အခြားပုံရိပ်တစ်ခုကို ရုတ်တရက်မြင်လိုက်ရသည်။ မီးရောင်စုံများ၊ လူများကြားမှ တိုးထွက်လာသူတစ်ဦး။ ထိုသူ၏ပတ်ဝန်းကျင်မှ Angel grace.
"အဲဒါ ကျုပ်လား။"
"ဘာကိုလဲ။ နေဦး၊ မင်း ... သေသွားပြီလား။ ဟိုကောင်က လမ်းရှင်းရှင်းကြီးမှာ ချော်လဲတယ်။ အိတ်က ဟိုဘက်လွင့်သွားတယ်။ ပြီးတော့ သူက မင်းကိုမြင်ပုံမပေါ်ဘူး။ နောက်ပြီး မင်းမှာအရိပ်မရှိဘူး။"
"မင်းကရော ဘာလို့မြင်တာလဲ။"
"ဝိညာဉ်တွေကို မြင်နိုင်နေတာပါ။"
"ဪ ... ကျုပ်က ခန္ဓာကိုယ်ရှာနေတာ။"
"အာ ... မြောနေတာလား။ မင်းက ဘာကိုမှမမှတ်မိဘူးလား။"
ထိုလူသားက သူ၏အထင်နှင့်မှတ်ချက်ပြုလေသည်။
"ကျုပ်မသိဘူး။ မှတ်မိတာတော့ ငါးရက်စာပဲရှိတယ်။ နာမည်တောင် ဒီနေ့မှသိတာ။"
"ဘယ်သူတဲ့လဲ။"
"Ernest."
"ငါ့နာမည်က Z တစ်လုံးတည်းပဲ။ မိသားစုမရှိဘူး။ မသိတာဆို ပိုမှန်မယ်။ ငါသိတာက ငါအကြာကြီးအိပ်ပျော်နေသလိုဖြစ်ပြီး ပြန်နိုးလာတော့ ဆေးရုံမှာ။ ဆေးသုတ်နေရင်း လှေကားပေါ်ကပြုတ်ကျတယ်လို့ ပြောတယ်။ နောက်တော့ ငါ့နာမည်က Z တဲ့။ မိဘမဲ့၊ တစ်ကောင်ကြွက်၊ အိမ်ငှားနေပြီး ကျပန်းလုပ်စားတယ်တဲ့။ ဒါတွေပြောပြပေးတာက ငါ့သူငယ်ချင်း Mac. သူလည်းငါ့လိုပဲ တစ်ကောင်ကြွက်။ အဲဒီလိုနေလာတာ သုံးနှစ်ရှိပြီ။"
"ဒါဆို မင်းက လွန်ခဲ့တဲ့သုံးနှစ်ကျော်ကအကြောင်းတွေ ဘာမှမသိဘူးပေါ့။"
"အင်း။ ဒီနေ့အလုပ်လေးတစ်ခု အဆင်ပြေလာတာ။ အဲဒါကို ပိုက်ဆံအိတ်အလုခံရတော့မလို့၊ ကံကောင်းလို့။ မရှိမဲ့ရှိမဲ့လေးကို။"
မှတ်ဉာဏ်အရ Angel သက်တမ်းငါးရက်သာရှိသည့် Ernest နှင့် လူ့သက်တမ်းသုံးနှစ်သာရှိသည့် Z.
လက်ခံကိုယ်မရသေး၍ အကောင်အထည်မရှိသော Ernest နှင့် နာမ်ဝိညာဉ်များကိုမြင်နိုင်သူ Z.
°
Z နှင့်လမ်းခွဲထွက်လာပြီး Ernest ရောက်ရာပေါက်ရာသွားရင်း Agatha ဆိုသည့်လက်နက်အကြောင်းကို စုံစမ်းရန်အတွေးပေါ်လာသည်။ သို့သော် မည်သူ့ကိုမေးရမည်မသိ။ တစ်နေကုန်၍ မိုးချုပ်သွားသည့်အခါ အထပ်မြင့်အဆောက်အဦတစ်ခု၏ ခေါင်မိုးပေါ်တွင်တက်ထိုင်ရင်း မြို့ကို အပေါ်စီးမှကြည့်နေမိသည်။
"သူတို့တစ်ရက်ကလည်း မြန်လိုက်တာ။ ဘာမှတောင်မလုပ်ရသေးဘူး။"
.
စားသောက်ဆိုင်တစ်ဆိုင်တွင် Z ညစာစားနေစဉ် ပြန်တော့မည့်ဧည့်သည်တစ်ဦးက ကောင်တာတွင်ထိုင်နေသောဆိုင်ပိုင်ရှင်ကို မေးနေသည်။
"ဦးလေးရေ၊ ဦးလေးအသိထဲမှာ ကိုမာဝင်နေတဲ့လူနာကို စောင့်ရှောက်နိုင်မယ့် လူနာစောင့်များ မရှိဘူးလားဗျာ။"
"ညီအစ်ကိုဝမ်းကွဲဆိုတဲ့ တစ်ယောက်အတွက်လား။ Nurse ငှားထားတယ်ဆို။"
"Special nurse လည်း မငှားနိုင်တော့ဘူး ဦးလေးရယ်။ ကြာလာတော့ အကုန်အကျတွေက မနည်းဘူးလေ။"
"ဦးလေး မေးထားလိုက်မယ်။ ရရင်အကြောင်းကြားမယ်လေ။"
"ကျေးဇူးပါဗျာ။"
Z စိတ်ဝင်စားသွားသည်။
"ဒီကအစ်ကိုခင်ဗျ။"
"ဟုတ်ကဲ့၊ ပြောပါ။"
နောက်ဆုံးတွင် Z အဆင်ပြေခဲ့လေပြီ။ ဆေးရုံတွင်စောင့်ကြည့်ပေးရမည်ဖြစ်ပြီး ရံဖန်ရံခါ အိမ်နှင့်ဆေးရုံကို လိုအပ်သည်များသယ်ယူပေးရန်ဖြစ်သည်။
အလုပ်ရချင်သည့်အခါတွင်လည်း ညတွင်းချင်းပင် ဆေးရုံသို့ပါလာသည့်အဖြစ်။
"ကဲ ... ငါ့ညီရေ၊ ဒါကတော့ လူနာအခန်းပဲ။ ကိုမာဝင်နေတာဆိုတော့ စက်ကိရိယာအပြောင်းအလဲကို သတိထားပြီးဂရုစိုက်ပေးရင် ရပါပြီ။ အစ်ကိုပြောပြပေးခဲ့မယ်။ ကျန်တာတော့ ငါ့ညီက လူနာစောင့်ဖူးတယ်ဆိုတော့ အထွေအထူးတော့ ပြောစရာလိုမယ်မထင်ဘူး။"
"စိတ်ချပါ။ ကျွန်တော် ဆေးရုံမှာ အရေးပေါ်လူနာတွေကို သုံးယောက်လောက်စောင့်ဖူးလို့ ဆေးရုံကိစ္စတွေလည်း နားလည်ပါတယ်။"
"ဒါဆို မနက်မှတွေ့မယ်။"
"ဟုတ်ကဲ့"
လိုအပ်သည်များကိုရှင်းပြပြီး လူနာရှင်ပြန်သွားသောအခါမှ လူနာကို Z သေချာကြည့်မိသည်။ ပိန်ပါးပါးဖြစ်နေသော ခန္ဓာကိုယ်နှင့် ဖြူဖျော့ဖျော့အသားအရေတို့က အားရဖွယ်ရာမရှိပေ။ အောက်ဆီဂျင်မျက်နှာဖုံးအောက်မှ ထိုလူ့မျက်နှာအား သေချာကြည့်မိသည့်အခါ
"Ernest."
.
အထပ်မြင့်တိုက်ခေါင်မိုးထက်မှ Ernest ခုန်ဆင်းလိုက်မိသည်။ မည်သူခေါ်သည်မသိသော သူ၏နာမည်ခေါ်သံကို ပြတ်သားစွာကြားလိုက်ရသည်မှာ နားကြားမှားခြင်းတော့မဖြစ်နိုင်။
နားစွင့်ထားမိသော်လည်း အသံကို ထပ်မကြားရတော့ပေ။
°
တစ်ပတ်ခန့်ကြာသည်အထိ Z အလုပ်တွင်အဆင်ပြေနေခဲ့ပြီး ညနေပိုင်းတွင် လူနာကို အနည်းငယ်ရေဖတ်တိုက်ပေးနေစဉ်
*တီ ... တီ ... တီ ...*
"ဘာဖြစ်တာလဲ။ Ernest ... Ernest? ဆရာဝန်၊ ဆရာဝန်ခေါ်ရမယ်။"
.
မြို့အပြင်ဘက်ကုန်းမြင့်လေးပေါ်တွင် Ernest ရပ်နေစဉ် နာမည်ခေါ်သံကြားရပြန်သည်။ အခါခါကြားရသည့်အသံကြောင့် အသံလာရာဆီသို့ Ernest ရောက်သွားသည့်အခါ
"ဆေးရုံလား။ ဘယ်သူကခေါ်လိုက်တာလဲ ဆေးရုံကို။"
Ernest ၏ အကောင်အထည်မရှိသောခန္ဓာကိုယ်ကို ဆရာဝန်နှင့်သူနာပြုများ အလျင်စလိုဖြတ်သွားနေကြသည်။ ဦးတည်ရာမှာ အခန်းတစ်ခုသို့ဖြစ်သည်။ Ernest ရပ်ကြည့်နေရာသို့ အခန်းအတွင်းမှထွက်လာသူတစ်ဦး ရောက်လာသည်။
"ဟင်၊ Ernest."
လူကြားထဲတွင်ဖြစ်၍ Z သည် သူ၏ပါးစပ်ကို သူ့လက်နှင့်ပိတ်လိုက်ပြီး ဖုန်းကိုထုတ်ယူကာ ဖုန်းပြောဟန်ဆောင်ရင်း
"Ernest, မင်း ဘယ်လျှောက်သွားနေတာလဲ။ မြန်မြန်ဝင်တော့လေ၊ အသက်ရှူနှုန်းမမှန်လို့ ဆရာဝန်တွေ အလုပ်များနေကြတယ်။ အခုမဝင်ရင် ဘယ်တော့မှ ဝင်လို့ရမှာမဟုတ်တော့ဘူး။"
"ဘယ်ထဲဝင်ရမှာလဲ။"
"မင်းကိုယ်ထဲကိုလေ။"
Ernest အခန်းအတွင်းသို့လှမ်းကြည့်ပြီး အခြေအနေများကို နားလည်နိုင်ရန်ကြိုးစားလိုက်သည်။ ယခု Z သည် သူ၏ပုံရိပ်ကို ခုတင်ပေါ်မှလူနာအသွင်နှင့် မြင်နေသည်ဟု ခန့်မှန်းမိသွားပြီး
"အဲဒါ ဘယ်သူလဲ။"
"အဲဒါ မင်းလေ။"
"နာမည်ကိုမေးတာ။"
"အေး၊ ငါလည်းသိချင်တယ်။ သူ့နာမည်က ဘာလို့ Ernest မဟုတ်ဘဲ Bradley ဖြစ်နေရတာလဲ။ အာ ... အဲဒါအရေးမကြီးဘူး။ မြန်မြန်သွားတော့၊ သေနေမယ်။"
"ခဏ၊ ကျုပ်ဝင်လို့မရသေးဘူး။ Bradley?"
ထိုအချိန်တွင် အခန်းရှိရာသို့ ခေါင်းငိုက်စိုက်လျှောက်လာနေသော Bradley ၏ဝိညာဉ်ကို Ernest မြင်လိုက်ရသည်။ ကျောခိုင်းထားသော Z ကတော့ မြင်မည်မထင်ပါ။
"ချက်ချင်းပြန်လာခဲ့မယ်။"
Ernest ဖြတ်ခနဲပျောက်သွားပြီး Bradley သည်လည်း ပျောက်သွားသည်။ နှစ်ဦးသား ဆေးရုံရှေ့မှသစ်ပင်အောက်တွင် ပြန်ပေါ်လာပြီး
"Bradley မဟုတ်လား။ မင်းခန္ဓာကိုယ်အခြေအနေကို သိပြီးပြီလား။"
"သိပြီးပါပြီ။ ခင်ဗျားက ဘယ်သူလဲ။"
"နတ်တစ်ပါးဆိုပါတော့။ မင်းခန္ဓာကိုယ်ထဲ ပြန်ဝင်လို့မရတော့ဘူးလား။"
"ဟုတ်တယ်။ ကျွန်တော်မြောနေတာ ခြောက်လလောက်ရှိပြီ။ ဒီလိုဘဝကြီးနဲ့ မနေချင်တော့ဘူး။ လူ့ဘဝကိုပြန်သွားလို့မရရင်လည်း ဘဝကူးချင်ပြီ။ ခင်ဗျားက တကယ်နတ်လား။ ကျွန်တော့်ကို ကောင်းကင်ဘုံခေါ်သွားတော့မှာလား။"
"မဟုတ်ဘူး။ ကျုပ် မင်းခန္ဓာကိုယ်ကို လက်ခံကိုယ်အနေနဲ့ သုံးချင်တယ်။ မင်းလည်း ဘဝကူးနိုင်စေရမယ်။"
"တကယ်လား။ အဲဒီလိုဆိုလည်း မဆိုးပါဘူး။ ဒါပေမဲ့ ကျွန်တော့်ပတ်ဝန်းကျင်က လူသားတစ်ယောက်အနေနဲ့ နေပျော်စရာမရှိဘူး။ ခင်ဗျားကျွန်တော့်ကိုယ်ထဲသွားမယ်ဆိုရင် တခြားနေရာကိုထွက်သွားလိုက်ပါ။ ကျွန်တော်က တခြားနိုင်ငံမှာအခြေချဖို့လုပ်ပြီးမှ အခုလိုဖြစ်သွားတာဆိုတော့ ခင်ဗျားက ကျွန်တော့်အစီအစဉ်အတိုင်း ဆက်လုပ်ပေးပေါ့။ ပြီးရင် ကျွန်တော့်ခန္ဓာကိုယ်ကို ခင်ဗျားအနေနဲ့သုံးလို့ရပြီ။"
"ဟုတ်ပြီ။ မင်း ခွင့်ပြုတယ်ပေါ့။"
"ခွင့်ပြုပါတယ်။"
"May God bless you."
Ernest သည် လူနာအခန်းအတွင်းသို့ရောက်သွားပြီး ကျန်းမာရေးဝန်ထမ်းများကြားမှ Bradley ၏ကိုယ်တွင်းသို့ ဝင်လိုက်လေသည်။ ဖြည်းဖြည်းချင်း အသက်ရှူနှုန်းမှန်လာပြီး အောက်ဆီဂျင်ပမာဏမှန်လာသည့် Bradley ကြောင့် ဆရာဝန်များ အံ့ဩရပေသည်။ ထိုအချိန် ဆေးရုံရှေ့တွင် တစ်ဦးတည်းကျန်နေသော Bradley ဝိညာဉ်သည် အလင်းစက်အသွင်နှင့် ကောင်းကင်သို့တက်သွားလေတော့သည်။
°
နှစ်လခန့်ကြာပြီးနောက်
"ဒါဆို မင်းက နိုင်ငံခြားထွက်တော့မယ်ပေါ့။"
"အင်း"
"ဟုတ်ပါပြီ။ ငါ့ကိုလာနှုတ်ဆက်တာရော၊ အလုပ်တစ်နေရာပေးထားတာရော၊ အားလုံးအတွက် ငါကျေးဇူးတင်ပါတယ်။"
"ရပါတယ်ကွာ။ မင်းကြောင့်သာ ကျုပ် ဒီခန္ဓာကိုယ်ကို ရခဲ့တာ။"
"မင်းကိုယ်ထဲပြန်ဝင်တာပဲကွာ၊ ငါ့ကြောင့်လည်းမဟုတ်ပါဘူး။"
မင်းမသိတာတွေရှိပါသေးတယ် Z.
°
Ernest တစ်ယောက် လက်ခံကိုယ်ရရှိပြီးနောက် Agatha အကြောင်းစုံစမ်းနေသည်မှာ နေရာစုံနေခဲ့ပြီဖြစ်သည်။ Bradley အဖြစ်နှင့် နှစ်လခန့်ကြာသည်အထိ ထိုမြို့လေးတွင်နေထိုင်ကာ စုံစမ်းခဲ့သည်။ တစ်နိုင်ငံလုံးနှံ့သွားသော်လည်း သတင်းမရခဲ့ပေ။ ယခု နောက်ထပ်နိုင်ငံတစ်ခုတွင်လည်း ဆက်လက်၍စုံစမ်းနေခဲ့သည်။
တစ်ညတွင် Ernest သူ၏အခန်းဝရန်တာ၌ရှိနေစဉ် မျက်နှာချင်းဆိုင်တိုက်၏ ဝရန်တာတစ်ခုတွင် လူငယ်တစ်ဦးရပ်နေသည်ကို အမှတ်မထင်ကြည့်မိသည်။ အခန်းတွင်းမှ ကောင်လေးတစ်ယောက်ပြေးထွက်လာပြီး ထိုလူငယ်၏ခါးကို ဖက်လိုက်သည့်အခါ လူငယ်က ကောင်လေး၏လက်တို့ကို ဖြုတ်ချလိုက်သည်။ ကြည့်နေစဉ်မှာပင် Ernest တစ်ယောက် လက်ရှိနေရာမှ အခြားနေရာတစ်ခုသို့ ရုတ်ချည်းရောက်သွားလေသည်။
"Romeo"
".............."
"ဟား ... လွမ်းလိုက်တာ။"
သူ့ထံသို့ပြေးဝင်လာသည့် ကောင်လေးတစ်ယောက်။ အတိအကျဆိုရသော် Z ဖြစ်သည်။ Z က သူ့ကိုကျော်ထွက်သွား၍ လှည့်ကြည့်သည့်အခါ အခြားသော Ernest တစ်ယောက်ကို တွေ့နေရသည်။ ထို Ernest သည် Z ကိုရှောင်လိုက်လေသည်။
ယခု Ernest ရောက်နေသည်မှာ အခန်းတစ်ခန်းတွင်ဖြစ်ပြီး ထိုအခန်းတွင် Z နှင့် အခြား Ernest တစ်ယောက် ရှိနေသည်။ ထို့နောက် လူတစ်ယောက်ရောက်လာကာ လှမ်းအော်တားသည်ကိုလည်း တွေ့ရပြီး ထိုလူနှင့် Z တို့ တိုက်ခိုက်ကြလေသည်။ ရုတ်တရက် Z ၏အနီးတွင် မီးတောက်သွား၍ Ernest ထိုနေရာသို့ပြေးသွားမိသည့်အခါ ကြမ်းပြင်ပေါ်တွင် အလင်းရောင်အနည်းငယ်ထွက်နေသည့် ဓားတစ်စင်းရှိနေလေသည်။
ဓားကိုငေးကြည့်နေမိစဉ် Ernest လူတစ်ယောက်ကိုပွေ့ထားမိသွားသည်။ ထိုလူမှာ အနီရောင်မျက်ဝန်းတို့နှင့် Z ဖြစ်ပြီး သူ့ကို တစ်စုံတစ်ခုပြောနေသည်။ ထို့နောက် Ernest လက်ပေါ်တွင်ပင် အနက်ရောင်အမှုန်အဖြစ်ပြောင်းလဲကာ ပျောက်ကွယ်သွားတော့သည်။ Ernest သည် အခြေအနေများကို ဝေခွဲမရဖြစ်လာပြီး မတ်တပ်ထရပ်မိသည့်အခါ သူ၏ရှေ့တွင် မျက်ဝန်းစိမ်းပြာပြာများနှင့် Z က သူ့ကိုစိုက်ကြည့်နေ၍ Ernest အလိုအလျောက်ပင် Z ၏မျက်နှာနားသို့ကပ်သွားကာ နှုတ်ခမ်းချင်းထိကပ်သွားလေသည်။
Ernest ၏အမြင်အာရုံထဲတွင် လင်းထိန်သွားပြီး မျက်စိတို့မှိတ်ထားလိုက်မိကာ ပြန်ဖွင့်သည့်အခါတွင်တော့ မူလအခြေအနေသို့ ပြန်ရောက်နေလေသည်။
ဖြစ်ခဲ့သမျှကို အပြန်အလှန်တွေးနေသည်မှာ သန်းခေါင်ကျော်သွားခဲ့လေပြီ။ ထိုစဉ် အခန်းအတွင်းမှဖုန်းက မြည်လာခဲ့သည်။ သည်အချိန်တွင် မည်သူကဆက်လေသနည်း။
"ဟယ်လို"
"Ernest?"
"Z?"
"အင်း"
"ဘာကိစ္စရှိလို့လဲ။"
"မင်းအိပ်နေတာလား။"
"မအိပ်သေးပါဘူး။"
"ညက ငါ ... ငါ အိပ်မက်မက်တယ် ... မင်းကို ..."
စကားသံများလေးကန်စွာနှင့် Z ၏အသံမှာ ခပ်တိုးတိုးသာ။
"ကျုပ် ဘာဖြစ်လို့တဲ့လဲ။"
"ငါတို့ အရင်ကသိဖူးကြသလား Ernest?"
"မမှတ်မိဘူး။"
"ထားပါတော့။ နေ့လယ်က မင်းအကြောင်းတွေးမိလို့ အိပ်မက်မက်တာနေမှာပါ။"
"အိပ်မက်ထဲ ကျုပ်ဘာဖြစ်သွားလဲ Z?"
"ငါသေသွားတယ်။ မသေခင်မှာ ရင်ဘတ်ထဲမွန်းကျပ်နာကျင်နေတာ ငါတကယ်ခံစားရသလိုပဲ။"
"Z."
"အာ ... ထားပါတော့။ နိုင်ငံတွေကျော်ပြီး ညနက်သန်းခေါင် ဖုန်းခေါ်နှောင့်ယှက်မိတယ်။ ဒီမှာက နေတော်တော်မြင့်ပြီမို့ ငါမေ့ပြီး ခေါ်လိုက်မိတာ။ ဒါပဲနော်။"
Z ဖုန်းချသွားသော်လည်း Ernest ဆက်တွေးနေဆဲ။ သူ Z ၏အိပ်မက်ထဲသို့ ရောက်သွားခဲ့သည်လား။
°°°
"Agatha, လက်နက်၊ Z ရဲ့အိပ်မက်ထဲမှာ ငါတွေ့ခဲ့တဲ့ဓား။"
Ernest အတွေးပေါ်လာခဲ့သည်။ ဤသို့ဆိုလျှင် Agatha သည် Angelic weapon ဓားတစ်လက်ဖြစ်နိုင်သည်။ Angelic weapon ကိုဆင့်ခေါ်ရန်မှာ ထိုလက်နက်၏သခင်ကို သိရန်လိုပေသည်။ သခင်မှသာ ဆင့်ခေါ်နိုင်သည်မဟုတ်ပါလား။ ထို့နောက်တွင် ဓားအကြောင်းစုံစမ်းရန် စုန်းတစ်ယောက်ထံသို့ Ernest ရောက်သွားခဲ့သည်။
"ကျုပ်သိချင်တာ Agatha လို့ခေါ်တဲ့ Angelic weapon ဓားတစ်ချောင်းအကြောင်းပါ။"
"ဓားတွေမှာ နာမည်တွေရှိပေမဲ့ Agatha နာမည်တော့ မရှိပါဘူး။"
"နာမည်က Agatha မဟုတ်တာလည်း ဖြစ်နိုင်ပါတယ်။ သူက အပြာရောင်အလင်းလေးရှိတယ်။ ပြီးတော့ သူ့ပုံစံက ..."
Ernest အသေးစိတ်ပြောပြပြီးနောက်
"အဲဒီပုံစံမျိုး မရှိဘူးထင်ရတယ်။ ဘယ်သူမှ အဲဒီလိုဓားမျိုးမကိုင်ဘူး။"
"မရှိဘူးလား။"
"ဟို ... သခင်လုံးဝမရှိတဲ့ သူ့ကိုယ်သူပိုင်တဲ့ ဓားပြာလေးတစ်စင်းကို သတိရသွားတယ်။ သူဖြစ်နေမလား။"
သခင်မရှိသည့်ဓားကိုရှာရန်မှာ မဖြစ်မနေ ကောင်းကင်ဘုံသို့ပြန်ရမည်ဖြစ်သည်။ ခိုးထွက်လာခဲ့ပြီးကာမှ ပြန်ဝင်ရမည်က ပို၍ခက်နေသည်။
"ကျုပ်ကို ကူရှာပေးနိုင်မလား။"
"ကျုပ်မကူညီနိုင်လို့ပါ။ ဒါပေမဲ့ ကူညီနိုင်မယ့်သူကိုတော့ ညွှန်ပြပေးနိုင်ပါတယ်။ သူက ဒီကမ္ဘာကမဟုတ်ဘူး။ ဝင်္ကပါရေကန်ကနေ တခြားကမ္ဘာဆီကို ကူးရပါလိမ့်မယ်။"
°°°
ဝင်္ကပါရေကန်
~~~~~~~~~~
မည်သည့်အစွမ်းတန်ခိုးမျှ သက်ရောက်ခြင်းမရှိသောနယ်မြေ။ ဝင်္ကပါ၏အဆုံးတွင် ရေကန်တစ်ခုရှိပြီး ထိုကန်အတွင်းသို့ခုန်ဆင်းသည်နှင့် ကမ္ဘာ့ဆွဲအားပြောင်းပြန်ဖြစ်ကာ ခေတ္တခဏ ဇောက်ထိုးအနေအထားအဖြစ် ဆွဲယူခံလိုက်ရပြီး အခြားတစ်ကမ္ဘာသို့ကူးပြောင်းရောက်ရှိ၍ ထိုကမ္ဘာတွင်ခြေချနိုင်မည်ဖြစ်သည်။
ထို့အပြင် ဝင်္ကပါအဆုံးသို့မရောက်သော တစ်ဖက်ပိတ်လမ်းတိုင်းတွင်လည်း ပုံစံတူရေကန်များရှိနေ၍ ထိုကန်များအတွင်းခုန်ဆင်းမိလျှင်မူ ရေကူးတတ်ရန်လိုပေမည်။ အခြားကမ္ဘာတစ်ခုသို့မရောက်ဘဲ လမ်းမှားကာ ရေကန်များအတွင်း အတက်အဆင်းလုပ်နေရသည်သာ များပေသည်။
Ernest မှာ ဝင်္ကပါကိုအလွယ်တကူဖြတ်လာနိုင်ခဲ့ပြီး Shannon အမည်နှင့် White wizard ကိုရှာနေခဲ့သည်။ Shannon သည် စုန်းရွာမှထွက်သွားပြီး မည်သည့်နေရာတွင်အခြေချနေသည်ကို မသိခဲ့ရပေ။ သာမန်လူသားတစ်ဦးကဲ့သို့ နေထိုင်နေသည့် စုန်းတစ်ကောင်ကို ရှာဖွေရန်မှာ လွယ်ကူသည်တော့မဟုတ်ပေ။
ရှာဖွေနေဆဲမှာပင် Ernest တစ်ယောက် Night Club များရှိရာသို့ ရောက်သွားခဲ့သည်။ စိတ်အာရုံကိုအနှောင့်အယှက်ဖြစ်စေသည့် လူများ၊ ရယ်သံများ၊ ဆဲဆိုသံများနှင့် ဈေးခေါ်သံများကြောင့် Ernest ထိုနေရာမှ အလျင်အမြန်ထွက်ရန်ပြင်လိုက်သည်။
လမ်းမီးတိုင်ငယ်တစ်တိုင်၊ အနက်ရောင်လူသား၊ စိမ်းပြာရောင်မျက်ဝန်းများနှင့် သူကိုယ်တိုင်စတင်ခဲ့သည့် အနမ်းတစ်ပွင့်။ အာရုံတွင်ထင်ဟပ်လာသည့်မြင်ကွင်းမှ ထိုလူသား၏နားတစ်ဖက်တွင် တွဲလောင်းကျနေသောနားဆွဲမှ အင်္ဂလိပ်အက္ခရာ Z.
ထိုနေရာမှ Ernest ပြေးထွက်လာခဲ့ပြီး လူရှင်းရာသို့ရောက်လျှင်
"ဒါ အိပ်မက်မဟုတ်ခဲ့ဘူး။ ငါက Z ရဲ့အိပ်မက်ထဲရောက်ခဲ့တာမဟုတ်ဘူး။ ငါတို့အတိတ်ထဲကို ပြန်ရောက်ခဲ့တာ။ ငါတို့ ဘာဆက်ဖြစ်ခဲ့ကြတာလဲ။"
°°°
"Romeo!!!"
"Z, စိတ်ထိန်းစမ်း။"
Z ကို စိတ်ကျန်းမာရေးဆေးရုံမှ Shannon ခေါ်ထုတ်လာခဲ့သည်မှာ သုံးလခန့်ရှိခဲ့ပြီ။ Mart တွင်တွေ့ခဲ့ပြီး Shannon ၏စိတ်ထဲတွင် Z ကိုသွားခေါ်ရန်သာစွဲနေခဲ့၍ ခေါ်ထုတ်လာခဲ့ခြင်းဖြစ်သည်။ စိတ်အခြေအနေ အတော်အတန်ပြန်ကောင်းနေခဲ့သော Z မှာ အိပ်စက်ချိန်တွင် Romeo ဟုအော်ခေါ်၍ နိုးလာတတ်သည်ကိုတော့ Shannon မတားနိုင်ခဲ့ပါ။ ယခုညတွင်လည်း အလားတူပင် Z နိုးထလာပေသည်။
"Shannon, Romeo လာခေါ်နေတယ်။ ငါလိုက်သွားရမယ်။"
"စိတ်ထိန်းပါ Z. အခု မင်းနဲ့ငါပဲရှိတာလေ။ သူမရှိပါဘူး။"
"ရှိတယ်၊ သူရှိတယ်။ သူ ငါ့အနားမှာရှိနေတာ။ ဒါပေမဲ့ အဲဒါ ငါမဟုတ်ဘူး။"
"Z, ငါ့ကိုကြည့်စမ်း။ ငါပြောတာနားထောင်။ Romeo က တကယ်မရှိဘူး။"
"မရှိဘူးလား။ ဟုတ်တယ်၊ မရှိဘူး။ သူက ငါ့ကိုသွားရှာတာ။ ငါသေရင် သူက ငါ့ဆီရောက်လာလိမ့်မယ်။"
"Z, ဘာတွေပြောနေတာလဲ။ မင်းပဲပြောတာလေ၊ Romeo ကိုတွေ့ဖို့အတွက် သေလို့မဖြစ်ဘူးဆို။ အဲဒါကြောင့်ပဲ ငါက မင်းကိုခေါ်လာပေးတာလေ။"
"မဟုတ်ဘူး။ Romeo က ငါသေရင် ငါ့ဆီရောက်လာမှာ။ ငါသေသွားမှ သူနဲ့တွေ့ရမှာ။ လွှတ်၊ ငါ့ကိုလွှတ်။"
Shannon ခေါ်ထုတ်ခဲ့စဉ်ကစ၍ ယခုညမတိုင်မီအထိ Romeo ကိုတွေ့ရန် ရှင်သန်နေခဲ့သည့် Z သည် ယခုအခါ သတ်သေမည်ဟုဖြစ်သွားသည်မှာ ရုတ်တရက်ဆန်လွန်းပေသည်။
"ငြိမ်ငြိမ်နေပါ Z. မင်း သေလို့မရဘူးလေ။ Romeo နဲ့တွေ့ရဦးမှာ။"
"သွားတွေ့မယ်။ ငါ့ကိုဓားပေး။ အဲဒါဆို သူနဲ့တွေ့ရမယ်။ အဟား ဟား ... ဟုတ်တယ်၊ ငါ့ကိုဓားပေးစမ်းပါ။"
တွန်းထိုးရုန်းကန်နေသည့် Z ကို Shannon ထိန်းနေရသည်။ ရံဖန်ရံခါသောင်းကျန်းတတ်သည့် Z သည် အသက်အန္တရာယ်နှင့်ရင်း၍တော့ စိတ်မဖောက်ခဲ့ဖူးပါ။
"Z"
"ငါ့ကို သူ့ဆီခေါ်သွားမှာ။ အဲဒီဓား ... အဲဒီဓားက ငါ့ကို သူ့ဆီခေါ်သွားမှာ။"
"ဓား ... Z, မင်း ဘာတွေသတိရနေပြီလဲ။"
"ဓားလေ။ လာခဲ့ပါ၊ ငါ့ဆီလာခဲ့ပါ။ ငါ့ကို Romeo ဆီခေါ်သွားပေးပါ။ အား ... ငါ သေချင်တယ်။"
"............"
"Agatha."
Shannon ကြောင်အသွားခဲ့ရသည်။ Z တွေးနေသည်က Agatha အကြောင်းပင်။ Agatha နှင့်တွေ့လျှင် Ernest ကိုတွေ့နိုင်မည်ဟု Z ထင်နေသည်ကို ယခုမှ Shannon ရိပ်မိခဲ့ရသည်။
"မင်း မှတ်မိပြီလား။ မင်းသိပြီလား Z?"
"Agatha, veni ad me et accipe me ad eum."
Shannon အံ့ဩသွားရသည်။ Z သည် လက်တင်ဘာသာစကားတစ်ခွန်းကို ထပ်ခါထပ်ခါရေရွတ်နေပြီး အဓိပ္ပါယ်မှာ
"Agatha, ငါ့ဆီလာပါ၊ ငါ့ကိုသူ့ဆီ ခေါ်သွားပေး" ဟူ၍။
Shannon ထိန်းမရအောင်ပင် Z ရုန်းကန်ထွက်သွားပြီး အိမ်တံခါးသို့အရောက်တွင် အလင်းရောင်အချို့နှင့်တိုက်မိကာ အိမ်အတွင်းသို့ ပြန်လည်လွင့်စင်လာသည်။
"အား"
"Z, ဘာဖြစ်သွားသေးလဲ။ ဘယ်ထိသွားလဲ။"
တံခါးပေါက်ဆီသို့ Z နှင့်အတူ Shannon ကြည့်မိသည့်အခါ အပြာရောင်အလင်းတို့က တံခါးပေါက်ကိုဖုံးကွယ်ထားသည်။
"Agatha?"
"Z, မင်း ငါ့ကိုခေါ်ရဲတယ်ပေါ့။ မင်းကြောင့် Ernest ဘယ်လိုဒုက္ခရောက်ခဲ့ရသလဲ။"
"Romeo. ငါ့ကို Romeo ဆီခေါ်သွားပေး။"
"အဟက်၊ မလောပါနဲ့။ မင်း Ephippas ဖြစ်သွားတာနဲ့ မင်းကိုငါသတ်မှာ။"
အပြာရောင်အလင်းတန်းများနှင့် ဓားတစ်စင်းက လေထဲပျံဝဲရင်းပြောနေသည်ကို Shannon နားမလည်နိုင်တော့ပါ။
"ဘာတွေလဲ။ ဘာတွေဖြစ်ကုန်တာလဲဆိုတာကို ငါ့ကိုပြောပြစမ်းပါ Agatha."
"မင်းကြောင့်လွတ်လာတဲ့ Ephippas, မင်းစီရင်ခဲ့တဲ့အနမ်းမှော်၊ မင်းတို့ကြောင့် Ernest က သူ့ကိုယ်သူမေ့သွားခဲ့ပြီ။ အဲဒါ မင်းသိရဲ့လား။"
"Romeo ဘယ်မှာလဲ။"
"တိတ်စမ်း Z. ငြိမ်ငြိမ်နေလိုက်။"
မကြာသေးမီကပင် သောင်းကျန်းနေခဲ့သည့် Z သည် Agatha ၏စကားတစ်ခွန်းတည်းနှင့် ငြိမ်ကျသွားခဲ့သည်။
"Agatha."
"Commodum, ငါ့နာမည် Commodum."
"အဓိပ္ပါယ်ကတော့ ပြောင်းမသွားဘဲနဲ့။ မင်းဘာသာ သခင်မရှိတဲ့ဘဝအသစ်မှာ နာမည်အသစ်ရလည်း မင်းကတော့မင်းပါပဲ Goody."
°°°
"အဲဒီ Shannon ဆိုတဲ့စုန်းက အပုန်းကောင်းနေတာပဲ။"
Ernest ရှာဖွေစုံစမ်းနေသော်လည်း လူသားတစ်ဦးကဲ့သို့နေထိုင်ကာ ငါးနှစ်ကြာအစွမ်းမသုံးခဲ့သော White wizard ကို ရှာမတွေ့ခဲ့ပါ။ သို့သော် Agatha သည်ကား Ernest ကို ရှာတွေ့သွားခဲ့လေပြီ။
"ဟင့်အင်း၊ Ernest နဲ့ Ephippas ပြန်မဆုံစေရဘူး။"
°
"Ernest ရယ်၊ မင်း ဘယ်မှာလဲ။ ငါ ဆက်သွယ်လို့လည်းမရဘူး။ ရေမြေခြားနေပေမဲ့ မင်းအသံကိုကြားနေရသေးလို့ ငါကျေနပ်နေခဲ့တာ။ အခုတော့ မင်းက အဆက်အသွယ်ဖြတ်သွားတာလား။ မင်းမရှိတော့မှ မင်းကိုချစ်မိတာကို ငါသိရတယ်။ ငါ မင်းကိုရအောင်ရှာမှာပါ။ မင်းဆီကို ငါလာခဲ့မှာမို့ ခဏတော့စောင့်နေပါ Ernest."
တစ်ဖက်ကမ္ဘာတွင်ကျန်ခဲ့သော Z မှာ Ernest ကိုတမ်းတနေခဲ့သည်။ Ernest ကမ္ဘာကူးသွားသောကြောင့် Z သည် Ernest နှင့် အဆက်အသွယ်ပြတ်သွားခဲ့ခြင်းပင်။
°
ကမ္ဘာတစ်ခုတွင် Z သည် White wizard, Shannon နှင့် ပြန်ဆုံခဲ့သည်။
အခြားကမ္ဘာတစ်ခုမှ အခြား Z သည် သူ၏ Angel, Ernest နှင့် ဆုံခဲ့သည်။
ကမ္ဘာမည်မျှတွင် Z မည်မျှရှိနေပါသနည်း။
.
နေ့နေ့ညည Romeo ကိုသာတမ်းတနေသည့် Z ကြောင့် Shannon ရူးချင်လာသည်။ အခြားကမ္ဘာမှ Z သည် မည်သို့ဖြစ်နေမည်ကို မသိသော်လည်း Shannon နှင့်ရှိနေသည့် Z သည်ကား Romeo ရူးရူးနေသည်မှာ အခြေအနေဆိုးလာနေသည်။ မအိပ်နိုင်၊ မစားနိုင်၊ အချိန်ပြည့် Ernest ကိုသာ တဖွဖွခေါ်နေသည့် Z မှာ အရူးတစ်ယောက်ပီသလွန်းနေခဲ့သည်။
Ephippas တစ်ဖြစ်လဲ Z သည် အဘယ်ကြောင့်များ Ernest ကို သူ၏ Romeo အဖြစ် သတ်မှတ်ခဲ့သနည်း။ အဘယ်ကြောင့် သူ့ကိုယ်သူ Julian ဟု သမုတ်ခဲ့သနည်း။ ယခုအခါတွင်တော့ သူပညတ်ခဲ့သည့်အတိုင်း Romeo နှင့် Julian တို့သည် Shakespeare ၏ပယောဂမပါဘဲ ရှင်ကွဲကွဲနေရလေပြီ။
°
Shannon ကိုရှာဖွေနေသည့် Ernest ကမ္ဘာဝင်ပေါက်ဆီသို့ ပြန်ရောက်လာသည်။ တစ်ဖက်ကမ္ဘာ၏ ကမ္ဘာကူးပြောင်းခြင်းသည် ဝင်္ကပါရေကန်ဖြစ်သော်လည်း ယခု Ernest ရောက်နေသည့်ကမ္ဘာတွင်မူ ကမ္ဘာဝင်ပေါက်သည် ကစားကွင်းတစ်ခု၏ သရဲအိမ်တွင်ဖြစ်နေပေသည်။
သရဲအိမ်အတွင်းမှသရဲများကို ဆွံအစေသည့်အဖြစ်အပျက်တစ်ခု ဖြစ်သွားသော်လည်း CCTV မြင်ကွင်းတွင်တော့ မပေါ်ခဲ့ပေ။ ဝင်လာကတည်းက ခြောက်လှန့်နေသည့်သရဲများကို တစ်စွန်းတစ်စမျှမမြင်သည့်အလား လှမ်းလျှောက်လာသည့်ကိုလူချောကို ရုတ်တရက်ပေါ်လာသည့်လူတစ်ဦးက ဆွဲဖက်နမ်းကာ လက်ကိုဆွဲ၍ ထွက်ပေါက်ဆီသို့ပြေးတော့သည်။ ခြောက်လှန့်ရမည့် သရဲအယောင်ဆောင်ဝန်ထမ်းများပင် အလန့်တကြားဖြစ်ကုန်ကြပြီး ရပ်ကြည့်နေမိသည်အထိ။
"မင်း ဘယ်သူလဲ။"
ကစားကွင်းအပြင်အထိပါလာပြီးမှ Ernest သတိဝင်လာခဲ့သည်။ ဆွဲခေါ်လာသူက
"Shannon ကိုမရှာပါနဲ့တော့။ ဟိုဘက်ကမ္ဘာကိုပြန်ပါ။ ဟိုဘက်မှာ Z ခင်ဗျားကိုစောင့်နေတယ်။"
အနမ်းခံရပြီးနောက်တွင် ထိုလူဆွဲခေါ်ရာသို့ သတိလက်လွတ်ပါလာခဲ့ပြီး ယခုတွင်လည်း ထိုလူ၏စကားအတိုင်း တစ်ဖက်ကမ္ဘာသို့ပြန်ချင်သွားသည်။ သူ၏အတွေးများကို ပြန်လည်စုစည်းမိသည့်အခါ ထိုလူရှိမနေတော့ပေ။
°°°
တစ်နေ့တခြားဆိုးရွားလာသည့် Z ကြောင့် နောက်ဆုံးတွင် Shannon လုပ်ရန်ရှိသည်မှာ တစ်ခုတည်းသာ။
"Angel Ernest, ကျွနု်ပ် Shannon သင့်အားတိုင်တည်၍ အကူအညီရယူရန် တောင်းခံပါသည်။ အသင် ကြားသိပါစေ။"
Shannon ၏တိုင်တည်သံကို တစ်ကမ္ဘာတည်းတွင်ရှိနေသော Ernest ကြားသိလိုက်ပေသည်။
"Shannon."
Ernest တစ်ယောက် Shannon ၏လမ်းစကိုရပြီဖြစ်၍ သွားရန်ပြင်လိုက်သော်လည်း
"မသွားပါနဲ့။"
ခပ်ရေးရေးသာမြင်နိုင်သည့် ခန္ဓာကိုယ်တစ်ခုသည် Ernest နှင့်ခပ်လှမ်းလှမ်းမှနေ၍ တားနေသည်။ မပီပြင်သည့်ဝိညာဉ်တစ်ခုဖြစ်၍ ရုပ်သွင်ကိုမြင်နိုင်ရန် Ernest ကြိုးစားသည့်အခါ
"မလုပ်နဲ့။ အနူးအညွတ်တောင်းပန်ပါတယ်။ ဟိုဘက်ကမ္ဘာကိုပြန်သွားပြီး Z နဲ့တွေ့လိုက်ပါ။"
"မင်း ဟိုနေ့ကလူ။ ကျုပ်ကိုသေချာပြောပြပါ။ ဘာတွေဖြစ်နေတာလဲ။ မင်းကရော ဘယ်သူလဲ။"
"ပြန်သွားပါ။ Shannon နဲ့ မတွေ့ပါနဲ့။"
Ernest ကို ထိုဝိညာဉ်ကတားနေစဉ်တွင်
"Ernest, ကျွန်ုပ် Shannon သင့်အားတိုင်တည်ပါသည်။ Z အားကူညီရန် အသင့်ကို တိုင်တည်တောင်းဆိုပါသည်။"
ထပ်မံကြားလိုက်ရသည့် Shannon ၏တိုင်တည်သံ။
"Z."
Ernest, Shannon ရှိရာသို့စိတ်ညွတ်လိုက်ချိန်တွင် မှုန်ဝါးဝါးဝိညာဉ်မှာ ပျောက်ချည်ပေါ်ချည်ဖြစ်လာပြီး
"နှုတ်ဆက်ပါတယ် Romeo."
Ernest ပျောက်သွားသည်နှင့် ထိုဝိညာဉ်သည်လည်း တဖြည်းဖြည်းပျောက်ကွယ်သွားတော့သည်။
"Shannon လား။"
"Ernest, မတွေ့တာကြာပြီ။"
"ကျုပ်တို့ မတွေ့တာလား။ အဲဒါတွေထက် အခု Z ဘယ်မှာလဲ။"
"Z နဲ့ဆုံပြီးပြီလား။"
"Z က ဒီဘက်ကမ္ဘာကို ဘယ်လိုရောက်လာတာလဲ။ ပြီးတော့ မင်း Agatha ကိုသိလား။"
"Z က ဒီကမ္ဘာကပါပဲ။ မဟုတ်မှ ... ခင်ဗျား တခြားကမ္ဘာကလာတာလား။"
"အင်း။ အဲဒီမှာ Z ကျန်ခဲ့တယ်။ ငါတို့က ဘယ်လိုပတ်သက်တာလဲ။"
"ခင်ဗျားကရော ဒီကို ဘယ်လိုရောက်လာတာလဲ။"
Ernest အကြောင်းစုံရှင်းပြလိုက်လေသည်။ Shannon အသေအချာတွေးနေစဉ် Ernest မှာ အတိတ်ကိုပြန်လည်တူးဆွရန် ကြိုးစားနေသောကြောင့် Angel နှင့် Demon ၏ဇာတ်လမ်းလေးကို ပြန်ပြောပြလိုက်သည်။
"နောက်ဆုံး Ephippas ဆိုတဲ့နတ်ဆိုးက သူချစ်တဲ့ Angel ရဲ့လက်ပေါ်မှာပဲ အမှုန်လေးတွေဖြစ်ပြီး ပျောက်ကွယ်သွားခဲ့တယ်။"
"Ephippas အမှုန်တွေဖြစ်ပြီးပျောက်သွားတော့ ဝိညာဉ်က လုံးဝပျက်စီးမသွားသေးတာကို Ernest အချိန်မီသိလိုက်ပါတယ်။"
အသံလာရာသို့ ကြည့်မိကြသည့်အခါ
"Agatha."
"Agatha? အဲဒါ နတ်ဓား Agatha လား။ ကျုပ် မင်းကိုရှာနေခဲ့တာ Agatha. ကျုပ်ဘာဖြစ်ခဲ့တယ်ဆိုတာကို သိရဖို့ မင်းကိုတွေ့ချင်နေတာ။"
"Agatha သိပါတယ်။ ဒါပေမဲ့ Angel တစ်ပါးကတော့ နတ်ဆိုးနဲ့ပြန်ပတ်သက်မှာကို Agatha မလိုချင်ဘူး။"
"ကျုပ်တို့ ဘာဆက်ဖြစ်ကြလဲ။"
"ဘာဆက်ဖြစ်ကြလဲဆိုတော့ Ernestဆိုတဲ့ Angel က ဝိညာဉ်ဖလှယ်ပြီး Ephippas ကိုပြန်ခေါ်ခဲ့တာ။ ကောင်းကင်ဘုံစည်းကမ်းကို ချိုးဖောက်ပြီး နတ်ဆိုးကိုကယ်ဖို့ကြိုးစားတာမို့ ကောင်းကင်ဘုံက သူ့ကိုတားခဲ့တယ်။ အဲဒါကြောင့် Ernest အစီအစဉ်က တစ်ဝက်တစ်ပြတ်နဲ့ရပ်သွားလို့ Ephippas ဝိညာဉ်က ချုပ်ငြိမ်းမသွားပေမဲ့ တစ်စစီကွဲထွက်ပြီး တစ်ကမ္ဘာစီကိုရောက်သွားတယ်။ Ernest ကတော့ ကောင်းကင်ဘုံပြစ်ဒဏ် မိုးကြိုးကိုးချက်ကြောင့် နတ်အသစ်ပြန်ဖြစ်သွားရပြီ။ လူသားတွေလိုပြောရရင် အတိတ်မေ့ပြီး အစွမ်းလျော့သွားတယ်ပေါ့။"
"ဒါဆို အခု Z က ..."
"Ephippas ရဲ့ဝိညာဉ်တစ်စ သူ့ဆီဝင်နေတယ်။ ဝိညာဉ်အပိုင်းအစတွေက လက်ခံကိုယ်နဲ့ရုပ်တူတဲ့လူဆီ ဝင်သွားတတ်တယ်။ ဒီကမ္ဘာမှာ Z နဲ့တူတဲ့လူတစ်ယောက်ရှိနေတာတော့ သူ့ကံပေါ့။ တခြားကမ္ဘာနှစ်ခုမှာလည်း Z နှစ်ယောက်ရှိနေလိမ့်ဦးမယ်။"
"ဒါဆို ကျုပ်တို့ရှာရမှာ တစ်ယောက်ပဲကျန်တော့တယ်။"
"သူက လာရှာသွားခဲ့ပါပြီ။"
"လာရှာသွားပြီဆိုရင် ဟိုဝိညာဉ်လား။"
"သူဝိညာဉ်အနေနဲ့ပဲရှိနေတာကို Agatha လည်း ခုနကမှသိလိုက်တာ။ သူ့ဝိညာဉ်က လက်ခံကိုယ်မပါဘဲ နာမ်ဝိညာဉ်သက်သက် ကမ္ဘာကူးခဲ့လို့ အားနည်းပြီး ပျောက်ကွယ်သွားတော့မယ်။"
"မဖြစ်ဘူး။ ကျုပ် Z ကိုသွားခေါ်မယ်။ Shannon, Z တို့ကိုပေါင်းစည်းပေးဖို့ ကူညီပါ။"
"မဖြစ်ဘူး။ သူတို့ဆုံမိရင် ..."
Agatha စကားမဆုံးမီ Ernest ပျောက်သွားလေပြီ။
"Shannon, မင်းရဲ့ ပရမ်းပတာမှော်အစွမ်းတွေနဲ့ Ephippas ကိုအသက်သွင်းဖို့ မကြိုးစားနဲ့တော့။ Ephippas ပေါ်လာရင် ငါသတ်မှာ။ ငါ့ကိုယ်ငါပိုင်တဲ့နတ်လက်နက်မို့ ငါလုပ်ချင်တာလုပ်နိုင်တယ်ဆိုတာ မမေ့ပါနဲ့။"
Agatha သည်လည်း Ernest နောက်သို့လိုက်လေတော့သည်။
.
"ဘာလဲ။ ဒီကမ္ဘာမှာ ကမ္ဘာကူးတာ ဝင်္ကပါဖြတ်ရတာလား။ အစွမ်းသုံးမရတဲ့ ဝင်္ကပါကို ငါကဘယ်လိုဖြတ်ရမှာလဲ။"
Agatha ပြဿနာတက်နေလေသည်။ အစွမ်းသုံး၍သာ လှုပ်ရှားနိုင်သောဓားတစ်လက်သည် စွမ်းအားသက်ရောက်မှုမရှိသည့်ဝင်္ကပါတွင် မည်သို့မျှမလုပ်နိုင်ဘဲ ကန်ဘေးမြက်ခင်းပြင်တွင်သာ အကြံထုတ်နေသည်။
ထို့အတူ အလျင်လိုနေသည့် Ernest မှာ Z ကိုခေါ်၍ ဝင်္ကပါကိုဖြတ်ရာတွင် လမ်းမှားနေပြီး ရေကန်တစ်ကန်ပြီးတစ်ကန်တွင် ရေကူးနေရတော့သည်။
"Ernest, မင်းငါ့ကို ရှင်းပြသင့်နေပြီ။ ရေကန်တွေထဲခုန်ချနေတာ လေးခါရှိပြီ။"
"မင်းအိပ်မက်တွေကို ရှင်းရှင်းလင်းလင်းသိချင်လား။"
"အိပ်မက်၊ ငါ့အိပ်မက်တွေကိုလား။ သိချင်တယ်။ ငါ့ကိုပြောပြပါ။"
"ကျုပ်နဲ့လိုက်ခဲ့ရင် အကုန်သိရမယ်။"
ပြောပြီး Z လက်ကိုဆွဲ၍ နောက်ထပ်လမ်းတစ်လမ်းကိုရွေးပြန်သည်။
"ခုန်လိုက် Z."
မတတ်သာသည့်အဆုံး Z ခုန်ချလိုက်သော်လည်း ရေထဲသို့မကျဘဲ လေထဲတွင် ခေတ္တမျှဇောက်ထိုးဖြစ်ကာ မြေပေါ်သို့ခြေချမိသွားသည်။ မှောင်လွန်းသည့်နေရာဖြစ်၍ ဘေးမှ Ernest ကို ခေါ်လိုက်မိသည်။
"Ernest"
"လာ၊ ဒီတံခါးကနေထွက်ကြမယ်။"
တံခါးဖွင့်လိုက်သည်နှင့်တွေ့ရသည်က သရဲအိမ်။
.
"Shannon."
"Romeo."
ခေါ်သည့်လူနှင့် ထူးသည့်လူသည် တစ်ယောက်စီ။ Ernest ကိုပြေးဖက်သည့် Z ကို Ernest ငေးကြည့်နေမိသည်။ ထို့နောက် Z နှစ်ဦးသည် အချင်းချင်းကြည့်၍ ဆွံ့အနေလေသည်။ Shannon က ကြားဖြတ်၍
"Ernest, ကျွန်တော်ရှာတွေ့ထားပြီ။ ဒါပေမဲ့ သူတို့ပေါင်းစည်းဖို့ နောက်တစ်ယောက်က ဘယ်မှာလဲ။"
"ငါရှိနေပါတယ်။"
မှုန်ဝါးဝါးဝိညာဉ်လေးက ပေါ်လာပြီးပြောသည်။
"မင်း ရောက်နေတာပဲ။"
"Ernest, ငါ့ကို ပြန်လာစေချင်တာလား။"
"မင်းပြန်လာရင် ကျုပ်မသိတော့တာတွေ ပြန်သတိရလာမှာ။"
"ကျေနပ်ပါတယ်။ အတိတ်တွေကို အမှတ်တရအနေနဲ့ သိမ်းထားပေးမယ်မဟုတ်လား။"
".............."
"ငါ့ကိုမေ့ပစ်လိုက်ဖို့ မင်းကို ငါပြောဖူးတယ်။ ဒါပေမဲ့ ဒီလိုပုံစံနဲ့မေ့ပစ်စေချင်တာ မဟုတ်ပါဘူး။ နောက်ထပ် ငါ့အတွက်နဲ့ မင်းကိုယ်မင်းမထိခိုက်စေရဘူးလို့ ကတိပေးပါ။"
"ကျုပ် ..."
"ကတိပေးမယ် မဟုတ်လား။"
"ပေးပါတယ်။"
ဝိညာဉ်သည် Z အသွင်ထင်ရှားလာပြီး
"စပြီးရွတ်တော့ Shannon."
"Ernest, Angel grace နည်းနည်းလောက်လိုတယ်။"
Ernest ထုတ်ပေးလိုက်ပြီး အားနည်းကာ ခုံတစ်လုံးပေါ်တွင်ထိုင်ချလိုက်သည်။ Shannon သည် သူ့ရှေ့စားပွဲပေါ်မှ ပါဝင်ပစ္စည်းအစုံအလင်နှင့်အတူ ဂါထာတစ်ခုကို ရွတ်ဆိုနေသည်။ Z သုံးဦးမှာတော့ ငြိမ်သက်နေပြီး ကျောက်ရုပ်များကဲ့သို့ မလှုပ်မယှက်။
Agatha မှာလည်း ရေကန်ဘေးတွင် Ernest ၏အသံကိုကြားလိုက်၍ ကြည့်လိုက်သည့်အခါ Ernest နှင့် Z တို့ ကမ္ဘာကူးသွားသည်ကို တွေ့လိုက်ရသည့်အတွက် သူသည်လည်း ရေကန်အတွင်းသို့ခုန်ဆင်းရန် အတော်လေးကြိုးပမ်းလိုက်ရပေသည်။ သရဲအိမ်မှနေ၍ Shannon ထံသို့ရောက်လာသည့်အချိန်တွင် ...
"Shannon, ရပ်လိုက်။"
Agatha တားမရတော့ပါ။ Z တို့၏ခန္ဓာကိုယ်များ ခြေထောက်မှစ၍ အငွေ့သဏ္ဍာန်ပြောင်းကာ နောက်ဆုံးတွင် Shannon ရှေ့မှ ဖန်ဘူးလေးအတွင်းသို့ ဝင်သွားလေတော့သည်။ Shannon သည်လည်း ဂါထာရွတ်မပြတ်။ မိနစ်အနည်းငယ်ကြာပြီးသည့်အခါ ထိုဖန်ဘူးလေးအတွင်းမှ အနက်ရောင်အငွေ့များထွက်လာပြီး Ernest အနီးတွင်ဝေ့ဝဲ၍ Z အသွင်ပေါ်လာပြန်သည်။ ငေးကြည့်နေသည့် Ernest ကို Z က အနမ်းတစ်ပွင့်နှင့်လှုပ်နှိုးလိုက်လေလျှင် ...
Z ၏အနမ်းနှင့်အတူ ပြန်လည်ပေါ်လာသည့် Z ၏ Romeo နှင့် Ernest ၏ Julian. Angel trap အတွင်း လဲကျနေသည့် Ephippas. Shannon ဖန်တီး၍ Ephippas သုံးခဲ့သည့်အနမ်းမှော်ကို Ernest အား Ephippas ကိုယ်တိုင်ကချေဖျက်စေခဲ့သည်။ ထို့နောက်တွင်တော့ နတ်ဆိုးတစ်ကောင်၏ဇာတ်သိမ်းက အကျည်းတန်ခဲ့သည်။
"Ephippas, မင်း ... မင်းက Julian."
"သိပ်မှန်တာပေါ့ Romeo ရယ်။ Romeo ကိုသိပ်ချစ်တဲ့ Julian ပေါ့။"
"တောင်းပန်ပါတယ်။ နာကျင်စေခဲ့မိလို့။"
Ephippas ပြုံးလိုက်သည်။
"Don't forget your promise. I adore you, my Romeo. I will never forget you. Good bye."
နှုတ်ဆက်စကားများအဆက်မပြတ်ပြော၍ နောက်ဆုတ်သွားသော Ephippas ကြောင့် Ernest လက်လှမ်းမိသည်။
မီးတောက်များကြားပျောက်ကွယ်လုနီးပါး Ephippas သည် အဆုံးအထိအပြုံးမပျက်ခဲ့ပေ။
"နောက်ဆုံးအချိန်အထိ ဘုရားကျောင်းတိုင်အောက်မှာပဲ ရှိနေသင့်တာမို့ တော်ရာမှာနေပါ Ephippas."
Agatha ၏စကားကြောင့် Ernest နှင့် Shannon တို့ တစ်ဦးကိုတစ်ဦးကြည့်မိကြသည်။
°°°
Ephippas သည် Kiss Spell သုံး၍ Ernest ကိုချည်နှောင်ခဲ့ဖူးပြီး Ernest တောင်းဆိုခဲ့သည့် Spell မှာ Catch Spell အဖြစ်နှင့် Ephippas ကို မူလနေရာသို့ ပြန်ရောက်စေခဲ့ပြီ။
Spell တိုင်းသည် Angel နှင့် Demon ကို ဝေးကွာစေခဲ့ဖူးသည်။
ထိုဝေးကွာမှုတိုင်းကိုလည်း Ernest ကသာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်နေခဲ့သည်။
ဆန့်ကျင်ဘက်တို့မည်သည် ပေါင်းစပ်၍မရနိုင်ခဲ့လေသလား။
°°°°°
နတ်ဆိုးနှစ်ကောင်တို့သည် တိုင်လုံးကိုပင့်မလိုက်သည့်အခါ ထိုတိုင်လုံးသည် ကောင်းကင်ပြင်လေဟာနယ်ထဲတွင် မျောနေတော့သည်။ ထိုနေရာတွင် ကောင်းကင်၏အရောင်ကို တိုင်လုံးကပြောင်းပေးခဲ့၍ သာမန်မျက်စိဖြင့်မြင်နိုင်ပေသည်။ ဤသည်မှာ နဂါးငွေ့တန်းများ၏ မူလအစဖြစ်နိုင်ပေသည်။
°°°°°
"နဂါးငွေ့တန်းတွေကိုမြင်တိုင်း သတိရနေတော့မှာပဲ။ သံသရာအဆက်ဆက် မေ့နိုင်တော့မယ်မထင်ပါဘူး ကျုပ်ရဲ့ Julian."
##### The END #####

Коментарі