A_Mon
2020-10-19 18:10:41
"In another life,i would be your girl"
Новини
အမှန်ဆို အဲ့နေ့ကသာ မတွေ့ဖြစ်ခဲ့ရင်...
'ဒီဇင်ဘာလအစ တက္ကသိုလ်တွေ စဖွင့်တဲ့အချိန်'
ရှမ်းပြည်က ကျွန်မ ဝင်ခွင့်ရခဲ့တဲ့ စစ်ကိုင်းပညာရေးတက္ကသိုလ်ဆီသို့ ဖေဖေနဲ့တူတူ လာခဲ့တယ်။
နေရာတွေ အဆင်ပြေအောင် ဖေဖေက သူ့အသိ မြန်မာစာဆရာမနဲ့အပ်ပေးခဲ့ပါတယ်။စာနဲ့ပတ်သတ်ရင် အလိုမလိုက်တဲ့ ကျွန်မချစ်ရတဲ့ ဖေဖေ အစစအရာရာ စေ့စပ်အောင်
လုပ်ပေးပြီးမှ မွေးရပ်မြေရှမ်းပြည်ကို ပြန်သွားခဲ့တာရယ်။
နေရမဲ့အဆောင်က ×××အဆောင် သူငယ်ချင်းတွေ
သိပ်မထားတတ်တဲ့ ကျွန်မ မကွေးနဲ့မန်းလေးကနေ
ကျောင်းလာတက်တဲ့ သူငယ်ချင်းနှစ်ယောက်နဲ့တော့
အတော်ခင်သွားတယ်။
ကျောင်းတက်ပြီးနှစ်ပတ်အကြာ စစ်ကိုင်းတောင်ကို
သွားလည်ရအောင်ဆိုပြီး ဟိုမိန်းမနှစ်ယောက်က အဖော်စပ်ပါလေရော။စာအုပ်နဲ့တစ်စက္ကန့်မှ မခွာချင်တဲ့ကျွန်မ အောင့်သက်သက်နဲ့ လိုက်သွားပါတယ်။
မြင်ကွင်းတွေဟာသိပ်လှတယ်။ချစ်ရပါသောဧရာဝတီမြစ်ကြီးက ကျွန်မကို လန်းဆန်းစေတယ်။ရွှေရောင်စေတီတွေက စိတ်ကို အေးချမ်းစေတယ်။ဘယ်နေရာသွားသွား ဓါတ်ပုံရိုက်ရတာ ဝါသနာပါတဲ့ မိန်းမနှစ်ယောက်ကို အမြင်ကပ်တယ်သိလား။အင် ဒါပေမယ့် ဒီတခါတော့ ကျေးဇူးတင်မိတယ်။ချစ်ရပါသော မိန်းမနှစ်ယောက်ကို ဓါတ်ပုံရိုက်ပေးရင်း လူတစ်ယောက်နဲ့တိုက်မိပါလေရော။ တောင်းပန်ဖို့ လှည့်အကြည့် အနီရောင်မျက်မှန်ကိုင်းအောက်ကခပ်စူးစူးအကြည့်တွေကြောင့် ပြောစရာပျောက်ခဲ့ရပါတယ်။
'ညီမ'
'အော် အစ်ကို တောင်းပန်ပါတယ်ရှင့်
ဟိုလေ ညီမ မမြင်လိုက်လို့ပါ '
'ရပါတယ် အစ်ကိုလည်း ဘာမှမဖြစ်ပါဘူး'
စကားတစ်ခွန်း နှစ်ခွန်းနဲ့ အဆင်ပြေသွားလို့တော်ပါသေးရဲ့။ ဒါနဲ့လေ အစ်ကိုက သိပ်သဘောကောင်းတာပဲ ကျွန်မတို့သုံးယောက်ပုံကိုတောင် စိတ်ရှည်လက်ရှည် ရိုက်ပေးသေးတာ။
စစ်ကိုင်းတောင်က ပြန်လာတဲ့ နောက်ပိုင်း သုတစာပေဖတ်နေကျ ကျွန်မ ရသစာပေတွေ အဖတ်များလာတယ်။ကိုယ်တိုင်တောင် မသိပါပဲ 'အစ်ကို' ဆိုသော သူကို စွဲလမ်းမိသွားတယ်ထင်ပါရဲ့။အိမ်မက်ထဲမှာ အစ်ကိုနဲ့ကျွန်မ ကော်ဖီဆိုင်တူတူထိုင်တယ်တဲ့လေ ယုတ္တိမရှိလိုက်တဲ့အိမ်မက်။
ကျောင်းစာလည်း ပုံမှန်လိုက်လုပ်တယ်။အတန်းလည်း
ပုံမှန်တက်တယ်။အစ်ကို့ ကိုလည်း ပုံမှန်လွမ်းတယ်။
လွမ်းလွန်းလို့ ရူးနေပြီထင်တယ်။ကျောင်းကန်တင်းမှာ တောင်အစ်ကို့ ကိုတွေ့နေပြီရှင်။တစ်ယောက်ထဲ အတွေးကမ္ဘာထဲရောက်နေချိန် ကြားလိုက်ရတဲ့အသံ
'ညီမ အစ်ကို့ကို မှတ်မိလား ဟိုတခါ စစ်ကိုင်းတောင်ပေါ်မှာ ဆုံဖူးတယ်လေ'
ဘုရားရေ ညတိုင်း အစ်ကို နဲ့နောက်တစ်ကြိမ် ဆုံဖို့တောင်းဆုပြုနေတဲ့ ကျွန်မကို နတ်တွေကမကြည့်ပဲ
မနေပါဘူး။ချစ်ရပါသော အစ်ကိုနဲ့ ဒုတိယအကြိမ် ပြန်ဆုံတော့ ရင်တွေက တလှပ်လှပ်။
'ဟုတ် မှတ်မိပါတယ် ဒါနဲ့ အစ်ကိုက ညီမတို့ကျောင်းကို ဘာကိစ္စ'
'အော် အစ်ကိုက မန်းလေး UFL တက်နေတာပါ အစ်ကို့အဒေါ်က ဒီကဆရာမလေ သူ့ဆီလာရင်း ကန်တင်းမှာ နေ့လည်စာလာစားတာပါဟဲဟဲ'
'အော် ဟုတ်' စကားနှစ်ခွန်းသာ ပြန်ပြောနိုင်တော့တယ်။အစ်ကို့ရယ်သံက သိပ်ကဗျာဆန်တယ် ကျွန်မရူးမတတ်ပဲ။
'ဒါဆို အစ်ကိုသွားတော့မယ်နော် သွားခါနီး မြင်လိုက်လို့ ညီမတို့ကို လာနှုတ်ဆက်တာ'
ဟင် သွားတော့မယ်တဲ့ နာမည် ချစ်ရတဲ့အစ်ကို့နာမည် ကျွန်မ မသိသေးဘူးလေ။ကျွန်မအရဲစွန့်မိလိုက်တယ်ထင်ပါရဲ့ ....
'ဟို အစ်ကို'
'အင် ပြောလေ ညီမ'
'ညီမနာမည် ရိုးသစ္စာပါ'
အော် ဟုတ်သား ခုထိနာမည်မမေးမိသေးဘူးပဲ
အစ်ကို့နာမည် ဘုန်းလင်းမောင်ပါ ရိုး'
ရိုးတဲ့ သူများတွေခေါ်တာ ကြားဖူးနေပေမယ့် အစ်ကိုခေါ်တော့ တစ်မျိုးလေး လှနေသလိုပဲ။
အစ်ကိုနဲ့ဆုံတာနှစ်ခါရှိပြီ။ နှစ်ခါလုံးကျွန်မရင်တွေခုန်ရသလို ပျော်ရပါတယ်။မျက်ဝန်းလှလှလေးရယ် လေးထောင့်မကျတဲ့မျက်နှာလေးရယ် စကားပြောရင် ချိုင့်ဝင့်သွားတဲ့ ပါးချိုင့်လေးတစ်ဖက်ရယ် အသားညိုညိုနဲ့ ဆွဲဆောင်မှုအားပြင်းတဲ့ အစ်ကို့ကို ကျွန်မတော့ ချစ်လွန်းလို့ ရူးနေပါပြီ။
စာသင်နှစ် ပထမနှစ်ဝက်ပြီးဆုံးချိန်
မွေးရပ်မြေ ရှမ်းပြည် ကိုပြန်လာခဲ့ပေမယ့် ချစ်ရတဲ့အစ်ကို့ကိုတော့ လွမ်းမြဲလွမ်းဆဲ....
အိမ်အလုပ်တွေကကျွန်မအတွက်တော့ပျင်းစရာပါ။ဒါပေမယ့် တခါတလေ အစ်ကို့အကြောင်းတွေးရင်း လုပ်ရင် ပျော်ဖို့ကောင်းနေသလိုပဲ။
ညတွေဟာ လှတယ် အစ်ကို့အကြောင်းတွေးနေရင်ပေါ့။
တခါတလေတော့ အစ်ကိုဟာ ကျွန်မကို မချစ်ပါဘူး
သာမန်ဆုံတွေ့ဖူးတဲ့သူတစ်ယောက်အနေနဲ့ပဲ သဘောထားလေမလားလို့ တွေးမိပြန်ရင် ညဟာ အကျဥ်းတန်နေပြန်ရော။
တစ်ရက် ရှမ်းပြည်ရဲ့အထင်ကရနေရာတစ်ခုဖြစ်တဲ့
အင်းလေးဆီသို့ အလည်သွားတယ်။သိပ်လှတဲ့ အင်းလေးဒေသမှာ ချစ်ရတဲ့အစ်ကို့ကို တွေ့ခွင့်ရပြန်ပါတယ်။ကျွန်မလေ ပြောမပြတတ်အောင် ပျော်ခဲ့ပါတယ်။
အစ်ကိုအကြောင်းတော်တော်များများ သိခဲ့ရတယ်။အစ်ကိုဟာ ရှမ်းပြည်ကို အလည်လာတုန်းလေး ကျွန်မ အိမ်လိုက်လည်ချင်တယ်တဲ့လေ။'ခွင့်ပြုမလား'လို့
မဝင့်မရဲမေးတဲ့ အစ်ကို့ကို 'ဟင် တခါတည်းဆွဲ မေမေရေ ဟောဒီမှာ မေမေ့သမက်လို့ မိတ်ဆက်ပေးချင်နေတာပါ' လို့ ပြန်ပြောရင် မကောင်းဘူးရှိတော့မယ်။
အစ်ကိုနဲ့ကျွန်မ သိပ်ကိုရင်းနှီးခဲ့တယ်။တစ်ပတ်မှာ
တခါလောက်ဖုန်းဆက်ဖြစ်တယ်။မန်းလေးဟာ
သိပ်ပူကြောင်း ရှမ်းပြည်မှာပဲ နေချင်ကြောင်း
ပြောပြောပြတတ်တဲ့ အစ်ကို့ကို ကျွန်မ သိပ်မြတ်နိုးရပါတယ်။အစ်ကိုဟာကော်ဖီတွေ သိပ်ကြိုက်ကြောင်း ပြောပြတော့ မေမေ့ကော်ဖီခင်းတွေ ကျွန်မမျက်လုံးထဲပြေးမြင်ရပြန်ပါတယ်။
သံယောဇဥ် ဆိုတာ သိပ်ပူလောင်ရပါတယ်။
စတွေ့ကတည်းက အစ်ကို့ကို ကျွန်မမြတ်နိုးခဲ့တယ် အခုတော့ အစ်ကိုမှ မဟုတ်ရရင်နှလုံးသားတံခါးက ဘယ်သူလာခေါက်ခေါက် တံခါးဖွင့်ပေးတော့မှာ မဟုတ်တော့ဘူး။
ဒုတိယစာသင်နှစ်
ကျွန်မအတွက် သိပ်ပျော်စရာအချိန်လေးတွေပေါ့လေ။
အစ်ကိုတက်တဲ့ ကျောင်းကို လိုက်လည်ခွင့်ရခဲ့ပါတယ်။
အစ်ကိုနဲ့တူတူ စာအုပ်ဆိုင်တွေသွားဖြစ်ခဲ့ပါတယ်။
အစ်ကိုနဲ့တူတူ ဟော့ပေါ့စားဖြစ်ခဲ့ပါတယ်။
သူငယ်ချင်းတွေက အစ်ကိုနဲ့ ကျွန်မကို တခါတလေလိုက်စရင် အပြင်မှာ အတင်းငြင်းနေပေမယ့် ရင်ထဲကြိတ်ပျော်နေမိတတ်ခဲ့ပါတယ်။
အချိန်တွေကြာလာရင် အစ်ကိုလည်းကျွန်မကို
ချစ်လာလိမ့်မယ်လို့ရူးရူးမိုက်မိုက်တွေးခဲ့မိဖူးတယ်။
အစ်ကို့စာသင်နှစ် နောက်ဆုံးနှစ် ကျွန်မက တတိယနှစ်
ကျွန်မ အစ်ကို့ဆီကိုစာပို့ခဲ့တယ်။ရင်ခုန်စွာနဲ့ပေါ့။
စာပို့ပြီးဆယ်မိနစ်လောက်အကြာ
အစ်ကိုဟာ ကျွန်မကို တွေ့နေကြ စာအုပ်ဆိုင်လေးဆီ ချိန်းတယ်။လှလှလေး ဝတ်ခဲ့ပါတဲ့လေ။
တွေ့လား အချစ်စစ်ရင် ရောင်ပြန်ဟပ်ပါတယ်။
'အစ်ကို ရိုးကိုခေါ်တာ ဘာပြောမလို့လဲဟင်'
'အော် ရိုး လာ အစ်ကို မိတ်ဆက်ပေးမလို့ ခနလေး'
5မိနစ်လောက်ကြာတော့ ကျွန်မတို့ဝိုင်းကို မိန်းကလေးတစ်ယောက်ရောက်လာတယ်။အင် သိပ်လှတယ်
ဒူးအောက်ထိအရှည်ရှိတဲ့ဂါဝန်ပန်းရောင်လေးရယ်
ဆံပင်ရွှေရောင်လေးရယ် ခပ်ပါးပါးမိတ်ကပ်လိမ်းခြယ်ထားတဲ့မျက်နှာဝိုင်းဝိုင်းလေးနဲ့ မိန်းကလေးက အစ်ကို့ဘေးဝင်ထိုင်တယ်။
'ရိုး ဒါ အစ်ကို့ကောင်မလေးလေ ရွှေစင်သွန်း တဲ့
တွဲနေတာတော့ ကြာပြီ ရိုးနဲ့ မမိတ်ဆက်ပေးရသေးလို့ သွန်းက ရိုးနဲ့ခင်ချင်တယ်ဆိုလို့'
ကျွန်မကမ္ဘာပြိုရပါတယ် ရင်တွေနာရပါတယ် ပိုင်ရှင်ရှိပြီးသား လူတစ်ယောက်ကို သုံးနှစ်သုံးမိုး ကျွန်မ
တစ်ဖက်သတ် ချစ်ခဲ့ရတာပေါ့။
'အော် ဟုတ် အစ်ကို အစ်မရွှေစင်နဲ့လည်း တွေ့ရတာဝမ်းသာပါတယ်ရှင့်'
နာရီဝက်လောက် ချစ်ရတဲ့အစ်ကိုနဲ့သူ့ချစ်သူကို
ထိုင်ကြည့်နေခဲ့ရပါတယ်။
ပြန်ခါနီး အစ်ကို့ကောင်မလေးက ကျွန်မကိုခေါ်ပြောတဲ့ စကားလေးတစ်ခွန်းကြောင့်...အဲ့နေ့ကစအစ်ကို့ကို ကျွန်မသိသိသာသာရှောင်ခဲ့တယ်။အဆက်အသွယ်လည်း ဖြတ်ခဲ့တယ်။ခြောက်လလောက်အကြာ ကျွန်မအိမ်က ဖုန်းဆက်လာတယ်။သမီးရေ ဘုန်းလင်းမောင်နဲ့ရွှေစင်သွန်း နာမည်နဲ့ လက်ထပ်ဖိတ်စာရောက်လာတယ်တဲ့လေ။အစ်ကိုဟာ သိပ်တော်တယ်။အဆက်အသွယ်ဖြတ်ထားတာတောင် လက်ထပ်ဖိတ်စာကို အရောက်ပို့နိုင်တယ်။ရက်စက်လိုက်တာ။
ချစ်ရတဲ့သူရဲ့ လက်ထပ်ပွဲလေးဟာ သိပ်လှတယ်။
လက်ထပ်ပွဲပြီးတော့ အစ်ကိုဟာ ကျွန်မဆီ အပြေး လာတယ်။
'ရိုး မပြောမဆိုနဲ့အစ်ကို့ကို အဆက်အသွယ်ဖြတ်သွားတယ်နော်။အစ်ကို့မှာ လန့်တောင်သွားတယ်၊'
'ရိုး ဖုန်းကဒ်လဲလိုက်တာပါအာ့ကြောင့်ပါ'
'အော် ဟုတ်လား ဟင် ဒါနဲ့ ရိုးအပြန် အဆင်ပြေလား အစ်ကိုလိုက်ပို့ပေးရမလား'
'မဟုတ်တာ ရပါတယ် ရိုး ဘာရိုး ပြန်လိုက်ပါ့မယ်'
'အာ ဟုတ်ပါပြီ အာ့ဆို အစ်ကို သွားပြီနော်ရိုး'
ချစ်ရတဲ့သူ ကျောခိုင်းပြီး ခနအကြာ
'မောင်'
'ဟမ်'
'အော် ရိုးကလေ ရိုးချစ်ရတဲ့သူကို အဲ့လိုခေါ်ချင်ခဲ့တာ သွားပြီနော် အစ်ကို'
အစ်ကို ဘယ်လိုကျန်ခဲ့မလဲ စိတ်မဝင်စားတော့ပါဘူး။
ကျွန်မငိုလည်းမငိုတော့ပါဘူး။အနည်းဆုံးတော့ သူ့အတွက်နာမ်စားလေး ကြားသွားစေချင်တာပါ။သူ့အတွက် နာမ်စားလေးမှာ သူ့အပေါ်ထားတဲ့မေတ္တာတွေအချစ်တွေ သံယောဇဥ်တွေ အကုန်ပါသွားခဲ့ပြီလေ။
အဲ့နေ့က ကျွန်မစာပို့တာ အစ်ကို့ကောင်မလေး မတွေ့ခဲ့ရင် အစ်ကိုနဲ့ကျွန်မ ဒီလိုတောင် မိတ်ဆွေအဖြစ်ရှိနိုင်မှာ မဟုတ်ပါဘူးလေ။
"မောင် ချစ်ရတဲ့သူနဲ့ ထာဝရ ပျော်ပျော်ရွှင်ရွှင်နေနိုင်ပါစေ။ကျွန်မလည်း နောက်ဘဝဆိုတာများ ရှိရင် ချစ်ရတဲ့သူကို ဘယ်လောက်ချစ်ကြောင်း ဖွင့်ပြောခွင့်ရတဲ့သူတစ်ယောက်သာဖြစ်ရပါလို၏"
စစ်ကိုင်းတောင် ကိုသက်သေပြုပြီး ဒီဆုတောင်းတော့
မြတ်စွာဘုရားထံ တောင်းဆုပြုခဲ့ပါတယ်။
@yisean_lili 🌸