Intro
Chapter 1
Chapter 2
Chapyer 3
Chapyer 3
Part 3 (ကိုယ်ရေးရာဇဝင်)

ပေသုံးဆယ်ခန့် ကျယ်ဝန်းတဲ့ ကုသဆောင် ရွက်ဖျင်တဲကြီး၏ အပြင်ဘက်ကို ယန်ချန်းထွက်လာခဲ့လိုက်သည်။ အပြင်ဘက်ကိုရောက်သည့်တိုင် မြင်တွေ့ရသော မြင်ကွင်းတို့က လူတွေအားလုံး ရုတ်ယက်ခတ်နေကြသည်။

" ရှောင်ဖန်း..... ရှောင်ဖန်း.....ဒီကိုလာ။"

လူတစ်ယောက်က မလှမ်းမကမ်းမှသူ့အား လက်လှမ်းပြသည်။ လူအုပ်ကြီးက စားပွဲဝိုင်းရှည်ကြီး၏ ပတ်ပတ်လည်တွင်  ကြိတ်ကြိတ်တိုးနေလေ၏။ ထိုလူ၏ လက်တစ်ဖက်က ပေါက်စီတစ်လုံးကိုကိုင်ကာ ပါးစပ်တွင်တေ့ထားသည်။

ယန်ချန်းက သူ၏ အနောက်ဘက်နှင့် ဘေးဘက်တွေကိုပါလှည့်ကြည့်လိုက်ပြီးသည့်နောက် မည်သူကမျှ ထိုလူ၏ခေါ်သံကိုဂရုမစိုက်ကြချေ။ ထို့ကြောင့် ယန်ချန်းက မိမိကိုယ်ကို လက်ညိုးထိုးပြလိုက်သည်။

"ငါ...ငါ့ကိုခေါ်တာလား။"

ထိုလူကစိတ်မရှည်သည့်နှယ် ထိုနေရာမှ ထလာပြီး ယန်ချန်းအနားသို့ရောက်လာသည်။

"လာ...မြန်မြန်။ မင်းတော့ ငတ်တော့မှာပဲ။"

ထိုလူက ယန်ချန်းကိုလက်ဆွဲ၍ မူလသူထိုင်နေသည့် စားပွဲဝိုင်းရှည်ကြီးအနားသိူ့ပြန်သွားလိုက်သည်။ ဆယ်ပေခန့်အရှည်ရှိသော စားပွဲဝိုင်းအရှည်ကြီးပေါ်တွင် ဆန်ပြုတ်ထည့်ထားသော အိုးများနှင့်အတူ ပေါက်စီထည့်ထား​သောပန်းကန်ပြားကြီးများကို ချထားသည်။ အားလုံးကလည်း ကိုယ်စီ ပန်းကန်လုံးများဖြင့် စိတ်ကြိုက်စားသောက်နေကြလေ၏။

ထိုလူကယန်ချန်းကို သူ့ဘေးတွင် ထိုင်စေလိုက်ပြီး ပေါက်စီနှစ်လုံးနှင့်ဆန်ပြုတ်တစ်ပန်းကန်ပေးကာ

"စားစား...မြန်မြန်စားလိုက်။ မင်းဗိုက်ဆာနေလောက်ပြီ။"

ယန်ချန်းက ထိုပန်းကန်လုံးအားသေချာစွာစိုက်ကြည့်နေသည်။ သူက သစ်သားဇွန်းကိုကိုင်ကာ စားရန်ပြင်လိုက်ပြီးမှ ပြန်ချလိုက်ပြီး

"စစ်ပွဲကပြီးသွားပြီလား။"

"......."

ပတ်ပတ်လည်ဆူညံကာနေသော သူများအားလုံး ထိုအမေးကြောင့် တိတ်ဆိတ်ကာသူ့အားဝိုင်းကြည့်ကြသည်။ ထိုလူကလည်း သူ့အားကြည့်လေ၏။

" ရှောင်ဖန်း.... မင်းကိုသမားတော်တွေက ခေါင်းကိုမစမ်းသပ်လိုက်ဘူးလား။ စစ်ပွဲသာပြီးသွားရင် ငါတိူ့ဘာလို့ ဒီမှာနေနေအုန်းမှာလဲ။ ငါတို့ရဲ့ မိသားစုတွေရှိတဲ့ ငါတို့အိမ်ကိုပြန်ပြီပေါ့။"

ကျန်သူများကခေါင်းငြိမ့်ကာထောက်ခံကြသည်။ မုတ်ဆိပ်မွှေးများနှင့်အသက်သုံးဆယ်ခန့်လောက်ရှိသောလူတစ်ယောက်က ခုံကိုထုလိုက်ပြီး ကြွေးကြော်လေသည်။

"မပူပါနဲ့။ တိုက်ပွဲတွေက မကြာခင်ပြီးတော့မှာ။ ငါတို့လည်းအိမ်ပြန်ရတော့မှာပါ။ ဘာလို့ဆို ငါတို့က စစ်သူကြီးကိုယုံကြည့်တယ်။ သူဒီတိုက်ပွဲတွေကို အဆုံးသတ်ပေးလိမ့်မယ်။"

"ဟုတ်တယ်။ ယုံကြည်တယ် "

"ယုံကြည်တယ် "

အားလုံးကလည်း ထိုလူ၏နောက်မှသံယောင်လိုက်ကြသည်။

"စစ်သူကြီးတို့လာပြီ။"

လူတစ်ယောက်က ရုတ်တရက်ထအော်လေ၏။ အားလုံးက မတ်တပ်ကောက်ရပ်လိုက်ကြသည်။ ယန်ချန်းလည်း ထိုသူနှင့်အတူ လိုက်ရပ်လိုက်သည်။ ဘာကြောင့်ရယ်တော့ သူလည်းသေချာမသိချေ။

ပထမတိုက်ပွဲအတွင်းတွင်တွေ့ခဲ့သော ထိုကြာပွတ်နှင့်လူပင်။ ထိုသူက ယခုအချိန်တွင်တော့ သူ၏ချပ်ဝတ်တန်ဆာတို့ကိုကိုဝတ်ဆင်မထားပဲ ပေါ့ပေါ့ပါးပါး မီးခိုးရောင် ဝတ်ရုံကိုသာဝတ်ဆင်ထားပြီး ထိုကြာပွတ်ကိုတော့ခါးတွင် ချိတ်ဆွဲထားမြဲပင်။ သူ၏နောက်တွင် အသက်၂၀ ကျော်လူများနှင့် သုံးဆယ်ကျော်ခန့်လောက်ရှိသော လူလေးယော​က်ပါသည်။

ထိုသူတို့က သူနှင့် ခပ်ဝေးဝေးတွင် ရပ်ကာကျန်ခဲ့ပြီး ထိုသူကမူ ယန်ချန်းတို့ထမင်းစားနေသည့် စားပွဲရှည်ကြီး၏ ထိပ်တွင် ရပ်လိုက်ပြီး သူ၏စစ်သည်များကို သေချာကြည့်လိုက်သည်။ အားလုံးက ခေါင်းငုံ့ကာ သူ့အားအရိုအသေပြုနေကြသည်။

ယန်ချန်းက ထိုသူ၏ခါးရှိ ကြာပွတ်အားသေချာစွာဆိုက်ကြည့်နေမိသည်။ သူ ထိုပစ္စည်းကိုအမှန်တကယ်ပင် စိတ်ဝင်စားသည်။ မည်သည့်အရာနှင့်လုပ်ထားသည်ကိုလည်း သိချင်သည်။ ဘယ်လောက်ထိ ခိုင်ခံ့သည်ကိုလည်း စမ်းသပ်ကြည့်ချင်သည်။ ခါးတွင် လိပ်ကာချိတ်ထားသော ကြာပွတ်ကို အနီးကပ်မြင်ရသည့်အခါ ထိုကြာပွတ်၏လက်ကိုင်က နဂါးနက်တစ်ကောင်၏ ဦးခေါင်းနှင့် တစ်ဝက်သောကိုယ်ထည်ပုံစံမျိုးကိုထွင်းထုထားသည်။ အကြေးခွံသဏ္ဍာန်အဖုအထစ်လေးများက အနက်ရောင်ကို ပိုမိုပေါ်လွင်နေစေ၏။

ယန်ချန်းက ထိုကြာပွတ်ကိုသာသေချာစူးစမ်းနေပြီး ရုတ်တရက်ပင် ထိုလူအားမော့ကြည့်မိလိုက်သည်။ ထိုလူက သူ့အားထပ်မံကာစိုက်ကြည့်နေပြန်၏။ နှုတ်ခမ်းတို့က တင်းတင်းစိကာပိတ်ထားပြီး မျက်ဝန်းတို့က မီးတောက်နေသကဲ့သို့ပင်။ ယန်ချန်းအပေါ် တစ်ခုခုမကျေနပ်နေပုံရသည်။

ယန်ချန်းက ချက်ချင်းခေါင်းပြန်ငုံ့ကာ ငြိမ်နေလိုက်သည်။ ထိုလူ၏အကြည့်ကကြောက်စရာကောင်းသည်။ ထိုအကြည့်ကို သူကြာကြာခံနိုင်လိမ့်မည်မဟုတ်။

(ကြည့်နေသေးလား...ငါ့ကိုကြည့်နေသေးလား။ ဘာလို့ငါ့ကိုကြည့်နေတာလဲ။)

"တောင်ပိုင်းကမွန်ဂိုတွေရဲ့ စစ်အင်အားကတကယ်ကို ထင်ထားတာထက်ပိုကြီးနေတယ်။ ဒီတခေါက်အောင်နိုင်ခဲ့ပေမဲ့ ငါတို့သာ မြို့တော်က စစ်ကူကို ထပ်မရနိုင်ဘူးဆိုရင် သူတို့ဘက်က အင်အားအလုံးအရင်းနဲ့ ဝင်လာတဲ့အခါ ငါတို့အတွက် အန္တာရာယ်ရှိနိုင်တာမလို့ စစ်ကူတွေရောက်မဲ့အချိန်ထိမပေါ့လျော့ပဲ ပြင်ဆင်ထားမှရမယ်။ ဒီနေ့ကစပြီး ပြင်းပြင်းထန်ထန်လေ့ကျင့်ကြပါ။ တိုက်ပွဲမှာ ဒဏ်ရာရခဲ့ကြတဲ့သူတွေကလည်းများတာမလို့ သူတိူ့အတွက်လုံလောက်တဲ့အချိန်တစ်ခုကိုပေးမှဖြစ်လိမ့်မယ်။"

ထိုလူကသူ၏လက်နှစ်ဖက်လုံးကို နောက်သို့ယှက်လျက် ထိုစကားကိုဆိုသည်။အားလုံးကလည်း ငြိမ်သက်စွာနားထောင်နေကြသည်။ ယန်ချန်းကလည်းထိုလူအား ငေးကြည့်နေမိသည်။ ထိုသူ၏စကားတစ်ခွန်းစီတိုင်းသည် သြဇာအာဏာအပြည့်ဖြင့် သူ၏အမိန့်အားမည်သူမျှ မဖီဆန်ရဲလောက်အောင်ပင် ပြတ်သားလွန်းသည်။

(ဒါကစစ်သူကြီးလန်ကျင်းယွင်တဲ့လား။ ချောတယ်လို့ပြောလို့ရတယ် ခန့်ညားတယ်လို့လဲပြောလို့ရတယ်။ အရပ်ကြီးကိုလည်းကြည့်အုန်း။ ဘယ်လောက်လောက်ရှိလိမ့်မလဲ။ ခြောက်ပေ လား ၂လက်မလောက်ထပ်စွန်းအုန်းမလား။ ခန္တာကိုယ်ကလည်းအတော်လေးကိုကြံ့ခိုင်မဲ့ပုံ။ ဝတ္ထုထဲက ပုံဖော်ထားတဲ့အတိုင်းပဲ။ ငါဒီလိုမျက်ဝါးထင်ထင်တွေ့ရလိမ့်မယ်လို့ တကယ်မထင်ခဲ့မိဘူး။ အခွင့်ကြုံတဲ့တစ်နေ့တော့မပြန်ခင်လေး  လက်ဆွဲနှုတ်ဆက်ရမယ်။)

"အဟမ်း"

ယန်ချန်းကသူ့ဘာသာတွေးမိပြီး ရီချင်စိတ်ကိုထိန်းကာချောင်းဟန့်လိုက်သည်။ အားလုံးကသူ့ကိုအံ့သြတကြီးဝိုင်းကြည့်ကြလေ၏။ လန်ကျင်းယွင်က မျက်မှောင်ကြုတ်လိုက်ပြီးနောက် သူကဆိုသည်။

"ကိုယ်ရောက်နေတဲ့နေရာဟာ ဘယ်နေရာဆိုတာကို သတိပြုပါ။ တိုက်ပွဲတစ်ခုရဲ့ ရှေ့တန်းမှာ အသက်အသေခံပြီး တိုက်ခိုက်ရမဲ့လူတစ်ယောက်က ကြောက်လန့်နေလို့မရဘူး။ စစ်မြေပြင်မှာ ပုန်းအောင်းနေလို့မရဘူး။ ငါတို့တွေအကုန်လုံးက အိမ်မှာကျန်နေခဲ့တဲ့ ငါတို့ရဲ့ မိသားစုတွေ ဘေးကင်းလုံခြုံအေးချမ်းစွာ နေရနိုင်ဖို့ အသက်ကိုမမှုပဲရှေ့ဆုံးကနေ
တိုက်ခိုက်နေကြတာ။ ရှေ့တန်းဆိုတာ ကလေးဆော့စရာကစားကွင်းမဟုတ်ဘူး။

ဥပမာ..စစ်ပွဲအတွင်းဒီလောက်အသေအလဲတိုက်ခိုက်နေရတဲ့အချိန်လိုမျိုးမှာတောင်အိပ် ပျော် နိုင် နေ သေး​ တာ မျိုး ပေါ့"

လန်ကျင်းယွင်က ထိုစကားကို အံကြိတ်ကာတစ်လုံးချင်းပင် ယန်ချန်းဘက်ကိုလှည့်၍ပြောလိုက်လေသည်။ ယန်ချန်း၏ ခန္တာကိူယ်တစ်ခုလုံး ရေခဲတောင်ထွဋ်ရောက်နေသလို ပင် အေးစိမ့်လာလေ၏။လေအေးတို့က အဘက်ဘက်မှ သူ့အားတိုက်ခတ်လာကြသလိုပင် ချမ်းစိမ့်လာ၏။ သူ့အားကြည့်နေသော လန်ကျင်းယွင်အား ပြုံးပဲပြရမလို၊ ငိုပဲပြရမလိုနှင့် အခက်တွေ့နေလေ၏။

ကျန်သူများက တစ်ယောက်ကိုတစ်ယောက်​လှည့်ကာ တီးတိုးဆိုနေကြသည်။ စစ်သူကြီးဘာကိုဆိုလိုသည်ကို သူတိူ့နားမလည်ကြချေ။ ယန်ချန်းက ပထမသူ့အား သူ့ဘေးရှိလူက ဖွတ်ထားခဲ့စဥ်က သူအိပ်ပျော်သွားခဲ့သည်ကိုသတိရမိလိုက်သည်။

(မဖြစ်နိုင်တာ။ ဒီလောက်အလုပ်တွေရှူပ်နေချိန်မှာ သူကငါ့အနားရောက်လာပါ့မလား။ သူ့ဘာသာတွေးမိတာတွေနေမှာပါ။)

"မှတ်သားထားပါ့မယ် စစ်သူကြီး ။"

အားလုံးက ထိုစကားကိုနားမလည်ကြသော်လည်း ဆုံးမစကားကိုနာခံရန်သာ ဆုံးဖြတ်လိုက်ကြသည်။ ထိုစကားသံများထွက်ပေါ်လာလေတော့မှ လန်ကျင်းယွင်၏ အကြည့်က ယန်ချန်းထံမှ ပြန်ခွာသွားတော့သည်။ ယန်ချန်းဘေးရှိလူက ယန်ချန်း၏ ကျောအားနောက်ဘက်မှ လက်ဖြင့် ကုတ်နေလေ၏။ သူလည်းရိပ်မိပုံရသည်။

စစ်သူကြီးတို့ပြန်ထွက်သွားကြလေတော့ ထိုလူအုပ်ထဲမှတစ်ယောက်ကဆိုသည်။

"စစ်တိုက်နေတဲ့အချိန် တစ်ယောက်ယောက်က အိပ်ပျော်နေတယ်ဆိုတာဖြစ်နိုင်ပါ့မလား။ စစ်သူကြီးက ငါတို့ကို ဥပမာပေးတာ နည်းနည်းထူးဆန်းနေသလားလို့။"

"အေးလေ ။ မဖြစ်နိုင်တာ။ သတိတစ်ချက်လစ်ရင်တော့ ငါတို့သေနိုင်တဲ့အချိန်မှာ ဘယ်သူကအိပ်ရဲမှာလဲ။ ဒီအတိုင်း သတိထားဖို့ပြောတာနေမှာပါ။ "

"အင်း ဟုတ်တယ်။ ကဲ့...ကဲ့...ကင်းစောင့်ဖို့ပြင်ကြတော့ ။ လေ့ကျင့်ဖို့လိုတဲ့သူတွေကလည်း လေ့ကျင့်ကွင်းထဲကိုသွားကြ။"

................................

" ရှောင်ဖန်း...မင်းအခုကစပြီးသတိထားနေမှဖြစ်တော့မယ်။ နေ့လည်ကပြောပုံအရဆို စစ်သူကြီးကမင်းပုန်းနေတာကိုတွေ့မိသွားတာနေမယ်။ သူကအဲ့လိုသူရဲဘောကြောင်တာမျိုးဆို အရမ်းမုန်းတာ။ ငါလည်း မင်းအမေကို ပေးမိထားတဲ့ကတိကြောင့်သာမင်းကို ပုန်းခိုင်းမိတာပါ။"

ထိုလူကယန်ချန်းအား ရွက်ဖျင်တဲများ၏အနောက်ဘက် လူရှင်းသည့်နေရာတစ်ခုသိူ့ခေါ်လာသည်။ ယန်ချန်းက ထိုသူ့အားအစောပိုင်းကတည်းက သိချင်​နေတာကြောင့် ​မေးခွန်းများ တန်းစီထုတ်ရန် ဆုံးဖြတ်လိုက်သည်။

"ခဏလေး။ ကျွန်တော်မေးမယ်။ ခင်ဗျားက ကျွန်တော်မေးတာကိုပဲဖြေ။"

"အမ်...ဘာလို့..."

"တိတ်...အဲ့လိုပဲလုပ်။"

"ကောင်းပြီ။"

ယန်ချန်းက ပထမမေးခွန်းကိုစတင်လိုက်သည်။

"ခင်ဗျားကဘယ်သူလဲ။"

ထိုမေးခွန်းကိုကြားတော့ ထိုလူ၏မျက်နှာ​က ငိုချင်သည့်ပုံစံမျိုးဖြင့် မဲ့ရှုံ့လာလေသည်။

"မင်းတကယ်ပဲခေါင်းထိသွားတာကိုး။ ငါထင်တယ်။ ငါတကယ်ပါပဲ။ ဘာပဲဖြစ်ဖြစ် မသေတာပဲကံကောင်းတယ်ပြောရမယ်။"

ထိုလူကအနားသို့တိုးလာပြီး ယန်ချန်း၏ခေါင်းကို ထိကိုင်ရန်ကြိုးစားလိုက်သည်။ ယန်ချန်းက ဘေးသို့ရှောင်လိုက်ပြီး

"အရင်ဖြေ။ ကျွန်တော်ခင်ဗျားပြောသလိုပဲ ဘာမှမမှတ်မိတော့တာမလို့။"

ထိုလူကသူ၏ လက်ကိုပြန်ရုတ်လိုက်သည်။ ချောင်းအသာဟန့်လိုက်ပြီး

"အဟမ်း....ငါကမင်းအကိုတစ်ဝမ်းကွဲ။ ရင်းထန်ဖုန်း။ ငါက ၁၆နှစ်ကတည်းက စစ်တပ်ထဲဝင် ခဲ့တာ။ မင်းက လွန်ခဲ့တဲ့ သုံးလကမှ  စစ်တပ်ထဲကိုဝင်ခဲ့တာ။ သိပ်မကြာလိုက်ပဲ မင်းရှေ့တန်းကိုပါလာတာပဲ။"

"ဒါဆိုငါနာမည်ကရော.."

"မင်းမေးတာတွေကလည်း..."

"မေးတာသာဖြေပါ။"

"အေးအေး....မင်းနာမည်က ရင်းရှောင်ဖန်း။ မင်းအသက် ၂၀ ရှိပြီ။ မင်းအိမ်မှာ အမေနဲ့ ၁၆နှစ်အရွယ် ညီမတစ်ယောက်ကျန်ခဲ့တယ်။"

ထန်ဖုန်းကစိတ်မရှည့်သည့်အသံမျိုးဖြင့် မမေးတာတွေကိုပါတန်းစီပြောလိုက်သည်။ သူ့ပါးစပ်အညောင်းသက်သာသောကြောင့် ယန်ချန်းကပို၍ပင် အကြိုက်တွေ့နေ၏။

"မင်းအသက်ကကော..."

"ငါက ၂၄နှစ်ရှိပြီ။"

(လေး နှစ်တောင်ကွာတယ်။)

ထန်ဖုန်းက ဖြေသာဖြေနေရသည်။ သူ၏မျက်ဝန်းတို့က ယန်ချန်းကို မသင်္ကာသည့်မျက်လုံးများဖြင့် ကြည့်နေသေးသည်။

"အင်းဆက်ပြော"

ထန်ဖုန်းက သူနှင့်ပတ်သတ်သည့်အကြောင်းအရာများကို မပြောချင်ပြောချင်နှင့်​ပင်ဆက်ပြောနေလေသည်။ အတော်ကြာနားထောင်ပြီးနောက် ယန်ချန်း ဤခန္တာကိုယ်ပိုင်ရှင်နှင့် ပတ်သတ်၍သိသင့်သလောက်တော့သိလေချေပြီ။

"ဒါဆို....နေ့လည်ကစစ်သူကြီးလန်ကျင်းယွင်ဆိုတာကရော...တကယ့်စစ်သူကြီးလန်ကျင်းယွင်လား။"

"အတုရှိသေးလို့လား။"

"တိုက်ပွဲတိုင်းနိုင်တယ်ဆိုတဲ့ စစ်သူကြီးလေ။ ဘုရင်ကတောင် အားကျရတဲ့သူ။"

"အေး...ဟုတ်တယ်။ မင်းက ရှေ့တန်းကိုပါလာမှ သူနဲ့တွေ့ရတာဆိုတော့ မင်းသူ့ကိုသိပ်သိမှာမဟုတ်ဘူး။ သူကလည်း မြို့တော်ကိုတော်ရုံပြန်တာမှမဟူတ်တာ။ တစ်နှစ်တောင် တစ်ကြိမ်မပြန်ဘူး။ ငါတောင် မြို့တော်မှာ ဂိတ်စောင့်ရတုန်းက တစ်ခါပဲတွေ့ဖူးတာ။သူ့အပြင် သူ့ဘေးမှာ ဘယ်လက်ရုံးနှစ်ယောက်နဲ့ ညာလက်ရုံးနှစ်ယောက်ရှိတယ်။ လေးယောက်လုံးရဲ့ ရာထူးတွေကလည်း စစ်သူကြီးတွေပဲ ။ မင်းသူတို့ရဲ့မျိုးရိုးနဲ့ တပ်ပြီးခေါ်လို့ရတယ်။

သူတို့ရဲ့ တိုက်ခိုက်နိုင်စွမ်းတွေကလည်း အထင်သေးလို့မရဘူး။ စစ်သူကြီးရဲ့ဘေးမှာ သူတိူ့တွေကလည်းမရှိမဖြစ်လိုပဲ။ "

ထန်ဖုန်းက အမှန်တကယ်ကိုပင် အသေးစိတ်ရှင်းပြနေလေ၏။ ယန်ချန်းက သေချာလိုက်မှတ်နေသည်။ သူကညာဏ်ကောင်းသည့် ကောင်လေးတစ်ယောက်ဖြစ်တာမို့ မမှတ်မိနိုင်စရာအကြောင်းမရှိချေ။ တိုက်ခိုက်စွမ်းရည်ကတော့ တစ်မှတစ်ရာထိရှိလျင် သူ၏အမှတ်က သုညဖြစ်လိမ့်မည်။ မူလရှောင်ဖန်း၏ အတိုက်အခိုက်ကတော့ စစ်တပ်ထဲတွင်ရှိခဲ့သော သုံးလအတွေ့အကြုံကြောင့် အတော်အသင့်တော့ ရှိလိမ့်မည်။

"သူ့ရဲ့ကြာပွတ်ကိုမင်းသိလား။ သူ့ခါးမှာချိတ်ထားတဲ့ဟာ။"

(ငါဖတ်တဲ့ဝတ္ထုထဲမှာဖော်ပြမထားလို့။)

"မင်းစိတ်ဝင်စားလို့လား။ အဲ့တာသူ့ရဲ့လူသတ်လက်နက်တွေထဲကတစ်ခုပဲ။ သူကဓားရှည်ကိုကိုင်တာဆိုပေမဲ့ သူ့ရဲ့အနက်ရောင်ကြာပွတ်ကိုဘယ်တုန်းကမှ မထားခဲ့ဖူးဘူး။ သူ့ဖခင်ဆီကအမွေရခဲ့တာ။ သူ့အဖေက အခုနန်းတတ်နေတဲ့ဘုရင်ရဲ့ ဦးလေးလေ။"

"ရပြီ။ ရပြီ။"

(အဲ့တာတွေက ငါသိပြီးသားတွေ။ ဖတ်ထားပြီးသား။)

"မင်း သူ့ကြာပွတ်ကိုစိတ်ဝင်စားလို့လား။"

"ငါတစ်ခေါက်လောက်ကိုင်ကြည့်ချင်လို့။ အသေးစိတ်အနီးကပ်မြင်ဖူးချင်တာ။ရနိုင်လောက်လား။"

ထန်ဖုန်းက ပြုံးလျက်ဆိုသည်။

"ရတာပေါ့။ အားကြီး အများကြီးရတာပေါ့။ ကိုင်ပြီးရင်တော့ ကြာပွတ်နဲ့ မသေမချင်းရိုက်သတ်တာခံလိုက်လေ။"

"အဲ့လောက်ဆိုးလား။ သူ့ပုံစံကကြောက်စရာကောင်းတယ်ဆိုပေမဲ့ ကိုယ့်တပ်သားကိုယ်တော့ မလုပ်လောက်ပါဘူး။"

ထန်ဖုန်းက ခေါင်းကုတ်လျက်ဆိုသည်။ ယန်ချန်းက သူ့အားမျက်နှာငယ်ဖြင့်ကြည့်နေ၏။

"အဲ့တာတော့သေချာမသိပေမဲ့ သူ့ကြာပွတ်ကိုထိရင်တော့ တကယ်သတ်တာ။ အဲ့တစ်ခုတော့မရဘူး။ ပုံမှန်ကတော့ သူကကြာပွတ်ကို အပြစ်ရှိတဲ့သူတွေကို စစ်ဆေးမေးမြန်းတဲ့အခါသုံးတယ်။ တစ်ချက်လွှဲရိုက်လိုက်တိုင်း ထွက်လာတဲ့အသံက ကြောက်စရာကောင်းပြီးတော့ အရိုက်ခံရတဲ့သူရဲ့ အသားက သွေးတွေပါထွက်တဲ့အထိ ပေါက်ပြဲကုန်တာ။"

"အာ...ငါလန့်လာပြီ။ တော်တော့။"

ထန်ဖုန်းက ယန်ချန်းကိုခြောက်လှန့်လိုက်ရသဖြင့်ကျေနပ်နေပုံပင်။ သူပြောသည်များက အမှန်တကယ်ဟုတ်မဟုတ်တော့ ယန်ချန်းလည်း သေချာမတွေးတတ်။ အစောပိုင်းက သူ့ကို ထိုလူကြည့်နေခဲ့သည့်အကြည့်ကပင် တစ်ခါသေစေနိုင်လောက်သည့် အကြည့်မျိုးဖြစ်တာကြောင့် အကြည့်နဲ့တင်လူသတ်နိုင်သည့်စွမ်းရည်ပါ ပိုင်ဆိုင်ထားပုံရသည်။

~~~~~~~~~~~~
© Hnin Aung,
книга «Witness To The Battlefield».
Коментарі