Forever ep 1
Forever (Chapter 2)
Chapter 3
Forever 4
Forever (Chapter 2)
"သား အန်တီ စကားပြောချင်လို့ဝင်လာခဲ့မယ်နော်"

တံခါးခေါက်သံ ဖွဖွသည် တည်ငြိမ်လွန်းလှသည်။ အိပ်ယာက ထဖို့ ကြိုးစားမိတော့ ခေါင်းက ကိုက်လာသည်။

"သား ရတယ် လှဲနေ ၊ သားသူငယ်ချင်း ကျူရှင်သွားတုန်း အန်တီ စကားပြောချင်ရုံပဲ "

အနေအေးသော အန်တီ့ပုံစံက တည်ငြိမ်သော်လည အရှိန်အဝါတစ်ခုရှိနေသည်။ မြန်မာဝတ်စုံ နက်ပြာရောင်ကို ကျနစွာဝတ်ဆင်ကာ နောက်တွဲဆံထုံးကို ပါထုံးထားသေးသည်။

"ဟုတ်ကဲ့ "

" သား အန်တီတို့ အိမ်မှာ နေလို့ရပါတယ် အခု သွားစရာ နေရာ မရှိသေးဘူးမလား "

တိမ်ညို ခေါင်းသာငြိမ့်မိသည်။ တကယ်လည်း သွားစရာနေရာမှ မရှိဘဲ ။

"သား သားအဒေါ်တွေကို စိတ်ပြတ်နိုင်လား"

"ခင်ဗျာ"

"အန်တီ ဒီမေးခွန်းကို မေးတာ အန်တီ့ အတွက်ရော ၊ သား အတွက်ရော ပြီးတော့ အန်တီ့ရဲ့သား အတွက်ရော ပါ"

တိမ်ညို နှုတ်ခမ်းတင်းတင်းစေ့ထားမိသည်။ ငါ ရှက်တယ် ၊ ငါ ရွံတယ် ၊ ငါတို့ မျိုးရိုးမှာ ဒါမျိုးမရှိဘူး ဟူသော စကားသံများ ၊ အညှာအတာ မရှိရောက်လာသော လက်သီးများ ၊ ဟင့်အင်း ပြန်မသွားပါရစေနဲ..။

"ဟုတ်ကဲ့ ကျွန်တော် ပြတ်သားပါတယ်"

"ဟုတ်ပြီ ဒါဆို သား ဒီမှာ အမြဲတမ်းနေလို့ရတယ်
ဒါပေမယ့် အန်တီ့ကို တစ်ခုတော့ ကူညီပါ"

"ဟုတ်ကဲ့ ခင်ဗျ ၊ သား ဘယ်လို ကူညီရမလဲဟင်"

"သားက အန်တီ့သား အတွက် သူငယ်ချင်းကောင်း ဖြစ်ပေးပါ ၊ သူရလေးမှာ သူငယ်ချင်းကောင်းမရှိဘူး"

"ခင်ဗျာ"

"သူ့အနားမှာ ရှိတဲ့ သူငယ်ချင်းက အတုအယောင်များတယ် ၊ လိုချင်တာကိုရရင် သားလေးကို ထားသွားတဲ့ သူချည်းပဲ"

"ဟုတ်"

"သားကို အခုလို ပြောရတာကလည်း သူရလေးက သားကို အရမ်းခင်နေတာရယ် ၊ ပြီးတော့ သားကို အန်တီသဘောကျတာရယ်မလို့ပါ ၊ သားရဲ့ စိတ်က ဖြူစင်တဲ့ ပုံပါပဲ"

"အန်တီက သားကို သိနေတာလား"

"အင်း သူရလေးက မကောင်းတဲ့ သူငယ်ချင်းတွေနဲ့ တွေ့ပြီးတဲ့နောက်မှာ ဘယ်သူ့ကိုမှ မခင်တတ်တော့ဘဲ တစ်ယောက်တည်းပဲ နေတော့တာ၊ သားက ငါးနှစ် အတွင်းမှာ သူ့ရဲ့ပထမဆုံး သူငယ်ချင်းပဲ ၊ ဒါကြောင့် သားအကြောင်းကို အန်တီ စုံစမ်းမိတာလည်း ပါပါတယ်"

ဒါဆို ငါက ယောက်ျားလေးတွေကို စိတ်ဝင်စားတယ်ဆိုတာလည်း သိနေလောက်ပြီပေါ့ ။

"ဟုတ်ကဲ့ အန်တီ ၊ သူရ က သားအခင်ဆုံး သူငယ်ချင်းပါ ၊ ပြီးတော့ အမြဲတမ်း အခင်ဆုံးသူငယ်ချင်း ဖြစ်နေမှာပါ"

"ဟုတ်ပြီ သား ၊ အန်တီ က အန်တီ့သားကို စောင့်ရှောက်ဖို့တွေ ကူလုပ်ဖို့တွေ မပြောပါဘူး ၊ မင်းတို့ အချင်းချင်း ဖေးဖေးမမနဲ့ ကူညီကြပေါ့"

အိမ်မှာ အမြဲတမ်းနေခွင့်ရဖို့အတွက် အန်တီ ပြန်တောင်းတာက သူငယ်ချင်းကောင်း ဖြစ်ပေးဖို့တဲ့လား ။ ပြီးတော့ ငါးနှစ် လုံးလုံး ဘယ်သူငယ်ချင်းကိုမှ မယုံလို့ မပေါင်းခဲ့ဘူးတဲ့လား ၊ သူရရာ ဘယ်လောက်တောင် စိတ်ထိခိုက်ခဲ့ရတာမလို့လဲ ။

"‌ဟေ့ကောင် ငါ့အမေနဲ့ ဘာပြောသေးလဲ"

"အများကြီးပဲ အနှစ်ချုပ်ကတော့ ငါ ဒီမှာနေလို့ရတယ်တဲ့"

ပေါ့ပေါ့ပါးပါး ပြုံးရင်း တစ်ယောက်ကို တစ်ယောက် ဖက်လိုက်မိကြသည်။

မင်း ရဲ့ ဖြစ်တည်မှုတိုင်းကို တန်ဖိုးထားမှာပါ ငါ့သူငယ်ချင်းရာ ။

*****

"ဟေ့ကောင် မြန်မြန်လုပ် ဒီနေ့ ပထမဆုံးနေ့ နေရာဦးရဦးမှာ "

"မသိရင် စာကြိုးစားမယ့် ပုံနဲ့ ဘယ်နေရာကို မင်းက ဦး ချင်သေးတာလဲ"

"နောက်ဆုံးခုံပေါ့ကွ"

ဒေါက်ခနဲ ခေါက်ထည့်လိုက်သော တိမ်ညို့ကို ဆံပင်ပြန်ဆွဲတော့ ရုန်းရင်းကန်ရင်း ဆိုလာသည်။

"ဟ ဟေ့ကောင် မလုပ်နဲ့ ငါ့ ဆံပင်တွေ ပျက်ကုန်မယ်"

"မင်းက ရည်းစားရှာမှာလား စာသွားသင်မှာလား"

"နှစ်ခုလုံးပေါ့ကွ ဘာလဲ တက္ကသိုလ် မှာ ရည်းစားမထားရအောင် ငတုံးလား"

မဲ့ရွဲ့ပြနေသော သူရကို ကြည့်ရင်း တိမ်ညို တစ်ချက်ရယ်လိုက်သည်။

"ငါ့ကောင်ရာ ငါ အဲဒါတွေ စိတ်ထဲ မထားသေးပါဘူး ၊ မင်းအမေရဲ့ ကျေးဇူးတွေတောင် ငါ့မဆပ်နိုင်သေးတာကို "

"မင်းကလည်း .."

"တကယ်ပြောတာကွ ၊ ငါ့ကို အန်တီခေါ်ထားတာ နှစ်နှစ်ပြည့်တော့မယ် ၊ ဆယ်တန်းတစ်နှစ်လုံး ရော ငါ့စရိတ်တွေ အများကြီးထောက်ပံ့ပေးထားတာ ၊ ငါ ကျောင်းတက်တာကိုလည်း ထောက်ပံ့ပေးနေတုန်းပဲလေ ၊ ငါ တက္ကသိုလ်တက်တာနဲ့ အဲ့ကိစ္စတော့ တန်းမတွေးသင့်ဘူးမလား"

အန်တီ့ကို အဝေးသင်တက်ရင်း အလုပ်လုပ်ပါ့မယ်လို့ ပြောတော့ လက်မခံခဲ့။ ကျေးဇူးတင်ပြီး အားနာနေဖို့ မလိုဘဲ သူငယ်ချင်းကိုပဲ ကူညီပါ။ စာကြိုးစားပြီး လိမ္မာပါတဲ့လေ။

သူက တွေးတွေးဆဆပြောတော့လည်း သူရ ငြိမ်နေရပြန်သည်။ ဒီကောင်က အမြဲ အားနာနေတတ်တာပဲ။

"ဟုတ် မေမေ"

"...."

"အဆင်ပြေပါတယ် တိမ်ညိုနဲ့ တစ်ခန်းတည်းပဲ"၊

."...."

"ဟုတ်ကဲ့ပါ စိတ်ချ ဒါပဲနော်"

ဖုန်းချပြီး မှ တိမ်ညို့ကို ကြည့်မိတော့ ခုံမှာ ထိုင်ငိုက်နေသည် ။

တကယ်ဆို တိမ်ညို့ အမှတ်က များပါရက်နဲ့ ကုန်ကျစရိတ်ကို အားနာလို့ ဒဂုံ တက္ကသိုလ်မှာ လျှောက်ခဲ့တာ ။ အင်္ဂလိပ်စာ မေဂျာ ယူမယ်လို့ နှစ်ယောက်လုံး ဆုံးဖြတ်မိကြရင်း မေမေစုံစမ်းပေးသော လှည်းတန်းက အဆောင်မှာပင် နေရေးထိုင်ရေး အဆင်ပြေခဲ့သည်။ 

"ဟိတ်ကောင် ထထ ၊ တီချယ် ကြည့်နေတယ်"

ငေါက်ခနဲထကာ မျက်လုံးပြူးထားသောကြောင့် စိတ်မထိနိးနိုင်ဘဲ ရယ်ချမိသည်။

"ခွီး .."

"ဟိတ်ကောင် မင်း!"

ရယ်လို့ပင် မဆုံးသေး နားရွက်ကို လိမ်ဆွဲခံလိုက်ရသော ကြောင့် ရှုံ့မဲ့ သွားရသည်။

"အား! နာတယ်လေ ဟိတ်ကောင်ရ"

"ငါ့ကို နှိုးဦးမလား ဟမ်"

"မနှိုးရင် မင်းက အိပ်နေမှာပေါ့ ၊ ငါလည်း ပျင်းတယ်လေကွာ "

"အေး အစားစားချိန်မနှောက်ယှက်ရဘူး ၊ အိပ်တဲ့ အချိန်မနှောက်ယှက်ရဘူးတဲ့ မင်း ဆုံးမစာ မသင်ခဲ့ရဘူးလား "

"ဟမ် ဘယ်ဆုံးမစာထဲ ပါလို့ ... ပါတယ် ပါတယ်"

အရှိန်တင်ကာ နားရွက်ပြတ်လုမတတ်ဆွဲလာသော ကြောင့် ပါတာ် ဟုသာ အော်လိုက်ရသည် ။ အခုထိ ဘယ်ဆုံးမစာထဲကမှန်းမသိ။

"အေး နောက်မနှောက်ယှက်နဲ့"

လက်လွှတ်လိုက်မှ အသက်ကျတော့သည်။ နားပြတ်ပြီလားမသိဘူး ။

"တိမ်ညို "

"ပြော"

ဘောက်ဆတ်ဆတ်နဲ့ ပြန်ပြောလာသော တိမ်ညိုပါ။

"အတန်းပြေးရအောင်"

"မပြေးဘူး"

"တစ်ရက်လောက်ပဲလေကွာ"

"ငါ မင်းအမေနဲ့ တိုင်မှာနော်"

တစ်ဖက်သို့လှည့်သွားသော သူရ ကို မကြည့်ဘဲလည်း မနေနိုင်ပြန်။

"ညနေ မုန့်လိုက်ကျွေးမယ်ကွာ ၊ တစ်ချိန်ပဲ ကျန်တော့တာကို တီချယ်ဝင်ရင် roll call မရဘဲနေမယ်"

"တကယ်နော် ဟေ့ကောင်"

"အေး တကယ်"

ထိုအခါမှ ပြုံးပြီးပြန်ကြည့်လာသည်။
အန်တီပေးသမျှ မုန်ဖိုး ပိုက်ဆံ ရဲ့ တစ်ဝက်လောက်က သူ့ဗိုက်ထဲရောက်သွားတာချည်းပါပဲ ။ တတ်လည်းတတ်နိုင်တဲ့ကောင်။

*********

ကော်ဖီပူပူ နှစ်ခွက် ကို တစ်ဖက်စီကိုင်ရင်း ဆိုင်ထဲက ထွက်လာနေစဉ် ဖုန်းက မြည်လာသည်။ contact ကြည့်မိတော့ အန်တီ ။ လက်ကလည်း နှစ်ဖက်တည်းရှိစရာလား ဟု ပေါက်ပေါက်ရှာရှာ တွေးလိုက်ရင်း ဖုန်းကိုင်မည်အလုပ် ..

"အား "

သွားပြီ ဘေးစားပွဲက အကိုပေါ်ကော်ဖီတွေ မှောက်ကျလေခြင်း။

"မင်း မျက်လုံး မပါဘူးလား"

"ဟို ကျွန်တော် တောင်းပန်ပါတယ် ၊ လက်က ချော်သွားလို့ပါ "

"မိုးမြင့် ရရဲ့လား"

"ဖုန်းထိသွားတယ်နဲ့တူတယ်"

ဘေးမှာထိုင်နေသော  မင်းခန့်ကမေးတော့မှ  သူ့ ဖုန်းကိုကြည့်လိုက်မိသည်။ ဖုန်း screen က အလုပ်မလုပ်တော့။

"ဟိုလေ အကို ဖုန်းက ပျက်သွားတာလားခင်ဗျ"

"ကောင်းနေမှတော့ ဒီလို ဖြစ်နေမလား ၊ ကဲ မင်းဘယ်လို လုပ်ပေးမလဲ"

ဒီတစ်ခါ တိမ်ညို အကြပ်ရိုက်ရတော့သည်။ ပြန်လျော်ပေးစရာ ပိုက်ဆံကလည်း များများစားစားမရှိ။

"ဟို ကျွန်တော့်မှာ ပိုက်ဆံများများတော့ မရှိပေမယ့် ကုန်ကျစရိတ်ကို ပြန်ပေးပါ့မယ် တစ်လချင်းဖြစ်ဖြစ် "

တစ်လုံးချင်းပြောနေသော ကောင်လေးကို ကြည့်မိတော့ ခေါင်းကို ငုံ့ထားသည်။

"မင်းက တစ်လချင်းပေးမလို့လား ၊ တစ်လ ဘယ်လောက် ပေးမလဲ"

"ဟို အကိုတို့ ဘယ်လောက်သတ်မှတ်မလဲခင်ဗျ"

ထိုကောင်လေး၏ တာဝန်ယူမည့်ပုံစံကို သဘောကျမိသလို ပုံစံက ရည်ရည် မွန်မွန်လေး ။

"မင်း က ကျောင်းပြီးပြီလား"

"ဟို ကျွန်တော် အခုမှ ပထမနှစ်ပါ"

"အင်း ဘယ်ကျောင်းလဲ"

"ဒဂုံတက္ကသိုလ် ၊ E major ပါ"

"ကိုယ်တို့ ကုမ္ပဏီမှာ ဘာသာပြန်လိုနေတာ မင်းလုပ်နိုင်တယ်မလား"

"ခင်ဗျာ "

"မင်း အမှားလေ တာဝန်ယူမယ်ဆို "

"ဒါပေမယ့် ကျွန်တော်က အခု ကျောင်းတက်နေရတာမလို့ "

"အိမ်မှာပဲလုပ်၊ စနေတစ်ရက် ပဲ ရုံးလာလို့ရတယ် ၊ သဘောမတူရင်လည်း ကုန်ကျစရိတ် အခုပေးလို့ရတယ် "

ကိုယ့်အင်္ဂလိပ်စာက အရမ်း အကောင်းကြီးမဟုတ်တာကြောင့် စိတ်ပူရပေမယ့် ကုန်ကျစရိတ်ကိုလည်း ချက်ချင်းမပေးနိုင် ၊ ဖုန်းကို ကြည့်ရတာလည်း တန်ဖိုး နည်းနည်းထဲက မဟုတ်လောက် ။

"ဟုတ်ကဲ့ ကျွန်တော် လုပ်ပေးပါ့မယ်"

"ဟုတ်ပြီ ဒါဆို ရော့ ဒီကတ်ယူသွား ၊ မနက်ဖြန် ဖုန်းဆက်လိုက်"

"ဟုတ်ကဲ့"

လက်ထဲတွင် လည်း ကော်ဖီခွက်တို့မရှိတော့ ၊ ကံကောင်းလို့ ဖုန်းမလျော်ရတာ။

*******

"ဟေ့ကောင် မင်း ဟိုနေ့ကမှဝယ်ထားတဲ့ ဖုန်းမလား ၊ အလျော်မရဘဲ လွှတ်ပေးလိုက်တာလား"

"အလျော်ရမှာပါ ၊ သူ ဖုန်းဆက်လိမ့်မယ်"

မင်းခန့် ကို ပြုံးရင်းသာ ဖြေမိသည်။ ရိုးသားသော မျက်လုံးတွေကို သူ သတိထားမိခဲ့သည်မဟုတ်လား။

"ဒါပေမယ့် ခုမှ သူက ပထမနှစ်နော် ၊ မင်းအလုပ်မှာ တကယ် ခန့်မလို့လား"

"သူတာဝန်ယူချင်စိတ်ရှိတာလေးကို သဘောကျလို့ပါ၊ ပြီးတော့ သူက ထက်ထက်မြတ်မြတ် ပုံစံလေးပါကွ "

"လုပ်ကွာ လုပ် "

မင်းခန့်ကတော့ မနိုင်ဘူး ဟု ကြည့်ကာ ကော်ဖီဆက်သောက်နေသည် ။

သူက တော့ စကားတစ်ခွန်းကို ဘယ်သူမှ မကြားအောင် ပြောလိုက်မိသည်။

"ကောင်လေး မင်းကို နေ့တိုင်းတောင်တွေ့ချင်တာ"


ကဲ surprise ပါ 😁 ကိုယ် Sunday တိုင်းတင်ပေးမယ် ဆိုပေမယ့် ဒီနေ့ နားရက်ရလို့ တင်လိုက်ပါတယ် 😁

ဒီ Fic က Drama ဆိုပေမယ့် Romance ဘက်‌ေရာက်ပါတယ်နော် 😁😁

Plot တစ်ခုချင်းကို သေချာစီစဉ်ပြီး Sunday မှာ ပြန်လာခဲ့ပါ့မယ် ❤️

ချစ်ခြင်းများသွားဖြင့်

HannaGrace



© Hanna Grace,
книга «FOREVER».
Коментарі