တာရာ (Unicode)
တာရာ(Zawgyi)
တာရာ (Unicode)
ကျွန်တော့်အသက် ၁၃နှစ်မှာ
လူတစ်ယောက်နဲ့စတွေ့ခဲ့တယ်...
သူ့နာမည်က တာရာ တဲ့....။
ပျော်ပျော်နေတတ်သူက ကျွန်တော့်ရှေ့မှာဆိုရင်အမြဲတည်နေတတ်ပါတယ်။
ကျွန်တော့်ကိုမြင်တာနဲ့ပြုံးရယ်နေရင်းတောင်ရုပ်တည်သွားတတ်လို့ စိတ်တွေရှုပ်ခဲ့ဖူးတယ်။
တာရာ ကငါ့ကိုသဘောမကျလို့များလားပေါ့။

ကျောင်းတူပေမဲ့အခန်းမတူတဲ့ တာရာ ကိုကျွန်တော်ဘယ်လိုသိလဲဆိုတော့ သူငယ်ချင်းမလေး နှင်း နဲ့ တာရာ ကရင်းနီးတယ်လေ။

နှင်း ကြောင့်ပဲ တာရာ ကိုကျွန်တော်သတိထားမိလာတာ။

ကျွန်တော်နဲ့နှင်းကအရမ်းချစ်ကြတဲ့သူငယ်ချင်းတွေ....။
​ပိုပြီးရှင်းရှင်းပြောရမယ်ဆိုရင် ကျွန်တော်ကနှင်းကိုတစ်ဖက်သတ်ချစ်နေခဲ့တာကြာပြီ။

ငယ်စဉ်ဘဝရဲ့အမှတ်တရတိုင်းမှာ နှင်း ကမပါမဖြစ်ပဲ....။

ဒါပေမဲ့ဗျာ....နှင်းကကျွန်တော်နဲ့တွေ့တိုင်း
တာရာ ရဲ့အကြောင်းကိုပါးစပ်ကမချပဲပြောတယ်။

အဲ့လိုအချိန်တွေဆိုရင် နှင်း ကိုကျွန်တော်တအားမုန်းတာပဲ။

ဘာလို့ တာရာ့အကြောင်းတွေပြောနေရတာလဲ။
တာရာကဘာဖြစ်လို့နင့်ရဲ့စကားတွေထဲမှာပါပါလာရတာလဲ။

နှင်းကိုတာရာနဲ့တွဲမြင်နေရတာကို ကျွန်တော်စိတ်တိုင်းမကျခဲ့ဘူး။

တာရာကလည်းတစ်ချက်တစ်ချက် စူးစိုက်စွာကျွန်တော့်ကိုကြည့်တတ်တယ်။

နှင်းနဲ့ပတ်သတ်လို့ တာရာ့ကိုအမြင်မကြည်တာမျိုးတော့မဖြစ်ခဲ့ဘူး...။
ဒီအတိုင်းလေးပဲ နှင်းရဲ့ပါးစပ်ကနေ တာရာ ဆိုတဲ့အမည်နာမလေးကိုထွက်မလာစေချင်ခဲ့တာ။

ကျွန်တော့်အသက်၁၅နှစ်ကျော်၁၆နှစ်ဝန်းကျင်....
သစ်ရွက်လှုပ်ရင်တောင်ရင်ခုန်တတ်တဲ့အရွယ်။
ပထမဆုံးအနမ်းဆိုတဲ့အရာကိုစိတ်ကူးယဉ်တတ်နေပြီ။
သေချာပေါက် နှင်းကိုပဲစိတ်ကူးယဉ်တာပေါ့။
ဒါပေမဲ့ ကျွန်တော်စာတွေကျက်ရလွန်းလို့ စိတ်တွေကယောင်ခြောက်ခြားဖြစ်တာလားမသိဘူး။
ကျွန်တော့်အတွေးထဲမှာနမ်းလိုက်တဲ့နှုတ်ခမ်းတစ်စုံကပူလောင်ပြင်းပြပြီးတပ်မက်ဖို့ကောင်းနေချိန်မှာ ကျွန်တော်ရဲ့အတွေးထဲကသူက နှင်းမဟုတ်တော့ဘူး။
ကျွန်တော်မသိလိုက်တဲ့အချိန်အတွင်းမှာပဲ
နှင်းရဲ့နေရာမှာလူတစ်ယောက်အစားဝင်ဝင်လာတယ်။
အဲ့လူကလည်းတခြားမဟုတ်ဘူး။
တာရာ တဲ့ဗျာ....။

လူပျိုပေါက်သဘာဝကိစ္စမှာလည်း မျက်လုံးမှိတ်ထားသော်ငြား တာရာ ရဲ့မျက်နာကအတွေးထဲပေါ်ပေါ်လာတယ်။

အဲ့အချိန်က
နှင်းရဲ့မိတ်ဆက်ပေးမှုတွေကြောင့် တာရာနဲ့ရင်းနီးနေပြီဖြစ်တယ်။

တာရာကပထမဆုံးအကြိမ်အနေနဲ့ကျွန်တော့်ကိုစကားလာပြောတယ်။
"ညီ" တဲ့..။

ကျွန်တော့်ဘေးမှာ နှင်းထိုင်နေတယ်။
နှင်းကလည်းဒီနေ့မှလှရက်နေလိုက်တာများ။
ကျွန်တော်ရင်တွေထိန်းမရအောင်ခုန်လှုပ်လာခဲ့တယ်။

တာရာ ကိုကျွန်တော်မျက်နာချင်းမဆိုင်ရဲဘူး။
တာရာကနှင်းနဲ့ကျွန်တော့်ကိုမျက်မှောင်ကုပ်လို့ကြည့်တယ်။

ယောက်ျားချင်းအတူတူ တာရာရဲ့အကြည့်တွေကိုကျွန်တော်ကြောက်တယ်။

ကျွန်တော်နဲ့နှင်းကသူ့အမြင်မှာမတင့်တယ်နေလို့လား။

အတူတူဆုံချိန်တိုင်း
သူကနှင်းနဲ့ကျွန်တော့်ရဲ့ကြားမှာပဲထိုင်တတ်တယ်။

သူကရော နှင်း ကိုချစ်နေတာပဲလား..။

အဲ့ကာလတွေက ကျွန်တော့်ခေါင်းထဲမှာ တာရာကနှင်းကိုချစ်နေတာလား ဆိုတဲ့မေးခွန်းပဲရစ်ဝဲနေခဲ့တယ်။

အချိန်ကာလတစ်ခုကိုလွန်တော့
တာရာ နဲ့ ကျွန်တော့်ကြားမှာ အသိမိတ်ဆွေဆိုတဲ့ကြိုးလေးတစ်ချောင်းဖြစ်တည်လာတယ်။

နှင်းနဲ့ကတော့ပြောင်းလဲခြင်းမရှိသေးပါဘူး။
နှင်းကိုကျွန်တော်ချစ်တယ်။

တာရာ ကိုတော့ကြောက်တာလားလန့်တာလားမသိဘူး...။
မျက်လုံးချင်းမဆိုင်ရဲဘူး။
သူကြည့်တဲ့အကြည့်တွေကိုလည်းမခံနိုင်ဘူး။
တတ်နိုင်သလောက်ဝေးဝေးရှောင်ဖြစ်တယ်။

တစ်ခါတလေသုံးယောက်ဆုံချိန်ဆိုရင်
ကျွန်တော့်နှလုံးသားက ဘယ်သူ့အတွက်ခုန်ပေါက်နေမှန်းတောင်မသိတော့ဘူး။
နှင်းကြောင့်လား????
တာရာရဲ့အကြည့်စူးစူးတွေကိုကြောက်လို့ရင်တုန်ပန်းတုန်ဖြစ်နေတာလားကျွန်တော်မသိဘူး။

ကျွန်တော့်အသက်၁၈နှစ်ပြည့်တဲ့နေ့....
အဲ့နေ့က နှင်းနဲ့ချိန်းထားပေမဲ့ သူမရောက်မလာခဲ့ဘူး။

သူမအစား တာရာ ရောက်လာခဲ့တယ်။
တာရာ ကကျွန်တော့်ထက် တစ်နှစ်ကျော်ကြီးတယ်။

ပန်းစည်းအနီရောင်ကြီးကိုကျွန်တော့်လက်ထဲထိုးပေးပြီး ဂုဏ်ပြုပေးတဲ့ တာရာကတခြားတစ်ယောက်လိုပဲ ပြောင်းလဲနေတယ်။

ထူးဆန်းတယ်။
နှင်းကိုကျွန်တော်မေ့နေခဲ့သည်လေ....
တာရာ နဲ့တစ်နေကုန်လည်ပတ်ပြီးကျွန်တော်ပျော်နေခဲ့တယ်။

အိမ်ပြန်လမ်းမှာ ကျွန်တော့်မျက်နာထက်အပြုံး​တွေဖြစ်တည်နေခဲ့တယ်။

တာရာကသူငယ်ချင်းလုပ်ရအောင်လို့ပြောခဲ့လို့....။

နှင်းမပါတဲ့ပထမဆုံးမွေးနေ့ကိုတာရာနဲ့အတူဖြတ်သန်းခဲ့တယ်။

ခါတိုင်းမွေးနေ့တွေထက်ပိုပျော်နေမိသလိုပဲ။

တစ်ရက်.....
နှင်းကငိုကြီးချက်မနဲ့ကျွန်တော့်ဆီရောက်လာတယ်။
ကျွန်တော့်ရင်ခွင်ထဲအတင်းတိုးလို့ တသိမ့်သိမ့်ရှိုက်ငိုကာ သူမပြောတယ်။
ကိုတာရာကငါ့ကိုမချစ်ဘူးတဲ့။

သူမအရမ်းငိုခဲ့တယ်။ သူမက တာရာ ကိုတကယ်ချစ်နေတဲ့ပုံပါပဲ။

နေ့မကူးဘူး....
တာရာဆီကျွန်တော်ရောက်သွားတယ်။
နှင်းနဲ့ပတ်သတ်လို့ကျွန်တော်ပြောဆိုနေချိန်မှာ
တာရာ ကကျွန်တော့်ကိုဖမ်းချုပ်ကာ နမ်းလိုက်တယ်။

ကျွန်တော့်ရဲ့ပထမဆုံးအနမ်း။

ခနတာမှင်သက်နေမိသွားတယ်။
ကျွန်တော့်ဦးနှောဏ်တွေအလုပ်မလုပ်တော့ဘူး။ တာရာ ခေါ်ဆောင်တဲ့နောက်ကိုမြောပါမိတော့မလိုဖြစ်သွားခဲ့တယ်။

ပူထူလာတဲ့နှုတ်ခမ်းလွှာကြောင့်အသိပြန်ဝင်လာမှပဲ တာရာ ကိုအတင်းတွန်းထုတ်မိတယ်။
တာရာကပြောတယ်။

ငါမင်းကိုချစ်တယ်တဲ့...။

အံ့သြမိတဲ့အပြင်ပြောစရာစကားတွေပါပျောက်ရှခဲ့ရတယ်...။
နှင်းကရော
နှင်းကိုဘယ်လိုလုပ်မှာလဲလို့မေးတော့
သူ့ကိစ္စမှမဟုတ်ပဲတဲ့။

အဲ့စကားကိုကြားတော့ ကျွန်တော် တာရာ့ကိုတစ်ချက်ဆွဲထိုးမိတယ်။

သူကတော့ဘာမှပြန်မလုပ်ပါဘူး။
ငါကြိုသိပြီးသားပါတဲ့။
မင်းဒီလိုပဲပြန်တုန့်ပြန်မယ်ဆိုတာငါကြိုသိပြီးသားပါတဲ့....။

ထိုနေ့ကစလို့တာရာနဲ့မတွေ့မိအောင်ရှောင်နေမိတယ်။
စိတ်ထဲမှာတော့သူ့အကြောင်းပဲတွေးနေမိတယ်ဆိုတာတော့ဝန်ခံရမယ်။

တာရာကလွယ်လွယ်နဲ့လက်လျော့တတ်တဲ့လူစားထဲမှာမပါခဲ့ဘူး။
မိန်းကလေးတွေကိုပိုးပန်းသလိုကျွန်တော့်ကိုလိုက်ပြီးပိုးပန်းခဲ့တယ်။
သူ့ချစ်ခြင်းတွေကဖြူစင်ကြောင်း ၊ သူ့ကိုမရွံသွားဖို့ စတဲ့အကြောင်းတွေသူပြောခဲ့တယ်။
ကျွန်တော်သူ့ကိုအရေးမလုပ်ခဲ့ဘူး။
ဒါကြီးကမှားယွင်းနေတယ်လို့ခံစားရလို့။
တာရာ ဆိုတဲ့ယောကျ်ားတစ်ယောက်ထက် နှင်းကိုရင်ခုန်တာက ပိုပြီးလက်တွေ့ကျတယ်ဆိုတဲ့အတွေးက သံမှိုရိုက်ထားသလိုစွဲနေခဲ့တယ်။

အကြောင်းစုံကို နှင်းကမသိသေးပေမဲ့
သူမမျက်လုံးထက်မှာသံသယအရိပ်အယောင်တွေထင်ဟပ်လာတာကျွန်တော်တွေ့နေရတယ်။

နှင်းကမေးလာတယ်။
ကိုတာရာနဲ့နင်ကဘာတွေလဲတဲ့။
သူမ စိတ်ကွက်သွားမှာ အထင်မြင်လွဲသွားမှာကျွန်တော်အရမ်းကြောက်ခဲ့တယ်။

သူမရဲ့အမေးကိုအကြောက်အကန်ငြင်းခဲ့ပြီး
တာရာနဲ့ဘာမှမပတ်သတ်ပါဘူးဆိုတာသက်သေပြဖို့အတွက် မိန်းကလေးတစ်ယောက်နဲ့တွဲခဲ့တယ်။

တာရာ ကဒီအကြောင်းကိုသိတော့ ညဘက်ကြီးကျွန်တော့်ဆီရောက်လာတယ်။

သူ့ကိုတကယ်ပြန်မချစ်နိုင်ဘူးလားတဲ့
အရက်တွေသောက်ထားပုံရပြီး နီရဲနေတဲ့မျက်၀န်းတွေနဲ့ တာရာကငိုထားတာများလား။

အပြင်ဘက်မှာမိုးတွေသည်းနေတယ်။
ကျွန်တော်တာရာ့ကိုအပြတ်ငြင်းခဲ့တဲ့အပြင်
ကျွန်တော့်ရှေ့ကပါထွက်သွားဖို့တောင်းဆိုခဲ့မိတယ်။

အဲ့နေ့ညက အသက်မဲ့သွားတဲ့မျက်ဝန်းတွေနဲ့ကျွန်တော့်ကိုငေးစိုက်ကြည့်နေခဲ့တဲ့ တာရာ့ပုံရိပ်ကအခုထိကျွန်တော့်နှလုံးအိမ်မှာစွဲထင်နေတုန်းပဲ။

တာရာကကျွန်တော့်စကားနားထောင်တယ်။

သူထွက်သွားခဲ့တယ်...ဘယ်ဆီမှန်းမသိတဲ့နေရာဆီကိုသူထွက်သွားခဲ့တယ်။

သူထွက်သွားပြီးထဲက ကျွန်တော်ညဘက်တွေအိပ်လို့မပျော်တော့ဘူး။
တာရာ ဆိုတဲ့နာမည်လေးကို စာအုပ်ထဲမှာ
ခနခနချရေးဖြစ်လာတယ်။

နွေရာသီကနေ မိုးရာသီ ၊ မိုးရာသီကနေ ဆောင်းရာသီသာပြောင်းသွားတယ်။

တာရာ့ကိုကျွန်တော်ထပ်မတွေ့ရတော့ပါ။
သတင်းအစအနလေးတောင်မကြားရတော့ပဲ
သူပျောက်ချင်းမလှပျောက်သွားခဲ့တယ်။

နှစ်တွေအလီလီသာပြောင်းသွားတယ်။
တာရာပြန်ရောက်မလာခဲ့ပါ။
ကျွန်တော်သိလာတယ်....
ကျွန်တော်နားလည်လာတယ်....
ကျွန်တော်ခံစားတတ်လာတယ်.....
လူတစ်ယောက်ကိုချစ်ဖို့က ယောကျ်ားမိန်းမဆိုတဲ့ခွဲခြားမှုတွေမလိုဘူးဆိုတာ....
အချစ်ဆိုတာနှလုံးသားရဲ့ရွေးခြယ်မှုဖြစ်ပြီး
ကျွန်တော်တို့တတ်နိုင်တဲ့အရာမဟုတ်ဘူးဆိုတာ......
လူတစ်ယောက်ကိုလွမ်းရတဲ့အရသာ....
မျှော်လင့်မိတဲ့ခံစားချက်....
တောင်းတမိတဲ့ပွေ့ဖက်မှုတစ်ခု.....
သူနဲ့သာဆိုရင်ဆိုတဲ့အတွေးတွေ.....
အရာအားလုံးကိုကျွန်တော်နားလည်သွားတဲ့အချိန်ထိ စာအုပ်လေးထဲမှာ တာရာ ဆိုတဲ့စာလုံးလေးတွေပြည့်လျှံသွားချိန်ထိ
တစ်ယောက်သောသူကတော့ ကျွန်တော့်စကားကိုနားထောင်ပြီး ပြန်ရောက်မလာခဲ့ပါဘူး....။

စောင့်တယ်....
အလွမ်းတွေနေသားကျသွားတဲ့အချိန်ထိ
စာအုပ်ကလေးကစာရွက်တွေ အဝါရောင်ကိုပြောင်းလဲသွားတဲ့အထိ...
ကျွန်တော်စောင့်ခဲ့ပါတယ်...။
သူက ကျွန်တော့်စကားသိပ်နားထောင်တာပဲ
ကျွန်တော်ဘယ်လောက်မျှော်မျှော်သူပြန်မလာပါဘူး....။

ကျွန်တော့်အတွေးအာရုံထဲမှာသူ့ပုံရိပ်တွေကမသဲကွဲတော့ဘူး။
ဝေဝါးလာခဲ့ပြီ.....
ကျွန်တော့်အသက်ကလည်းမငယ်တော့ဘူးလေ။
နေ့စဥ်နေ့တိုင်းကျွန်တော်သူ့ကိုစောင့်မြဲပါပဲ။
ပက်လက်ကုလားထိုင်လေးမှာထိုင်လို့
ဝါကျင့်ကျင့်စာအုပ်လေးကိုဖွင့်ကြည့်လိုက်တယ်။
လွန်ခဲ့သော အချိန်ကာလတစ်ခုက ကျွန်တော်ရေးထားခဲ့တဲ့ စာလုံးလေးတွေ....။

တာရာဆိုတဲ့စာလုံးလေးတွေက စာရွက်ကလေးတွေဟောင်းနွမ်းသွားပေမဲ့ ထင်ထင်ရှားရှားရှိနေဆဲပါပဲ...။

စာလုံးလေးတွေသစ်လွင်နေဆဲပါပဲ။
သူ့ကိုလည်းကျွန်တော်စောင့်နေဆဲပါပဲ။

Oct.18.2020
11:50PM
#Ajune

© Adam Apple,
книга «တာရာ».
တာရာ(Zawgyi)
Коментарі