Welcome to Gifty Zone
Guardian spirit is whistling (ေဇာ္ဂ်ီ)
Guardian spirit is whistling (ယူနီကုတ်)
Guardian spirit is a hazy rainbow (ေဇာ္ဂ်ီ)
Guardian spirit is a hazy rainbow (ယူနီကုတ်)
Though guardian spirit ain't here (ေဇာ္ဂ်ီ)
Though guardian spirit ain't here (ယူနီကုတ်)
Guardian spirit is a hazy rainbow (ယူနီကုတ်)
ဒီနေ့ မိုးတွေရွာနေခဲ့တယ်။
မိုးရေစက်တွေကျဆင်းနေတာကို သူငုံ့ကြည့်ရင်းက လူတွေအတွက် ရေဆိုတာ ဘယ်လောက်တောင်အသုံးဝင်လိုက်သလဲလို့ သူတွေးနေမိတယ်။ သူတွေးနေတုန်းမှာပဲ နိမ့်ဆင်းပြိုကျသွားတဲ့၊ တိမ်လို့ခေါ်တဲ့၊ ရေငွေ့အစုအဝေးတွေက ကုန်စင်သွားတာကြောင့် မိုးစဲသွားပြီး နေရောင်ပြန်လင်းလာတာကို သူသတိထားမိလိုက်တယ်။ လက်ကျန်မိုးစက်လေးတွေကနေ နေအလင်းတန်းကဖြတ်သွားပြီး တစ်ဖက်ကကောင်းကင်ပေါ်မှာ အရိပ်ထင်သွားတယ်။

"မေမေ၊ ဟိုမှာသက်တံ။"

ကလေးလေးတစ်ယောက်က အိမ်ရှေ့ပြေးထွက်လာရင်း အော်ပြောနေတယ်။ ပြီးတော့ သဘောတကျရယ်မောတယ်။

'အင်း၊ ကလေးတွေသဘောကျစရာ အရောင်စုံလေးတွေနဲ့ လေးကိုင်းလေးလိုပါပဲ။'

"မေမေ၊ ကျောင်းမှာပုံပြင်တွေပြောကြတော့ Abby ကပြောတယ်။ သက်တံကြီးရဲ့အဆုံးမှာ ရွှေအိုးမြှုပ်ထားတယ်တဲ့။ ဒါပေမဲ့ သက်တံရဲ့အဆုံးကိုတော့ ဘယ်သူမှမရှာနိုင်ကြဘူးတဲ့ မေမေ။ အဲဒါ ဟုတ်လား။"

"အင်း၊ ပုံပြင်ပေါ့ကွယ်။"

"သားကြီးလာတဲ့အခါ တွေ့အောင်ရှာကြည့်ဦးမှာ။"

"ခစ်ခစ်၊ ရှာပါရှင် ရှာပါ။ အခုတော့သွားစို့။"

"ဟုတ်"

ကောင်ငယ်လေးတို့သားအမိ ကားတစ်စီးနဲ့ထွက်လာကြတာကို သူထိုင်ကြည့်နေမိပြန်တယ်။ ပြီးရင်တော့ သူမမြင်ချင်တဲ့ အဲဒီကောင်လေးရဲ့မျက်ရည်ဆိုတာကို မြင်ရပါဦးမယ်။
ကောင်လေးတို့သားအမိသွားကြတာ ကောင်လေးဖေဖေရဲ့ အုတ်ဂူရှိရာဆီ။

"ဖေဖေက နာနာဖြစ်သွားလို့ တခြားအိမ်မှာပြန်သွားနေရတယ်။ ဒီကိုပြန်မလာနိုင်ဘူး သားလေးရယ်။ ဒါပေမဲ့ နောက်ပိုင်းကျရင် မေမေတို့က အဲဒီအိမ်ကိုလိုက်ကြမှာ။ အဲဒီအခါကျရင် မေမေတို့ သားဖေဖေနဲ့ ပြန်တွေ့ကြမှာ။"

ကောင်လေးဖေဖေဆုံးတော့ အမေဖြစ်သူက အဲဒီလိုပြောထားဖူးတာကြောင့် ကောင်လေးအော်ငိုပုံက

"ဖေ ... အင့် ... ဖေဖေက ... ဟင့် ... ဘာလို့ ... အစော ... ကြီး ... ဟင့် ... ပြန်သွားတာ ... လဲ။ အီးဟီး ... ပြန်ခေါ်ပေး။"

ငိုပါပြီ။ သူ့နားတွေကို ပိတ်ထားမိတယ်။ မကြားချင်ဘူး အဲဒီငိုသံတွေ။ တကယ်ဆို မျက်ရည်တွေကိုလည်း သူမမြင်ချင်ပါဘူး။ ဒါပေမဲ့ ကောင်လေးမျက်ရည်မကျရအောင်လည်း အမြဲတမ်းကြီး သူလိုက်လုပ်မပေးရဲဘူး။ တစ်ခါက ကောင်လေးငိုမှာစိုးလို့ ချော်မလဲအောင်လုပ်ပေးလိုက်မိတာ ကောင်လေးကို ကားတစ်စီးက ဝင်တိုက်မိတော့မလို့။ ကောင်လေးကို သူအချိန်မီမကယ်လိုက်နိုင်ပေမဲ့ ကောင်လေးရဲ့ဖေဖေက သူ့သားလေးကိုကယ်လိုက်နိုင်တယ်။ အသက်နဲ့ရင်းပြီးတော့ပေါ့။

အဲဒီလိုဆိုလို့ ကောင်လေးဖေဖေသေရတာ သူ့အပြစ်လားဆိုတော့ မဟုတ်ပါဘူး။ ကောင်လေးဖေဖေက အဲဒီနေ့မှာ ကောင်လေးအတွက် မုန့်ထွက်ဝယ်ရင်း အပြန်မှာ ကားတိုက်ခံရမှာက အသေအချာ။ ကောင်လေးဟာ အိမ်ရှေ့မှာဆော့နေရင်း သူတို့အိမ်နဲ့မလှမ်းမကမ်းမှာ အဖေဖြစ်သူက ကားတိုက်ခံလိုက်ရမယ့်အခြေအနေကို သတ်မှတ်ပြီးသားလို့ပဲ ပြောရမလား။

ကောင်လေးကတော့ ဘောလုံးလေးနဲ့ဆော့နေမယ်။ ကစားရင်းမှောက်လျက်လဲပြီး ဒူးပြဲသွားတဲ့ကောင်လေးက အော်ငိုတဲ့အခါ ကောင်လေးမေမေကလာထူပြီး အိမ်အပြင်ဘက်ကခုံပုလေးမှာပဲ ဆေးထည့်ပေးရင်း၊ ကောင်လေးက တအီအီငိုတာကို ချော့ရင်းပေါ့။ အဲဒီအချိန်မှာပဲ ကောင်လေးရဲ့ဖေဖေက အိမ်နဲ့မလှမ်းမကမ်းမှာ ကားတိုက်ခံရမယ်။

ဒါပေမဲ့ ငိုနေတဲ့ကောင်လေးကို မမြင်ချင်လို့ ကောင်လေးချော်မလဲအောင် ခလုတ်တိုက်မိတော့မယ့်ဘောလုံးကို သူပုတ်ထုတ်လိုက်မိတယ်။ အဲဒီလိုလုပ်မယ်လို့ သူအတွေးပေါ်လာတဲ့အချိန် ကောင်လေးဖေဖေက လမ်းကူးရမယ့်နေရာမှာ ကားတွေရှုပ်လို့ လမ်းမကူးဖြစ်တော့ဘဲ အိမ်ရှေ့အထိလျှောက်လာကို သူမသိလိုက်တော့ပါဘူး။ သူပုတ်ထုတ်လိုက်တဲ့ဘောလုံးလေးက လမ်းမအထိလိမ့်သွားလို့ ကောင်လေးကလည်း ဘောလုံးနောက်ကို ပြေးလိုက်သွားတဲ့အခါ ကားတစ်စီးနဲ့တိုက်မိမလိုဖြစ်ပြီး နောက်ဘက်ကပြေးလိုက်လာတဲ့ ကောင်လေးမေမေကလည်း ကလေးကိုလိုက်ဆွဲဖို့ မမီတော့ပါဘူး။ ဒါပေမဲ့ တစ်ဖက်လမ်းကနေ လမ်းကူးဖို့စောင့်နေတဲ့ ကောင်လေးရဲ့ဖေဖေက သတ်မှတ်ပြီးသားအခြေအနေထက် မိနစ်ဝက်လောက်စောပြီး အိမ်ရှေ့ကိုရောက်လာလို့ ကောင်လေးကိုကယ်နိုင်ခဲ့တယ်။

နောက်ဆုံးတော့ ကောင်လေးဖေဖေဟာ ကောင်လေးကိုပွေ့ဖက်ထားရင်းပဲ သေဆုံးသွားခဲ့ရပြီး ကောင်လေးကလည်း သူ့ဖေဖေသေဆုံးသွားတာကို ကိုယ်တိုင်ကိုယ်ကျမြင်ခဲ့ရပါတယ်။ တကယ်တမ်းဆိုရင် ကောင်လေးက အိမ်ရှေ့မှာပဲရှိနေရမှာဖြစ်ပြီး ကောင်လေးဖေဖေက အိမ်နဲ့မလှမ်းမကမ်းမှာ လမ်းကူးရင်းကားတိုက်ခံရမှာမို့ ကောင်လေးက အဖေဖြစ်သူရဲ့သေဆုံးမှုကို သေချာမမြင်လိုက်ရဘဲ ပြီးသွားရမှာပါ။ အခုတော့ သူ့ရဲ့မဆင်ခြင်မှုကြောင့် ကောင်လေးရဲ့စိတ်ထဲမှာ ဒဏ်ရာနက်နက်တစ်ခုရသွားတယ်။ အဲဒီအတွက်လည်း သူ့မှာ ပထမဆုံးအကြိမ် ကောင်လေးနဲ့ပတ်သက်ပြီး ထိုက်တန်တဲ့ပြစ်ဒဏ်တစ်ခု ရခဲ့ပါရဲ့။

အဲဒီကတည်းက ကောင်လေးနဲ့ပတ်သက်ပြီး တစ်ခုခုကိုဆုံးဖြတ်ရမယ်ဆိုရင် သူ့အနေနဲ့ အသည်းအသန်တွေးတတ်လာခဲ့တော့တယ်။ အခုက ကောင်လေးဖေဖေသေဆုံးတာ တစ်နှစ်ပြည့်သွားခဲ့ပြီ။ ကောင်လေးလည်း နောက်လဆိုရင် ငါးနှစ်ပြည့်တော့မယ်။ သူပထမဆုံးတွေ့တုန်းက အနှီးထုပ်ထဲမှာ အာပြဲလေးနဲ့အော်ငိုနေတဲ့ နီတာရဲလူသားပေါက်လေးဟာ အခုတော့ ကျောင်းလွယ်အိတ်လေးပြင်နေတဲ့အရွယ် ရောက်လာခဲ့ပြီ။

အခုလောလောဆယ်တော့ အော်ငိုနေတဲ့ကောင်လေးနားကို သူမယောင်မလည်ရောက်သွားပြီး ကောင်လေးနားနားမှာ လေလေးချွန်နေလိုက်တယ်။ ခဏနေတော့ ကောင်လေးက မျက်လုံးလေးတွေမှေးစင်းပြီး သူ့မေမေကိုဖက်ရင်း အိပ်ပျော်သွားခဲ့ပါပြီ။ ကောင်လေးဖေဖေကိုသတိရလို့ငိုတိုင်း သူဒီလိုပဲလုပ်ပေးနေကျမို့ ကောင်လေးကလည်း ဒီလိုပဲအိပ်ပျော်သွားနေကျပါ။ အခုဆို ကောင်လေးမေမေကပါ ဒါဟာ သူ့သားလေးရဲ့အကျင့်တစ်ခုလို့ ထင်နေခဲ့ပါပြီ။



သူတစ်ယောက်တည်း ထိုင်လိုက်၊ ထလိုက်၊ လမ်းလျှောက်လိုက်နဲ့နေရင်းမှာ နောက်ထပ်ငါးနှစ်ဆိုတဲ့ လူ့သက်တမ်းက ကုန်သွားခဲ့တယ်။

"သားရေ၊ သွားရအောင်။ ဖေဖေစောင့်နေတော့မယ်။"

ဟုတ်တယ်။ နှစ်ပတ်လည်နေ့က ဒါနဲ့ဆို ခြောက်ကြိမ်မြောက်မို့ ကောင်လေးတို့သားအမိတွေ အုတ်ဂူလေးရဲ့ရှေ့ကို ရောက်လာခဲ့ပြန်ပါပြီ။ အရင်နှစ်တွေအတိုင်း ပန်းစည်းတွေချ၊ စကားတွေပြော၊ ငိုရှိုက်ကြရင်း နောက်ဆုံးတော့လည်း အမေဖြစ်သူရဲ့လက်ထဲမှာ ကောင်လေးက အိပ်ပျော်သွားတော့မယ်။ ငိုရတာ မပင်ပန်းဘူးလားကောင်လေးရယ်။

"Don't cry, Kiddo."

အိပ်ပျော်ခါနီးဖြစ်သွားတဲ့ ကောင်လေးက မျက်လုံးလေးတွေဖွင့်ပြီး သူ့ဆီကိုလှမ်းကြည့်တယ်။ သူလန့်သွားရတယ်။ ဒါပေမဲ့ကောင်လေးက ဘေးဘီကိုပါဝေ့ကြည့်နေရင်း မျက်လုံးလေးတွေပြန်မှိတ်လို့ အိပ်ပျော်သွားတယ်။

'ဘာလဲ၊ သူကြားတာလား။'

ကောင်လေးများကြားသွားသလားလို့ သူအတွေးတွေများသွားတယ်။ တကယ်ဆို ကောင်လေးဟာ သူ့ရဲ့လေချွန်သံကလွဲရင် သူ့စကားကိုမကြားနိုင်သလို၊ သူ့ကိုလည်းမမြင်နိုင်ဘူးမဟုတ်လား။ ကောင်လေးမှမဟုတ်ပါဘူး၊ ဘယ်လူသားမှ သူ့ကိုမမြင်နိုင်ပါဘူး။
သူကဘာလဲဆိုတော့ နားလည်လွယ်အောင်ပြောရရင် ကောင်လေးရဲ့ Guardian spirit, ကိုယ်စောင့်နတ်လို့ခေါ်ရမလား။ နတ်တော့မဟုတ်ဘူး၊ အစောင့်အရှောက်ဝိညာဉ်တစ်ခုပေါ့။ သူ့အတွက် စောင့်ရှောက်စရာ လူသားပေါက်လေးတစ်ယောက် လောကထဲရောက်လာမယ်ဆိုလို့ သူစိတ်ညစ်ခဲ့တာ။ ငြင်းမရလို့သာ ဒီအလုပ်ကိုလက်ခံလိုက်ရတာ၊ သူတော်တော်ပျင်းနေခဲ့တာပါ။

သူက လူ့ဘုံလောကနဲ့ဆက်စပ်နေတဲ့ မမြင်ရတဲ့လောကကအကြီးအကဲရဲ့ သားတစ်ယောက်။ အကောင်ကြီးကြီးရဲ့သားဆိုတဲ့အတိုင်း သူထင်တိုင်းကြဲနေခဲ့တာ နှစ်တွေရာချီနေခဲ့ပြီ။ အဖေ့အရှိန်အဝါနဲ့တော့မဟုတ်ဘူး။ ကိုယ့်အရှိန်အဝါနဲ့ကိုယ်ပါ။
သူမွေးလာကတည်းက သူနဲ့အတူ စွမ်းအားတစ်မျိုးကလည်း ဖြစ်တည်လာတယ်။ အဲဒီစွမ်းအားဟာ ဘာမှန်းမသိပေမဲ့ သူတို့လောကကို အားအင်တွေပေးခဲ့တယ်။ သူတို့လောကရဲ့တည်ရှိမှုက သူမွေးလာမှ ပိုပြီးထင်ရှားလာခဲ့တယ်။ ထင်ရှားလာတယ်ဆိုတာက Heaven နဲ့ Hell ကြား ခပ်မှိန်မှိန်ဖြစ်နေရာက သူမွေးလာမှ သူနဲ့ပါလာတဲ့စွမ်းအားကြောင့် Heaven, Hell တို့နဲ့ တန်းတူဖြစ်လာခဲ့တာကို ဆိုလိုတာပါ။ လူသားတွေမမြင်နိုင်တဲ့လောကက အများကြီးရှိတဲ့အထဲ Heaven နဲ့ Hell က အထင်ရှားဆုံးဖြစ်ပြီး အခုတော့ သူတို့ပါပါလာခဲ့ပြီ။ သူတို့ရဲ့ဘုံကို ခေါ်တာရှိတယ်။

*Halzeo (ဟယ်လ်ဇီယို)*
Haze နဲ့ halo ဆိုတဲ့ စကားလုံးနှစ်ခုပေါင်းပြီး ဖြစ်လာတာပါလို့ သိထားကြတယ်။ Hazy halo, မြူမှုန်ရောင်ခြည်စက်ဝိုင်းဆိုတဲ့အတိုင်း သူတို့က ကောင်းမွန်တဲ့ဘုံတစ်ခုဆိုပေမဲ့ မြူဆိုင်းရင်မြင်ကွင်းကွယ်သလိုမျိုး လူတွေမမြင်နိုင်တဲ့နေရာတစ်ခုပေါ့။ လတ်တလော last millennium (နောက်ဆုံးထောင်စုနှစ်)ရဲ့ အကြီးအကဲက Zelig ဖြစ်ပါတယ်။ သူကတော့ အကြီးအကဲ Zelig ရဲ့ သားယောက်ျားလေးရှစ်ယောက်မှာ အငယ်ဆုံးဖြစ်ပြီး သူ့ထက်ငယ်တဲ့ ညီမလေးတွေတော့ ရှိပါသေးတယ်။ သူတို့က လူ့ဘုံမှာ ထူးခြားတဲ့ကံကြမ္မာနဲ့မွေးဖွားလာတဲ့ လူသားတွေကို စောင့်ရှောက်ရတဲ့တာဝန်မျိုး ရှိတတ်တယ်။ ရှိတတ်တယ်လို့ ပြောရခြင်းက အမြဲတမ်းရှိနေတာမဟုတ်လို့ပါ။ ထူးခြားတဲ့ကံကြမ္မာမျိုးက လူသားတိုင်းမှာ မရှိတတ်ကြဘူးမဟုတ်လား။ ဒါပေမဲ့ သူတို့ဘုံကလူတိုင်းဟာ အနည်းဆုံးလူတစ်ယောက်ကိုတော့ စောင့်ရှောက်ဖူးကြတယ်။ သူတို့သက်တမ်းက လူ့သက်တမ်းနဲ့ယှဉ်ရင် အဆများစွာရှည်လျားလွန်းတာကလည်း အကြောင်းအရင်းတစ်ခုပေါ့။ သူတို့က လူသားတွေရဲ့အစောင့်အရှောက်မဟုတ်ပေမဲ့ အနည်းဆုံးတစ်ကြိမ်တစ်ခါတော့ စောင့်ရှောက်ပေးရတတ်တယ်။ ဘာနဲ့တူလဲဆိုတော့ လူ့လောကလူတွေ တစ်ကြိမ်တစ်ခါတော့ စစ်မှုထမ်းရမယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့ ခပ်ဆင်ဆင်ပါပဲ။

သူက အပေါ်မှာပြောခဲ့ပြီးသလိုပဲ ထူးခြားတဲ့အရှိန်အဝါရှိသူမို့ သူ့စိတ်တိုင်းကျနေလာရာကနေ အခုတော့ လူသားတစ်ယောက်ကို တာဝန်ယူစောင့်ရှောက်နေရပြီ။ စသိခါစကဆို သူ အပြင်းအထန်ကန့်ကွက်ခဲ့တာပါ။ ဒါဟာ အချုပ်အနှောင်တစ်ခုလို့ သူသတ်မှတ်မိတဲ့အရာလေ။ အဲဒီအချုပ်အနှောင်မိတာ လူသက်တမ်းဆယ်နှစ်ပဲ ရှိသေးတာကိုတောင် သူတော်တော်ပျင်းရိနေပြီ။ အဲဒီလူသားက သူ့အကြည့်အောက်ရှိမနေချိန်မှာ အဲဒီလူသားရဲ့ ကြောက်လန့်စိတ်၊ စိုးရိမ်စိတ်၊ စတဲ့စိတ်ခံစားချက်တွေကို သူခံစားသိရှိနိုင်တယ်။ ပြောရရင် အဲဒီလူသားရဲ့စိတ်နှလုံးက သူနဲ့ဆက်သွယ်နေတယ်။ လူသားရဲ့ခံစားချက်ကနေ အန္တရာယ်ကင်းမကင်းကို သူသိနိုင်တယ်။

'အချိန်တွေရယ် မြန်မြန်ကုန်ပါတော့။ လူ့သက်တမ်းသုံးဆယ်ကလည်း အခုမှလာကြာနေတယ်။'

■■■

သူ့ရဲ့လေချွန်သံတွေကို ကောင်လေးဆယ့်ငါးနှစ်သားအရွယ်မှာ မကြားရတော့ဘူး။ ဘာလို့ဆို ကောင်လေးက သူ့အဖေရဲ့ (၁၁)ပြည့်နှစ်ပတ်လည်ကနေစလို့ မငိုတော့ဘူး။ ရင့်ကျက်ဖို့အစပြုတာက ကောင်းတဲ့ကိစ္စမို့ သူ့အတွက်လည်း အချိန်တွေအများကြီးပေးစရာ မလိုတော့ဘူးဆိုတဲ့ အတွေးနဲ့အတူ သူလွတ်လပ်သွားသလို ခံစားရတယ်။ ဒီလိုနဲ့ ကောင်လေးဘေးကနေ သူနည်းနည်းစီခွာလို့ရလာတယ်။ ကောင်လေးက မကောင်းတာတစ်ခုခုခံစားရရင်လည်း သူသိနိုင်တာမို့ သူ့အတွက် ကိုယ်ပိုင်အချိန်တွေကို ဆယ့်ငါးနှစ်အကြာမှာ သူပြန်ရခဲ့တယ်။ သူ့အတွက်တော့ လူ့သက်တမ်းဆယ့်ငါးနှစ်က သိပ်ကြာလှတဲ့အချိန်တော့ မဟုတ်ခဲ့ဘူး။ အဲဒီအတွက် ဘာကိုမှလည်း အကျင့်ဖြစ်စရာအကြောင်းက ရှိမနေခဲ့ပါဘူး။

"Walken?"

"Flora"

"ဟုတ်မှဟုတ်ရဲ့လားလို့ကြည့်နေတာ။"

"ငါမဟုတ်တော့ ဘယ်သူဖြစ်ရဦးမှာလဲ။ မမှတ်မိဘူးလား။"

"အိုး၊ ကျွန်မက ရှင့်ကိုမေ့စရာလား။ ရှင်ကသာ ကျွန်မကိုမေ့ထားတာ။"

"ကြံကြီးစည်ရာ၊ အခုမှ ဆယ့်ငါးနှစ်လားပဲရှိသေးတာ။"

"ရှင့်အတွက်က တစ်ထိုင်စာအချိန်ပေမဲ့ ကျွန်မက ပန်းတစ်ပွင့်ဆိုတာ မေ့နေလေသလား။ အဲဒီလောက်အချိန်မရဘူး ရှင်ရဲ့။"

"အပိုတွေပါ Flora ရယ်။ မင်းကနတ်ပန်းဆိုတာ တစ်လောကလုံးသိနေတာကို။"

"တစ်လောကလုံးသိလည်း ရှင်ကတော့ မေ့ထားတာ။"

"မမေ့ပါဘူးတဲ့ဗျာ။ ဒါကြောင့်ပဲ ဒီဥယျာဉ်ထဲရောက်လာတာပေါ့။"

အဲဒီညနေခင်းမှာ ဥယျာဉ်ကြီးရဲ့အရှေ့ခြမ်းက မဟူရာကောင်းကင်အောက်မှာ သက်တံလေးတွေဖြာကျနေပြီး ပန်းဝတ်မှုန်တွေက လေထုထဲမှာဝင်းဝါနေခဲ့တယ်။ တောင်ဘက်ခြမ်းက လရောင်ကောင်းကင်ကြီးကတော့ ပြောရှာပါတယ်။

"ငါတို့ဥယျာဉ်ထဲ သက်တံမမြင်ရတာ ဆယ့်ငါးနှစ်လောက်ကြာသွားပြီ။"

အနောက်ဘက်ခြမ်းက နေရောင်ကောင်းကင်နဲ့ မြောက်ဘက်ခြမ်းက ကြယ်ရောင်ကောင်းကင်ကတော့ နှုတ်ဆိတ်လို့။

ပန်းဝတ်မှုန်တွေရှင်းလင်းပြီး ဝေဝါးနေတဲ့လေထုက ပြန်ပြီးကြည်လင်သွားတဲ့အချိန် သက်တံအလင်းတန်းလေးတွေလည်း ကြွေကျသွားခဲ့ပြီ။ ပုလဲရောင်ရေကြည်တွေ ရေတံခွန်လိုစီးဆင်းနေတဲ့ကျောက်ဆောင်တွေကြား နူးညံ့နေတဲ့ကတ္တီပါရွက်ကြွေတွေပေါ်မှာ ခပ်တင်းတင်းဖက်တွယ်ထားတဲ့ခန္ဓာကိုယ်နှစ်ခုပေါ် နွယ်ပင်တချို့က ရစ်ပတ်လွှမ်းခြုံထားလေရဲ့။

Walken က သူ့ရဲ့ရင်ခွင်ထဲက Flora ကို ငုံ့နမ်းလိုက်တယ်။ Flora ရဲ့ဆံနွယ်မှာရစ်ပတ်နေတဲ့ နွယ်ပင်မှာပွင့်တဲ့ပန်းဖူးကြီးက ဖျတ်ခနဲပွင့်လာပြီး သူတို့အပေါ်ကနေအုပ်မိုးသွားတယ်။

"ဟာ ... မင်းနှောင့်ယှက်တာ များနေပြီ။"

"ခစ်ခစ်၊ သူက ကာပေးတာပါ ရှင်ရယ်။"

"ရှုပ်တာကရှုပ်တာပဲပေါ့။"

အနမ်းတွေအခါခါထပ်ပွင့်တဲ့အခါ ပန်းပွင့်ကြီးခမျာလည်း အဖူးဘဝကို ပြန်မရောက်နိုင်ရှာတော့ပါဘူး။

.

တစ်ဖက်မှာလည်း လူငယ်သဘာဝ မြှောက်ထိုးပင့်ကော်လုပ်ကြတဲ့အခါ Zenith လေးက ကောင်မလေးတစ်ယောက်ရသွားခဲ့ပါတယ်။ ကောင်မလေးအတွက် နေ့လယ်စာယူလာပေးတဲ့ Zenith ကိုကြည့်ပြီး Walken က

"လူတွေက အပိုတွေသိပ်လုပ်တာပဲ။ ကလေးတွေက ပိုဆိုးတယ်။ ချစ်ကြပါ၊ ချစ်ကြပါ။"

■■■

Walken က သူ့ရဲ့အချိန်တွေကို ပျော်ပျော်ကြီးဖြတ်သန်းနေမိတာ သုံးနှစ်ကြာသွားခဲ့ပြီ။ သူ့ရဲ့လူသားလေးက အေးအေးဆေးဆေးရှိနေတာကြောင့် သူ့အတွက်လည်း ကိုယ်ပိုင်အချိန်တွေပိုရလာပြီး အဆင်ပြေနေခဲ့တယ်။ ပြီးတော့ အဆက်ဟောင်းလေး Flora နဲ့လည်း အရင်ကဇာတ်လမ်းတွေကို ပြန်ဆက်နိုင်နေတာကြောင့် Walken ဘဝက နေပျော်စရာပြန်ဖြစ်လာပြီလို့ ထင်နေခဲ့ချိန်မှာ အပြောင်းအလဲတွေက စတင်သွားခဲ့ပါပြီ။

ဒိန်းခနဲဆောင့်တက်သွားတဲ့ နှလုံးခုန်သံကြောင့် ရင်ခွင်ထဲက Flora ကို Walken ဖယ်ထုတ်လိုက်မိတယ်။ ဒါက Zenith ရဲ့နှလုံးသားကို သူခံစားမိတာဖြစ်ပြီး ထူးဆန်းနေတာကိုသိလို့

"ငါ သွားတော့မယ် Flora."

"အခုမှရောက်လာပြီး ဒီလိုအခြေအနေက ..."

Walken ရင်ခွင်ထဲမှာ ကပိုကရိုဖြစ်နေခဲ့တဲ့ပန်းနတ်သမီးက အလိုမကျသလိုပြောလာတော့

"ငါ့အလုပ်ကိစ္စရှိတယ်။"

လက်တစ်ချက်အဝှေ့မှာ အဝတ်အစားသပ်သပ်ရပ်ရပ်နဲ့ လူငယ်တစ်ယောက်အသွင်ပေါ်လာတဲ့ Walken ဟာ နောက်ထပ်လက်အဝှေ့မှာတော့ နေရာကနေ ချက်ချင်းပဲပျောက်သွားခဲ့ပြီ။

.

"ဘာလဲ၊ သူ သဘောကျနေတာလား။"

ဘီယာတစ်ဘူးကိုင်ရင်းပြုံးနေတဲ့ Zenith ကိုကြည့်ပြီး Walken သူ့ရင်ဘတ်ကိုသူဖိရင်း ရေရွတ်မိတယ်။ အဲဒီကတည်းက Zenith တစ်ယောက် ခဏခဏပြုံးသလို Walken လည်း ရင်ဘတ်ခဏခဏဖိနေရတယ်။

"Zenith"

သူငယ်ချင်း William အော်ခေါ်ပြီးပေးလိုက်တဲ့ဘောလုံးကို Zenith ဖမ်းထိန်းပြီး သူ့ဆီပြေးလာတဲ့ တစ်ဖက်အသင်းကလူကို လှိမ့်ထွက်ဖို့ပြင်တယ်။ တစ်ဖက်လူက Zenith ခြေထောက်နားကဘောလုံးကို သိမ်းကန်ဖို့ပြင်နေတာပေမဲ့ ရုတ်တရက် သူ့မျက်စိသူပွတ်ရင်း Zenith နဲ့ဝင်တိုက်မိပါတော့တယ်။

*ရွှီ*

ပွဲပြီးတဲ့အချိန် ရလဒ်က သူတို့အသင်းနိုင်ပေမဲ့ Zenith လက်ထိသွားခြင်းပါပဲ။ တစ်ဖက်ကအရှိန်နဲ့ ဘောလုံးကိုသာလှမ်းကန်လိုက်ရင် Zenith ရဲ့ခြေထောက်ကိုထိမှာ အသေအချာပါပဲ။ မျက်စိထဲဖုန်ဝင်ပြီး မကန်ဖြစ်တော့ဘဲ လူချင်းဝင်တိုက်မိရုံကြောင့် လဲကျပြီးလက်ထိသွားခဲ့ရတယ်။ ခြေထောက်မထိတာကိုပဲ ကံကောင်းပြီလို့ Zenith တွေးနေမိတယ်။

"အကောင်လိုက် လွှင့်ပစ်လိုက်လို့ရရင်လည်း ကောင်းသား။"

Walken ကတော့ Zenith ကိုဝင်တိုက်လိုက်တဲ့ တစ်ဖက်ကစားသမားကိုကြည့်ပြီး ကြိမ်းဝါးနေလေရဲ့။



Ashford ရဲ့ကားပေါ်ကနေဆင်းလာပြီး ပါးစပ်မစေ့တဲ့ Zenith ကို Walken မျက်မှောင်ကြုတ်ကြည့်နေမိတယ်။

"နောက်တစ်ယောက်လား။ ယောက်ျားလေးရည်းစားထားကြည့်ပြီး ငြိမ်နေတာပဲ တစ်နှစ်ကျော်နေပြီ။ အခုက နည်းနည်းလွန်သလားလို့။ Sexual orientation? မေးစရာမေးခွန်းက ဒါပဲရှိသလား။ ဘီယာလေးတစ်ဘူးတိုက်သွားတာကို ဘာတွေရင်ခုန်နေသလဲပဲ။"

Zenith ရဲ့ရင်ခုန်သံအတိုင်းခံစားနေရတဲ့ Walken တစ်ယောက် အတွေးတွေပွားနေတယ်။ သူလုပ်ခဲ့ဖူးတဲ့ မတော်တဆအပြစ်တစ်ခုကြောင့် ကလေးလေး Zenith က အဖေသေဆုံးတာကို အနီးကပ်ကြုံခဲ့ရလို့ သူနဲ့ Zenith လေးရဲ့နှလုံးသားကို ထပ်တူကျစေတဲ့မန္တန်တစ်ခု သူမိသွားခဲ့ချိန်ကစပြီး Zenith ရဲ့ပြင်းပြတဲ့စိတ်ခံစားချက်တိုင်းကို Walken လည်း ထပ်တူထပ်မျှ၊ အတိအကျခံစားရတော့တာပါပဲ။

အဖေဖြစ်သူရဲ့နှစ်ပတ်လည်မှာ မငိုတာကြာပြီဖြစ်တဲ့ Zenith တစ်ယောက် တွေးရင်းငေးရင်းနဲ့ ပါးပြင်ပေါ်မျက်ရည်တွေစီးကျလာတာကို Walken ကြည့်နေရင်း ရင်တွေပူလာတယ်။ ဒီကလေးမငိုတာပဲ ကြာနေပြီကို အခုမှမျက်ရည်တွေကျပြီး ခံစားနေရတာက Walken ကို စိတ်မသက်မသာဖြစ်လာစေလို့

"Don't cry, Kiddo."

ကြားပါစေလို့ရည်ရွယ်တဲ့ Walken ရဲ့စကားသံကို Zenith ကြားသွားခဲ့တယ်။

'အသက်ပြည့်တော့မယ်ဆိုတော့ ငါ မင်းကို ဆက်သွယ်လို့ရတော့မှာပေါ့။'

Walken အတွေးမှမဆုံးသေးခင် Zenith အနားကို သူ့ဆရာဆိုတဲ့လူရောက်လာပြီး Zenith အမေနဲ့လည်းနှုတ်ဆက်ရင်း အားပေးစကားတွေပြောသွားတာ ရွှန်းရွှန်းဝေလို့။ ဒီလူဟာ ဘယ်လိုလူလဲလို့ Walken သိချင်လာမိတယ်။



"ဘာကိစ္စ အဲဒီကကောင်လဲ။ ဘာတွေဖြစ်နေကြတာလဲ။ ငါကရော ဘာလို့မသိလိုက်ရတာလဲ။"

သိလာရတဲ့သတင်းကြောင့် Walken စိတ်တွေ ယောက်ယက်ခတ်လာရတယ်။ Zenith အနားရောက်လာတဲ့အန္တရာယ်ကို သူမသိလိုက်ရတဲ့အတွက် သူ့ကိုယ်သူအပြစ်တင်ရင်းက Zenith ကိုအသိပေးဖို့လည်း ပြင်ရပါတော့တယ်။ အသက်ဆယ့်ရှစ်နှစ်ပြည့်ပြီးတဲ့လူသားကို သူ့ရဲ့ကိုယ်စောင့်ဝိညာဉ်က အိပ်မက်ကနေတစ်ဆင့် တကယ့်ပုံရိပ်ယောင်လောကတစ်ခုကိုဖန်ဆင်းပြီး တကယ်ဖြစ်ပျက်ခဲ့သလိုမျိုး ဆက်သွယ်နိုင်တာကြောင့် Zenith ရဲ့မွေးနေ့ညမှာ အကောင်အထည်ဖော်ဖို့ Walken ပြင်ဆင်လိုက်ပါရဲ့။

"Kiddo"

Walken ရဲ့အသံကြောင့် Zenith အိပ်ရာကနေထလာပြီး အိမ်ရှေ့ကိုလှမ်းကြည့်တယ်။ တကယ်တမ်းတော့ Walken ဟာ Zenith ရဲ့ပြတင်းပေါက်တည့်တည့်မှာ ရှိနေခဲ့တာပါ။

"Kiddo"

ပြန်လှည့်သွားတော့မယ့် Zenith က Walken ဆီတည့်တည့်ကြည့်လာတော့ သူ့ကိုမြင်သွားပြီဆိုတာကို Walken သိလိုက်ရတယ်။ အကြောင်းစုံကိုရှင်းပြဖို့ပြင်ပေမဲ့ လတ်တလောအသက်ပြည့်ထားတဲ့ လူသားလေးဆီက စွမ်းအင်တစ်မျိုးဖြာထွက်လာပြီး Walken ရဲ့မြူမှုန်တွေကိုဖြိုခွဲသွားလို့ ဘာမှမပြောလိုက်ရပါ။



"Walken"

Zenith ရဲ့အနားကိုကပ်မရလို့ ပြန်ထွက်လာရတဲ့ Walken တစ်ယောက် ချိုသာနူးညံ့တဲ့ခေါ်သံနဲ့အတူ လေပြည်တွေနဲ့ပါလာတဲ့ရနံ့တစ်ခုကြောင့် အသံလာရာဆီကို အံ့ဩတကြီးလှည့်ကြည့်မိပါတယ်။

"Flora. မင်း ဘယ်လိုလိုက်လာတာလဲ။"

"လေပြည်နတ်သမီးကို အကူအညီတောင်းခဲ့တာ။"

လေညင်းတစ်သုတ်က သူတို့အနားကိုဖြတ်တိုက်သွားလေရဲ့။
နုနယ်တဲ့ပန်းနတ်သမီးဟာ လူ့ဘုံနဲ့အနီးကိုရောက်လာလို့ လူသားအငွေ့အသက်တွေကြားမှာ ပူပြင်းလောင်မြိုက်ပြီး ပါးပြင်တွေကရဲရဲနီနေတယ်။

"ရှင့်ကို ကျွန်မခေါ်နေတာ မကြားဘူးလား Walken ရယ်။"

ကြားတယ်၊ Walken ကြားနေခဲ့တယ်။ ဒါပေမဲ့ အာရုံမှာက သူ့အစောင့်အရှောက်ခံလူသားလေးရဲ့ ထူးခြားတဲ့ပြောင်းလဲခြင်းတွေနဲ့ ဖြစ်လာမယ့်အန္တရာယ်တွေကိုပဲ လိုက်ရှင်းဖို့တွေးနေခဲ့မိတာ။

"ငါအလုပ်များနေတယ် Flora."

"ကျွန်မအခုပဲ သတင်းကြားခဲ့ပါတယ်။ ရှင်က လူသားတစ်ယောက်ရဲ့နှလုံးသားရေးရာကို ဝင်စွက်ဖက်ဖို့ကြိုးစားနေတယ်တဲ့။"

"ဘယ်သူပြောတာလဲ။ ငါ အပိုတွေလုပ်နေတာမဟုတ်ဘူး Flora. ငါ့တာဝန်အတိုင်း ငါလုပ်သင့်တာကိုလုပ်နေတာ။"

"အခုရှင်းပြီလား။"

"ဘာကိစ္စအရေးကြီးနေလို့လဲ Flora?"

"ကျွန်မက ရှင့်အတွက်အရေးမကြီးဘူးပေါ့။"

"Flora. မင်းက ဘာကိုဆိုလိုချင်တာလဲ။"

"ရှင်နဲ့ကျွန်မကိစ္စ ..."

"ဘာကိုလဲ။ ငါတို့ကိစ္စက အရင်ကလည်းဒီတိုင်းပဲ၊ အခုလည်းဒီတိုင်းပဲလေ။"

"ရှင်က ဒီလိုပဲပြီးသွားချင်လို့ရလား။"

အရင်ကလည်း ဒီလိုပဲပတ်သက်ခဲ့ကြပြီး အခုတစ်ခေါက်မှတွယ်ငြိနေတဲ့ Flora ကြောင့် Walken စိတ်ရှုပ်ရသလို သင်္ကာမကင်းလည်းဖြစ်လာတာကြောင့်

"ငါ့တာဝန်အရ အဲဒီလူသား အန္တရာယ်ကင်းရင် အားလုံးပြီးပြီ။ အဲဒါကြောင့် အခုလတ်တလောမှာ သူ့ကိစ္စရှင်းပေးဖို့လိုနေတယ်။ ဒါပါပဲ။"

"ဒါဆိုလည်း ကျွန်မခေါ်နေတာကို ဘာလို့များအဖက်မလုပ်သလဲ ရှင်ရယ်။"

ခါးကိုတိုးဖက်လာတဲ့ Flora ရဲ့ဆံနွယ်စတွေကို တယုတယပွတ်သပ်လိုက်ပြီး

"မြန်မြန်ရှင်းတော့ ကိုယ်ပိုင်အချိန်တွေပိုထွက်တာပေါ့။ လာ၊ ငါပြန်လိုက်ပို့မယ်။"

ပြန်လိုက်ပို့တဲ့ Walken တစ်ယောက် Flora ရဲ့အနုအယွတွေကနေ လှည့်ပတ်ရှောင်ထွက်ဖို့ကို အတော်ကြိုးပမ်းလိုက်ရပါတယ်။ ပုံမှန်ဆိုရင် Walken အချိန်ဖြုန်းမိဦးမှာပါ။ အခုကတော့ အချိန်နဲ့အမျှခံစားသိနေရတဲ့ Zenith ရဲ့နှလုံးသားခံစားချက်ကြောင့် Walken ဂနာမငြိမ်။ Flora ကိုထားခဲ့ပြီး ထွက်လာခဲ့တဲ့ Walken က Zenith ဆီကို ထပ်ပြီးဆက်သွယ်ဖို့ကြိုးစားခဲ့တယ်။ ဒါပေမဲ့လည်း ခေါ်သံတစ်ခုနဲ့ပဲ လမ်းဆုံးသွားတဲ့နောက်မှာ Walken ကြိုးစားစရာက တစ်ခုတည်းသာ။

■■■

"ရပ်လိုက် Flame."

"Flame? ငါ့ကိုသိနေတာလား။ မင်းဘယ်သူလဲ။"

အမေးခံရတဲ့လူသားနားမှာ မြူမှုန်တွေရစ်ဆိုင်းလာပြီး သူကိုယ်တိုင်ကလည်း အမှုန်တွေနဲ့စုဖွဲ့ထားသလို ဖြစ်သွားတယ်။

"Zelig ရဲ့သားတော်။"

"မင်းသိနိုင်တာ ဒါအကုန်ပဲလား။"

အပြာရောင်အလင်းတောက်တောက်တွေက Flame ဆိုသူရဲ့မျက်ဝန်းတွေထဲ အတန်းလိုက်ဝင်သွားတဲ့အခါ Flame ရဲ့မျက်လုံးအစုံမှာ အနီရောင်မီးတောက်တွေတောက်ပလာပြီး မီးပွင့်တွေထွက်လာပါတယ်။ ဒါပေမဲ့ ဝင်လာတဲ့အလင်းတန်းတွေကြောင့် မီးတောက်တွေကအေးခဲပြီး ကြွေကျပျက်စီးသွားတယ်။ Flame မျက်စိကိုအမြန်မှိတ်ပြီး လက်နဲ့ကာလိုက်ရတယ်။ လက်ကိုဖယ်ပြီး မျက်စိပြန်ဖွင့်တဲ့အခါမှာတော့ မျက်လုံးသူငယ်အိမ်ထဲမှာ မီးတောက်လေးတွေပြန်ဖြစ်နေပါပြီ။

"Walken. Halzeo ရဲ့ rainbow."

"မင်းအကြံအစည်တွေကို မင်းဘာသာသိမ်းပြီး ပြန်လိုက်တော့။"

"ငါ နောက်ဆုတ်ဖို့အတွက် ဒီအထိရောက်လာတာမဟုတ်ဘူး။"

"နောက်ဆယ့်နှစ်နှစ်အထိ ငါ့တာဝန်ကို မင်းနှောင့်ယှက်လို့မရဘူး။"

"ငါက ဆယ့်နှစ်နှစ်စောင့်ပြီးမှ Heaven နဲ့ ရန်သူဖြစ်ခံရမှာတဲ့လား။"

"Halzeo ကလည်း လွယ်လွယ်နဲ့တော့ ရန်ဘက်ဖြစ်လို့ကောင်းတဲ့နေရာမဟုတ်ဘူး။"

"မင်းက တော်တော်မာန်တက်နေတာပဲ။ ရအောင်တားကြည့်ပါ Walken. ငါက ဘာမှမပြင်မဆင်ဘဲ ရောက်လာတာမဟုတ်လို့။"

Flame ဆီက လှစ်ခနဲပြေးထွက်လာတဲ့ ရောင်စဉ်တန်းတစ်ခုက Walken ကိုလွှမ်းခြုံသွားပြီး အလင်းဖျော့ဖျော့ကြောင့် မြူမှုန်လေးတွေက တဖြည်းဖြည်းလွင့်ပျယ်သွားတော့မလို။ ဖျော့တော့တော့အလင်းရောင်က တစစနဲ့ တောက်ပလာနေပါပြီ။

"နေမီးတောက်။"

"လွတ်နိုင်မလားလို့ ကြိုးစားကြည့်ပေါ့ကွာ။"

မြူရဲ့သဘောက နေရောင်လာရင်ပျောက်တာမို့ နေမီးတောက်နဲ့ရစ်ပတ်ခံရတဲ့ Halzeo ရဲ့မင်းသားငယ်ဟာ သူ့အစွမ်းတွေဖျက်ဆီးမခံရဖို့နဲ့ နေမီးတောက်ကနေရုန်းထွက်ဖို့ကို အသည်းအသန်ကြိုးစားရပါတော့တယ်။

■■■

*Flame*

သူကတော့ Hell Knight ပါ။
မီးတောက်မျက်ဝန်းလို့လည်း သူ့ကိုသိကြတယ်။ အခုလောလောဆယ် သူ့တာဝန်ကတော့ Angelic weapon တစ်ခုကို ငရဲဆီယူဆောင်ဖို့။ ဒါကထူးဆန်းနေပါလိမ့်မယ်။

Heaven မှာရှိနေတဲ့ နတ်လက်နက်တစ်ခုဟာ Angel အချင်းချင်းဖြစ်ကြတဲ့ မတော်တဆမှုတစ်ခုကြောင့် ကမ္ဘာပေါ်ကိုကြွေကျခဲ့ရတယ်။ Angel တွေလိုက်လာတဲ့အချိန်မှာ နတ်လက်နက်မှာရှိတဲ့ဝိညာဉ်က လက်နက်နဲ့ကွဲထွက်သွားပြီး သူတည်မှီရာတစ်ခုခုရယူဖို့ သူကြွေကျတဲ့အနားမှာရှိတဲ့ လင်မယားနှစ်ယောက်ရဲ့အိမ်လေးဆီကို ဝင်ရောက်သွားပြီး လူသားလေးတစ်ယောက်အဖြစ်နဲ့ လူ့လောကထဲဝင်ဖို့ ဖြစ်လာခဲ့ပြီ။ လူသားတစ်ယောက်ရဲ့ဖြစ်တည်မှုနဲ့ သက်ဆိုင်တာကြောင့် လိုက်လာတဲ့ Angel တွေက ပြန်ယူမသွားနိုင်တော့ပါဘူး။ လက်နက်အခွံကို လူသားနဲ့အနီးဆုံး လုံခြုံတဲ့နေရာမှာ သိမ်းဆည်းခဲ့ပြီး ဒီလူသားသေဆုံးချိန်မှသာ ဝိညာဉ်က လက်နက်ထဲပြန်ဝင်နိုင်ဖို့ စီစဉ်ပေးခဲ့ကြတယ်။ အဲဒီအခါမှ Heaven က လက်နက်ကို ပြန်လာသိမ်းနိုင်တော့မှာပါ။

နတ်လက်နက်ရဲ့ဝိညာဉ်ဟာ လူ့သက်တမ်းနှစ်သုံးဆယ်မှာ သေဆုံးပြီး လက်နက်ထဲကိုပြန်ဝင်မယ်ဆိုတဲ့ လျှို့ဝှက်သတင်းကို နတ်လက်နက်ကြွေကျပြီး လူ့သက်တမ်းဆယ့်ငါးနှစ်အကြာမှာ Hell ကသိသွားခဲ့တယ်။ လူသားဖြစ်နေတဲ့ ဝိညာဉ်ကိုရှာပြီး သက်တမ်းမစေ့ခင် သူကိုယ်တိုင် ကျေကျေနပ်နပ်သေဆုံးဖို့ လက်ခံမယ်ဆိုရင် ဝိညာဉ်ကလက်နက်ထဲပြန်ဝင်နိုင်မှာမို့ ဒီလူသားကိုရှာပြီး နတ်လက်နက်ကိုယူဖို့ ကြံစည်ခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ရှာတာ သုံးနှစ်ကြာသွားတဲ့အထိ လူသားတစ်ယောက်ကို ရှာမရနိုင်ခဲ့ပါ။ ပျောက်ဆုံးရခြင်းရဲ့ အဓိကအကြောင်းအရင်းဟာ Halzeo ရဲ့အထောက်အပံ့ကြောင့်လို့ သိရတဲ့အခါမှာ Halzeo ရဲ့သဘာဝတွေကို ဆန့်ကျင်ပြီး ရှာပုံရှာနည်းတစ်မျိုးပြောင်းခဲ့ကြရတယ်။ ဒီအချိန်မှာ လူသားလေးက ဆယ့်ရှစ်နှစ်ပြည့်ပါတော့မယ်။

Hell က ရှာတွေ့ခဲ့တဲ့ လူသားလေးကို သူ့ဆန္ဒအရ ကျေကျေနပ်နပ်သေဆုံးခံဖို့အတွက် အကြံတစ်ခုရခဲ့တာက အချစ်အတွက်နဲ့ အသက်သေခံခိုင်းဖို့နည်းလမ်းက လွယ်လိမ့်မယ်လို့ ဆုံးဖြတ်ခဲ့ကြတယ်။ သူတို့ရဲ့ဆုံးဖြတ်ချက်က မှန်ကန်ခဲ့တယ်။ Albert Ashford အဖြစ်နဲ့ Flame က Zenith ရဲ့အချစ်ကို ရယူနိုင်ခဲ့တယ်။ တစ်နည်းအားဖြင့် Ashford က Zenith ရဲ့နှလုံးသားကိုပိုင်ဆိုင်ခဲ့တယ်။ သူ့ကိုတားနေတဲ့ Zenith ရဲ့အစောင့်အရှောက်ကို တားဆီးပိတ်လှောင်ခဲ့ပြီးတော့ပေါ့။ ခန္ဓာကိုယ်ကိုရယူမယ့်အချိန်မှာတော့ Flame ပိတ်လှောင်ထားခဲ့တဲ့ Zenith ရဲ့ Guardian spirit ဖြစ်တဲ့ Walken က လွတ်မြောက်လာပြီး Flame ကိုတားဆီးဖို့ ရောက်လာခဲ့ကာ အဲဒီညက Albert Ashford ရဲ့တိုက်ခန်းမှာ တိုက်ပွဲအသေးစားလေး ဖြစ်သွားခဲ့တာပါပဲ။ ရလဒ်က

"Flame, မင်းနောက်မဆုတ်ရင် ငါမင်းကိုသတ်ရလိမ့်မယ်။"

"မင်းက ငါ့လက်ခံကိုယ်ကိုပါ သတ်မလို့လား။"

Halzeo မှာ လူသားတစ်ယောက်ကိုသတ်ခွင့်ကို တင်းတင်းကြပ်ကြပ်တားမြစ်ထားပါတယ်။ ဒီလိုအခြေအနေတွေ ဖြစ်မလာဖို့ Zenith ကိုတားဖို့ အိပ်မက်ထဲသွားပြီး Walken အကြိမ်ကြိမ်ရှင်းပြဖို့ကြိုးစားဖူးပေမဲ့ Zenith ရဲ့ Heaven အငွေ့အသက်ကြောင့် Walken ဘက်က အနားကပ်မရခဲ့ပါ။ အခုတော့ လူသတ်ရတော့မယ့်အခြေအနေတွေ ဖြစ်လာခဲ့ပြီ။

"ငါ ဂရုမစိုက်ဘူး။"

"ဒါဆို သတ်လိုက်လေ။"

Walken ရဲ့အချုပ်အနှောင်မှာမိနေတဲ့ Flame က ရုန်းမရတဲ့အခြေအနေမှာ မာန်မလျှော့ပါ။ Walken က သူ့ရဲ့ ရေခဲမြူဓားမြှောင်ကို ဆွဲထုတ်လိုက်တော့

"မလုပ်နဲ့။ သူ့ကိုမသတ်ရဘူး အကို။"

မြူလုံးလေးတစ်လုံးပေါ်လာပြီး ကလေးငယ်လေးတစ်ယောက်ပေါ်လာတယ်။

"မင်း၊ ပြန်သွားတော့။ ငါ သူ့ကိုသတ်မှာ။"

Walken ရဲ့ညီမငယ်လေးက လူသတ်တော့မယ့်အကိုဖြစ်သူကို အချိန်မီတားရှာတယ်။

"မရဘူးလေ။ Flame ကိုသတ်ရင် သူ့လက်ခံကိုယ်လူသားပါ သေမှာ။ လူသတ်ရင် အကိုက ပြစ်ဒဏ်ထိမှာပေါ့။ ငါခွင့်မပြုဘူး။"

"ဖယ်စမ်း။"

မောင်နှမနှစ်ယောက်အချေအတင်ဖြစ်နေတာကို အခွင့်ကောင်းယူပြီး Flame က Walken ရဲ့ညီမငယ်ကို ထိခိုက်အောင်လုပ်ဖို့ကြံစည်ပါတော့တယ်။ ဒါကို Walken ကမြင်သွားပြီး သူရဲ့ရေခဲမြူဓားမြှောင်နဲ့ Flame ရဲ့ရင်ဝကိုထိုးစိုက်လိုက်တဲ့အခါ ...

"အကို၊ နင် ... နင် ... လူသတ်မိပြီ။ ပြေး၊ ပြေးတော့။"

"ငါရှင်းရမယ်။"

"ပြေးတော့ အကို။ ဒီကိစ္စတွေ လူတွေမသိဖို့ ငါတာဝန်ယူတယ်။ နင်ပြေးတော့။"

■■■

Walken ရဲ့ရင်ဘတ်က တင်းကြပ်နာကျင်လာတယ်။ ဒါဟာ Zenith ရဲ့နာကျင်ကြွေကွဲမှုပါပဲ။ တစ်နည်းပြောရရင် သူ့ရဲ့ချစ်သူ ပျောက်ဆုံးသွားတဲ့အတွက်ပေါ့။ ငိုနေတော့မှာပဲဆိုတဲ့အသိနဲ့ Zenith ရှိရာကို Walken အရောက်သွားခဲ့တယ်။

"Don't cry, Kiddo."

Zenith တစ်ယောက် ခေါင်းငုံ့ငိုကြွေးနေရာက ကြားနေကျအသံတစ်ခုကို ကြားလိုက်ရတာမို့ မော့ကြည့်မိတယ်။ သူ့ရှေ့က Zenith ကို သူမမြင်ပါ။

"အကို၊ ဒီကနေထွက်သွားတော့။"

Zenith ရော၊ Walken ပါကြားလိုက်တဲ့ ကလေးငယ်တစ်ယောက်ရဲ့အသံ။ Walken အတွက် အချိန်မရှိတော့ပါ။ နတ်လက်နက်နဲ့ဆက်သွယ်နေတဲ့ ဝိညာဉ်ကြိုးကိုဖြတ်မှပဲ Zenith ကို ဒီနယ်ရဲ့နယ်နိမိတ်ကနေ သူခေါ်ထုတ်လို့ ရပါလိမ့်မယ်။ နောက်ဆုံး သူဆုံးဖြတ်လိုက်တယ်။



Zenith လဲကျသွားပြီး ပြန်နိုးတဲ့အချိန်မှာတော့ သစ်လုံးအိမ်လေးတစ်လုံးထဲမှာပေါ့။

"Kiddo."

မျက်စိတွေကိုပွတ်သပ်ပြီး မျက်လုံးဖွင့်ကြည့်မိတဲ့ Zenith.

"What the hell!"

Zenith ထထိုင်လိုက်တော့ Walken လည်း ထရပ်လိုက်မိတယ်။ သူနဲ့ Zenith က တစ်ခါမှထိပ်တိုက်စကားပြောဖူးတာမဟုတ်။

"မင်း ဘယ်သူလဲ။"

"Walken."

"ဘယ်လိုနာမည်လား။ ငါ့ကို မင်းခေါ်လာတာလား။"

ခေါင်းညိတ်လိုက်တဲ့ Walken ရဲ့ဆံပင်တွေကို Zenith ငေးကြည့်နေမှန်း Walken သိလိုက်တော့ ပျော်သွားတယ်။ ဒီလူသားလေးက သက်တံတွေကိုသိပ်ကြိုက်တာကြောင့် Walken ရဲ့ သဘာဝအတိုင်းဖြစ်နေတဲ့ သက်တံရောင်ပြေးတဲ့ငွေမင်ရောင်ဆံပင်ကို သဘောကျမယ်ဆိုတာ တွေးကြည့်ရင်သိနိုင်တယ်မဟုတ်လား။

ဒါပေမဲ့ Walken ရဲ့အပျော်က ကြာကြာမခံလိုက်ပါ။ Zenith က သူ့ကိုပြန်ပို့ပေးဖို့ပြောလာတယ်။ Walken သူ့ကို ဝိညာဉ်ကြိုးဖြတ်ပြီးတော့ကို ခေါ်လာခဲ့ရတာ ပြန်ပို့ပေးဖို့မဟုတ်ခဲ့ဘူး။ Zenith ကမေးလာတယ်။

"မင်းကဘာလဲ။"

"မင်းကိုချစ်တဲ့သူပေါ့။"

"ဘာ ..."

Zenith ထအော်တော့မှ Walken လည်းအံ့ဩသွားတယ်။ သူဘာလို့ အဲဒီလိုဖြေမိမှန်း သူကိုယ်တိုင်လည်းမသိဘူး။

"မင်း Ashford ကို ဘာလုပ်လိုက်တာလဲ။"

ဒီအတွက် အဖြေမရှိဘူး။ ဘယ်လိုရှင်းပြလို့ရမှာလဲ။

Zenith ရဲ့အတွေးက အမေဖြစ်သူဆီအရောက်မှာ Walken ရင်ဘတ်ထဲလည်းနာကျင်လာလို့ ရင်ဘတ်ကိုဖိကိုင်လိုက်ပြီး Zenith ကို အိပ်မောကျစေလိုက်ရတယ်။ ထပ်ပြီးမနာကျင်စေချင်တော့ပါ။

ပြန်နိုးလာတဲ့ Zenith က အိမ်သာထဲကနေထွက်ပြေးဖို့ကြံလို့ နောက်တစ်ခေါက်အိပ်စက်စေခဲ့တယ်။
တတိယအကြိမ်မှာတော့ Walken ကိုသတ်ချင်တယ်လို့ တောင်းဆိုလာတယ်။ သူသတ်ရင် Walken သေမသေဆိုတာကို သေချာမသိပေမဲ့ ဓားတစ်လက်ထုတ်ပေးတော့လည်း သူ့ရဲ့လူသားလေးက မလုပ်ပြန်ဘူး။ Zenith ရဲ့ဖြစ်သွားတဲ့ပုံစံကိုကြည့်ပြီး Walken အသည်းယားလာတယ်။ အိမ်အပြင်ထွက်ဖို့၊ အစားစားဖို့၊ လိုင်းသုံးဖို့တွေကို တစ်ခုပြီးတစ်ခုဉာဏ်ဆင်နေတဲ့ Zenith ကို Walken သည်းမခံနိုင်အောင် အသည်းယားလာလို့ အိပ်ခိုင်းလိုက်ရပါတယ်။

အိပ်ပျော်နေတဲ့ Zenith ရဲ့ပါးပြင်ကို Walken တို့ထိကြည့်မိတော့ နွေးအိအိအထိအတွေ့ကြောင့် ရယ်လိုက်မိတယ်။

"လူသားတွေက အဲဒီလိုပဲလား။"

ဒီတစ်ခေါက်နိုးလာရင်တော့ သေချာလေးရှင်းပြပေးဖို့ Walken ဆုံးဖြတ်လိုက်ပါတယ်။ Zenith လည်း စိတ်ငြိမ်လောက်ပြီမဟုတ်လား။
မျက်ခွံတွေလှုပ်လာပြီး မျက်လုံးတွေပွင့်လာတဲ့ Zenith က Walken ကိုမြင်တော့ မျက်မှောင်ကြုတ်တယ်။

"ခင်ဗျား ကျွန်တော့်ကို အိပ်ပျော်သွားအောင်လုပ်ပစ်နေတာပဲ။ ဘယ်နှခေါက်တောင်ရှိပြီလဲ။"

Walken ဖြေဖို့ကြိုးစားပေမဲ့ Zenith ကတားလိုက်ပြီး

"တော်ပြီ။ ကျွန်တော်မေးမယ်။ အခု ခင်ဗျားက ကျွန်တော့်ကို ဘာဖြစ်လို့ဖမ်းထားတာလဲ။"

"ဖမ်းထားတာမဟုတ်ပါဘူး။ တကယ်သိချင်ရင် ငါပြောပြမယ်။ လက်ခံနိုင်ဖို့ကတော့ ငါနဲ့မဆိုင်တော့ဘူး။"

"အင်း"

Walken က Zenith အနားကိုတိုးလာလို့ Zenith နောက်ကိုဆုတ်မိတော့

"ခေါင်းကိုထိရုံလေးပါ။"

ခေါင်းနောက်ဘက် ဦးနှောက်နေရာကိုထိလိုက်ပြီး ဖြစ်ပျက်သမျှဖြစ်စဉ်တွေကို Zenith မှတ်ဉာဏ်ဆီပို့ပေးတဲ့အချိန် Zenith က ကျောက်ရုပ်တစ်ရုပ်လို။

"ဟင်း"

Zenith သက်ပြင်းချပြီး ခုတင်ကိုလက်ထောက်ရင်း အသက်ပြင်းပြင်းရှူနေရပြီ။ အခုသိလိုက်ရတာတွေက Zenith ရဲ့အသိဉာဏ်ကို ကျော်လွန်နေတာမျိုးတွေလား။

"ဘုံလေးဘုံရဲ့ပြဿနာတွေလား။ အဲဒီဟာတွေက တကယ်ရှိတယ်ပေါ့။"

Walken ခေါင်းညိတ်လိုက်တယ်။

"ဘုံတွေက တခြားအများကြီးထပ်ရှိသေးတယ်။"

"ရပြီ။ ပြီးတော့ အဲဒီလက်နက်နဲ့ကျွန်တော့်ကို ခင်ဗျားဘာလုပ်လိုက်တာလဲ။"

"ဝိညာဉ်ကြိုးဖြတ်ခဲ့တာ။ မဟုတ်ရင် မင်းက အဲဒီနယ်နိမိတ်ကနေ ထွက်လို့မရဘူး။"

"ဒါဆို ကျွန်တော်က အသက်သုံးဆယ်မှာ မသေတော့ဘူးလား။"

Walken ပြန်မဖြေ။

"ဟုတ်ပြီ။ သက်တမ်းကတော့ သတ်မှတ်ပြီးသားနေမှာပေါ့။ အခုက ကြိုးပြတ်သွားပြီဆိုတော့ ကျွန်တော်သေရင် အဲဒီလက်နက်ပြန်မဖြစ်တော့ဘူး။"

Walken ခေါင်းညိတ်တယ်။

"အဲဒီလက်နက်က အစွမ်းမရှိတော့သလို ဖြစ်သွားမှာပေါ့။"

"Heaven က လာပြန်သိမ်းလိမ့်မယ်။"

"ကျွန်တော်ကရော ဘာဆက်ဖြစ်မှာလဲ။"

ဒီအတွက်လည်း Walken မှာအဖြေမရှိ။

"ကျွန်တော်က အရင်လိုပဲဆက်နေသွားလို့ မရဘူးလား။"

"မင်းက အရင်အတိုင်းဆက်နေသွားမယ်ဆိုရင် ငါက မင်းအနားနေလို့မရတော့ဘူး။"

"ကျွန်တော်က ဘာနဲ့မှဆက်နွယ်မနေတော့ဘူးဆိုရင် ခင်ဗျားလည်း တာဝန်မရှိတော့ဘူးမဟုတ်လား။"

"သူတို့က မင်းကို ထပ်ပြီးအန္တရာယ်ပေးနိုင်တယ်။ အသုံးမဝင်တော့လို့ ဖျက်ဆီးပစ်ရုံသက်သက်လိုမျိုးပေါ့။"

"အဲဒါ ခင်ဗျားနဲ့ ဘယ်လိုသက်ဆိုင်လဲ။"

Walken အတွက် အဖြေမရှိတဲ့မေးခွန်းတွေ များနေခဲ့ပြီ။

"ကျွန်တော် အရင်လိုဘဝနဲ့ပဲ ဆက်နေချင်တယ်။ စောစောစီးစီးသေရမယ်ဆိုရင်လည်း ဒီထဲမှာပဲပိတ်မိမခံနိုင်ဘူး။"

"......................."

"ကျွန်တော့်ကိုချစ်တယ်ဆို။ ကျွန်တော်စိတ်မချမ်းမသာဖြစ်နေတာကို ထိုင်ကြည့်နေချင်တာလား။"

အဲဒီကနေအစချီလို့ သူ့ကိုပြန်လွှတ်ပေးဖို့ Zenith အမျိုးမျိုးဖြောင့်ဖြပေမဲ့ Walken ကတော့ ရေမငုံဘဲနဲ့ကိုနှုတ်ဆိတ်နေခဲ့ပါပြီ။

■■■

"Zenith"

ပန်းရနံ့တစ်မျိုးနဲ့အတူ ချိုသာနူးညံ့တဲ့အသံကြောင့် Zenith နိုးလာပြန်တယ်။ ဒါပေမဲ့ သူရောက်နေတာက အနက်ရောင်ကောင်းကင်အောက်က ပုလဲရောင်ရေတံခွန်ဘေး ပန်းခင်းလေးတစ်ခုထဲမှာ။

"အိပ်မက်လား။"

"ဟုတ်ပါတယ်။ ဒါပေမဲ့ ဒါကတကယ်ဖြစ်နေတာပါ။ ငါ့နာမည်က Flora, ပန်းနတ်သမီးပါ။ နင့်ကို Walken က ဖမ်းချုပ်ထားလို့ ထွက်ပြေးလို့ရအောင် ကူညီပေးဖို့ ငါလာခဲ့တာ။"

"ဗျာ"

"အချိန်မရှိလို့ သေချာနားထောင်ပါ။ သူ့မှာ ရေခဲမြူဓားမြှောင်ရှိတယ်။ အဲဒီဓားမြှောင်ရဲ့ထိပ်မှာ သက်တံအမြုတေမြှုပ်ထားတယ်။ အဲဒါကိုထုတ်ယူနိုင်ရင် သူရဲ့အစွမ်းတွေပျောက်ပြီး နင်လည်းထွက်ပြေးနိုင်လိမ့်မယ်။ ငါပြောတာ နားလည်လားဟင်။"

"ဘာလို့ ဒါတွေလာပြောပြနေတာလဲ။"

"ငါက Walken ကို လမ်းမှားမရောက်စေချင်လို့ သူအပြစ်တွေမများခင် တားချင်တာပါ။ ငါတားမရတော့ နင်လွတ်အောင်ကူညီပေးနိုင်ရင် သူလည်း အပြစ်မဖြစ်တော့ဘူးပေါ့။"

"ဟုတ်ပြီ။ ဒါဆို သက်တံအမြုတေကိုထုတ်ယူနိုင်ရင် လွတ်နိုင်ပြီပေါ့။"

Flora က နွယ်ပင်လေးတွေရောယှက်နေတဲ့ သူရဲ့ဆံနွယ်ရှည်တွေလှုပ်ခတ်သွားတဲ့အထိ ခေါင်းညိတ်ပြလာတယ်။

"ကျေးဇူးတင်ပါတယ်။"

■■■

"Walken"

Zenith ကခေါ်တော့ နံရံနားကခုံမှာ Walken ပေါ်လာတယ်။ အစက Zenith နိုးလာတော့ သစ်လုံးအိမ်လေးထဲ တစ်ယောက်တည်းရှိနေတယ်လို့ ထင်နေခဲ့တာ။

"ရှိနေတာပဲ။ ကျွန်တော် မေးစရာရှိတယ်။"

"အင်း"

"Flame ကို ခင်ဗျားက ဓားနဲ့ထိုးတော့ Ashford ရော၊ Flame ရော သေတာလား။"

"Flame ရဲ့အသက်က သူ့မျက်လုံးကမီးတောက်တွေမှာရှိတာလို့ ပြောတယ်။ ငါက ရင်ဝကိုထိုးမိခဲ့တော့ Ashford ကသေပြီး Flame မသေတာလည်း ဖြစ်နိုင်တယ်။ ဒဏ်ရာတော့ပြင်းမှာပေါ့။ ရေခဲရဲ့ဒဏ်ကြောင့် သူအထိနာမှာပဲ။"

"Ashford က ဘယ်သူလဲဆိုတာ ခင်ဗျားသိလား။"

"Coma ဝင်နေတဲ့ အပျော်တမ်းဓာတ်ပုံသမားတစ်ယောက်။ တောင်စောင်းကနေပြုတ်ကျလို့ ဦးနှောက်အကြောသေနေတာ တစ်နှစ်နဲ့နှစ်လရှိပြီ။"

"ဪ"

"စိတ်မကောင်းဖြစ်သွားလား။ သူက မင်းကိုမသိဘူး။"

"ဘာထူးတော့မှာလဲ၊ အစတည်းက လှည့်စားခံလိုက်ရတာပဲကို။ ဒါဆို သူက ပြောရမယ်ဆို ခင်ဗျားကြောင့်မဟုတ်လည်း သေမယ့်လူပဲ။ အခုက ခင်ဗျားအပြစ်ဖြစ်သွားတာပေါ့။"

"ငါသိတာ မင်းအန္တရာယ်ကင်းဖို့ပဲ။"

Walken ရဲ့စကားကြောင့် Zenith စကားစပြတ်သွားပြီးမှ

"ဟိုလေ ... အဲဒီရေခဲမြူဓားက တကယ်အကောင်အထည်နဲ့ရှိတာလား။ ဒါမှမဟုတ် ခင်ဗျားတို့လိုမျိုး ဖြစ်တည်မှုလား။"

"အကောင်အထည်နဲ့ရှိပါတယ်။ ငါ့ကိုမွေးတဲ့အချိန် ပါလာတာ။"

"ဗျာ။ ခင်ဗျားကိုမွေးတော့ ဓားကြီးပါပါလာတယ်လား။"

အံ့ဩသွားတဲ့ Zenith ကိုကြည့်ပြီး Walken ထရယ်တယ်။

"ငါက ငါတို့လောကထဲရောက်လာချိန်မှာ ငါ့လက်ထဲ အဲဒီဓားက ပေါ်လာတာ။"

"ဪ၊ အဲဒီလိုလား။ ဟိုလိုကြီးပါလာတာလားလို့။ ပြီးတော့ ခင်ဗျားတို့က အဲဒီသက်တံတွေ၊ မီးတောက်တွေနဲ့အတူ မွေးလာတာလား။"

Zenith က စိတ်ဝင်တစားမေးနေပြီး Walken ကလည်း စိတ်ရှည်လက်ရှည်ရှင်းပြနေခဲ့တယ်။ Zenith ရဲ့ အဓိကရည်ရွယ်ချက်က ရေခဲမြူဓားမြှောင်ကို ဘယ်မှာသိမ်းထားလဲဆိုတာ သိရဖို့။

"နေမီးတောက်ထဲက ခင်ဗျားထွက်လာတုန်းက အဲဒါ ဘယ်လိုလုပ်လိုက်တာလဲ။"

"အဲဒါ သက်တံအမြုတေကို သုံးခဲ့တာ။ ဒီမှာ။"

Walken ရဲ့လက်ထဲမှာ ရေခဲမြူဓားမြှောင်ပေါ်လာပြီး ဓားရိုးကို Zenith ဘက်ထားလို့ ထိပ်ဘက်ကအမြုတေကို ပြလိုက်တယ်။ Zenith က ရုတ်တရက် အမြုတေကို တစ်စုံတစ်ခုနဲ့ပိတ်လိုက်တဲ့အခါ ပြုတ်ထွက်လာလို့ ဖမ်းယူလိုက်တော့

"မဟူရာစက်ကွင်း"

Walken က တအံ့တဩရေရွတ်လိုက်တယ်။
နက်မှောင်နေတဲ့စက်ကွင်းလေးတစ်ခုက သက်တံအမြုတေကိုဖုံးအုပ်သွားတဲ့အခါ ရေခဲမြူနဲ့ အပြင်ကအလင်းဓာတ်တို့ တွေ့ဆုံမှုကို ဖြတ်တောက်ပစ်လိုက်လို့ အလင်းမပြန်တော့တဲ့အခါ သက်တံအမြုတေက ရေခဲမြူဓားကနေ ပြုတ်ကျသွားခဲ့ရခြင်း။

Zenith က ချက်ချင်းပဲ သက်တံအမြုတေကို စက်ကွင်းလေးထဲထည့်လိုက်တယ်ဆိုရင်ပဲ

"Congratulations! လူသားရဲ့အစွမ်းက မသေးပါလား။"

"Flora. မင်းလက်ချက်ပေါ့။"

Walken ရဲ့ကိုယ်ကနေ အလင်းတန်းဖြူဖြူတွေဖြာထွက်လာပြီး မြူမှုန်တွေလိုဝေဝါးလာနေတယ်။ Zenith တအံ့တဩကြည့်နေတုန်းမှာပဲ

"လွယ်လိုက်တာ ရှင်ရယ်။ ကျွန်မယူမရတဲ့ အဲဒီဓားကို ရှင်ကိုယ်တိုင်က လွယ်လွယ်လေးနဲ့ သူ့ဆီဓားရိုးကမ်းသတဲ့။ သူခိုးမှန်းမှ မသိပဲ။"

မဟူရာစက်ကွင်းဆီလက်လှမ်းတဲ့ Flora ကို Zenith က ရှောင်ဖယ်လိုက်ပြီး

"ကျွန်တော့်ကို လွှတ်ပေးမှာမဟုတ်လား။"

"အိုး၊ လွှတ်ပေးရမှာပေါ့။ မဟုတ်လည်း ဝိညာဉ်ကြိုးဖြတ်ပြီးတဲ့ ရှစ်ရက်မြောက်နေ့ကျ သေမှာပဲကို။"

"ဗျာ"

"ခုနစ်ရက်ပဲ နေရမှာလေ။ အခု ဘယ်နှရက်လဲ။ အိုး၊ ဒီနေ့က ခုနစ်ရက်ပြည့်ပြီမဟုတ်လား။"

Zenith ကြောင်အသွားပြီး Walken ကိုကြည့်မိတယ်။ Flora က မဟူရာစက်ကွင်းကိုလှမ်းယူလိုက်ချိန်မှာပဲ Walken လက်ထဲမှာ ဓားသွားဘက်ကိုကိုင်လျက်သားဖြစ်နေတဲ့ ရေခဲမြူဓားက မဟူရာစက်ကွင်းကိုဖြတ်ကာ Zenith လက်ထဲရောက်သွားပြီး Walken ရဲ့ခန္ဓာကိုယ်ကလည်း ဓားသွားထိပ်ကိုပြေးကပ်သွားခဲ့တယ်။

Zenith က ဓားကိုင်ပြီး Walken ကိုထိုးလိုက်တာမဟုတ်ဘဲ Walken က ဆုပ်ကိုင်ထားတဲ့ဓားသွားကိုလွှတ်လိုက်လို့ သက်တံအမြုတေကိုစုပ်ယူထားတဲ့ မဟူရာစက်ကွင်းက ဓားကိုပါစုပ်ယူလိုက်ချိန် Flora က မဟူရာစက်ကွင်းကို လှမ်းယူလိုက်ချိန်နဲ့ကွက်တိကျပြီး ဓားက Zenith လက်ထဲကိုကျသွားခဲ့တာပါ။ ဒီတော့မှ Walken ရဲ့ခန္ဓာကိုယ်က ဓားသွားဘက်ကိုဖိကပ်လိုက်ပြီး ကိုယ်တိုင်ဓားထိုးခံခဲ့ခြင်း။

"ဟင့်အင်း"

နှလုံးသားတည့်တည့်မှာ ဓားစိုက်ခံထားရတဲ့ Walken က Flora ရဲ့ထိတ်လန့်တကြားအော်သံကြောင့် ပြုံးလိုက်တဲ့တစ်ခဏ Flora လွှတ်ချဖို့မမီလိုက်တဲ့ မဟူရာစက်ကွင်းထဲကနေ ရောင်စဉ်တွေဖြာကျပြီး Flora တစ်ယောက်ကတော့ ရောင်စဉ်တန်းတွေထဲမှာ ပန်းဝတ်မှုန်တွေအဖြစ်ကို တဖြည်းဖြည်းကူးပြောင်းသွားပါတော့တယ်။ Flora ရဲ့ခန္ဓာကိုယ်တစ်ခုလုံး အမှုန်လေးတွေဖြစ်သွားချိန်မှာ တစ်ခုသောဥယျာဉ်ထဲမှာရှိနေတဲ့ မဟူရာကောင်းကင်အောက်က ပန်းတွေအကုန်လုံးဟာလည်း ဝတ်မှုန်တွေဖြစ်သွားပြီး ကြွေပျက်သွားခဲ့တယ်။

"Walken"

အလင်းတွေအကုန်ပျောက်သွားပြီး အရာအားလုံးပုံမှန်ပြန်ဖြစ်သွားချိန်မှာ Walken လဲကျသွားလို့ Zenith ပွေ့ယူထိန်းလိုက်တော့ သူတို့နှစ်ယောက်လုံးရှိနေတာက Zenith ရဲ့အခန်းထဲမှာပါပဲ။ Walken ရဲ့ ဓားတန်းလန်းနဲ့နှလုံးသားနေရာကနေ ရောင်စဉ်တန်းလေးတွေ စိမ့်ထွက်နေတယ်။

"ခင်ဗျား သေသွားမှာလား။ မရဘူးနော်။"

Zenith မျက်ရည်တွေကျလာတယ်။ Walken က Zenith ရဲ့မျက်ရည်တွေဆီလက်လှမ်းရင်း

"Don't cry, Kiddo."

မျက်ရည်ထိတဲ့လက်ချောင်းထိပ်ကနေစပြီး Walken ရဲ့ခန္ဓာကိုယ်က မှိန်ဖျော့သွားရင်း Zenith လက်ထဲမှာတင် တဖြည်းဖြည်းပျောက်ကွယ်သွားတဲ့အခါ .....

"Walken"

"သား၊ သားလေး။ သားလေးပြန်ရောက်နေတယ်။"

Zenith ရဲ့အမေဖြစ်သူက အခန်းထဲပြေးဝင်လာကာ ကြမ်းပြင်မှာထိုင်ရင်းမျက်ရည်တွေကျနေတဲ့ သူရဲ့သားငယ်ကိုပွေ့ဖက်ထားပြီး ငိုပါတော့တယ်။

■■■

သစ်လုံးအိမ်ထဲ Zenith တတိယအကြိမ်နိုးလာချိန်မှာ Walken မေးဖူးတယ်။

"အခုချိန် မင်းအလုပ်ချင်ဆုံးက ဘာလဲ။"

"မင်းကိုသတ်ချင်တယ်။"

လူသားကတောင်းဆိုဖူးတဲ့ဆန္ဒကို ဖြည့်ဆည်းပေးတဲ့ ကိုယ်စောင့်ဝိညာဉ်ဟာ သူ့ဆုတောင်းတစ်ခုပြည့်သတဲ့။

'Zenith လက်နဲ့သတ်လို့ သေရပါစေ။'

Halzeo ရဲ့ Rainbow လို့သတ်မှတ်ခံရတဲ့ Walken ကိုပိုင်ဆိုင်ချင်ရင်၊ ထိန်းချုပ်ချင်ရင် သူနဲ့အတူဖြစ်တည်လာတဲ့ သက်တံအမြုတေကို ရယူနိုင်ရမယ်။

Halzeo ရဲ့ဝိညာဉ်တစ်ခု ပျက်စီးတဲ့အခါ သူနဲ့သက်ဆိုင်တဲ့စွမ်းအားဟာလည်း အတူတကွလောင်မြိုက်တယ်။ အဲဒီစွမ်းအားပျက်စီးချိန်မှာ စွမ်းအားတည်ရှိရာနေရာ၊ ဒါမှမဟုတ် စွမ်းအားတည်ရှိရာအရာဝတ္ထုကပါ ထပ်တူလောင်မြိုက်သွားတယ်။

မဟူရာစက်ကွင်းဆိုတာ နတ်ပျိုးဥယျာဉ်ရဲ့အရှေ့ဘက်ခြမ်း မဟူရာကောင်းကင်အောက်က ပန်းနတ်သမီး Flora ရဲ့ စွမ်းအားရင်းမြစ်တစ်ခု။ အမှောင်မှာ နေရောင်မရလည်း အလှဆုံးဖူးပွင့်နိုင်တဲ့ပန်းဟာ နတ်ပျိုးဥယျာဉ်မှာ Flora တစ်ယောက်တည်းသာ။

■■■■■

အရှေ့တိုင်းအယူအဆတစ်ခုဖြစ်တဲ့ နတ်ဝှက်တယ်ဆိုတာကို ကြားဖူးပါသလား။

နတ်ဝှက်ခံရတဲ့လူဟာ အဲဒီနေရာမှာရှိနေပေမဲ့ သူ့ကို တခြားလူတွေက မမြင်ရပါဘူးတဲ့။ အဲဒီလူကတော့ တခြားလူတွေကို မြင်နိုင်တယ်တဲ့။

တချို့ကတော့ အဲဒီလူကိုပါ တခြားလူတွေနဲ့သီးသန့်ဖြစ်သွားအောင် ပုံရိပ်ယောင်ကမ္ဘာတစ်ခုဖန်ဆင်းပြီး ဝှက်ထားနိုင်တဲ့အစွမ်းမျိုး ရှိကြလေရဲ့။

■■■■■
17 Apr 2023 (my day)
မြန်မာနှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

𝑻𝒐 𝒎𝒚 𝑴𝒐𝒎,
𝑴𝒂𝒚 𝒚𝒐𝒖 𝒂𝒍𝒘𝒂𝒚𝒔 𝒉𝒂𝒗𝒆 𝒉𝒆𝒂𝒍𝒕𝒉 𝒐𝒇 𝒃𝒐𝒅𝒚 & 𝒑𝒆𝒂𝒄𝒆 𝒐𝒇 𝒎𝒊𝒏𝒅.
🙏🙏🙏

Demon
© Demon ,
книга «Gifty One-shot Story Collection».
Though guardian spirit ain't here (ေဇာ္ဂ်ီ)
Коментарі