Welcome to Gifty Zone
Guardian spirit is whistling (ေဇာ္ဂ်ီ)
Guardian spirit is whistling (ယူနီကုတ်)
Guardian spirit is a hazy rainbow (ေဇာ္ဂ်ီ)
Guardian spirit is a hazy rainbow (ယူနီကုတ်)
Though guardian spirit ain't here (ေဇာ္ဂ်ီ)
Though guardian spirit ain't here (ယူနီကုတ်)
Guardian spirit is whistling (ယူနီကုတ်)
"မေမေ၊ ဟိုမှာသက်တံ။"

ကလေးလေးတစ်ယောက်က အိမ်ရှေ့ပြေးထွက်လာရင်း အော်ပြောနေတယ်။ ပြီးတော့ သဘောတကျရယ်မောတယ်။

"မေမေ၊ ကျောင်းမှာပုံပြင်တွေပြောကြတော့ Abby ကပြောတယ်။ သက်တံကြီးရဲ့အဆုံးမှာ ရွှေအိုးမြှုပ်ထားတယ်တဲ့။ ဒါပေမဲ့ သက်တံရဲ့အဆုံးကိုတော့ ဘယ်သူမှမရှာနိုင်ကြဘူးတဲ့ မေမေ။ အဲဒါ ဟုတ်လား။"

"အင်း၊ ပုံပြင်ပေါ့ကွယ်။"

"သားကြီးလာတဲ့အခါ တွေ့အောင်ရှာကြည့်ဦးမှာ။"

"ခစ်ခစ်၊ ရှာပါရှင် ရှာပါ။ အခုတော့သွားစို့။"

"ဟုတ်"

■■■

ကားလမ်းမတစ်နေရာမှာ လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက် လက်မှာမုန့်ထုပ်ကိုင်ပြီး ကားလမ်းကူးဖို့စောင့်နေပါတယ်။ စက္ကန့်ပိုင်းအတွင်းမှာပဲ ကူးလို့ရပြီဖြစ်လို့ ကူးဖြတ်လိုက်တဲ့အချိန် အရှိန်လွန်မောင်းလာတဲ့ကားတစ်စီးက မရပ်နိုင်တော့ဘဲ လမ်းကူးနေတဲ့သူ့ဆီကို ပြေးဝင်သွားတဲ့နောက်

"Oh my God!"

ကားဘီးနဲ့လမ်းမ ပွတ်တိုက်သံ၊ ဟွန်းတီးသံ၊ တစ်စုံတစ်ခုကိုတိုက်မိသံတွေနဲ့အတူ ဘေးပတ်ဝန်းကျင်ကလူတွေလည်း ရုတ်ရုတ်သဲသဲ။

.

အဲဒီနေရာလေးရဲ့ သိပ်မဝေးလှတဲ့နေရာလေးမှာ မီးခိုရောင်အိမ်လေးတစ်လုံးရှိနေပါတယ်။
အိမ်လေးရှေ့က မြက်ခင်းပြင်ပေါ်မှာ လေးနှစ်အရွယ်ယောက်ျားလေးတစ်ယောက် ဘောလုံးလေးနဲ့ဆော့ရင်း မှောက်လျက်လဲသွားပြီး အော်ငိုတာကြောင့် အနားမှာအဝတ်လှန်းနေတဲ့ ကလေးငယ်ရဲ့အမေက လှည့်ကြည့်လာပြီး

"သားလေးရေ၊ ထ ထ။ မနာပါဘူးကွာ။ ငါ့သားက သတ္တိရှိတယ်ကွ။ အမလေး၊ မျက်ရည်တွေလား။ တိတ်၊ တိတ်။ မေမေကဆေးထည့်ပေးမှာပေါ့။"

ကလေးလေးကို မြက်ခင်းပေါ်ကခုံပုလေးမှာထိုင်ခိုင်းပြီး အိမ်ထဲတစ်ခါပြေးလို့ ဆေးဘူးတွေထည့်ထားတဲ့ခြင်းလေး ယူလာလိုက်တယ်။

"လိမ္မာတယ် သားလေးရယ်။ မငိုနဲ့တော့နော်။ ယောက်ျားကွ၊ သတ္တိရှိတယ်။ ဒူးခေါင်းလေးနာနာဖြစ်သွားတာ မေမေဆေးထည့်ပေးရင် ပျောက်သွားမှာ။"

မျက်ရည်လေးတွေသုတ်ပြီး ခေါင်းညိတ်ရှာတယ်။ ဆေးထည့်ပေးတော့ ရှုံ့မဲ့မဲ့လေးနဲ့မို့ အမေဖြစ်သူက နဖူးလေးနမ်းပြီး

"မေမေ့သားလေးက တော်လိုက်တာ။ မငိုတော့ဘူး။"

"ဟီဟိ"

မျက်ရည်မခြောက်သေးဘဲကို သဘောကျပြီးရယ်ပြန်တဲ့ကလေးလေးက သူ့ဘေးမှာချထားတဲ့ ဘောလုံးလေးကိုလည်း လှမ်းယူပြီး ပိုက်ထားလိုက်ပါသေးရဲ့။
အမေဖြစ်သူက ဆေးပစ္စည်းလေးတွေကို ခြင်းထဲပြန်ထည့်နေတုန်းမှာပဲ ခပ်လှမ်းလှမ်းနေရာကနေ ကားဘီးနဲ့ကားလမ်းပွတ်တိုက်သံတွေ၊ ဟွန်းသံတွေကို ကြားလိုက်ရပါရဲ့။

'ဘာဖြစ်တာပါလိမ့်။'

ခြင်းလေးကိုကောက်ယူရင်း အိမ်ရှေ့ကိုလျှောက်လာလိုက်ပြီး အသံလာရာဆီကြည့်တော့ ဟိုးဘက်ခပ်လှမ်းလှမ်းမှာ လူတွေကရုတ်ရုတ်သဲသဲမို့

'ကားတိုက်တာလားမသိဘူး။'

သူကြည့်နေတုန်းမှာပဲ သားငယ်လေးကလည်း သူ့ရဲ့ဘောင်းဘီစလေးကိုလာဆွဲလို့ ကလေးရဲ့လက်လေးကို ဆွဲကိုင်လိုက်တဲ့အချိန်

"Mrs. Zody. Mrs. Zody."

လူတစ်ယောက်က နာမည်ခေါ်ပြီး အားကုန်ပြေးလာတာကြောင့်

"ရှင်။ ကျွန်မကိုခေါ်တာလား။ ဘာဖြစ်လို့လဲ Mr. McCain?"

"ခင်ဗျားအမျိုးသား၊ သူ ယာဉ်တိုက်မှုဖြစ်တာ။ အဲဒါ ..."

သူ့လက်ထဲက ဆေးခြင်းလေးပြုတ်ကျသွားပြီး

"သူ ... သူ ... သားအတွက် မုန့်သွားဝယ်တာ ..."

စကားမဆက်နိုင်ဘဲ ကလေးငယ်ကိုငုံ့ကြည့်မိတယ်။

"Ambulance လာနေပြီ။ သွားလိုက်ပါ။ Zenith လေးကို ကျွန်တော်ကြည့်ထားမယ်။ အဲဒီမှာ Mr. David တို့လည်းရှိတယ်။"

ခေါင်းညိတ်ပြပြီး Mrs. Zody ပြေးထွက်သွားတော့ လေးနှစ်သားလေး Zenith ကို Mr. McCain ကောက်ယူချီပွေ့ထားလိုက်တယ်။ ကလေးဟာ ဖခင်မဲ့သွားဖို့အတွက် ငယ်လွန်းပါသေးတယ်။



တကယ်လို့ လူသားတစ်ယောက်မှာ ကိုယ်စောင့်နတ်ရှိနေခဲ့မယ်ဆိုရင် ဘယ်လိုစောင့်ရှောက်မယ်ထင်ပါသလဲ။
.
.
.

ကားလမ်းမတစ်နေရာမှာ လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက် လက်မှာမုန့်ထုပ်ကိုင်ပြီး ကားလမ်းကူးဖို့ကြည့်လိုက်တယ်။ ကားတွေအရမ်းများနေပြီး လမ်းကူးနိုင်ဖို့ကလည်းလိုသေးလို့ သူ့အိမ်ဘက်ကို ဆက်လျှောက်လာခဲ့တယ်။ ရှေ့နားနည်းနည်းဆက်လျှောက်ရင်ပဲ သူ့အိမ်ကိုရောက်ပြီမို့ သူဆက်လျှောက်လာခဲ့မိတယ်။

.

ဒီအမျိုးသား လမ်းဆက်လျှောက်လာရာနဲ့ သိပ်မဝေးလှတဲ့နေရာလေးမှာ မီးခိုရောင်အိမ်လေးတစ်လုံးရှိနေပါတယ်။
အိမ်လေးရှေ့က မြက်ခင်းပြင်ပေါ်မှာ လေးနှစ်အရွယ်ယောက်ျားလေးတစ်ယောက် ဘောလုံးလေးနဲ့ဆော့ရင်း ဘောလုံးကိုခလုတ်တိုက်မိတော့မယ့်အချိန် မထင်မှတ်ဘဲ ဘောလုံးလေးလိမ့်ထွက်သွားတာကြောင့် ကောင်လေးငယ်လေး ချော်လဲမယ့်အရေးကနေ လွတ်သွားခဲ့တယ်။ ဘယ်ကနေအရှိန်ရပြီး လိမ့်သွားတယ်မသိတဲ့ ဘောလုံးလေးကတော့ ကားလမ်းမဘက်ကို လိမ့်သွားခဲ့ပြီ။ အနားမှာအဝတ်လှန်းနေတဲ့ ကလေးငယ်ရဲ့အမေက လှည့်မကြည့်မိခင်မှာ ကလေးကတော့ သူ့ဘောလုံးလေးနောက်လိုက်သွားခဲ့ရာက ...

.

မုန့်ထုပ်တစ်ဖက်နဲ့အမျိုးသားက သူ့အိမ်ရှေ့ရောက်လာပြီမို့ ကားလမ်းကူးဖို့ပြင်တယ်။ ခဏလေးအတွင်းမှာပဲ လမ်းမပေါ်ကို ဘောလုံးလေးတစ်လုံးလိမ့်လာပြီး အဲဒီနောက်ခပ်လှမ်းလှမ်းမှာ တွေ့လိုက်ရတာက သူ့ရဲ့သားငယ်လေး။ သူပြုံးလိုက်မိတာက စက္ကန့်ပိုင်းလေးအတွင်းမှာရပ်သွားပြီး လမ်းမပေါ်ကိုကြည့်မိတော့ မနီးမဝေးမှာ ကားတစ်စင်း။

"No, Zenith! No ....."

အဖြစ်အပျက်တွေက စနစ်တကျစီစဉ်ထားပြီးသလိုပဲ ဖြစ်ပျက်သွားတယ်။ အမျိုးသားရဲ့ခန္ဓာကိုယ်ကို ကားတစ်စီးကဝင်တိုက်မိလို့ သူလိမ့်ထွက်သွားတယ်။ ဘရိတ်အုပ်သံတွေကြား လူတွေရဲ့အော်သံတွေပါထွက်လာတယ်။ အဝတ်လှန်းနေရာက ပြေးထွက်လာတဲ့အမျိုးသမီးဟာ မျက်နှာကိုလက်နဲ့အုပ်ပြီး အော်ဟစ်ပစ်လိုက်တယ်။

"အား ....."

လမ်းမပေါ်ကိုလဲကျသွားတဲ့ ကားတိုက်ခံရသူအမျိုးသားဆီက သွေးတွေ လမ်းမပေါ်ကိုစီးကျလာတယ်။ သူ့ရင်ခွင်ထဲမှာတော့ လူသားငယ်လေးတစ်ယောက်ကို ထွေးပွေ့ထားပြီး သူတို့အနားမှာက ခုနက သူကိုင်လာတဲ့မုန့်ထုပ်ကလေး။ အားတင်းလှုပ်ရှားနေပုံရတဲ့အမျိုးသားက ရင်ခွင်ထဲကကလေးလေးကို ငုံ့ကြည့်ပြီး

"OK?"

ကလေးငယ်ဟာ အထိတ်ထိတ်အလန့်လန့်နဲ့မော့ကြည့်ပြီး ခေါင်းညိတ်ရှာတယ်။ သူ့အဖေရဲ့နောက်ဆုံးအပြုံးတစ်ပွင့်ကို သူတစ်သက်လုံးမှတ်မိနိုင်ပါ့မလား။

.

ကိုယ်စောင့်နတ်တွေက ဘယ်လိုပဲစောင့်ရှောက်ပါစေ လူသားတစ်ယောက်ရဲ့သက်တမ်းကိုတော့ ဆွဲဆန့်မပေးနိုင်ကြပါဘူး။

■■■

"ဖေဖေက နာနာဖြစ်သွားလို့ တခြားအိမ်မှာပြန်သွားနေရတယ်။ ဒီကိုပြန်မလာနိုင်ဘူး သားလေးရယ်။ ဒါပေမဲ့ နောက်ပိုင်းကျရင် မေမေတို့က အဲဒီအိမ်ကိုလိုက်ကြမှာ။ အဲဒီအခါကျရင် မေမေတို့ သားဖေဖေနဲ့ ပြန်တွေ့ကြမှာ။"

"ဘယ်တော့လဲ ... ဟင်"

"သားလေးကြီးတဲ့အခါပေါ့ကွယ်။ အဲဒါကြောင့် သားလေးက ကျန်းကျန်းမာမာနဲ့ သေချာလေးကြီးပြင်းပေးပါ။"

"ဟုတ်"

.

"ဖေဖေ့ ... အင့် ... ဟင့် ... ဖေဖေ လာ ..."

အဖေကိုတပြီးငိုနေတဲ့ကလေးကို အမေဖြစ်သူကချော့ရင်း မျက်ရည်တွေဝဲလာခဲ့ပြီ။
ကလေးရဲ့မျက်ရည်တွေက မြင်ရသူတိုင်းရဲ့စိတ်နှလုံးကို ဆွဲညှစ်လိုက်သလိုပဲ။ ခဏအကြာမှာတော့ ကလေးလေးဟာ တစ်ခုခုကိုနားစွင့်သလိုလေးဖြစ်လာပြီး ငိုသံလေးတွေလျော့သွားခဲ့တယ်။ ပြီးတော့ တဖြည်းဖြည်းနဲ့အိပ်ပျော်သွားခဲ့ပါပြီ။

ကလေးလေးက အဖေဖြစ်သူကိုသတိရလို့ငိုတိုင်းမှာ ခဏလောက်ကြာတာနဲ့ အသံလေးတိတ်ပြီး အိပ်ပျော်သွားတတ်တာဟာ အကျင့်လေးတစ်ခုလိုဖြစ်သွားခဲ့လေရဲ့။

.

တစ်နှစ်ပြည့်လွမ်းဆွတ်ခြင်း

"ဖေ ... အင့် ... ဖေဖေက ... ဟင့် ... ဘာလို့ ... အစော ... ကြီး ... ဟင့် ... ပြန်သွားတာ ... လဲ။ အီးဟီး ... ပြန်ခေါ်ပေး။"

ထုံးစံအတိုင်းပါပဲ။ ခဏအကြာမှာ ရှိုက်သံတိုးတိုးနဲ့ မျက်လုံးလေးတွေမှေးစင်းသွားတဲ့ ငါးနှစ်သားလေး။

.

ခြောက်နှစ်မြောက် အမှတ်တရ

"ဖေဖေက သားကိုပြုံးပြခဲ့တာ။"

Mr. Zody ရဲ့အုတ်ဂူရှေ့မှာ ဒီလိုလေးပြောပြီးငိုပြန်တဲ့ ဆယ်နှစ်သားလေး Zenith. ဘယ်လိုလေးနှစ်သားလေးက အဲဒီမှတ်ဉာဏ်ကို ခြောက်နှစ်ကြာသိမ်းထားခဲ့နိုင်ပါသလဲ။

အမေကိုဖက်ထားရင်း ခဏနေတော့ မျက်လုံးလေးတွေမှေးစင်းလာတယ်။ အိပ်ပျော်သွားမယ်ထင်ရတဲ့ကောင်လေးက ဖျတ်ခနဲမျက်လုံးဖွင့်ပြီး ရှေ့ကိုကြည့်တယ်။ ဘာမှမတွေ့လေတော့ ဘေးပတ်ဝန်းကျင်ကို မျက်လုံးလေးဝေ့ကြည့်တယ်။

'ဘယ်သူမှ မခေါ်ပါဘူး။'

သူ့ဘာသာတွေးပြီး ကောင်လေးအိပ်ပျော်သွားခဲ့ပါပြီ။

.

ဆယ့်တစ်နှစ်ပြည့် နှစ်ပတ်လည်

မငိုမိတော့ဘူး။ သူကလေးမဟုတ်တော့ဘူးမို့ ကောင်းကောင်းထိန်းချုပ်တတ်နေပြီ။ ဆယ့်ငါးနှစ်သားတစ်ယောက်က အမေ့အတွက်ဖြစ်ဖြစ် သန်မာရမယ်။ ပြီးတော့ အဖေ့ကိုလွမ်းလို့သူငိုတိုင်း ကြားရတတ်တဲ့လေချွန်သံကြောင့် အိပ်ပျော်မသွားအောင်ထိန်းတတ်တာလည်း နှစ်နှစ်ကျော်ခဲ့ပြီ။ ဖြစ်ရိုးဖြစ်စဉ်တစ်ခုလိုဖြစ်နေလို့ သူမစပ်စုခဲ့ပေမဲ့ သိချင်မိတယ်။ ပြီးတော့ သူ့အဖေရဲ့ခြောက်နှစ်ပြည့်နှစ်ပတ်လည်မှာ သူကြားခဲ့ဖူးတဲ့ အသံကိုလည်း သူအရမ်းသိချင်တယ်။ ဒါပေမဲ့ စိတ်အထင်မှားတာတွေကို အတည်ယူစူးစမ်းရလောက်အောင် သူကလေးမဟုတ်တော့ဘူး။ ပြီးတော့ အရူးလည်းမဟုတ်ဘူး။ ဒီနှစ်ဆို သူ လေချွန်သံကိုတောင် မကြားတတ်တော့ဘူး။ ကလေးဘဝရဲ့ စိတ်ကူးယဉ်ခြင်းတွေကို ဒီမှာပဲအဆုံးသတ်နိုင်ခဲ့ပြီ။ နောက်လဆို သူ ဆယ့်ငါးနှစ်ပြည့်ပြီ။

■■■

"Zenith, သွားလို့ရပြီ။"

"OK, buddy."

Retired ယူတော့မယ့်ဆရာကြီးအတွက် နှုတ်ဆက်ပွဲလေးလုပ်ဖို့တိုင်ပင်ကြရင်း သူငယ်ချင်းတစ်စု ပစ္စည်းတွေသယ်ကြတော့ လက်ကိုကျောက်ပတ်တီးစည်းထားရတဲ့ Zenith တစ်ယောက် ထိုင်စောင့်ပြီးကျန်နေခဲ့တာပါ။ ဘောလုံးကန်ရင်း တွန်းကြတိုက်ကြရင်း လဲတာက ခြေထောက်မထိဘဲ လက်ကိုထိတာဟာ အဆိုးထဲကအကောင်းလား။ ဘောလုံးကန်တာက သူ့ရဲ့အကြီးမားဆုံးဝါသနာမို့ ခြေထောက်တော့အထိမခံချင်ပါ။

"ကဲ၊ ဆရာအသစ်အချိန်တဲ့။ ဘာလုပ်မှာလဲ။"

"First day ဆိုတော့ မိတ်ဆက်တာနဲ့ပဲ ပြီးမယ်ထင်တာပဲ။ ဘာလုပ်ကြမလဲ။"

"ဘာမှမလုပ်ချင်ဘူး။ အတန်းထဲပဲ သွားထိုင်မယ်။"

"OK, let's move."

.

"Hello, class. I am Mr. Ashford."

"Ashford"

ဆရာကမိတ်ဆက်သွားတော့ သူ ခပ်တိုးတိုးလိုက်ပြီးရေရွတ်မိတယ်။ ပြီးတော့ ဆရာ့ကို သူမော့ကြည့်လိုက်တယ်။

"Oh my God!"

"What?"

သူဘုရားတမိတော့ ဘေးက သူငယ်ချင်းဖြစ်သူက ခပ်တိုးတိုးမေးတဲ့အခါ သူညာလိုက်တယ်။

"Nothing"

ဟုတ်တယ်။ ဒီလူက သူ့ဆရာဆိုရင် ပထမဆုံးအတန်းချိန်မှာ သူထပ်ပြီး ပြဿနာမဖြစ်ချင်တော့ဘူး။ ဒီတော့ ဆရာက အတန်းနဲ့မိတ်ဆက်နေချိန်မှာ သူက သူငယ်ချင်းနဲ့စကားပြောနေလို့ မဖြစ်တော့ဘူး။

Ashford က အတန်းသားတစ်ယောက်ချင်းစီနဲ့ မိတ်ဆက်ရင်း သူ့ကိုမေးတဲ့မေးခွန်းတစ်ခုစီကိုလည်း ဖြေလာတယ်။ သူ့တပည့်တွေနဲ့ ရင်းနှီးမှုယူတဲ့အနေနဲ့ပေါ့။ ကောင်မလေးတွေကတော့ ဆရာ့အသက်နဲ့ ဆရာ့မှာအိမ်ထောင်ရှိလားဆိုတာကို စပ်စုနေတယ်။ သေချာတာပေါ့၊ စပ်စုရလောက်အောင် ဆရာကကြည့်ကောင်းတယ်လေ။

"William Johnson, sir."

Zenith ဘေးကသူငယ်ချင်းအလှည့်ကို ရောက်လာပြီးတော့ ဆရာ့ကို ဘာမှမေးစရာမရှိပါဘူးလို့ ပြောနေတယ်။ သူတို့ထိုင်တဲ့နေရာက နောက်ဆုံးတန်းနားရောက်တော့မှာမို့ ရှေ့ကမေးလာတဲ့မေးခွန်းတွေက စုံသင့်သလောက်စုံနေခဲ့ပြီလေ။ အခုတော့ သူ့အလှည့်ပါ။

"I'm Zenith Zody."

"Awesome."

"Yes, Mr. Albert Ashford."

ခုနကပဲ Ashford ရေးသွားတဲ့ လက်ရေးရှည်ရှည်လေးတွေကို ဖတ်ကြည့်သလိုနဲ့ Zenith ကပြောလိုက်ပါတယ်။ တစ်ယောက်ချင်းစီနာမည်က သိပ်မထူးဆန်းပေမဲ့ သူတို့နှစ်ယောက်ဆုံတော့ double A နဲ့ double Z ဖြစ်နေတာကြောင့် ပြုံးမိကြတယ်။

"Your question is ..."

"About your sexual orientation."

"Wow!"

အခန်းရဲ့အလယ်နားလောက်မှာရပ်နေတဲ့ Ashford ကို နောက်ဆုံးနားကနေမေးတာမို့ အသံကို တစ်ခန်းလုံးသေချာကြားပါလိမ့်မယ်။ အားလုံးလည်း အသံတွေထွက်သွားခဲ့တယ်။ နည်းနည်းတော့ အံ့ဩသွားပုံရတဲ့ Ashford က အပြုံးမပျက်ဘဲ Zenith ကိုပြန်ကြည့်ပြီးဖြေတယ်။

"I haven't thought about it."

Zenith က သွားဖုံးတွေပေါ်တဲ့အထိ စိတ်လိုလက်ရပြုံးလိုက်တယ်။ ဆရာကတော့ နောက်ထပ်ကျန်နေသေးတဲ့ ကျောင်းသားနည်းနည်းနဲ့ ဆက်ပြီးမိတ်ဆက်နေလေရဲ့။

"Zenith, မင်းတော့ ဘာလားပဲ။"

"ဘာလဲ၊ အဲဒါက မမေးကောင်းတဲ့မေးခွန်းလား။"

"အေး၊ ငါမပြောသေးဘူး။"

"မပြောနဲ့လေ။"

နောက်ထပ်အတန်းချိန်တစ်ခု ပြောင်းသွားတယ်။ ဒါပေမဲ့ Zenith ရဲ့စပ်ဖြဲဖြဲရုပ်က ပျောက်မသွားသေးပါဘူး။
ကျောင်းဆင်းလို့ William နဲ့လမ်းခွဲထွက်လာတဲ့အထိ သူ့အတွေး၊ သူ့စိတ်က ခပ်မြူးမြူးဖြစ်နေတုန်းပဲ။
သူ့အတွေးတွေက လွန်ခဲ့တဲ့ကျောင်းပိတ်ရက်မကုန်ခင် တစ်ပတ်အလိုဆီကို ရောက်သွားခဲ့ပါတယ်။

.

အဲဒီနေ့က သူ ဆိုင်မှာ ဆိုင်ရှင်နဲ့အငြင်းအခုန်ဖြစ်နေတာက alcohol ဝယ်ယူခွင့်ကိစ္စ။

'ဘာကိစ္စ ဒီနယ်မှာမှ နှစ်ဆယ့်တစ်နှစ်တဲ့လဲ။'

သူ့တစ်သက်လုံး ဒီနယ်မှာနေလာတာကို သဘောမကျတဲ့အချက်က ကြီးကြီးမားမားတွေမရှိပေမဲ့ ဒီကိစ္စကိုတော့ လုံးဝမကျေနပ်ပါ။ တချို့နယ်တွေမှာ ကန့်သတ်ချက်တောင်မရှိဘူး။ တချို့မှာ ဆယ့်ခြောက်နှစ်၊ တချို့ကျ ဆယ့်ရှစ်နှစ်၊ သူနေတဲ့နေရာကျမှ နှစ်ဆယ့်တစ်နှစ်တဲ့။

"မရဘူး ကောင်လေး။ ပြန်လိုက်တော့။"

"မစ္စတာကလည်း ရလိုက်ပါ။"

သူက အတင်းကိုရစ်ပြီးဝယ်နေတုန်း ဘေးမှာကျလာတဲ့အရိပ်တစ်ခုကြောင့် ခဏရပ်လိုက်တယ်။ ဖြစ်ချင်တော့ အဲဒီလူက ဘီယာတစ်ကတ်ကို ကောင်တာပေါ်တင်ပြီး ငွေချေဖို့ပြင်နေတာပါ။ ငွေချေပြီးတော့ အဲဒီလူက ဘီယာကတ်ကိုကိုင်လိုက်ပြီး

"ဆယ့်ရှစ်ပြည့်ဖို့ နှစ်လလိုတယ်ဆိုရင်လည်း နောက်ထပ် သုံးနှစ်နဲ့နှစ်လနေမှ လာပြန်ဝယ်ပါလား။ ဆိုင်ရှင်ခမျာလည်း မင်းရစ်နေတာနဲ့ စိတ်ညစ်ရောပေါ့။"

'ငါပြောနေတာတွေ သူ အကုန်ကြားလိုက်တာလား။'

ဆိုင်ရှင်ကိုရော၊ Zenith ကိုပါပြုံးပြပြီး အဲဒီလူက ဘီယာကတ်ကိုယူကာ လှည့်ထွက်သွားလေပြီ။ Zenith မှာသာ မကြည်မလင်နဲ့ အဲဒီလူကိုလိုက်ကြည့်နေမိတာ။ ဆိုင်တံခါးကနေ အဲဒီလူထွက်သွားမှ အတွေးတစ်ခုရကာ နောက်ကနေပြေးလိုက်မိပြီး မီသွားတော့

"အဲဒီကတ်ထဲကနေ ကျွန်တော့်ကို တစ်ဘူးပေး။ နောက် သုံးနှစ်နဲ့နှစ်လကြာရင် တစ်ကတ်ပြန်ဆပ်မယ်လေ။"

"အဟား။ ကောင်လေးရေ၊ မြားဦးက ငါ့ဆီလှည့်လာသလား။"

"ဘာကိုလဲ။"

"မင်းက သောက်ချင်လို့ရစ်တာနဲ့မှမတူတာ။ ရစ်ချင်လို့ကို ရစ်နေတာပဲ။ မင်းဘာသာညစ်နေတာကို ဘာလို့ တခြားလူကိုရစ်ရတာလဲကွာ။"

စကားပြောရင်း လမ်းလျေှုာက်လာရင်းကနေ အဲဒီလူရဲ့ကားဆီရောက်လာခဲ့ကြတယ်။ ကားခေါင်မိုးပေါ်ကို ဘီယာကတ်တင်ပြီး အဲဒီလူက ကားသော့ကို ဘောင်းဘီအိတ်ထဲကနေ နှိုက်ယူနေတယ်။

"မဟုတ်တာတွေပြောပြန်ပြီ။ ဘီယာလေးတစ်ဘူး တောင်းသောက်တာကို စွပ်စွပ်စွဲစွဲ။"

"ဒါဆို ငြင်းကြည့်။"

အဲဒီလူက သူ့ကားသော့ကိုကိုင်ထားပြီး မဖွင့်သေးဘဲ ဘေးက Zenith ဘက်ကိုလှည့်ပြီး မျက်လုံးချင်းဆုံကြည့်တယ်။ ပြီးတော့ ငြင်းခိုင်းတယ်။ သူ့မျက်လုံးတွေထဲစိုက်ကြည့်ရင်း Zenith ညာဖို့ကြိုးစားတာ မအောင်မြင်လိုက်ပါ။ အကြည့်လွှဲလိုက်ပြီး

"Sorry."

ဒီလောက်ပဲပြောပြီး Zenith လှည့်ထွက်လိုက်တာ သုံး၊လေးလှမ်းလောက်အရောက်

"Hey"

ခေါ်သံကြောင့် တစ်ကိုယ်လုံးပြန်လှည့်ရပ်လိုက်တော့ ဘီယာတစ်ဘူးလှမ်းပစ်ပေးတဲ့ အဲဒီလူကြောင့် Zenith ဖမ်းလိုက်ပြီး

"သုံးနှစ်ကျော်မစောင့်ပါနဲ့။ နောက်တစ်ခေါက်တွေ့ရင် ခင်ဗျားကို ဘီယာကန်ထဲနှစ်ပေးမယ်။ ကျွန်တော်ကတိပေးတယ်။"

"ဟား ဟား၊ မင်းရင်ထဲကအပူတွေကို တခြားနည်းနဲ့ငြှိမ်းကြည့်ပါဦး။"

ပြောပြီး ကားတံခါးဖွင့်ကာ တစ်ဘူးလျော့နေတဲ့ဘီယာကတ်ကို ကားထဲသွင်းနေတယ်။ ပြီးတော့ သူကကားထဲဝင်ထိုင်လိုက်ပြီး Zenith ဘက်ကိုတစ်ချက်လှည့်ပြုံးပြကာ ကားမောင်းထွက်သွားတဲ့အထိ Zenith ရပ်ကြည့်နေမိတုန်းပဲ။

.

သုံးနှစ်နဲ့နှစ်လမကြာလိုက်ပါဘူး။ လတောင်မကူးဘဲပြန်ဆုံကြတော့ သူက Zenith ရဲ့ဆရာတဲ့လေ။ ဘယ်လိုတောင် တိုက်ဆိုင်သလဲဆိုတာ။ သူ့ကို နောက်တစ်ခါတွေ့ရင် ဘီယာကန်ထဲနှစ်မယ်လို့ ပြောမိတယ်မဟုတ်လား။
ကျောင်းဝန်းကိုပတ်ထွက်လာရတဲ့ အပြန်လမ်းတစ်လျှောက် Zenith ရယ်ပဲရယ်နေမိတယ်။

'ကျွန်တော့်ဆရာဖြစ်လာမယ်လို့မှ မထင်တာကို။'

Zenith ဘေးကနေ ကားအဖြူလေးတစ်စီး ဖြတ်မောင်းသွားပြီး ရှေ့နားမှာရပ်တာကို Zenith သိပါတယ်။ ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး ဆက်လျှောက်လာတော့ ကားထဲကနေ လူတစ်ယောက်ခေါင်းပြူထွက်လာပြီး

"ဟေ့ ကျောင်းသား။"

"Mr. Ashford"

သူ့ကို ဆရာလို့ခေါ်ဖို့ Zenith အတွေးမပေါ်နိုင်သေးဘူး။

"ဘယ်ပြန်မှာလဲ။ လမ်းကြုံရင် လိုက်ခဲ့။ ငါက (....) လမ်းဘက်။"

"နေပါစေ။ ကျေးဇူးပါ။"

"မကြုံဘူးလား။"

"ကြုံတယ်။"

"ဒါဆို တက်။"

သူ့မျက်လုံးကိုကြည့်မိချိန်မှ တက် ဆိုတော့ မငြင်းနိုင်ပြန်ဘူး။
ကားပေါ်ရောက်တော့ မောင်းထွက်လာပြီး

"(....) ဆိုင်နားဆို ရပါပြီ။"

"OK. ဒါနဲ့၊ ငါစိတ်မကောင်းပါဘူး။"

"ဘာကို ..."

"နောက်လထဲမှာ မင်းအဖေနှစ်ပတ်လည်ရှိတယ်လို့ ငါသိလာရတယ်။ ဒါကြောင့် ဟိုနေ့က မင်းစိတ်ညစ်နေတာလား။"

Zenith ခေါင်းညိတ်မိတယ်။

"ဘီယာသောက်တော့ ပျောက်သတဲ့လား။"

"ဟင့်အင်း"

"မသောက်ဘဲနဲ့ ဘယ်လိုပြောနိုင်တာလဲ။"

"ဗျာ။ ဘယ်လိုသိတာလဲ။"

"မှန်းကြည့်တာပါ။"

"စိတ်ပညာများ ကျွမ်းကျင်နေတာလား။"

"မင်းကရော ငါ့ကို မှန်းကြည့်တာပဲလား။"

Zenith ပြုံးမိတယ်။

"လက်က ..."

"အာ ... ဘောလုံးကန်ရင်း လဲတာပဲ။ ဒါပေမဲ့ လက်ပဲထိသွားတယ်။"

"အဲဒါဆို တော်သေးတာပေါ့လို့ ပြောရမှာလားပဲ။"

"အဟီး၊ ဟုတ်တယ်။"

ဘာပဲပြောပြော Ashford နဲ့စကားပြောရတာ Zenith အတွက် စိတ်သက်သာရာရတယ်။ ဒါပေမဲ့ သူတို့ ဘာမှဆက်မပြောဖြစ်ကြပါဘူး။ Zenith ကားပေါ်ကနေဆင်းတော့ ကျေးဇူးတင်စကားပြောမိတာက လွဲလို့ပေါ့။



"Zenith, လာတော့လေ။ ဘာတွေကြာနေတာလဲ။"

"လာပြီ အမေ။ နောက်ဖေးဝင်နေလို့။ သွားစို့လေ။"

အမေက နည်းနည်းတော့ရင့်သွားပေမဲ့ အရင်လိုလှတုန်းပါပဲ။ ပြီးတော့ အရင်လို Zenith နဲ့အမေ နှစ်ယောက်တည်းပဲ။

တစ်လလောက်က ပုံမှန်လည်ပတ်သွားပြီး Zenith သိပ်မုန်းတဲ့ဒီနေ့ကို ရောက်လာပြန်တာ။ အဖေ့အုတ်ဂူဆီသွားတိုင်း သူ့ကိုထွေးပွေ့ရင်း အသက်မဲ့သွားတဲ့အဖေ့ကို သတိရနေမိတုန်းပဲ။ ပြီးတော့ လေးနှစ်တာမကြားရတော့တဲ့ လေချွန်သံတစ်ခုကိုလည်း သတိရမိတယ်။ အဖေ့အုတ်ဂူရှေ့မှာ သူမငိုတာ လေးနှစ်ရှိခဲ့ပြီ။ ပြီးတော့ သူဆယ်နှစ်ပြည့်မယ့်နှစ်က ကြားမိသလိုရှိတဲ့ အသံတစ်ခုကိုလည်း အခုထိ စိတ်ထဲမရှင်းသေးဘူး။ ဒီနေရာကိုလာတိုင်း သူ့အတွက်က စိတ်ထဲပိတ်လှောင်နာကျင်ရတာ တကယ်ကိုအဆင်မပြေဘူး။ အမေကတော့ အခုထိ မျက်ရည်တွေမခမ်းနိုင်သေးပါ။ အဖေ့ကိုစကားတွေပြောနေတဲ့ အမေနားကနေ ခပ်လှမ်းလှမ်းကသစ်ပင်လေးဆီကို Zenith လှမ်းလာလိုက်တယ်။ ခပ်လှမ်းလှမ်းမှာ အခုမှချတဲ့အသုဘတစ်ခုက လူတွေပြန်နေကြပြီ။ Zenith ငေးကြည့်နေရင်း

"Don't cry, Kiddo."

လေတိုးသံသဲ့သဲ့မှာ မပီပြင်တဲ့စကားသံကြောင့် Zenith ခန္ဓာကိုယ် တောင့်ခနဲဖြစ်သွားပြီး ဘေးဘီကိုကြည့်မိပေမဲ့ ဘယ်သူမှမရှိ။ ဒါဟာ လွန်ခဲ့တဲ့ရှစ်နှစ်ကသူကြားခဲ့တဲ့အသံနဲ့ တူသလားလို့ မှတ်ဉာဏ်ကိုအလုပ်ပေးနေတုန်းမှာ ဖြတ်တိုက်သွားတဲ့ လေညင်းလေးကြောင့် Zenith ပါးမှာ အေးခနဲ။ ကိုင်ကြည့်မှ မျက်ရည်ကျထားမိတာကို သိလိုက်ရတယ်။ ဝိုးတဝါးကြားမိတာကြောင့် စိတ်ထင်တာလားလို့ တွေးနေတုန်းမှာ

"Zenith?"

ဒီတစ်ခါတော့ပီပီသသမို့ အသံလာရာဆီလှည့်ကြည့်မိတယ်။

"Mr. Ashford"

"ဒီနေ့ပေါ့။"

"ဟုတ်ပါတယ်။ ဒီကို ဘာလာလုပ်တာလဲ။"

"မိတ်ဆွေတစ်ယောက်ရဲ့ အသုဘလေ။"

ခုနက Zenith ကြည့်နေတဲ့ဘက်ကို မေးငေါ့ပြရင်း Ashford ကဖြေတယ်။ အဲဒီအချိန်မှာ Zenith အမေက အနားရောက်လာလို့ ကျောင်းကဆရာပါလို့ မိတ်ဆက်ပေးပြီး လမ်းခွဲပြီးပြန်လာခဲ့ကြတာပါပဲ။ ပြန်ခါနီး

"မင်းက သန်မာတာပဲ။ အမေ့အတွက် အားဖြစ်ပေးပေါ့။"

Ashford ရဲ့စကားတစ်ခွန်းကတော့ Zenith အတွက် အားဖြစ်ပါတယ်။



"Kiddo"

ခေါ်သံတစ်ခုကြောင့် စာကြည့်စားပွဲမှာအိပ်ပျော်သွားတဲ့ Zenith လန့်နိုးသွားတယ်။

"Kiddo"

ထပ်ကြားရတဲ့အသံက ဟိုးခပ်ဝေးဝေးကလှမ်းခေါ်နေသလို။
ပြတင်းတံခါးကနေ ခြံထဲကိုကြည့်လိုက်တယ်။ ခြံတံခါးဝကမီးအိမ်ကြောင့် လင်းနေတဲ့နေရာကို ခေါင်းပြူပြီးလှမ်းကြည့်တော့ ဘာမှမတွေ့ရ။ ပြတင်းပေါက်နဲ့တည့်တည့်ကတော့ ခြံဘေးဘက်အခြမ်းမို့ အမှောင်နည်းနည်းကျနေပါပြီ။ ဘာမှမတွေ့လို့ Zenith အခန်းဘက်ပြန်အလှည့် ခြံစည်းရိုးပန်းပင်အုပ်လေးနားမှာ ရိပ်ခနဲပေါ်သွားတဲ့ ဘာမှန်းမသိတဲ့အရာတစ်ခုကြောင့် ပြန်လှည့်ကြည့်မိတော့ မြူတွေလိုဆိုင်းလာတဲ့အငွေ့တွေ ဘယ်ကရောက်လာတယ်မသိ။ တစ်ခဏအတွင်းမှာပဲ လူရိပ်တစ်ခုဖြစ်သွားပြီး ယောက်ျားတစ်ယောက်ပုံပန်းသဏ္ဍာန် ပေါ်လွင်လာကာ သူရှိရာကိုမော့ကြည့်လာတယ်။ ကြည်လင်နေတဲ့ မျက်လုံးပြာပြာတွေက ရေပြင်လိုပဲအေးချမ်းစေရဲ့။ သူ့နှုတ်ခမ်းတွေလှုပ်သွားတာကို Zenith မြင်လိုက်ရတယ်။ Kiddo လို့ခေါ်လိုက်လေသလား။ ကြည့်နေရင်းမှာပဲ သူ့အနားကမြူမှုန်တွေပါးလာပြီး သူလည်း မှိန်ဖျော့ပျောက်ကွယ်သွားပြီ။

"ဒီမှာ ဟေ့လူ"

Zenith ခုတင်ပေါ်ကနေ နိုးလာတယ်။

"အိပ်မက်လား။"

အရမ်းကိုထင်ရှားလွန်းလို့ အဖြစ်မှန်လို့ထင်လိုက်မိတဲ့အထိပဲ။ ဒီနေ့က သူ့ရဲ့ ဆယ့်ရှစ်နှစ်ပြည့်မွေးနေ့ပြီးတော့ နောက်တစ်ရက်။ မွေးနေ့ညမှာ သူငယ်ချင်းရဲ့စားသောက်ဆိုင်မှာ ပါတီသေးသေးလေးလုပ်ပြီး အိမ်ပြန်နောက်ကျတယ်။ သောက်စားထားလို့ အိမ်ရောက်တာနဲ့ထိုးအိပ်လိုက်တာဟာ အိပ်မက်မက်ဖို့တောင် အချိန်ရှိလိုက်သေးသလားလို့ မေးယူရပါလိမ့်မယ်။ အခုထိ မနက်မလင်းသေးဘူးမလား။ ရီဝေဝေနဲ့မို့ ပြန်ပြီးသာ လှဲအိပ်လိုက်မိတော့တယ်။

'ငါတော်တော်မူးသွားတယ်ထင်တယ်။'

စိတ်စွဲလမ်းမှုတစ်ခုလို့ပဲ သူမှတ်ယူပစ်လိုက်မိပါရဲ့။



"စာကို အာရုံစိုက်ပါ Zenith. "

စာသင်ခုံဘေးကဖြတ်သွားရင်း Ashford က ခပ်တိုးတိုးသတိပေးတယ်။ ဒါကိုကြားမိတဲ့တတိယလူ William က ပါးစပ်ကိုလက်နဲ့ပိတ်ပြီးရယ်တယ်။ ဒီတော့မှ Zenith လည်း သတိပြန်ကပ်ပါတော့တယ်။

ဟုတ်တယ်၊ Zenith က စာထက် Ashford ကိုငေးနေမိတာ။

.

"Mr. Ashford က စာထက်ပိုပြီး စိတ်ဝင်စားစရာကောင်းတယ်။"

"ငါ့ကို အလုပ်ပြုတ်အောင်များ လုပ်ချင်သလားကွာ။"

ကျောင်းဝန်းထဲက လူရှင်းနေတဲ့ မျက်ခင်းပြင်အစွန်းကခုံတန်းလေးမှာ နှစ်ယောက်သားထိုင်နေတုန်း ပြောမိကြတာပါ။ လူရှင်းဆို စာမေးပွဲတွေဖြေခါနီး ကျောင်းတွေပိတ်ခါနီးမို့ self study တွေကြောင့် ကျောင်းမှာ လူနည်းနေတဲ့အချိန်လေ။ စာသင်နှစ်တစ်ဝက်နီးပါးက မြန်မြန်ဆန်ဆန်ပဲကုန်သွားခဲ့တာ။

ဆရာတပည့် ရည်းစားထားခြင်းကို စည်းကမ်းနဲ့တားမြစ်ထားတာကြောင့် နှစ်ယောက်လုံးအတွက် ထိခိုက်စရာဖြစ်နိုင်တာပါ။ ဒါပေမဲ့ Ashford ကတော့ အပြုံးမပျက်ဘဲမေးလာရုံသာ။

"အခုမလုပ်ပါဘူး။ ကျွန်တော်လည်း ဆယ့်ရှစ်နှစ်ပြည့်ပြီးပြီ။ ကျောင်းလည်းပြီးတော့မယ်။ စာမေးပွဲပြီးရင် ကျွန်တော်က ဒီကကျောင်းသားမဟုတ်တော့ဘူး။ အဲဒီအခါ ဘယ်စည်ကမ်းချက်နဲ့ငြိမှာလဲ။"

"Result ကရော"

"စာမေးပွဲက သေချာပေါက်အောင်မှာ။ Result ကိုစောင့်စရာမလိုဘူးဗျ။ စာမေးပွဲပြီးတာနဲ့ ခင်ဗျားကို ဘီယာကန်ထဲနှစ်ပစ်မယ်။"

"ဟား ဟား၊ ဘယ်သူ့သဘောတူညီချက်နဲ့လဲ။"

"ခင်ဗျားက သဘောမတူဘူးပေါ့လေ။"

"ဘယ်မေးခွန်းအတွက်မှ အဖြေမရှိသေးဘူး ကောင်လေးရဲ့။"

"စာမေးပွဲပြီးမှပေါ့။ ကဲ၊ ကျွန်တော့်ကိုခွင့်ပြုဦး ဆရာ။"

Sir ဆိုတဲ့ အခေါ်အဝေါ်ကြောင့် Ashford မျက်ခုံးတစ်ချက်ပင့်သွားတယ်။ Zenith ဟာ သူ့ကို Mr. Ashford ဆိုတာပဲ ခေါ်လာခဲ့တာမဟုတ်လား။



"Zenith, Kiddo?"

ဟိုးအဝေးကြီးကနေကြားရတဲ့ ခေါ်သံတိုးတိုးကြောင့် Zenith အိပ်ရာပေါ်မှာ လူးလွန့်လာပေမဲ့ မျက်စိတွေမပွင့်သေး။ လေချွန်သံလေး တဖြည်းဖြည်းပီပြင်လာတဲ့အထိ Zenith တစ်ယောက် ခုတင်ပေါ်မှာ လှုပ်လှုပ်ရှားရှားဖြစ်နေတုန်းပဲ။ ဒါပေမဲ့ မနိုးသေး။
တဖြည်းဖြည်းတိုးသွားတဲ့ လေချွန်သံကြောင့် Zenith တစ်ခုခုကို အတည်ပြုချင်လာတယ်။

"No. Don't go. Don't leave me."

ဒီစကားတွေကို Zenith ပြောလိုက်ပေမဲ့ အသံကထွက်မလာပါ။ တစ်ခုခုကချုပ်နှောင်ထားသလိုခံစားရလို့ အတင်းရုန်းထွက်မိမှ

"ဟား...."

မောဟိုက်ပြီး အိပ်ရာကလန့်နိုးလာရတယ်။

"ဒီအိပ်မက်ပါပဲလား။"

ဆယ့်ရှစ်နှစ်ပြည့်တဲ့မွေးနေ့မှာ ဒီလိုထူးဆန်းတဲ့အိပ်မက်မက်ပြီးတော့ တခြားဘာအိပ်မက်မှမမက်တော့တာ ဒီနေ့အထိပဲ။ အခုတော့ ဘာမှမရေရာဘဲ လန့်နိုးလာခဲ့ပြန်ပြီ။ အဲဒီ Kiddo လို့ခေါ်သံဟာ သူဆယ်နှစ်သားကတည်းက စခဲ့တာမဟုတ်လား။



"Zenith"

Ashford က သူနေတဲ့ကွန်ဒိုရဲ့ ကားပါကင်နားမှာ ရပ်စောင့်နေတဲ့ Zenith ကို တအံ့တဩခေါ်လိုက်မိတယ်။

"အင်း"

"ခဏ။ ကားရပ်ပြီး ငါလာခဲ့မယ်၊ ဝင်ပေါက်ကစောင့်နေ။"

ဝင်ပေါက်ဘက်ကိုပြန်သွားပြီး Zenith စောင့်နေလိုက်တယ်။ Ashford က အပြေးလေးပြန်ထွက်လာပြီး

"အရေးကြီးကိစ္စတော့ မဟုတ်ပါဘူးနော်။ စာမေးပွဲပြီးပြီမို့ စာမေးမှာလည်းမဟုတ်နိုင်ဘူး။"

"အရေးကြီးတယ်။"

အေးအေးဆေးဆေးပဲပြောနေတဲ့ Zenith ကို Ashford က အကဲခတ်ပြီး

"ဪ၊ တော်တော်အရေးကြီးပုံပဲ။"

"Ashford"

အရင်လို Mr. Ashford လို့တောင်မဟုတ်တော့ဘဲ ထအော်တဲ့ Zenith.

"ဘာဖြစ်တာလဲ။ လာပါ၊ ရောက်လက်စနဲ့ ကိုယ့်နေရာကိုလိုက်လည်ပါဦး။"

"လမ်းကြုံလို့ခေါ်တာကို။"

"တကူးတကဖိတ်တယ်ကွာ။ လိုက်ခဲ့ပါ။"

ရောက်နေပြီးမှတော့ ငြင်းစရာမဟုတ်တာကို Zenith တို့ကပ်သပ်နေတာ မိန်းကလေးတစ်ယောက်စိတ်ကောက်တာနဲ့ တူနေပြီလားလို့တွေးရင်း Zenith သူ့စိတ်သူထိန်းလိုက်ပြီး

"ရှေ့ကသွားလေ။"

Ashford ရဲ့အခန်းက အရမ်းကိုသပ်သပ်ရပ်ရပ်။ ဒါပေမဲ့ သူသပ်ရပ်ပုံက စည်းကမ်းရှိရှိထိန်းသိမ်းထားပုံမျိုးနဲ့လည်း တူမနေ။ ဘယ်လိုပြောရမလဲဆိုရင် for show အတွက်ထားတဲ့၊ လူမနေတဲ့၊ နမူနာပြစရာအခန်းတစ်ခုလိုမျိုး။ Zenith စိတ်ထင်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီလိုကွန်ဒိုမှာ ဒီလိုအခန်းကို လူမနေဘဲအလှပြရုံ ဘယ်သူကဝယ်မှာလဲ။ ပြီးတော့ Zenith သိသလောက်က Ashford က ဒီမှာပဲတစ်ယောက်တည်းနေတာ။

"ယောက်ျားလေးတစ်ယောက်တည်းနေတဲ့ အခန်းက အသပ်ရပ်လွန်နေတာလား။"

"ဒီနေ့ပဲ အခန်းရှင်းသွားတာလေ။ တစ်လတစ်ခါတော့ အခန်းရှင်းဖို့ငှားထားရတယ်။ မင်းက မနေ့ကမှရောက်မလာတာ။"

"မနေ့က ဘာလို့လဲ။"

"ငါ့အမှိုက်ပုံကို မမြင်လိုက်ရဘူးပေါ့။"

"အဲဒီလိုလား။"

အတွင်းဘက်ကိုဝင်သွားတဲ့ Ashford ပြန်ထွက်လာတဲ့အထိ Zenith က ဧည့်ခန်းမှာ လှည့်ပတ်ကြည့်နေတုန်းပဲ။ ပန်းချီကားတွေရယ်၊ ပန်းပုရုပ် အသေးလေးတွေရယ် အလှထွန်းတဲ့ဖယောင်းတိုင်တွေရယ်ကလွဲရင် ဘာမှမရှိတဲ့ဧည့်ခန်းကလည်း ဆွဲဆောင်မှုတစ်မျိုးပဲ။

"ရော့"

ပြန်ထွက်လာတဲ့ Ashford က ဘီယာတစ်ဘူးကမ်းပေးလာတယ်။

"ရွဲ့တာလား။"

"မဟုတ်ရပါဘူးဗျာ။ ငါမှာဧည့်ခံစရာ ဒါပဲလွယ်လွယ်ရှိတယ်ကွ။"

Zenith က လှမ်းယူပြီး ဆိုဖာမှာထိုင်လိုက်ကာ ဘီယာဘူးဖောက်၊ မော့သောက်လိုက်တယ်။

"ပြောပါဦး၊ အရေးကြီးကိစ္စလေးကို။"

"ကျွန်တော် ခင်ဗျားကိုသဘောကျတယ်။"

"ငါသိပြီးသားပဲ။"

"ကျွန်တော့်ရဲ့ boyfriend ဖြစ်ပေးနိုင်မလား။"

"ဟား ဟား၊ ဒါပဲလား။"

Zenith က Ashford အနားကိုကပ်လာပြီး

"ကျွန်တော်လေ ..."

"အင်း၊ မင်းက ..."

Zenith က ဘီယာဘူးကို လက်တစ်ဖက်ကကိုင်ပြီး လက်တစ်ဖက်က Ashford ပခုံးကိုထောက်ရင်း ကိုယ်ကိုကိုင်းလို့ ငုံ့ကြည့်နေသလို Ashford ကလည်း ဆိုဖာပေါ်ထိုင်ကာ တံတောင်နှစ်ဖက်ကိုပေါင်ပေါ်ထောက်ထားရာက Zenith ကိုမော့ကြည့်နေတဲ့အနေအထားမှာ တစ်ဝက်နဲ့ရပ်သွားတဲ့ Zenith စကားကို အလိုက်သင့်ထောက်ပေးလိုက်တယ်။

Zenith က Ashford နှုတ်ခမ်းတွေကိုငုံ့နမ်းလိုက်တယ်။ သုံးစက္ကန့်လောက် ထိရုံထိထားတဲ့နှုတ်ခမ်းနှစ်စုံမှာ Zenith ကပဲအရင် နောက်ဆုတ်လိုက်ပြီး ရင်ဘတ်ဘယ်ဘက်အခြမ်းကို လက်နဲ့အုပ်ကာ

"ခင်ဗျားကို ချစ်တယ်။"

Ashford က သူ့ရိုးရာအတိုင်း ပြုံးရယ်လိုက်ပြီး

"မင်းက ချစ်ဖို့ကောင်းသားပဲ။ မင်းရဲ့ sexual orientation က ဘာလဲ။"

"Homo"

"သေချာတယ်ပေါ့။"

"လွန်ခဲ့တဲ့သုံးနှစ်လောက်ကတည်းက သေချာတယ်။ ကျွန်တော့် ex girlfriend နဲ့ပြတ်ပြီးတော့ ပိုသေချာသွားတယ်။ ယောက်ျားလေးတွေကြား မြှောက်ပေးလို့ထားခဲ့တဲ့ရည်းစားနဲ့ ပြတ်သွားမှပဲ စိတ်ပေါ့ပါးသွားတော့တာ။ ကျွန်တော် မိန်းကလေးရည်းစားထားရတာ မကြိုက်ဘူး။"

"ဒါနဲ့ boyfriend ထားကြည့်တော့ ဘယ်လိုနေလဲ။"

"ပျော်စရာကြီး။ ဒါပေမဲ့ သူက စမ်းသပ်ကြည့်ချင်ရုံမို့ လမ်းခွဲခဲ့တယ်။ သူက ကျွန်တော်နဲ့ရွယ်တူလေ။"

"ဪ"

"သူနဲ့ပြတ်ပြီး တစ်နှစ်လောက်ကြာတော့ ခင်ဗျားနဲ့ဆုံတာပဲ။"

Ashford က Zenith ရှေ့မှာ မတ်တပ်ထရပ်လိုက်ပြီး သူ့ထက်နည်းနည်းလေးအရပ်ပုနေသေးတဲ့ Zenith ရဲ့နှုတ်ခမ်းကို ထိကပ်ရုံနမ်းလိုက်တယ်။ ပြီးတော့မှ Zenith ရဲ့ခေါင်းကိုထိန်းကိုင်ပြီး အနမ်းတွေကို ရှေ့ဆက်ပြန်တယ်။ Zenith မှာတော့ တုံ့ပြန်နိုင်ဖို့တောင် မနည်းကိုဟန်ချက်ထိန်းနေရပြီ။ Zenith လက်ထဲက ဘီယာဘူးကို Ashford က ယူလိုက်ပြီး စားပွဲပေါ်ကိုတင်လိုက်တယ်။ အနမ်းတွေတော့မပြတ်ဘူး။ ခဏနေတော့ Zenith ရဲ့လျှာဖျားကို သူ့လျှာနဲ့တို့ထိဆော့ကစားရင်း ကျောပြင်အနှံ့ကို ပွတ်သပ်လာတဲ့ Ashford. အနမ်းတွေကို နားရွက်ဖျားတွေနဲ့ နားရွက်နောက်ပိုင်းဆီ တဖြည်းဖြည်းရွှေ့လာတဲ့ Ashford ကြောင့် Zenith သူ့ကိုယ်သူယိုင်မလဲအောင် Ashford ခါးကိုတင်းတင်းဖက်ရင်း ထိန်းထားရတယ်။

'Ashford က ဘယ်လိုတောင်ကျွမ်းကျင်တာလဲ။'

"အင်း၊ ငါ့ကို ဘီယာကန်ထဲနှစ်ပစ်မယ်ဆိုတာ တကယ်လား။"

"အဲဒါက ..."

"တကယ်လား။"

မျက်လုံချင်းဆုံကြည့်မိတိုင်း Ashford ရဲ့တောက်ပတဲ့အကြည့်တွေကြားမှာ သူ့စကားတွေကိုခေါင်းညိတ်ချင်စိတ်က ပေါ်လာနေကျပါပဲ။

"အင်း။ စကားမစပ်၊ ခင်ဗျားမျက်လုံးတွေက သိပ်တောက်တာပဲ။ မီးတောက်လေးတွေလိုပဲ။"

"ဒါက ငါ့မူပိုင်လေ။ ထားပါ၊ အခု ငါတော့ ဘီယာတွေထဲနစ်ချင်ပြီ။"

"ဟင်"

Ashford ရဲ့ဆိုလိုရင်းကို Zenith တွေးနေတုန်းမှာပဲ Ashford က စားပွဲပေါ်မှာတင်ထားတဲ့ဘီယာဘူးထဲက လက်ကျန်ဘီယာတွေကို Zenith ရင်ဘတ်ပေါ်ကို လောင်းချလိုက်တယ်။ Zenith ကြောင်အမ်းကြည့်နေတုန်းမှာပဲ အပေါ်ထပ်အဝတ်တွေကို ဖယ်ထုတ်လိုက်ပြီး စိုနေတဲ့ရှပ်အပါးပေါ်ကနေ Zenith ရဲ့ရင်ဘတ်ကို နမ်းရှုံ့ရင်းက ကြယ်သီးတွေဖြုတ်ပစ်လိုက်ပြီး လျှာနဲ့တစ်ချက်လျက်ကာ

"တစ်ကိုယ်လုံးကို စိမ်ရမယ်ထင်တယ်။"

"အာ ... ခင်ဗျား ဘယ်လိုတွေလုပ်နေတာလဲ။"

အခုမှအသိကပ်တဲ့ Zenith ပါ။

"မင်းက ဘီယာကန်လေးဖြစ်မှ ငါကနစ်လို့ရမှာပေါ့ Zenith ရယ်။"

"ခင်ဗျားဗျာ"

Ashford က ဘီယာမော့လိုက်ပြီး Zenith နှုတ်ခမ်းတွေကိုနမ်းတဲ့အခါ ဘီယာတွေက Zenith ပါးစပ်ထဲကိုဝင်လာတယ်။ တချို့က သူတို့နှုတ်ခမ်းအပြင်ဘက်ကိုလျှံကျပြီး လည်တိုင်တွေဆီစီးကျသွားတယ်။

Ashford က သူရဲ့ဘီယာကန်လေးထဲမှာ နစ်မြောဖို့ကြိုးစားနေချိန် Zenith ကလည်း သူရဲ့မီးတောက်လေးဆီမှာ ကိုယ်တိုင်လောင်ကျွမ်းလိုက်ဖို့ အဆင်သင့်ဖြစ်နေခဲ့ပြီ။

"Kiddo"

လေသံသဲ့သဲ့ကြောင့် Zenith လှုပ်ရှားနေတာတွေ အကုန်ရပ်သွားပြီးတဲ့နောက် မြူတွေဆိုင်းနေတဲ့နေရာတစ်ခုထဲ ရောက်သွားသလိုဖြစ်ပြီး အသိမဲ့သွားခဲ့တော့တာပါပဲ။ သတိမလစ်ခင် Zenith နောက်ဆုံးမြင်လိုက်ရတာက စိုးရိမ်စိတ်အပြည့်နဲ့ မျက်လုံးတစ်စုံ။

■■■

"ဟင်း ... "

"သား၊ သတိရလာပြီလား။ ဘယ်လိုနေသေးလဲ။"

"အမေ"

"ဘယ်နေရာ ဘာဖြစ်သေးလဲ သား။"

Zenith က သူ့ခန္ဓာကိုယ်မှာ ဘာဖြစ်သလဲလို့ စူးစမ်းလိုက်ပေမဲ့ ဘာမှမဖြစ်။

"ကျွန်တော်အဆင်ပြေပါတယ်။ ဘာဖြစ်သွားတာလဲ။"

ဆေးရုံခန်းကို မျက်လုံးဝေ့ကြည့်ပြီး Zenith ပြန်မေးကြည့်ရပါတယ်။

"သားသူငယ်ချင်းတွေနဲ့အတူ အပြင်ထွက်လည်ကြပြီး လမ်းခွဲပြန်လာတာဆို။ လမ်းမှာမေ့လဲနေတာကို Mr. McCain ကတွေ့ပြီး ဆေးရုံတင်ဖို့ရော၊ အမေ့ကိုအကြောင်းကြားတာရော လုပ်ပေးခဲ့တာ။ ဆရာဝန်တွေကတော့ ဘာရောဂါမှ ရှာမတွေ့ကြဘူး။ ဘာမှလည်း ထိခိုက်ထားတာမရှိဘူးတဲ့။ သားသတိလစ်သွားတာ နှစ်ရက်ရှိပြီ။ သားနိုးလာတဲ့အထိ စောင့်နေကြတာ။ အမေ ဆရာဝန်သွားခေါ်ဦးမယ်နော်။"

"ဟုတ်"

မဟုတ်သေးဘူး။ သူသိတာ သူ Ashford အိမ်မှာရှိနေခဲ့တာ။ သူတို့ လူကြီးကိစ္စလုပ်မိတော့မယ့်အထိ ဖြစ်သွားခဲ့တာကို သေချာမှတ်မိတယ်။ ပြီးတော့ သူမေ့လဲသွားခဲ့တာ။



လမ်းကဆုံးနေပြီ။ သူအတတ်နိုင်ဆုံးစုံစမ်းခဲ့ပေမဲ့ အဲဒီနေ့က အဲဒီကွန်ဒိုရဲ့ CCTV မှာ သူလုံးဝရှိမနေခဲ့သလို Ashford ကလည်း ကားပါကင်ကနေ ကွန်ဒိုထဲဝင်တဲ့တံခါးပေါက်ကနေပဲ ဝင်သွားခဲ့တာ။ ရှေ့ဘက်အပေါက်ကို လုံးဝမလာခဲ့ပါဘူး။ ဆိုလိုတာက အဲဒီနေ့က သူနဲ့ Ashford လုံးဝမဆုံခဲ့ကြဘူး။ ပြီးတော့ Mr. Ashford က သူရဲ့အခန်းကို ပြန်ရောင်းဖို့အပ်ထားခဲ့ပြီး ဒီနေရာကနေပြောင်းသွားပါပြီတဲ့။ သူတို့ရဲ့အထက်တန်းကျောင်းက Mr. Albert Ashford ဆိုတဲ့ ဆရာအသစ်လေးက အဲဒီနေ့မနက်ကပဲ ထွက်စာတင်သွားခဲ့တယ်တဲ့။ အဖြစ်အပျက်တွေက Zenith တစ်ယောက်ပဲကွက်ပြီး အချိန်ခွဲထွက်သွားသလိုမျိုး။

"ဘယ်ကိုရှောင်ပြေးသွားတာလဲ Ashford? အဲဒီနေ့က ခင်ဗျားရဲ့အခန်းမှာ ဘာဖြစ်သွားခဲ့တာလဲ။ ဘယ်လိုဖြစ်ဖြစ် ကျွန်တော်ခွင့်လွှတ်နိုင်တာမို့ ပြန်လာခဲ့ပေးပါ။"

Zenith ရဲ့ဘယ်ဘက်ပါးပြင်ပေါ် မျက်ရည်စီးကြောင်းတစ်ခု ဖြတ်ပြေးသွားတယ်။ ဘယ်ဘက်ရင်ဘတ်ကိုဖိပြီး Zenith ကြိတ်ငိုမိတယ်။
အဖေဆုံးပြီးတဲ့နောက်မှာ နောက်တစ်ကြိမ် ချစ်ရတဲ့သူကိုဆုံးရှုံးရခြင်းကလည်း သူ့အတွက် အရမ်းနာကျင်ရပါရဲ့။

"Don't cry, Kiddo."

■■■

သစ်လုံးအိမ်လား။
ဒီကိုဘယ်လိုရောက်လာလဲဆိုတာ Zenith မသိပါ။ သူသိတာက Ashford အကြောင်းစုံစမ်းလာပြီးနောက်မှာ လူရှင်းတဲ့ပန်းခြံလေးမှာ သူစိတ်ရှိလက်ရှိထိုင်ငိုနေတုန်း ရင်ဘတ်တွေအောင့်လာတော့ ကြားနေကျအသံကိုကြားပြီး သူဘာမှမသိတော့တာပဲ။ အခု သူလဲနေရာကနေ ရှေ့တည့်တည့်မှာမြင်ရတာက သစ်လုံးအိမ်ရဲ့ခေါင်မိုးတစ်ခု။

"Zenith"

Zenith လန့်သွားတယ်။ အနီးကပ်ပြီး ပြတ်ပြတ်သားသားကြားလိုက်ရတဲ့ခေါ်သံ။ အသံလာရာဆီ သူဘေးစောင်းလှည့်ကြည့်မိတော့ သူ့ကို စိုးရိမ်တကြီးငုံ့ကြည့်နေတဲ့ ပင်လယ်ပြာနှစ်စင်း။

"What the hell!"

Zenith ထထိုင်လိုက်မိတော့ ဘေးမှာထိုင်နေတဲ့လူကလည်း ထရပ်သွားတယ်။

"မင်း ဘယ်သူလဲ။"

"Walken."

"ဘယ်လိုနာမည်လား။ ငါ့ကို မင်းခေါ်လာတာလား။"

ခေါင်းညိတ်လာတဲ့ သူ့ဆံပင်တွေက ငွေမင်ရောင်လို့ထင်ရပေမဲ့ အရောင်စုံလေးတွေ ပြေးနေသလိုပဲ။ သူ့ပခုံးပေါ်ကို ဝဲကျနေတယ်။ ဒီလို color ကို သူဘယ်လိုများ ရှာလိုက်ပါလိမ့်လို့ Zenith တွေးလိုက်ပြီးမှ

"ငါ့ကိုပြန်ပို့ပေးပါ။"

"အဲဒီလိုဆို ဘာလို့ခေါ်လာဦးမှာလဲ။"

"ပြန်ပေးဆွဲလာတာလား။ ငါ့အိမ်က ..."

"ပြန်ပေးဖို့အစီအစဉ်မရှိဘူး။ ငါနဲ့နေဖို့ခေါ်လာတာ။"

"အဓိပ္ပါယ်မရှိတာ။ မင်းကိုငါ သိတောင်မသိဘူး။"

"မင်းသိပါတယ်။"

"ငါမသိဘူး။ မင်းကဘာလဲ။"

"မင်းကိုစောင့်ကြည့်နေတဲ့သူလေ။"

"မဟုတ်သေးဘူး။ မင်းကဘာလဲ။"

"မင်းကိုချစ်တဲ့သူပေါ့။"

"ဘာ ..."

ရုတ်တရက် Zenith အတွေးတွေက အရာရာတိုင်းကို လိုက်ပြီးဆက်စပ်ကြည့်နေမိတယ်။
သူ့ကိုစောင့်ကြည့်နေတဲ့သူ၊ သူ့ကိုချစ်တဲ့သူ၊ သူ ပန်းခြံမှာငိုနေတုန်း သူ့ကိုခေါ်လာတဲ့သူတဲ့။ Zenith ကရော ဘယ်လိုသတိလစ်သွားရတာလဲ။ Ashford အခန်းမှာတစ်ခါ၊ အခုတစ်ခါ။ ဒါဆို သူက Ashford ကိုသိနေနိုင်တာပဲ။ နောက်ဆုံးမှာ Zenith သတိရသွားခဲ့တာက Ashford အခန်းမှာ သူသတိမလစ်ခင်မြင်လိုက်ရတဲ့ မျက်လုံးတစ်စုံဟာ Ashford လို တောက်ပနေတာမျိုးမဟုတ်ဘဲ ငြိမ်သက်နေတဲ့ရေပြင်လို ... ပြီးတော့ ... ပင်လယ်ရောင် ...

"မင်း Ashford ကို ဘာလုပ်လိုက်တာပဲ။"

အဲဒီကတည်းက သူစကားမပြောတော့တာပါပဲ။

Zenith မေးတာကိုလည်း မဖြေတော့ဘူး။ Zenith ထွက်သွားမယ်ဆိုတော့လည်း အိမ်လေးက တံခါးဖွင့်မရဘူး။ ရှေ့တံခါးပေါက်ကလွဲရင် ဘာအပေါက်မှမရှိတဲ့အိမ်ဟာ မီးမထွန်းဘဲလင်းနေခဲ့တယ်။ ကိုယ့်ဘာသာထွက်မရတဲ့အခါ ပြန်ပို့ပေးဖို့ သူ့ကိုပြောတော့လည်း ဘာသံမှထွက်မလာဘူး။ စိတ်တိုလို့ Zenith ထထိုးတော့လည်း အေးအေးဆေးဆေးရှောင်တဲ့သူကြောင့် နောက်ဆုံး Zenith သာ ခြေကုန်လက်ပန်းကျသွားရတယ်။ ဗျူဟာပြောင်းပြီး တောင်းပန်ကြည့်ပေမဲ့ မရပါဘူး။

"ဒါဆို ငါ့ကိုဒီလိုပဲ ပိတ်လှောင်ထားတော့မှာလား။"

"ထွက်မပြေးရင် ပိတ်ထားစရာမလိုဘူးပေါ့။ ငါက မင်းကို တစ်သက်လုံးစောင့်ရှောက်မှာပါ။ မင်းကို ဘယ်သူမှမထိရဘူး။"

"မင်း ရူးနေတာလား။"

"ရူးတယ်ဆိုတာ ဆင်ခြင်နိုင်စွမ်းပျောက်သွားလို့ပါ။ ငါ့တာဝန်ဖြစ်နေလို့၊ ငါ့စိတ်ဆန္ဒဖြစ်နေလို့ကို ငါက မင်းကိုစောင့်ရှောက်မှာ။"

Zenith စိတ်တွေညစ်လာပြီမို့ ငိုချပစ်ချင်စိတ်ပေါက်လာတယ်။ အမေစိတ်ပူနေတော့မှာပဲ။ အမေ့ကိုတွေးမိတဲ့အခါ ပိုငိုချင်လာတယ်။ ရင်ထဲမှာစို့နင့်လာတယ်။ Walken ဆိုတဲ့သူကတော့ သူ့ရင်ဘတ်ကိုဖိပြီး တစ်ဖက်လှည့်သွားပြီ။ ရုတ်တရက် လေချွန်သံကြားလိုက်ရပြီး အရင်လိုမဟုတ်ဘဲ စက္ကန့်ပိုင်းနဲ့ပဲ Zenith အိပ်ပျော်သွားခဲ့ရပါတော့တယ်။

Zenith ရဲ့ပိတ်ထားတဲ့မျက်ဝန်းထောင့်ကနေ မျက်ရည်တစ်ပွင့် လိမ့်ဆင်းသွားတယ်။ Walken က မျက်ရည်စီးကြောင်းလေးကိုသုတ်ပေးလိုက်ပြီး ဘယ်သူမှမကြားနိုင်တဲ့ စကားတစ်ခွန်းကို ဖွဖွလေးပြောတယ်။



Zenith နိုးလာပြီး ရှေ့တည့်တည့်မှာမြင်ရတာက သစ်လုံးအိမ်ရဲ့ခေါင်မိုးတစ်ခု။

"Zenith"

သူ့ကိုကြည့်နေတဲ့ပင်လယ်ရောင်မျက်လုံး၊ ငွေမင်ရောင်ဆံပင်နဲ့လူ။ သူ ဒီအိပ်မက်ကနေ မနိုးသေးဘူးလား။ မျက်စိတွေကိုပွတ်သပ်လိုက်ပြီး ပြန်ကြည့်မိတော့ မြင်ကွင်းကမပြောင်းလဲ။

"ငါ ဘယ်လိုအိပ်သွားတာလဲ။"

သူမဖြေပြန်ဘူး။ Zenith ဒေါသတွေ အလိပ်လိုက်တက်လာတယ်။

"ငါမေးတာဖြေစမ်း။ မင်းကဘာလဲ။ ငါ့ကို ဘယ်လိုဖြစ်စေချင်တာလဲ။ Ashford ကို ဘာလုပ်လိုက်လဲ။"

သူ့ရင်ဘတ်အင်္ကျီစကိုဆွဲပြီး ဒေါသတကြီးမေးတော့လည်း မဖြေပါ။ ချော့မေးလို့မရ၊ ခြောက်မေးလို့မရတော့ Zenith တစ်မျိုးပြောင်းကြံတယ်။

"ငါ အိမ်သာသွားချင်တယ်။"

အခန်းထောင့်ကိုလက်ညှိုးထိုးပြလို့ Zenith လှည့်ကြည့်တော့ တံခါးတစ်ချပ်။ ဘာလို့ ခုနက သတိမထားမိတာလဲ။ Zenith အိမ်သာဆိုတဲ့အခန်းကိုဝင်လိုက်တော့ စိတ်ပျက်သွားရတယ်။ ရေချိုးခန်း၊ အိမ်သာ၊ အင်္ဂါစုံတဲ့အခန်းလေးမှာလည်း ပြတင်းပေါက်မရှိဘဲလင်းနေတာပါပဲ။ ထွက်ပေါက်ကိုနှံ့နေအောင်ရှာပေမဲ့ ကြွက်တောင်ထွက်ဖို့မလွယ်ပါ။

အိမ်သာအဖုံးကိုပိတ်ပြီး စိတ်ပျက်လက်ပျက်ထိုင်ချလိုက်မိတယ်။ ဘယ်လိုလွတ်လမ်းရှာရမယ်မသိလို့ စိတ်ညစ်ညစ်နဲ့ ထအော်လိုက်ပြီး သစ်လုံးနံရံကို လက်သီးနဲ့ထိုးမယ်အပြင် လေချွန်သံထွက်လာတာကိုကြားလိုက်ရပြီး Zenith အိပ်ပျော်သွားရပြန်ပါပြီ။

"မင်းကိုမထိခိုက်အောင် ငါစောင့်ရှောက်မှာပေါ့။"

Walken ပွေ့ချီထားတဲ့ Zenith ကတော့ အိပ်မောကျလို့။



နောက်တစ်ကြိမ်နိုးလာတဲ့ Zenith က အသာအယာထထိုင်တယ်။ Walken ကလည်း ဘေးကနေထိုင်ကြည့်နေတယ်။

"ငါက ဘာလုပ်ရမှာလဲ။"

"အခုချိန် မင်းအလုပ်ချင်ဆုံးက ဘာလဲ။"

"မင်းကိုသတ်ချင်တယ်။"

မထင်မှတ်ဘဲ စားပွဲပေါ်ကဓားတစ်ချောင်းကိုယူပြီး Zenith လက်ထဲထည့်ပေးလာတဲ့ Walken.
Zenith ကြောင်ကြည့်နေပြီးမှ လှမ်းယူပြီး Walken ကိုထိုးဖို့ပြင်ပေမဲ့ Zenith ဆိုတာ လူတစ်ယောက်ကို လွယ်လွယ်သတ်နိုင်တဲ့ သွေးအေးသတ္တဝါမဟုတ်ခဲ့ပါ။

"ငါ အပြင်ထွက်ချင်တယ်။"

Walken က ကြိုးတစ်ချောင်းကို သူ့အင်္ကျီအတွင်းအိတ်ထဲကနေ ထုတ်ယူလိုက်ပြီး သူ့လက်တစ်ဖက်ကိုသူချည်တယ်။ ပြီးတော့ Zenith လက်တစ်ဖက်ကိုချည်ဖို့ ပြင်ပြန်တယ်။ Zenith ဘာလုပ်နိုင်မှာလဲ။

"နေတော့၊ မထွက်တော့ဘူး။"

.

"ငါ ဗိုက်ဆာတယ်။"

အခန်းထောင့်ကစားပွဲဆီကိုသွားပြီး အုပ်ဆောင်းကိုဖွင့်လိုက်တယ်။ စားစရာတွေက အစုံအလင်။

'ဘယ်လိုတောင် စီစဉ်ထားတာလဲ။'

"မစားချင်တော့ဘူး။ ဒါပေမဲ့ ငါပျင်းတယ်လေ။"

အစားအသောက်စားပွဲရဲ့ အံဆွဲကိုဆွဲဖွင့်ပြီး laptop တစ်လုံးထုတ်လာတယ်။

"ကြိုက်တာရှာ။"

"လိုင်းမိတာလား။"

Zenith ပျော်ရွှင်ပြီး စမ်းကြည့်လိုက်တယ်။

Hot chick
Comedy movie တစ်ပုဒ် ကျလာတယ်။ ဒါက 2002 ကထွက်ထားတာ အမှန်ပဲ။

Lion
Wiki ကျလာပြီး စာနဲ့ပုံနဲ့ သေချာရှင်းထားတယ်။

'ဒါဆိုလိုင်းမိတာပေါ့။'

ဝမ်းသာအားရ သူ့ Account ထဲဝင်တယ်။ connection ကျသွားသလို ဘာမှပေါ်မလာ။ ရှိသမျှ တခြားလူတွေဆီ ဆက်သွယ်လို့ရမှာတွေကို Zenith ကြိုးစားပေမဲ့ အချည်းနှီးသာ။

"တစ်ခုခုမကြည့်ချင်ရင်လည်း အိပ်ပါတော့ Zenith."

လေချွန်သံနဲ့အတူ Zenith အိပ်ပျော်သွားတယ်။



Zenith အကြိမ်ကြိမ်အိပ်ပျော်သွားပြီး အကြိမ်ကြိမ်နိုးလာပေမဲ့ သူမမှတ်မိတာတစ်ခုကတော့ သူအိပ်မပျော်ခင် လေချွန်သံကြားရတာကိုပေါ့။
စိတ်ညစ်လို့ ငိုချင်သွားတိုင်းမှာ သူအိပ်ပျော်သွားတဲ့အခါ Walken ကလည်း ပြောနေကျစကားကိုပဲ ပြောပါတယ်။
.
.
.
.
.

"Don't cry, Kiddo. I'm your Guardian spirit. I'll protect you."

■■■■■

သင့်ရဲ့အစောင့်အရှောက်ဝိညာဉ်ဟာ သင့်ကိုချစ်မိသွားတဲ့အခါ ဘာတွေဖြစ်လာနိုင်ပါသလဲ။
သင့်နားထဲ အသံတစ်စုံတစ်ခုကို ဝိုးတဝါးကြားမိတဲ့အခါ နားစိုက်ထောင်မိတတ်ပါသလား။

.

ဒီထဲမှာတော့ Walken ဆိုတဲ့နာမည်က Rainbow ဆိုတဲ့အဓိပ္ပါယ်ပါ။
ကလေးလေး Zenith ပြောဖူးတဲ့ သက်တံကြီးရဲ့အဆုံးမှာ ရွှေအိုးကြီးရှိတယ်ဆိုတဲ့ ယုံတမ်းစကားဟာ မှန်မမှန်သိချင်ရင်တော့ .....

■■■■■
16.1.2023

🎊 Happy Birthday 🎉
to my Dear bleedzzzz

“𝑯𝒐𝒑𝒆 𝒂𝒍𝒍 𝒚𝒐𝒖𝒓 𝒃𝒊𝒓𝒕𝒉𝒅𝒂𝒚 𝒘𝒊𝒔𝒉𝒆𝒔 𝒄𝒐𝒎𝒆 𝒕𝒓𝒖𝒆!”

Your Adee

© Demon ,
книга «Gifty One-shot Story Collection».
Guardian spirit is a hazy rainbow (ေဇာ္ဂ်ီ)
Коментарі