အနမ်း မှော်
အနမ်း မှော်
အနမ်း မှော်
(ဤဇာတ်လမ်းပါအကြောင်းအရာများသည် Religion နှင့်ပတ်သက်သော အချက်အလက်အချို့ပေါ် အခြေတည်၍ စိတ်ကူးယဉ်သက်သက်ရေးဖွဲ့ပါသောကြောင့် အမှားအယွင်းရှိပါက သည်းခံကြပါရန် ကြိုတင်တောင်းပန်အပ်ပါသည်။)

"သူက ဘယ်ပျောက်နေတာလဲ။"

"ရှာမတွေ့ပါဘူး အရှင်။"

"တစ်ယောက်ယောက်ကိုလွှတ်ဖို့ စီစဉ်ပါ။"

"အားလုံးတိုင်ပင်ပြီးတာနဲ့ ချက်ချင်းစီစဉ်ပါ့မယ်။"

"ပြီးပြီးချင်း ခွင့်ပြုမိန့်လာယူပါ။"

တစ်ခွန်းပင် နှုတ်မဆက်လိုက်ရပါဘဲ ပျောက်သွားသော Archangel.

¤

Night club ပေါင်းစုံမှ ဆူညံနေသည့်အသံများကြား ခန့်ချောသောအမျိုးသားတစ်ယောက်အနားတွင် ညဥ့်မယ်လေးများ ဟိုတစ်ယောက်၊ ဒီတစ်ယောက်။ အားလုံးကို ရှောင်ထွက်လာခဲ့သည်တွင် လမ်းမီးတိုင်အောက်ရပ်နေသော ကောင်လေးတစ်ယောက်က လှုပ်လှုပ်ရှားရှားဖြစ်လာသည်။
အင်္ကျီလည်ဟိုက်၊ ဘောင်းဘီအကျပ်နှင့် ပခုံးအထိရှည်သောဆံပင်ကို တစ်ဝက်စည်းပြီး ခပ်မြင့်မြင့်ထုံးထားသည်ကြောင့် ကျန်နေသောဆံပင်တွေက လည်ကုပ်နှင့် မျက်နှာပေါ်တွင် ဝေ့ဝဲကျနေသည်။
မျက်လုံးတစ်ဝိုက်တွင် အနက်ရောင်အချို့ခြယ်ထားပြီး မျက်တောင်ရှည်များအောက်မှ မျက်ဝန်းများသည် အပြာလိုလို၊ အစိမ်းလိုလို မျက်ကပ်မှန်ကြောင့် တစ်လက်လက်တောက်နေသော ရေပြင်လို။
နှုတ်ခမ်းတွေခပ်စိုစိုဖြစ်နေသည်က အရောင်မပါသော အလှဆီတစ်မျိုးကြောင့်ထင်သည်၊ နှုတ်ခမ်းလှလှတွေလည်း အထင်းသား။
နားတစ်ဖက်တွင် စိန်တစ်ပွင့်ပန်ထားပြီး ကျန်တစ်ဖက်တွင်တော့ စိန်ပွင့်လေးအပြင် တန်းလန်းကျနေသည့် "Z" ပုံလေးရယ်၊ ကွင်းသုံးကွင်းရယ်က နေရာယူလျက်။
ခပ်စင်းစင်းနှာတံနှင့် ခပ်ချွန်ချွန်မေးရိုးတွေ နေရာတကျလိုက်ဖက်နေပြန်သော အနက်ရောင်လူသားသည် လက်ကောက်ဝတ်တစ်ဖက်တွင် ပဝါအနက်ကိုစည်းထားပါသေးသည်။
အချိန်၊ နေရာ၊ အနေအထားနှင့် သူ့အကြည့်တွေအရ သူသည်လည်း ညဥ့်လူသားတစ်ယောက်ပင်ဖြစ်မည်။

"Hey, Man! What do you want?"

"Nothing"

မိန်းမချောလေးများနှင့်တုန်းကလို ရှောင်ထွက်ဖို့ သူကြိုးစားလိုက်သည်။ သို့သော် ကိုယ်တော်လေးက အနားရောက်လာပြီး

"ဟိုအချောလေးတွေကို မျက်စိထဲမမြင်ဘူးဆိုတော့ ကျွန်တော့်ကိုရော။"

"စိတ်မဝင်စားဘူး။"

"ရင်ဘတ်တောင်အောင့်တယ်။ ငြင်းရက်လိုက်တာ။ ဘာလို့များ ဒီနေရာလာသေးတာလဲဟင်။"

"မင်းအလုပ်မဟုတ်ဘူး ချာတိတ်။ လစ်လိုက်တော့။"

ဘေးမှတောက်လျှောက်လိုက်ပြီး စကားတွေပြောနေ၍ နှင်လိုက်မိသည့်အခါ သူ့လက်ကိုဆွဲကိုင်လာပြီး

"ဒီညမှ လမ်းဘေးထွက်ရပ်ဖူးတာကို ကျွန်တော်ကပြန်လိုက်ရတဲ့လူပေါ်လာပြီး ငြင်းခံနေရတာ သနားစရာကောင်းနေပြီ။ ဘေးကိုလည်း ကြည့်လိုက်ပါဦး၊ အကုန်လုံးစိတ်ဝင်စားနေတယ်။ ကျွန်တော့်ဘက်ကပဲ ထိုင်ငြင်းခဲ့ဖူးတာဆိုတော့ လမ်းမကြီးမှာ အငြင်းခံရတာ စိတ်တောင်မကောင်းဘူး။"

လက်ကိုဆွဲထား၍ ရပ်နေလိုက်ပြီး နားထောင်ကြည့်သည့်အခါ သူပြောသလိုပင် သိသိသာသာရော၊ မသိမသာပါ အကဲခတ်နေကြသည်ပင်။ ချာတိတ်က သူတို့လောကတွင် နာမည်ကြီးလေးဖြစ်မည်။
ငယ်ငယ်ချောချောလေးမို့ နာမည်ကြီးမည်ဆိုလျှင်လည်း ကြီးလောက်ပါသည်။

"ကဲ၊ ချာတိတ်ရေ။ ကိုယ်က အလုပ်နဲ့လာတာကွာ။ အပျော်လာရှာတာမဟုတ်ဘူး။"

"အင်း၊ ကျွန်တော်ကံဆိုးတာပေါ့။ အနမ်းတစ်ပွင့်လောက် ပေးခဲ့ပါ။"

"မင်း ဘယ်လိုဟာလေးလဲ။ ပြောနေတာ နားမလည်ဘူးလား။ ငါ့လက်ကိုလွှတ်တော့။"

"Just a kiss, please."

သူ့မျက်ဝန်းစိမ်းပြာပြာတွေကြောင့် ဆက်မငြင်းမိတော့ပါ။ ထိကပ်လိုက်ချိန်တွင် ပတ်ဝန်းကျင်တစ်ခုလုံး လင်းခနဲဖြစ်သွားသလိုကြောင့် ချက်ချင်းပြန်ခွာလိုက်တော့ မဟုတ်ပြန်ပါ။
တစ်ချက်ပြုံးပြလာပြီး

"ကျွန်တော့်တစ်သက်တော့ မမေ့နိုင်တော့ဘူး။ ကျွန်တော့်ကိုတော့ မေ့လိုက်တော့နော်။"

ပြောပြီးလှည့်ထွက်သွားသည်မို့ သူလည်း ရှေ့ဆက်လာခဲ့မိသည်။ ဘယ်လိုကလေးနဲ့ လာတိုးသည်လဲ။ ဒီနေရာကနေ ချက်ချင်းထွက်သွားလိုက်ချင်သော်လည်း လူအများနှင့်မို့ ပုံမှန်အတိုင်း ဆက်လျှောက်လာခဲ့သည်။

¤

Abezethibou
ကောင်းကင်ဘုံမှ ကြွေဆင်းပြီးနောက် ငရဲပြည်တွင် အရေးပါအရာရောက်လာသော အနီရောင်တောင်ပံတစ်ဖက်သာရှိသည့် နတ်ဆိုး။
သူ၏နောက်လိုက် Demons များထဲမှ မှတ်တမ်းရှိသည့်နတ်ဆိုးများကို ပိတ်လှောင်ထားပြီး လွတ်နေသည့်နတ်ဆိုးများကလည်း တကွဲတပြားနှင့် ကိုယ့်ဖြစ်တည်မှုကိုယ်မနည်းထိန်းနေရသည့် အခြေအနေ။
.
Nephilim
ဖန်ဆင်းရှင်၏သားတော်များနှင့် လူသားတို့၏သမီးကညာများမှ မွေးဖွားလာခဲ့သော မျိုးဆက်များ။

¤

'မြို့မျက်နှာဖုံး လုပ်ငန်းရှင်၊ ပရဟိတသမား Mr. Trevor ထူးဆန်းသည့်လက်နက်တစ်မျိုး ဝမ်းဗိုက်သို့ထိုးသွင်းခံရကာ သေဆုံးခဲ့ပြီး အလောင်း၏ရင်ဘတ်တွင် ထိုးစိုက်ခဲ့သော တစ်ခုတည်းသောသက်သေမှာ Red Feather.'

Nephilim တို့၏မျိုးဆက်၊ Angel များနှင့် ပတ်သက်မှုရှိသူ Mr. Trevor အသတ်ခံရသည့်အခါတွင် Red Feather တွေ့သည်ဆိုသည့်သတင်းကြောင့် Angel တို့၏အာရုံစိုက်ခြင်းခံနေရသော်လည်း တရားခံကိုရှာမတွေခဲ့။ Angel တစ်ပါးကိုစေလွှတ်၍ စုံစမ်းစေသော်လည်း ထို Angel ၏သတင်းပါ ပျောက်ဆုံးသွားခဲ့သည်တွင် သတင်းက Archangel များဆီအထိရောက်ကာ ထပ်မံစုံစမ်းဖို့ အကြောင်းဖန်လာခဲ့သည်။

¤

Motel တစ်ခုမှ သူထွက်လာသည့်အခါ အနီးတစ်ဝိုက်အေးသွားသည်မို့ သူပြုံးမိသွားသည်။
အပြာရောင်အခိုးအငွေ့တစ်ခုက သူ့ဘေးနားကပ်ပါလာသည်ကို သာမန်လူများ မမြင်နိုင်။ မြို့ပြင်ရောက်လာပြီး သစ်တောတစ်လျှောက် ခပ်မြန်မြန်စစ်ဆေးကာ အလျင်တစ်ခုနှင့်သွားနေစဉ် ရုတ်တရက် အပြာရောင်ဓားတစ်စင်း ဘေးမှဖြတ်သွားသည်ကြောင့် ပတ်ဝန်းကျင်ကိုစူးစမ်းမိတော့

"Ghouls!"

သူရောက်နေသည်က သင်္ချိုင်းဟောင်းတစ်ခုအနီးတွင် ဖြစ်သည်။ သင်္ချိုင်းမှ အသေကောင်စား၍ မကြာသေးမီကစားထားသော ခန္ဓာကိုယ်ပိုင်ရှင်၏အသွင်ကို ယူနိုင်သော အလောင်းစားကောင်များက အနားတိုးကပ်လာပြီး တိုက်ခိုက်ကြသည်မို့ အပြာရောင်ဓားနှင့်အတူ ပြန်လည်တိုက်ခိုက်နေရင်း Ghouls တွေ များလာချိန်တွင် ကြားလိုက်ရသော စကားလုံးအချို့နှင့် လွင့်စင်ထွက်လာသော သစ်ကိုင်းခြောက်များ။ အားလုံးကို အဆုံးသတ်ပြီးချိန်တွင်

"Wizard?"

"ဟုတ်ပါတယ်။ ကျွန်တော်က စုန်းတစ်ယောက်ပါ။ ဒီနေရာက နတ်တစ်ပါးရှိနေရမယ့်နေရာတော့ မဟုတ်ဘူးလားလို့ပဲ။ ကျွန်တော့်နာမည် Shannon ပါ။"

"ငါက Ernest."

"ခင်ဗျားက သာမန် Angel လိုပဲဆိုပေမဲ့ ခင်ဗျားဘုန်းတန်ခိုး(Grace)က အရမ်းတောက်ပလွန်းတယ်။"

"တာဝန်တစ်ခုကြောင့်ပါ။ ကူညီပေးတာ ကျေးဇူးတင်ပါတယ်။ မင်းလိုအပ်တာတစ်ခုခု တောင်းဆိုပါ။"

Shannon နှစ်နှစ်ခြိုက်ခြိုက်ပြုံးပြလိုက်ပြီး

"စုန်းတစ်ကောင်နဲ့ အတူရှိနေရတာကို ခင်ဗျားသဘောမကျတာ သိပါတယ်။ လောလောဆယ် ပတ်ဝန်းကျင်အနေအထားအရ ဒီနားကနေအရင်ထွက်ရအောင်ပါ။ ပြီးတော့ အခု ခင်ဗျားဘုန်းတန်ခိုးကို သုံးဖို့မဖြစ်နိုင်ဘူး။ စုန်းတွေနယ်ထဲ ခင်ဗျားရောက်နေတယ်။ ဒီအခြေအနေကို ကျွန်တော်ဖုံးထားပေးလို့ရတယ်။ ဒါပေမဲ့ အခုတော့ သွားဖို့လိုပြီ။ ကျွန်တော့်ကိုမယုံပါနဲ့၊ အခြေအနေကိုတော့ သဘောပေါက်ပေးပါ။"

Ernest ခေါင်းညိတ်လိုက်သည်နှင့် Shannon ပြန်လှည့်အထွက်မှာပင် ပတ်ဝန်းကျင်အခြေအနေသည် ဘာမှမဖြစ်ခဲ့သည့်နှယ် ပြန်လည်ရှင်းလင်းသွားခဲ့သည်။

အပြာရောင်အငွေ့တန်းက Ernest ကိုယ်ကိုရစ်သိုင်းကာ သတိပေးသည်ကို Shannon ပါ ကြားလိုက်သည်ကြောင့်

"ငါက မင်းသခင်ကို ဒုက္ခမပေးပါဘူး။ မင်းလည်းသိနေတာပဲကို ငါက ဘယ်လိုမကောင်းကြံမှာလဲ။"

Shannon စကားတွေကို ပြန်မပြောသည်ကြောင့် Ernest ကပင်

"ငါသတိထားပါ့မယ်။"

စုန်းတစ်ကောင်ကိုရှေ့ထားပြီး သူတို့နှစ်ယောက်တည်း အတင်းပြောနေသလိုဖြစ်နေသည်မို့ Shannon ထပ်ပြုံးပြန်သည့်အခါ မကျေမနပ်ရေရွတ်သံထွက်လာပြန်သည်။ ထို့ကြောင့် Shannon က

"ဟား ဟား ဟား၊ မင်းမကြိုက်ရင် မပြုံးမိအောင် ငါသတိထားပါ့မယ်။ ပါးချိုင့်ကိုတော့ ထွင်းမထုတ်ပါနဲ့ကွာ။ မင်းသခင်ကိုလည်း မမြှူဆွယ်ရဲပါဘူး။ မင်းကိုလည်း ကြောက်ပါတယ်။"

¤

"မင်းက ဘယ်လိုစုန်းလဲကွ။"

"စုန်းတိုင်းက ဆိုးသွမ်းမနေပါဘူးဗျ။"

"မှန်ပါတယ်။ ဒီနေရာက အမှောင်ဓာတ်တွေချည်းပဲ၊ မင်းရဲ့အလင်းဓာတ်နဲ့ ဘယ်လိုနေနေလဲ။"

"ဟုတ်ပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲပြောပြော ကျွန်တော်ကလည်း သူတို့မျိုးနွယ်ပဲမို့ ပြဿနာမရှိပါဘူး။"

"ငါ့ကို တစ်ခုကူညီမလား။"

"ပြောပါ။"

"Mr. Trevor သေတဲ့ကိစ္စက ဘယ်လိုတဲ့လဲ။ ငါညက မြို့ထဲရောက်တာနဲ့ ကြားရတာပဲ။"

"Red Feather ကိစ္စကို Angel တွေလည်း သိချင်ကြမယ်လို့ တွေးမိသား။"

"ငါက လူလာရှာတာပါ။"

"Angel လာရှာတာလား။"

"အင်း၊ ဆိုပါတော့။ မင်းသတိထားမိတာများ ရှိသလား။"

"ကျွန်တော်က ပြောပြရမယ်ပေါ့။"

"မင်းသဘောပေါ့လေ။"

"အဲဒီလိုအစဖော်ပြီး ကျွန်တော့်စိတ်ကို လှမ်းဖတ်မလို့လား။ ခင်ဗျားရဲ့ဓားပြာလေးလည်း မရဘူးနော်။"

"မင်းက တကယ်မလွယ်ကြောပဲ။ တော်ပါပေတယ်။"

"ငါ့မှာနာမည်ရှိတယ်။"

Ernest နှင့်ပြောနေရင်း ရုတ်တရက်ပေါ်လာသောအသံကြောင့် Shannon ပြုံးလိုက်ပြီး

"အသံထွက်လာပြီပေါ့။ ပြောပါဦး မင်းနာမည်လေး။"

Shannon ရန်စသည်ကို အသံရှင်က ဆတ်ဆတ်ထိမခံပြန်ပြောလာသည်မှာ

"ဒါပေမဲ့ မင်းခေါ်ဖို့မဟုတ်ဘူး။"

"ဟောဗျာ၊ အဲဒါကြောင့် အပြာရောင်ဓားမို့ ဓားပြာလေးလို့ ခေါ်နေတာလေ။ နာမည်မပြောရင် အဲဒီလိုပဲ ခေါ်ရမှာပဲ။"

အသံထွက်မလာဘဲ Ernest နားကပ်၍ စကားပြောနေပြန်ပါသည်။

"အဲဒီလိုပြောနေတော့ ငါကမကြားရတော့ဘူးတဲ့လား။ မင်းကလည်း နာမည်ပြောဖို့ကိုပဲ မင်းသခင်ဆီ ခွင့်တောင်းနေရသေးလား။"

"တိတ်စမ်း။ ငါ့နာမည် Agatha."
(Agatha means Good)

"မိန်းမနာမည်ပဲ။"

"ဘာ၊ ငါ့ကို Gender ခွဲစရာမလိုဘူး။ မင်း ဆင်ဆင်ခြင်ခြင်ပြော။"

"Ok, Good Girl."

"မင်း ... Good ဆိုရပြီ။ ငါ့ကို မိန်းမလို့မပြောနဲ့။"

"ဒါဆိုယောက်ျားလား။"

Shannon ခန္ဓာကိုယ်ကို အပြာရောင်အငွေ့များ ရစ်သိုင်းသွားသည့်အခါ

"လာပါ Agatha ရာ။ သူက နောက်တာပါ။ ငါတို့နားကြရအောင်။"

Ernest ဝင်ရောက်ဖျန်ဖြေမှ Agatha ချက်ချင်းပျောက်သွားတော့သည်။
ဓားတစ်လက်ကို Gender ခွဲနေသည့် Shannon ကြောင့် Agatha အကြီးအကျယ်ပေါက်ကွဲသွားခြင်း။

¤

Ernest နှင့် Agatha တို့ Shannon အိမ်မှထွက်လာပြီး နှစ်ရက်အကြာ/-

'မကြာသေးမီက လုပ်ကြံခံရသူ Mr. Trevor ၏ တရားမဝင်သားဟု သတင်းထွက်နေသည့် Mr. Philip ဆိုသူ သေဆုံး။ အခင်းဖြစ်ပွားရာနေရာတွင် Mr. Trevor သေဆုံးစဉ်ကကဲ့သို့ပင် အနီရောင်ငှက်မွှေးအား သက်သေအဖြစ် သိမ်းဆည်းရမိ။'

သတင်းကြောင့် Ernest ခေါင်းစားသွားရပါသည်။ ယခုည သူရှိနေသည့်မြို့မှာပင် Red Feather က ပေါ်လာပြန်သည်ကို သူလုံးဝသတိမထားမိခဲ့ပါ။
Mr. Trevor ၏အမှုကို လိုက်လံစုံစမ်းခဲ့သည့် Linus ဆိုသည့် Angel ၏သတင်းအား ခြေရာကောက်မိရုံရှိသေး၊ အမှုတစ်ခုက ထပ်မံပေါ်လာပြန်သည်။ အမှုအသစ်ကိုခဏထား၍ ခြေရာကောက်မိသည့်နေရာဆီ ရောက်လာတော့ Werewolf အငွေ့အသက်များကို ခံစားမိလိုက်သည်။ အခြား မည်သည့်သဲလွန်စမျှတော့ မတွေ့ရပေ။

သူပြန်ထွက်လာခဲ့ပြီးမှ Werewolf ကိုအာရုံခံမိ၍ ပြန်အလှည့် ...
ခုန်အုပ်လာသော အနက်ရောင် Wolf တစ်ကောင်၊ Alpha.
အပြန်အလှန်တိုက်ခိုက်ရင်းမှ Alpha လိမ့်ထွက်သွားချိန် ရှေ့တိုးမိသည့်ခြေတစ်လှမ်းက အသွားမတော်ခဲ့ပါ။ Angel trap တွင် ပိတ်မိသွားခဲ့ချိန် အလျှိုလျှိုထွက်လာသော Werewolf များကြောင့် အတွေးစုံသွားခဲ့သည်။ ဤထောင်ချောက်က Demon စီရင်မှရသော ထောင်ချောက်မျိုး။
Alpha က Human form ပြောင်းလိုက်ပြီး

"တွေးမနေပါနဲ့၊ Demon စီရင်မှရတာမျိုးကို ကျုပ်တို့ကရော မလုပ်နိုင်ရတော့ဘူးလား။"

"မင်းတို့က ဒီလိုပုံစံ Angel trap မျိုးလုပ်နိုင်တဲ့ အဆင့်မဟုတ်ဘူး။"

"Wow! လေသံကတော့မလျှော့ဘူးနော်။"

"ဆိုတော့ ... ငါရတဲ့သဲလွန်စကတော့ အတုမဟုတ်ဘူးထင်တယ်နော်။"

"သဲလွန်စအတုဆိုရင် ကျုပ်တို့ရှေ့ကို Angel အကောင်လိုက်ကြီး ဘယ်ရောက်လာပါ့မလဲ။"

"မင်းတို့ သူ့ကို ဘာလုပ်လိုက်ကြတာလဲ။"

"အဲဒါတွေက ကျုပ်တို့အလုပ်မဟုတ်ဘူး။ ကျုပ်တို့တာဝန်က Angel's Grace (နတ်ရဲ့ဘုန်းတန်ခိုး) ကိုယူဖို့ပဲ။ ပြီးရင်တော့ ကျန်ခဲ့တဲ့ Body က ကျုပ်တို့အစာပဲ။ သိတယ်မဟုတ်လား၊ အထူးတာဝန်နဲ့လာခဲ့တဲ့ Angel ရဲ့လက်ခံကိုယ်က ကျုပ်တို့အတွက်တော့ အားဆေးတစ်မျိုးပဲ။"

Alpha က ဖြည်းဖြည်းချင်း အနားသို့တိုးကပ်လာချိန် Ernest အကျႌအိတ်ကပ်ထဲမှ ဆေးလုံးလေးတစ်လုံး အနီးရှိသစ်ပင်ဆီသို့လွင့်စင်ထွက်ကာ အရှိန်နှင့်ပေါက်ကွဲသွားခဲ့သည်။
သစ်ပင်အနီးနားမှ Wolf များ အတုံးအရုံး။ သူတို့ဘေးတွင်တော့ အရောင်မှိန်ဖျော့နေသည့် အပြာရောင်အလင်းတန်းလေး။
ကျန်နေသော Werewolf များ အာရုံပြောင်းကုန်သည်မို့ Ernest စိုးရိမ်သွားသည်။ နတ်ထောင်ချောက်ထဲရောက်နေသည့် သူ့ဆီမှဆေးလုံးကို ရယူဖို့ရန်က Agatha ၏စွမ်းအား တစ်ဝက်မကလျော့ကျသွားနိုင်သည်။ ယခုအခြေအနေနှင့် ခုခံဖို့မဖြစ်နိုင်ပါချေ။

Agatha ရှိသမျှစွမ်းအားနှင့်ခုခံနေချိန် Shannon ရောက်လာခဲ့သည်။
Shannon ဆီမှ Wolfsbane ကြောင့် Werewolf တို့ အရေးနိမ့်သွားသည်နှင့် ထောင်ချောက်စည်းဝိုင်းကို Shannon က ဖျက်ပစ်လိုက်သည်။
နှစ်ယောက်ပေါင်း၍ Wolf များကို လက်စသိမ်းပြီး Ernest က Agatha ကိုသိမ်းယူကာ Shannon အိမ်သို့ ပြန်ရောက်လာခဲ့တော့သည်။

"အဲဒီဆေးလုံးကို ဘာလို့ထုတ်မသုံးခဲ့တာလဲဗျာ။"

Ernest ထွက်လာစဉ်က လိုအပ်သည့်အခါ Shannon နှင့်ဆက်သွယ်နိုင်ရန် ထည့်ပေးလိုက်ခြင်း။

"ထောင်ချောက်လို့ ငါလည်းမထင်ထားဘူးလေ။ သိလိုက်ရတဲ့အချိန်ကျ ငါအတွေးများပြီး အဲဒါကိုသတိမရတော့ဘူး။ Agatha ကို ငါကုပေးလို့မရဘူး။ သူက ငါ့အတွက်ဖြစ်လာတဲ့ သီးသန့်လက်နက်မဟုတ်တော့ ငါနဲ့တစ်သားတည်းမဖြစ်ဘူး။"

"ရပါတယ်။ ကုကြည့်လိုက်ပါ။"

Ernest က Shannon အား ပဟေဠိမျက်လုံးများနှင့် ကြည့်နေပြီးမှ Agatha ကိုထုတ်ယူကာ စားပွဲပေါ်တင်လိုက်သည်။ Agatha မှာ မည်သည့်အလင်းရောင်မျှရှိမနေသော သာမန်ဓားတစ်လက်လို စားပွဲပေါ်ငြိမ်သက်နေသည်။ Ernest က အာရုံစုစည်း၍ Agatha ကိုကုသရန် ဘုန်းတန်ခိုးကိုသုံးလိုက်ချိန် Shannon က Spell ရွတ်၍ ဖုံးကွယ်ထားပေးခဲ့သည်။
Agatha ဆီမှ အလင်းပြာလဲ့လဲ့တို့ ထွက်လာချိန်တွင် Ernest ဝမ်းသာသွားသလို သိချင်မိသည်များ ရှိလာခဲ့သည်။

"သူက ဘာလို့ငါ့ဘုန်းတန်ခိုးကို လက်ခံနိုင်တာလဲ။"

"သူရဲ့မူလသခင်က သူ့ကိုစွန့်လွှတ်တယ်လို့ ပြောခဲ့သလား။"

"အဲဒီလို အဓိပ္ပါယ်ဆင်တူတော့ သုံးခဲ့တယ်။"

"ဒါကြောင့် သူကသခင်မရှိဘူး။ သူ့ကိုယ်သူပိုင်သွားတယ်။ သူ့ရွေးချယ်မှုအရ ခင်ဗျားက သူ့သခင်ပဲ။"

"အဲဒီလိုရှိတယ်လို့ ငါမသိခဲ့ဘူး။"

"Agatha က ခင်ဗျားကို သိပ်သစ္စာရှိပါတယ်။"

Ernest က Agatha ကို ပွတ်သပ်လိုက်မိသည့်အခါ ဓားပုံစံပျောက်၍ အပြာရောင်အလင်းတန်းလေး ဝေ့ဝဲသွားသည်ကြောင့် Ernest အသံထွက်အောင်ပင် ရယ်လိုက်မိသည်။

"ကျေးဇူးတင်ပါတယ် သခင်။"

"ငါက ကျေးဇူးတင်ရမှာ။ မင်းက ငါ့ကိုကယ်ခဲ့တာပါ။"

"ဟိုလူ၊ ခင်ဗျား နောက်ဆို ဆက်သွယ်ရလွယ်တာမျိုးပဲ ပေးထားပါ။"

"ကျေးဇူးတင်စကားလို့ပဲ သတ်မှတ်လိုက်မယ် Goody."

"ကျေးဇူးတင်ပါတယ် Shannon, မင်းက ငါ့ကို ခဏခဏကူညီပေးခဲ့တယ်။"

Shannon ကပြုံးရုံသာ ပြုံးပြလိုက်သည်။

¤

Agatha ကို Shannon နှင့်ထားခဲ့ပြီး Ernest ခြေရာခံရင်းက Night Club များရှိရာဆီသို့ ရောက်လာခဲ့ပြန်သည်။ ဤနေရာသည် သူ၏အနမ်းပိုင်ရှင်လေးနှင့် တွေ့ခဲ့သည့်နေရာပင်။ တိုက်ဆိုင်မှုသာမဟုတ်ခဲ့လျှင် ပိုအဆင်ပြေပါလိမ့်မည်။
သူ့အတွက်ကံဆိုးသည်က လမ်းကြောင်းသည် ဤနေရာတွင်အဆုံးသတ်သွားပြန်သည်။ ကြာကြာမနေချင်၍ လှည့်ထွက်လာခါမှ

"Hey, Sugar Lips!"

ပခုံးကိုလာကိုင်ကာ ခေါ်လိုက်သံကြောင့် မျက်မှောင်ကျုံ့၍ နှုတ်ခမ်းတွေတင်းတင်းစေ့မိသွားသည်။
ပြန်လှည့်ကြည့်မိတော့ ထင်သည့်အတိုင်းပင်။
ဒီနေ့တွင်တော့ နက်မှောင်နေသောမျက်ဝန်းတွေ၊ ရှပ်အနက်နှင့် ဘောင်းဘီအဖြူရောင်၊ ရှူးအဖြူရောင်နှင့်။ မျက်နှာမှာတော့ ထုံးစံအတိုင်း ဆေးအနက်တွေနှင့်။

"ဟုတ်ပါ့မလားလို့ကြည့်နေတာ။ ကျွန်တော့် Romeo လေးက ကျွန်တော့်ကိုလာပြန်ရှာတာတော့ မဟုတ်ပါဘူးနော်။"

"မင်း တော်တော်အားနေတာလား။"

"အင်း၊ အားတာပေါ့။ ဘာကူညီရမလဲ။"

စကားနဲ့တင်မဟုတ်ဘဲ တစ်ကိုယ်လုံးကို သိမ်းကြုံးကြည့်လိုက်သည်မို့

"မလိုဘူး။ ငါ့အလုပ် ငါ့ဘာသာလုပ်နေတာ။ လာမပတ်သက်စမ်းနဲ့။"

"လူလာရှာတာလား။ ကျွန်တော့်ကိုပြောကြည့်လေ။ အကူအညီရနိုင်တာပဲ။"

သူ့အလုပ်အရတော့ လူတိုင်းကိုသိနိုင်ပေမဲ့ ကိုယ်ရှာနေသည်က လူသားတွေမှမဟုတ်ခဲ့သည်ပဲ။ မည်သည့်အသွင်၊ မည်သည့်ပုံစံနှင့် လှုပ်ရှားခဲ့သည်ကိုမသိနိုင်။ Angel နှင့် Demon တို့၏ ခြေရာလက်ရာများကို လူသားတစ်ယောက်က မည်သို့သိနိုင်ပါမည်နည်း။

"မင်းမသိနိုင်ပါဘူး။"

"တစ်နေရာရာမှာ သွားထိုင်ပြောကြမလား။"

"ငါ မအားဘူး။"

"ခဏခဏငြင်းနေတာ ကျွန်တော့်ကိုအားမနာဘူးလား။"

"လူများတဲ့နေရာတွေမှာ ငါမနေချင်ဘူး။"

"ကျွန်တော့်အခန်းကိုလိုက်ခဲ့လေ။ ကျွန်တော့် Romeo ကို မှဲ့တစ်ပေါက်မစွန်းစေရပါဘူး။"

မျက်ဝန်းနက်တွေကို မငြင်းနိုင်ပြန်ပါ။

"စကားကောင်းကောင်းပြောမယ်ဆိုရင်ပေါ့။"

"Ok, Ok. မနောက်တော့ပါဘူး။"

ထိုကောင်လေး၏ Condo တိုက်ခန်းကျယ်ကျယ်ဆီသို့ ပါလာပြီးမှ သူ၏အနေအထားကို ခန့်မှန်းနေမိသည်။
External Terrace နှင့်ဆက်နေသည့် မှန်နံရံသည် Slide door တစ်ခုလို ပွင့်သွားခဲ့ပြီး နေရာပိုကျယ်သွားကာ မှန်နံရံနှင့်ကပ်နေသည့် ထိုင်ခုံနှစ်လုံးနှင့်စားပွဲဝိုင်းက Terrace ၏ အလယ်တည့်တည့်တွင်ဖြစ်သွားသည်။
ဈေးကြီးကြီးထဲမှဖြစ်သည့် ပြင်သစ် White Wine တစ်ပုလင်းနှင့် ဖန်ခွက်ရှည်ရှည်လေးနှစ်ခွက်ကို ယူလာပြီး

"ကျွန်တော့်နာမည် Z ပါ။ အလုပ်အကိုင်ကတော့ သိတဲ့အတိုင်းပေါ့။ ကျွန်တော့အိမ်ကိုကြည့်ပြီး အံ့ဩသွားတာလား။ ဒီလိုပဲ ကျွန်တော်က နည်းနည်းလေးနာမည်ရှိတော့ ကြေးမြင့်တယ်လေ။"

"အင်း၊ အခုတလော ဘာတွေ ထူးထူးဆန်းဆန်းသတိထားမိလဲ။"

"လူသတ်မှုတွေလေ။ ဪ ... လူသတ်မှုဆိုလို့ ကျွန်တော်ပြောရဦးမယ်။"

လူသတ်မှုဆို၍ Ernest စိတ်ဝင်စားမိသွားသည်။

"ခင်ဗျားက လျှို့ဝှက်အေးဂျင့်လား။"

"ပြောစရာရှိတာပြောစမ်းပါ။"

"အကူအညီတောင်းပုံကို သဘောကျမိတယ်။ ဘယ်လိုလုပ်မလဲ ကျွန်တော်ကလည်း အရမ်းကို အကူအညီပေးချင်နေမိတာ။"

"မင်းက လိုရင်းကိုပြောဦးမှာလား။"

"ပြောမှာပေါ့ဗျာ။ ဒီလိုလေ၊ အဲဒီညက Duty off တဲ့ Bodyguard နဲ့ ကျွန်တော်အတူရှိနေတာ။"

"Mr. Trevor ရဲ့ Bodyguard လား။"

"အင်း၊ Mr. Trevor သတင်း သူ့ဆီဝင်လာတော့ ကျွန်တော်တို့ကိစ္စတောင် မပြတ်သေးဘူး။"

ဒီကောင်လေး ဘယ်လိုဟာလေးလဲ။ မလိုတာတွေလျှာရှည်လွန်းတယ်။

"ခင်ဗျားကလည်းဗျာ ... ဒါလေးပြောတာ မကြိုက်ပြန်ဘူး။ ပြောပါမယ်။"

ဝိုင်တစ်ခွက်တောင်မကုန်သေးဘဲ ရီဝေဝေအကြည့်တွေနှင့်ကြည့်ကာ စကားတွေသည်လည်း ရှေ့နောက်မလွတ်။

"အင်း၊ ပြော"

"ဘယ်ကနေဘယ်လိုဝင်သတ်သွားလဲလို့ သူတို့မသိဘူးတဲ့။ CCTV တွေမှာလည်းမပေါ်ဘူးတဲ့။ အိမ်အကူကောင်မလေးကတော့ မျက်လုံးတစ်ခုလုံး အနက်ရောင်တွေအပြည့်နဲ့ လူတစ်ယောက်ကို သူဝင်တိုက်မိတယ်တဲ့။ ပြီးတော့ သူမေ့လဲသွားတာပဲတဲ့။ ခင်ဗျားသိလား၊ မျက်လုံးအိမ်ထဲမှာ တခြားဘာအရောင်မှမပါဘဲ အနက်တွေချည်းပဲဆို ကြောက်စရာကောင်းမှာပဲ။"

"အဲဒီကောင်မလေးရော။"

"အဲဒီလိုပြောပြပြီး နောက်နေ့မှာပဲ ရူးသလို၊ ကြောင်သလိုတွေ ဖြစ်သွားတယ်တဲ့။"

"မင်းသတင်းက သေချာလို့လား။"

"Z ပါဗျ။ အကောင်ကြီးကြီးတွေလည်း ကျွန်တော့်အကြည့်တစ်ချက်ပါပဲ။ ဟား ဟား"

"ပြောရဲတယ်နော်။"

"ဒါပေမဲ့ Romeo တော့ မပါခဲ့ဘူး။"

"တော်လိုက်တော့ ချာတိတ်။"

"ခင်ဗျားကမှ နာမည်မပြောတာ။ မပြောလည်း ကိစ္စမရှိပါဘူး။ ကျွန်တော့်ရဲ့ Romeo ပဲလေနော်။"

"မင်းကမှ Juliet မဟုတ်တာပဲ။"

ဝိုင်ကိုမော့သောက်ရင်း ခနဲ့သလိုပြောမိတော့

"ခင်ဗျားက Romeo ဆို ကျွန်တော်က Julian ပေါ့။"

Z ပြောသော Juliet ၏ Male version ကြောင့် Ernest ရယ်မိသည်။

"ငါပြန်တော့မယ်။"

"ခဏတော့နေပါဦး။"

Z ပြောသည်ကို အဖက်မလုပ်တော့ဘဲ ထလာခဲ့တော့မှ နောက်ကနေပြေးလိုက်ပြီး

"သိချင်တာသိရတာနဲ့ ခဏလေးတောင် မနေပေးတော့ဘူးလား။"

"နောက်မှတွေ့ကြတာပေါ့။"

"တကယ်လား။ Promise?"

"အင်း"

¤

"Ernest, ခင်ဗျားဆီမှာ အမှောင်ရိပ်တွေပါလာတယ်။"

"ငါ Night club က ကောင်လေးတစ်ယောက်နဲ့ စကားပြောလာတာ။"

"ဗျာ"

"ပေါက်ကရမတွေးနဲ့။ ဒီအတိုင်း သူ့အခန်းမှာ စကားထိုင်ပြောကြတာ။ Mr. Trevor Bodyguard ရဲ့ လက်စွဲလေးထင်ပါရဲ့။"

"ဪ၊ ဒါကြောင့်လား။ သူ့အိမ်အထိရောက်သွားခဲ့တာကိုး။"

"အင်း၊ Agatha ရော။ ငြိမ်နေပါလား။"

"နားနားနေနေပဲ။"

"အဲဒါဆို ငါတို့သွားတော့မယ်။ မင်း ငါ့အကူအညီလိုတဲ့အခါ ငါ့နာမည်ခေါ်ပြီး တိုင်တည်လိုက်ပါ။"

"ဟုတ်ကဲ့ပါ။ အခွင့်ရှိရင် ပြန်ဆုံချင်ပါသေးတယ်။"

¤

Z အပြောအရရော၊ စုံစမ်းမိသမျှကပါ Demon တွေနှင့်ပတ်သက်သည်ဆိုတာအပြင် ဘာမှမထူးခြားသည်မို့ အိမ်အကူမိန်းကလေးရှိရာ ဆေးရုံဆီသို့ ထွက်လာခဲ့သည်။

"နင် ... နင် မလာနဲ့။ နင်ဘယ်သူလဲ။ သူတို့နဲ့ တစ်ဖွဲ့တည်းမဟုတ်လား။ ငါ့ကိုမသတ်ပါနဲ့၊ ငါ ဘာမှမပြောပါဘူး။"

"ရှူး ... တိုးတိုး၊ သူတို့ကြားသွားမယ်။ ငါ့မျက်လုံးကိုကြည့်ပါ။"

အကူမိန်းကလေး၏ အမြင်အာရုံကိုဖတ်ကြည့်မိတော့ Demon အရိပ်အယောင်လေးသာ ခြေရာခံမိရုံ။ ထို Demon ၏အနားမှ နတ်ဘုန်းတန်ခိုးတစ်မျိုးကိုပါ တွေ့လိုက်ရပြီးနောက် Ernest တစ်ယောက် Werewolf များနှင့်ဆုံသည့်နေရာသို့ ပြန်ရောက်လာခဲ့သည်။

ထိုနေရာမှ အတွင်းပိုင်းသို့ဝင်လာခဲ့ရာတွင် ဘုရားကျောင်းပျက်တစ်ခု။ နတ်ဆိုးတို့နှင့်မသက်ဆိုင်ပါဟု ထင်ရသော်လည်း သေချာကြည့်မိသည့်အခါ ဘုရားကျောင်းပတ်လည်မှ ရုပ်တုလေးများသည် Guardian Angels များမဟုတ်ဘဲ Satan နှင့် Fallen Angels များဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ပြင်ပအသွင်သဏ္ဍာန်အရ ဘုရားကျောင်းပျက်ဟုထင်ရပြီး အမှန်တကယ်တွင် နတ်ဆိုးစခန်းတစ်ခုဖြစ်နေခဲ့သည်။
Ernest ဝင်လာခဲ့ပြီးသည့်အခါတွင်တော့ Angel များကို နတ်ဆိုးတို့သုတ်သင်ခဲ့သည့်အနေအထားများ တွေ့ရသည်ကြောင့် နတ်ဘုန်းတန်ခိုးကိုအသုံးပြု၍ ကျန် Angel များကို ဆက်သွယ်လိုက်သည်နှင့် နတ်ဆိုးများထွက်လာကြတော့သည်။ စွမ်းအားပြည့်နေပြီဖြစ်သော Agatha နှင့် Ernest တို့ ပြန်လည်ခုခံရင်းမှ ကြီးမားသောအမှောင်စွမ်းအားတစ်ခုကြောင့် Ernest လွင့်ထွက်သွားခဲ့သည်။

"Kamari"

Abezethibou ၏ အင်အားကြီးသောနောက်လိုက်တစ်ဦး။ သုတ်သင်ခံရသည်ဟု သိထားပြီးမှ ဤသို့ပြန်တွေ့ရ၍ အံဩမိရသည်။
Kamari က Ernest အနားတိုးကပ်လာပြီး ဘုန်းတန်ခိုးကိုဖယ်ထုတ်ရန်ကြိုးစားစဉ် Ernest ၏ဆက်သွယ်မှုကြောင့် ရောက်ရှိလာသော Angel များနှင့် Kamari ၏နတ်ဆိုးများ ထိပ်တိုက်တွေ့ကြတော့သည်။ Ernest လည်း ပါဝင်တိုက်ခိုက်နေစဉ်တွင်

"Ernest, ကျွန်တော့်ကိုကယ်ပါ။ ကျွန်တော့်ကို သူတို့ဖမ်းထားတယ်။ Ernest ခင်ဗျားကြားလား။"

Shannon ၏အသံကြားရသည်မို့ အာရုံစိုက်လိုက်သည့်အခါတွင် သူရှိရာအချုပ်ခန်းဆီ ရောက်သွားခဲ့သည်။ အစောင့်တချို့နှင့်တိုက်ခိုက်ပြီး Shannon ကိုကယ်ထုတ်တော့ အရမ်းကို အားနည်းနေသည်။

"ဒီနေရာကနေ ခေါ်ထုတ်ပေးပါ။ ကျွန်တော့်ကိုထိန်းချုပ်ထားတယ်။"

"ဟုတ်ပြီ၊ သည်းခံလိုက်ဦး။ Agatha!"

"သခင်၊ Angel တွေအသာစီးရထားတယ်။ ထွက်သွားလိုက်ပါ။ Agatha နောက်မှလိုက်ခဲ့ပါမယ်။"

Angel weapon တစ်လက်အနေနှင့် တိုက်ပွဲမပြီးခင် ထွက်ခွာခွင့်မရှိသည်ကြောင့် Agatha ကိုထားခဲ့ပြီး Shannon ကိုခေါ်ကာ Ernest ထွက်လာခဲ့တော့သည်။

"ကျွန်တော်တို့အသိုက်ကိုဝင်မွှေပြီး ကျွန်တော့်ကိုဖမ်းခေါ်လာကြတာ။ White Wizard လည်းဖြစ်၊ ခင်ဗျားနဲ့ပတ်သက်တာလည်း သိသွားကြတယ်ထင်တယ်။"

"ဒါဆို တခြားတစ်နေရာမှာ ခဏရှောင်နေရအောင်။"

Ernest အတွေးထဲဝင်လာသည်က Z.
Shannon ကိုခေါ်ပြီး Z ၏ Condo ကိုရောက်တော့ Security က Z ခရီးထွက်သွားကြောင်း၊ နောက်နေ့မှပြန်ရောက်မည်ဖြစ်ကြောင်း ပြောပြလာ၍ မည်သို့ဆက်သွယ်ရမည်ကို အစ်အောက်လိုက်သည်တွင် ဖုန်းဆက်ပေးလာသည်။

"Hello, Mr. Z. ဆရာ့ဧည့်သည်ရောက်နေပါတယ်။ အရေးကြီးလို့ပါဆိုလို့ ကျွန်တော်ဖုန်းဆက်ပေးတာပါ။ လွန်ခဲ့တဲ့နှစ်ရက်က ဆရာနဲ့အတူပါလာတဲ့ ကိုယ်လူချောလေ။"

"........"

"ဟုတ်ကဲ့။ Mr. Z က ဖုန်းပြောပါမယ်တဲ့။"

"Z လား။"

"ဟုတ်ကဲ့။ ခင်ဗျားဘယ်သူလဲ။"

"ငါ Ern ... ငါ Romeo ပါ။"

"Wow! တကယ်ကြီး ကျွန်တော့်ကိုလာရှာတာလား။ ပျော်စရာကြီးဗျာ။"

"ငါ မင်းအကူအညီလိုတယ်။ ငါ့ Partner တစ်ယောက် အလုပ်ကိစ္စနဲ့ နည်းနည်းထိလာလို့ မင်းဆီမှာခဏရှောင်နေချင်လို့ လာခဲ့တာ။ မင်းက နောက်နေ့မှ ပြန်ရောက်မှာဆို။"

"အဲဒီ Partner က မိန်းကလေးလား။"

"မင်းကတစ်မျိုး။ ယောက်ျားလေး၊ အလုပ် Partner သက်သက်ပဲ။"

"ဒါဆို ကျွန်တော့်အခန်းကို Romeo စိတ်ကြိုက်သုံးပါ။ နက်ဖြန်မနက်ပြန်ရောက်မယ်။ ဘယ်လိုကျေးဇူးဆပ်မှာလဲ။"

ထိုအချိန် Z ဖုန်းထဲမှ အသံတွေကြားလိုက်ရသည်။

"Honey ရေ၊ ဖုန်းပြောတာ ကြာတယ်ကွာ။"

"I'm coming, Daddy ..... Romeo, Security ကောင်လေးကို ဖုန်းပြန်ပေးလိုက်နော်။ ကျွန်တော် အဆင်ပြေအောင်လုပ်ပေးမယ်။"

ဖုန်းပြောပြီးနောက်မှာ ဝန်ထမ်းကောင်လေးက

"ဆရာ၊ ဒါက Mr. Z ရဲ့အခန်းသော့ပါ။ ဆရာတို့လိုအပ်တာရှိရင် ဒီကိုဖုန်းဆက်ပြီး ပြောနိုင်ပါတယ်။ အခန်းထဲကဖုန်းဘေးမှာ ဆက်သွယ်စရာဖုန်းနံပါတ်တွေ ရှိပါတယ်တဲ့။"

Ernest တို့ Z အခန်းထဲရောက်လာပြီး Shannon ကို နားစေကာ

"မင်းကို ငါဘာကူပေးရမလဲ။"

"ရပါတယ်။ ကျွန်တော့်ဘာသာပဲ ပြန်ကုစားလို့ရပါတယ်။ အဲဒီ Church ကျောင်းက ..."

"ဘုရားကျောင်းအယောင်ဆောင် နတ်ဆိုးစခန်းတစ်ခုပဲ။ အဲဒါကြောင့် မင်းဘာမှလုပ်မရတာ။"

Shannon က Spell အချို့နှင့် အလုပ်ရှုပ်နေချိန် Ernest က Agatha ကို ဆက်သွယ်ကြည့်တော့ နတ်ဆိုးများသုတ်သင်ခံရပြီး Angel တို့အနိုင်ရခဲ့ကြောင်း သိခဲ့ရသည်။
ခဏအကြာ အပြာရောင်အလင်းတန်းလေး ရောက်ချလာပြီး

"ဒါက ဟိုကောင်လေးအခန်းလား။ ဘယ်ဆိုးလို့လဲ။"

"အခြေအနေလေးပြောဦး။"

"Kamari တို့က Angel တွေနဲ့အဆက်အသွယ်ရှိတဲ့ Nephilim မျိုးဆက်တွေကို လိုက်သတ်နေတာ။ Linus ကိုလည်း သူတို့ပဲဘုန်းတန်ခိုးနှုတ်ပစ်တာပါ။"

"ဒါဆို Abezethibou ရဲ့လမ်းစဉ်လိုက်ပြီး Kamari က သောင်းကျန်းနေတာပေါ့။"

"ဟုတ်ပါတယ်။ ဒါနဲ့ Shannon ရော အခြေအနေကောင်းလား။"

"အင်း၊ ကောင်းမယ်ထင်ပါတယ်။"

"မင်းက ငါ့ကိုစိုးရိမ်နေတာလား Goody?"

"စုန်းဆိုတဲ့အတိုင်း အကောင်းကိုမရှိတာ။"

"I am a White Wizard. မင်းကိုက ငါ့ကိုအကောင်းမမြင်တာပါကွာ။"

Agatha နှင့် Shannon တို့ ဆုံမိသည်နှင့် ရန်ဖြစ်ကြသည်မှာ မဖျက်ကောင်းသောရိုးရာတစ်ခုလိုပင်။

"နားကြရအောင်။ အခန်းထဲကခုတင်ကိုတော့ မင်းပဲသုံးလိုက်ပါ Shannon. ငါတို့ကမလိုဘူးလေ။"

လရောင်မမြင်ရသောညနက်မှာ Z အခန်း၏ Balcony အစွန်းတွင်ရပ်ရင်း Ernest တွေးနေမိသည်။ သူ့တာဝန်သည် Linus ကိုရှာရန်နှင့် Mr. Trevor တို့လို Nephilim မျိုးဆက်များကို ရန်ရှာနေသည့် တရားခံကိုရှာရန်ပင်။ တရားခံက Abezethibou ၏နောက်လိုက်တစ်ဦးဆိုသည်မှာလည်း ပေါ်ပေါက်ခဲ့ပြီမို့ သူ့တာဝန်ကျေခဲ့ပြီ။ ယခုလုပ်စရာကျန်သည်က မိမိအားကူညီခဲ့ဖူးသည့် Shannon ကို နေရာတကျဖြစ်စေရန် ပြန်လည်ကူညီပြီးသည်နှင့် Z ကိုနှုတ်ဆက်ကာ သူ့နေရာသူ ပြန်သွားရန်သာ။

"သခင်၊ ဟိုချာတိတ်အကြောင်း တွေးနေတာလား။"

"အင်း၊ မနက်ဖြန် သူ့ကိုနှုတ်ဆက်ပြီးတာနဲ့ ငါတို့နေရာပြန်ကြတာပေါ့။ မင်းကို ငါစွန့်လွှတ်ပေးရင် မင်းဝိညာဉ်ကို မင်းပိုင်ပြီမဟုတ်လား။"

"Archangel က Agatha ကိုစွန့်လွှတ်လိုက်တာ သခင့်ကိုရွေးချယ်နိုင်အောင်လို့လေ။ သခင့်ကို ရွေးချယ်လိုက်တဲ့လက်နက်ကို သခင်က စွန့်လွှတ်လို့မရတော့ဘူး။ Agatha က သစ္စာရုတ်သိမ်းကြောင်း မပြောမချင်း Agatha ကို သခင်ပိုင်တယ်။"

"အဲဒီလောက်အထိလား။ မင်းသဘောအတိုင်း ဆုံးဖြတ်လို့ရပြီပေါ့။"

"Archangel ဆီက သေချာတဲ့အမိန့်ရရင် Agatha ဆိုတာ ပထမဆုံးသော ကိုယ့်ဝိညာဉ်ကိုယ်ပိုင်တဲ့ Angelic Weapon ပဲ။"

"Congratulations!"

"ကျေးဇူးတင်ပါတယ်။ Agatha တို့တော့ ကောင်းကင်လွင့်တဲ့ နတ်ဓားဖြစ်တော့မယ်။"

"ဟား ဟား၊ အေးပါကွာ။"

¤

"Romeo!"

"ဘာတွေအော်နေတာလဲ။ ငါဒီမှာ။"

"ဟား ... လွမ်းလိုက်တာ။"

ပြောပြီး ပြေးဖက်ရန်ပြင်နေသည်မို့ ရှောင်လိုက်သည့်အခါ

"ခင်ဗျားရဲ့ Partner ဆိုတာ ရှိနေလို့လား။"

"တိတ်စမ်း၊ ချာတိတ်။ ပြောင်ချော်ချော်မလုပ်နဲ့။ ငါမင်းကို လာနှုတ်ဆက်တာ။ ငါ့တာဝန်ပြီးပြီ၊ ပြန်ရတော့မယ်။"

"နှုတ်ဆက်တာတဲ့လား။"

Z က Ernest နားတိုးကပ်လာပြီး သူ၏အနီရောင်မျက်ဝန်းတို့နှင့် ရီဝေစွာကြည့်နေပြန်သည်။

"I don't wanna say Goodbye, my Romeo."

Ernest မျက်နှာနှင့် အနီးဆုံးကပ်လာချိန်တွင် Shannon မှ

"ရပ်လိုက်"

"ဘာဖြစ်တာလဲ။ Romeo ရဲ့ Partner က Personal တွေပါ ဝင်ပါနေတာလား။"

"Z, မင်းဘာတွေပြောနေတာလဲ။ Shannon က ငါ့မိတ်ဆွေလေ။"

Ernest က Z ကိုပြောနေချိန် Shannon က Ernest ကိုဆွဲခေါ်ပြီး Z ကိုပြောလိုက်သည်။

"ခင်ဗျား ရပ်လိုက်ပါတော့။ မလုပ်ပါနဲ့တော့။"

"Romeo, ခင်ဗျားရဲ့ Partner က ကျွန်တော့်ကို ဘာတွေတားနေတာလဲ။"

ပြောနေရင်းမှ Z က Ernest နားတိုးကပ်လာသည့်အခါ Shannon ကထပ်တားပြန်သည်။

"တော်ပါတော့။ ခင်ဗျား အဲဒီလိုလုပ်ဖို့ မရည်ရွယ်ထားဘူးလေ။"

"ဘာတွေပြောနေတာလဲ။"

Z က ပြန်အော်ကာ Shannon အား တွန်းထုတ်လိုက်သည်ကို Shannon က လက်ကိုဝှေ့ယမ်းလိုက်ရာ Z  လွင့်ထွက်သွားတော့သည်။

"Shannon, မင်း ဘယ်လိုလုပ်လိုက်တာလဲ။"

"မသွားနဲ့။"

Shannon တားလိုက်တော့ Ernest က Shannon ကိုထိန်းချုပ်ထားလိုက်ပြီး Z ဆီဦးတည်လိုက်သည်။ Shannon က တစ်ခုခုပြောရန်ကြိုးစားသော်လည်း စကားသံထွက်မလာ။

"Z မင်းအဆင်ပြေလား။"

မျက်ဝန်းနီနီတို့က အရည်ကြည်တို့ရစ်ဝိုင်းနေပြီး လက်လှမ်းလာသည်ကြောင့် ဆွဲထူရန်လက်ကမ်းလိုက်ချိန်

*ဝုန်း*

မီးတောက်တစ်ခုက အနီးတွင်တောက်လောင်သွားမှ Ernest နောက်ဆုတ်မိသည်။ Z သည် Z မဟုတ်ခဲ့ပေ။

"မင်းလို လက်နက်အဆင့်လောက်နဲ့ ငါ့ဆီကနေ ကိုယ်ရောင်ဖျောက်နိုင်ပြီထင်နေတာလား။"

Agatha က ဘေးတွင် အလင်းဖျော့ဖျော့နှင့် ပြုတ်ကျနေပေသည်။ Ernest ဆီမှလွတ်သွားသော Shannon က ချက်ချင်းကြားဝင်ရပ်လိုက်တော့ Ernest က

"မင်းက ဘာလဲ Z?"

Ernest ကိုပြန်မဖြေဘဲ Shannon ကို တိုက်ခိုက်လိုက်သော Z. Ernest ကတော့ ဖျန်ဖြေဖို့သာ အာရုံရောက်နေရာမှ Agatha ၏အသံကြောင့် ကောက်ယူလိုက်တော့ Shannon ၏မှတ်ဉာဏ်ကို Agatha ကလွှဲပြောင်းပြလာသည်။

Angel တစ်ပါးက Z အဖြစ်နှင့် Ernest နားရောက်လာပုံ၊ Shannon ၏အတတ်နှင့် Spell တစ်ခုသုံးကာ အနမ်းတစ်ပွင့်တွင် မှော်သွင်းခဲ့သည်။ ထို့ကြောင့် သူတို့ထိမိစဉ်က Angel's Grace ၏အလင်းကို သူမြင်လိုက်ရခြင်းဖြစ်သည်။ ထိုနောက်ပိုင်းမှစ၍ Shannon ဖုံးကွယ်ပေးစရာမလိုဘဲ  Z အနားရောက်လျှင် Ernest သည် Z ၏ဘုန်းတန်ခိုးကို မသိနိုင်တော့။
ထို့ထက်ထူးဆန်းသည်က Linus နှင့်ပတ်သက်သည့်သဲလွန်စ၊ အိမ်အကူမလေး၏မှတ်ဉာဏ်၊ ယမန်နေ့ကသုတ်သင်ခဲ့သည့် နတ်ဆိုးများ၊ အားလုံး၏နောက်ကွယ်မှ Z.
Kamari ဦးညွှတ်ခဲ့သည့် ခေါင်းဆောင်က Z.
အဖြစ်အပျက်အားလုံးနှင့် လူသတ်မှုများကို Kamari ထံပုံချ၍ ကိုယ်လွတ်ရုန်းဖို့ကြိုးစားခဲ့သည်လား။ တရားခံက Angel တစ်ပါးတဲ့လား။ သို့ပေမဲ့ Z မည်သူဆိုသည်ကို မမြင်နိုင်၊ အနမ်းမှော်က ဖုံးကွယ်ထားဆဲ။

"အား"

Shannon အော်သံကြောင့် Ernest ပြန်လှည့်ကြည့်မိတော့ တဒင်္ဂအတွင်း ရှုပ်ပွသွားသောအခန်း၊ ဒဏ်ရာများနှင့်လဲကျသွားသော Shannon.

"Z, မင်းဘယ်သူလဲ။"

"သိရင် ဘာလုပ်မှာလဲ။"

"ငါ့တာဝန်အတိုင်း မင်းကို Archangel တွေဆီခေါ်သွားရလိမ့်မယ်။"

"မသွားပါနဲ့။ ငါ မင်းကိုချစ်တယ်။ ငါတို့ တခြားကမ္ဘာမှာ သွားနေရအောင်။ ဒီကမ္ဘာမှာဆို ငါတို့က ရန်သူတွေဖြစ်နေမှာ။"

"မဖြစ်နိုင်တာမပြောနဲ့။ အချစ်ဆိုတာ လူသားတွေပဲ ခံစားနိုင်ကြတာလေ။"

"မင်း ငါ့အကြောင်းတွေ မတွေးဘဲနေနိုင်ခဲ့လို့လား။ ငါတို့ထွက်သွားရအောင်ပါကွာ။ ငါ့အစီအစဉ်က မင်းကို လမ်းလွဲအောင်လုပ်မယ်။ Shannon အကူအညီနဲ့ မင်းဆီက သတင်းတွေယူမယ်။ ကိစ္စတွေပြီးရင် မင်းကိုသုတ်သင်ဖို့ပဲ။ အဲဒါဆို လူသတ်မှုတွေကလည်း Kamari နဲ့တင် ရပ်သွားမယ်။ ဒါပေမဲ့ အခုက ငါ ... ငါမင်းကို မသတ်နိုင်ဘူး၊ မသတ်ရက်ဘူး။ လှည့်စားခဲ့တာ ငါ့ကိုခွင့်လွှတ်ပါ။"

"မင်းကို ခွင့်မလွှတ်နိုင်ဘူး။ အပြစ်တွေဝန်ခံလိုက်ပါ။"

"အဖမ်းမခံနိုင်ဘူး Romeo. ငါ့ကိုမချစ်ဘူးလို့ မင်းငြင်းလိုက်စမ်းပါ။"

Ernest ပြောလိုက်ပေမဲ့ ထွက်ကျမလာသော စကားလုံးတွေကြောင့် အံ့ဩသွားသည်။ Z ကရယ်လိုက်ပြီး ဆက်ကြည့်နေသည်။ Ernest က Z ကိုကြည့်လိုက်တော့

"အဲဒီမှော်က ငါတို့ကြားကခံစားချက်တွေကို လိမ်ပြောလို့မရဘူး။ Shannon, မင်းအရမ်းတော်တယ်။"

Z ရယ်မောနေစဉ် Ernest က Angel trap တစ်ခုရေးဆွဲပြီး Z ကိုချုပ်နှောင်လိုက်ကာ Shannon ဘက်လှည့်မေးလိုက်သည်။

"မင်းက သူနဲ့ပူးပေါင်းပြီးမှ ဘာလို့ ငါ့ကိုကာကွယ်နေသေးတာလဲ။"

"White Wizard တွေက ပညာတော်သလောက် စိတ်သိပ်ပျော့တာပဲ။ မှော်ကို ငါကိုယ်တိုင်ပြန်ထုတ်ရင် မင်းစိတ်ဝိညာဉ်ကို ငါပိုင်ပြီမို့ သူတားနေတာလေ။ သူ့ကြောင့် မထိခိုက်စေချင်တာမျိုး။ ဟား ဟား"

Z ကရှင်းပြနေပြန်တော့ Ernest က အစွမ်းသုံး၍ ရိုက်ချလိုက်သည့်အခါ ပြန်မခုခံနိုင်သော Z ပစ်လဲသွားခဲ့သည်။

"ငါ့ကို လက်မခံနိုင်ဘူးလား Romeo?"

"မဖြစ်နိုင်ဘူး။"

Ernest စိတ်ကိုစုစည်းပြီး စွမ်းအားသုံးကာ ပြောပစ်လိုက်သည်။

"မင်းကို မချစ်ဘူး။"

Z သွေးတွေအန်ကျလာပြီး Ernest ဆီ အလင်းတစ်ခုပြေးဝင်လာသလိုခံစားရကာ Z ကိုကြည့်မိတော့

"မင်း ... မင်းက Demon."

Z ကပြုံးပြလာသည်။

"ဒါဆိုမင်းက Angel trap ထဲ ဘာလို့ငြိမ်နေတာလဲ။"

"မင်းကမှ ငါ့ကို ... ငါ့ကိုလက်မခံတာ Romeo ရယ်။"

Z ဒဏ်ရာအကြီးအကျယ်ရသွားတော့ Shannon ပြန်လှုပ်ရှားနိုင်လာသည်က Z ထိန်းချုပ်မှုမှ လွတ်သွားခြင်းကြောင့်ပင်။

"Ephippas, ခင်ဗျားဘာလို့ အခုလိုလုပ်တာလဲ။"

"Ephippas? Solomon ဘုရင်က ဘုရားကျောင်းရဲ့တိုင်မှာ Abezethibou နဲ့အတူ ချုပ်ထားခဲ့တဲ့ Ephippas က ..."

"ကျွန်တော့်ကြောင့် သူလွတ်လာခဲ့တာပါ။ ကိုယ့်အစွမ်းကိုယ်မာန်တက်ပြီး သူနဲ့ပူးပေါင်းခဲ့တယ်။ ခင်ဗျားကိုလှည့်စားဖို့ Kiss Spell ကို ကျွန်တော်စီရင်ပြီး သူ့ကိုကူခဲ့တယ်။
အစီအရင်ကိုသုံးခဲ့တဲ့သူက ခင်ဗျားကြောင့်အားနည်းသွားရင် ခင်ဗျားက ခံစားချက်နဲ့ပတ်သက်ပြီး မုသားစကားပြောလို့ရလာမယ်။ အဲဒီစကားက မုသားဆိုတာမှန်ရင် အစီအရင်ကိုဖျက်ပစ်နိုင်ပြီး သူ့ရဲ့ပုံစံအမှန်ကို ခင်ဗျားမြင်နိုင်မယ်။ သူကတော့ တန်ပြန်မှော်ကြောင့် သူ့ဝိညာဉ်ပျက်စီးနိုင်တယ်။
Angel trap က သူ့ကိုဖမ်းချုပ်မထားနိုင်ပေမဲ့ ခင်ဗျားရဲ့ ခံစားချက်အစစ်အမှန်ကို သိနိုင်ဖို့ သူဟန်ဆောင်ခဲ့တာ။ ခင်ဗျားဘုန်းတန်ခိုးကို မခုခံနိုင်တာမဟုတ်ဘူး၊ မခုခံခဲ့တာ။ ကျွန်တော့်မှတ်ဉာဏ်ထဲအထိ သူ့ကိုယ်သူ Angel လို့ပဲ ခင်ဗျားကိုပြခဲ့တာ။"

"Z! မင်း ... မင်းဘာလို့ ရူးမိုက်ခဲ့တာလဲ။"

Z ရှေ့မှာ ဒူးထောက်ရင်း Ernest ပြောလိုက်မိသည်။

"ငါ မင်းရင်ခွင်ထဲ ခဏတော့ နေပါရစေ။"

Ernest က Z တစ်ဖြစ်လည်း Ephippas ကိုပွေ့ယူလိုက်သည်။

"ငါကျေနပ်တယ် Romeo. မင်းလည်း ကျေနပ်နိုင်ပါစေ။ ငါ မင်းကို သံသရာအဆက်ဆက် မမေ့နိုင်တော့ဘူး။ ငါ့ကိုတော့ မေ့လိုက်တော့နော်။"

တဖြည်းဖြည်းချင်း အနက်ရောင်အမှုန်လေးတွေအဖြစ် ပြောင်းလဲပျောက်ကွယ်သွားသော နတ်ဆိုးတစ်ကောင်နှင့် သူ၏ချစ်ခြင်း။
Demon ၏နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးနိုင်တော့မည်မဟုတ်သော သူ၏ Angel.
အဆုံးသတ်မလှခဲ့သည့် ပြဇာတ်မဟုတ်ခဲ့သော ဇာတ်လမ်းထဲမှ Romeo နှင့် Julian.

"Z !"

■■■■■ The END ■■■■■
Nov 2020
© Demon ,
книга «Kiss Spell (One shot)».
Коментарі