နေရောင်အောက်က လိပ်ပြာ
Chaos Theory
နေရောင်အောက်က လိပ်ပြာ
AD 2025

At a Park

"ကူညီပါ"

"မင်း၊ မင်းဘာဖြစ်လာတာလဲ? ဟေ့ကောင်! ဟာ ... မေ့သွားပြီ"

ဒဏ်ရာတွေနဲ့ကောင်လေးတစ်ယောက်ကို စစ်ဝတ်စုံနဲ့ကောင်လေးက ကျောပိုးပြီး သူ့အခန်းရှိရာဆီ ခေါ်လာပေးခဲ့တယ်။

"ဟို ... ကျွန်တော် ဘယ်ရောက်နေတာလဲ?"

"မင်း သတိရပြီလား? မင်းဒဏ်ရာတွေ ငါဆေးထည့်ပေးထားတယ်။ အခြေအနေဘယ်လိုလဲ?"

"ကျေးဇူးတင်ပါတယ်။ ပန်းခြံနားမှာတွေ့တဲ့ စစ်သားအစ်ကိုမဟုတ်လား?"

"အေးလေ၊ အကူအညီတောင်းပြီးမေ့လဲသွားလို့ ငါ့အခန်းဆီခေါ်လာတာ။ မင်း ဘာမဟုတ်တာတွေ လုပ်ထားတာလဲ? ဒဏ်ရာတွေက သာမန်မဟုတ်ဘူး"

"ကျွန်တော်ကြောင့် အစ်ကိုမထိခိုက်စေရပါဘူး။ အဲဒီနေရာကနေ ခေါ်ထုတ်လာပေးတာပဲ ကျေးဇူးတင်ပါတယ်။ အဲဒီမှာသာမေ့လဲနေခဲ့ရင် အခုချိန်အသက်ပျောက်နေလောက်ပြီ"

"ဘဝကို ရိုးရိုးသားသားပဲဖြတ်သန်းပါကွာ။ အသက်ငယ်ငယ်လေးနဲ့ မဟုတ်တာတွေ လုပ်မနေနဲ့၊ ဓားဒဏ်ရာက အရမ်းမနက်လို့တော်သေးတာပေါ့။ ဆေးရုံပို့ပေးမလို့ပါပဲ၊ မင်းက ဆေးရုံသွားဖို့ အဆင်မပြေလောက်ဘူးထင်လို့"

"အာ ... မလုပ်တော့ပါဘူး၊ ဒါနောက်ဆုံးပါပဲ အဟီး။ ဆေးရုံမပို့တာလည်း ထပ်ပြီးကျေးဇူးပါ။ သူတို့မိသွားလို့မဖြစ်ဘူး"

စပ်ဖြဲဖြဲရုပ်နဲ့ ကျေးဇူးတင်စကားပြောနေတဲ့ လမ်းသရဲပုံစံ ခပ်မိုက်မိုက်ကောင်လေးကြောင့် ကယ်လာပေးတဲ့ကောင်လေးက ခေါင်းခါမိတယ်။

"ငါ ခေါက်ဆွဲကြော်ဝယ်ထားတယ်၊ စားလိုက်ပါ"

"ဟုတ်"

ဧည့်သည်လေးစားသောက်နေတုန်း အိမ်ရှင်က သူ့အဝတ်အစားအိတ်ကိုယူပြီး အခန်းထဲခဏဝင်သွားချိန် စားပွဲပေါ်တင်ထားတဲ့ ပိုက်ဆံအိတ်ကို ဧည့်သည်လေးက ခေါက်ဆွဲကြော်စားရင်း စပ်စုနေပြန်တယ်။

"Zion Jaz Aelius. နာမည်က အကောင်းတွေချည်းစုနေပြီး နေနေတဲ့နေရာကတော့ စုတ်ချာနေတာပဲ။ နာမည်တူတဲ့ငါတောင် စိတ်လေတယ်။ နောက်တစ်ခေါက်ထပ်ဆုံချင်သေးတယ် Mr. Aelius. အခုက ကျွန်တော်အချိန်မရတော့ဘူး"
(Zion = highest point, Jaz = treasure bringer, Aelius = sun)

Zion အိမ်ရှေ့ပြန်ထွက်လာတော့ ကောင်လေးကမရှိတော့ပါ။ ပြောင်ရှင်းနေတဲ့ ခေါက်ဆွဲကြော်ဘူးနဲ့ နေရာရွေ့နေတဲ့ပိုက်ဆံအိတ်ကြောင့် ယူကြည့်မိတော့ ဒေါ်လာတစ်ထောင်ပိုနေတယ်။ ဒီကောင်လေး ခေါက်ဆွဲတစ်ပွဲဖိုးနဲ့ ဆေးဖိုးဝါးခပေးသွားတာလား။

¤

At the National Laboratory

"Congratulations!!!"

"Thank you so much."

"ဒေါက်တာတော့ နာမည်ကြီးပြီဗျာ။ တကယ်တော်ပါတယ်"

"မဟုတ်တာ၊ Herbal Plant အနေနဲ့သာ enlist လုပ်နိုင်သေးတာပါ။ Medicine အနေနဲ့က မသေချာသေးပါဘူးဗျာ"

"Official သာမဟုတ်သေးတာ သေချာသလောက်ရှိနေပြီလေ"

"မျှော်လင့်ရတာပါပဲဗျာ"

"အဆင်ပြေမှာပါ ဒေါက်တာ။ ဆေးအဖြစ်ထုတ်နိုင်ပြီဆိုရင် Brain cell တွေအတွက်တော့ တကယ်ကို Super hero ဖြစ်လာတော့မှာ"

"ဟုတ်ကဲ့၊ အဲဒီလိုဆိုရင်တော့ Special Blessing ပေါ့ဗျာ"

¤¤¤¤¤

AD 2132

"Code Dead! Cut them off"

"Roger."

"Back off!!!"

"We're leaving, Sir."

.

"ဒါလူအကုန်ပဲလား?"

"ဟုတ်ပါတယ် Chief, အကျအဆုံးများတယ်"

"ဘယ်တတ်နိုင်မလဲ၊ သူတို့က အရမ်းကို အင်အားများလွန်းတယ်"

"အဓိကက သူတို့မှာ ခံစားချက်မဲ့နေတာကြီးကို ကျွန်တော်တို့မယှဉ်နိုင်ဘူး"

"အဲဒါကိုပဲ သူတို့အားနည်းချက်တစ်ခုဖြစ်လာအောင် လုပ်ယူရမှာပေါ့"

"ဗဟိုက အစီအစဉ်ကရော ဘယ်လိုအခြေအနေရှိလဲ Chief?"

"စီစဉ်နေကြတယ်၊ ဒီညစမယ်တဲ့"

"အဲဒါကိုပဲ အကောင်းဆုံးမျှော်လင့်ရမှာပါပဲ"

"အင်း၊ အားတင်းထားပါ"

¤

"ဒီတစ်ကြိမ်နေရာအသစ်အတွက် မင်းဘက်က သေချာပြီနော်?"

"သေချာပါတယ်၊ ဒီတစ်ခေါက်တော့ ကျွန်တော်အကောင်းဆုံးဖြစ်အောင် လုပ်ပါ့မယ်"

"မင်းအမြဲတမ်း အကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ်။ အခုတောင် မင်းအတွက်က အထိအခိုက်တွေ အရမ်းများနေပြီ"

"ဘာမှမဖြစ်ပါဘူးဆရာ။ ဒီစစ်မီးငြိမ်းသွားမယ်ဆိုရင် ကျွန်တော်ဆိုတာက ရေတစ်စက်အနေနဲ့ ခမ်းခြောက်ရလည်း တန်ပါတယ်"

"လေးစားပါတယ်ကွာ။ အခုနေရာမှာတော့ အဆင်ပြေမှဖြစ်မယ်၊ ကြာလာတာနဲ့အမျှ ငါတို့ဘက်က တောင့်ခံဖို့ပိုပိုခက်လာပြီ"

"ဟုတ်ကဲ့၊ ကျွန်တော်နားလည်ပါတယ်။ အဆင့်သင့်ဖြစ်ပြီဆရာ"

ခလုတ်တစ်ခုအဖွင့်မှာ အလင်းတွေဖြာထွက်ပြီး အရှိန်တစ်ခုခုရှိနေတဲ့တွင်းတစ်ခု ပွင့်သွားပြီးတော့ အချိန်စမှတ်ပါတော့တယ်။

"10, 9, ... 2, 1, go!"

သူခုန်ချလိုက်တဲ့နောက်မှာ တွင်းထဲကအလင်းတွေလျော့လာပြီး ငြိမ်သက်သွားကာ အဖုံးပြန်ပိတ်သွားပါတော့တယ်။

"Good Luck, Boy. Good Luck, our soldiers."

¤¤¤¤¤

AD 2022

"ဒါက ဘယ်နေရာကြီးလဲ? (၂၀၂၅) မှာ ဒီနေရာကဂိုဒေါင်အဟောင်းလေ။ (၂၀၂၂) မှာ စက်ရုံဂိုဒေါင်မဟုတ်ဘဲ ဘာကိစ္စ Guest House တစ်ခုတဲ့လဲ? ငါ နေရာမှားပြီထင်တယ်။ တစ်ညတည်းဖို့ နေရာရှာစရာမလိုဘူးလို့ မှတ်ရမှာပဲ"

သူ Guest House ထဲဝင်လာတဲ့အခါ Reception မှာလူတစ်ယောက်သာရှိနေပါတယ်။ တစ်ဖက်ကိုလှည့်ပြီး စာရင်းတွေကြည့်နေတဲ့ ထိုလူက သူ့အသံကြားလို့ထင်ပါရဲ့၊ ဒီဘက်လှည့်လာပြီး အပြုံးတစ်ပွင့်နဲ့အတူ

"ကြိုဆိုပါတယ် ခင်ဗျာ"

"Mr. Aelius လား?"

"ဗျာ၊ ဘာပြောလိုက်တာလဲ ဧည့်သည်"

"အာ ... ဘာမှမဟုတ်ပါဘူးဗျာ။ ကျွန်တော် တစ်ယောက်ခန်းတစ်ခန်းလိုချင်လို့ပါ"

"ဟုတ်ကဲ့"

ကျွန်တော်တို့ပြန်ဆုံပြန်ပြီလား Mr. Aelius. ကျွန်တော့်ဆုတောင်းပြည့်တာပေါ့။

Reception မှာဝန်ထမ်းတစ်ယောက်ထားခဲ့ပြီး ကိုယ်တိုင်အခန်းလိုက်ပြပေးတဲ့ Zion က အခန်းထဲရောက်လာကြပြီးချိန်မှာ

"အေးအေးချမ်းချမ်းအနားယူပါ ဧည့်သည်။ လိုအပ်တာရှိရင် Reception ဖုန်းနံပါတ်က ဖုန်းနားမှာရှိပါတယ် ခင်ဗျာ"

"ဟိုလေ၊ ကျွန်တော်ဗိုက်ဆာလို့ ခေါက်ဆွဲကြော်ရနိုင်မလားမသိဘူး"

"ဒီအချိန်က ဘေးကစားသောက်ဆိုင်လည်း ပိတ်သွားပြီ"

"ဘယ်တတ်နိုင်မလဲ၊ တစ်ရက်လောက်မစားလို့ မသေနိုင်ပါဘူး"

"ဟို ... တစ်နေကုန် ဘာမှမစားရသေးတာလား?"

"ဟုတ်"

"အဲဒါဆို Night Duty ဝန်ထမ်းတွေအတွက် ထမင်းချက်ထားတာတော့ရှိတယ်။ ဟင်းတော့မရှိပေမဲ့ ကျွန်တော့်ဆီမှာ ခေါက်ဆွဲခြောက်ထုပ်နဲ့ ကြက်ဥတွေတော့ရှိတယ်။ အဆင်ပြေမယ်ဆိုရင်တော့ ..."

"အင်း ... ပြေတယ်၊ ပြေတယ်။ အဲဒါပဲ စားမယ်လေ"

"ဟား ဟား၊ ဟုတ်ပါပြီဗျာ။ ပြီးရင်လာပို့ခိုင်းလိုက်ပါမယ်"

"အဲဒါက လုပ်ပေးမယ့်ဝန်ထမ်းရှိလို့လား? ကျွန်တော်ပါလိုက်ခဲ့မယ်လေ။ ဝန်ထမ်းတွေရဲ့ Dining room မှာလား? ကျွန်တော်ဝင်လို့ရလား?"

"အဲဒါက ... သဘောပါပဲ။ လိုက်ခဲ့လိုက်ပါ"

Zion က သူ့ကို စားပွဲမှာထိုင်စေပြီး ခေါက်ဆွဲပြုတ်နေချိန်

"ကျွန်တော့်နာမည် Cyrus ပါ။ အစ်ကိုကရော?"

"Zion ပါ"

"အစ်ကိုက ဒီကဝန်ထမ်းမဟုတ်ဘူးမလား?"

"အင်း၊ ဒီ Guest House က ကိုယ့်အမေရဲ့အမွေလေ"

"အဲ၊ ကျွန်တော်က ပိုင်ရှင်ကိုခိုင်းနေမိတာလား?"

"Promotion တစ်ခုလို့ပဲ မှတ်လိုက်ပါလေ"

"ကျေးဇူးတင်ပါတယ်"

ကျွန်တော် ခင်ဗျားဆီမှာအကြွေးတွေတင်နေရင် တစ်ချိန်ချိန်တော့ ပြန်ဆပ်ဖို့အတွက်ဆုံကြရမယ်လို့ ထင်တာပဲ။ ဒီတစ်ခါတော့ ခင်ဗျားကျွေးတဲ့ခေါက်ဆွဲဖိုး မပေးတော့ဘူးနော်။
ခင်ဗျားအပြုံးတွေကတော့ အခမဲ့မဟုတ်လား?

¤

Guest House ကနေထွက်လာခဲ့ပြီး National Laboratory ဘက်ကိုချဉ်းကပ်ကာ အနေအထားနဲ့ အဝင်အထွက်မှတ်တမ်းတွေကို ရယူနိုင်ခဲ့ပြီ။ အတွင်းပိုင်းအထိဝင်ဖို့အတွက် စဉ်းစားနေတုန်း Food Truck တစ်စီးထိုးဆိုက်လာတာကြောင့် ကြည့်မိချိန်မှာ ဆိုင်နာမည်က *Solar System*.

"ဒါ Mr. Aelius ရဲ့ Guest House နဲ့တွဲဖွင့်ထားတဲ့ Restaurant ကပဲ"

နောက်ဆုံးတော့ Cyrus အကြံကိုအကောင်အထည်ဖော်ဖို့ Guest House ဆီပြန်လာခဲ့တယ်။ ညနေစောင်းမှာတော့ သူမျှော်နေတဲ့လူ ရောက်လာပါပြီ။ သူဝင်လာတာနဲ့ အပြုံးနဲ့တင် လင်းသွားတာမျိုး။

"Mr. Aelius, ခဏနေပါဦး"

"ဪ၊ Cyrus, ဘာလိုလို့လဲ?"

"ကျွန်တော် အကူအညီတောင်းချင်လို့ပါ"

"ကိုယ်အခု အလုပ်လေးရှိတယ်၊ ညခုနစ်နာရီလောက် Rest Room ဘက်လာခဲ့ပါလား? ဒါမှမဟုတ်၊ မင်းဆီ ဘယ်အချိန်လောက်လာခဲ့ရမလဲ?"

"ကျွန်တော်လာခဲ့ပါ့မယ်"

¤

"Mr. Aelius, ကျွန်တော်ဝင်ခဲ့မယ်နော်"

"ဝင်ခဲ့ပါ။ လာ၊ ထိုင်။ ဘာကူညီရမလဲ ပြော"

"ကျွန်တော်လေ အိမ်ကဆင်းလာတာ။ အခု သူငယ်ချင်းအိမ်ကလည်း သွားနေဖို့အဆင်မပြေဘူး၊ သူက လွန်ခဲ့တဲ့တစ်ပတ်ကပဲ မိန်းမခိုးလာလို့လေ။ အဲဒါ ကျွန်တော့်ကို အလုပ်တစ်ခုခုပေးနိုင်မလားလို့"

မျက်နှာငယ်လေးနဲ့ အလုပ်တောင်းနေတဲ့ Cyrus ကြောင့် Zion တစ်ချက်တွေးလိုက်ပြီး

"အလုပ်ကတော့ စားသောက်ဆိုင်ဘက်မှာ Food Delivery အတွက် လိုနေတယ်။ မင်းလုပ်နိုင်မလား?"

"ဟာ၊ လုပ်နိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်"

"နေတာတော့ နောက်ဘက်မှာ ဝန်ထမ်းတွေအတွက်အဆောင်ရှိတယ်။ လုပ်အားခကတော့ (...) သတ်မှတ်ထားတယ်။ အဆင်ပြေမလား?"

"ဟုတ်၊ ပြေပါတယ်။ အရမ်းအဆင်ပြေတာပေါ့။ မနက်ကျ ကျွန်တော် အဆောင်ဘက်ပြောင်းလိုက်မယ်လေ။ ဒီနှစ်ညစာကို ..."

"ရပါတယ်၊ မရှင်းပါနဲ့တော့"

"မရှင်းရဘူးလား? အားနာစရာကြီး၊ အဲဒါဆို အခုပဲ အဆောင်မှာအိပ်လိုက်ပါ့မယ်။ အခန်းထဲက ပစ္စည်းတချို့သွားယူလိုက်ဦးမယ်။ နေ့လည်က အဝတ်အစား၊ အသုံးအဆောင်တချို့ ဝယ်ထားလို့ပါ။ အိမ်ကနေ ဒီတိုင်းဆင်းချလာတာလေ"

"ဟုတ်ပြီ၊ အဲဒါဆို သွားယူပြီး ဒီလိုပြန်လာခဲ့လေ။ ကိုယ် အဆောင်ဘက်လိုက်ပို့ပေးမယ်"

"ဟုတ်"

"ဪ၊ ကိုယ့်ကို Mr. Aelius လို့ခေါ်နေတာ တစ်မျိုးဖြစ်နေတယ်။ Family Name ဆိုတော့ ကြားရတာ တစ်မျိုးပဲ"

"ကျွန်တော့်နာမည်နဲ့ အဓိပ္ပါယ်တူလို့ ခေါ်မိတာပါ။ မကြိုက်ဘူးဆိုရင်တော့ မခေါ်တော့ပါဘူး"

"ကိုယ်ဆိုလိုတာက ..."

"ကျွန်တော် အစ်ကို့ကို Sunshine လို့ ခေါ်လို့ရလား?"

"Sunshine? ဟုတ်ပြီလေ၊ အဲဒါတော့ မင်းသဘောပါပဲ"

"ကျွန်တော်က Cyrus Cruz ပါ"

"Glad to meet you, Cyrus"

"Precious to know you, Sunshine"

ပြုံးပြန်ပါပြီ၊ ခင်ဗျားက တကယ်ကို Sunshine ပါပဲ။ ကျွန်တော့်အတွက်တော့ ခင်ဗျားအပြုံးတွေက အရမ်းတန်ဖိုးရှိတဲ့ရတနာတစ်ပါး။

¤

ကြံစည်ထားတဲ့အတိုင်း National Laboratory ကို Food Truck နဲ့ရောက်လာခဲ့ပြီ။ Doctor Atreus ရဲ့ရုံးခန်းထဲကိုဝင်နိုင်ဖို့အတွက် အမြန်ဆုံးနည်းနဲ့ကြိုးစားရမယ်။

Cyrus က အခန်းတစ်ခုထဲဝင်ကာ Lab Coat လဲလိုက်ပြီး Dr. Atreus ရုံးခန်းဘက်ကို မယောင်မလည်နဲ့ချဉ်းကပ်လာပါတယ်။ အခန်းထဲကိုကြည့်တော့ ဒေါက်တာကရှိမနေပါ။ ဒေါက်တာနဲ့တွေ့မှဖြစ်မယ့်ကိစ္စက ဘယ်နေ့အထိရွေ့နေဦးမယ်မသိ။ သူပြန်ထွက်လာခဲ့တော့ ကားမောင်းတဲ့လူက ကြာလို့ဆိုပြီးပြောနေလေရဲ့။
ဒီလိုနဲ့အချိန်သုံးရက်ကုန်ခဲ့ပြီ၊ ဒေါက်တာအနား ကပ်လို့မရသေးပါ။ အလုပ်ဝင်လုပ်မိတာကြောင့် အချိန်ပြည့်အားမနေတာကလည်း ပြဿနာတစ်ခု။
Cyrus တွေးနေတုန်း ဝန်ထမ်းတစ်ယောက်ရောက်လာပြီး

"Cyrus, အစ်ကို Zion ခေါ်နေတယ်"

ရုံးခန်းထဲဝင်သွားတော့ Zion က လုပ်လက်စအလုပ်ကို လက်စသတ်နေတာကို Cyrus ရပ်ကြည့်နေမိတယ်။ ခဏကြာတော့မှ Zion က

"မင်း၊ ဒီမှာအလုပ်လုပ်နေတာ ဘာအကြံအစည်ရှိလဲ?"

"ဗျာ?"

"မင်း National Laboratory ဆီပဲအာရုံရောက်နေတာ ငါသတိထားမိတယ်။ ပြီးတော့ အဲဒီကိုသွားရင် တော်တော်နဲ့ပြန်ထွက်မလာဘူးလို့လည်း ငါ့ကိုပြောကြတယ်။ မင်းပြောတဲ့ မင်းနောက်ကြောင်းတွေကလည်း တစ်ခုမှမမှန်ဘူး"

"ကျွန်တော် တကယ် ..."

"ထပ်လိမ်ချင်သေးတာလား? အတိအကျပြောရရင် မင်းနဲ့ပတ်သက်တာ ဘာမှရှာမရဘူး။ မင်းဘယ်သူလဲ?"

"ကျွန်တော်အမှန်အတိုင်းပြောပြရင် ယုံပေးမှာလား?"

"ပြောကြည့်လေ"

"တကယ် အမှန်အတိုင်းပြောပြပါ့မယ်"

"ထိုင်ပြီးပြော"

အခုအချိန်ထိမတ်တပ်ရပ်လျက်ရှိနေတဲ့ Cyrus က Zion ပြောလိုက်တော့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်ပြီး ဒီနေ့မှမျက်နှာတည်နေတဲ့ သူ့ရဲ့ Sunshine ကို မသိမသာအကဲခတ်လိုက်တယ်။

"ဘာတွေပြောဖို့ခက်နေတာလဲ?"

"ကျွန်တော်ပြောရင် Sunshine က ယုံပါ့မလားလို့ပါ။ အမှန်တော့ ကျွန်တော်က (၂၁၃၂) ခုနှစ်ကနေ လာခဲ့တာပါ"

"ဘာဖြစ်တယ်? ယုတ္တိရှိရှိလိမ်လေကွာ"

"တကယ်ပြောတာပါ။ အဲဒီကာလမှာ General တစ်ယောက်က စစ်တပ်အာဏာသိမ်းလိုက်ပြီး ကိုယ်ပိုင်စစ်တပ်ဖန်တီးလိုက်တယ်။ သမ္မတက သူ့လက်ထဲမှာပဲ၊ သူ့စစ်သားတွေက ဆေးတစ်မျိုးကြောင့် ခံစားချက်မဲ့သွားကြတယ်။ အကြောက်တရားမသိ၊ နာကျင်မှုမရှိတဲ့ စက်ရုပ်သာသာလူတွေကို ကျွန်တော်တို့မနိုင်ဘူး။ အဲဒါက ဆေးတစ်မျိုးကြောင့်ပါ။ အဲဒီဆေးကို Dr. Atreus က အခုစမ်းသပ်နေပြီး (၂၀၂၅) မှာ တရားဝင်သုံးစွဲခွင့်လိုင်စင် ရခဲ့တာပါ။

ဆေးကတော့ မှတ်ဉာဏ်ထိခိုက်စေတဲ့ ဦးနှောက်နဲ့ပတ်သက်တဲ့ ရောဂါတွေအတွက်ထုတ်ခဲ့တာ။ အဲဒီဆေးမှတ်တမ်းတွေကနေတစ်ဆင့် ဦးနှောက်ကနေ ခံစားချက်ကိုသိတဲ့အာရုံကြောကို ပိတ်ထားပေးတဲ့ဆေး သူတို့တီထွင်ခဲ့ကြတယ်။ အဲဒီဆေးကိုတရားမဝင်ထုတ်လုပ်ပြီး သူသိမ်းလိုက်တဲ့စစ်တပ်မှာ စမ်းသပ်သုံးစွဲခဲ့တာ။ သူတို့ရဲ့တီထွင်မှုက အဲဒီလောက်နဲ့ရပ်မနေဘဲ ဒီထက်ဆိုးတာတွေလုပ်ဖို့ ကြံစည်နေတယ်။

ကျွန်တော် (၂၀၂၅) ကိုသွားပြီး ဒီဆေးထုတ်ဖြစ်ရင်တောင် ဆေးမှတ်တမ်းမချန်ထားဖို့ သွားတားခဲ့တယ်။ ဘယ်လိုပြောပြောလက်မခံဘူး၊ အမျိုးမျိုးသက်သေပြလည်း မရခဲ့ဘူး။ ကျွန်တော်တို့က ခုနှစ်တစ်ခုကို သုံးခါပဲသွားလို့ရတယ်။ အခု ဒီကိုက ပထမဆုံးအကြိမ်ရောက်တာပါ။ Dr. Atreus ကို သေချာရှင်းပြပြီး ဆေးမှတ်တမ်းတချို့ဖျောက်ဖျက်ဖို့ ပြောရမှာ။ အခုက အစဆိုတော့ သူ့အတွက်က ပညာလောဘနည်းသေးတာမို့ နားဝင်မယ်ထင်ပါတယ်။

ကျွန်တော်တို့က Black Hole လိုအပေါက်တစ်ခုမှာ အလင်းရဲ့အလျင်ထက်သာတာမျိုး ချိန်ဆတွက်ချက်ပြီး အဲဒီသတ်မှတ်ချက်ရောက်ရင် အဲဒီ Hole ထဲခုန်ဆင်းလိုက်ပြီး ကြိုတင်ချိန်ကိုက်ထားတဲ့ကာလဆီကို ရောက်အောင်သွားတာပါ။ လူတစ်ယောက်က ငါးကြိမ်ထက်ပိုပြီး အချိန်တွေကူးပြောင်းရင် ဘယ်လိုမှအဆင်မပြေနိုင်ပါဘူး။ လူတိုင်းသွားဖို့မလွယ်သလို သွားရတဲ့လူကလည်း ခန္ဓာကိုယ်မှာ နည်းနည်းတော့ထိခိုက်ပါတယ်။
အဲဒါ ကျွန်တော့်ဘဝအမှန်ပါ"

"နားထောင်လို့တော့ကောင်းသား၊ ဇာတ်လမ်းနာမည်လေးပါ ပြောပြလေ"

"ဟား! ကျွန်တော်ပြောသားပဲ၊ Sunshine ယုံမှာမဟုတ်ဘူးလို့"

"မင်းပြောနေတာတွေက ယုံချင်စရာကောင်းလို့ ငါကယုံရမှာလား?"

"အစကတည်းက ကျွန်တော်မပြောပြဘဲ နေလိုက်ရမှာ။ မယုံဘူးဆိုလည်း သဘောပါပဲ။ ဒီကနေ ကျွန်တော်ထွက်သွားပေးပါမယ်။ အခုရက်ပိုင်းလေး ကူညီပေးခဲ့တာကို ကျွန်တော်ကျေးဇူးတင်ပါတယ်"

Cyrus က ထရပ်လိုက်ပြီး Zion ကို တစ်ချက်ဦးညွှတ်ကာ လှည့်ထွက်လိုက်တယ်။

"မင်း ..."

Zion အသံကြောင့် Cyrus လှည့်ကြည့်လာတော့ Zion က

"မင်းရဲ့ အဲဒီပေါက်ကရဇာတ်လမ်းကို တခြားလူတွေဆီလျှောက်ပြောဖို့တော့ မစဉ်းစားပါနဲ့"

"ပေါက်ကရဖြစ်နေတဲ့ ဒီဖြစ်ရပ်မှန်က လျှောက်ပြောလို့ကောင်းတဲ့ Fairy Tale တစ်ပုဒ်မဟုတ်တာ ကျွန်တော်သိပါတယ်"

"မင်းဘာသာ အမှန်ဖြစ်ဖြစ်၊ အမှားပဲဖြစ်ဖြစ်ပါ။ ဒေါက်တာ့ကိုထိခိုက်အောင်လုပ်ဖို့တော့ မင်းမစဉ်းစားလေနဲ့"

"ဗျာ"

"မင်း သွားတော့"

ဒေါက်တာ့ကို မထိခိုက်စေနဲ့တဲ့၊ ဘယ်လိုပတ်သက်တာလဲ? ကျွန်တော်သိတဲ့ Dr. Atreus ရဲ့ Biography မှာ ခင်ဗျားမပါဘူးလေ Sunshine ရယ်။ ထွက်သွားရမှာသိပေမဲ့ အဲဒီလိုကြီးတော့ စိတ်မဖြောင့်အောင်မပြောပါနဲ့။ ခင်ဗျားတို့ပတ်သက်မှုကို ကျွန်တော်သိရဖို့လိုပြီ။

¤¤¤¤¤

AD 2020

"Atreus, ကျွန်တော် ဒေါက်တာ့ကိုချစ်တယ်"

"ဗျာ၊ ကိုယ်တို့က ယောက်ျားလေးတွေလေ။ ပြီးတော့ အခုက သိကြတာလည်းမကြာသေးဘဲ ..."

"မြင်မြင်ချင်းကတည်းက ချစ်တာပါ"

"ဟား ဟား၊ ပိုဆိုးသွားပြီပဲ။ ကိုယ်လည်း မင်းကိုစိတ်ဝင်စားပါတယ်။ ဒါပေမဲ့ ကိုယ့်အခြေအနေက ယောက်ျားလေးတစ်ယောက်နဲ့တွဲဖို့ အဆင်မပြေဘူး"

"ဒေါက်တာက အရမ်းပွင့်လင်းတာပဲ။ တခြားနိုင်ငံတွေအထိ နာမည်ရလာတဲ့ဆရာဝန်တစ်ယောက်က Boyfriend ရှိတယ်လို့ Official ချမပြချင်ဘူးဆိုလည်း ကျွန်တော်နားလည်ပါတယ်။ ကျွန်တော်တို့ Silent တွဲလို့ရတာပဲ။ You're one and only for me."

"မင်းက ... အဲဒီလိုဆို မင်းအတွက်က ..."

"ကျွန်တော့်အတွက်က ဒေါက်တာပဲလိုတာပါ"

"ဟုတ်ပြီလေ၊ ကိုယ်လက်ခံတယ်"

"တကယ်လား? မြင်နေရရုံနဲ့တင် ဒေါက်တာက ကျွန်တော့်ကိုပြုံးရယ်စေတယ်။ Chaos လို့ ခေါ်ပါရစေ"

"အင်း ... Chaos Theory လား? Butterfly Effect လား? ဒါမှမဟုတ် ကိုယ့်ကို အရူးလို့ပြောချင်တာလား?"

"Dr. Atreus အတွက်ကတော့ သာမန်လှုပ်ရှားမှုသေးသေးလေးပေမဲ့ ကျွန်တော့်ကမ္ဘာမှာက ဗြောင်းဆန်နေပြီလေ။ အဲဒါကြောင့်ပါ Chaos"

"ဟား ဟား၊ ဖြည်းဖြည်းခြွေပါ Smiley"

"ဟား ဟား"

"မင်းက ရယ်နေပြုံးနေရင် သိပ်ကြည့်ကောင်းတာ"

ဝန်ထမ်းတစ်ယောက် မတော်တဆထိခိုက်မိတာကို ကိုယ်တိုင်ဆေးရုံလိုက်ပို့ပေးပြီး သေချာဂရုစိုက်ပေးတတ်တဲ့ အလုပ်ရှင်၊ အပြုံးလှလှနဲ့ ကိုလူချောကို ကိုယ်ကလည်း စတွေ့ကတည်းကသတိထားမိပေမဲ့ ဒီလိုအခြေအနေအထိဖြစ်လာမယ်လို့တော့ မတွေ့ခဲ့ဘူးပေါ့။

¤¤¤¤¤

AD 2022

"မင်း ဘယ်သူလဲ?"

"No, no, Dr. Atreus! Alarm ကို မထိလိုက်နဲ့နော်။ ကျွန်တော် ဒုက္ခပေးဖို့မဟုတ်ပါဘူး။ အခု ဒေါက်တာသုသေတနလုပ်နေတဲ့ Wisdom ကိစ္စနဲ့ပတ်သက်ပြီး ပြောစရာလေးရှိလို့ပါ"

"မင်းက ဘယ်သူလဲ? ဘာဖြစ်လို့ အဲဒီကိစ္စကိုပြောချင်ရတာလဲ?"

"ကျွန်တော် ဒီမှာပြောလို့အဆင်မပြေဘူး။ ဒီနေရာမှာ ညရှစ်နာရီကျဆုံကြမယ်"

လိပ်စာကဒ်လေးတစ်ခုပေးပြီး ပြေးထွက်သွားတဲ့ကောင်လေးကြောင့် Dr. Atreus ကြောင်ပြီးကြည့်နေမိတယ်။ ဘာမှန်းမသိတဲ့လူတစ်ယောက်ရဲ့ အကြောင်းအရင်းမခိုင်လုံတဲ့ ချိန်းဆိုမှုကို သွားရတာက အဓိပ္ပါယ်မရှိပေမဲ့ မနေ့ကမှ Wisdom လို့ ယာယီနာမည်ပေးထားတဲ့ Herbal plant လေးအကြောင်း ပါနေတာမို့ စဉ်းစားစရာတွေဖြစ်လာခဲ့ရပြီ။
ဒီနာမည်ကို ဘယ်သူ့ကိုပြောပြရသေးလို့လဲ?

¤

"ဒေါက်တာ၊ ကျွန်တော်ဒီမှာ"

ဆေးရောင်ခပ်မွဲမွဲ တိုက်ခန်းတွဲလေးတွေရဲ့ထောင့်ကနေ ထွက်လာတဲ့ကောင်လေးကြောင့် Dr. Atreus လှည့်ကြည့်လိုက်မိတော့

"ဒီဘက်မှာထိုင်ပြောရအောင်လေ"

ကလေးကစားကွင်းလေးနားက ခုံတန်းလေးမှာထိုင်လိုက်ကြရင်း ကောင်လေးလှမ်းပေးလာတဲ့ ကော်ဖီခွက်လေးကို Dr. Atreus လှမ်းယူလိုက်တယ်။

"ကျွန်တော်က Wisdom ကိုသိနေလို့ အံ့ဩနေတာလား?"

"ကိုယ် အဲဒီနာမည်ကို ဘယ်သူ့မှမပြောရသေးဘူး။ ချရေးမိတာတောင် တစ်နေရာပဲရှိသေးတာ၊ မင်းဘယ်လိုမှသိနိုင်စရာမရှိတဲ့ နေရာမှာ"

"ဒေါက်တာဆီ ဒီညဖုန်းဝင်လာလိမ့်မယ်၊ Wisdom ကိစ္စပေါ့။ ဘယ်အချိန်မှန်းမသိပေမဲ့ ဒီညပဲဖြစ်မှာပါ။ ဒေါက်တာက Wisdom ကို Brain Cell တွေအတွက်အသုံးချနိုင်ဖို့ ကြိုးပမ်းတာ အောင်မြင်လိမ့်မယ်။ ဒါပေမဲ့ (၂၀၂၅) မှဖြစ်လာမှာ။ ဒီထက်စောပြီး မအောင်မြင်ချင်ဘူးလား?"

"မင်းက Fortune Teller လား? ငါ အဲဒါတွေအယူမသီးတတ်ဘူး ချာတိတ်"

"ကျွန်တော်ပြောတာလေး နားထောင်ပေးပါ။ အခု ဒေါက်တာ့ရဲ့ဆေးမှတ်တမ်းကနေတစ်ဆင့် ဒေါက်တာဖန်တီးတဲ့ဆေးလိုမဟုတ်ဘဲ ဆိုးကျိုးပေးမယ့်ဆေးတစ်မျိုးကို နောက်ပိုင်းကာလတွေမှာ ထုတ်လုပ်လာကြမယ်ဆိုရင် ဒေါက်တာဘယ်လိုခံစားရမလဲ?"

"မင်းက ကိုယ့်ဆေးကိုအန္တရာယ်များတယ်လို့ ပြောတာလား?"

"မဟုတ်ပါဘူး၊ Neuorobot က အရမ်းကိုအသုံးဝင်ခဲ့ပါတယ်။ အဲဒါကိုမှ နောက်လူတွေက လမ်းလွဲလိုက်ပြီး မကောင်းတဲ့ဆေးတစ်မျိုးကို ဖန်တီးကြမှာ၊ ဒေါက်တာ့ဆေးမှတ်တမ်းတွေကနေပေါ့"

"မင်းက တိကျလှချည်လား ချာတိတ်! ကိုယ်ကဘယ်လိုယုံရမှာလဲ?"

"မနက်ဖြန်ကျရင် ဒေါက်တာ့သုတေသနကို တရားဝင်ကမ်းလှမ်းလာကြလိမ့်မယ်"

"ဟုတ်ပြီ၊ မင်းအခုလိုတွေလာပြောနေရတဲ့ ရည်ရွယ်ချက်ကဘာလဲ?"

"အဲဒီရည်ရွယ်ချက်ကို မနက်ဖြန်အထိ သိချင်နေသေးတယ်ဆိုရင် ဒီဖုန်းနံပါတ်ကိုဆက်လိုက်ပါ။ ကျွန်တော်သွားတော့မယ် ဒေါက်တာ"

စာရွက်အပိုင်းလေးပေါ်က ဖုန်းနံပါတ်ကိုကြည့်ရင်း Dr. Atreus  ကျန်နေခဲ့ပြီး Cyrus ကတော့ လှည့်ထွက်လာခဲ့ပြီ။
အမှောင်ရိပ်ကျတဲ့ လမ်းကြားတစ်ခုကနေ Cyrus ဖြတ်အလာ တိုက်ခိုက်သံတွေကြောင့်ကြည့်မိတော့ လူခြောက်ယောက်က တစ်ဘက်ကတစ်ဦးတည်းသောလူကို တိုက်ခိုက်နေကြခြင်း။ တစ်ဘက်လူက အတိုက်အခိုက်တိကျသေသပ်ပေမဲ့ နောက်ဖေးလမ်းကြားမို့ တိုက်နံရံတွေနဲ့ပိတ်မိနေပြီး လူအင်အားလည်းမမျှတော့ ကြည့်ရတာအဆင်ပြေမနေ။ Cyrus တိုက်ခိုက်စရာလက်နက်တစ်ခုခု ရှာကြည့်မိတော့ သံကြိုးတစ်ချောင်းတွေ့လိုက်ရတယ်။ ဆွဲယူလိုက်တဲ့အသံကြောင့် နှစ်ယောက်၊သုံးယောက်က လှည့်ကြည့်လာကြတယ်။ သူဝင်ပါလိုက်ပြီး လမ်းကြားကနေအပြင်ကို လူခွဲထုတ်ဖို့ကြိုးစားလိုက်တယ်။ လမ်းဘက်ကိုရောက်လာတာကြောင့် လှုပ်ရှားရတာအဆင်ပြေလာပြီး နှစ်ယောက်ကလည်း မှောက်သွားခဲ့ပြီ။

လူသတိထားမိလာတဲ့အခြေအနေမှာ အမှတ်တမဲ့ကြည့်မိတော့ Zion. နှစ်ယောက်တစ်ယောက် သတ်ပုတ်နေတဲ့ မျက်နှာမှာဒဏ်ရာတွေနဲ့ သူရဲ့ Sunshine ကို Cyrus ငေးမိလိုက်လို့ တစ်ယောက်ရဲ့လက်သီးချက်ကြောင့်  လည်ထွက်သွားမှ အသိပြန်ဝင်လာမိတယ်။ Cyrus တိုက်ခိုက်ရင်း  Zion ကို နောက်တစ်ခါထပ်ကြည့်မိတော့ ဓားကိုင်ထားတဲ့တစ်ယောက်က Zion ဆီချဉ်းကပ်သွားတာကြောင့်

"ဘေးလူသတိထား Sunshine"

Zion က ချက်ချင်းပဲ လက်နက်နဲ့လူကို တုန့်ပြန်တိုက်ခိုက်နေတုန်း Cyrus သူ့ဘက်ကတစ်ယောက်ကို မှောက်သိပ်လိုက်နိုင်တယ်။ Cyrus က Zion အနားကိုကပ်သွားလိုက်ချိန် ဓားကိုင်ထားသူက Zion ခါးနားကို ဓားနဲ့လှမ်းထိုးတာကြောင့် Zion ခန္ဓာကိုယ်ကိုဆွဲလှည့်လိုက်တဲ့ Cyrus ရဲ့ဗိုက်ဆီကို ဓားကနစ်ဝင်သွားချိန် အဲဒီလူကို Zion က ရိုက်ချလိုက်နိုင်ပြီး ဓားကိုချက်ချင်းပြန်ဆွဲထုတ်လိုက်တဲ့ Cyrus ကလည်း နောက်တစ်ယောက်ရဲ့ခါးစောင်းကို အဲဒီဓားနဲ့ပဲ ထိုးလိုက်နိုင်တယ်။ တစ်ယောက်ပဲအကောင်းအတိုင်းကျန်သူက ဓားဒဏ်ရာနဲ့တစ်ယောက်ကိုတွဲပြီး အလျင်စလိုထွက်သွားသလို Zion က Cyrus ကို တွဲထားလိုက်ပြီး

"ဆေးရုံသွားရအောင်"

"သိပ်မနက်ပါဘူး၊ ကိုယ့်ဘာသာလုပ်လို့ရတယ်။ ဓားဒဏ်ရာဆိုရင် စကားရှည်နေလိမ့်မယ်"

"မဖြစ်ဘူးထင်တယ်"

"ကျွန်တော့်ကို လိုအပ်တဲ့ဆေးပဲဝယ်ပေးခဲ့ပါ"

"ဟာကွာ၊ ငါနဲ့ပြန်လိုက်ခဲ့"

ပြောပြီး Zion က အပေါ်အင်္ကျီတစ်ထပ်ကိုချွတ်လို့ Cyrus ခါးမှာ ပတ်ချည်ပေးလိုက်တယ်။

"ကျေးဇူးတင်ပါတယ်"

"လမ်းထိပ်နားလေးအထိ လျှောက်နိုင်တယ်မဟုတ်လား? Cab ငှားရမယ်"

"ဟုတ်"

¤

Zion က ရေနွေးယူလာပြီး ဒဏရာကိုဆေးပေးရင်း Cyrus က ထုံဆေးကို ဆွဲထုတ်ပြင်ဆင်နေတယ်။

"ပေးစမ်းပါ၊ ငါလုပ်ပေးမယ်။ ဒဏ်ရာချုပ်ဖို့မဟုတ်လား? ပေး၊ ငါ့ကို"

သပ်သပ်ရပ်ရပ်နဲ့ တိတိကျကျအဆုံးသတ်၊ ပတ်တီးစည်းပြီးချိန်မှာ Cyrus က

"ခင်ဗျား ဒါတွေဘယ်လိုတတ်တာလဲ?"

"ရည်းစားဟောင်း ဆရာဝန်ဆီက"

အဲဒါဆို Dr. Atreus က ... မဟုတ်နိုင်ပါဘူး။

"မျက်နှာကဒဏ်ရာတွေ ကျွန်တော် ဆေးထည့်ပေးမယ်လေ"

"အင်း"

"ဘယ်လိုလုပ်ပြီး အဲ့ဒီလူတွေနဲ့ဆုံတာလဲ?"

"ဆေးရုံဆင်းလာတဲ့ဝန်ထမ်းတစ်ယောက်ဆီ သတင်းသွားမေးပြီး မြန်အောင်လို့တိုက်နောက်ကဖြတ်တာ သူတို့ကပိုက်ဆံလုဖို့လုပ်တာပဲ။ ငါထုတ်ပေးတော့ ဝန်ထမ်းလေးကိုပေးခဲ့လို့ နည်းနည်းပဲကျန်တာကို မယုံဘဲနဲ့ ပြဿနာရှာလို့ ခုလိုဖြစ်တာ။ မင်းကိုကျေးဇူးတင်ပါတယ်၊ နားလိုက်ဦး"

"ဒီအခန်းက?"

"ငါဒီမှာအိပ်တဲ့အချိန် သုံးတဲ့အခန်းပါ။ မင်းအေးအေးဆေးဆေးနား၊ ငါ တခြားအခန်းသုံးလိုက်မယ်"

¤

"မင်း အဲဒါဘယ်လဲ?"

"ကျွန်တော် သွားတော့မယ်၊ အလုပ်တွေရှိသေးတယ်။ အချိန်က သိပ်မရှိဘူးလေ"

"မင်းဇာတ်လမ်းက ဇာတ်မသိမ်းသေးဘူးလား?"

"ခွင့်ပြုပါဦး Sunshine"

မယုံကြည်တဲ့လူကို ထပ်ရှင်းပြမနေတော့ဘူး။ ကျွန်တော်နဲ့ခင်ဗျား ဘယ်သူကမှဘယ်သူ့အပေါ် အကြွေးမရှိတော့ဘူးထင်ပါရဲ့။

"မင်းမှာဒဏ်ရာနဲ့လေ၊ ဘာလို့ ခဏလောက်တောင်ငြိမ်ငြိမ်မနေတာလဲ?"

"အချိန်မရလို့ပါ၊ ကျွန်တော်သွားတော့မယ်"

တားမရဘဲထွက်သွားပြန်ပြီ။ ဘယ်လိုကောင်လေးလဲ? ငါ့အတွက်နဲ့ဒဏ်ရာရထားလို့ တားနေတာကိုကွာ။

¤

*Ring Ring Ring*

"ဒေါက်တာ ကျွန်တော်နဲ့တွေ့ချင်သွားပြီမဟုတ်လား?"

"စာပို့လိုက်မယ်၊ အဲဒီလိပ်စာအတိုင်း လာခဲ့ပါ"

သူရဲ့ Private Laboratory ဆီခေါ်တာပဲ။

.

"ဒေါက်တာ ကျွန်တော်ဒီရှေ့ရောက်နေပြီ"

"ငါထွက်လာခဲ့မယ်"

ဧည့်ခန်းနေရာလေးမှာထိုင်လိုက်ကြပြီး ကြိုပြင်ပေးထားတဲ့ အကောင်းစားကော်ဖီတစ်ခွက်ရယ်၊ Gingerbread ရယ်နဲ့ ဧည့်ခံလာတယ်။

"မင်းအကြောင်းပြောသင့်ပြီထင်တယ်"

"ကျွန်တော်က Cyrus Cruz ပါ။ သက္ကရာဇ် (၂၁၃၂) ခုနှစ်ကနေ လာခဲ့တာပါ"

"ဘယ်လို? မင်းဘာပြောတာလဲ?"

"ဟုတ်ပါတယ်၊ ကျွန်တော်ရှင်းပြပါ့မယ်"

Cyrus အစအဆုံးရှင်းပြအပြီးမှာပဲ Dr. Atreus က မယုံနိုင်သလိုတွေ ဖြစ်လာခဲ့တယ်။

"မဖြစ်နိုင်တာကြီးကို ငါက ဘယ်လိုယုံရမှာလဲ?"

"ကျွန်တော်တို့ ဒေါက်တာ့ကို အချိန်မရွေးလုပ်ကြံလို့ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဖြစ်စေချင်တာက အဲဒီဆေးမှတ်တမ်းမရှိရင် သူတို့ဆက်လုပ်ဖို့မဖြစ်နိုင်တော့ဘူးမို့ ဆေးဝါးထုတ်လုပ်ခွင့်ရပြီးရင် ဒေါက်တာရဲ့ Research တချို့ကိုထိန်ချန်ပြီး တရားဝင်မှတ်တမ်းလုပ်တဲ့အခါ ထည့်မရေးဖို့ပါ။ ကျွန်တော်ပြောတာ သဘောပေါက်ရဲ့လားမသိဘူး"

"မင်း ဘယ်လိုသက်သေပြနိုင်လဲ?"

"ဒေါက်တာ့သုတေသနခွင့်ပြုမိန့်အမှတ်ကို ကျွန်တော်ရွတ်ပြနိုင်တယ်။ မဟုတ်ဘူး၊ Laboratory ကနေ တစ်ဆင့်တင်လိုက်တဲ့ စာတမ်းရဲ့စာနံပါတ်ဖြစ်ဖြစ်ပေါ့"

"ဒါတွေက အတွင်းကျကျလူမှသိနိုင်မှာပေမဲ့ အဲဒီလောက်က ..."

"ဒါဆို ဒီည ***** League ဘောလုံးပွဲရလဒ်တွေ ကျွန်တော်မှတ်လာတယ်။ လိုရမယ်ရဆိုပြီး တစ်ပတ်စာမှတ်လာတာ။ ပြောပြရမလား? ဒီညအတွက်လေးပွဲစာ ကျွန်တော်မှတ်မိတယ်။ အနည်းဆုံးတော့ ကျွန်တော်က အနာဂတ်ကလာတယ်ဆိုတာကို သက်သေပြနိုင်မယ်လေ"

ဘောလုံးပွဲရလဒ်တွေ စောင့်ကြည့်ဖို့ Atreus ဆုံးဖြတ်လိုက်ပြီးချိန်မှာ ဖုန်းမြည်သံကြောင့်ကြည့်မိတော့ သူမသိတဲ့နံပါတ်။ အသံပိတ်ထားလိုက်ပြီးမကိုင်ဘဲထားတော့ ဖုန်းကျသွားပြီးထပ်ခေါ်ပြန်တယ်။ သုံးကြိမ်မြောက်မှာ ဖုန်းကိုင်လိုက်တော့

"Chaos"

"မင်း ... Smiley?"

"ဟုတ်ပါတယ်၊ ကျွန်တော် Chaos နဲ့တွေ့ချင်လို့"

"ဘယ်လောက်ကြာခဲ့ပြီလဲ? အချိန်မှန် စာတွေရောက်လာတာကလွဲရင် မင်းဆိုတာက ဘာမှန်းတောင် ကိုယ်မမှတ်မိတော့ဘူးလေ"

"ကျွန်တော်ကတော့ Chaos သတင်းတွေကို စောင့်ကြည့်နေခဲ့တာပါ။ ကျွန်တော်လာတွေ့လို့ရလား?"

"ကိုယ်မအားဘူး"

Atreus ဖုန်းချပစ်လိုက်တော့ စာရွက်တစ်ရွက်ပေါ် ဘာတွေချရေးနေမှန်းမသိတဲ့ Cyrus က

"ဒေါက်တာကိစ္စလေးတွေရှိမယ်ထင်တယ်၊ ကျွန်တော်တို့ မနက်မှပြန်ဆုံမယ်လေ။ ဒါက ဒေါက်တာ့သုတေသနနဲ့ပတ်သက်ပြီး လူတိုင်းမသိနိုင်တဲ့ အချက်အလက်တွေ။ ကျွန်တော် ဒေါက်တာ့မှတ်တမ်းတွေကိုဖတ်ပြီး မှတ်လာခဲ့တာ"

"ကိုယ့်အတွက်မယုံနိုင်စရာတွေမို့ ကိုယ်ဆက်သွယ်တဲ့အထိ စောင့်ပေးပါ"

"ဒေါက်တာမယုံပေမဲ့ တကယ်များဖြစ်နေရင်ဆိုတဲ့အတွေး တွေးပေးပါ။ ကျွန်တော်တို့ရဲ့အသက်တွေက ဒေါက်တာ့ဆုံးဖြတ်ချက်ပေါ်မှာ မူတည်နေလို့"

အပြင်အထိလိုက်ပို့ပေးဖို့ထွက်လာတဲ့ Atreus. နောက်ကနေ ထွက်လိုက်လာတဲ့ Cyrus. အဆောက်အဦဘေးကနေထွက်လာတဲ့ လူတစ်ယောက်။

"Chaos"

"Sunshine"

ခေါ်သံကြောင့် Atreus ရှေ့ကိုကြည့်လိုက်ပြီးမှ နောက်ဘက်က Cyrus အသံကြောင့် ပြန်လှည့်ကြည့်မိတယ်။ Cyrus က Zion ကိုကြည့်ပြီး Sunshine လို့ခေါ်လိုက်တာလား?

"မင်း ဘာလာလုပ်နေတာလဲ Cyrus? ဒေါက်တာနဲ့ဝေးဝေးနေလို့ ငါပြောထားတယ်လေ"

"Cyrus နဲ့သိတာလား? သူ ကိုယ့်ကို ဘာမှဒုက္ခမပေးပါဘူး။ သူပြန်ပါစေ"

"မင်းနဲ့ငါ စာရင်းရှင်းရမယ် Cyrus"

"ကျွန်တော်စောင့်နေပါ့မယ် Zion"

"Chaos, သူဘာတွေလာပြောနေတာလဲ?"

"ရောက်မှတော့ အထဲဝင်ခဲ့လေ"

ဧည့်ခန်းမှာထိုင်လိုက်ကြတော့ Atreus က Cyrus ရေးပေးထားခဲ့တဲ့စာရွက်ကို ဖိုင်တွေထဲကောက်ထည့်ပြီး ကော်ဖီခွက်နဲ့မုန့်ပန်းကန်တွေသိမ်းရင်း

"Juice ယူခဲ့မယ်၊ ခဏစောင့်"

"ကော်ဖီပဲပေးပါ"

"အကြိုက်ပြောင်းသွားတာလား?"

"သူများတွေအတွက်ပဲ ဖျော်ပေးတာမျိုး အဖြစ်မခံဘူး။ အဲဒီအတိုင်းလေးပဲ ဖျော်ပေးပါ"

Zion က Cyrus သောက်သွားတဲ့ ကော်ဖီခွက်ကိုကြည့်ရင်းပြောတော့ Atreus ပြုံးလိုက်မိတယ်။ သူ့ Smiley ရဲ့ အူတိုတဲ့အကျင့်ဟာ မပြောင်းသွားသေးဘူး။

"နှစ်နှစ်ရှိပြီ၊ ကိုယ် ဘယ်လိုတွေးရမှန်းမသိဘူး"

"Silent လေ။ တစ်ပတ်ပဲတွဲပြီး တစ်လလောက်အဆက်အသွယ်ဖြတ်သွားတဲ့သူကိုတော့ ကျွန်တော်က နေ့တိုင်းမေ့မရခဲ့ဘူး"

"ကိုယ်သေချာရှင်းပြဖို့ လာရှာတော့ မင်းကစာတစ်စောင်ပဲထားခဲ့ပြီး ပျောက်သွားတယ်"

"လတိုင်းတော့ စာတွေပို့ပြီး ဘယ်ရောက်နေလဲ ပြောပြခဲ့ပါတယ်။ ထားလိုက်ပါ၊ ဟိုကောင်လေးနဲ့ ဝေးဝေးနေတာကောင်းမယ်။ ကျွန်တော့်ကိုသဘောကျနေတာ ကျွန်တော်ကငြင်းလိုက်လို့ Chaos ကို သက်သက်မဲ့အကြောင်းရှာကပ်နေတာ"

"ဪ၊ အဲဒီလိုလား။ ဒါကြောင့် ပေါက်ကရတွေပြောပြီး Attention ရှာနေတာကိုး"

Zion ရဲ့ သဝန်တိုသလိုအပြောတွေ၊ အလွမ်းသယ်နေတဲ့စကားလုံးတွေကြား Atreus တစ်ယောက် ရယ်မောရင်း ဘောလုံးပွဲရလဒ်တွေလည်း သတိမရခဲ့သလို မှန်အပြည့်ကာထားတဲ့အပေါ်ထပ်ဧည့်ခန်းရဲ့ လိုက်ကာစမချထားတဲ့အခြမ်းကို ခပ်လှမ်းလှမ်းတစ်နေရာကနေ စောင့်ကြည့်နေတဲ့ ခပ်နွမ်းနွမ်းမျက်ဝန်းတစ်စုံလည်း ရှိနေခဲ့ပါတယ်။

¤

"ကိုယ်က ဘာလို့လုပ်ပေးရမှာလဲ? မင်းပြောနေတာတွေက ယုတ္တိမရှိဘူး"

"ကျွန်တော် အမှန်တွေပြောနေတာပါ ဒေါက်တာ"

"မင်း ဆက်နှောင့်ယှက်နေမယ်ဆိုရင် ကိုယ်ရဲတိုင်ရလိမ့်မယ် Cyrus"

"ကျွန်တော်နှောင့်ယှက်တာမဟုတ်ပါဘူး"

"မင်း ဘာတွေသွားရှုပ်နေတာလဲ Cyrus?"

"Sunshine, ကျွန်တော် ဒေါက်တာ့ကိုဘာမှမရှုပ်ပါဘူး။ ကျွန်တော်ပြောတာယုံပါ"

"မင်း လာခဲ့"

"ခဏ၊ ခဏလေးပါ Sunshine, ဒေါက်တာ့ကို သေချာရှင်းပြရဦးမယ်"

"မင်းထွက်သွားပါ ချာတိတ်"

"ဒေါက်တာ ... ကျွန်တော် ..."

"ငါနဲ့လိုက်ခဲ့စမ်း Cyrus"

"Smiley, စိတ်လိုက်မာန်ပါတွေမလုပ်နဲ့"

Zion နဲ့ Cyrus ထွက်လာခဲ့ကြပြီး လမ်းကြားတစ်နေရာအရောက်

"မင်းနေရာမင်းပြန်တော့ Cyrus. ငါ မင်းကိုမသတ်ချင်ဘူး"

"အဟား၊ ဒေါက်တာ့ကို သိပ်ချစ်တာပဲလား? သူ့ကိုနှောင့်ယှက်တဲ့လူဆို သတ်ပစ်ချင်လောက်အောင်လေ"

"မင်းကိုငါ Dr. Atreus ရဲ့ချစ်သူရည်းစားအနေနဲ့ ပြောနေတာမဟုတ်ဘူး။ Captain Zero အနေနဲ့ ပြောနေတာ"

"Zero? ဒါဆိုခင်ဗျားက ... ဟား ... General ကကျွန်တော့်ကိုသတ်ပစ်ဖို့ လွှတ်လိုက်တာပေါ့။ ကျွန်တော့်အဖေကို သတ်သလိုလေ"

"မင်းကိုတားဖို့ပဲ ငါတောက်လျှောက်ရှိနေခဲ့တာ။ မင်းကိုသတ်ပစ်ချင်မှတော့ (၂၀၂၅)မှာတည်းက မင်းအသက်မရှိတော့ဘူး။ အဲဒီလိုဆိုရင် (၂၀၂၀) ကိုသွားပြီးလည်း Atreus ကို ချစ်ရေးဆိုပြီး စာတွေပုံမှန်ပို့ဖို့ စီစဉ်စရာမလိုဘူး။ ဒီကိုလာပြီး Guest House ပိုင်ရှင်လုပ်နေစရာလည်း မလိုဘူးပေါ့"

"ဟား ဟား၊ ကျွန်တော်ဘယ်လိုရူးတာလဲ? ခင်ဗျားလှည့်သမျှထဲ အရူးဖြစ်နေတာပဲ။ ကျွန်တော့်အဖေကိုသတ်တဲ့လူကိုမှ ကျွန်တော်ကချစ်မိတာလေ။ သွက်သွက်ခါအောင်ကို ရူးတာ။ အခု ကျွန်တော့်ကို သတ်လိုက်ပါလား"

"မသတ်ချင်လို့ မင်းကိုပြန်ခိုင်းနေတာလေ။ ပြန်တော့ Cyrus"

"ဒေါက်တာ့ကို နားချနိုင်မှဖြစ်မှာ"

"ငါ့ရှေ့ကထွက်သွားတော့"

နှင်ပြန်ပြီနော်။ သွားပါ့မယ်၊ ကျွန်တော့်နှလုံးသားကို ထားခဲ့ပြီးတော့ပေါ့။

Cyrus လှည့်ထွက်လိုက်ချိန် Zion တစ်ချက်လှုပ်ရှားလိုက်တော့ ခွေကျသွားတဲ့ Cyrus.

¤

ငါ့အဖေရဲ့လုပ်ရပ်တွေကို ငါဘာမှဝင်မစွက်ဖက်ခဲ့ဘူး။ သားတစ်ယောက်အနေနဲ့ သူ့စိတ်တိုင်းကျရှင်သန်ရင်း ငါ့လက်တွေလည်း သွေးစွန်းနေပြီ။ ဒီတစ်ခေါက်ကိစ္စမှာလည်း သမ္မတရဲ့သက်တော်စောင့်တစ်ယောက်ကို ငါသတ်မိတယ်၊ အရမ်းအရည်အချင်းရှိတဲ့လူတစ်ယောက်။ ငါနှမြောမိပါရဲ့။ သူ့အလောင်းနားထိုင်ပြီး မျက်ရည်တွေကျနေတဲ့ကောင်လေးကို ငါမမြင်ရခင်အထိ ငါဟာ အဖေ့လက်ထဲက စက်ရုပ်တစ်ရုပ်ပဲ။

တစ်သက်လုံးစကားနားထောင်လာတဲ့ငါ့ကို အဖေ ဒီတစ်ခါလိုက်လျောခဲ့ရတယ်။
Mr. Cruz ရဲ့သားလေး (၂၀၂၀) ခုနှစ်တွေဆီအလည်သွားရင် ငါလိုက်တားပြီး သူ့ရည်ရွယ်ချက်တွေကို ဖျက်ဆီးဖို့ပေါ့။ သူ့အဖေရဲ့အသက်ကို ဖျက်ဆီးမိခဲ့တဲ့ငါက ငါ့နှလုံးသားကိုငါကယ်တင်ဖို့အတွက် Cyrus Cruz ဆိုတဲ့ကောင်လေးနောက်ကို တကောက်ကောက်လိုက်ခဲ့တာ။ အဲဒီလိုမှမဟုတ်ရင် ငါ့အဖေက တခြားတစ်ယောက်လွှတ်ပြီး သတ်ပစ်လိမ့်မယ်။

Chaos တဲ့လေ။
မင်းမျက်ရည်တွေကပဲ ငါ့ကမ္ဘာကိုရေလွှမ်းစေခဲ့တာပါ။ မင်းငိုသံတွေကပဲ ငါ့ကမ္ဘာကို တုန်လှုပ်စေခဲ့တာ။ Atreus ကိုငါပြောဖူးတဲ့ Butterfly Effect ဟာ မင်းနဲ့မှအသက်ဝင်တာပါ Cyrus Cruz.

¤¤¤¤¤

AD 2132

ငါ ဘယ်လိုပြန်ရောက်နေတာလဲ? Zion ပြန်ပို့လိုက်တာလား? သူ့ကိုကျောခိုင်းလိုက်တော့ နောက်ကနေရိုက်ချလိုက်တာ Zion ပဲ။

"သတိရပြီလား? မင်းကို စခန်းရှေ့မှာလဲနေတာတွေ့တာ။ ခါးမှာ ဓားဒဏ်ရာက ဘာဖြစ်တာလဲ?"

"အဲဒါက သက်သာနေပါပြီ။ ကျွန်တော်ပြန်သွားပါရစေ Chief"

"မဖြစ်ဘူးလေ"

"သွားမှဖြစ်မယ်၊ ဒေါက်တာ့ကို ပြောလို့ရတော့မှာ။ အခု ဘယ်ကနေပြန်ရောက်လာတယ်ဆိုတာကို ကျွန်တော်ရှင်းပြပါ့မယ်"

"ငါသိပြီးပြီ၊ Zero ဘက်ကပြောပြတယ်။ နောက်တစ်ခါဆိုရင် သူ့ဘက်က သူ့တာဝန်သူလုပ်ရမယ်တဲ့"

"ကျွန်တော်လည်း ကျွန်တော့်တာဝန်ရှိတယ်လေ"

¤¤¤¤¤

AD 2022

"မင်းပြန်လာတာကို ငါက မသိတော့ဘူးတဲ့လား? မင်းကိုပဲထပ်လွှတ်သေးတယ်နော်"

"Sunshine! ကျွန်တော်တို့ အခုလိုပဲ ထိပ်တိုက်တွေ့နေတော့မှာလား?"

"Butterfly ... အ!"

Zion က ရုတ်တရက်ကြီးခေါ်လိုက်ပြီး ဆွဲဖက်ကာလှည့်ပစ်လိုက်တာမို့ Cyrus အံဩသွားချိန် Zion ညည်းသံတိုးတိုးနဲ့အတူ ခန္ဓာကိုယ်က Cyrus ပေါ်ပြိုကျလာတယ်။

ဒါ Sniper လက်ချက်။ Sunshine က ကယ်လိုက်တာဆို ဘာလို့ငါ့ကိုလာမထိသေးတာလဲ?

"Sunshine, သတိထားပါဦး"

"ရှေ့ဆက်ပြီး သတိကြီးကြီးထားပါ၊ ကိုယ့်ရဲ့လိပ်ပြာလေး"

¤

"ဒေါက်တာ"

"မင်းရောက်လာပြီလား? ထိုင်ပါဦး။ ကိုယ် မင်းပေးခဲ့တဲ့စာရွက်လေးကို သိမ်းထားပြီး ထုတ်မကြည့်ဖြစ်ခဲ့ဘူး။ ကိုယ်နာမည်ပေးခဲ့သမျှတွေရယ်၊ အခုနောက်ပိုင်းမှ ကိုယ့်ဆီရောက်လာတဲ့ စာနံပါတ်တချို့ရယ်၊ တခြား Code တွေရယ်က အဲဒီအချိန်မှာ ရေးတောင်မရေးရသေးတာတွေလေ။ ဒါတွေကို မင်းကကြိုသိနေတော့ ကိုယ် မင်းစကားကို ယုံရတော့မယ်ထင်တယ်"

"ကျွန်တော်မညာပါဘူး"

"ဒါဆို Zion က ကိုယ့်ကိုညာတာလား?"

"ဘာဖြစ်လို့လဲ ဒေါက်တာ"

"မင်းကသူ့ကိုကြိုက်နေတာကို သူကငြင်းလိုက်လို့ ကိုယ့်ဆီတမင်ချဉ်းကပ်တာတဲ့"

"ကျွန်တော် သူ့ဆီကနေတစ်ဆင့် ဒေါက်တာ့ဆီရောက်လာတယ်ဆိုတာကလေ သူတို့ Restaurant က အစားအသောက်ပို့တာမို့ အခွင့်အရေးရမလားလို့ အလုပ်ဝင်လုပ်ရင်း သူနဲ့သိတာပါ။ သူနဲ့ဒေါက်တာရဲ့ ပတ်သက်မှုကို ကျွန်တော်တကယ်မသိပါဘူး။ ဒါပေမဲ့ ကျွန်တော့်နောက်ကြောင်းကို ညာပြောခဲ့တာ သူသိသွားတော့ သူ့ကိုကြိုက်နေလို့ချဉ်းကပ်ခဲ့တာပါလို့ ကျွန်တော်ပြောခဲ့တယ်။ နောက်တော့ ဒေါက်တာ့နားမှာ ကျွန်တော့်ကိုတွေ့တော့ သူအထင်လွဲသွားတာ။ ကျွန်တော့်ဘဝအကြောင်းက အမှန်အတိုင်းပြောပြလို့မှမရတာ ဒေါက်တာရယ်။ သူ ဒေါက်တာ့ကို မညာခဲ့ပါဘူး။ သူမသိခဲ့တာပါ"

"ချာတိတ်၊ မင်းပြောတာအမှန်ဆိုရင် ကိုယ်က ဆေးမှတ်တမ်းတွေရဲ့ တချို့အပိုင်းတွေကို ချန်ထားခဲ့ရုံပဲလား?"

Cyrus က သူမှတ်သားခဲ့သမျှတွေ ရှင်းပြခဲ့တဲ့အခါမှာတော့ Atreus တအံ့တဩဖြစ်ခဲ့ရတယ်။ ဒီကောင်လေးက ဒီလိုတွေအထိတတ်ကျွမ်းနေတာ မယုံနိုင်စရာ။

"မင်းက ဒီပညာတွေလည်း တတ်တာလား?"

"မဟုတ်ပါဘူးဗျာ။ ဒေါက်တာ့မှတ်တမ်းတွေကို အလွတ်နီးပါးမှတ်ခဲ့လို့ ကျွန်တော်ပြန်ပြောနိုင်တာပါ။ ဆေးပညာနဲ့ပတ်သက်ရင် တိုက်ပွဲမှာအရေးပေါ်အနေနဲ့ ဘာတွေလုပ်ပေးရမယ်ဆိုတာပဲ ကျွန်တော်သိတာပါ။ အဲဒါတွေတောင် ဘယ်လိုမှစက်ပစ္စည်းမရနိုင်မှ ထုတ်သုံးနိုင်အောင် သင်ထားခဲ့ကြတာပါ။ ထုတ်သုံးတဲ့ဆီမရောက်လောက်အောင် စက်ပစ္စည်းကိရိယာတွေက တွင်ကျယ်နေတဲ့ခေတ်မှာ အဲဒီအခြေခံတွေကလည်း မသုံးဖြစ်သလောက်ပါပဲဗျာ။

ဒီဆေးဝါးနည်းပညာတွေကို သိနေတာတော့ ဒေါက်တာမအံ့ဩပါနဲ့၊ အဲဒါက ဒေါက်တာ့အတွေးနဲ့ ဒေါက်တာချပြခဲ့တဲ့ပညာရပ်တွေပါ။ အခုအတိုင်းဆိုရင် ဒေါက်တာနောက်နှစ်မှာပဲ ဆေးကိုထုတ်နိုင်မှာပါ။ သမိုင်းကြောင်းမှာတော့ ဆေးထွက်လာတဲ့အချိန် နှစ်နှစ်လောက်စောရုံနဲ့ ဘာမှဖြစ်မသွားနိုင်ပါဘူး။ ဒီအပိုင်းကို ဒေါက်တာဖျက်ထားပေးရမှာပါ"

"အဲဒီအပိုင်းဖျက်လိုက်ရင် ကိုယ့် Research က ဘာသုံးတော့မလဲ?"

"လူတွေကို နှစ်နှစ်လောက်စောကယ်နိုင်လို့ အသက်တွေအများကြီးရှင်သန်နိုင်မှာနဲ့ လဲပေးလို့မရဘူးလား ဒေါက်တာ"

"နှမြောဖို့ကောင်းလွန်းတယ်"

"ကျွန်တော်တွေးမိပါတယ်။ ကိုယ့်ရဲ့ Materpiece ကို ချပြခွင့်မရတာ ဒေါက်တာ့အတွက် မလွယ်ဘူးလေ။ (၂၀၂၅) မှာ ကျွန်တော်ဒေါက်တာ့ကို ဘယ်လိုမှနားမချနိုင်ခဲ့ဘူး"

"အောင်မြင်လာခဲ့ရင် လူတွေက အဲဒီထဲနစ်သွားကြတာပေါ့။ ကိုယ်လက်ခံပါတယ်၊ တကယ်အရေးကြီးတဲ့ တချို့အပိုင်းတွေမပါရင် ဆေးထုတ်လုပ်ရေးမှာ သူတို့တွေးတဲ့ဘက်အထိ မရောက်နိုင်ပါဘူး"

"ကျေးဇူးတင်ပါတယ်။ တကယ်ကျေးဇူးတင်ပါတယ်ဗျာ။ ဒါဆို ကျွန်တော်အလျင်လိုနေလို့ ခွင့်ပြုပါဦး"

"အချိန်မရဘူးလား? မင်း နောက်ဆုံးတစ်ကြိမ်ထပ်လာရင် ကိုယ်တို့အတူ သွားသောက်ရအောင်"

"ဟုတ်ကဲ့ပါ"

စိတ်မကောင်းပါဘူး ဒေါက်တာ။ နောက်နေ့မှာ Solar System Guest House ပိုင်ရှင် Zion Aelius ရဲ့နာရေးသတင်းကြားရရင် အရမ်းကြီးတော့ စိတ်မထိခိုက်လိုက်ပါနဲ့။
ကျွန်တော်တို့ကို ခွင့်လွှတ်ပါ။

¤
¤
¤

AD 2***

"Sunshine, ခင်ဗျားဘယ်မှာလဲ? Sunshine, လာဦးဗျ၊ ကျွန်တော့်ကိုကူသယ်ပေးဦး"

"အဲ ... ဘယ်လိုတွေဖြစ်လာတာလဲကွာ။ ကိုယ့်လိပ်ပြာလေးတော့ တစ်စစီဖြစ်ကုန်တော့မှာပဲ"

"ပစ္စည်းတွေကူသယ်ရင်ရပြီ။ အဲဒီလိပ်ပြာဆိုတာကြီး မခေါ်စမ်းနဲ့ဗျာ"

"ဟား ဟား၊ ဟုတ်ပါပြီ နေမင်းလေးရေ"

Dr. Atreus ရေ၊ ကျွန်တော်ရဲ့ငါးကြိမ်မြောက်နဲ့၊ နောက်ဆုံးအချိန်ခရီးသွားခြင်းက ခင်ဗျားရဲ့ Smiley အတွက်သုံးလိုက်တယ်ဆိုရင် ကျေနပ်မှာပါနော်။

¤¤¤¤¤

AD 2022

"Sunshine, ခင်ဗျားသတိထားဦးလေ"

"Cyrus"

ခေါ်သံကြောင့် နောက်ကိုပြန်လှည့်ကြည့်လိုက်တဲ့ Cyrus ရဲ့ရင်ခွင်ထဲမှာတော့ သွေးတွေရွှဲနစ်နေတဲ့ Zion တစ်ဖြစ်လည်း Cap. Zero က အသက်ငွေ့ငွေ့ကို ရှူသွင်းလို့။

"Sergeant Phillips, ခင်ဗျားလိုက်လာတာလား?"

"General က မင်းကိုသတ်ဖို့ လူတွေထပ်လွှတ်လိုက်တယ်။ နှစ်ယောက်ကိုတော့ စောစောစီးစီးဖြုတ်လိုက်ပေမဲ့ Shooter တစ်ယောက်လွတ်သွားလို့ ငါလိုက်လာတာ။ အခုတော့ ကျသွားပါပြီ။ မင်း Dr. Atreus ဆီသွားလိုက်ပါ"

ဒါဆို General လွှတ်လိုက်တဲ့ Sniper သမားရဲ့ကျည်ကို Zion က Cyrus အစားဝင်ခံပေးခဲ့တာပေါ့။
Phillips ပြန်လှည့်သွားတဲ့အချိန်မှာ Zion ကိုကြည့်မိတယ်။

"Sunshine, ဘာလို့လဲ၊ ဘာလို့ အခုလိုလုပ်ရတာလဲ?"

"ချစ် ... လို့"

"အား ဟား ... ခင်ဗျားရာ၊ မတန်လိုက်တာ"

"Take care ... yourse ..."

"Sunshine, Sunshine! Stay with me. Please, stay with me."

Cyrus ဘယ်လိုခေါ်ခေါ် Zion ကတော့ အလှုပ်အရှားကင်းမဲ့ကာ ငြိမ်သက်လို့။ Zion ကိုပွေ့ထားရင်း ငိုနေခဲ့တဲ့ Cyrus က ခဏအကြာမှာ မျက်ရည်တွေသုတ်လိုက်ပြီး Zion ခန္ဓာကိုယ်ကို ပွေ့ယူသွားပါတယ်။

¤

"ကျေးဇူးတင်ပါတယ်။ တကယ်ကျေးဇူးတင်ပါတယ်ဗျာ။ ဒါဆို ကျွန်တော်အလျင်လိုနေလို့ ခွင့်ပြုပါဦး"

"အချိန်မရဘူးလား? မင်း နောက်ဆုံးတစ်ကြိမ်ထပ်လာရင် ကိုယ်တို့အတူ သွားသောက်ရအောင်"

"ဟုတ်ကဲ့ပါ"

Dr. Atreus နဲ့ သဘောတူညီမှုရပြီးနောက် Cyrus ပြန်ထွက်ခဲ့တယ်။

"ကျွန်တော့်ကိုခဏစောင့်ပါ Sunshine"

¤¤¤¤¤

AD 2132

"Congratulations, Cyrus!"

"Chief, ကျွန်တော်နဲ့ Sergeant Phillips (၂၀၂၂) ကို ပြန်မရောက်သွားခင် ရှေ့တစ်နာရီလောက်ဆီ ကျွန်တော့်ကိုပြန်ပို့ပေးပါ"

"ဒီကိစ္စက မဖြစ်နိုင်တာပဲ"

"ကျွန်တော် ဒီတစ်ခုပဲတောင်းဆိုတာပါ"

"မင်းကွာ ..."

"ကျွန်တော်တာဝန်ယူတယ်။ Zero ရော Zion ရော ပြန်ပေါ်မလာစေရပါဘူး။ ကျွန်တော့်ကို ထပ်ယုံပေးပါနော်"

"မင်းကရော?"

"ကျွန်တော့်ကို ဒီတာဝန်ပြီးရင် နားချင်နားပါဆို?"

"အင်း၊ ငါ ဘာပြောရမလဲ ကောင်လေး။ ကောင်းပါပြီ၊ May God bless you."

¤¤¤¤¤

AD 2022

Cyrus တို့ရောက်လာမယ့်နေရာဆီ Zion ဦးတည်လိုက်ပါတယ်။ လမ်းမကြီးပေါ်ကနေ လမ်းကြားထဲမရောက်ခင်လေးမှာ လူကြီးတစ်ယောက်နဲ့တိုက်မိပြီး

"အ!"

"ဟာ၊ Sorry ကောင်လေး။ အရမ်းပူသွားလား? ကော်ဖီတွေက အရမ်းပူနေတာ"

"ရပါတယ်ဗျာ၊ နည်းနည်းပါ"

"အင်္ကျီက အရမ်းစိုသွားပြီ။ ရာသီဥတုကအေးနေတာ အပေါ်တစ်ထပ်မပါဘဲလည်း အဆင်မပြေဘူးလေ။ ဒီလိုလုပ် ဒါလေးဝတ်သွားပါလား?"

"နေပါစေ၊ ကျွန်တော်သွားစရာလေးရှိလို့ ခွင့်ပြုပါဦး"

"လဲဝတ်လိုက်ပါ၊ လူကြီးတစ်ယောက်ကို စိတ်ချမ်းသာအောင်လုပ်ပေးတယ်လို့ သဘောထားပေါ့"

"အာ ... ဟုတ်ကဲ့ပါ။ ကျွန်တော်လဲဝတ်လိုက်ပါ့မယ်"

Zion က လူကြီးပေးတဲ့အပေါ်ဝတ်ကို အလျင်အမြန်လဲဝတ်လိုက်ပြီးချိန်

"ကျေးဇူးတင်ပါတယ် ကောင်လေး။ သွားစရာရှိတာသွားတော့လေ၊ နောက်ကျနေမယ်"

"ဟုတ်ကဲ့၊ ခွင့်ပြုပါဦး"

ပြေးထွက်သွားတဲ့ Zion ကိုကြည့်ပြီး လူကြီးကပြုံးလိုက်ကာ

"ခဏနေမှရောက်လာမယ့် ကျွန်တော့်ကို အေးအေးဆေးဆေးသွားတွေ့ပြီး ကယ်ပေးလိုက်ပါ Sunshine"

¤

Zion တစ်ယောက် Cyrus ကိုကြာကြာမစောင့်လိုက်ရဘဲ Cyrus ရောက်လာတာကြောင့်

"မင်းပြန်လာတာကို ငါက မသိတော့ဘူးတဲ့လား? မင်းကိုပဲထပ်လွှတ်သေးတယ်နော်"

"Sunshine! ကျွန်တော်တို့ အခုလိုပဲ ထိပ်တိုက်တွေ့နေတော့မှာလား?"

ပြောနေရင်း Cyrus နောက်ကျောဘက်သစ်ပင်တန်းဆီက အလင်းရောင်စူးစူးလေးတစ်ခုကို Zion သတိထားမိလိုက်တော့ ဦးနှောက်က အလျင်အမြန်ခွဲခြမ်းစိတ်ဖြာလိုက်နိုင်ချိန်မှာ Cyrus ကိုဆွဲဖက်ပြီး နေရာချင်းလဲလိုက်မိတယ်။ ကျောမှာအောင့်ခနဲဖြစ်သွားတာနဲ့အတူ မျက်နှာချင်းဆိုင်ဘက်က မီးပွင့်လေးကိုတွေ့လိုက်ရတော့ Cyrus အတွက် စိတ်ချသွားပါပြီ။ Sniper သမားနှစ်ယောက်မှာ အရင်ဆုံးကျည်ထွက်တဲ့လူက အရှုံးပဲ။ တည်နေရာပြမိပြီလေ။
Cyrus ရင်ခွင်ထဲပြိုလဲကျလာတဲ့ Zion ကို ပွေ့ထားရင်း

"Sunshine, သတိထားဦးလေ"

"Cyrus"

ခေါ်သံကြောင့် Cyrus ကြည့်လိုက်တော့ သူတို့ဘက်ကလူ Sergeant Phillips. သူ့ကိုရှင်းပြပြီးလို့ Phillips ထွက်သွားချိန်မှာ Cyrus သတိထားမိတာက သူရော၊ Zion ရော သွေးပေမနေပါ။ သေချာပွေ့ဖက်ရင်း စစ်ဆေးမယ်အလုပ်မှာ

"Cyrus, တော်သေးတာပေါ့ မင်းဘာမှမဖြစ်လို့"

ကျောကိုဖိရင်း အားယူထထိုင်တဲ့ Zion ကို Cyrus ကြောင်တောင်တောင်နဲ့ကြည့်နေမိတယ်။ Zion ကတော့ သူ့အပေါ်ဝတ်အင်္ကျီတစ်ထပ်ကို ချွတ်ဖို့ကြိုးစားနေပါတယ်။

"ခင်ဗျား ဘာမှမဖြစ်ဘူးနော်"

"ဒီအင်္ကျီက ထူးဆန်းနေတာ။ အာ ... Bulletproof ပဲ"

"ခင်ဗျား ဝတ်လာတာလေ"

"မဟုတ်ဘူး၊ လမ်းမှာ လူကြီးတစ်ယောက်နဲ့တိုက်မိပြီး ကိုယ့်အင်္ကျီမှာ ကော်ဖီတွေစိုကုန်လို့ သူက ဒီအင်္ကျီကို အတင်းလဲဝတ်ခိုင်းခဲ့တာ"

"ဒါဆို ဘယ်သူများလဲ? ဒါက 2120 Product မဟုတ်လား? ချည်သားကျည်ကာ"

"ကိုယ် သူ့ကိုမမြင်ဖူးဘူး။ ကိုယ့်လူတွေထဲက တစ်ယောက်ယောက်ဖြစ်မယ်ထင်တယ်"

"ဘာပဲပြောပြော ကျေးဇူးတင်ပါတယ်။ ခင်ဗျားက ဘာလို့ ကျွန်တော့်အစား ကျည်ဆန်အထိခံတာလဲ?"

"ချစ်လို့။ Mr. Cruz ရဲ့ဈာပနမှာ မင်းငိုနေတဲ့ရှိုက်သံနဲ့တင် ကိုယ့်ကမ္ဘာက ငလျင်တွေလှုပ်နေပြီ။ မင်းက ကိုယ့်ရဲ့လိပ်ပြာလေး"

"ကျွန်တော်က ... ကျွန်တော်က ကျွန်တော့်အဖေကိုသတ်ခဲ့တဲ့လူသတ်သမားကို ဘာလို့ချစ်ရမှာလဲ?"

"ကိုယ့်လက်အောက်က Lieutenant တစ်ယောက်က ပစ်လိုက်တာပါ။ ပစ်မိန့်ကတော့ ကိုယ်ပေးခဲ့တာပေါ့။ သမ္မတရဲ့လူတွေက လှုပ်ရှားလာခဲ့ရင် ပစ်ဖို့ကို ကိုယ်အမိန့်ပေးမိတယ်။ ကိုယ်တောင်းပန်ပါတယ်။ ခွင့်မလွှတ်နိုင်ရင်တောင် ကိုယ်စိတ်ရင်းနဲ့တောင်းပန်တာကိုတော့ ယုံကြည်ပေးပါ"

"အဖေ့အလောင်းပုံစံက ကျွန်တော့်မျက်စိထဲက မထွက်သေးဘူး"

"ဘယ်လောက်ကြာကြာ ကိုယ်စောင့်ပါ့မယ်"

"ထားပါ၊ အခု ခင်ဗျားဘာဆက်လုပ်မှာလဲ?"

"2132 မှာတော့ Captain Zero ကျသွားပြီလို့ သူတို့သတင်းပြန်ပို့ကြမယ်ထင်တယ်။ 2022 မှာ Zion Aelius သေဆုံးကြောင်း ထုတ်ပြန်နိုင်ရင် ကိုယ်က ဘယ်ကာလနဲ့မှမသက်ဆိုင်တော့တဲ့ Sunshine ဆိုတဲ့လူသားတစ်ယောက်ပေါ့"

"ခင်ဗျားဉာဏ်များလိုက်တာ"

¤

"ကျွန်တော့်တာဝန်ပြီးသွားပြီမို့ ပြန်ရမယ်၊ ခင်ဗျားဆန္ဒရှိရင် တိတ်တဆိတ်ပြန်လိုက်နိုင်အောင် ကျွန်တော်စီစဉ်ပေးမယ်"

"တကယ်လား? ကိုယ့်ကို တကယ်ပြန်ခေါ်သွားမှာလား?"

"ဆန္ဒရှိရင်ပေါ့။ Dr. Atreus က ခင်ဗျားဈာပနမှာ အရမ်းကိုစိတ်မကောင်းဖြစ်နေခဲ့တာ"

"ကိုယ်သာဆန္ဒမရှိရင် Zion Aelius က သေစရာမလိုဘူးလေ"

"ခင်ဗျားရဲ့ Chaos ကို ပစ်ထားခဲ့တော့မလို့လား?"

"တကယ်တော့လေ၊ Chaos Theory က သူ့အတွက်မဟုတ်ခဲ့ဘူး"

"ဟာဟ၊ ခင်ဗျားရဲ့လိပ်ပြာလေးဆိုတာနဲ့ပဲ ကျွန်တော်ကကြွေရမှာလား? တစ်ယောက်က Chaos Theory ဖြစ်ပြီး နောက်တစ်ယောက်ကတော့ Theory ထဲက Butterfly Effect ဆိုတာတော့ ခင်ဗျားလွန်တာပေါ့ဗျာ"

"Butterfly Effect က မင်းနဲ့မှအသက်ဝင်တာပါ။ ကိုယ့်အတွေးထဲ အချစ်နဲ့ပတ်သက်ရင် မင်းနဲ့မှပဲ အဓိပ္ပါယ်ပြည့်စုံတာမို့ ဒေါက်တာ့ကိုကပ်ခဲ့ရတဲ့အချိန်တွေမှာ အပီပြင်ဆုံးဖြစ်ဖို့ဆိုရင် မင်းကိုတွေးနေဖို့လိုအပ်တယ်လေ"

"မတရားလိုက်တာဗျာ။ သူကတော့ ခင်ဗျားကို တွယ်တာရှာပုံပဲလေ"

"တစ်ပတ်ပဲတွဲပြီး ပစ်ထားခဲ့တာတစ်လကြာတယ်။ သုတေသနနဲ့တစ်ကမ္ဘာဖြစ်နေတဲ့ Dr. Atreus က ကိုယ့်ကိုခင်တွယ်ရုံသက်သက်ပါ။ သူနဲ့တွဲခဲ့တဲ့အချိန်လေးရယ်၊ အခုပြန်တွေ့တဲ့အချိန်တွေရယ်မှာ သူငယ်ချင်းတွေလိုပါပဲ"

"ဆိုတော့ကာ ... ခင်ဗျားပြန်လိုက်မယ်ပေါ့?"

"Absolutely"

¤¤¤¤¤

AD 2132

"General ကို နိုင်ငံတော်ပုန်ကန်ရန်ကြံစည်မှုနဲ့ ဖမ်းလိုက်ပြီတဲ့။ သူတို့ ဆေးတွေစမ်းသပ်တာလည်း မအောင်မြင်လိုက်ဘူး။ ခင်ဗျားအဖေအတွက် ..."

"သူ့လောဘကြောင့်ဖြစ်တဲ့အပြစ်အတွက် အပြစ်ကျေအောင် ပေးဆပ်ရမှာပဲ။ စိတ်မကောင်းပေမဲ့ ဘာတတ်နိုင်မှာလဲ?"

ဝဲတက်လာတဲ့မျက်ရည်တွေကို မျက်တောင်တွေခတ်ရင်း ဖယ်ဖို့ကြိုးစားနေတဲ့ သူရဲ့ Sunshine ကို Cyrus ပွေ့ဖက်လိုက်မိတယ်။ နိုင်ငံတော်ပုန်ကန်ရန်ကြံစည်မှုနဲ့က သေဒဏ်နဲ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်းသာရှိတာမို့ သေစာရင်းဝင်ပြီးသား သားတစ်ယောက်အနေနဲ့ အဖေဖြစ်သူကို နှုတ်မဆက်နိုင်တာ ဘယ်လောက်ရင်နာလိုက်မလဲ။

"ကိုယ် ကိုယ်လွတ်ရုန်းသလိုဖြစ်သွားလား? အဖေနဲ့အတူ အပြစ်ဝန်ခံလိုက်သင့်တာ"

"ရုပ်သေးရုပ်ဖြစ်ခဲ့တဲ့ ခင်ဗျားက ဘယ်အပြစ်ကိုဝန်ခံချင်တာလဲ? Zero က Zion Aelius အနေနဲ့ သေသွားပြီဆိုတာက တရားဝင်ဖြစ်နေပြီပဲ"

"အဲဒီအတွက်လည်း မင်းကိုကျေးဇူးတင်ပါတယ်။ ကိုယ် အကြွေးတွေအများကြီးတင်သွားပြီ"

"ခင်ဗျားဘဝတစ်ခုလုံး ကျွန်တော့်ကိုအကြွေးဆပ်ပါ။ အခု ကျွန်တော်က အလုပ်လက်မဲ့ တစ်ကောင်ကြွက်ဖြစ်သွားပြီလေ"

"ဟား ... တကယ် ... တကယ်ပြောတာလား? တကယ်ပဲ ကိုယ့်ကို မင်းအနားမှာ ပေးနေမှာလား?"

"အကြွေးဆပ်လို့ မကျေမချင်းပေါ့"

"သံသရာအဆက်ဆက် မကျေပါရစေနဲ့ဗျာ"

"အဟက်! ကြည့်ရသေးတာပေါ့"

"ဟုတ်ကဲ့၊ စောင့်ကြည့်ပါခင်ဗျ။ ကျွန်တော်မျိုးက ဟောဒီကသခင်လေးအနားကနေ တစ်ဖဝါးမှမခွာဘဲ အလုပ်အကျွေးပြုပါရစေ။ I'm falling for you, my Butterfly."

¤

ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ Sunshine ဆီ ခဏလေးပြန်သွားခဲ့တဲ့ခရီးမှာတင် နှလုံးသားလေးလည်း ကစဥ့်ကလျားသီအိုရီထဲ ကျဆုံးခဲ့ရတယ်။
အခုတော့ သူ့ရင်ခုန်သံတစ်ချက်တိုင်းမှာ ကျွန်တော့်နှလုံးသားလည်း ခုန်ပေါက်လှုပ်ခါနေပါပြီ။

ကျွန်တော်သည် နေရောင်အောက်က လိပ်ပြာတစ်ကောင်ဖြစ်သည်။

••••••••••••• # The End # •••••••••••••
© Demon ,
книга «Back to My Sunshine (One shot)».
Коментарі