Part( 1 )
Zawgyi
"ကိုကြီးက ဟင်းချက်ကောင်းလိုက်တာ မီးမီးအရင်တုန်းကအဲ့လိုဟင်းမျိုးမေမေချက်ကျွေးလို့ စားဖူးတယ် ကိုကြီးချက်တာလောက်မကောင်းဘူး နောက်လည်း ကိုကြီးချက်ကျွေးလေနော် မီးမီးကြိုက်လို့ ဟီးဟီး"
"ကပ်စားလေး နောက်မီးမီးစားချင်ရင်ချက်ကျွေးမှာပေါ့ "
အဒေါ်ဖြစ်သူမှာ မောင်နှမနှစ်ယောက်ရဲ့ စကားအပေးအယူတည့်ပြီး မြိန်ရေယှက်ရေစားနေသည်ကိုကြည့်ရင်း ပြုံးပန်းဝေနေသည်။
"ကြီးကြီးမေချက်တဲ့ဟင်းကရော စားမကောင်းဘူးလား"
ကြီးမေရဲ့စကားကြောင့် ပလုပ်ပလောင်းစားနေရင်းမှ ပြာပြာသလဲလဲနှင့် ကြီးမေချက်ထားသည့်ဟင်းခွက်ထဲမှ ဟင်းတွေကိုထည့်ရင်း
"ကြီးကြီးမေရဲ့ ဟင်းတွေက စားလို့အကောင်းဆုံးဘဲ ဒါပေမဲ့ဒီနေ့အကိုကြီးက ဟင်းချက်ကျွေးတာဆိုတော့ အကိုကြီးရဲ့ ဟင်းတွေကို အရင်စားပေးနေတာ ကြီးမေရဲ့ဟင်းကကောင်းပြီးသားဆိုတာ မီးမီးသိတယ်လေ ဒါကြောင့်နောက်ဆုံးမှစားမလို့ ဟီးဟီး"
ထမင်းလုပ်ဖြင့်ပြည့်ဖောင်းနေသော သူမရဲ့ပါးလေးကို အသားလေးဆွဲရင်း ကြီးကြီးမေက
"ငလည်မလေး များများစား အများကြီးချက်ထားတယ်"
"ဟုတ်"
မိဘတွေတကွဲတပြားဖြစ်နေသည့် သူမလေးအဖို့ နေစရာဟူသည် သူမအဒေါ်ဖြစ်သူအိမ်သာရှိလေသည်။ အိမ်ထောင်ကွဲဖြစ်နေသည့် မိသားစုလေးမှာ အကုန်တကွဲတပြားနှင့်ဖြစ်တာကြောင့် သူမလေးကိုစောင့်ရှောက်ပေးနေရပေသည်။ အမေဖြစ်သူမှာ အဖွားဆေးရုံတက်နေရတာကြောင့် လိုက်သွားရသည်မှာလနှင့်ချီနေပြီဖြစ်ကာ အဖေဖြစ်သူမှာ အိမ်ပေါ်ကဆင်းပြီး မိဘအိမ်ပြန်နေလေသည်။ တစ်ယောက်တည်းသော အကိုဖြစ်သူမှာလည်း မန္တလေးတွင် အလုပ်လုပ်နေလေသည်။ တစ်ယောက်တည်းကျန်နေခဲ့သော သူမလေးကို အဖိုးဖြစ်သူနှင့်အတူ သူမရဲ့ ကြီးကြီးမေတို့က ခေါ်ယူစောင့်ရှောက်ထားရလေသည်။
တစ်လအကြာမှာတော့ သူမအစ်မဝမ်းကွဲရဲ့ မင်္ဂလာဆောင်သို့သွားရင်း အဖွားဆေးရုံတက်နေသည့်နေရာဆီသို့ပါသွားခွင့်ရခဲ့လေသည်။ နယ်မြို့လေးကနေ ရန်ကုန်သို့သွားဖို့ အမျိုးတွေအကုန်ကားတစ်စီးငှားကာ အဖိုး၊ ဝမ်းကွဲအကိုတို့နှင့်အတူ သူမ မသိသော ဆွေးမျိုးတချို့တို့နှင့်အတူ ရန်ကုန်သို့သွားခဲ့လေသည်။ အဖွားဆေးရုံကို အရင်ဝင်ကြည့်ရင်း အမေဖြစ်သူနှင့်ဆုံခဲ့သော်လည်း သူမလေးမှာ သတိရလွမ်းဆွတ်နေသည့်ပုံစံလုံးဝမရှိပေ။ အပြုံးလည်းမရှိ တည်ကြည်နေတဲ့ မျက်နှာထားဖြင့် စကားတစ်ခွန်းတောင်မပြောတော့သော ညီမဖြစ်သူကိုကြည့်ရင်း အကိုဝမ်းကွဲမှာ အံ့သြနေရပေသည်။ ညီမလေးရဲ့လက်ကိုတွဲရင်း ဆေးရုံအခန်းသို့ဦးတည်လျှောက်လာခဲ့သည်။ ညီမလေးမှာ သူမအမေကိုမြင်လျှင် ပြေးဖက်ပြီး သတိရနေသည့်ပုံစံလေးနှင့်ရှိနေမည်လို့တွေးထင်ခဲ့ပေမယ့်လည်း တကယ့်လက်တွေ့မှာတော့ အမေဖြစ်သူကိုတောင် မျက်လုံးလှန်မကြည့်သော ညီမကိုကြည့်ရင်းအံ့သြဝမ်းနည်းနေရသည်။ လပေါင်းများစွာကွဲကွာနေသောအမေဖြစ်သူကို တအားလွမ်းနေမည်ထင်ထားခဲ့ပေမဲ့ အခုတော့ဟန်ဆောင်ကောင်းတဲ့လူကြီးလေးတစ်ယောက်လိုပင်။ဘယ်လောက်တောင်စိတ်ဒဏ်ရာကြီးလို့အသက်ဆယ်နှစ်ကျော်ကလေးက ယခုလိုပြောင်းလဲသွားရတာလဲ သူမသိပါ။ ကလေးနှင့်မတန်လောက်အောင် ဝန်ထုပ်ဝန်ပိုးများခဲ့သည့် ညီမဖြစ်သူကို ပွေ့ဖက်ရင်း ဝမ်းနည်းနေမိသည်။ အဖွားရဲ့သတင်းကိုမေးပြီးသည့်နောက် သူမရဲ့အမေ မိမိအဒေါ်ဖြစ်သူထံသို့ သူမကို အပ်ထားရင်း ဆေးရုံကနေထွက်ခဲ့တော့သည်။ စကားတစ်ခွန်းတောင်မပြောတော့သော သူမလေးသည် အပြန်ကို နှုတ်ဆက်စကားတစ်ခွန်းတောင်မပြောတော့ဘဲ ခေါင်းလေးသာတစ်ချက်ငြိမ့်ပြလာသည်။
တစ်ပတ်အကြာမှာတော့ အဖွားဆေးရုံဆင်းပြီဖြစ်တာကြောင့် ညီမလေးပါ ပြန်လာတော့မည်။ တစ်လအကြာ အဖွားမှာပြန်ကောင်းလာပေမဲ့ ဆေးရုံထပ်တက်ရပြန်သည်။ ဒီတစ်ကြိမ်မှာတော့ ညီမလေးကို အဒေါ်ဖြစ်သူနှင့် သူမထည့်လိုက်နိုင်တော့ပါ။ သူကိုယ်တိုင်စောင့်ရှောက်မည်ဖြစ်တာကြောင့် လူကြီးတွေကိုစကားသေချာပြောပြီး ခေါ်ထားလိုက်သည်။ တက္ကသိုလ်ကျောင်းသားတစ်ယောက်ဘဲရှိသေးပေမဲ့ ဒီညီမလေးကိုတော့ သူစောင့်ရှောက်နိုင်ပါသည်။ သိပ်ကိုသိတတ်ပြီးလိမ္မာရေးခြားရှိသည့် ညီမလေးကို စောင့်ရှောက်ပေးရမှာ သူ့အတွက် အခက်အခဲမရှိပေ။
နှစ်လအကြာမှာတော့ အဖွားအခြေနေမှာ ဆရာဝန်တွေလက်လျော့လိုက်ရပြီဖြစ်တာကြောင့် အိမ်သို့ပြန်လာခဲ့ကြသည်။ အိမ်ရောက်ပြီးသိပ်မကြာလိုက် အဖွားဆုံးလေသည်။ ကျွန်တော်မှာလည်းအဖွားဆေးရုံတက်ပြီးနှစ်ရက်အကြာလောက်တည်းက သင်တန်းရှိနေတာဖြစ်တာကြောင့် တစ်ပတ်တစ်ခါ အိမ်ပြန်မလာနိုင်တော့ပေ။အဖွားဆုံးမှသာပြန်လာနိုင်ခဲ့သည်။ထိုအချိန်မှဘဲ ညီမလေးနဲ့ ပြန်တွေ့ခဲ့ရသည်။ သူမလေးအတော်ပိန်သွားခဲ့သည်။ ကျွန်တော်ပြန်လာတော့အပြေးလေးလာကြိုသည့် သူမလေးက တကယ့်ကိုချစ်စရာအတိပင်။ ညီမတွေအများကြီးရှိပေမဲ့လည်း ဒီညီမလေးကို သူပိုချစ်သည်။ စကားတွေအများကြီးပြောနေသည့် ညီမလေးမှာ မျက်ဝန်းများက သိပ်ကိုအထီးကျန်ဆန်လွန်းနေသည်။ သူမချစ်တဲ့အဖွားဆုံးသွားတာတောင် မငိုသည့် သူမလေးက ဘယ်လောက်တောင် ကြံ့ခိုင်လိုက်သလဲ။ ငိုနေသည့် ကျွန်တော်တောင် ချက်ချင်းမျက်ရည်ပြန်သုတ်လိုက်ရသည်။
အကိုကြီးရောက်လာကတည်းက သူမအထီးကျန်သလိုမခံစားရတော့တာပင်။ ရဲဘော်ရဲဘက်တစ်ယောက်ရသလိုခံစားလိုက်ရသည်။ စကားတွေလည်းအများကြီးပြောခဲ့မိတယ်ထင်တယ်။ အဖွားဆုံးတော့ တကယ်ကိုမငိုခဲ့ပါဘူး။ ငိုချင်စိတ်ရှိပေမဲ့လည်း မငိုဖို့ တောင့်ခံနိုင်ခဲ့သည်။ ပျော့ညံ့လို့မဖြစ်တာကြောင့် အကောင်းဆုံးတောင့်ခံခဲ့သည်ပင်။
နာရေးသတင်းလာမေးသူများက မနက် နေထွက်ပြီးချိန်ကစပြီး နေမြင့်လာသည်နှင့် ပို၍များများလာသည်။ နာရေးအိမ်မှ ကာယကံရှင်များကလည်းဝမ်းနည်းပူဆွေးနွမ်းနယ်နေကြလေသည်။ အသက် ၇၀ ကျော်အဖွားအိုတစ်ယောက်ရဲ့ဆုံးပါးသွားမှုအကြောင်းကို သိသိချင်းသတင်းလာမေးကြသူများမှာ ရွာလုံးကျွတ်နီးပါးတမျှပင်။ သာရေးနာရေးအကြောင်းများမှာ လူစုံလှသောကြောင့် အမျိုးမျိုးသောအကြောင်းများကို ကြားနေရလေသည်။ ထိုအကြောင်းများကို နားစွင့်လိုက်ရင်း ကြားလိုက်ရတဲ့အကြောင်းတစ်ခုက သူမကိုအပြုံးခပ်ယဲ့ယဲ့လေးပေါ်လာစေသည်။ အမြဲကြားနေကြအကြောင်းကိုမှ မတူကွဲပြားတဲ့ပုံစံလေးနဲ့ နားထောင်နေရပြန်သည်။ အကြောင်းရာဆုံးသည်အထိ နားစွင့်နားထောင်ရင်း သေချာတွေးတောနေမိသည်။ အဖွားဆုံးလို့ ပူဆွေးနေရတဲ့ခံစားချက်ကို ခေတ္တမေ့ပျောက်စေသည်အထိ ထိုအကြောင်းရာက စိတ်အစဥ်ကိုလွှမ်းမိုးသွားလေသည်။ အကြောင်းရာကိုအဆုံးထိနားထောင်ပြီးသည်နှင့် သက်ပြင်းတစ်ချက်ချကာ အိမ်ရှေ့အမိုးအောက်မှ အိမ်တွင်းအခန်းထဲသို့ဝင်လာခဲ့သည်။ အခန်းထဲရောက်သည်အထိ ဧည့်သည်တွေပြောနေသည့် အကြောင်းရာဆီသို့သာ စိတ်ရောက်နေမိသည်။
"အဲ့ကောင်မလေးက စာသိပ်တော်တာ သူ့မိဘတွေသိပ်ဂုဏ်ယူရမှာဘဲ သူ့အဖွားမဆုံးခင်ကလည်း သူက သူ့အဖွားနဲ့အတူလမ်းလျှောက်နေတာကို ခဏခဏတွေ့ဖူးတယ် "
"ဟုတ်တယ် ငါလည်းသူတို့အိမ်ရှေ့ကဖြတ်သွားတော့ တွေ့ဖူးတယ် အိမ်ရှေ့ မြေကွက်လပ်လေးမှာ သူ့အဖွားကိုတွဲပြီးလျှောက်တာလေ"
"အေးဟယ် အခုသူ့အဖွားသေတာကို တစ်ချက်လေးမှ ဝမ်းနည်းနေတဲ့ပုံမပေါ်ဘူးဟယ် ငိုထားတဲ့ပုံလေးမရှိ အိပ်ရေးပျက် အစားပျက်တောင်မရှိနဲ့ အံ့သြပါ့ သူ့အဖွားကို အမွေတွေလိုချင်လို့များ ဟန်ဆောင်ကောင်းခဲ့တာလားမသိပါဘူးဟယ်"
"ဟဲ့ သူတို့က ဘယ်မှာချမ်းသာနေလို့လဲ သူက အဲ့လိုလိုချင်ရအောင်"
"ညည်းမသိလို့ပါအေ အဖွားကြီးမှာ စုဆောင်းထားတဲ့ ရတနာပစ္စည်းတွေရှိတယ်ဟဲ့ ပိုက်ဆံသာမချမ်းသာတာအေ"
"ညည်းကလည်း အဲ့ကလေးမလေးကို အဲ့လိုပြောရအောင် သူကတည်ငြိမ်အေးဆေးတဲ့ကလေးပါဟဲ့ စာရိတ္တလည်းကောင်းပါတယ် "
"နင်မသိဘဲမပြောပါနဲ့ သူ့အဖေက အရက်သမားဖြစ်တဲ့အပြင်ဘသူ့အမေကလည်း စီးပွားရေး သိပ်ကောင်းတာမဟုတ်ဘူး နောက်ပြီးသူ့အကိုက တအားဆိုးတာ တစ်ရွာလုံးနီးပါးသိတယ်"
"အဲ့ကောင်မလေးအကြောင်း ငါ့သမီးပြောလို့ ငါသိတယ်ဟဲ့ သူကမာနကြီးကြီးဆိုဘဲ ကြည့်ပါလား အခုတောင် ငါတို့ကိုလာမနှုတ်ဆက်ဘဲ လမ်းကိုငေးပြီးထိုင်ကြည့်နေတာ လာနှုတ်ဆက်ရကောင်းမှန်းမသိဘူး အဲ့ကောင်မလေး လူကြီးအတွေးတွေတွေးပြီး ယောကျာ်း လိုချင်နေပြီလားဘယ်သိမလဲ အဲ့လောက်ငေးငိုင်နေတာကိုဘဲကြည့်လေ သူ့မိဘတွေအစားရင်လေးတယ်"
သြော် အကြောင်းရာတွေစုံလွန်းလို့ ဘယ်လိုမှပြန်မတွေးနိုင်တော့ဘူး။ ဘယ်နေရာမှာ မှားခဲ့လို့ သူတို့ပြောစရာတစ်ခုဖြစ်ခဲ့လဲတောင်မသိတော့ဘူး။ထားပါလေ။ ဖြစ်နေကျအရာတစ်ခုဘဲကို။
နာရေးရက်လည်ပြီးသည်အထိ ဧည့်သည်တွေဝင်ထွက်နေခဲ့လည်း အပြင်ထွက်စကားပြောခြင်းသိပ်မရှိ။ ကျူရှင်တောင် မပျက်ဘဲသွားတက်ခဲ့သေးသည်။ စာလည်းပျက်ကွက်မှုမရှိ လုပ်ခဲ့သည်။ လုပ်စရာရှိတာအကုန် လုပ်ပြီး တစ်ယောက်တည်းသာ ငေးငိုင်လိုက် ခိုင်းရင်လုပ်ပေးလိုက်နဲ့ဘဲကုန်ဆုံးခဲ့သည်။
အရာအားလုံးကိုမေ့မေ့ပျောက်ပျောက်နဲ့ဘဲ သူမလုပ်စရာရှိတာအကုန် တာဝန်ကျေစွာ လုပ်နိုင်ခဲ့သည်။ ကျောင်းတွေလည်းပြန်ဖွင့်နေပြီဖြစ်တာကြောင့် သူမစိတ်ထဲစာကလွဲပြီး တခြားအရာတွေမထည့်တော့သလို တွေးလည်းမတွေးဖြစ်တော့ပါ။ သို့ပေမဲ့လည်း လူ့ဘဝဟူသည် တည်ငြိမ်နေသည်မဟုတ် လှိုင်းထန်နိုင်သလို လှိုင်းငြိမ့်ငြိမ့်လေးလည်းရိုက်ခတ်နိုင်ပေသည်။ သူမအသက် ၁၃ နှစ်မှာတော့ သူမဘဝဟာ လှိုင်းဒဏ်ပေါင်းများစွာကြောင့် တစစီကွဲခဲ့ရတော့သည်။ အနည်းဆုံးတော့ သူမအိပ်မက်ဆိုးမမက်ချင်တော့တာကြောင့် သူမရဲ့အိပ်မက်ဆိုးစခဲ့တဲ့နေရာကနေ ထွက်သွားဖို့ကြိုးစားခဲ့လေသည်။ ဝေးနိုင်သမျှ ဝေးဝေးကို သူမပြေးခဲ့သည်။