Unicode
Zawgyi
Unicode
လောလောလတ်လတ်စိုက်ပျိုးထားတဲ့ အပင်ပေါက်လေးကိုကြည့်ပြီး ဗေဒါသဘောကျစွာပြုံးလိုက်တယ်။

တံလျှပ်ထနေတဲ့ ဖုံထူထူလမ်းတစ်လျှောက်မှာ ထနောင်းပင်နဲ့တခြားအပူပိုင်းပင်လေးတွေ ဟိုဒီပေါက်နေပေမယ့် လမ်းသွားလမ်းလာတွေရဲ့အပူဒဏ်ကို လုံလောက်အောင်မကာကွယ်နိုင်ကြဘူး။

အပူဒဏ်ခံရတဲ့သူတွေထဲမှာ ဗေဒါတို့လို ကျောင်းသားလေးတွေလည်းပါတာပေါ့လေ။

ဒီနေ့တော့ ဗေဒါက သရက်ပင်စိုက်တဲ့အဖိုးအိုအကြောင်း ပုံပြင်ကိုနားထောင်ရင်း သူ့ဘဝရဲ့ပထမဆုံးသစ်ပင်လေး​တွေကို ကျောင်းသွားတဲ့လမ်းနဘေးမှာ စိုက်ပျိုးတော့တယ်။

ဗေဒါတို့အိမ်ဝိုင်းထဲက မန်းကျည်းပင်ကြီးဘေးမှာ အကြွေသီးတွေကနေပြန်ပေါက်ထားတဲ့ မန်းကျည်းပင်ပေါက်လေးတွေကို ရေသောက်မြစ်ပါပါအောင် ဂရုတစိုက်တူးယူလာပြီး အရိပ်ဝေးတဲ့ လမ်းနဘေးမှာ မနီးမဝေးလေး စီတန်းပြီးစိုက်ပျိုးလိုက်တယ်။

နောက်တစ်နေ့မှာ ဝါးခြမ်းပြားလေးတွေယူလာပြီး အပင်ပေါက်တွေကို ခြံပုံစံလေးခတ်ပေးတယ်။

နောက်တစ်နေ့မှာ သူငယ်ချင်းတွေကို ခေါ်ပြပြီး ရေဝိုင်းလောင်းပေးဖို့ စည်းရုံးတယ်။

နောက်တစ်နေ့မှာ နွားနင်းသွားတဲ့အပင်​လေးနှစ်ပင်ကို ဝမ်းနည်းပန်းနည်းနဲ့ဖယ်ထုတ်ပစ်ရတယ်။

တနေ့ချင်းစီမှာ မပါမဖြစ်လုပ်ရတာတော့ ရေသန့်ဗူးနဲ့ခိုးထည့်လာတဲ့ ရေနည်းနည်းလေးကို အပင်လေးတွေကို မျှလောင်းပေးရတာပဲ။ ရေကရွှေထက်ရှားတဲ့သူတို့အရပ်မှာတော့ ဒါကဖြုန်းတီးမှုတစ်ခုလိုမျိုး အဆူအဆဲခံရနိုင်ပါတယ်။

မကြာခင်မှာတော့ မုတ်သုန်ဦးရဲ့ မိုးစက်မိုးပေါက် တဖြောက်နှစ်ဖြောက်က ဗေဒါရဲ့နေ့စဥ်တာဝန်ကို ကိုယ်စားထမ်းဆောင်ပေးလိုက်တယ်။

ဒီလိုနဲ့ပဲ ချူခြာနေရှာတဲ့ မန်ကျည်းပင်ငယ်လေးတွေဟာ တခြားအလေ့ကျအပင်ငယ်လေးတွေနဲ့အတူ ရှင်သန်ကြီးပြင်းခွင့်ရသွားတော့တယ်။

..... ..... .....

ချွေးသံတရွှဲရွှဲနဲ့ ပြေးလာတဲ့ဗေဒါလေးကိုကြည့်ပြီး မတ်မတ်ရပ်တည်နေရာကနေ အပြေးသွားကြိုချင်စိတ်ပေါက်မိတယ်။ ဒါပေမယ့် ကျွန်တော့် ခြေထောက်တွေက သခင်နေရာချထားပေးရာမှာ ရှင်သန်နေနိုင်ဖို့အတွက် မြေဆီလွှာအနက်ဆုံးအထိ အတတ်နိုင်ဆုံးတိုးဝင် အမြစ်တွယ်နေခဲ့ပြီ။

ဟုတ်ကဲ့။
ကျွန်တော်က ဗေဒါလေးလက်နဲ့ ရှင်သန်ခွင့်ရခဲ့တဲ့ မန်ကျည်းပင်တွေထဲက အလှဆုံးပင်ပျိုလေးပါပဲ။

ဗေဒါလေးစိုက်ပျိုးခဲ့တဲ့ အပင်ပေါက်တွေထဲမှာ ကျွန်တော်အပါအဝင် မောင်နှမလေးပင်ပဲ ကြံ့ကြံ့ခံရှင်သန်နိုင်ခဲ့တာပါ။ အဲ့ဒီထဲမှာမှ ကြားပင်တွေ သေဆုံးခဲ့ပြီး ဟိုသုံးပင်နဲ့လည်း နည်းနည်းအလှမ်းကွာနေတဲ့ ကျွန်တော်က ဗေဒါလေးတို့ဆော့နေကျ မြေတလင်းနဲ့အနီးဆုံးဖြစ်နေပါတယ်။ ပြီးတော့ ဗေဒါလေးနဲ့လည်း အရင်းနီးဆုံးအပင်ပေါ့။

ကြည့်ပါလား။
ကစားပြီးမောပန်းလာတိုင်း၊ ကျောင်းဆင်းလို့တထောက်နားတိုင်း၊ အေးအေးလူလူစာကျက်ချင်တိုင်း ဗေဒါလေးရောက်လာတတ်တာက ကျွန်တော့်ဆီကိုပဲလေ။ ဟိုသုံးပင်ဆီကိုမှမဟုတ်တာ။ ဒါက ဗေဒါလေးအချစ်ဆုံးအပင်ဆိုတဲ့အပြင် အလှပဆုံးမို့လို့ပဲမလား။

တကယ်တော့ အခုလိုနေနိုင်ဖို့ ကျွန်တော်ကြိုးစားခဲ့ရတာလည်း သူများတွေနဲ့ မတူခဲ့ဘူး။

ရေကြောပိစိလေးဖြစ်ဖြစ် ထိတွေ့ရဖို့ ကျွန်တော့်ခြေချောင်းထိပ်လေးတွေ ဒဏ်ရာအမာရွတ်အထပ်ထပ်ရတဲ့အထိ မြေဆီမာမာတွေထဲ တိုးဝင်ခဲ့ရတယ်။

တခါတလေ ကျွန်တော့်အနားကမောင်နှမတွေ မာနကြီးကြီးနဲ့ မစုပ်ယူပဲနေခဲ့တဲ့ တိရိစ္ဆာန်တွေနဲ့ ဗေဒါ့သူငယ်ချင်းကောင်စုတ်လေးတွေရဲ့ ကျင်ငယ်ရည်တွေကိုလည်း စုပ်ယူအာဟာရပြုခဲ့ရတယ်။

လေဒဏ်မိုးဒဏ်တွေကြောင့် ကျွန်တော့လက်ချောင်းတွေ ကျိုးပဲ့ပျက်စီးခဲ့ဖူးသလို၊ အပူဒဏ်တွေကြောင့်လည်း ကျွန်တော့ခြေသည်းလက်သည်းတွေ ကြွေကျခဲ့ဖူးတယ်။

ဗေဒါလေးရဲ့ ဂရုစိုက်မှုတွေနဲ့ တွယ်တာမှုတွေသာမပါခဲ့ရင် ဒါတွေကို ကျွန်တော်ကြံ့ကြံ့ခံဖို့ မလွယ်လောက်ဘူးလေ။ အဲ့ဒါကြောင့်လည်း ကျွန်တော်က ဗေဒါလေးကို အတတ်နိုင်ဆုံးအေးရိပ်ပေးချင်နေခဲ့တာ။

..... ..... .....

"အား... အမောကိုပြေသွားတာပဲ"

ပြောရင်းရေဗူးထုတ်သောက်လိုက်တဲ့ ဗေဒါလေးက တဝက်ကျော်ကျန်တဲ့ ရေကို ကျွန့်တော့်ဆီပက်ဖြန်းလိုက်ပါတယ်။ ​ေနွနေ့လည်ခင်းဟာ ခြစ်ခြစ်တောက်ပူနေတာကြောင့် ကျွန့်တော်အရေပြားပေါ်ကျလာတဲ့ရေစက်တွေကို တခဏအတွင်း စုပ်ယူလိုက်မိတယ်။

ကြီးမြန်သစ်ပင်မဟုတ်တာကြောင့် ကျွန်တော့်ကိုယ်က အလုံးတုတ်တုတ်မဟုတ်ပေမယ့် မန်ကျည်းတညှိုဆိုတဲ့အတိုင်း ဗေဒါမှီထိုင်ဖို့တော့ ကောင်းကောင်းလုံလောက်ပါတယ်။ လေထဲကို ပြန့်ကားနေပြီဖြစ်တဲ့ ကျွန်တော့လက်တွေနဲ့လည်း အပူဒဏ်ကို ကာပေးထားတယ်။

ကျွတ်ဆတ်ဆတ်မဟုတ်ပဲ ညွှတ်လွယ်ဆန့်လွယ်အမျိုးအစားဖြစ်တာကြောင့် တစ်ခါတလေ ဗေဒါကျောမီပြီးဆော့ရင် ပျော့ပြောင်းနေတဲ့ကျွန်တော်က လေအလျှဥ်းသင့်တဲ့အချိန်နဲ့တိုးရင် ဖွဖွရယ်မိပြန်တယ်။

ဗေဒါလေးက ကျွန်တော့်ကိုမီရင်း ပုံဆွဲစာအုပ်လေးကို ထုတ်ယူလိုက်တယ်။ ငါးနှစ်အတွင်းမှာ ကျွန်တော့်ဗေဒါလေးရဲ့ ပုံဆွဲဝါသနာကြောင့် ကျွန်တော်လည်း ပုံတွေကိုချစ်တတ်လာတယ်။ ကျွန်တော့်ပုံကို မကြာခဏဆွဲတတ်တဲ့ ဗေဒါလေးရဲ့ အသိအမှတ်ပြုမှုကြောင့်လည်း ကြည်နူးရပါတယ်။

..... ..... .....

ဒီနေ့ ကျွန်တော့်အနားမှာဝိုင်းထိုင်နေတဲ့သူတွေအကုန်လုံး ပြုံးပျော်နေကြတယ်။ ဂုဏ်ထူးတွေနဲ့အောင်မြင်တဲ့ ဗေဒါလေးကို ကျောင်းဆက်မတက်ဖြစ်တဲ့သူငယ်ချင်းတွေရော၊ ရိုးရိုးအောင်တဲ့သူတွေ၊ ကျတဲ့သူတွေပါ ဂုဏ်ပြုပေးနေတယ်။
ဗေဒါက ရွာ့ဂုဏ်ဆောင်လေး ဖြစ်နေတာကိုး။

ကျွန်တော်လည်း သဘောတကျနဲ့ လေတိုက်တိုင်းသီချင်းညည်းနေမိတယ်။ ဗေဒါကျောင်းတက်မယ့်အကြောင်းကို မပြောခင်အထိပေါ့။

"အဲ့တာဆို မင်းက ရန်ကုန်​မှာကျောင်းသွားတက်မှာပေါ့"

"မန်းလေးဖြစ်မလား ရန်ကုန်ဖြစ်မလား မသိသေးပါဘူးကွာ"

"ဆရာဝန်ပဲလုပ်နော် ဟေ့ရောင်၊ ငါတို့ရွာမှာ ဆရာဝန်မထွက်သေးဘူး"

တစ်ယောက်တစ်ပေါက်ပြောနေတဲ့ စကားတွေကြောင့် ကျွန်တော်မပျော်တော့ဘူး။

ဘာပဲဖြစ်ဖြစ် နောက်တစ်ရာသီပြောင်းတဲ့အခါ ဗေဒါ ရွာကထွက်သွားခဲ့ပါတယ်။
ကျွန်တော့်ကိုမနှုတ်ဆက်ဘဲနဲ့။
လမ်းမှာတထောက်ဝင်မနားဘဲနဲ့။
အချိန်အကြာကြီးပြန်မလာဘဲနဲ့။

..... ..... .....

နွေ၊ မိုး၊ ဆောင်းတွေ အကြိမ်ကြိမ်ပြောင်းသွားတဲ့အချိန်မှာ ဗေဒါကရွာကို အေးအေးဆေးဆေးပြန်လာခဲ့ပါတယ်။ ကြားထဲမှာ နှစ်ကြိမ်သုံးကြိမ်လောက်ပြန်လာပေမယ့် ခုတစ်ခေါက်လောက်တော့ အေးအေးဆေးဆေး နေချိန်မရှိခဲ့တဲ့ပုံပဲ။ ကျွန်တော့်ဘေးမှာ ဖြတ်သွားဖြတ်လာလုပ်ရုံထက်မပိုခဲ့ပါဘူး။

အခုတစ်ခေါက်မှာတော့ ဗေဒါနဲ့အတူ လူမချောချောလေးပါပါလာခဲ့တယ်။ အကြာကြီးပစ်ထားတဲ့ ဗေဒါလေးက အနားပြန်ရောက်လာလို့ ပျော်နေမိပေမယ့် ကျွန်တော့်ကိုအရေးတယူမရှိတာကြောင့် စိတ်မကောင်းဘူး။

"သေချာနားထောင်ကြည့် သည်းရဲ့၊ ဒီကောင်ကြီးက သီချင်းဆိုတတ်တယ်"

လေအေးအေးလေးဖြတ်တိုက်လာတဲ့အခါ ဗေဒါက သူ့အဖော်လေးကို ပြောလိုက်တယ်။
သူ(မ)က ခဏလောက်ငြိမ်နေပြီးမှ -

"ရိုးရိုးလေတိုးတာပါ ကိုရဲ့"

"ဒါပေမယ့် တခြားအပင်တွေအောက်မှာဆိုရင် အခုလောက်မကျယ်ဘူးလေ သည်းကလည်း"

"အင်းပါ၊ ပန်းချီဆရာဒေါက်တာကြီးကလည်း စိတ်ကြီးပဲ၊ ကို့လက်နဲ့ ပထမဆုံးစိုက်ထားတဲ့အပင်မို့လို့ ခံစားချက်က ပိုရင်းနီးနေတာနေမှာပေါ့"

ဗေဒါက ကျွန်တော့်အကြောင်း သတိတရရှိမှန်း၊ ကျွန်တော့်သီချင်းသံကို နားထောင်တတ်မှန်း သိရလို့ ပျော်လိုက်တာ။

လေပြင်းပြင်းတိုက်နေတာနဲ့ ပျော်နေတာပေါင်းပြီး တညနေလုံး သီချင်းသံတွေဖန်တီးနေမိတယ်။ ပွတ်တိုက်ရလွန်းလို့ လက်ချောင်းအဖျားလေးတွေ ပွန်းပဲ့ပြီးအခေါက်တွေကွာတဲ့အထိ။ ကျန်တဲ့တစ်ရာသီလုံး သီချင်း​ထပ်မဆိုနိုင်တဲ့အထိ။

..... ..... .....

ဗေဒါသဘောကျတာတွေကို လိုက်သဘောကျတတ်တဲ့ သူ(မ)က ကျွန်တော်နဲ့တူပါတယ်။ ကျွန်တော့်ကိုသဘောတကျရှိလာတဲ့ သူ(မ)ကို ကျွန်တော်လည်း သဘောကျလာတယ်။

အခုဆိုရင် နှစ်ယောက်လုံးရွာမှာနေပြီး ရွာနီးချုပ်စပ်အထိ ဆေးလိုက်ကုပေးတတ်တဲ့ ဗေဒါ့ကို နာမည်တောင်မခေါ်ကြတော့ဘူး။ ဖြတ်သွားဖြတ်လာတွေပြောတဲ့ ဒေါက်တာလေးက၊ ဆရာဝန်လေးက ဆိုတဲ့ အားကိုးချီးကျူးသံတွေကြားတိုင်း ကျွန်တော်သဘောကျမိတာပေါ့။

ကျွန်တော်ကိုယ်တိုင်လည်း အခြေမှာခုံတန်းတွေ ဘာတွေနဲ့ ကြီးကောင်ဝင်အရွယ်ရောက်လာတယ်။ ဗေဒါက ရေအိုးစင်လေးပါထပ်ရိုက်ပေးထားတာမို့ ဘေးကမောင်နှမတွေ မနာလိုစရာကောင်းအောင် ခန့်ညားနေပြီလေ။

ခြေခင်းလက်ခင်းသာပြီး အလုပ်ပါးတဲ့ ညနေခင်းတွေဆိုရင် ဗေဒါက ဗိုက်ပူမလေးနဲ့အတူ လမ်းလျှောက်ထွက်ပြီး ကျွန်တော့်ဆီလာတတ်တယ်။ ခုံတန်းလေးမှာ အေးအေးလူလူထိုင်နေတဲ့ လူနှစ်ယောက်ရယ်၊ တသုန်သုန်တိုက်နေတဲ့ လေပြည်ရယ်၊ သီချင်းညည်းနေတဲ့ သစ်ပင်တစ်ပင်ရယ်။

ကျွန်တော်တို့ အေးချမ်းလိုက်တာ။

..... ..... .....

သာယာတဲ့အချိန်တွေဟာ နှစ်ရာသီလောက်ပဲ ကြာခဲ့ပါတယ်။ ဗေဒါကျောင်းဆက်တက်ဖို့ အဝေးကြီးကိုသွားဦးမယ်တဲ့။ ဘာလို့လဲမသိဘူး။ ဗေဒါက ကျောင်းတွေတက်ပြီးပြီမဟုတ်လား။ ဒါပေမယ့် ကျွန်တော်သိချင်တာကို ထုတ်မမေးနိုင်သလို ဘယ်သူမှလည်း အရေးတယူပြောမပြကြပါဘူး။

အဲဒီနောက် ရာသီတွေအလီလီပြောင်းတဲ့အထိ ဗေဒါ့ကိုမတွေ့ရဘဲ နေခဲ့ပြန်တယ်။

"ဒီအပင်လား မေကြီး၊ ဖေကြီးသူငယ်ချင်းဆိုတာ"

စကားသံပိစိလေးနဲ့ ကလေးငယ်က ကျွန်တော့်အခေါက်တွေကို ဖွဖွပွတ်သပ်လိုက်တဲ့အခါ ကျွန်တော်ပျော်သွားတယ်။ ကလေးလေးက ဗေဒါငယ်ငယ်ကအတိုင်းပဲ။ အေးချမ်းတယ်၊ လိမ္မာတယ်၊ ချစ်စရာကောင်းတယ်။

"ဟုတ်တယ်၊ နှုတ်ဆက်လိုက်ဦးလေ"

သူမက ပြုံးမြမြနဲ့ကလေးငယ်ကို ပြောတယ်။ တကူးတကလာနှုတ်ဆက်တာမျိုး မကြုံဖူးတော့ ​ကျွန်တော်စိတ်လှုပ်ရှားမိတာပေါ့။ ကလေးငယ်က ခဏကြာစဥ်းစားပြီးမှ -

"Hello! Tamarind ဦးဦး"

သူဘာပြောလိုက်မှန်းနားမလည်ပေမယ့် မော့ကြည့်ပြီးပြောလာတဲ့ ပုံစံလေးကြောင့် သဘောတကျရယ်မောမိတယ်။ လေတိုးသံထက်ပိုဆူညံသွားတဲ့အခါ အနည်းငယ်လူကြီးဆန်လာတဲ့သူ(မ)ကပါ အသံထွက်အောင်လိုက်ရယ်လိုက်ပြီး ပင်စည်ကိုထိကိုင်လာတယ်။ ကျွန်တော့်အသံကို ကြားနိုင်ပြီထင်တယ်။

"သားက ဖေကြီးမအားလည်း ဂရုစိုက်ပေးရမယ်နော်၊ ဟုတ်ပြီလား"

ကလေးငယ်က မျက်ဝန်းတောက်တောက်လေးတွေနဲ့ ကြည့်ရင်းတက်တက်ကြွကြွခေါင်းညိတ်ပြတယ်။ ပြီးတော့ သူ(မ)နဲ့အတူ ရေအိုးစင်လေးကို သန့်ရှင်းရေးလုပ်ပေးကြတယ်။ ကျွန်တော့်အတွက် နောက်ထပ်မမေ့နိုင်တဲ့ နေ့တစ်နေ့ပါပဲ။

ဒါပေမယ့် ဗေဒါ့ကိုလည်း လွမ်းတယ်။

..... ..... .....

သူ(မ)က မျက်စိမျက်နှာမကောင်းတာကြောင့် ကျွန်တော်နှစ်သိမ့်ပေးချင်ပေမယ့် မတတ်နိုင်ပါ။ လေတိုးသံတွေကြားတဲ့အခါ တအိအိရှိုက်ငိုလာလို့ ဘာမှန်းမသိစိတ်ပူလာမိတယ်။

ကျွန်တော့်ကို ခပ်ပွပွထိကိုင်ရင်း ဝမ်းနည်းတကြီးပြောလာတာက -

"ငါ့ကိုခွင့်လွှတ်ပါ... ငါတကယ်မတတ်နိုင်လို့ပါ... သူ့ကိုသာပြောပြလိုက်ရင် အစီအစဥ်တွေပျက်သွားလိမ့်မယ်... သူအမြဲလုပ်ပေးချင်ခဲ့တာကို မလုပ်တော့ပဲနေလိမ့်မယ်..."

သူ(မ)ရဲ့စကားတွေကို ကျွန်တော်နားမလည်ဘူး။ ဒါပေမယ့် တခြားဘယ်သူမှရှိမနေတာကြောင့် ကျွန်တော့်ကိုပဲပြောတာထင်နေတယ်။

ဗေဒါလေး တစ်ခုခုများဖြစ်လား...

ကျွန်တော်မသိခဲ့တဲ့အဖြေကို နောက်နှစ်ရက်အကြာမှာ သိလိုက်ရပါတယ်။

မော်တာသံဆူဆူညံညံတွေနဲ့အတူ ကျွန်တော့မောင်နှမတွေ တစ်ပင်ပြီးတစ်ပင် အပိုင်းပိုင်းပြတ်သွားတယ်။ အန္တရာယ်ပေးနေတဲ့ လူတွေက မကြားနိုင်ပေမယ့် ကျွန်တော်ကတော့ သူတို့ရဲ့ နာနာကျင်ကျင်ငိုကြွေးသံကို ခံစားနေရတယ်။ ပြီးတော့ ကျွန်တော့အလှည့်လည်း လာတော့မယ်ထင်တယ်။ ကျွန်တော်ကြောက်လွန်းလို့ အော်ဟစ်ငိုကြွေးမိတယ်။

ဗေဒါရေ... ကယ်ပါဦး...

"ဆရာဝန်လေးတော့ အတော်စိတ်မကောင်းဖြစ်မှာပဲနော်"

"အေးကွာ... ငါလည်း စိတ်မကောင်းဘူး၊ ဗေဒါကြီးက ဒီအပင်ကို တကယ်သံယောဇဥ်ရှိတာကွ၊ အသီးခြွေတဲ့အချိန် တုတ်နဲ့ရိုက်ချတာတောင် ကြိုက်တာမဟုတ်ဘူး"

"ဘယ်တတ်နိုင်မလဲကွာ၊ သူ့အလှူအတွက် လုပ်ရတာပဲ တတ်နိုင်သလောက် ဂရုစိုက်ကြတာပေါ့..."

ငယ်ငယ်က ဗေဒါနဲအတူလာဆော့ဖူးတဲ့ လူတစ်ယောက်ဦးဆောင်ပြီး ကျွန်တော့်ကိုခုတ်ပစ်ကြတယ်။

နာလိုက်တာ... နာလိုက်တာ...

ဟိုမှာပြုတ်ကျလာတာ ကျွန်တော့်လက်ချောင်းလေးမလား... ပြီးတော့ တခြားလက်မောင်းတစ်ဖက်... ပြီးတော့... ပြီးတော့... ပြီးတော့...

ကျွန်တော် နာလွန်းလို့ ညည်းညူချင်တာတောင် ပွတ်တိုက်စရာ လက်တွေမရှိတော့ဘူး။

သူတို့မသိကြဘူး။ သွေးမထွက်တတ်ပေမယ့် နာကျင်တတ်တဲ့ ဖြစ်တည်မှုတွေအကြောင်း...

ခုတ်ချစရာလက်တွေကုန်သွားတဲ့အခါ ကျွန်တော်ကြောက်တဲ့ မော်တာသံဆူဆူနဲ့အတူ နီးကပ်လာတဲ့ လွှသွားထက်ထက်...

ကျွန်တော်လေ
ဗေဒါနဲ့ တစ်ကြိမ်လောက်ပဲ ပြန်တွေ့ချင်တာပါ...

..... ..... .....

လမ်းဖွင့်ပွဲကို တစ်ဦးတည်းအလှူရှင်ဖြစ်တဲ့ ဒေါက်တာဗေဒါတစ်ယောက် မလာနိုင်ခဲ့ဘူး။ အဲ့ဒီအစား ရွာနဲ့ကျွမ်းဝင်ပြီးသား ဒေါက်တာ့အမျိုးသမီးကပဲ ကိုယ်စားပြုတက်ရောက်ခဲ့တယ်။

ခရီးလမ်းခက်ခဲမှုကြောင့် အဖိတ်ဖိတ်အစဥ်စဥ် ဖြစ်ခဲ့ရတဲ့ နယ်ခံတွေအတွက် စိတ်မကောင်းဖြစ်ရတိုင်း ဒီကျေးရွာလမ်းကိုလှူပေးဖို့ သူတို့နှစ်ယောက် ရည်ရွယ်ထားခဲ့ကြတာ။ အခုတော့ ရာသီသုံးပါးစလုံး အခက်အခဲမရှိသုံးနိုင်မယ့် တိုက်နယ်နဲ့ရွာဆက်ထားတဲ့ ကတ္တရာလမ်းကြီးကို တကယ်လှူလိုက်နိုင်ပြီ။

သူ(မ)က ရည်ရွယ်ထားတဲ့အလှူ ပြီးမြောက်သွားပေမယ့် အပြည့်အဝမပျော်နိုင်ဘူး။ ဖြစ်နိုင်ရင် သူ(မ)အမျိုးသားကို ရွာကိုမလာနိုင်အောင် တားထားချင်မိတယ်။

ဒီတစ်ခါ ဒေါက်တာဗေဒါ ရွာပြန်လာတော့ ဖြောင့်ဖြူးတဲ့ကတ္တရာလမ်းကျယ်ကြီးကြောင့် ကားမောင်းဝင်လာနိုင်ပြီ။ ဒါပေမယ့် ရှေ့မြင်ကွင်းမှာတော့ မမြင်ရတာကြာနေတဲ့ တံလျှပ်တလက်လက်က စီးကြိုနေတယ်။

ဟာတာတာဖြစ်သွားတဲ့ခံစားချက်...
သူခိုနားနေကျ ကိုယ်ပိုင်နေရာလေး...
သူအဝေးကနေ လွမ်းနေရတဲ့ခံစားချက်လေး...

တော်ရာမှာ ကားရပ်ခဲ့ပြီး အိမ်ဝင်းထဲအမြန်သွားလိုက်တဲ့အခါ ထင်းစင်ဘေးမှာ သီးခြားစင်နဲ့တင်ထားတဲ့ အကျွမ်းတဝင်ရှိလွန်းတဲ့ အရာတစ်စု...

ပင်စည်ကြီးကနေ ကိုင်းဖျားအထိ အရွယ်အစားအမျိုးမျိုးသော မန်ကျည်းပင်ဖြတ်စတွေကို သပ်သပ်ရပ်ရပ်စုတင်ထားတယ်။ အဲ့ဒီမြင်ကွင်းက ဒေါက်တာဗေဒါ့ကို နာကျင်စေတယ်။ ဝမ်းနည်းစေတယ်။ မျက်ရည်ဝိုင်းစေပါတယ်။

စိတ်မကောင်းဖြစ်နေတဲ့ခင်ပွန်းသည်ကို နားလည်မှုရှိတဲ့ ဇနီးသည်က တီးတိုးနှစ်သိမ့်ပေးရင်း တောင်းပန်ရှာတယ်။ နောက်တစ်နေ့မှာတော့ ဒေါက်တာဗေဒါတစ်ယောက် မြို့တက်သွားပြီး လိုအပ်တဲ့ကိရိယာတန်ဆာပလာတွေ ဝယ်လာခဲ့ပြီ။

ဆေးထိုးအပ်ကိုင်၊ ပန်းချီစုတ်တံကိုင်တဲ့ လက်တွေနဲ့ စူးတွေ ဆောက်တွေကို စကိုင်တယ်။ မကျွမ်းကျင်မှုကြောင့် သူ့ရဲ့လက်တွေ မကြာခဏဒဏ်ရာရပေမယ့် လုပ်နေတဲ့အလုပ်ကို လက်မလျှော့ခဲ့ဘူး။ အချိန်တချို့ကြာတဲ့အခါမှာတော့ သူ့ အနည်းငယ်သပ်ရပ်တဲ့ ပုံစံလေးတစ်ခုက ပုံပေါ်လာခဲ့တယ်။

သစ်ကိုင်းတွေကို နာကျင်စေမိလားဆိုတဲ့အတွေးနဲ့ ကိရိယာတွေကို စွန့်လွှတ်လိုက်တဲ့အချိန်မှာ အကောင်းဆုံးလို့သတ်မှတ်နိုင်တဲ့ အမှတ်တရလေးတစ်ခုကို ပိုင်ဆိုင်သွားပြီ။

..... ..... .....

ဒေါက်တာဗေဒါက
သစ်ပင်တွေမှာ ဝိဉာဉ်ရှိတာကို ယုံကြည်တယ်။

ဘာလို့လဲဆိုတော့
လေတိုက်တဲ့ညတွေမှာ အိပ်ခန်းနံရံက
ပန်းပုရုပ်လေးရဲ့သီချင်းညည်းသံကို
သူခံစားရတယ်လေ။


..... ..... .....

A/N ▶
အညာဒေသနဲ့ပတ်သက်ပြီး ကွဲလွဲတာတစ်ခုခုရှိခဲ့ရင် ထောက်ပြပေးပါနော်။ ရက်သတ်မှတ်ပြီး စုရေးကြတာမို့ လေ့လာမှုမလုံလောက်ခဲ့တာ တောင်းပန်ပါတယ်။

Thanks for reading.
-----။-----။-----။-----။-----။-----။-----။-----။-----
© Nya Yeik Nyo,
книга «သူသည်သာ».
Коментарі