မြားနတ်မောင်ရဲ့ မြားများ
မြားနတ်မောင်ရဲ့ မြားများ
"လွဲစမ်း၊ မင်းက တုံးလွန်းတာကိုး။"

ဒီနှစ်ယောက်ကိုကြည့်နေတာ ကြာပြီ။ ကြာပြီဆိုတာက လူ့သက်တမ်းနှစ်နှစ်ပေါ့။ သူတို့နှစ်ယောက်ဆိုတာကတော့ Social ကျပြီး ပျော်ပျော်နေတတ်တဲ့ ချစ်စရာကောင်မလေးရယ်၊ အလုပ်ကြိုးစားပြီး ခပ်တည်တည်နေတတ်တဲ့ မန်နေဂျာကောင်လေးရယ်ပါ။ ကောင်လေးက အနေအေးတဲ့အပြင် တစ်ခါတလေ အချစ်ရေးမှာတုံးလွန်းတာမို့ အလုပ်ထဲကအရည်အချင်းတွေကို အချစ်ရေးဆီ ပြောင်းပေးချင်မိလောက်အောင်ပါ။

ကောင်မလေးကရိပ်မိပေမဲ့ သူ့ရဲ့စရိုက်အရ ချည်နှောင်ခံရမှာကိုကြောက်လို့ ရေလာအောင်မြောင်းမပေးခဲ့။ ဘယ်လိုပဲဖြစ်ဖြစ် တံခါးလာခေါက်ရင် လက်ခံမယ့်အနေအထားဆိုတာက သိသာလွန်းပါတယ်။ ခက်နေတာတစ်ခုက ကောင်လေးဘက်က တံခါးခေါက်ဖို့အသာထား စောင့်ကြည့်၊ ပြုံး၊ ပြန် အဆင့်သာ။ ခင်မင်မှုကိုခုတုံးမလုပ်ချင်ဘူးဆိုတဲ့ Cover တစ်ခုကိုခြုံပြီး နွေခေါင်ခေါင်မှာပူလောင်နေတာလည်း ဒီကောင်လေးနှလုံးသားက အရည်ပျော်တော့မယ်။

Social ကျလွန်းတဲ့ကောင်မလေးရဲ့ တွဲသမျှရည်းစားတိုင်းကို ရန်သူလိုချောင်းမြောင်းကြည့်ရတာ၊ တွဲသမျှသူငယ်ချင်းတိုင်းနဲ့ ရည်းစားဖြစ်သွားမှာကို စိုးရိမ်ရတာ သူ့သောက။ ဒါပေမဲ့ သူလည်းဖွင့်မပြောဘူး။ ကောင်မလေးကလည်း ဘယ်ရည်းစားနဲ့မှမလွန်ကျူးဘူး။ ဒါတွေကိုသိနေတဲ့ တစ်ယောက်သောသူဖြစ်ရတာ သိပ်ကိုအူယားတယ်။

လွန်ခဲ့တဲ့နှစ်နှစ် အဲဒီကောင်လေးရဲ့မွေးနေ့ပွဲမှာ သူ့သူငယ်ချင်းတစ်ယောက်ကို တခြားကောင်လေးနဲ့ချစ်ကြိုက်မိဖို့ တာဝန်ယူလိုက်ရချိန်က သူတို့နှစ်ယောက်ကို သတိထားမိခဲ့တာ။ အဲဒီကစလို့ ငါးပါးမှောက်ပါတယ်။ သူတို့ခေါင်းပေါ်က အသည်းပုံအမှတ်အသားတွေအရ သူတို့က ပတ်ဝန်းကျင်ကအားကျရတဲ့စုံတွဲလေး ဖြစ်လာရမှာမို့ သတိထားမိတာပါ။ နှစ်နှစ်ကြာတဲ့အထိ ဖြစ်မလာသေးတာက လွဲရင်ပေါ့။

ဒါတွေသိနေတဲ့ ကိုယ်က ဘယ်သူဖြစ်မယ်ထင်ပါသလဲ။

°°°°°

"မဖြစ်ဘူးလေ၊ မင်း ဖွင့်မပြောရပါဘူး။"

မန်နေဂျာကောင်လေးဟာ Social ကျကျကောင်မလေးကို ဖွင့်ပြောမယ်လုပ်တိုင်း ကောင်လေးစိတ်ထဲကနေ ဖွင့်ပြောဖို့သတ္တိတွေပျောက်အောင် မဖြစ်ဖြစ်တဲ့နည်းနဲ့ မောင်းထုတ်နေရတာ လွယ်တဲ့အလုပ်တော့မဟုတ်။ ဒါပေမဲ့ ဘယ်လိုလုပ်ရမလဲ၊ သူတို့ကို ရည်းစားတွေမဖြစ်စေချင်ဘူး။ ဒီကောင်လေးသာရည်းစားရသွားရင် အထီးကျန်အဖော်မဲ့ရမယ့်သူက သက်သက်ရှိနေတာကို ဘယ်သူမှမှမသိနိုင်တာ။ အဲဒီတော့ ဒီကောင်လေးက ကောင်မလေးကို ဖွင့်မပြောစေရဘူး။

ဟော၊ ပြောရင်းနဲ့လာပါပြီ။ လှုပ်စိစိလေးနဲ့ပြေးလာတာ သိပ်ချစ်ဖို့ကောင်းတယ်။ ကောင်လေးကလည်း သူ့ကိုမြင်တော့ သဘောကျတဲ့အပြုံးနဲ့နှုတ်ဆက်တယ်။ စကားတွေတတွတ်တွတ်ပြောပြီး သူတို့အတူလမ်းလျှောက်သွားကြတယ်။ ဒီမြင်ကွင်းကိုမြင်နေရတာ ဘယ်လောက်စိတ်ချမ်းသာရသလဲ။ ကောင်လေးက တစ်ရက်တလေအလုပ်များလို့ အခုလိုမနေရရင် သူ့ခမျာမှိုင်တွေငေးပြီး မစားနိုင်၊ မအိပ်နိုင်နဲ့။ တစ်ခါကဆို သူ့ကိုကားတိုက်မိတော့မလိုဖြစ်လို့ ဝင်ကယ်ပေးခဲ့ရသေးတယ်။

တကယ်လို့များ ကောင်လေးကသာ ဂရုစိုက်စရာလူရှိသွားလို့ သူ့ကိုပစ်သွားရင်ဖြစ်ဖြစ်၊ ကောင်မလေးက သူ့ကိုမကြည်ဖြူလို့ ကောင်လေးနဲ့သူ့ကြား ဝင်နှောက်ရင်ဖြစ်ဖြစ် သူလေးကြေကွဲရမှာကို မကြည့်ရက်ပါ။ ဒါကြောင့် ဒီကောင်လေးနဲ့ကောင်မလေးက ချစ်သူတွေဖြစ်သွားလို့ မရဘူး။ မဖြစ်ရအောင်လည်း တားမှာပါ။

ပြီးတော့ ဟိုအသက်ကြီးမလာတဲ့ဟာလေး။ သူ့ကိုရှောင်ရတာလည်း အလုပ်တစ်ခု။ အဲဒီဟာလေးက သူ့တာဝန်လည်းမရှိပါဘဲနဲ့ ဒီကောင်လေးနဲ့ကောင်မလေးကို ဘာလို့များလိုက်ကြည့်နေတယ်မသိပါ။ သေချာတာတော့ အဲဒီဟာလေးရှိနေတာမို့ အချိန်မရွေးချစ်သူဖြစ်သွားနိုင်တဲ့ အဲဒီနှစ်ယောက်ကို လိုက်စောင့်ကြည့်နေရတာ အလုပ်တစ်ခုဖြစ်လာတာပါပဲ။ သိပ်ကိုလျှာရှည်တဲ့ဟာလေး။

ကိုယ်လား၊ ကိုယ်ကဘာလဲဆိုတာ ပြောပြဖို့ကခက်တယ်။

°°°°°

"သူက သိပ်ချောတာပဲ။"

"မင်းကရော ဒီလိုပဲ တွယ်ကပ်နေတော့မှာလား။"

"ဘာလဲကွာ၊ စိတ်ရှုပ်စရာတွေ လာပြောနေပြန်ပြီ။"

"တကယ်မေးနေတာပါ။ မင်း ဒီလိုပဲတွယ်ကပ်နေတာ ကြာလာရင် မင်းအတွက်မကောင်းဘူးလေ။"

"ဟင့်အင်း၊ ငါ သူနဲ့မခွဲနိုင်ဘူး။"

စိတ်ထဲမကြည်လင်တော့ပါ။ အနားကနေသာ ထွက်လာခဲ့မိတော့တယ်။

မန်နေဂျာကောင်လေးရဲ့အိပ်ခန်းထဲက ခုတင်တစ်လုံးပေါ်မှာ ကောင်လေးကအိပ်မောကျနေပြီး အခန်းထောင့်ကအခင်းပုံလေးထဲမှာ ခွေးစုတ်ဖွားအညိုလေးက ကောင်လေးကိုလှမ်းကြည့်နေပါတယ်။

°°°°°

🎶 "And when you smile, ...
the whole world stops and stares
for a while..." 🎶

"မှန်တာပေါ့။ ဒါပေမဲ့ အဲဒီသီချင်းထဲကလို တစ်စုံတစ်ယောက်ရဲ့အပြုံးက တစ်ကမ္ဘာလုံးရပ်ငေးရအောင်လှတယ်လို့ ထင်ဖို့ကတော့ အချစ်ဆိုတာကြီးလိုတယ်။"

🎶 And when all hope is gone, I'm here
No matter how far you are, I'm near
It makes no difference who you are
I am your angel... 🎶

"အချစ်နဲ့ပတ်သက်မိရင် အကုန်လုံးက လူစွမ်းကောင်းဖြစ်ချင်ကြတယ်၊ နတ်တစ်ပါးလို အစွမ်းရှိချင်ကြတယ်။ အဲဒီအချစ်ဆိုတာကြီးကလေ ... အင်း ... ငါနဲ့လည်းမဆိုင်ပါဘူး။ အဲ ... မဟုတ်ပါဘူး၊ ငါနဲ့မဆိုင်လို့ ငါ့အမေနဲ့ဆိုင်ရမှာလား။ ဟုတ်တယ်၊ မယ်မယ်ဘုရားနဲ့လည်း ဆိုင်တယ်။ အဟင်း ..."

"Cupid. Hello, Cupid. Hey ... Cu...pid!"

"ဗျ၊ ဗျာ"

"နားငြီးတယ်လေ။ ဘာတွေလျှောက်နှိပ်နေတာလဲ။"

"အေးလေ၊ ခုနကအထိ နားထောင်ကောင်းနေတာကို အခုကျ မိုးကြိုးပစ်တာကျနေတာပဲ။"

"အေးဆို"

"အဟီး၊ Sorry ပါဗျာ။ အတွေးလွန်သွားလို့။"

တိမ်တွေကိုသံစဉ်တွေဖော်ရင်း လူ့ပြည်မှာကြားခဲ့တဲ့ အချစ်သီချင်းတွေကို လွှင့်ထုတ်နေရင်းက အတွေးလွန်ပြီး ကီးချော်ကုန်တာကြောင့် အနားက Orion's belt လို့ခေါ်တဲ့ ကြယ်သုံးလုံးက ထအော်နေတာပါ။

အဲဒီကြယ်သုံးလုံးတန်းရယ်၊ တစ်ဖက်တစ်ချက်စီက Rigel နဲ့ Betelgeuse ရယ်၊ သူတို့ငါးလုံးကိုပေါင်းပြီး Culture တစ်ခုမှာတော့ မောင်ရင်ဆိုင်းထမ်းကြယ်လို့လည်း ခေါ်ကြသေးရဲ့။ ဘာတွေထမ်းသလဲတော့ နားမလည်ပေမဲ့ အဲဒီကြယ်အကြောင်း သူတို့မှာလည်း ဒဏ္ဍာရီတစ်ခုရှိတယ်လို့ သိခဲ့ရတယ်။ အဲဒီ Love story လေးကို လေ့လာလိုက်တော့ Sad ending မို့ ကြေကွဲခဲ့ရသေးတာ။ ခွန်ဆမ်လောနဲ့ နန်းဦးပျဉ်ဆိုတဲ့ ချစ်သူနှစ်ယောက်ရဲ့ အသည်းကွဲခန်းတွေပေါ့။

"အဲဒီနှစ်ယောက်ကို ဘယ်သူမြားနဲ့ပစ်ခဲ့တာလဲ။"

"ဘယ်သူ့ကိုလဲ။"

"အာ ... ဘာမှမဟုတ်ဘူး။"

တိမ်တွေနဲ့လွင့်လာရင်း ရုတ်တရက်ပြောမိတာကို နားစွန်နားဖျားကြားသွားတဲ့ Polaris (ဓူဝံကြယ်)က မေးလာတော့မှ ခြေရှည်မိတာ မြောက်ပိုင်းရောက်လာမှန်း သတိထားမိတော့တယ်။

"ပြန်လိုက်ဦးမယ်နော်။"

Big dipper (ခုနစ်စင်ကြယ်) အဖွဲ့ဝင်တွေကိုပါ နှုတ်ဆက်ခဲ့ပြီး ပြန်လာခဲ့တော့ နောက်နေ့အတွက်တာဝန်တွေက လက်ထဲရောက်လာနေပြီ။

°

တိမ်တွေပေါ်ထိုင်ရင်း အချစ်သီချင်းတွေနားထောင်လိုက်၊ တွေးလိုက်၊ ခေါင်းခါလိုက်၊ ခေါင်းညိတ်လိုက်နဲ့ အရူးလိုဖြစ်နေတဲ့ဟာလေးက သူ့ရှေ့ကတိမ်တွေကိုလက်ဆော့နေတာ စန္ဒရားခလုတ်လေးတွေလို နိမ့်လိုက်မြင့်လိုက်ဖြစ်ပြီး သံစဉ်တွေထွက်ကျလာတယ်ပေါ့။ ငါ ထအော်လိုက်ရလို့ ကမ္ဘာနှစ်ခြမ်းကွဲသွားဦးမယ်။

"ဂီး"

"What the f*ck! ညငှက်ဆိုတဲ့ကောင်၊ သေမလို့ ဖြည်းဖြည်းမအော်နိုင်တာလား။ ပျင်းလို့ သစ်ပင်ထိပ်မှာ လေညင်းလာခံပါတယ်။ မိုးပေါ်မှာလည်း မထော်မနန်းတွေတွေ့ရတယ်။ အပင်ပေါ်မှာလည်း သင်းနဲ့တိုးတယ်။ မသာကောင်။"

သူပြောလို့အဆုံးမှာ ဘေးကဖြတ်ပျံရင်းအော်သွားတဲ့ ညငှက်ကတော့ မြေပြင်ပေါ်ပြုတ်ကျသွားရှာလေပြီ။

"အား၊ Sorry, sorry. ငါ စိတ်မထိန်းလိုက်နိုင်ဘူး။ သေပြီလား။"

"သေပြီလေ။ ခင်ဗျားကြီး ပါးစပ်ပိတ်နေတာကောင်းမယ်နော်။ ထွက်လိုက်သမျှက ကျိန်မယ်ဆိုတာချည်းပဲ။ ကျုပ်မှားတာပါ၊ ခင်ဗျားလို့မထင်မိလို့ သတိမထားမိဘဲ အော်လိုက်မိတာ။"

သေသွားတဲ့ညငှက်ဝိညာဉ်က မကျေမနပ်ပြောဆိုလာတော့

"တောင်းပန်တယ်ဟေ့၊ OK? လူ့ပြည်မြန်မြန်ရောက်တာပေါ့။"

စကားဆုံးတော့ ငှက်ဝိညာဉ်ပျောက်ထွက်သွားပြီး လူ့ပြည်ရဲ့လူဦးရေစာရင်းမှာ သန္ဓေသားအရေအတွက် တစ်ယောက်တိုးသွားလေရဲ့။

°°°

"ကဲ၊ ဒီနေ့က Valentine's day. ဘယ်သူက ဘယ်သူ့ကိုချစ်ရမှာတဲ့လဲ။"

Cupid မြားတစ်စင်းနဲ့လေးတစ်လက်ကိုင်ရင်း စာရင်းကြည့်ပြီး တစ်နေ့တာအတွက် အချစ်သစ်တွေကိုဖန်တီးနေမိတယ်။ နောက်ဆုံးတာဝန်တစ်ခုပြီးတော့ သူ့ရဲ့စုံတွဲလေး ဘယ်လိုအခြေအနေရှိမလဲလို့ သိချင်သွားတယ်။ အလုပ်များနေတာနဲ့ မကြည့်ရသေးဘူး။

"Wow! ဒီကောင်လေး နောက်ဆုံးတော့ Lover square ဆီ ကောင်မလေးကိုခေါ်သွားတော့မယ်ပေါ့။ ဟေ ဟေး၊ ဖြစ်သင့်တာ ကြာ ... What? ဘာကောင်လဲ။ တစ်ကိုယ်လုံးလည်း အနက်ရောင်စွမ်းအားတွေနဲ့။ ဒီကောင်ရှုပ်နေလို့ ဟိုကောင်လေးက နှစ်နှစ်ကြာတဲ့အထိဖွင့်မပြောဖြစ်တာလား။ ငါက ဘာလို့အခုမှသိတာလဲ။ မဖြစ်ဘူး၊ အနှောင့်အယှက်ကောင်ကို တားရမယ်။"

Cupid တို့ဝတ္တရားရှိသည့်အတိုင်း အချစ်ရေးကိုနှောင့်ယှက်နေတဲ့ မကောင်းဆိုးဝါးကို တားမြစ်ဖို့သွားမိတာက ဘဝကြီးကျွမ်းထိုးမှောက်ခုံဖြစ်ဖို့လို့ ဘယ်ထင်ပါ့မလဲ။

°

"ဒီနေ့ Cupid ဆိုတဲ့ဟာလေးမရှိပါဘဲ ဘာကိစ္စနဲ့ သူတို့ကအဆင်ပြေနေတာလဲ။ ဒုက္ခပဲ၊ မပြောနဲ့လေ။ ငါဘယ်လိုဆက်တားရမလဲ၊ မနိုင်တော့ဘူးဟ။ Lover square ဆိုတာကြီးကိုက နာမည်ကစီးနေပြီကို ကောင်မလေးကလည်း လိုက်သွားမယ်ဆိုတော့ ... မဖြစ်ဘူး။"

ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် တားဖို့ဆုံးဖြတ်လိုက်ပြီမို့ Cupid မရှိတာကို အခွင့်ကောင်းယူပြီး သူတို့နောက်တကောက်ကောက်လိုက်ခဲ့တာ။ အခုတော့ တကယ်ကို Love story တစ်ပုဒ်ကြည့်ရတော့မယ့်အခြေအနေမို့ ကောင်လေးရဲ့စိတ်ဝိညာဉ်ကို ညစ်နွမ်းအောင်လုပ်ဖို့သာ ကျန်တော့တယ်။ မတတ်နိုင်ပါ။ အသည်းကွဲမယ့်သူကို မကြည့်ရက်တော့လည်း ...

"ရပ်လိုက်"

ခေါ်သံကြောင့်လှည့်ကြည့်မိတော့ Cupid.

"ဘာလဲ။"

"မင်းကဘာလဲ။"

"နေစမ်း၊ ငါမအားဘူး။"

ဟိုအတွဲကအရေးကြီးနေလို့ Cupid ရှေ့ကရှောင်ထွက်ဖို့ကြိုးစားပေမဲ့ တစ်ဖက်လှည့်လိုက်တာနဲ့ Cupid ကလည်း သူ့ရှေ့ရောက်နေတယ်။

"မင်း ဘာလို့နှောင့်ယှက်နေတာလဲ။"

"သူခိုးကပဲ လူဟစ်လို့။ မင်းသာ ဟိုအတွဲကိုနှောင့်ယှက်နေတာလေ။ ငါမြင်တယ်။"

"သိလည်း ဖယ်ကွာ။ အရေးကြီးတယ်။"

ဘေးကိုရှောင်ထွက်လည်း လိုက်ပိတ်နေတဲ့ Cupid ဆိုတဲ့ဟာလေးကို ကိုင်ပေါက်ချင်နေပါပြီ။

"ဖယ်စမ်းပါကွာ။ ငါမဆဲချင်ဘူး။"

ခေါင်းခါပြလိုက်တဲ့ Cupid.
အတွဲနောက်ကို ဆက်လိုက်ဖို့ပြင်တော့လည်း ခါးကိုရစ်ပတ်လာတဲ့ လေပွေတစ်ခု။ နောက်ကဆွဲထားတာမို့ လှည့်ကြည့်လိုက်ပြီး

"မိုးကြိုးပစ်ပါစေ။"

*ဖြောင်း*

"အ၊ ငါ့ကို လျှပ်စီးနဲ့ရိုက်တယ်။ မင်း ... မင်း ... သေမလို့လား။"

"ငါမရိုက်ဘူး။"

"အား၊ နာလိုက်တာ။"

သေမလို့လားလို့ ကျိန်ဆဲပြီးတဲ့အထိ Cupid ကဘာမှမဖြစ်ဘဲ ကိုယ်တိုင်သာရင်ထဲအောင့်တက်လာပြီး ထိုင်ချလိုက်ရတော့ သစ်ကိုင်းခြောက်တစ်ခုက ပေါင်ကိုလာစူးပါတော့တယ်။

"သေစမ်း၊ ဒီသစ်ပင်။"

ခဏချင်းမှာပဲ သစ်ပင်ရဲ့အရွက်တွေခြောက်ကပ်ပြီး ညှိုးရော်ကာ သစ်ပင်ကသေဆုံးသွားရှာပြီ။
အဖြစ်အပျက်တွေက ကောင်လေးတို့စုံတွဲဖြတ်သွားတဲ့ လမ်းကြားလေးထဲမှာဖြစ်နေပြီး လူနေအိမ်ခြေနည်းတဲ့ဖြတ်လမ်းမို့ ဘယ်သူမှတော့မသိလိုက်ပါ။

"မင်း ... Curse Devil?"

"ဟုတ်တယ်။ မင်း အခုထိ ဘယ်လိုမှမနေဘူးလား။"

"ဘာကိုလဲ။"

*မင်းရဲ့ကျိန်စာတွေကို မင်းဆီပြန်လှည့်စေနိုင်တဲ့ စွမ်းအားရှိသူက ...*
ခေါင်းထဲပေါ်လာတဲ့အတွေးတစ်စနဲ့ ပြန်ကြားယောင်မိတဲ့ စကားတစ်ခွန်း။

"မင်း မဖြစ်နိုင်ပါဘူး။"

"ဘာပြောနေတာလဲ။"

"မဖြစ်နိုင်ဘူး။ Cupid's arrow!"

မလိုတဲ့အချိန်ဖျောက်ထားတဲ့ Cupid ရဲ့မြားက Curse Devil ရဲ့ခေါ်သံကြောင့် Cupid လက်ထဲမှာပေါ်လာပြီး ရုန်းထွက်နေပါတယ်။

"ဘာဖြစ်တာလဲ၊ ငြိမ်ငြိမ်နေစမ်းပါ။"

Cupid ကဆောင့်ဆွဲလို့ ရွှေရောင်ထိပ်ဖူးချွန်ချွန်နဲ့မြားက ငြိမ်သွားပါပြီ။ ဒါကို အထူးအဆန်းကြည့်နေမိတဲ့ Curse Devil က ခဏကြာတော့ လှည့်ထွက်သွားတယ်။ သူ့ပါးစပ်ကလည်း

"မဖြစ်နိုင်ဘူး။"

"ဟာ။ ဟေ့ ... နေဦးလေ၊ မသွားနဲ့။"

*ဖောက်*

"လွှတ်စမ်း။"

"ဟာ၊ သွားပြီ။"

လက်ရှိအခြေအနေမှာ Curse Devil က Cupid ဘက်လှည့်ကြည့်နေပြီး Cupid က Devil ရဲ့ခေါင်းပေါ်ကိုကြည့်ကာ ကြက်သေသေနေပါတယ်။ နှစ်ယောက်လုံးကတော့ ကမ္ဘာ့ဆွဲငင်အားနဲ့မသက်ဆိုင်တဲ့ လေဟာနယ်ထဲမှာမျောနေပြီး ပတ်ဝန်းကျင်မှာ လေပြည်တွေတိုက်၊ ပန်းတွေပွင့်လို့ နေရောင်ခြည်ကဖြာကျလာတယ်။ ခုနကရှိနေတဲ့လူ့ပြည်နဲ့ ဘာမှမသက်ဆိုင်ပါဘဲ နှစ်ယောက်တည်းရှိနေရာလေးရဲ့ မလှမ်းမကမ်းလေးမှာ ရေတံခွန်လေးက ဖြာကျနေပြီး ကောင်းကင်မှာ Rainbow Twins ပေါ်နေပါတယ်။

"ရပ်လိုက်"

Cupid ရဲ့စကားသံကြောင့် နှစ်ယောက်စလုံး မူလအခြေအနေဆီပြန်ရောက်လာပြီး

"ငါ ခုနက ဘယ်ရောက်သွားတာလဲ Cupid?"

"ဘယ်မှ ... ဘယ်မှမရောက်ဘူး။ ငါ သွားပြီ။"

လှည့်ထွက်သွားတဲ့ Cupid ကျောပြင်ကိုကြည့်ရင်း

"ငါ ရင်တွေတုန်လိုက်တာ။ ဘာကိုကြောက်ပြီး လန့်နေတာလဲ။ ငါကြောက်ရမယ့်အရာ လောကမှာမှမရှိတာ။"

Curse Devil က အသက်ပြင်းပြင်းရှူရင်း နေရာမရွှေ့နိုင်ဘဲ အတောင့်လိုက်လေး ရပ်ကျန်နေခဲ့ပါတော့တယ်။

°°°°°

ကောင်လေးရဲ့အိမ်ဧည့်ခန်းမှာ ကောင်မလေးနဲ့ကောင်လေးက အတူကပ်ထိုင်ရင်း မုန့်ထုပ်တွေချကာ ရုပ်ရှင်အတူကြည့်နေကြပါတယ်။ ရုပ်ရှင်က Romace, Fantasy မို့ ရိုက်ကွက်တွေကသိပ်လှနေပြီး စိတ်ကူးယဉ်ချင်စရာ သိပ်ကောင်းနေပါတယ်။ ကောင်မလေးက ကောင်လေးရင်ခွင်ထဲတိုးဝှေ့တော့ ကောင်လေးကပြုံးပြီး ခပ်တင်းတင်းလေးဖက်ထားပေးတယ်။ ပြီးတော့ နဖူးလေးဆီအနမ်းတစ်ပွင့်ခြွေတယ်၊ ကောင်မလေးနှုတ်ခမ်းမှာ အပြုံးတစ်ပွင့်ဝေသွားပြီး အိမ်ပေါက်ဝမှာဆော့နေတဲ့ မွှေးပွခွေးလေးမျက်လုံးကနေ မျက်ရည်တစ်စက်ကြွေသွားတယ်။

"Foxy"

ခွေးလေးက ပန်းပင်တွေကြားပြေးသွားပြီး

"မင်း ဘယ်သွားနေတာလဲ။ တစ်ပတ်တောင်ပျောက်သွားတာ။"

"မင်း ငိုနေတာလား။ ဘာဖြစ်လို့လဲ။ ငါ့ကိုပြောစမ်း။"

ခွေးလေးက ငြိမ်ငြိမ်လေးထိုင်နေတော့ Curse Devil က အိမ်ထဲလှမ်းကြည့်လိုက်တယ်။

Oh my Hades! ဒါ ဘယ်လို Kiss scene လဲ။ ဒီစုံတွဲက ဒီလောက်အထိတွေ ချစ်ကုန်ကြပြီလား။

"Foxy"

ခွေးလေးက အိမ်ထဲပြေးဝင်သွားပြီး ကောင်လေးအခန်းထဲက သူ့အိပ်ရာလေးမှာပဲ ပြန်ခွေနေပါပြီ။ တကယ်တော့ Foxy က မြေခွေးစပ်တဲ့ အိမ်မွေးခွေးလေးဆိုပေမဲ့ ရိုးရိုးသာမန်တော့ မဟုတ်ခဲ့ပါ။ နှစ်တစ်ရာလောက်ရှင်သန်ပြီးသား မြေခွေးဝိညာဉ်မို့ သူ့မှာ အစွမ်းတွေရှိနေပါတယ်။ ဒါပေမဲ့ ဒီလူသားကောင်လေးကိုချစ်မိသွားလို့ ကောင်လေးအနားရစ်ဝဲနေမိတာ လူ့သက်တမ်းသုံးနှစ်ရှိပြီ။ အခုတော့ .....

Foxy အသည်းကွဲရသလို လွန်ခဲ့တဲ့နှစ်က ဝိညာဉ်ပုံစံနဲ့ငိုကြွေးနေတဲ့ Foxy ကို အမှတ်မထင်တွေ့မိတဲ့ Curse Devil က Foxy ကိုသဘောကျသွားပြီး လိုက်ကပ်နေရင်းက Foxy အလိုအတိုင်း ဒီလူသားနှစ်ယောက်ရဲ့အချစ်ကို နှောင့်ယှက်နေခဲ့တာပါ။ Foxy မျက်ရည်ကျတာမြင်ရင် တစ်ယောက်ယောက်ကိုကျိန်ဆဲချင်တဲ့ Devil တစ်ကောင်က အခုတော့ စိတ်မကောင်းဖြစ်ရုံအပြင် မပိုခဲ့ပါ။

"ထူးဆန်းတယ်။ ဟိုနေရာလေးကိုရောက်သွားပြီး Cupid ထွက်သွားတော့ ငါဒီကိုတန်းလာတာပါ။ အဲဒါ လူ့ပြည်မှာတစ်ပတ်ကြာသွားတာလား။ ငါတော့ သိဖို့လိုနေတာတွေ များသွားပြီ။"

°°°

"Cupid, မင်း ခဏပျောက်သွားတယ်နော်။ ပြီးတော့ မင်းတာဝန်တွေလည်း ခဏလေးရပ်ဆိုင်းသွားတယ်။"

"ဘာလဲကွာ၊ စပ်စုလိုက်တာ။"

"ငါကြားဖူးတာလေ၊ မြားနတ်မောင်က ဘယ်သူမှမသိအောင် ခဏပျောက်သွားပြီး သီးသန့်ကမ္ဘာလေးမှာ သူ့ရဲ့ ....."

"တိတ်စမ်း၊ ယုံတမ်းစကားတွေကွာ။"

အား ... ငါစိတ်ညစ်ပါတယ်ဆိုနေမှ ဒီကောင်လျှာရှည်တယ်နော်။

"တကယ်ကြီး ..."

"တော်လိုက်တော့။ မင်း ပင်လယ်ထဲပြန်ပါတော့။ ဘယ်လိုငါးက ကုန်းပေါ်မှာကြာကြာနေလို့လဲ။"

"Marman ကွ၊ Marman. ရေလူသားဆိုတာ မင်းသိဖို့လိုတယ်။ ငါ ကုန်းပေါ်မှာလည်းနေနိုင်တယ်။"

"ပြန်ပါတော့ကွာ။"

"မင်းပျောက်သွားတာကို ငါသတိထားမိလို့ လာမေးတာ ဟေ့ကောင်။"

"Triton, ငါတောင်းပန်တယ်ကွာ။ မင်း မပြန်ရင် မင်းခိုးလုပ်သမျှတွေကို Poseidon နဲ့ တိုင်မှာနော်။"

Poseidon က ပင်လယ်ကိုပိုင်စိုးတဲ့နတ်ဘုရားဖြစ်ပြီး ကောင်းကင်ဘုံနတ်ဘုရား Zeus နဲ့ ညီအစ်ကိုတော်ပါတယ်။ Triton ကတော့ Poseidon နဲ့ သူ့မိဖုရား Amphitrite တို့ကနေမွေးဖွားတဲ့ သားတော်တစ်ပါးဖြစ်ပါတယ်။
Cupid က ပင်လယ်ကမ်းလွန်ကျွန်းတစ်ခုမှာ ရောက်နေတာမို့ Triton ရောက်လာပြီး စူးစမ်းနေတာပါ။

"မညစ်ပတ်နဲ့။ (၂၁) ရာစုလူ့ပြည်ကို ငါအခုမှရောက်ဖူးတာမဟုတ်ဘူး။ ပြန်မှာ။"

"အေးပါ၊ မင်းစကားလုံးတွေကြားတာနဲ့တင် ဒီဘက်ခေတ်နဲ့အကျွမ်းဝင်မှန်း ငါသိတယ်။"

ပြန်သွားပြီ။ သွားတော့လည်း ချက်ချင်း။
စိတ်တွေလည်းညစ်ရပါတယ်။ ဘာလို့များ Curse Devil ရဲ့ပုံတူအသည်းက ပေါက်သွားရတာလဲ။ ငါ့မြားနဲ့ထိသွားတာလား။ မဖြစ်နိုင်ဘူးနော်။ ဒါ မတော်တဆတွေပဲ။

Cupid သန္တာကျောက်ခက်တစ်ခက်ကို ခူးယူလိုက်ပြီး

"သူနဲ့မဆုံအောင်နေလိုက်ရင် ပြီးတာပဲလေ။"

°°°

Cupid ရှိရာကိုရောက်လာမိပြီး ဘာအကြောင်းအရင်းနဲ့မှလည်း တွေ့စရာမရှိတာမို့ ပြန်ထွက်လာရပြန်တယ်။ ညဘက်တစ်ခေါက်ထပ်ရောက်ပြီး ဘာသွားပြောရမှန်းမသိလေသူ။

"Curse, ဘာလာလုပ်တာလဲ။"

"ပျင်းလို့လျှောက်သွားနေတာ။"

"မနက်ကလည်း ဒီကိုရောက်လာပြီးပြီလေ။"

"မင်းက ဒီပန်းခြံစောင့်နတ်မဟုတ်လား။ ဘာကိစ္စ ငါ့ကိုစပ်စုနေတာလဲ။"

"ထူးဆန်းနေလို့ပါ။ အထဲကိုချောင်းလိုက်၊ ပြန်သွားလိုက်နဲ့မို့။"

"Cupid က ဘာလို့ ဒီမှာပဲရှိနေတာလဲ။"

"သိဘူးလေ။"

"မင်းသိတာဘာရှိလဲ။ လိုက်စပ်စုနေသလောက် ဘာမှမသိဘူး။ သွားတော့၊ ငါ့နားလာမရှုပ်နဲ့။"

"Cupid တာဝန်နားထားတယ်ထင်လို့ဟာကို။"

ပွစိပွစိရေရွတ်ပြီးထွက်သွားတဲ့ အစောင့်နတ်ကြောင့်

"နေဦး"

"ဗျာ"

"သူက ဘာလို့တာဝန်နားတာလဲ။ အဲဒီလိုရသလား။"

"Cupid က ဖူးစာရှင်တွေ့ရင် တာဝန်ခဏပေးနားတယ်တဲ့။ အားလပ်ရက်ပေါ့။"

"သူက တွေ့ပြီတဲ့လား။"

"သိဘူးလေ။ အဲဒီလိုရှိတယ်လို့ ပြောပြတာ၊ အဲဒီလိုဖြစ်နေတယ်လို့ မပြောပါဘူး။"

"အေး၊ ဘာမှမသိနဲ့။ ငါမဆဲခင် လစ်လိုက်တော့။"

"မလုပ်နဲ့နော်၊ သွားပြီ။"

ဖျတ်ခနဲပျောက်သွားလိုက်တာမှ မျက်တောင်တစ်ခတ်အချိန်ကတောင် ပိုကြာဦးမယ်။

"Cupid."

"Oh My Zeus! လန့်လိုက်တာ။ မင်းက ရုတ်တရက်ကြီး ဘယ်ကထွက်လာတာလဲ။"

ရှောင်ပါတယ်ဆို တည့်တည့်တိုးနေရလို့ Cupid စိတ်မကြည်သလို ချက်ချင်းကြီး ပန်းခြံရှေ့မှာပေါ်လာတဲ့ Cupid ကို လျှာရှည်နှုတ်ဆက်မိသူကလည်း

"သူသတိမထားမိတာကြိုသိရင် နှုတ်မဆက်ပါဘူး။"

"ဘာပြောတာလဲ။"

"ငါရပ်နေတာကို မင်းဘာသာသတိမထားမိတာလို့ ပြောတာ။"

"ဪ၊ အေး။ မင်း နေလေ၊ ငါသွားပြီ။"

ဘယ်ကိုလစ်မယ်မှန်းမသိရတဲ့ Cupid က တောင်ပံတစ်စုံဖြန့်လို့ ပျံတက်သွားခဲ့ပြီ။

°°°

"ဒြပ်မဲ့ကမ္ဘာမှာ Rainbow twins ပေါ်တယ်တဲ့။"

"တကယ်လား။"

"မင်းတို့က သေချာလို့လား။"

"ဘယ်သူမြင်တာလဲ။ ဘယ်သူသိလာတာလဲ။"

လေပြည်နတ်သမီးရဲ့ သတင်းစကားမှာ အတင်းပြောမဆုံးကြတဲ့ လေပွေတွေက Cupid နားထဲအထိမွှေလာပါတော့တယ်။
ရှင်းလေရှုပ်လေဖြစ်မယ့်အကြောင်းမို့ လာမမေးမချင်း မသိချင်ယောင်ဆောင်မယ်လို့ တွေးထားခဲ့ပြီးသားပါ။ လာမေးရင်လည်း မဟုတ်ပါဘူးလို့ ငြင်းဖို့အသင့်။

°°°°°

"Foxy"

"အင်း"

"မင်းဘာဆက်လုပ်မှာလဲ။"

"တကယ်တော့ ငါနဲ့သူကလည်း သဘာဝမှမတူတာလေ။ ငါကသာစွဲလမ်းနေတာ သူကတော့ လူသားမိန်းကလေးနဲ့ပဲ ဘဝကို သာသာယာယာဖြတ်သန်းချင်မှာပေါ့။ ငါ့ရဲ့အဘိုးတွေတုန်းကလည်း အရမ်းခက်ခဲခဲ့တယ်။ အဘိုးကမြေခွေး၊ အဘွားကလူသားလေ။ ဒါကြောင့် ငါကလည်း သွေးနှောဖြစ်နေတာပေါ့။"

"သဘာဝမတူတဲ့အချစ်..."

"အင်း၊ သိပ်ခက်ခဲတယ်။"

"အခြေအနေတွေကွဲပြားနေရင် ချစ်လို့မရဘူးပေါ့။"

"မရဘူးလို့မပြောပါဘူး။ ခက်ခဲတယ်လို့ပြောတာပါ။ ဒီကြားထဲကမှ တစ်ဖက်သတ်ဆိုရင် ပိုဆိုးသွားပြီ။"

"ဒါဆို ငါက မင်းကို ချစ်လို့မရဘူးလား။"

"Curse, ချစ်တာလား၊ သဘောကျတာလား။"

"ငါ ... သဘောကျခဲ့တာထင်တယ်။ မင်းကိုတွေ့နေရရင် သိပ်ပျော်တာ။"

"အထီးကျန်နေလို့ ကုပ်တွယ်စရာရှာတာပါ။ လူသားတစ်ယောက်ကိုချစ်နေတဲ့ မြေခွေးတစ်ကောင်ကို သနားနေတာလေ။ ကိုယ်ချစ်တဲ့သူက တခြားတစ်ယောက်ကိုချစ်နေပြီး နာကျင်ခံစားနေရရင် ကိုယ်လည်း ထပ်တူနာကျင်တယ်တဲ့။ အဲဒီလို မဖြစ်ဘူးမဟုတ်လား။"

"နာကျင်တယ်။"

"အင်း"

"ဘယ်လိုမျိုးလဲ။"

"တွေ့လား၊ မခံစားရဘူးလေ။"

"ဟုတ်တယ်။"

"ပြီးတော့ အခု အရင်လို Foxy ရေဆိုပြီး ခဏခဏတမ်းတမနေတော့ဘူးလေ။ တခြားတစ်ခုဆီ စိတ်ရောက်နေတယ်။"

"အဲဒါလေ ... ငါလည်းမသိဘူး။ မင်းအချစ်ကရော ဘာဆက်ဖြစ်မှာလဲ။"

"ထွက်သွားတော့မယ်။ ကိုယ့်နေရာကိုယ်နေတာ အကောင်းဆုံးပဲဖြစ်မှာပါ။"

"ဘယ်နေရာလဲ။ ငါလာလည်လို့ရလား။"

"ရတာပေါ့။"

"အင်း၊ မင်းပြန်ရင် ငါ့ကိုပြော။"

အိမ်ခေါင်မိုးပေါ်မှာတက်ထိုင်နေကြပြီး တစ်ခြမ်းပဲ့လလေးကို ငေးကြည့်နေတဲ့ ခွေးညိုလေးတစ်ကောင်နဲ့ အနက်ရောင်တွေလွှမ်းနေသူတစ်ယောက်။

°°°

Cupid ပါပဲ။
သွားလည်း လမ်းမှာမြင်ယောင်တာ Cupid. နားလည်း အတွေးထဲမှာ Cupid. Foxy နဲ့စကားပြောလည်း အချစ်အကြောင်းပြောရင်း သတိရမိတာ Cupid.

မနေနိုင်ပြန်ဘူး။ Cupid နဲ့မတွေ့တာ ဒီနေ့နဲ့ဆိုနှစ်ရက်ပဲရှိသေးတာပါ။ လူ့သက်တမ်းနှစ်ရက်က အဲဒီလောက်ကြာမယ်လို့ ဘယ်တုန်းကမှမတွေးမိတာပါ။

"Cupid, မင်းအလုပ်ပြန်လုပ်နေပြီလား။"

"ငါ့ကို အားနေတယ်ထင်နေတာလား။"

"မဟုတ်ပါဘူး။ ဟိုတလောက နားနေသလားလို့။"

"ငါ့နောက်လျှောက်လိုက်မနေနဲ့။ ငါမကြိုက်ဘူး။"

"ဘယ်မှာလိုက်လို့လဲ။ ငါမလိုက်ပါဘူး။"

ပေါ်တင်ညာလိုက်တဲ့ Curse Devil ကြောင့် Cupid က မျက်မှောင်ကျုံ့ကြည့်ပြီး

"အခုက ဒီနေရာကို ဘာလာလုပ်တာလဲ။"

"အဲဒါက ... အဲဒါ ... ဟို ... မေးစရာရှိလို့လေ။"

"မေးလေ။"

"ဟိုလေ ... အင်း ... ဒီလိုကွာ။ မင်းက မြားနဲ့ပစ်လိုက်ရင် အပစ်ခံရတဲ့သူက အချစ်စိတ်တွေဖြစ်လာတယ်ပေါ့။ အဲဒီလိုဆို သဘာဝမတူတာချင်းကျတော့ရော ဘယ်လိုချစ်နိုင်မလဲ။"

"သဘာဝမတူတာကို ခံစားနိုင်တဲ့စိတ်ရှိရင်၊ ဒါမှမဟုတ် စွမ်းအားရှိရင် ချစ်သွားနိုင်တယ်။"

"ဒါဆို သဘာဝမတူလည်း ဖြစ်နိုင်တယ်ပေါ့။"

"ဘာဖြစ်လို့မေးတာလဲ။"

Cupid မသင်္ကာတော့ပါ။

"အဲ ... ဟိုလေ ... ဪ၊ ငါသိတဲ့မြေခွေးလေးက သူ့ကိုမွေးထားတဲ့သခင်ကို ချစ်မိလို့တဲ့လေ။ အဲဒါကြောင့်မေးကြည့်တာ။"

"ရိုးရိုးမြေခွေးမဟုတ်ဘူးထင်တယ်။"

"အင်းပေါ့။"

"ဖြစ်နိုင်လို့ပဲ သူချစ်သွားပြီမဟုတ်လား။"

"Cupid, တစ်စုံတစ်ယောက်ချင်းစီရဲ့ဖူးစာရှင်ကို မင်းသိနိုင်တယ်မဟုတ်လား။"

"အင်း"

"ဘယ်လိုသိတာလဲ။"

"အဲဒါ ငါပဲသိတဲ့ကိစ္စ။ ပြောပြလို့မရဘူး။"

ခေါင်းပေါ်ကပုံတူအသည်းကိုကြည့်ရင် သိနိုင်တာကို ပြောပြလို့မဖြစ်ပါ။

"မင်းရဲ့ဖူးစာရှင်ကိုရော မင်းသိနိုင်လား။"

"ဘာလုပ်ဖို့လဲ။ စပ်စပ်စုစုနဲ့ စကားတွေများလိုက်တာကွာ။ တော်တော်အားနေရင်လည်း ငရဲကိုသာပြန်ပါ။ ငါမအားဘူး။"

ထွက်သွားတော့မယ့် Cupid ကို လမ်းပိတ်တားလိုက်ပြီး

"တစ်ခုပဲထပ်မေးတော့မယ်။"

လက်ညှိုးတစ်ချောင်းထောင်ပြီး ခပ်တည်တည်နဲ့ပြောနေတဲ့ Curse Devil က သူကသိချင်လို့မေးတာနဲ့မတူဘဲ Cupid ကပဲ ခခယယစကားလိုက်ပြောနေသလို နတ်မှုဆက်ဆံရေးပြေပြစ်လွန်းလှတယ်။
Cupid ခေါင်းမြန်မြန်ညိတ်လိုက်တယ်။ မြန်မြန်ထွက်သွားချင်ပြီ။

"ငါ ... ငါ့ရဲ့ ... ငါ့ရဲ့ဖူးစာရှင်ကိုရော မင်းမြင်နိုင်လား။"

"ဘာ ....."

"ဘာလဲကွာ။ ဘာထဖြစ်တာလဲ။"

"အဟမ်း၊ ဘာမှမဟုတ်ဘူး။ ကျိန်စာနတ်ဆိုးက ဖူးစာရှင်ရှာနေလို့ အံ့ဩသွားတာ။"

"မရှာပါဘူး၊ မရှာဘူး။ မင်းနဲ့ကြုံတုန်း မေးကြည့်တာလေ။"

Curse Devil ခေါင်းပေါ်ကို Cupid က မသိမသာခိုးကြည့်ကာ အမူအရာထိန်းရင်း

"တိတိကျကျမမြင်ရသေးဘူး။"

"အဲဒီလိုလား။"

"အင်း၊ ငါသွားပြီ။"

"Cupid"

"ဘာလဲကွာ။"

"စိတ်မရှည်တော့ဘူးထင်တယ်။ သွားပါ၊ မင်းသွားစရာရှိတာ သွားလေ။"

"အေး"

ပြောပြီး တစ်ဖက်လှည့်ကာ ဖျတ်ခနဲပျောက်သွားတဲ့ Cupid ကြောင့်

"လူတွေဆိုရင်တောင် ထွက်သွားရင် နောက်ကျောလေးတော့မြင်ရသေးတယ်။"

°°°

"ဟူး ... သဘာဝမတူရင် ချစ်လို့ရလားဆိုပဲ။ ဘာကိစ္စသိချင်သွားရတာလဲ။ သူ့ဖူးစာရှင်ကို တွေ့မိလားဆိုတော့ ငါကဘယ်လိုဖြေရမှာလဲ။ သူ့ရဲ့ပုံတူအသည်းက ငါ့ကြောင့်ပေါက်သွားပြီကို။ ဟာကွာ၊ အဲဒီကိစ္စကိုပဲ တွေးမိပြန်ပြီ။ လူတွေပြောတဲ့အရူးထောင်ဆိုတာထဲပဲ သွားနေချင်တော့တယ်။
Oh my Zeus! ဘယ်လိုဖြစ်ပြီး ဒီရောက်လာတာလဲ။"

လေထဲဝဲရင်း ရောက်မိရောက်ရာအရပ်မှာ မြေပြင်ပေါ်ခြေချမိတော့ Cupid ရှေ့ကဆိုင်းဘုတ်က

*Psychiatric Hospital*

Cupid တစ်ယောက်တော့ စိတ်ရောဂါကုဆေးရုံရှေ့မှာမှ ရပ်မိလေခြင်း။

ဟိုတစ်ရက်ကလည်း စိတ်ရှုပ်လွန်းလို့ တောထဲသာသွားနေချင်တယ်လို့ ပြောမိတာ သွားနေရင်းနဲ့ အမေဇုန်တောထဲရောက်လို့ရောက်။
ခေါင်းတွေပူလို့ ပင်လယ်ထဲစိမ်နေလိုက်ချင်တယ်ဆိုတော့လည်း ပင်လယ်နီဆီကို လွင့်လို့လွင့်။

Cupid စိတ်တွေညစ်လာပါတယ်။
Rainbow twins ကိစ္စနဲ့ သူ့တာဝန်တွေ ခဏနားသွားတဲ့ကိစ္စလည်း တော်တော်လေးသတင်းပျံ့နေပါပြီ။
တကယ်တမ်းတော့ Curse Devil ကိုသာ မြားထိထားပြီး Cupid ကိုထိထားတာမဟုတ်တာကြောင့် ဒီကိစ္စက Devil ဘာဖြစ်ဖြစ် Cupid ဆီကို သက်ရောက်စရာမရှိနိုင်ပါ။ ဒါပေမဲ့ Curse Devil က Cupid နား တဝဲလည်လည်လုပ်နေသလို Cupid မှာလည်း နှုတ်စီးသလိုတွေဖြစ်လာပါတယ်။

"မယ်တော်ကို သွားမေးရင်ကောင်းမလား။ မဖြစ်သေးပါဘူးလေ။"

နောက်ဆုံးတော့ Cupid တစ်ယောက် စိတ်ပြေလက်ပျောက်ဖြစ်ဖို့ တစ်နေရာရာမှာခဏသွားနေဖို့ ဆုံးဖြတ်လိုက်ပါတယ်။

°°°

Curse Devil ရဲ့နားထဲမှာ ပြန်ကြားယောင်နေတဲ့ ဟောကိန်းတစ်ခု။
ပြန်မြင်ယောင်နေတာကတော့ Cupid ကို မိုးကြိုးပစ်ပါစေလို့ ကျိန်လိုက်တုန်းက သူ့ကိုလျှပ်စီးလာထိတဲ့အဖြစ်အပျက်နဲ့ အဲဒီနေ့က Cupid သူ့ခေါင်းပေါ်ကိုကြည့်နေရင်း သူတို့အတူရောက်သွားတဲ့ ဘာမှန်းမသိတဲ့ကမ္ဘာငယ်လေး။

"Cupid နဲ့ပတ်သက်တဲ့သတင်းတွေကို ငါစုံစမ်းမှဖြစ်မယ်။"

Foxy ပြောဖူးတယ်။ သတင်းစကားနဲ့ပတ်သက်ရင် လေပြည်နတ်သမီးရဲ့ လေပွေတွေဆီမှာ အကုန်စုံစမ်းနိုင်တယ်တဲ့။ သူတို့က နေရာအနှံ့မှာရှိတတ်ကြပြီး အချင်းချင်းဆုံတာနဲ့ သတင်းဖလှယ်တတ်ကြလို့ သူတို့ကိုမေးရင် သိချင်တာတွေသိနိုင်တယ်ဆိုပဲ။ Foxy စကားအရပြောရရင်

"ပန်းသတင်းလေညင်းဆောင်ဆိုတာ အလကားပဲ။ လေပွေတွေက သတင်းအကုန်ဆောင်တယ်" တဲ့လေ။

°

"ဒီမှာ ဒီမှာ"

"ဟင် ... Curse ... Curse Devil ..."

Curse Devil ရှေ့က မှင်စာပေါက်လေးခမျာ စကားတွေလည်းထစ်ပြီး တစ်ကိုယ်လုံးလည်းတုန်ရီလို့။

"ဘာဖြစ်နေတာလဲ မင်းက။"

"အင့် ... ငါ့ကို ဘာ ... ဘာမှမလုပ်ပါနဲ့ ... နော်။"

"ဟာကွာ၊ ငါ ဘာမှမလုပ်ဘူး။ လန့်မနေနဲ့။ ငါပြောတာလုပ်ပေးရင် ရပြီ။"

အကူအညီတောင်းပုံကအစ မာကြောနေတဲ့ Curse Devil ကို မှင်စာပေါက်ကလေးလန့်တာလည်း မဆန်းလှပါ။

"အင်း ... အင်း ... ဘာလဲဟင်။"

"လေပွေတွေဆီသွားပြီး Cupid ရဲ့အကြောင်းတချို့ စုံစမ်းပေးစမ်း။"

"Cupid လား။ Cupid ကို ဘာလုပ်မလို့လဲ။"

"ငါက သူ့ကိုဘာလုပ်ရမှာလဲ။ အခုတလောထွက်နေတဲ့ ကောလာဟလတွေကို သေချာသိချင်နေတဲ့သူရှိလို့ ငါစုံစမ်းပေးတာ။"

"အဟိ၊ Curse က ဘယ်သူ့အတွက်စုံစမ်းပေးတာလဲဟင်။ သူက ချစ်ဖို့ကောင်းလား။"

စကားပြောရင်းနဲ့ အတင့်ရဲလာတဲ့မှင်စာလေးက စပ်စုနေပြန်တယ်။

"ဘာတွေပြောနေတာလဲ။ အကောင်သေးသလောက် လျှာရှည်တယ်။ သွား၊ အဲဒီကိစ္စစုံစမ်းပေး။ ငါဆဲလိုက်ရင် ဘာဖြစ်သွားမယ်ထင်လဲ။"

"အူး ဝါး ... မလုပ်ပါနဲ့။ ငါ့ကိုမသတ်ပါနဲ့။"

"ဟာ၊ မငိုနဲ့လေ။ ဟေ့ကောင်၊ တိတ်စမ်း။ မင်းကိုဘာမှမလုပ်ဘူး။"

"အင့် ... တကယ်လား။ ဟင့် ... ကြောက်အောင်လုပ်တယ်။"

"Honey, Honey. ဘာဖြစ်တာလဲ။"

ဘယ်ကထွက်လာမှန်းမသိတဲ့ နောက်ထပ်မှင်စာလေးတစ်ကောင်က သူ့ရှေ့ကဟာလေးကို သည်းသည်းလှုပ်နေလို့ Curse Devil မျက်စိတွေနောက်နေပါပြီ။

"အဟမ်း"

"အား ... Devil ကြီး၊ Curse Devil ကြီး။"

ခုနကတော့ သူ့ဟာလေးကိုထိရင် ပြေးပဲကိုက်တော့မလိုဖြစ်နေရာက အခုတော့ အဲဒီဟာလေးနောက်မှာကွယ်ပြီး မျက်စိကိုလက်နဲ့အုပ်လို့ လှုပ်စိလှုပ်စိလုပ်နေတာ ရိုက်သတ်ချင်စရာလေးပါ။

"Darling, မျက်စိဖွင့်ဦး။ သူက အကူအညီတောင်းတာပါ။ ဘာမှမလုပ်ပါဘူးတဲ့။"

လက်ကိုအသာဖယ်ပြီးချောင်းကြည့်ရင်း နောက်ဘက်ကနေထွက်မလာသေးဘဲ ပြူတစ်ပြူတစ်လုပ်ကာ

"ဟုတ်လား။"

အေးပေါ့၊ အကူအညီတောင်းတယ်ဆိုလည်း အကူအညီတောင်းတယ်ပေါ့။ သိချင်လို့စုံစမ်းခိုင်းချင်မှတော့ ဘယ်တတ်နိုင်မလဲ။

"အေး"

"စောစောကမပြောဘူး။ ဘာလဲ၊ ဘာကိစ္စတဲ့လဲ။"

ချက်ချင်းလေသံမာသွားတဲ့ မှင်စာအကောင်လေးကို Curse Devil ကြည့်လို့ကိုမရတော့တာကြောင့်

"မင်းကောင်ကိုမေး၊ ငါသွားပြီ။"

"ဟို ... နေဦးလေ။ သိလာပြီးရင် ဘယ်ကိုလာပြောရမှာလဲလို့ ပြောသွားပါဦး။"

"မြို့ပြင်ကတောင်ကုန်းမှာ ငါ့ကိုခေါ်လိုက်ရင် ရပြီ။"

"အင်း၊ အဲဒါဆိုသွားပြီနော်။ မနေရဲတော့ဘူး။"

မနေသာမနေရဲတာ အကြောလေးတွေကခပ်တင်းတင်း။ နှစ်ကောင်သားလက်ချင်းတွဲလို့ ခုန်ပေါက်ထွက်သွားကြတာ လူးခါနေတာပါပဲ။ အခုအချိန်မှာ အတွဲဆိုရင် စပျစ်သီးတောင်မမြင်ချင်ပါ။

°

ဒီအချိန်ဆို Cupid ဘယ်မှာရှိနေမှာလဲ။ သိတော့ရော သွားတွေ့လို့ရတာကျလို့။ တွေ့ပြီးရင် ဘာမှလည်းပြောစရာမရှိဘူး။ ဘယ်မှာရှိလဲသိရအောင် ဧဝရတ်တောင်ပေါ်ကနေတက်ကြည့်ရင် မြင်နိုင်မလား။

အတွေးနဲ့အတူ ဧဝရတ်တောင်ဘက်ကိုလွင့်လာတဲ့ Devil တစ်ကောင်ဟာ စိတ်နဲ့ကိုယ်နဲ့လည်း ကပ်ပုံမရပါ။

"Cupid."

"What the hell? မင်း ဘာလာလုပ်တာလဲ။"

"မင်းက ဒီရောက်နေတာလား။ ငါကျ လာလို့မရဘူးလား။"

"ရတယ်လေ။ ငါလည်းပြန်တော့မှာပဲဆိုတော့ အေးဆေးသာနေခဲ့။"

"ငါလာလို့ပြန်မှာလား။"

"ဘယ်သူလာလာ မလာလာ ငါပြန်တော့မှာ။"

"ခဏ"

"ဘာပြောစရာရှိပြန်ပြီလဲ။ အခုတလော မင်းက မျက်စိနောက်စရာပဲ။ အခုလည်း တစ်ရက်တည်းဘယ်နှခါတွေ့နေမှန်းမသိ။"

"နှစ်ခါတည်းပါ။"

"မင်း ... ထားလိုက်ပါတော့။ ငါ့နောက်လိုက်နေတာမဟုတ်ရင် ပြီးတာပဲ။"

"ဟိုလေ ... ဟို ... မင်းနောက်ကို လိုက်နေမိတာဆိုရင် ..."

မဝံ့မရဲပုံစံဟာ မကောင်းဆိုးဝါးဂုဏ်နဲ့မလိုက်ဖက်အောင် မျက်နှာငယ်နဲ့။

"ဘာလဲ၊ ဘာမေးမလို့လဲ။"

"ဟမ်"

"ငါ့နောက်လိုက်လာတာဆို ဘာမေးမလို့လဲလို့လေ။"

"ဪ၊ မင်းက အချစ်နဲ့ပတ်သက်ရင် သိကျွမ်းတယ်မဟုတ်လား။ တစ်စုံတစ်ယောက်ကိုချစ်မိရင် ဘယ်လိုခံစားရလဲလို့ ငါသိချင်လို့။"

"ချစ်တာက ချစ်တာပဲပေါ့။ ငါက ဘယ်လိုရှင်းပြတတ်မှာလဲ။ မင်းက မကြုံဖူးဘူးလား တစ်ခါမှ။ မင်းမှာ ဝိညာဉ်ဖက်ဆိုတာ တစ်ခါမှမရှိခဲ့ဖူးဘူးလား။"

"ငါက ..."

Curse Devil ဘယ်လိုပြောရမယ်မသိဖြစ်နေတုန်းမှာ ကောင်းကင်တစ်နေရာက လင်းခနဲဖြစ်သွားတာမို့

"ငါ့ကို မယ်တော်က ခေါ်နေတာပဲ။"

ပြောပြီး Cupid က ပျံတက်သွားလေပြီ။

"ဟူး ... ငါနဲ့တော့ ခက်နေပြီ။"

°°°

"ခက်ပါဘိကော မယ်ဘုရား။"

"ဖြေရှင်းပါ သားတော်။"

"မရည်ရွယ်ခဲ့ရိုး အမှန်ပါ။"

"ဖြစ်ပြီးသွားခဲ့လေပြီ။ ဖြေရှင်းနိုင်မည်လား။"

"သေချာပါပြီကော။"

အချစ်နတ်ဘုရားမ Venus (Aphrodite) မှာတော့ သူ့နန်းဆောင်ထဲက လူသားအသွင်အပြင်နဲ့သူ့ရဲ့သားတော်ကို ဘာမှဆက်မပြောတော့ဘဲ ကြည့်နေပါတော့တယ်။ Cupid လည်း မယ်တော်ကို အရိုအသေပေးပြီးသာ ထွက်လာခဲ့တယ်။

သူ သေချာဖြေရှင်းမှ ဖြစ်တော့မယ်။
ကောင်းကင်ဘုံနဲ့ဆက်စပ်နေတဲ့ မြေပြင်တစ်နေရာက နတ်နဲ့လူသားသွေးနှောတွေရဲ့ နေထိုင်ရာကို ငရဲဘုံသားတွေ၊ နတ်ဆိုးတွေက အလစ်တိုက်ခိုက်ခဲ့လို့ Half blood တွေ အထိနာခဲ့တယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး Cupid ရဲ့ခမည်းတော် စစ်နတ်ဘုရား Mars (Ares) ကဦးဆောင်လို့ စစ်မျက်နှာဖွင့်ပြီးတိုက်ဖို့ အကုန်ပြင်ဆင်ပြီးနေခဲ့ပြီ။

°°°

"Cupid က ဖူးစာရှင်နဲ့တွေ့ရင် ဒြပ်မဲ့ကမ္ဘာမှာ သက်တံအမြွှာပေါ်တယ်တဲ့။ အဲဒီနေရာကအရမ်းလှပြီး သူတို့နှစ်ယောက်တည်း ရောက်သွားမှာတဲ့။"

"ပြီးတော့လေ၊ အဲဒီလိုအချိန်မှာ သူ့တာဝန်တွေလည်း ခဏရပ်သွားတယ်တဲ့။"

"အခုလေ၊ ဒြပ်မဲ့ကမ္ဘာမှာ Rainbow twins ပေါ်တာကတော့ လုံးဝသေချာပေမဲ့ Cupid တို့ရောက်သွားတယ်လို့ ဘယ်သူမှမမြင်မိတော့ ဘာကြောင့်ပေါ်တာလဲလို့ တွေးနေကြတာတဲ့။"

မှင်စာလေး ဖောက်သည်ချသွားတဲ့သတင်းတွေကို Curse Devil ပြန်ကြားယောင်နေပါတယ်။
ဒီသတင်းတွေအမှန်သာဆို အဲဒီဖူးစာရှင်က သူကိုယ်တိုင်ဖြစ်နေတာမဟုတ်လား။ Cupid ဘက်ကအခြေအနေတွေရယ်၊ သူကြားခဲ့တဲ့ဟောကိန်းရယ်က အဖြေတစ်ခုဆီဦးတည်နေပေမဲ့ သူဘယ်တုန်းက Cupid ရဲ့မြားထိသွားတာလဲဆိုတာ စဉ်းစားမရပါ။

Curse Devil တစ်ယောက် Cupid အကြောင်းတွေကိုစုံစမ်းနေတဲ့ကိစ္စ နတ်ဆိုးတွေကသတိထားမိလာကြတော့

"Curse, မင်းဘာတွေလုပ်နေတာလဲ။ ငါတို့ ဘာတွေဖြစ်နေတယ်ဆိုတာ မင်းသိပါတယ်နော်။"

"သိပါတယ်။ ကျုပ်ဘာမှမလုပ်ပါဘူး။ လိုရင်ခေါ်လိုက်ပေါ့။"

Curse Devil သိတယ်။ နတ်လူသွေးနှောတွေကို နတ်ဆိုးတွေရန်သွားစတဲ့အကြောင်းနဲ့ ကောင်းကင်ဘုံစစ်နတ်ဘုရားက တုံ့ပြန်ဖို့စီစဉ်နေတဲ့အကြောင်း။
ဒါပေမဲ့လည်း သူ့စိတ်ဆန္ဒတွေက ချုပ်ထိန်းမရအောင်ကို Cupid ဆီအတွေးရောက်နေခဲ့တာ။

"ငါ ဘာလုပ်ရမလဲ Cupid."

°°°

"ငါ့အကြောင်းတွေကို လေပွေတွေဆီမှာ စုံစမ်းသတဲ့လား။ တစ်လောကလုံးတင်မကဘူး၊ လောကအနန္တအထိပါ မောင်းခတ်နေသလိုပဲ။"

Curse Devil ဟာ Cupid ရှာနေကတည်းကပျောက်နေလိုက်တာ လူ့လောကအချိန်နဲ့ဆို တစ်ပတ်။ နတ်ပြည်ကိုပြန်သွားတတ်တဲ့ Cupidအတွက်က လူ့သက်တမ်းတစ်ပတ်ဟာ ဘာမှမကြာသေးပေမဲ့ ငရဲမှာအောင်းနေတဲ့ Curse Devil အတွက်က တစ်လလောက်ကြာနေတာဟာ တကယ်ကိုနေမထိထိုင်မသာဖြစ်ရပါတယ်။

မနေနိုင်တဲ့အဆုံး လူ့ပြည်ကိုတက်လာတဲ့အခါမှာတော့

"Curse Devil"

"Cupid"

"မင်းလုပ်နေတာတွေ ရပ်တန်းကရပ်ပါ။"

Cupid ဘာပြောပြော Curse Devil ကတော့ သူအရမ်းလွမ်းနေခဲ့ရတဲ့ Cupid ကိုသာ တမေ့တမျောငေးနေမိတုန်း။

"ငါပြောတာကြားလား။"

"အင်း"

"မင်းလုပ်နေတာတွေက အခုလိုအခြေအနေမှာ ယမ်းပုံမီးရှို့သလိုဖြစ်နေပြီ။"

"အင်း"

ကျန်တာ ဘာဖြေရမှန်းမသိပါ။ Cupid ဆိုလိုတာကိုလည်း နားလည်နေတာကြောင့် ခေါင်းညိတ်ပြရုံအပြင်လည်း ဘာမှမတတ်နိုင်။

"နားလည်တယ်ဆို မင်းဘာသာ မင်းဘဝနဲ့မင်းနေပါ။"

"ငါ့ဘဝထဲကို တစ်ခုခုကဝင်လာခဲ့ပြီးသွားပြီ။ မင်းကြောင့်ပဲမဟုတ်လား။"

အဖြေရခက်နေတဲ့ Cupid ကြောင့်

"ငါ့ကိုပြောစမ်းပါ။ ငါဘယ်တုန်းက မြားထိသွားတာလဲ။ ငါ ဘာဆက်ဖြစ်မှာလဲ။"

"အခြေအနေတွေကိုနားလည်တယ်ဆို ဘာလို့ အဲဒါတွေတွေးနေတော့မလဲ။"

"ငါသိချင်တယ်။"

"သိလို့လည်း ဘာမှထူးမလာဘူး။"

"ငါသိချင်တယ်။"

"မကောင်းဆိုးဝါးဆိုလည်း အရိပ်အကဲတော့ သိသင့်တယ်။"

"အဟား၊ ငါနဲ့ဆိုင်တဲ့ကိစ္စကို ငါသိချင်တာ အရိပ်အကဲမသိဘူးလို့ဖြစ်ရောလား။ အဲဒါက မင်းနဲ့ရောမဆိုင်လို့လား။ ဟမ် ... ပြောလိုက်စမ်းပါ၊ မင်းနဲ့မဆိုင်ဘူးလို့။"

ခြေတစ်လှမ်းသာကွာတော့တဲ့အထိ ရှေ့တိုးလာတဲ့ Curse Devil ကို Cupid က ခပ်စူးစူးပဲရပ်ကြည့်နေလိုက်တယ်။
ပြီးတော့ ထွက်သွားဖို့ကြိုးစားတဲ့အခါမှာတော့

"မသွားရဘူး။"

Curse Devil က ဆွဲထားပြီး ဆက်ပြောတယ်။

"Rainbow twins, ဒြပ်မဲ့ကမ္ဘာ၊ အဲဒီနေ့ကရောက်သွားတဲ့နေရာ၊ ပြီးတော့ ငါ့ဝိညာဉ်ဖက်နဲ့ပတ်သက်တဲ့ ဟောကိန်း။ ဒါတွေက မင်းနဲ့ငါ ..."

"မဟုတ်ဘူး။"

"ဘယ်နားကမဟုတ်တာလဲ။ မင်းဘက်မှာလည်း ထူးဆန်းတာတွေတော့ ဖြစ်မှာပဲ။ ငါ့ကိုဖုံးကွယ်မထားနဲ့။"

ဘယ်ကဟောကိန်းလဲဆိုတာ Cupid မသိပေမဲ့ သူ့အနေနဲ့ Curse Devil ရဲ့အစွမ်းတွေကို ခပ်ဆင်ဆင်ရနေတယ်ဆိုတာ သူသိနေတာပဲ။ သူ့ကိုယ်သူပဲပြန်ထိနေတာကတော့ ထူးခြားချက်ပေါ့။

"Cupid, ငါမေးနေတယ်လေ။"

Curse Devil က ဒီတစ်ခေါက်တော့ သေချာရှင်းဖို့ပြင်လာပုံပါပဲ။

"ဘာထူးခြားရမှာလဲ။"

"အေး၊ မင်းသိရမှာပေါ့။ Arrow. Cupid's arrow."

Curse Devil ရဲ့ခေါ်လိုက်သံအဆုံးမှာ Cupid လက်ထဲ မြားတစ်စင်းပေါ်လာပါတော့တယ်။

"မင်း ... မင်းခေါ်လိုက်တာ ..."

ဟုတ်တာပေါ့။ ပထမဆုံးဆုံတဲ့နေ့ကလည်း အဲဒီလိုပဲ။

"မင်းဆီကမြားက တခြားဘယ်သူ့ကြောင့် ပေါ်လာနိုင်မှာလဲ။"

"မဟုတ်ဘူး။ အဲဒါက သူ့အကြောင်းနဲ့သူ။"

"ဘာလဲ၊ ငါက မင်းရဲ့မြားနဲ့ထိထားလို့တဲ့လား။ ငါ့ကိုသေချာရှင်းမပြနိုင်ရင် မင်းထွက်သွားဖို့မစဉ်းစားနဲ့။"

Cupid ရဲ့မြားကိုင်ထားတဲ့လက်ကို Curse Devil က ဆုပ်ကိုင်လိုက်ပြီး ပြောလိုက်တော့

"မင်း ဘာလုပ်တာလဲ။"

"ငါ့ကို အမှန်အတိုင်းပြောပါ။"

"အမှန်အတိုင်းလား။ အမှန်တရားကတော့ မင်း ရူးချင်တိုင်းရူးနေတော့မှာ။"

"အဟား ... အဲဒီနေ့ကပဲ ငါ့ကိုမြားထိခဲ့တာပေါ့လေ။ အခု မင်းကို ဒီမြားထိမယ်ဆိုရင်ရော ..."

လက်ကိုဆွဲယူတော့ မြားတံက သူတို့နှစ်ယောက်ကြားမှာ။

"စစ်ဖြစ်ကြတော့မယ့်အချိန်မှာ မင်းက မီးလောင်ရာလေပင့်ချင်တာလား။ မဖြစ်နိုင်တာတွေ စိတ်ကူးမယဉ်စမ်းပါနဲ့။"

"ဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူးကို မြားထိပြီးမှဆက်ပြော။"

Curse Devil က ရုတ်တရက် Cupid လက်မောင်းဆီကို မြားဦးလှည့်လေတော့ အငိုက်မိမသွားခဲ့တဲ့ Cupid က မြားကိုဆွဲလွင့်ပစ်လိုက်ပါတယ်။ မြားလွတ်ထွက်သွားတာနဲ့ Curse Devil ပြန်ခေါ်လိုက်တယ်။

"Cupid's arrow."

ခေါ်လည်းခေါ်၊ လက်ကိုလည်းဆွဲလိုက်တာကြောင့် Cupid ကအရုန်းမှာပဲ Cupid ရဲ့ ဘယ်ဘက်ရင်အုံ နှလုံးသားနေရာရဲ့အပေါ်မှာ ခြစ်ရာတစ်ခု အထင်းသားပေါ်သွားတယ်။ Curse Devil က မကောင်းဆိုးဝါးပီသတဲ့အပြုံးနဲ့ ပြုံးလိုက်တော့ Cupid ကလည်း ရယ်လိုက်ပြီး မြားကိုဆွဲကာပြောတယ်။

"အဟင်း၊ ဘယ်နေရာကိုထိရမယ်ဆိုတာ မင်းမှမသိတာပဲ။"

ပြောပြီး Curse Devil ရဲ့ခေါင်းပေါ်ကို အကြည့်ရောက်သွားပြန်တယ်။ သူ သေချာချင်လို့စစ်ဆေးတာပါ။

'ကြည့်ပြန်ပြီလား Cupid. ငါ့ခေါင်းပေါ်ကိုလေ။'

Curse Devil က Cupid ရဲ့ ပြန်မဖျောက်ရသေးတဲ့မြားကိုဆွဲလုလို့ Cupid ရဲ့ခေါင်းအပေါ်နားက လေဟာနယ်ထဲကို မြားနဲ့ထိုးပစ်လိုက်ပါတော့တယ်။

°°°°°

Cupid မှာ မြားနှစ်မျိုးရှိတယ်။
တစ်ခုက ချွန်ထက်တဲ့ရွှေထိပ်ဖူးနဲ့ဖြစ်ပြီး ထိမိရင် ထိန်းရခက်တဲ့ လိုချင်တပ်မက်မှုတွေ ဖြစ်စေပါသတဲ့။
နောက်တစ်ခုက ခပ်တုံးတုံးခဲထိပ်ဖူးတပ်ထားပြီး သူနဲ့အပစ်ခံရရင် မနှစ်မြို့ခြင်းတွေဖြစ်လာလို့ အချစ်ရဲ့အဝေးကိုသာ ထွက်ပြေးချင်စိတ်ပေါက်စေမှာပါတဲ့။

"ဒါဆို Cupid ကိုထိတဲ့မြားက ဘာမြားလဲ။"

ရှစ်နှစ်အရွယ်ကလေးမလေးကမေးတော့ စာအုပ်ကိုင်ထားတဲ့ကောင်လေးက စာအုပ်လေးလှမ်းပေးပြီး

"နင်ဖတ်ပြရမယ့်အလှည့်လေ။"

"မြန်မြန်ဖတ်ပါ Julie."

နောက်ထပ်ကောင်လေးတစ်ယောက်ကလည်း သိချင်ဇောနဲ့ပြောလာလို့ ကောင်မလေးက စာအုပ်လေးကိုလှမ်းယူပြီး ဖတ်လိုက်တယ်။

°°°°°

နတ်ပြည်နဲ့ငရဲရဲ့တိုက်ပွဲဟာ သိပ်ကိုပြင်းထန်ခဲ့တယ်။ အောက်လမ်းနဲ့ဆိုင်တဲ့ မှော်ပညာရှင်တွေက ငရဲပြည်ဘက်ကနေပြီး သွေးနှောတွေရဲ့ကျွန်းကို ကျိန်စာတိုက်ခဲ့တယ်။ သူတို့ကိုသုတ်သင်လိုက်နိုင်ပေမဲ့ သူတို့ရဲ့ကျိန်စာကအထမြောက်ခဲ့လို့ ကျိန်စာတိုက်ချိန် ကျွန်းပေါ်မှာရှိနေတဲ့ သွေးနှောတွေအကုန် သေမတတ်ဝေဒနာကို ခံစားနေကြရတယ်။ နှစ်ဖက်လုံးအင်အားလျော့ကုန်လို့ တိုက်ပွဲရပ်သွားပေမဲ့ ကျိန်စာကရပ်မသွားခဲ့။

"အချစ်နဲ့အမုန်းရဲ့အလယ်က ဖူးစာဖက်တွေရဲ့နှလုံးသွေးနဲ့ ကျွန်းကိုဆေးရင် ကျိန်စာပြယ်မယ်တဲ့။"

လေပွေတွေသယ်လာတဲ့သတင်းကြောင့် အချစ်နတ်တစ်ပါးဖြစ်တဲ့ Cupid က အဖြေရှာဖို့ ကျွန်းကိုရောက်လာခဲ့တယ်။

"မင်းထိုက်နဲ့မင်းကံပဲ Curse Devil. ငါထိတာ ခဲမြားပါ။"

Cupid က Curse Devil ကိုရှာဖို့ဆိုတာ မခက်ပါဘူး။ လေပြည်တွေနဲ့ပါးလိုက်တဲ့သတင်းကြောင့် Curse Devil က Cupid ကို ကျွန်းမှာလာတွေ့ခဲ့တယ်။

"ရောက်လာပြီပေါ့။ မင်းကံဆိုးတာပဲ။"

Curse Devil ကပြုံးတယ်။

"ငါ ကံကောင်းချင်လို့။ မင်းရဲ့မြားနှစ်စင်းအကြောင်းလည်း ငါသိပြီးပြီ။ မင်းထိခဲ့တာ ဒုတိယမြားပဲ။ ကျိန်စာပြယ်မယ့်နည်းကိုလည်း ငါသိတယ်။ မင်းဆီကအတည်ပြုတာ ငါကြားချင်တယ်။"

"Cupid ရဲ့မြားကိုဆင့်ခေါ်နိုင်သူက Cupid ရဲ့ဖူးစာရှင်ဖြစ်တယ်။"

"ငါ့ရဲ့ကျိန်စာတွေကို ငါ့ဆီပြန်လှည့်စေနိုင်တဲ့ စွမ်းအားရှိသူက ငါ့ရဲ့ဝိညာဉ်ဖက်ပဲ။ ငါသူ့ကိုကျိန်သမျှက ငါ့ဆီကိုပဲ ပြန်ရောက်လာလိမ့်မယ်။ ဒါပေမဲ့ အပြင်းအထန်တော့မဟုတ်ဘူးပေါ့။ ပြီးတော့ သူလည်း ငါ့အစွမ်းကို မျှဝေယူနိုင်တယ်။"

Cupid အံ့ဩသွားတယ်။ ဒါကြောင့် စတွေ့တုန်းက Curse Devil ကျိန်သမျှဟာ သူ့ကိုပဲပြန်ထိနေခဲ့တာ။ သူတို့နှစ်ယောက်ဟာ ဖူးစာပါလာခဲ့ပြီးမှ တစ်ယောက်ကိုရွှေရောင်အချစ်မြားထိပြီး တစ်ယောက်ကိုခဲရောင်အမုန်းမြားထိခဲ့တယ်။

"Cupid ဖူးစာရှင်ဟာ Cupid လက်နဲ့သေရင် အချစ်နဲ့ပတ်သက်တဲ့ သူ့ရဲ့နောက်ဆုံးဆုတောင်းက ပြည့်တယ်ဆိုတာ တကယ်လား။"

Cupid ခေါင်းညိတ်လိုက်တယ်။ Curse Devil က ပြုံးသွားပြီး Cupid ကိုဆွဲပွေ့လိုက်တော့ Cupid က Devil ရဲ့နောက်ကျောကနေ ဓားတစ်ချောင်းနဲ့ထိုးချလိုက်တယ်။ အဲဒီဓားရှည်က Curse Devil ရဲ့နှလုံးကိုဖောက်ထွက်ပြီး Cupid ရဲ့နှလုံးသားကိုပါ ထုတ်ချင်းပေါက်သွားစေခဲ့တယ်။

Cupid ဖူးစာရှင်ရဲ့ နောက်ဆုံးဆုတောင်း
*ငါ မင်းကို ဆက်ဆက်ပြန်လာရှာမှာမို့ Cupid ဘဝနဲ့ပဲ ငါ့ကိုစောင့်ပြီး ပြန်ချစ်ပေးပါ။*

°°°

မြေပေါ်ကိုပြိုလဲကျသွားတဲ့ သူတို့နှစ်ယောက်ရဲ့ နှလုံးသွေးတွေက ကျွန်းပေါ်ကိုစီးဆင်းသွားတယ်။ ကျွန်းပေါ်ကအရာရာတိုင်းရဲ့ နာကျင်ခံစားမှုတွေကလည်း ထာဝရရပ်တန့်သွားခဲ့တယ်။ သူတို့တွေ လဲကျနေတဲ့ခန္ဓာကိုယ်နှစ်ခုဆီ အပြေးသွားကြပြီး ဓားကိုဆွဲထုတ်လို့ Cupid ကိုပွေ့ယူလိုက်ကြတဲ့အခါ ကြွေလွင့်ခါနီး Cupid ရဲ့ခန္ဓာကိုယ်ဟာ တဖြည်းဖြည်းပြန်ကောင်းလာပြီး

"အင်း..."

အသံတိုးတိုးနဲ့အတူ .....
Curse Devil ရဲ့ခန္ဓာကိုယ် လောင်မီးကျသွားခဲ့ရပါပြီ။

°°°°°
.
.
.
.
.
.
.
.
.
.

"ငါ မင်းကို စောင့်နေတယ်။"

လက်တစ်ဝါးစာအသည်းပုံပူဖောင်းလေးကို လက်ကကိုင်ရင်း ပန်းခြံတစ်ခုရဲ့ခုံတန်းမှာထိုင်နေသူ ကောင်လေးတစ်ယောက်။

°°°

အိပ်ခန်းတံခါးတစ်ချပ်ပွင့်သွားပြီးနောက်

"မွေးနေ့ရှင်ရေ၊ ဒီမှာကြည့်စမ်း။ Tada!"

"Julie, အဲဒါ ..."

ကောင်မလေးလက်ထဲကစာအုပ်လေးကို တအံ့တဩကြည့်နေတဲ့ မွေးနေ့ရှင်ကောင်လေး။ နောက်ထပ်ကောင်လေးတစ်ယောက် ဝင်လာပြီး

"လာတော့၊ လာတော့။ လွန်ခဲ့တဲ့ဆယ်နှစ်ကပျောက်သွားတဲ့ မင်းရဲ့ပုံပြင်စာအုပ်လည်း ဒီနေ့ပြန်တွေ့ပြီဆိုတော့ မွေးနေ့မှာ အပြတ်အသတ်ပျော်လိုက်တော့။"

°°°

"မင်းတို့ကကွာ မူးလာရင်လုပ်ပြီ။ ဒီနေ့ပဲ ငါ ဆယ့်ရှစ်နှစ်ပြည့်တာနော် မသေချင်သေးဘူးကွ။ ဖြည်းဖြည်းမောင်းပါဟ။"

"ဟာ ... ရပ် ရပ်၊ အန်တော့မယ် ဒီကောင်။"

ကားရပ်ပြီး ဗရုတ်သုတ်ခဖြစ်နေကြတာကို စိတ်ပျက်လက်ပျက်ကြည့်နေတဲ့ မွေးနေ့ရှင်ကောင်လေးက ကားဘေးမှာရပ်လို့။

သူ့ခေါင်းပေါ်ကနေ တဖြည်းဖြည်းကျလာတဲ့ အသည်းပုံပူဖောင်းသေးသေးလေး။ ထိကိုင်လိုက်မိတယ်ဆိုရင်ပဲ .....

"Cupid, ခင်ဗျားဘယ်မှာလဲ။ Cupid ရေ။"

လမ်းတစ်ဖက်ကခုံတန်းလေးကို ကြည့်မိတော့ သူ့ကိုထိုင်ကြည့်နေတဲ့ ရွယ်တူကောင်လေးတစ်ယောက်။ သူအပြေးလှမ်းသွားပြီး

"Cupid, မင်း Cupid မဟုတ်လား။ ငါ ... ငါ ... Curse လေ။"

ပြန်မဖြေသူကြောင့် သူ့အင်္ကျီရင်ဘတ်ကိုဆွဲဟပြပြီး

"ဒီမှာကြည့်၊ ဓားဒဏ်ရာ။ မင်းကိုတွေ့မှနာလာတာ၊ မင်း Cupid ပါ။ မညာနဲ့။"

မသိသလိုလေးကြည့်နေတော့ Devil smile လေးပြုံးလိုက်ပြီး

"Cupid's arrow."

ထိုင်နေသူကောင်လေးရဲ့လက်ထဲ ရွှေရောင်ထိပ်ဖူးနဲ့မြားလေး ချက်ချင်းပေါ်လာခဲ့တဲ့နောက် လေဟာနယ်ထဲရောက်သွားတဲ့ သူတို့နှစ်ယောက်ရဲ့ပတ်ဝန်းကျင်မှာ နေရောင်တွေဖြာကျလို့ လေပြည်တွေတိုက်ခတ်ပြီး ပန်းပွင့်တွေ၊ ရေတံခွန်ရေစီးသံတွေနဲ့အတူ ကောင်းကင်မှာလည်း သက်တံနှစ်စင်းက တံတားထိုးပေးထားပါတော့တယ်။

"ငါ မင်းကို ဆယ်နှစ်လုံးလုံး လိုက်ရှာနေခဲ့တာ။"

"ငါစောင့်နေတာ နှစ်ပေါင်းသုံးရာတောင် ကြာသွားတယ် Curse."

♡♡♡ The END ♡♡♡

Feb 17th, 2022
© Demon ,
книга «Cupid's Arrows (One-shot)».
Коментарі