Though guardian spirit ain't here (ယူနီကုတ်)
အလင်းရောင်ပျပျက နေ့သစ်တစ်ခုရဲ့ပြယုဒ်ကို ဖော်ထုတ်ဖို့ပြင်နေချိန် နေလုံးကတော့ ပီပီပြင်ပြင်ပေါ်ထွက်မလာသေးပါ။ ပိုပိုပြီးမတ်စောက်လာတဲ့ တောလမ်းလေးရဲ့အဆုံး ဒီတောတန်းရဲ့ အမြင့်ဆုံးနေရာကိုအရောက်သွားဖို့ သူ့အတွက်က အချိန်သိပ်ရတယ်တော့မဟုတ်။ အားစိုက်ထုတ်ပြီးတက်သွားလိုက်တာ သူ့မြင်ကွင်းထဲဝင်လာတဲ့ အဲဒီသက်ရှိပန်းချီကားကြောင့် အဆင်သင့်ဆီးကြိုနေတဲ့ ဟော့ရမ်းရမ်းလေပြည်တွေကိုတောင် အဖက်မလုပ်နိုင်ဘဲ ကင်မရာကိုထုတ်ပြီး လိုချင်တဲ့ဖန်တီးမှုတစ်ခုရဖို့ ခပ်မြန်မြန်ပဲပြင်ဆင်လိုက်တယ်။
အားလုံးအဆင်သင့်ဖြစ်ချိန်မှာ နေရဲ့အလင်းရောင်က အတောက်ပဆုံးအရှိန်နဲ့ မိုးကုပ်စက်ဝိုင်းဆိုတဲ့ဘောင်ထဲကနေ ကျော်လာနေခဲ့ပြီ။ အဲဒီအချိန်ကနေစပြီး အလုပ်တွေများသွားတဲ့သူက သူ့ရဲ့မော်ဒယ်ဖြစ်တဲ့ Sunrise ရဲ့ ကိုယ်ဟန်ပြခြင်းတွေကို တစ်ချက်ပြီးတစ်ချက်မှတ်တမ်းတင်နေမိတယ်။ ဓာတ်ပုံဆရာကသင်ပေးစရာမလိုတဲ့ သဘာဝမော်ဒယ်တွေဟာ လုံးဝကိုဆရာကျတဲ့ Professional စစ်စစ်တွေပါပဲ။
"အား ... မိုက်လိုက်တာ။"
ရိုက်ကူးပြီးစီးသွားတဲ့ သူ့လက်ရာတွေကိုပြန်ကြည့်ရင်း အကျေနပ်ကြီးကျေနပ်နေတဲ့သူ။ မြေပေါ်မှာထိုင်ချရင်း ရိုက်ယူထားသမျှတွေကို နှစ်ကျော့ပြန်ကြည့်ပြီးတဲ့နောက်မှ ကင်မရာကို တယုတယနဲ့ဘေးနားမှာချလို့ ရေဘူးထုတ်ပြီး မော့သောက်လိုက်တယ်။ အခုမှပဲ လေပြည်တွေကို သူပွေ့ဖက်နှုတ်ဆက်မိပါရဲ့။
မျက်စိတွေကိုမှိတ်လိုက်တဲ့အချိန် နေရောင်ကိုတောက်လျှောက်စူးစိုက်ကြည့်ခဲ့တဲ့ သူ့အမြင်အာရုံမှာ နေလုံးကြီးကထင်ကျန်နေတယ်။ ပက်လက်လှဲချလိုက်ပြီး မျက်စိအသားကျသွားတဲ့အထိ ငြိမ်နေလိုက်တယ်။ ပြန်ဖွင့်ကြည့်မိတဲ့မြင်လွှာမှာ သစ်ပင်ထိပ်ဖျားတချို့ဟာ မနက်ခင်းကောင်းကင်နောက်ခံနဲ့ သိပ်လှနေပြန်တာကြောင့် ဘေးနားကကင်မရာကိုကောက်ကိုင်ပြီး နောက်ထပ်နောက်ထပ်ရိုက်ချက်တွေက ဆက်တိုက်။
.
သဘာဝရဲ့မြှူဆွယ်ဖျားယောင်းမှုတွေနောက် တကောက်ကောက်ပါသွားလို့ မနက်စာလည်းတော်တော်နောက်ကျနေတဲ့အခါ ရေတွေသာသောက်ရင်းနဲ့ လာလမ်းအတိုင်းသူပြန်ဆင်းလာခဲ့တယ်။ မွှေးပျံ့လာတဲ့ပန်းရနံ့တစ်ခုကြောင့် ပတ်ဝန်းကျင်ကို သူစပ်စုမိတယ်။ ထူးထူးဆန်းဆန်းရတဲ့ပန်းနံ့ကို သူရှာကြည့်တော့ လမ်းဘောင်အစွန်းနဲ့ အတော်လှမ်းတဲ့နေရာမှာ သစ်ပင်ကြီးတစ်ပင်ပေါ်ကပ်ပေါက်နေတဲ့ သစ်ကပ်ပန်းလေးနှစ်ပွင့်ကြောင့် သူခြေလှမ်းတွေရပ်လိုက်မိပါတယ်။
"ဘာပန်းလေးတွေလဲ။ ငါမမြင်ဖူးဘူး။"
ကင်မရာကိုထုတ်ပြီး မြင်ကွင်းကိုဆွဲချဲ့လို့ ချိန်ညှိပြီးရိုက်နေရင်းက နောက်ထပ်တစ်ပင်မှာလည်း ပန်းတွေတွေ့ရပြန်လို့ သူထပ်ရိုက်မိပြန်တယ်။ အာရုံက ပန်းတွေဆီယစ်မူးနေလို့ မြေပြင်အစွန်းနားရောက်နေတာကို သတိမထားမိ။ တောင်စောင်းလိုနေရာဖြစ်နေလို့ မတ်နေတာကိုလည်း သူသတိမထားမိ။ သူ့အတွက်ခြေချစရာ မြေသားနေရာမကျန်တော့တာကို သိလိုက်ရတဲ့အချိန်
"အား"
■
"ဒေါက်တာ၊ သူ ဘယ်လိုမှ ..."
"ကျွန်တော်ပြောပြပြီးသလိုပါပဲ၊ coma ဆိုတော့ ဘယ်အချိန်သတိရမယ်လို့ အတိအကျမပြောနိုင်ပါဘူး။ ဒါပေမဲ့ မျှော်လင့်စရာတစ်ခုရှိတာက Mr. Ashford မှာ ဘယ်နေရာမှ စက်အကူအညီယူပြီးကုသဖို့ မလိုတော့တာပါပဲ။ တခြားထိခိုက်မှုတွေက အားလုံးပြန်အဆင်ပြေနေပါပြီ။"
"ဟုတ်ကဲ့ပါ ဒေါက်တာ။ ကျွန်မကို သူနာပြုငှားဖို့ကိစ္စလေး ပြောပြပေးပါဦး။ တစ်လလည်းကျော်လာပြီ။ သူလည်းစိတ်ချရပြီဆိုတော့ ကျွန်မ အလုပ်ပြန်လုပ်ရမှာမို့ပါ။"
"ဟုတ်ကဲ့၊ ကျွန်တော်စီစဉ်ပေးပါ့မယ်။"
.
"Welcome back, Evy. Ashford အတွက် သူနာပြုအဆင်ပြေသွားပြီလား။"
"Male nurse ပဲငှားထားပေးလိုက်တယ် သူငယ်ချင်းရယ်။"
"အခု ဘယ်လိုဆက်ဖြစ်ကြမှာလဲ။"
"ငါလေ၊ ဖြစ်နိုင်ရင် သူ့အနားမှာပြုစုပေးချင်တာပါ။ ဒါပေမဲ့ ..."
"Evy ရယ်၊ မိဘတွေကတော့ ကိုယ့်သမီးလေးကို အဲဒီလိုမြင်နေရတာ ဘယ်အဆင်ပြေပါ့မလဲ။"
"ငါ့အိမ်က ထစ်ခနဲဆို စေ့စပ်ရသေးတာလည်းမဟုတ်ဘူး၊ လက်ထပ်ပြီးတာလည်းမဟုတ်ဘူး၊ ဘာမှလည်း သက်ဆိုင်သေးတာမဟုတ်ဘူးနဲ့။ ငါ့အတွက်ကတော့ သူက ငါ့ရဲ့သက်ဆိုင်သူပဲလေကွာ။ မိသားစုမရှိတဲ့သူ့ကို ငါဘယ်လိုပစ်ထားနိုင်မှာလဲ။"
"အေးပါကွာ၊ အခုလည်း နင်အားတဲ့အချိန် သွားကြည့်နိုင်တာပဲလေ။ သူကလည်း တစ်နေကုန်အရိပ်တကြည့်ကြည့်နဲ့ ပြုစုရမယ့် ရောဂါသည်းနေတဲ့လူမဟုတ်တော့ အမြဲစောင့်ကြည့်ပေးနေဖို့ဆိုတာလည်း နင့်ဘဝနဲ့နင်ရှိသေးတာမဟုတ်လား။ နင်အလုပ်လုပ်ရင်း သူ့အတွက်လုပ်ပေးနိုင်တာတွေ အများကြီးရှိပါသေးတယ်ဟာ။ မျက်ရည်တွေသုတ်ဦး၊ မငိုနဲ့တော့။ အလုပ်ပြန်စဝင်တာ တက်တက်ကြွကြွနေကြည့်ပါဟ။"
မျက်ရည်တွေကိုသုတ်လိုက်ပြီး Evelyn တစ်ယောက် အလုပ်လုပ်ဖို့ပြင်လိုက်ပါတယ်။ Evelyn က အပျော်တမ်းဓာတ်ပုံဆရာ Albert Ashford ရဲ့ ချစ်သူ။ သူက ချစ်ဖို့ကောင်းပြီး ခန္ဓာကိုယ်ပါးလျလျလေးနဲ့ သွက်လက်ထက်မြက်တဲ့ မိန်းကလေးတစ်ယောက်။ သူတို့နှစ်ယောက်ရဲ့အချစ်ခရီးက ဘာမှအခက်အခဲမရှိပေမဲ့ စေ့စပ်ဖို့နှစ်ပတ်အလို Ashford ဓာတ်ပုံရိုက်ရင်း တောင်စောင်းကနေပြုတ်ကျလို့ coma ဝင်သွားတဲ့အချိန်မှာ ပြဿနာလေးတွေ စလာပါတယ်။
အရင်ကတည်းက တစ်ကောင်ကြွက် Ashford ကို Evelyn တို့ဘက်က သဘောအကျကြီးမဟုတ်ပေမဲ့ နှစ်ယောက်လုံးက သူတို့အလုပ်နဲ့သူတို့ အဆင်ပြေပြေရှိနေကြတာကြောင့် သဘောတူကြည်ဖြူထားခဲ့ရာက တစ်လကြာပြီးတဲ့အထိ သတိမလည်တဲ့ Ashford ရဲ့ဘေးမှာ Evelyn အချိန်ကုန်လာတဲ့အခါ စပြီးတော့တားဆီးလာကြလို့ အခုလိုစီစဉ်ခဲ့ရတော့တာပါပဲ။
■■■
တောက်ပလွန်းတဲ့မီးတောက်တွေက အမှောင်ထုထဲ လျှောက်သွားနေရသူအတွက် အမြင်အာရုံကိုထိခိုက်စေတယ်။ မျက်နှာကိုလက်နဲ့ကာလိုက်ပြီးမှ အလင်းရောင်ရှိရာကိုကြည့်မိတော့ မီးတောက်ထဲမှာ ဘာရယ်လို့သတ်မှတ်မရတဲ့ပုံရိပ်ကို တွေ့လိုက်ရပြီး စိတ်ထဲမှာ အဲဒီအလင်းရောင်(မီးတောက်)ကို လိုလားစိတ်တွေဖြစ်သွားခဲ့တဲ့နောက် သူဟာ အရင်ကအမှောင်ထုထဲကို ပြန်ရောက်သွားလေသလား၊ အလင်းတောက်တောက်တွေထဲ ပျောက်ဆုံးသွားလေသလားဆိုတာ မသေချာတော့ပါ။
.
"မရဘူး ကောင်လေး။ ပြန်လိုက်တော့။"
"မစ္စတာကလည်း ရလိုက်ပါ။"
ဆိုင်တစ်ဆိုင်ရဲ့ငွေရှင်းကောင်တာမှာ ဆိုင်ရှင်နားကပ်ပြီးပြောနေတဲ့ ကောင်လေးတစ်ယောက်။
.
"သုံးနှစ်ကျော်မစောင့်ပါနဲ့။ နောက်တစ်ခေါက်တွေ့ရင် ခင်ဗျားကို ဘီယာကန်ထဲနှစ်ပေးမယ်။ ကျွန်တော်ကတိပေးတယ်။"
ဘီယာဘူးတစ်ဘူးကိုမြှောက်ပြပြီး ပြောနေတဲ့အဲဒီကောင်လေး။
.
"About your sexual orientation."
"Wow!"
အခန်းတစ်ခန်းရဲ့နောက်နားက မတ်တပ်ရပ်ပြီးမေးတဲ့ ကောင်လေးနဲ့ အခန်းထဲက အော်လိုက်ကြတဲ့အသံတွေ။
.
"ကျွန်တော့်ရဲ့ boyfriend ဖြစ်ပေးနိုင်မလား။ ကျွန်တော်လေ ..."
နှုတ်ခမ်းတွေကိုငုံ့နမ်းလာတဲ့ကောင်လေးက သုံးစက္ကန့်လောက် နှုတ်ခမ်းချင်းထိကပ်အပြီးမှာ နောက်ပြန်ဆုတ်သွားတယ်။ ပြီးတော့ ရင်ဘတ်ဘယ်ဘက်အခြမ်းကို လက်နဲ့အုပ်ကာ
"ခင်ဗျားကို ချစ်တယ်။"
.
"အာ ... ခင်ဗျား ဘယ်လိုတွေလုပ်နေတာလဲ။ ခင်ဗျားဗျာ ..."
ကောင်လေးရဲ့နှုတ်ခမ်းတွေကို ဘီယာသောက်လက်စနဲ့နမ်းတဲ့အခါ ဘီယာတွေက ကောင်လေးပါးစပ်ထဲကိုဝင်သွားတာရှိသလို တချို့က သူတို့နှုတ်ခမ်းအပြင်ဘက်ကိုလျှံကျပြီး ကောင်လေးရဲ့လည်တိုင်တွေဆီ စီးကျသွားတယ်။
.
ပြင်းပြလာတဲ့အနမ်းတွေနဲ့အတူ ခုတင်တစ်လုံးပေါ်မှာ သူနဲ့အတူချစ်ပွဲဝင်နေတာက ခန္ဓာကိုယ်ပါးလျလျနဲ့ ချစ်စရာမိန်းကလေးတစ်ယောက်။
ရုတ်တရက် သူဟာ လေဟာနယ်ထဲကျသွားပြီး ထိတ်လန့်တကြားအော်ဟစ်လိုက်မိတယ်။
အဲဒီနောက်မှာတော့ သူက ဘာဆိုဘာမှမဟုတ်တော့ပြန်ဘူး။
■■■
"Evelyn, နင် ဒါ ဘယ်သွားမှာလဲ။"
"အလုပ်ကိုပါ အမေ။"
"ဪ၊ အလုပ်သွားမှာပေါ့လေ။ ပြီးရင် လူပျောက်ရှာဦးမယ်မဟုတ်လား။ နင် လက်လျှော့သင့်ပြီ။ တစ်နှစ်ကျော်အိပ်ရာထဲလဲနေပြီး ရုတ်တရက်ထထွက်သွားတဲ့လူက သတင်းပျောက်နေတာလည်း တစ်နှစ်ပြည့်တော့မယ်။ လူပျောက်ရှာနေတာကို ရပ်သင့်ပြီ။ ပြန်လာချင်တဲ့လူက ဒီလောက်အထိပျောက်မနေဘူးနော်။ ငါစီစဉ်တာတွေကိုလည်း နင်အကုန်ငြင်းတယ်။ နင့်လုပ်ပုံတွေက မဟုတ်တော့ဘူး။"
"အမေ ပြောလို့ြ့ပီးပြီဆိုရင် သမီးအလုပ်သွားတော့မယ်။"
"ဟဲ့"
Evelyn လက်မခံနိုင်ဘူး။ Albert က အဲဒီလိုထွက်သွားတယ်ဆိုတာ အကြောင်းတစ်ခုခုရှိကိုရှိရမယ်လို့ Evelyn ယုံတယ်။ အဲဒီနေ့က ဘယ်သူမှမရှိတုန်းခဏမှာ ရုတ်တရက်နိုးလာတဲ့ Albert ဆေးရုံခုတင်ပေါ်ကနေဆင်းပြီး သူနာပြုက ထိုင်ခုံမှာချိတ်ထားခဲ့တဲ့ အပေါ်ဝတ်နဲ့ဦးထုပ်ကိုယူဝတ်လို့ ဆေးရုံကနေထွက်သွားခဲ့တာ။ CCTV တွေကနေကြည့်သမျှက ဆေးရုံထွက်ပေါက်ကနေ ကားပါကင်ဘက်ကိုထွက်သွားတဲ့ဆီမှာ လမ်းဆုံးတယ်။ ကားပါကင်ရဲ့မှတ်တမ်းတွေမှာတော့ Albert နဲ့တူတဲ့လူတောင် လုံးဝမတွေ့ရ။ လူပျောက်တိုင်ပြီး ရှာဖွေကြတာလည်း လုံးဝသတင်းမရခဲ့။
"ရှင် တကယ်ရက်စက်တာပဲ။ ဘာလို့များ ထွက်သွားရတာလဲ။ ဆယ်လလုံးလုံး ရှင်ဘယ်မှာရှိနေတာလဲကွယ်။ ကျွန်မ ရှင့်ကို ဘယ်တော့မှလက်မလျှော့ဘူး။"
■■■
အမှုန်တွေနဲ့စုဖွဲ့ထားသလိုလူဆီက အပြာရောင်အလင်းတောက်တောက်တွေ ပြေးဝင်လာလို့ မီးတောက်နဲ့ကာလိုက်မိတဲ့အခါ မီးတောက်တွေအေးခဲကြွေကျသွားသလို ခံစားလိုက်ရလို့ မျက်စိကိုလက်နဲ့ကာလိုက်တယ်။
ခပ်ဖျော့ဖျော့အလင်းကနေ တဖြည်းဖြည်းတောက်ပလာတဲ့ အလင်းရောင်အောက်မှာ မြူမှုန်လိုခန္ဓာကိုယ်တစ်ခုက လွင့်ပျယ်တော့မလိုဖြစ်နေပေမဲ့ မျက်လုံးတွေကတော့ ပင်လယ်လိုပြာနေဆဲဖြစ်တဲ့ အဲဒီအမျိုးသားဟာ လူနဲ့တော့မတူပါ။
.
ကလေးငယ်တစ်ယောက်ကို ကာကွယ်ပေးနေတဲ့ လူတစ်ယောက်ရဲ့ ရင်ဝကိုဓားနဲ့ထိုးတာ သူခံလိုက်ရတယ်။ သူ့ကိုဓားနဲ့ထိုးတဲ့တရားခံဟာ ပင်လယ်ပြာရောင်မျက်လုံးတွေရှိပြီး ဓားရဲ့လက်ကိုင်ထိပ်မှာ ရောင်စဉ်ခုနစ်သွယ်ယှက်ဖြာနေတဲ့ ကျောက်တစ်လုံး။
"အကို၊ နင် ... နင် ... လူသတ်မိပြီ။ ပြေး၊ ပြေးတော့။"
ကလေးငယ်က အော်ပြောနေတယ်။
.
ရင်ဘတ်အလယ်တည့်တည့်မှာ စူးနစ်နာကျင်လာပြီး တစ်ကိုယ်လုံးလေးလံနေသလိုခံစားချက်က လူကိုအင်အားမဲ့စေတယ်။ လှုပ်ရှားဖို့မလွယ်တာကြောင့် ဘာတွေဖြစ်နေသလဲလို့သိချင်လို့ မျက်စိဖွင့်ဖို့ကြိုးစားတာတောင် အတော်လေးအားယူရတဲ့သူက သေပြီလား။
မြင်လိုက်ရသမျှမြင်ကွင်းတိုင်းက မြူတွေဆိုင်းနေပြီး ဘာမှမသဲကွဲ။ နောက်ဆုံး သူလှဲနေတာ ဘယ်ပေါ်မှာလဲလို့ကိုမသိနိုင်အောင် သူ့ရဲ့ခန္ဓာကိုယ်အောက်မှာပါ မြူငွေ့တွေ။
'ငါ ဘယ်မှာလဲ။'
သူ့အတွေးအဆုံးမှာ မြူလုံးလေးတစ်လုံး ဘယ်ကမှန်းမသိပေါ်လာပြီး ကလေးငယ်လေးတစ်ယောက်ဖြစ်သွားတယ်။ ရုတ်တရက်မို့လန့်သွားတဲ့သူက နောက်ဆုတ်ထိုင်မိတော့ ရင်ဝမှာစူးခနဲ။
"မကြောက်ပါနဲ့။ နင့်ကို ... အဲ ... ဒီကကိုကို့ကို Mistin ဘာမှမလုပ်ပါဘူး။"
အပြုံးလေးနဲ့ လက်လေးကာပြီးရှင်းပြနေတဲ့ ကလေးမလေးက ချစ်စရာလေးဖြစ်နေလို့ သူ့အတွက်အန္တရာယ်မဖြစ်နိုင်ဘူးလို့ သူယူဆလိုက်တယ်။
"ဒါက ဘယ်နေရာလဲ။"
"Halzeo"
"Hel ... what?"
"Hazy halo. h, a, l, z, e, o."
"Halzeo?"
"အွန်း"
"ဘယ်နယ်ကလဲ။"
"ဟီဟိ"
မကြားဖူးလို့ပြန်မေးတာကို ထရယ်တဲ့ကလေးမလေးကြောင့် သူ မျက်မှောင်ကြုတ်လိုက်ပါတယ်။
"ဒါဆို ဘယ်နိုင်ငံကလဲလို့ မေးရမှာများလား။"
"ဘယ်နိုင်ငံမှမဟုတ်ဘူး။ Halzeo ပါပဲဆို။"
သူခေါင်းကုတ်မိတယ်။ ကလေးလေးက ရှင်းမပြနိုင်ဘူးထင်လို့
"လူကြီးတွေရော။"
"ရှိဘူးလေ။"
"ဟမ်"
"Mistin တို့ ခိုးပြီးခေါ်ထားတာ လူကြီးတွေသိလို့မဖြစ်ဘူး။"
"Oh, my God!"
သူ့ကို ဒီကလေးက ခိုးပြီးခေါ်လာတယ်တဲ့။
ဒါဆို သူက အရင်ကဘယ်မှာနေတာပါလိမ့်။ သူတွေးမရဘူး။ သူ့နာမည် ...
'ငါ့နာမည် ဘယ်သူလဲ။'
ဒီတော့မှ သူဒုက္ခရောက်ပါတော့တယ်။ သူဘာမှမမှတ်မိပါ။ ခေါင်းတွေနောက်လာလို့ မျက်စိစုံမှိတ်လိုက်မိတော့
"ဘာမှမမှတ်မိဘူးလား။"
"အင်း"
မျက်စိပြန်ဖွင့်ပြီး သူဖြေလိုက်တော့
"အဲဒါဆို Mistin တို့လည်း ပြောပြလို့မဖြစ်ဘူးထင်တယ်။ အဲဒီလိုမျိုး လူသားတွေအကြောင်းကို သူတို့မသိတိုင်းပြောပြခွင့်မရှိဘူး။"
ဒီ Mistin ဆိုတဲ့ကလေးငယ်ကြောင့် သူစိတ်တွေပိုရှုပ်လာတယ်။
"Mistin"
နှင်းမှုန်တွေကျလာသလိုနေရာကနေ ဆယ်ကျော်သက်အရွယ် ကောင်မလေးတစ်ယောက် ထွက်လာပြီး Mistin ကို ခေါ်လိုက်တယ်။ မျက်လုံးလေးတွေက ဖြူဖြူကြည်ကြည်လေးတွေဖြစ်ပြီး အရည်လဲ့နေတယ်။
အဲဒီမျက်လုံးတွေကိုမြင်ပြီး သူ့စိတ်ထဲပေါ်လာတာ ပင်လယ်လိုမျက်ဝန်းတစ်စုံရယ်၊ အပြာရောင်မီးတောက်တွေရယ်။
"ကိုယ်နားလည်အောင် တစ်ခုခုရှင်းပြပေးပါလား။"
"သူက နာမည်တောင်မမှတ်မိတော့ဘူးတဲ့ Frostine ရဲ့။"
"ခန္ဓာကိုယ်ကလွဲပြီး ဘာမှပြန်ပါမလာတာပဲ။ တကယ်နားလည်အောင် ရှင်းပြချင်ပါတယ်။ ဒါပေမဲ့ လက်ခံနိုင်မှဖြစ်မယ်။"
ဒီစကားအရ လက်မခံနိုင်စရာကိစ္စတွေ ရှိနေပြီဆိုတာ သေချာနေပါပြီ။ အခုကိုပဲ သူရောက်နေတဲ့နေရာနဲ့ ကောင်မလေးတွေပေါ်လာပုံရယ်၊ သူမြင်ယောင်မိတာရယ်ကကို ထူးဆန်းနေပြီ။
"လက်ခံနိုင်အောင် ကြိုးစားကြည့်မယ်။ ကိုယ့်နာမည်က ဘယ်သူလဲ။"
"Albert Ashford"
"Mr. Ashford"
Frostine ဆိုတဲ့ကောင်မလေးပြောလိုက်တဲ့ သူ့နာမည်ကိုကြားပြီးမှ Mr. Ashford လို့ခေါ်လိုက်တဲ့ ခပ်ရှရှယောက်ျားလေးသံကိုပါ ကြားယောင်မိသွားတယ်။
"အခုက Halzeo ဆိုတဲ့နေရာကို ရောက်နေတာလို့ Mistin လေးကပြောတယ်။ အဲဒါဘယ်နေရာလဲ။"
သူထိုင်နေရာခုတင်ပဲဆိုပါတော့၊ အဲဒီဘေးမှာ ကျောက်စားပွဲဝိုင်းနဲ့ ခုံလေးလုံးပေါ်လာပြီး သူတို့ဝင်ထိုင်လိုက်ကြပါရဲ့။
"Halzeo ဆိုတာ လူ့ဘုံနဲ့ဆက်စပ်နေတဲ့ လူတွေမမြင်နိုင်တဲ့ဘုံတစ်ခုပါပဲ။ Heaven နဲ့ Hell တို့လိုပေါ့။"
"အဲဒါတွေက တကယ်ရှိတာလား။"
Frostine က ခေါင်းညိတ်ပြတယ်။ သူ လက်ခံဖို့ခက်နေပါတယ်။ မဖြစ်နိုင်ဘူးလို့ သူတွေးထားခဲ့တာတွေပဲ။
"ဒါက ဒဏ်ရာရထားတာလား။"
သူ့အင်္ကျီရင်ဘတ်က ညိုနေပြီဖြစ်တဲ့ ခြောက်ကပ်ကပ်သွေးကွက်နဲ့ အပေါက်တစ်ခုကိုလက်ညှိုးထိုးပြရင်း သူမေးလိုက်ပြန်တယ်။
"အင်း၊ အခု အဲဒီဒဏ်ရာကြောင့် အသက်မသေအောင်တော့ လုပ်ထားပေးတယ်။ နာတာကျင်တာတော့ ကျန်လိမ့်မယ်။ တစ်ခါတလေ မခံနိုင်အောင် နာလာတတ်တယ်။ အဲဒီအခါကျရင် နည်းနည်းသည်းခံပေး။ နာရီပိုင်းတောင်မပြည့်ပါဘူး။"
သူ့ရင်ဘတ်ကို လက်နဲ့ဖွဖွအုပ်ကိုင်ပြီး ငြိမ်နေတဲ့ Albert ကို Frostine တို့လည်း ဒီအတိုင်းကြည့်နေပါတယ်။
"ဘယ်သူနဲ့ရန်ဖြစ်တာလဲ။"
"အဲဒါတွေက ကိုယ့်ဘာသာမှတ်မိအောင် လုပ်ရမှာပါ။"
"အခုကရော လူ့ဘုံထဲပြန်လို့ရလား။ ဒီနေရာကို လူတွေမမြင်နိုင်ဘူးဆိုတော့ ကိုယ့်ကိုရော လူတွေမြင်နိုင်လား။"
"ဒဏ်ရာက ဒီမှာနေရင် သက်သာဖို့လွယ်ပါလိမ့်မယ်။ ပြန်သွားချင်တယ်ဆိုရင် ပို့ပေးလို့ရပါတယ်။ လူ့ဘုံရဲ့အပူတွေနဲ့ဆိုရင်တော့ အဲဒါက ပျောက်ဖို့ကြာမယ်။ Halzeo ရဲ့နယ်နိမိတ်ထဲမှာရောက်နေတဲ့ ဘယ်လိုဖြစ်တည်မှုကိုမဆို Halzeo ကမပြရင် ဘယ်လူသားမှမမြင်နိုင်ပါဘူး။"
"ဪ"
ကိုယ့်ကိုကိုယ်တောင် ဘာမှန်းမသိတဲ့လူက လူ့ပြည်ပြန်လည်း ဒဏ်ရာတစ်ဖက်နဲ့ ဘယ်လိုရှေ့ဆက်ရမယ်မသိပါ။
"သေသွားတာတော့ မဟုတ်ဘူးပေါ့။"
အရေးကြီးတဲ့အချက်ကို အခုမှမေးဖို့သတိရလာတယ်။ Frostine ကပြုံးလိုက်ပြီး
"မသေလို့ ခန္ဓာကိုယ်ကဝေဒနာကို သိတာပေါ့။ ဘဝမှမကူးသေးတာ။"
သူခေါင်းညိတ်လိုက်တော့ Frostine ကဆက်ပြောတယ်။
"ဟိုဘက်မှာ တံခါးတွေ့လား။"
Frostine လက်ညှိုးညွှန်ရာမှာ မြူတွေနှစ်ခြမ်းကွဲပြီး တစ်ဖက်မှာတံခါးတစ်ချပ်ပေါ်လာတယ်။ တံခါးဆိုတာလည်း ကျောက်သားနံရံကိုထွင်းပြီး ကျောက်ချပ်နဲ့ပိတ်ထားတာနဲ့ ပိုတူနေတယ်။
"အင်း"
"အဲဒီကနေ ဝင်ထွက်လုပ်နိုင်တယ်။ မြူတွေနဲ့ နယ်နိမိတ်ကန့်သတ်ထားတယ်။ မြူထူထူတွေကြားထဲ ဝင်မသွားပါနဲ့။ အဲဒီအပြင်ကိုရောက်သွားရင် ဘယ်လိုမှကောင်းကျိုးမရှိဘူး။ Frostine တို့က လူကြီးတွေမသိအောင် ခိုးပြီးခေါ်ထားရတာ။ သူတို့သိသွားရင် ပြဿနာတက်မှာ။"
လာပြန်ပါပြီ၊ ခိုးခေါ်လာတဲ့အကြောင်း။
"ဘာလို့ ခိုးခေါ်လာတာလဲ။"
"ဒဏ်ရာကြောင့်သေလို့ မဖြစ်လို့လေ။ ကုပေးနိုင်ဖို့က လူ့ဘုံမှာဆို မျှော်လင့်ချက်မရှိဘူး။ အဲဒါကြောင့် ဒီခေါ်လာပေးရတာ။"
"ဘာလို့ သေလို့မဖြစ်တာလဲ။"
"ပတ်သက်မှုတွေရှိတယ်။ ဒါပေမဲ့ ခုနကပြောသလို ကိုယ့်ဘာသာပြန်သတိရမှ အဆင်ပြေမှာပါ။ Frostine အနေနဲ့ မေးလာတဲ့မေးခွန်းကိုပဲ ဖြေပေးနိုင်မှာပါ။ တခြားအပိုတွေ ပြောမရလို့ပါ။ အဲဒီလိုဆိုတိုင်းလည်း သတိရဖို့ကို အရမ်းကြီးဖိအားမပေးပါနဲ့။"
စိတ်တွေတောင်ညစ်လာသလိုကြောင့် သူဘာထပ်မေးရမယ်မသိ။
■■■
"အစ်မရေ၊ Frostine?"
တိုက်ခန်းတစ်ခုရဲ့ ဆိုဖာတွေနားမှာ နှင်းမှုန်တွေကျလာပြီး မျက်လုံးအဖြူရောင်ကြည်ကြည်လေးနဲ့ မိန်းကလေးတစ်ယောက် ပေါ်လာတယ်။
"ဟာ၊ နင် လူသတ်လိုက်တာလား။"
"ငါမဟုတ်ဘူး၊ အစ်ကို။"
"ဘယ်အစ်ကို ... ဟင် ... Walken?"
ရင်ဘတ်ကဓားဒဏ်ရာကိုကြည့်ပြီး Frostine ရေရွတ်လိုက်တယ်။ Mistin ကတော့ ခေါင်းတဆတ်ဆတ်ညိတ်လို့။
"ဒုက္ခပါပဲ။ အစ်ကိုရော။"
"သွားပြီ နတ်လက်နက်လေးနဲ့။ မြန်မြန်၊ သူ့ကိုကယ်ဦး။"
"ဟ၊ သေသွားတဲ့လူကို ငါဘယ်လိုကယ်နိုင်မှာလဲ။"
Mistin က မြူလုံးလေးတစ်လုံးကိုထုတ်လိုက်တော့ အထဲမှာအလင်းရောင်လေးက လင်းတစ်လှည့်မှိန်တစ်လှည့်။
သူရဲ့အစွမ်းဖြစ်တဲ့ ဝိညာဉ်မြူလုံးဟာ ရုပ်ခန္ဓာကနေထွက်ခါစ ဘယ်ကိုမှမရောက်သေးတဲ့ လူ့ဘုံထဲကနာမ်တွေကို ခဏလေးထိန်းသိမ်းနိုင်စွမ်းရှိလေရဲ့။ အလင်းရောင်လေးက လုံးဝပျောက်သွားရင်တော့ အဲဒီလူက ဘဝကူးသွားမှာဖြစ်တယ်။
"မီလိုက်တာပဲ။ ထုတ်ပေး ငါ့ကို။"
Mistin ထုတ်ပေးတဲ့အလင်းရောင်လေးကို Frostine က ထိန်းယူလိုက်ပြီး ကြမ်းပြင်ပေါ်မှာ ဓားဒဏ်ရာနဲ့လဲကျသေဆုံးနေတဲ့ Albert ရဲ့ခန္ဓာကိုယ်ဆီကို မှုတ်ထုတ်လိုက်တယ်။ အလင်းလေးက ခန္ဓာကိုယ်အနားမှာပျံဝဲရင်း နဖူးအလယ်ကနေ အထဲကို တဖြည်းဖြည်းစိမ့်ဝင်သွားတယ်။ လုံးဝဝင်ရောက်သွားပြီး ခဏကြာတဲ့အချိန်မှာ ရင်ဘတ်ကဒဏ်ရာမှာ အလင်းရောင်လေးထွက်လာပြီး ဒဏ်ရာဟာပြန်စေ့သွားခဲ့တယ်။
"ဒီတိုင်းထားလို့မရဘူး။"
"ခေါ်သွားရအောင်။"
"ဟဲ့၊ မရဘူးလေ Mistin ရဲ့။"
"ထားခဲ့လို့လည်း မရဘူးလေ။ ဒီမှာဆို အဲဒီဒဏ်ရာက ဘယ်အချိန်ပျောက်မလဲ။"
"ဒုက္ခပါပဲ။ ဘယ်ကိုခေါ်သွားရမှာလဲ။"
"နယ်စပ်ကိုလေ။"
"ငါတို့အစ်ကိုကတော့ တော်တော်ဒုက္ခပေးတယ်။ အခုရော သူက ဘယ်မှာလဲ။ နင်သိလား။"
"သိဘူး။ သေချာတာတော့ သူ့လူသားလေးနဲ့အတူရှိနေတယ်။"
"အမလေး၊ ရူးချင်လိုက်တာဟယ်။ နင်ကသူ့ကို ပြေးခိုင်းလိုက်တာလား။"
"အေးလေ၊ တော်ကြာ အချိန်မမီလို့ သူသေသွားရင် အစ်ကိုတော့ အဖမ်းခံရပြီလေ။ ငါထိန်းထားတာက အသက်မမီလည်း အစ်ကိုပြေးချိန်ရအောင်လို့။"
"ဟင်း ... ဘာတတ်နိုင်မှာလဲ။ ရသလိုလုပ်ရတော့မှာပဲ။"
နောက်ဆုံးမှာတော့ ငရဲသူရဲကောင်း Flame နဲ့အတူ ဓားထိုးခံလိုက်ရတဲ့ Flame ရဲ့လက်ခံကိုယ် Albert Ashford ကို Halzeo ရဲ့သားတော် Walken ရဲ့ ညီမငယ်နှစ်ယောက်ဖြစ်တဲ့ Frostine နဲ့ Mistin တို့က ကယ်လိုက်နိုင်ပြီး လူ့ဘုံနဲ့ Halzeo ကြားက နယ်စပ်ထဲမှာ ဝှက်ပြီးခေါ်ထားလိုက်ရပါပြီ။ လူမသေတော့ဘူးဆိုရင် Walken လည်း အန္တရာယ်ကင်းမှာဖြစ်လို့ သူတို့တွေအနေနဲ့ Albert ကိုသာ အရိပ်တကြည့်ကြည့် ကြည့်နေရပါတော့တယ်။
■■■
"ရပ်လိုက် Flame."
သူ့ကိုခေါ်တာမဟုတ်ပေမဲ့ သူလှည့်ကြည့်ခဲ့တယ်။
"မင်းအကြံအစည်တွေကို မင်းဘာသာသိမ်းပြီး ပြန်လိုက်တော့။"
ဘယ်အကြံအစည်လဲလို့ သူတွေးနေမိတယ်။ လက်ကတော့ ရောင်စဉ်တန်းတစ်ခုကို ပစ်လွှတ်လိုက်မိပြီး အဲဒါက ပင်လယ်ပြာမျက်လုံးနဲ့လူကို ချုပ်နှောင်ထားသလိုဖြစ်သွားခဲ့တယ်။ အခုအချိန်မှာ Albert ရဲ့ခန္ဓာကိုယ်ဟာ သူကိုယ်တိုင်ရဲ့ထိန်းချုပ်မှုနဲ့ အဆက်အသွယ်ပြတ်ပြီး လှုပ်ရှားမှုတိုင်းက Albert ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ မဟုတ်ခဲ့ပါဘူး။
"အား"
ရင်ဝကိုထိုးစိုက်ခံလိုက်ရတဲ့ဓားကြောင့် Albert အော်လိုက်မိတာမှာ အိပ်မက်ကနေလန့်နိုးသွားခဲ့ပြီ။
"ငါ အိပ်ပျော်သွားတာပဲ။"
နေ့လား၊ ညလား မသဲကွဲပါဘဲ facility အပြည့်နဲ့ဒီနေရာမှာ သူစိတ်ချလက်ချအိပ်ပစ်လိုက်မိတာ။ အခုတော့ အဲဒီမျက်လုံးပြာပြာနဲ့လူကို သူအိပ်မက်မက်ရာက လန့်နိုးလာပြီး ရင်ဘတ်ကအောင့်မျက်လာတယ်။ တဖြည်းဖြည်းနဲ့ အသက်ရှူဖို့တောင်ခက်ခဲလာပြီး ခွေခွေလေးလှဲရင်းက လှုပ်ဖို့တောင်ခက်ခဲလာနေခဲ့တယ်။
'အား ... မခံစားနိုင်ဘူး။ သေသွားတာမှကောင်းသေးတယ်။ အား ...'
အသံတောင်မထွက်နိုင်ဘဲ အတွေးသက်သက်နဲ့ Albert တစ်ယောက် ဝေဒနာခံစားနေရပါပြီ။ မီးတောက်တွေရဲ့တောက်လောင်မှုကို တဖြစ်ဖြစ်ကြားနေရပြီး လူတစ်ကိုယ်လုံးကတော့ အေးခဲသွားမတတ်ချမ်းခိုက်နေတယ်။ ဒါဟာ ဘယ်လိုအခြေအနေမျိုးလဲလို့ သူမတွေးတတ်တော့ပါ။
■■■
"လူ့ဘုံကိုပြန်ပို့ပေးပါ။"
ညီအစ်မနှစ်ယောက် အကြည့်ချင်းဆုံသွားတယ်။
"ဟုတ်တယ်၊ ပြန်ပို့ပေးပါ။ သေသွားလည်း အဆင်ပြေတယ်။"
"အဆင်မပြေဘူး" "ဟင့်အင်း"
နှစ်ယောက်သားထအော်ကြတယ်။
"မခံစားနိုင်တော့ဘူး။ ဖြစ်ချင်ရာဖြစ် ပြန်ပို့ပေးကြပါ။"
.
အခါခါတောင်းဆိုတုန်းကလည်း သူပါပဲ။ တကယ်ပြန်ပို့ပေးကြတော့လည်း ဘာလုပ်ရမယ်မသိတာ သူပါပဲ။ ခန္ဓာကိုယ်ကအားနည်းနေပြီး ခွန်အားစိုက်ထုတ်ရမယ့်အလုပ်တွေကို သူအားထုတ်လိုက်တိုင်း ရင်ဘတ်ကစူးနစ်နာကျင်လာတာ အသက်ရှူဖို့တောင် မလွယ်တော့တဲ့အထိ။ သုံးလေးရက်လောက် လမ်းပေါ်လေလွင့်နေမိရင်း၊ အစားအသောက်အတွက် ကြုံသလိုဖြေရှင်းနေရရင်းက အိမ်ခြေရာမဲ့တွေစုနေတဲ့ စက်ရုံအဟောင်းတွေဘက်ကို သူရောက်လာခဲ့တယ်။
လူသစ်တစ်ယောက်ရောက်လာတာဟာ သူတို့အတွက်တော့ ထူးဆန်းပုံမပေါ်။ သူ့အတွက်က ကျောတစ်ခင်းစာနေရာရဖို့က အခုချိန်အရေးအကြီးဆုံး။ ညဘက်တွေမှာ အေးစက်လာတဲ့ရာသီဥတုအရ လမ်းမတွေပေါ်မှာပဲ သူနေလို့မရတော့ပါ။ မှောင်လာပြီဖြစ်လို့ မီးမွှေးနေတဲ့လူတစ်စုနားကို သူမယောင်မလည်နဲ့ ချဉ်းကပ်သွားလိုက်မိတော့
"လာလေ။"
လူကြီးတစ်ယောက်က ခေါင်းဆတ်ခေါ်တယ်။ ကျန်လူတွေကလည်း ဘာမှမပြောကြ။ သူတိုးကပ်သွားပြီး မီးပုံဘေးမှာ တခြားလူတွေနဲ့အတူ ဝိုင်းထိုင်နေလိုက်မိတယ်။
"အခုမှရောက်လာတာလား။"
"ဟုတ်ပါတယ်။"
"ဒဏ်ရာရလာတာလား။"
သူ့ရင်ဘတ်ဆီက အညိုရောင်အစွန်းအထင်းကိုကြည့်ပြီး သူ့ဘေးကလူတစ်ယောက်က စပ်စုနေတယ်။ အဲဒီလူက ခြေထောက်တစ်ဖက်မှာ ခြေတုနဲ့။
"မဟုတ်ဘူးဗျ။ စွန်းနေတာ။"
"ဪ"
"ကျွန်တော် တစ်ခုလောက်မေးလို့ရမလား"
ခေါင်းညိတ်ပြလာတယ်။
"ဘယ်နားမှာအိပ်လို့ရမလဲဗျာ။"
"အဘိုးကြီးကိုမေး။"
သူရောက်ရောက်ချင်းမှာ သူ့ကိုခေါ်တဲ့အဘိုးကြီးဆီ မေးဆတ်ပြပြီးပြောတဲ့ ထိုလူကို ကျေးဇူးတင်စကားပြောပြီး အဘိုးကြီးဆီ သူချဉ်းကပ်သွားလိုက်တယ်။
"နေရာလိုချင်တာလား။"
သူတောင်မပြောရသေးဘဲ မေးလာတယ်။
"ဟုတ်ကဲ့ခင်ဗျ။"
"အင်း၊ မင်းကိုကြည့်ရတာ အတိတ်ကောင်းခဲ့ပုံပဲ။"
"ဘာတစ်ခုမှ မမှတ်မိတော့ပါဘူးဗျာ။"
"နေချင်ရင် ဟိုစည်ပိုင်းတွေ့လား။"
တုံးလုံးလှဲထားပြီး ဘေးတစ်ခြမ်းဖွင့်ထားတဲ့စည်ပိုင်းကြီးကို လက်ညှိုးထိုးပြတယ်။
"ပြီးခဲ့တဲ့ရက်ကပဲ တစ်ယောက်ထွက်သွားလို့ နေရာလွတ်နေတယ်။ ဟိုဘက်မှာ ကတ်ထူပုံးတွေပုံထားတာယူပြီး ခင်းလို့ရတယ်။"
လက်ညှိုးထိုးသမျှကိုလိုက်ကြည့်ပြီး သူခေါင်းညိတ်လိုက်ရင်း
"ကျေးဇူးတင်ပါတယ်ခင်ဗျာ။"
ကျောတစ်ခင်းစာအတွက် ဒီနေရာက လုံခြုံတယ်လို့သတ်မှတ်လို့ရနေခဲ့တယ်။ ကတ်ထူပုံထဲကနေ သုံးချပ်ဆွဲယူလိုက်တော့ လူတစ်ယောက်အနားရောက်လာပြီး
"နှစ်ချပ်ဆို ရပြီ။"
တစ်ချပ်ကိုပြန်ထားလိုက်ပြီးသာ သူလှည့်ထွက်လိုက်တယ်။ စည်ပိုင်းထဲမှာဖြစ်လို့ သေချာမျှခင်းလိုက်တော့လည်း လောက်ငှနေလေရဲ့။ သူခင်းကျင်းပြီးချိန် ရှစ်နှစ်၊ ကိုးနှစ်လောက်ရှိမယ့် ကလေးငယ်လေးတစ်ယောက် သူ့လက်ကိုလာဆွဲတော့
"ဘာဖြစ်လို့လဲ ကလေးလေး။"
"ရော့"
ဖောက်ပြီးသား စည်သွပ်ဘူးပြားလေးတစ်ဘူး။ အထဲကိုကြည့်မိတော့ တစ်ဝက်လောက်ကျန်နေသေးတဲ့ ပဲအနှစ်တွေနဲ့။
"ဦးအတွက်လား။"
"အင်း"
"သားစားပါ။ ဦး မဆာပါဘူး။"
ကလေးငယ်က နောက်လှည့်ကြည့်လို့ ကလေးကြည့်ရာကို သူလိုက်ကြည့်တော့ အမျိုးသမီးကြီးတစ်ဦး။ လက်ထဲက နောက်ထပ်စည်သွပ်ဘူးလေးကို အဲဒီအမျိုးသမီးကြီးကထောင်ပြလို့ သူဦးညွတ်ပြရင်း ကျေးဇူးတင်ကြောင်းပြောမိတယ်။ ကလေးနဲ့မျက်နှာချင်းဆိုင်ဖြစ်အောင် ဒူးတစ်ဖက်ထောက်ထိုင်လိုက်ပြီး
"ကျေးဇူးအများကြီးတင်ပါတယ်။ သားနာမည် ဘယ်လိုခေါ်လဲ။"
"Jim. ဦးကရော။"
"Albert ပါ။"
"တွေ့ရတာဝမ်းသာပါတယ်။"
ကလေးက လက်လေးကမ်းပေးလို့ သူလက်ဆွဲနှုတ်ဆက်ပြီး ရယ်မိတယ်။ ပထမဆုံးမိတ်ဖွဲ့မိတာ ကလေးငယ်လေးတစ်ယောက်တဲ့။
■■■
"သား၊ Zenith?"
မနက်စောစောမှာလာနှိုူးတဲ့ အမေဖြစ်သူရဲ့ခေါ်သံကြောင့် Zenith တွေးလိုက်မိတာက
'ငါ မသေသေးဘူးလား။'
"နိုးပြီ အမေ။"
တံခါးထဖွင့်ပေးပြီးတဲ့နောက်
"သား၊ နေကောင်းရဲ့လား။"
"ဟုတ်ကဲ့"
Zenith အတွက် ဒီတစ်နေ့တာက အမေဖြစ်သူရဲ့မေးခွန်းတွေရယ်၊ ဘယ်အချိန် ဘာဖြစ်သွားမလဲဆိုတဲ့ အတွေးတွေရယ်နဲ့သာ ရှုပ်ထွေးနေပါတယ်။
Flora ပြောတဲ့ ခုနစ်ရက်ပဲအသက်ရှင်မယ်ဆိုတဲ့စကားကို Zenith ဘယ်သူ့ကိုမှလည်း မပြောရဲ။ ခုနစ်ရက်လုံးပျောက်နေတာ ဘယ်ရောက်နေတာလဲဆိုတဲ့ အမေ့ရဲ့အမေးကိုလည်း ဘာဖြေရမှန်းမသိ။ သူ့လက်ထဲမှာတင် ပျောက်သွားတဲ့ Walken ကရော သေသွားတာလားလို့ မသဲကွဲ။ ကိုယ်တိုင်လည်း မေးခွန်းတွေနဲ့ မနေ့ညကအိပ်ပျော်ဖို့ ဆေးသောက်ပစ်လိုက်ရတယ်။
"အမေ၊ ကျွန်တော် နောက်မှသေချာရှင်းပြမယ်နော်။"
"သား၊ သားရဲ့ဆရာနဲ့က ..."
"ဗျာ"
"အမေ့ကို ပြောစရာမရှိဘူးလား။"
'ဟုတ်သားပဲ၊ ငါ့မှာ အကြောင်းပြစရာရှိတယ်။'
"ဟုတ်ပါတယ် အမေ။ သားနဲ့ဆရာက လိင်တူချစ်သူတွေပါ။ အမေ လက်ခံနိုင်ရဲ့လား။"
" သားရယ်"
Zenith ကိုပွေ့ဖက်လာတဲ့ Mrs. Zody မျက်ဝန်းမှာ မျက်ရည်ဝဲရင်းအပြုံးတွေနဲ့။
"အစကတည်းက ပွင့်ပွင့်လင်းလင်းဖွင့်ပြောရောပေါ့ကွယ်။ အခုတော့ အမေ့မှာ စိတ်ပူလိုက်ရတာ။"
Zenith ရဲ့အမေ Mrs. Zody က သူ့သား ရည်းစားပျောက်ရှာနေလို့ တစ်ပတ်လုံးပျောက်သွားတာလို့ ထင်သွားခဲ့တာပါပဲ။ ဒီတော့မှ Zenith သက်ပြင်းချနိုင်ခဲ့တယ်။ အရင်လိုပုံမှန်အတိုင်းဆိုရင် အမေ့ဘက်က သူ့ဖြစ်တည်မှုကိုလက်ခံပါ့မလားလို့ စိုးရိမ်မိမှာပါ။ အခုတော့ မယုံကြည်နိုင်စရာအဖြစ်အပျက်တွေကို ရှင်းရခက်နေမှာထက်စာရင် ဒါက အများကြီးအဆင်ပြေသွားခဲ့ပြီ။
■
"ဟေ့ကောင်"
"Will"
"မင်းကွာ၊ ပျောက်သွားလိုက်တာ။ မင်းအမေ အရမ်းစိတ်ပူနေတာ။"
"အင်း၊ အခု မင်းက ဘယ်လဲ။"
"ငါတို့အဖွဲ့ အရေးပေါ်ကိစ္စလေးရှိလို့။"
Red cross ကိုယ်စီ လက်မောင်းမှာပတ်ထားတဲ့အဖွဲ့လေးက အလုပ်များနေလေရဲ့။
"ငါကူမယ်လေ။"
စိတ်ပြေလက်ပျောက်အပြင်ထွက်လာပြီး ဘာမှမတွေးမိဖို့ဆိုရင် အလုပ်များနေတာအကောင်းဆုံး။
"အေး၊ ကောင်းတယ်။"
လိုအပ်တာတွေကို William လက်ညှိုးထိုးသမျှ ကူသယ်ရင်း ရှင်းပြနေတာကို နားထောင်နေလိုက်တယ်။
"မြို့စွန်နားကစက်ရုံအဟောင်းတွေမှာ အိမ်ခြေရာမဲ့တွေနေတယ်လေ။ မနက်က အဲဒီ့မှာမီးလောင်လို့ ငါ့ကောင်ရေ။ မီးကများပေမဲ့ ထိခိုက်ဒဏ်ရာလောက်ပဲဆိုတော့ တော်သေးတယ်။ ဒဏ်ရာများတဲ့လူတွေကိုတော့ ဆေးရုံပို့လိုက်ကြပြီ။ ငါတို့အဖွဲ့က ကျန်နေတဲ့အသေးအဖွဲဒဏ်ရာအတွက် သွားကူဖို့လေ။ အဝတ်အစားနဲ့ အစားအသောက်ရောပေါ့။"
'လူတစ်ခု ပူမှုရယ်တဲ့ ဆယ်ကုဋေ' ဆိုတဲ့စကားအတိုင်း ဘာမှပိုင်ဆိုင်တာမရှိလို့ ဘာမှမပူရဘူးဆိုတဲ့လူတွေကိုမှ မီးအပူကကူးစက်နေလေတယ်။
.
"Albert, သက်သာရဲ့လား။"
"ရပါတယ်ဗျာ။ နည်းနည်းပါ။ အချိန်တန်ပျောက်သွားမှာပဲ။"
အချိန်တန်လို့မပျောက်မယ့်ဒဏ်ရာက ရှိနေပြီးသားမို့ ညက Jim လေးကို ပိတ်မိနေရာကနေဆွဲထုတ်ရင်း လက်မောင်းမှာမီးလောင်ဒဏ်ရာရသွားလို့ ရှိသမျှလေးနဲ့ အပူဒဏ်သက်သာရာရအောင် လုပ်ပေးထားကြတာကြောင့် Albert ထိုင်ရင်းတွေးနေမိတယ်။
အအေးသက်သာအောင် မီးပုံလုပ်ထားတာက လေအကြမ်းမှာ သစ်ရွက်ခြောက်တွေလေလွင့်ရင်း မီးကူးကုန်တာကြောင့် ပျာယာခတ်ခဲ့ရတဲ့မနက်ခင်း။ မီးသတ်ကားတွေရောက်လာကာ မီးသတ်ပေးကြပြီး ဒဏ်ရာများကြသူတွေကို ဆေးရုံခေါ်သွားကြပေမဲ့ အသေးအဖွဲဒဏ်ရာတွေအတွက် ဘယ်သူမှရောက်မလာနိုင်ကြသေး။ Jim လေးကတော့ Albert နားကမခွာ။
.
စိတ်ပျက်လက်ပျက်ထိုင်နေကြတဲ့လူတွေက ဟိုတစ်နေရာ ဒီတစ်နေရာ။ Zenith တို့ကားနှစ်စီးနဲ့ဝင်သွားတော့ အားလုံးကမတ်တပ်ရပ်ကြည့်ကြတယ်။ အဖွဲ့ခေါင်းဆောင်က ဒဏ်ရာရထားတဲ့လူတွေကို သက်သက်စုစည်းခိုင်းပြီး ကြည့်ပေးဖို့ပြင်နေတယ်။ Zenith ကတော့ ထိခိုက်ဒဏ်ရာနဲ့ပတ်သက်တာက ကျွမ်းကျင်တဲ့အလုပ်မဟုတ်တာကြောင့် အစားအသောက်ဝေတဲ့ဘက်မှာ ကူညီပေးနေလိုက်တယ်။
Zenith ရဲ့ဘောင်းဘီစကိုလာဆွဲတဲ့ ကလေးငယ်လေးတစ်ယောက်က မျက်ရည်လေးဝဲလို့။
"ရော့ ကလေး။ မုန့်ယူနော်။"
"ကိုကို၊ ဦးဦးကို လာကြည့်ပေးပါ။"
"ဆေးအဖွဲ့က ဟိုဘက်မှာလေ ကလေးရဲ့။"
"ဦးဦးက ရင်ဘတ်ဖိပြီး ထနိုင်ဘူး။ လာကြည့်ပေးပါဦး။"
မျက်ရည်တွေပါကျလာပြီး ရှိုက်လာပြီမို့ Zenith မုန့်ထုပ်တွေချထားလိုက်ပြီး
"ဘယ်မှာလဲ ကလေး။"
ကလေးလေးဆွဲခေါ်ရာကို Zenith လိုက်သွားလိုက်တယ်။ တစ်ယောက်ယောက်က လှုပ်ရှားဖို့ခက်ခဲနေတာလည်း ဖြစ်နိုင်တယ်လို့ တွေးရင်းနဲ့ပေါ့။
စည်ပိုင်းတစ်ခြမ်းဖောက်ထားတဲ့နား အပြင်ဘက်ကအုတ်ပုံမှာ ငုတ်တုပ်ထိုင်ရင်း ကိုယ်ကိုညွတ်ကိုင်းလို့ တဆတ်ဆတ်တုန်နေတဲ့လူက လက်မောင်းတစ်ဖက်မှာလည်း မီးဟပ်ထားလို့ အဝတ်အစားတွေလောင်နေလေရဲ့။ Zenith ပြေးသွားလိုက်ပြီး
"Mister, ဘာဖြစ်တာလဲခင်ဗျာ။"
"အင်း..... ဟင်း....."
မခံမရပ်နိုင်အောင် နာကျင်နေပုံမျိုးနဲ့ ညည်းညူနေသူကြောင့် သူ့လက်ကို Zenith ကိုင်ကြည့်တော့ ပူခြစ်နေတာကြောင့်
"Mister, ဖျားတာလား။ Mister?"
Zenith မေးနေရင်း ခွေလဲကျသွားသူကြောင့် ခပ်ညစ်ညစ်မျက်နှာတစ်ခြမ်းကို မြင်လိုက်ရတယ်။
'မဟုတ်ဘူး။'
အတွေးနဲ့အတူ ပက်လက်ဖြစ်သွားအောင် ဆွဲလှဲမိတဲ့အခါ
'ဟင့်အင်း'
Zenith မတ်တပ်ထရပ်မိသွားတယ်။ ကလေးက Zenith ကို အထူးအဆန်းလိုကြည့်နေရင်းက
"ဦးဦးက သေသွားတာလားဟင်။ အင့် ... ဟင့် ..."
ကလေးထငိုတဲ့အခါကျမှ Zenith သတိပြန်ဝင်လာရတယ်။ အမျိုးသမီးကြီးတစ်ဦးကလည်း အနားကိုပြေးလာနေတယ်။ ဒီတော့မှ Zenith မြေပေါ်လဲနေသူကို ပွေ့ထူရင်း
"William, help me!"
■■■
"ယနေ့မနက်ပိုင်းက မြို့စွန်ရှိ အိမ်ခြေရာမဲ့များစုဝေးနေထိုင်ရာ စက်ရုံအဟောင်းများတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူအချို့ မီးလောင်ဒဏ်ရာများရရှိကာ ..."
Evelyn တို့အလုပ်မှာ နေ့လယ်ပိုင်းထမင်းစားနားတုန်း ရုံးတွင်းစားသောက်ဆိုင်ရဲ့ TV မှာ သတင်းအစီအစဉ်တစ်ခုက သတင်းတိုလေးတစ်ပုဒ်ကို ကြေညာနေတယ်။
"မရှိကြပါဘူးဆို မီးကထပ်လောင်ပြန်တယ်ဟယ်။"
သူငယ်ချင်းရဲ့စကားကြောင့် Evelyn ခေါင်းညိတ်ပြပြီး သတင်းအစီအစဉ်ကိုလှမ်းကြည့်မိတယ်။ သတင်းကြေငြာသူအမျိုးသမီးက အဲဒီနေရာကိုရောက်နေပြီး သတင်းတင်ဆက်နေရာက ကင်မရာမြင်ကွင်းကို မီးလောင်တဲ့နေရာဆီလှည့်လိုက်ချိန်မှာ ကလေးငယ်လေးတစ်ယောက်နဲ့ အမျိုးသမီးကြီးတစ်ဦးနဲ့အတူ တွေ့လိုက်ရသူကြောင့်
"သူ ... သူမဟုတ်လား။"
"ဟဲ့ ... ဟဲ့ ... ဘယ်သူလဲ။"
"ခုန သူတို့ပြောတာ ဒဏ်ရာရသူတွေကိုပို့တာ ဘယ်ဆေးရုံလဲ။"
သိရတာနဲ့ ဖုန်းကိုယူပြီး လူရှင်းရာကိုပြေးထွက်သွားတဲ့ Evelyn ကြောင့် သူငယ်ချင်းဖြစ်သူခမျာ နောက်ကအပြေးလိုက်ရတော့တယ်။
.
"Evy ရယ်၊ မဟုတ်နိုင်ပါဘူးဟယ်။ အခုလည်း သူ့နာမည်မပါဘူးမဟုတ်လား။"
"တခြားဆေးရုံရောက်သွားတာလည်း ဖြစ်နိုင်တယ်လေ။ သူတို့မေးပေးမယ်ပြောတာပဲ။ အဲဒါ သူမှသူပါ။"
"သူက အဲဒီကို ..."
"သူ အစက coma ဝင်နေတာလေ။ အခု ဘာမှမမှတ်မိတာလည်း ဖြစ်နိုင်တယ်။ ဟာကွာ၊ အဲဒါကို ငါ ဘာလို့မတွေးမိတာလဲ။"
"အေးပါ၊ စိတ်အေးအေးထားနော်။ ခဏနေရင် သိရမှာပဲ။"
■■■
အင်္ကျီရင်ဘတ်ကအစွန်းအထင်းဟာ ဒဏ်ရာကြောင့်ဆိုတာ အထင်းသား။ ဒါပေမဲ့လည်း သူ့ရင်ဘတ်မှာက ဒဏ်ရာမရှိ။
"Ashford, ခင်ဗျား ဘာတွေဖြစ်ခဲ့တာလဲ။"
ကိုယ်အပူချိန်တအားမြင့်လို့ ရေဓာတ်ခမ်းတယ်လို့ ဆေးရုံကသတ်မှတ်လိုက်ပြီး လိုအပ်တဲ့ကုသမှုတွေကို လုပ်ပေးထားကြပေမဲ့ အဓိကအကြောင်းအရင်းက ဘာလဲဆိုတာကို Zenith သိပြီးသား။ သူ ရင်ဘတ်ကိုဖိပြီးနာကျင်နေတဲ့ပုံက မျက်လုံးထဲကမထွက်။ ဆေးရုံဝတ်စုံနဲ့ ခုတင်ပေါ်လှဲနေရင်း ဆေးသွင်းပေးထားပေမဲ့ သတိပြန်မရလာသေး။ ခပ်မြန်မြန်လှမ်းနေတဲ့ ဖိနပ်သံတိုးတိုးက အခန်းပေါက်ဆီနီးကပ်လာတာကို Zenith ကြားပေမဲ့ အရင်လိုပဲ အရေးပေါ်အခြေအနေတစ်ခုဖြစ်မယ်ဆိုတဲ့ အတွေးနဲ့ပဲ Zenith မော့မကြည့်ဖြစ်ပါ။
"ဟို ..."
အမျိုးသမီးအသံတစ်သံကို အခန်းဝကနေကြားရလို့ Zenith လှမ်းကြည့်တော့ လူနာကိုတစ်လှည့်၊ Zenith ကိုတစ်လှည့်ကြည့်ရင်း အလျင်စလိုပုံစံနဲ့အမျိုးသမီးတစ်ယောက်။
"ဟုတ်ကဲ့၊ ပြောပါ။"
Zenith ထရပ်လိုက်ပြီး မေးမိတယ်။
"Albert Ashford ... သူက Albert Ashford မဟုတ်လား။"
Zenith ခေါင်းညိတ်ပြလိုက်တယ်။ Ashford ကိုကြည့်ရင်း၊ မျက်ရည်တွေဝဲလာရင်း၊ အခန်းထဲကို ဖြည်းဖြည်းချင်းဝင်လာတဲ့ အမျိုးသမီးက Ashford ဆီကနေ အကြည့်မလွှဲ။
"Albert ... အဟင့် ... ရှင်ပဲ။ ဘယ်လိုဖြစ်ရတာလဲ ရှင်ရယ်။"
ခုတင်ဘေးမှာ ငိုချလိုက်သူက ခြေထောက်တွေပါ အားမရှိတော့သလိုခွေယိုင်သွားလို့ Zenith ပြေးထိန်းလိုက်ပြီး တစ်ဖက်ကခုံဆီကို ခေါ်သွားလိုက်တယ်။ တစ်သျှူးတစ်ရွက်ထုတ်ယူပြီးလည်း ကမ်းပေးလိုက်မိတယ်။ နေရာတကျဖြစ်ပြီးမှ အဲဒီအမျိုးသမီးက
"ကျေးဇူးပဲ ကလေး။"
မျက်ရည်တွေက သုတ်နေပေမဲ့ ထပ်ကျနေတုန်းပဲ။ Zenith ဘာမှမတွေးချင်တော့ဘူး။ ဘာမှလည်း မမေးချင်ဘူး။ ဘာမှလည်း မသိချင်ဘူး။
"တို့က Evelyn Woods ပါ။ Albert ရဲ့ ချစ်သူပါ။ သူ့ကိုရှာနေတာ တော်တော်ကြာပါပြီ။"
ဒီတစ်ခါခွေလဲကျချင်သူက Zenith ဖြစ်သွားခဲ့ပြီ။ အစကတည်းကသိသာနေပေမဲ့ မတွေးခဲ့တာ။ သူထင်တာ သူ့ဇနီးများလားလို့ တွေးမိတဲ့အထိ။
"ကျွန်တော်က Zenith ပါ။"
လက်ဆွဲနှုတ်ဆက်ရင်း Ashford က ကျောင်းမှာဆရာလုပ်သွားသေးတဲ့အချိန်ကို ပြောသင့်မပြောသင့် Zenith တွေးနေမိတယ်။
"ကယ်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်နော်။"
ဆွဲထားတဲ့လက်ပေါ် နောက်ထပ်လက်တစ်ဖက်နဲ့အုပ်ကိုင်ရင်း နွေးနွေးထွေးထွေးဆိုလာသူ။
"ဟုတ်ကဲ့၊ ရပါတယ်။"
"သူက coma ဝင်နေတာ တစ်နှစ်နဲ့နှစ်လရှိပြီးမှ ရုတ်တရက်ကြီး သတိဝင်လာပြီး ဆေးရုံကနေပျောက်သွားခဲ့တာ။ သူ့ကိုလိုက်ရှာနေတာလည်း တစ်နှစ်နီးပါးကို လုံးဝအစပျောက်နေခဲ့တာ။ စက်ရုံဟောင်းတွေနား မီးလောင်တဲ့သတင်းမှာ သူ့ကိုမတော်တဆတွေ့လိုက်တာ။ သူဖြစ်နေလို့ တော်သေးတာပေါ့။"
"ဟုတ်"
'ဪ၊ ရေစက်တွေက မပြတ်ချင်ရင် ဖျတ်ခနဲတွေ့တဲ့သတင်းလေးတစ်ပုဒ်ကနေ တစ်နှစ်နီးပါးပျောက်နေတဲ့သူကို ရှာတွေ့နိုင်တာပဲ။'
"မှောင်တော့မယ် ကလေး။ ပြန်ရင်ပြန်နော်။ တို့ စောင့်လိုက်ပါ့မယ်။"
"အစ်မ တစ်ယောက်တည်းလား။"
"မနက်ကျရင်တော့ တို့သူငယ်ချင်းလာပါလိမ့်မယ်။"
"ကျွန်တော် ဒီတစ်ညနေပေးလို့ရပါတယ်။ အကူအညီလိုရင် ပြောလို့ရပါတယ် အစ်မ။ အခုတော့ ဖုန်းလေးဆက်စရာရှိလို့ ခဏခွင့်ပြုပါဦး။"
စကားပြန်မှာကိုစောင့်မနေတော့ဘဲ Zenith လှည့်ထွက်လိုက်ပြီး အခန်းအပြင်ရောက်မှ ကျချင်ချင်မျက်ရည်တွေကို သုတ်ပစ်လိုက်တယ်။
.
"Albert"
သတိရရချင်းကြားရတဲ့ အသံချိုလေးတစ်ခု။ သေချာကြည့်မိတော့ ပါးလျလျခန္ဓာကိုယ်နဲ့ ချစ်စရာမိန်းကလေးတစ်ယောက်က ဝမ်းသာအားရအကြည့်တွေနဲ့ သူ့အနားကိုတိုးလာနေတယ်။ ဆရာဝန်တော့ မဖြစ်နိုင်ဘူး။
"ဘယ်နားက ဘာဖြစ်သေးလဲဟင်။"
လက်မောင်းကမီးလောင်ဒဏ်ရာက နည်းနည်းပူစပ်စပ်ဖြစ်တာကလွဲရင် ဘယ်နေရာမှအဆင်မပြေတာမရှိ။
"ဘာမှမဖြစ်တော့ပါဘူး။ ဒဏ်ရာကလည်း မကြီးပါဘူး။"
စိတ်အေးသွားသလိုအကြည့်တွေနဲ့ မိန်းကလေးကို သူ့စိတ်ထဲရင်းနှီးနေခဲ့တာကြောင့်
"ကျွန်တော်တို့ ဘယ်လိုပတ်သက်ခဲ့သလဲဗျ။ စိတ်မရှိပါနဲ့၊ ကျွန်တော်က အတိတ်ကို ဘာဆိုဘာမှမမှတ်မိလို့ပါ။"
ဝဲတက်လာတဲ့မျက်ရည်တွေကိုထိန်းရင်း သူလေးကပြုံးရှာတယ်။
"ကျွန်မ အစကတည်းကတွေးမိခဲ့ရင် ရှင် ဒီလောက်ဒုက္ခရောက်မှာမဟုတ်ဘူး။"
ငိုမိတော့မယ့်မိန်းကလေးကို မြင်နေရတာ သူ့ရင်ထဲမကောင်းပါ။ သူတားဖို့ပြင်ပေမဲ့ ဘာပြောရမယ်မသိ။
.
ပြန်သတိရလာတဲ့ Ashford နဲ့ သူ့ဇနီးလောင်းလေးရဲ့မြင်ကွင်းက Zenith အတွက် ရင်နာစရာ။ ငိုတော့မယ့်သူ့မိန်းကလေးကို မမှတ်မိပါဘဲနဲ့တောင် မငိုဖို့ကြိုးစားတားချင်နေရှာတဲ့ Ashford ကိုလည်း မကြည့်ရက်တော့ပါ။
"Mr. Ashford"
ပြတ်သားတဲ့အသံတစ်သံအပြင် နောက်ထပ်ပဲ့တင်သံလို ဝိုးတဝါးအသံတစ်ခုကိုပါ ထပ်ကြားရတယ်။ အဲဒီခေါ်သံကို သူရင်းနှီးနေပါတယ်။
ဝင်လာတဲ့ကောင်လေးကို သူသိသလားလို့တွေးတော့လည်း တွေးမရ။
"မင်းက ..."
"ကျွန်တော် Zenith ပါ။ ဟိုနေရာမှာ ခင်ဗျားကိုတွေ့တဲ့တစ်ယောက်လေ။ Jim လေးက လာခေါ်လို့ အဲဒီနေရာကိုရောက်လာတော့ Mr. Ashford က ရင်ဘတ်ဖိပြီး ကိုယ်တွေပူခြစ်လို့။ နောက်တော့လဲကျသွားတာပဲ။"
"အဲဒါ မင်းလား။ ကျေးဇူးအများကြီးတင်ပါတယ် ကောင်လေး။"
"ရပါတယ်ဗျာ။ အစ်မ၊ ဒီမှာဆေးတွေ။ ကျွန်တော် ဆရာဝန်သွားခေါ်ပေးမယ်နော်။ ပြီးရင် ကျွန်တော်ပြန်တော့မယ်။"
"အေးပါကွယ်။ ငါ့မောင်ကို ကျေးဇူးတင်ပါတယ်။ တစ်ညလုံးကူစောင့်ပေးနေလို့ အစ်မအဆင်ပြေတာ။ နေရာစိမ်းဆိုတော့ အစ်မက ဘာမှမသိဘူးလေ။"
"ရပါတယ်။ ဒါဆို ကျွန်တော့်ကို ခွင့်ပြုကြပါဦး။"
'နှုတ်ဆက်အပြုံးလား Ashford? ချိုလွန်းပါတယ်။ ခင်ဗျား ပျော်ရွှင်ပါစေ။'
■■■
"သား၊ အဆင်ပြေရဲ့လား။ လူနာရော သက်သာလား။ သူ့အိမ်သားဆိုတာရော အမှန်ပဲလား။"
"ပြေပါတယ် အမေရဲ့။ လူနာလည်းသက်သာတယ်။ သူကအတိတ်မေ့နေပေမဲ့ သူ့ကောင်မလေးက တော်တော်ဂရုစိုက်ရှာတာ။"
"တော်သေးတာပေါ့ကွယ်။ အဆိုးထဲကအကောင်းပဲပေါ့။ သား အိပ်မှာမဟုတ်လား။ မအိပ်ခင် ဒါလေးစား။ အားရှိအောင်။"
"စားမှာပေါ့ အဟဲ။"
"အင်း၊ ပြီးရင် အိပ်ရေးဝအောင်အိပ်။"
"ဟုတ်"
စားသောက်ပြီးအခန်းထဲရောက်တော့ William ဆီကနေ ဖုန်းလာပြန်တယ်။ သူစပ်စုသမျှကိုဖြေရှင်းအပြီးမှာတော့
"မင်း အဆင်ပြေရဲ့လား။"
"ပြေရမှာပေါ့။ အခုအခြေအနေမှာ ငါက ဘယ်လိုမျိုး သူ့ကိုဆွဲထားရမလဲ။"
"မင်းဆုံးဖြတ်တာမှန်ပါတယ် သားကြီးရာ။ တစ်ခုခုပြောချင်ရင်၊ ဒါမှမဟုတ် သွားသောက်ချင်ရင် ငါ့ကိုအချိန်မရွေးခေါ်ကွာ။ ငါ အဖော်လုပ်ပေးမယ်။"
"အဟား၊ ငါ့ကို တရားခံရှာပြန်ပြီ။"
"ဟေ့ကောင်၊ စကားအကောင်းပြောနေတာကွ။ စေတနာနဲ့မတန်တဲ့ကောင်၊ အသည်းကွဲလို့သေနေလည်း မင်းနာရေးငါမလာဘူး။"
"ပြောရက်ပြီပေါ့။"
"အေး၊ ပြောရက်တယ်။ ဒါပဲ၊ ဟေ့ကောင်။ အိပ်တော့။"
ပြောဆိုသွားပြီး အဆုံးမှာတော့ တစ်ညလုံးလူနာစောင့်ပေးခဲ့တဲ့လူကို သေချာလေးအိပ်ခိုင်းသွားသေးတဲ့ သူငယ်ချင်းလေးက သူ့အတွက်တော့ ကောင်းတူဆိုးဖက်ပါပဲ။
သူ့ရဲ့ကိုယ်စောင့်ဝိညာဉ် Walken က သူ့ရဲ့ဝိညာဉ်ကြိုးကိုဖြတ်ပြီး သူ့အခန်းထဲမှာတင် တခြားလူမမြင်အောင်ဖွက်ထားခဲ့တာတွေ။ သူကိုယ်တိုင်ကတော့ ဖန်ဆင်းပေးထားတဲ့ပုံရိပ်ယောင်ကမ္ဘာမှာ ခုနစ်ရက်ကြာနေခဲ့ရတာတွေ။ Walken ကိုသဘောကျနေပုံရတဲ့ Flora ဆိုတဲ့ ပန်းနတ်သမီးက သူ့ကိုအသုံးချပြီး Walken ကိုထိန်းချုပ်ဖို့လုပ်ခဲ့လို့ Walken က Flora ကိုပျက်သုန်းစေကာ သူ့ဓားနဲ့သူအထိုးခံလိုက်ပြီး Zenith ရဲ့လက်ထဲမှာတင် ပျောက်ကွယ်သွားတာတွေ။
ဒါတွေကိုတော့ ဘယ်သူ့ကိုပြောပြရမှာလဲ။
ဒါတွေရဲ့အစ
Zenith ကိုချဉ်းကပ်လာတဲ့ ငရဲသူရဲကောင်း Flame က coma ဝင်နေတဲ့ ဓာတ်ပုံဆရာလေး Albert Ashford ကိုပူးကပ်ပြီး ကျောင်းဆရာအဖြစ်နဲ့ Zenith ဆီရောက်လာရင်း Zenith အချစ်ကို အရယူခဲ့တာ။ Zenith ရဲ့ခန္ဓာကိုယ်နဲ့ အသက်ကိုပါရယူဖို့ ကြိုးစားတဲ့အခါ သူ့ရဲ့ကိုယ်စောင့်ဝိညာဉ်က သူ့ကိုကယ်ဖို့ကြိုးစားရင်း လူသတ်မိသွားပြီး ထွက်မပြေးခင် သူ့ကိုပါ ဝိညာဉ်ကြိုးဖြတ်ပြီးခေါ်လာတယ်လို့ သူသိထားခဲ့တာ။ တကယ်ဆို ဝိညာဉ်ကြိုးက မပြတ်ခဲ့လေသလား။ Flora အပြောအရ ဝိညာဉ်ကြိုးဖြတ်ခံရရင် ခုနစ်ရက်ပဲအသက်ရှင်မှာဆိုပြီး အခုတော့ ရှစ်ရက်မြောက်ကိုလည်း အေးအေးဆေးဆေးကျော်ဖြတ်ခဲ့ပြီ။
ဒဏ်ရာမပေါ်တဲ့ဝေဒနာကို Ashford က ဘယ်လောက်အထိခံစားနေရမှာလဲ။ ဒဏ်ရာကရော ဘာလို့မပေါ်တာလဲ။ Flame ပူးကပ်ထားတဲ့ Ashford ကို Walken ကဓားနဲ့ထိုးတာမှာ ဒဏ်ရာမရှိတော့ဘူးဆိုရင် Flame ကရော ဘာမှမဖြစ်ခဲ့ဘူးလား။ Flame ကိုပဲထိလို့ Ashford မှာဒဏ်ရာမပေါ်တာလား။ ဒါဆိုဘာလို့ ရင်ဘတ်အောင့်သလဲ။ Flame ဘာမှမဖြစ်ဘူးဆိုရင် Ashford ကို ပြန်လာပြီးဒုက္ခပေးနိုင်သလား။
"မဖြစ်ဘူး။ ငါ Ashford ကို ရှင်းပြတာကောင်းမလားပဲ။ ဒါပေမဲ့ ဒါတွေက ယုံချင်စရာလည်းမကောင်းဘူး။ စိတ်ညစ်တော့တာပဲ။"
အိပ်ရာပေါ်လူးလိမ့်ရင်း မအိပ်နိုင်တဲ့ Zenith ရဲ့ပတ်ဝန်းကျင်ကအသံတွေဟာ ရုတ်တရက်ဝေဝါးကုန်တယ်။ တစ်ခုခုမှာမျောပါသလိုခံစားရပြီး တဖြည်းဖြည်းနဲ့ Zenith ငိုက်မြည်းလာတယ်။ တစ်ချက်သမ်းဝေပြီး အိပ်တာပဲကောင်းပါတယ်ဆိုတဲ့ အတွေးနဲ့အတူ Zenith အိပ်ပျော်သွားပါတော့တယ်။
■
တစ်ကောင်ကြွက်တစ်ယောက်လို့ပဲ ထင်ထားတဲ့သူ့မှာ သိပ်ချစ်ရတဲ့လက်တွဲဖော်လေး ရှိနေတယ်ဆိုတဲ့ခံစားချက်က သူ့အတွက်လုံခြုံမှုတစ်ခုကို ခံစားရတယ်။ တကယ်လည်း သူက တစ်ကောင်ကြွက်တစ်ယောက်ပါပဲတဲ့။ ဒါပေမဲ့ အခြေအနေမဲ့တော့ မဟုတ်ဘူး။ Evelyn ပြောပြလို့ သူတို့အကြောင်းတွေအားလုံးသိရပြီးချိန် သူပြောနိုင်တဲ့စကားက
"ကျေးဇူးတင်ပါတယ်။ ပြန်မှတ်မိနိုင်အောင် ကြိုးစားပါ့မယ်။"
ဒါပဲသူပြောနိုင်ပါတော့တယ်။
နောက်တစ်ခုက မနက်က Jim လေးကိုလက်ဆွဲပြီး ဆေးရုံမှာသူနဲ့လာတွေ့ပေးတဲ့ William ဆိုတဲ့ကောင်လေးကို သူမြင်ဖူးနေတယ်။ သူ့ကိုကယ်ပေးခဲ့တဲ့ Zenith ဆိုတဲ့ကလေးရဲ့ သူငယ်ချင်းပါတဲ့။ Zenith ကိုတွေးမိတော့ Albert အာရုံမှာ စာသင်ခန်းတစ်ခုကို မြင်ယောင်လာမိသလို၊ ကျောင်းဝင်းတစ်ခုက အတွေးထဲပေါ်လာတယ်။ ဘယ်ကျောင်းလဲလို့တွေးနေတုန်းမှာ အာရုံတွေထွေပြားလာပြီး မျက်လုံးပြာပြာတွေနဲ့လူက အတွေးထဲပေါ်လာပြန်တယ်။ ရင်ဘတ်ကအောင့်လာလို့ ဘာမှဆက်မတွေးဘဲ ငြိမ်နေလိုက်ပါတော့တယ်။
မျက်လုံးစုံမှိတ်ပြီး ရင်ဘတ်ထဲစူးအောင့်လာတာကိုသက်သာစေဖို့ ငြိမ်နေလိုက်တဲ့ Albert ရဲ့ဒဏ်ရာဟောင်းနေရာမှာ အလင်းရောင်လေး တဖြည်းဖြည်းပျောက်သွားတာကို ကာယကံရှင်အပါအဝင် ဘယ်သူမှမသိလိုက်ကြပါ။
■■■
"Ashford ရော သက်သာရဲ့လား။"
"မင်း သတင်းသွားမေးပါလား။"
"ဟင့်အင်း Will. ငါ သွားမတွေ့တော့ဘူး။"
သူငယ်ချင်း William သူ့အိမ်ကိုလာတုန်းမှာ Zenith က Ashford ရဲ့သတင်းကို မေးနေခြင်း။
"ဆေးရုံဆင်းတဲ့နေ့ဖြစ်ဖြစ် ..."
"ငါ လုံးဝမတွေ့တော့ဘူး။ သူ့ဘဝက အဆင်ပြေနေပြီ။ ငါမရှိရင် ပိုအဆင်ပြေမယ့်အနေအထားမှာ ငါသွားမပတ်သက်ချင်တော့ဘူး။"
"ငါကလည်း ပတ်သက်ဖို့ပြောတာ မဟုတ်ပါဘူးကွာ။"
"မင်းဆိုလိုချင်တာ ငါနားလည်ပါတယ်။ နှုတ်ဆက်ဖို့ပဲဖြစ်ဖြစ် ငါမတွေ့တော့ဘူး။"
အိမ်မှာ Zenith အမေကိုကပ်ဖားပြီး ညစာစားပြီးမှပြန်သွားတဲ့ William ကြောင့် Zenith တစ်ယောက် Ashford အကြောင်းကို အဲဒီလောက်ပဲ ပြောဖြစ်၊ တွေးဖြစ်ခဲ့တယ်။
'ငါ မတွေးတော့ဘူး။"
Ashford အကြောင်း မတွေးတော့ဘူးဆိုပြီး အိပ်ခန်းတံခါးပြတင်းဘောင်မှာ Zenith ဂစ်တာထိုင်ခေါက်နေရင်းကမှ နည်းနည်းကြာလာတော့ ကျောင်းဝင်းထဲကထိုင်ခုံမှာ နှစ်ယောက်အတူစကားထိုင်ပြောခဲ့တာကို တွေးမိလာတော့ ပြတင်းဘောင်ကနေထရပ်လိုက်မိပြီး ခုတင်ပေါ်သာ မှောက်လှဲနေလိုက်တယ်။
အခုတောင်မေ့ဖို့မလွယ်တာ ချစ်သူသာဖြစ်ခဲ့ရင် အမှတ်တရတွေပိုများပြီး ပိုခက်ရချည်ရဲ့လို့လည်း တွေးမိသား။
စိတ်ညစ်ပြီး အိပ်ရာပေါ်မှောက်နေတဲ့ Zenith ရဲ့ပတ်ဝန်းကျင်ကအသံတွေဟာ ရုတ်တရက် ဝေဝါးဆိတ်ငြိမ်လာတယ်။ ခဏအကြာမှာပဲ ပက်လက်ပြန်လှဲပြီး မျက်စိတွေပွတ်နေတဲ့ Zenith က အိပ်လိုက်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။
■
ညအိပ်ခါနီး သန့်စင်ခန်းဝင်ပြီးလို့ ဘေစင်မှာလက်ဆေးနေတဲ့ Albert က ခေါင်းငုံ့ပြီးမျက်နှာသစ်လိုက်တယ်။ မျက်စိမှိတ်ထားလို့ သေချာမမြင်လိုက်ရတဲ့ သူ့ရင်ဘတ်ဒဏ်ရာမှာ အလင်းတစ်စလင်းလာပြီး မှေးမှိန်ပျောက်ကွယ်သွားပြီးချိန် သူ့မျက်နှာမှာလည်း ဆပ်ပြာတွေပြောင်စင်သွားလို့ ကိုယ်ကိုမတ်ပြီး မှန်ထဲကြည့်လိုက်တယ်။ သူ့နောက်မှာ အခန်းထဲခေါင်းဝင်ကြည့်တဲ့ သူ့ရဲ့ Evelyn.
"ရေတွေအများကြီးကိုင်နေသလား လူနာ။"
သူပြုံးလိုက်ပြီး
"လာပါပြီဗျာ။"
.
ဒီနေ့ဆိုရင် Albert ဆေးရုံဆင်းရမှာကြောင့် အလုပ်များနေခဲ့တယ်။ Evelyn ရဲ့ သူငယ်ချင်းလေးကပါ လာကူပေးလို့ Albert အံ့ဩရပြန်တယ်။ သူနဲ့ Evelyn ရဲ့ဘဝလေးက အတော်လေးအဆင်ပြေခဲ့ပုံပါပဲ။ အသိဝင်ဝင်ချင်း အထူးအဆန်းကြုံရတဲ့၊ ဆိုးဆိုးဝါးဝါး နာကျင်ခံစားရတဲ့၊ တစ်ယောက်တည်း အထီးကျန်လေလွင့်နေရတဲ့ သူ့အခြေအနေက သုညကနေ ရုတ်တရက်ကြီး ခုနစ်ဆယ်ရာခိုင်နှုန်းလောက် ကောင်းသွားခဲ့တာ Evelyn ရဲ့မိဘတွေနဲ့တွေ့ပြီးလို့ အဆင်ပြေပြီဆိုရင် ၉၉.၉၉% အဆင်ပြေပြီလို့ ပြောရလေမလား။
သူပိုင်ဆိုင်တာဘာမှမရှိတာကြောင့် Evelyn ယူလာသမျှပစ္စည်းတွေကိုသာ ပြန်လည်ထုတ်ပိုးရုံသာ။ ဆေးရုံဆင်းဖို့ စာရွက်စာတမ်းတွေလုပ်ပြီးရင် အားလုံးပြီးပြီ။ သူ့ပိုင်ဆိုင်မှုဆိုမှ ဆေးရုံရောက်လာတော့ သူဝတ်ထားတဲ့ သွေးစွန်းထားတဲ့အဝတ်အစားဟောင်းတွေကို အဲဒီညက စွန့်ပစ်လိုက်ကြလေသလား။ လာပို့တဲ့ကောင်လေးကပဲ လဲပေးပြီးပစ်လိုက်တာနေမှာလို့ သူတွေးလိုက်တယ်။
'အဲဒီကလေးလည်း တစ်ချက်တောင် ပြန်မတွေ့ရတော့ဘူး။'
အတွေးနဲ့အတူ ခုတင်စောင်းမှာထိုင်နေရာကအထ
"အ"
"အမလေး"
ပစ္စည်းတွေသိမ်းဆည်းနေတဲ့ Evelyn ကလှည့်လာလို့ Albert နဲ့တိုက်မိပြီး Albert ရင်ဘတ်ကအောင့်သွားလေသလား၊ Albert ရင်ဘတ်အောင့်သွားပြီး ကိုယ်ကိုနည်းနည်းကိုင်းလိုက်လို့ ပြန်လှည့်လိုက်တဲ့ Evelyn နဲ့ တိုက်မိလေသလား။
■■■
ကြယ်တွေအပြည့်နဲ့ကောင်းကင်က ဒီညမှ ပိုပြီးလွမ်းဖို့ကောင်းနေတယ်လို့ Zenith ထင်တယ်။
အဝတ်ဟောင်းတစ်စုံကို အိမ်နောက်ဖေးက မီးမွှေးနေကျစည်ပိုင်းပြတ်ထဲ တောက်လောင်နေတဲ့မီးတောက်တွေကြားကို ပစ်ထည့်လိုက်တယ်။
"ပြာတွေလိုပဲ လေလွင့်သွားလိုက်ပါတော့။ တချို့စိတ်ကူးတွေက အိပ်မက်တွေလိုပဲ အစမရှိ အဆုံးမရှိနဲ့ အတွေးထဲလွင့်သွားတာပါပဲ။"
ကော်ဖီခါးခါးတစ်ခွက်နဲ့၊ စာအုပ်တစ်အုပ်နဲ့၊ နောက်ဖေးခုံတန်းမှာ ကမ္ဘာတည်နေလိုက်မယ်ပေါ့။ ဒါပေမဲ့ မီးတောက်တွေကိုပဲ ကြည့်နေမိတယ်။ တစ်ခုခုကို နောင်တရသလိုလို။ နားထဲမှာကြားနေရတဲ့ မီးတောက်မြည်သံတွေက ဝေဝါးသွားတယ်။ ခုံတန်းပေါ်လှဲချလိုက်တာကိုပဲ သူနောက်ဆုံးသိလိုက်ပါတော့တယ်။
"သားရေ၊ အေးနေပြီလေ။ မီးလည်းကုန်ပြီ၊ ဝင်ခဲ့တော့။"
အမေ့အသံကြားမှ Zenith လန့်နိုးတယ်။
"ငါဘယ်လို အိပ်သွားတာလဲ။"
■
သူ့အိမ်ဆိုတဲ့နေရာက သူသိသလိုလို၊ မသိသလိုလို။ သူမရှိတဲ့ နှစ်နှစ်ကျော်မှာ သန့်ရှင်းသပ်ရပ်နေတာက Evelyn ကြောင့်ပါပဲ။ ဆေးရုံဆင်းတဲ့နေ့က တစ်နေကုန်လုံး Evelyn နဲ့အချိန်ဖြုန်းကြတယ်။ သူ့ဘက်ကစိမ်းသက်နေမိတာကို ရင်းနှီးမှုယူရင်းပေါ့။
နောက်နေ့ Evelyn အလုပ်ပြန်ဆင်းတော့ သူ့အိမ်နဲ့သူ ရင်းနှီးမှုပြန်ယူရတယ်။ ညဘက်တော့ Evelyn နဲ့ဖုန်းပြောပြီးတဲ့နောက် ရေခဲသေတ္တာထဲမွှေလိုက်တယ်။ Evelyn က အပြည့်ဖြည့်ပေးသွားတာ ဘီယာဘူးတွေနဲ့ ဝိုင်ပုလင်းလေးတွေတောင်ပါသေး။
ဝိုင်ကို မျက်စိမှိတ်အရသာခံနေချိန် သူ့ရင်ဘတ်ဒဏ်ရာမှာ လင်းသွားတာကို သူမသိလိုက်ပါ။ သူ့အာရုံထဲပေါ်လာတာက ကောင်လေးတစ်ယောက်။
"ခင်ဗျားကို ဘီယာကန်ထဲနှစ်ပေးမယ်။"
ဒါ သူမက်ဖူးတဲ့အိပ်မက်ထဲကကောင်လေး။ မက်တုန်းက သူမသိပေမဲ့ အခုတော့ ဒီကောင်လေးကို သူသိတယ်။ ဒါ သူ့ကိုကယ်ဖူးတဲ့ကောင်လေး။ သိကျွမ်းခဲ့ဖူးတယ်ဆိုရင် သူ့ကိုမသိသလိုဟန်ဆောင်သွားတဲ့ အဲဒီကောင်လေးကို သူအပြစ်လုပ်ဖူးလေသလား။ သူမေ့သွားတဲ့ တခြားအတိတ်တစ်ကန့် ရှိနေဦးမယ်လို့ သူတွေးမိသွားချိန်မှာ ရင်ဘတ်ထဲအောင့်တက်လာတဲ့အရှိန်က မခံမရပ်နိုင်။ အိမ်ရှေ့ဧည့်ခန်းက ဆိုဖာဆက်တီတွေပေါ်ရောက်အောင် သူမနည်းလာခဲ့ရပြီး ပစ်လဲသွားတယ်။
သူမဟုတ်တဲ့ သူ့ကိုယ်ထဲကတခြားလူက မီးတောက်လိုလောင်မြိုက်နေချိန် အေးခဲတဲ့နာကျင်မှုနဲ့အတူ သူ့ရင်ဝကိုဓားတစ်လက်စိုက်သွားတယ်။ ပင်လယ်ပြာမျက်လုံးတွေနဲ့ သူ့ကိုဓားနဲ့ထိုးတဲ့အဲဒီလူ၊ နောက်မှာလဲကျနေတဲ့ ကောင်လေး၊ ပြီးတော့ သူ့ကိုယ်ထဲကထွက်သွားတဲ့ တစ်စုံတစ်ရာကို သူခံစားမိချိန်မှာ အားလုံးနဲ့အဆက်ပြတ်သွားခဲ့ပြီ။
■■■
သူသိသင့်သလောက် သိလာရတယ်။ သူဆေးရုံကပျောက်သွားခဲ့ချိန်တွေမှာ ကျောင်းဆရာဖြစ်ခဲ့သေးတယ်ဆိုတာကိုပေါ့။ Zenith နဲ့ William တို့တက်ခဲ့တဲ့ ကျောင်းမှာပါပဲ။ ကျန်တဲ့ သဘာဝလွန်ဆန်ဆန် သူကြုံတွေ့ခဲ့ပုံတွေနဲ့ သူနောက်ဆုံးမြင်တဲ့ အိပ်မက်လိုလိုအာရုံတွေက သူဟာ တစ်စုံတစ်ခုရဲ့ပူးကပ်ခံရပြီး အဲဒီလိုကျောင်းဆရာဘဝနဲ့ နေခဲ့ပုံပါပဲ။ အဲဒီမှာ Zenith နဲ့ သူရင်းနှီးခဲ့မယ်လို့ ယူဆရတယ်။ ဒါကြောင့် သူ့စိတ်ထဲ မစိမ်းတာ။ မျက်လုံးပြာနဲ့လူက Zenith နဲ့ပတ်သက်ပြီးတော့လား၊ သူ့ဆီပူးကပ်နေသူကြောင့်လား၊ အကြောင်းတစ်ခုခုနဲ့ သူ့ဆီပူးကပ်နေသူကိုဓားနဲ့ထိုးတဲ့အခါ သူလည်းရောပါပြီး ဒဏ်ရာရခဲ့တယ်။ ဒါကြောင့် Mistin တို့က သူ့ကို ဒဏ်ရာကြောင့်သေလို့မဖြစ်ဘူးရယ်လို့ ပြောကြတာ။ ဒီစကားအရ ဓားနဲ့ထိုးတဲ့လူကလည်း လူသားမဖြစ်နိုင်။
"ငါ ဒါတွေနဲ့ မပတ်သက်ချင်တော့ဘူး။
.
"ဘာဖြစ်တယ်။"
"အင်း၊ မင်းမိဘတွေနဲ့ သွားတွေ့ရအောင်ပါ။ ကိုယ် အဆင်သင့်ဖြစ်ပြီ။"
"ကျွန်မက ... ကျွန်မက ရှင် အချိန်ယူဦးမယ်ထင်ခဲ့တာ။"
"ကိုယ်က အချိန်ယူချင်ရင်တောင် ကိုယ့်အတွက်နဲ့ အချိန်တွေအများကြီးကုန်ထားတဲ့ မင်းအတွက်တွေးပြီးတော့ဖြစ်ဖြစ် အချိန်ထပ်မဖြုန်းချင်တော့ဘူး။"
အဲဒီနေ့က သူတို့နဲ့အနီးတစ်ဝိုက် ပန်းတွေပိုမွှေးပြီး လေပြည်တွေပိုအေးလို့ လိပ်ပြာတွေလည်း ပိုဝဲနေကြလေရဲ့။
■■■
ဘီယာကန်လေးအကြောင်း Zenith တွေးကြည့်တော့ လွမ်းသလိုလို။
တစ်ချက်သမ်းဝေလိုက်ရင်း Zenith ပြုံးတယ်။
ကျောင်းတုန်းကပွဲတွေရဲ့ အမှတ်တရပုံတွေ Zenith ပြန်ကြည့်တယ်။
အဆုံးအထိမရောက်ဘဲ ငိုက်သွားတာကိုသိသိချင်း Zenith ပြုံးတယ်။
စက်ရုံဟောင်းတွေမီးလောင်တဲ့နေ့က သတင်းဟောင်းကို Zenith ပြန်ရှာဖတ်တယ်။
အိပ်ငိုက်လွန်းလို့ ဖုန်းလွတ်ကျသွားတဲ့အခါ Zenith ပြုံးတယ်။
ဖုန်းထဲမှတ်ထားတဲ့ အမျိုးသမီးတစ်ယောက်နာမည်နဲ့ ဖုန်းနံပါတ်တစ်ခုကို Zenith ကြည့်တယ်။
အကြောင်းမဲ့ ရုတ်တရက် အိပ်ပျော်မတတ်ဖြစ်နေတဲ့ကြားက အိပ်ရာပေါ်လဲနေရင်း Zenith ပြုံးတယ်။
"ခင်ဗျား မသေဘူးမဟုတ်လား။"
■■■■■
တချို့ကိုယ်စောင့်ဝိညာဉ်တွေက အနားမှာမရှိရင်တောင် စောင့်ရှောက်ပေးနိုင်ကြတယ်ဆိုရင် ယုံသလား။
နာကျင်စေမယ့်အရာတွေကို တားဆီးပေးပြီး အတတ်နိုင်ဆုံးမေ့သွားအောင် ကူညီပေးတာမျိုးပေါ့။
အနားမှာအကောင်အထည်လိုက်ရှိနေမှ ကိုယ့်အတွက် အကာအကွယ်ဖြစ်တာမဟုတ်ပါဘူး။ ကိုယ်မမြင်နိုင်တဲ့ ကိုယ့်ကိုကာကွယ်ပေးနိုင်တဲ့ စွမ်းအားတွေဆိုတာ ရှိတတ်ကြပါတယ်။
■■■■■
May 1ˢᵗ, 2023
It's a gift for TwenyiLayaung.
Sorry for belated Eidi.
𝑨𝒏𝒄𝒉𝒐𝒓 𝒄𝒂𝒏 𝒎𝒂𝒌𝒆 𝒂 𝒔𝒉𝒊𝒑 𝒔𝒆𝒄𝒖𝒓𝒆, 𝒃𝒖𝒕 𝒂 𝒔𝒉𝒊𝒑 𝒊𝒔 𝒇𝒐𝒓 𝒔𝒂𝒊𝒍𝒊𝒏𝒈.
𝑭𝒂𝒄𝒆 𝒕𝒉𝒆 𝒔𝒕𝒐𝒓𝒎 𝒂𝒏𝒅 𝒕𝒊𝒅𝒆, 𝒕𝒉𝒆𝒏 𝒈𝒆𝒕 𝒚𝒐𝒖𝒓 𝒈𝒐𝒂𝒍.
Your 😈

Коментарі