မိတ်ဆက်
မိတ္ဆက္
Chapter 1 (U)
Chapter 1 (Z)
Chapter 2 (U)
Chapter 2 (Z)
Chapter 3 (U)
Chapter 3 (Z)
Chapter 4 (U)
Chapter 4 (Z)
Chapter 1 (U)
1.

*ရိဝမ်သည် ယခင်ဧကရာဇ်ကြီး၏ သားတော်ကိုးပါးအနက်အငယ်ဆုံးဖြစ်သည်။

လက်ရှိဧကရာဇ်နန်းတက်သောအခါ သူသည်အရွယ်မရောက်သေး။ အခြားသောဝမ်ရယ်များမှာကိုယ်ပိုင်နေရာရလျှင် အသီးသီးခွဲထွက်ကာကိုယ့်လမ်းကိုယ်လျှောက်ကြရာ သူတစ်ယောက်သာ နန်းတော်ထဲကျန်ခဲ့၏။

သူ၏ အရွယ်ရောက် အခမ်းအနားကျင်းပသောနေ့တွင် *ဧကရာဇ်ကော​ကောမှ လာမယ့်အနာဂတ်မှာဘယ်နေရာကိုသွားချင်လဲ ဟုမေးလာသောအခါ

*ရှောင်ဝမ်ရယ်မှာ အထစ်ထစ်အငေါ့ငေါ့ဖြင့်ခပ်တိုးတိုးပြောလိုက်သည် "ကျွန်တော်.. ကျွန်တော် မြို့တော်မှာပဲနေချင်ပါတယ်"

ဧကရာဇ်သည် ခေါင်းကိုပွတ်ပေးရင်းရယ်မောကာ "ဒါဆိုလည်းဒီမှာပဲနေပါ"

ရှောင်ဝမ်ရယ်မှာ သူ၏နှလုံးသားထဲမှ အပျော်များကိုမဖုံးကွယ်နိုင်၊ သူပြုံးလိုက်သောအခါ သူ၏မျက်လုံးနှင့် မျက်ခုံးမှာကွေးတက်သွားလေသည်။ ထိုအပြုံးလေး မည်မျှကူးစက်နိုင်သလဲပြောရလျှင် ဓားရှည်တစ်ချောင်းကိုင်ဆောင်ကာဧကရာဇ်နံဘေးတွင်ရှိနေသော ရေခဲသမျှအေးစက်လှသည့် ကိုယ်ရံတော် *ယန်တာ့ရန်ပင်ပြုံးမိသွား၏။

______________

ရိဝမ် = MC၏ဘွဲ့
(ရိ=ကံကောင်းသော၊မင်္ဂလာရှိသော)
ရှောင်ဝမ်ရယ် = MCသည် အငယ်ဆုံးဖြစ်သောကြောင့်'ရှောင်'ဟုထည့်​
ဧကရာဇ်ကောကော = MC၏အကိုဖြစ်သောကြောင့်'ကောကော'ဟုထည့်​
တာ့ရန် = ရာထူးကြီးသူကိုခေါ်ဆိုသောဂုဏ်ပုဒ်

2.

ဤသို့ဖြင့်ရှောင်ဝမ်ရယ်အား ဧကရာဇ်မှခေါ်ဆောင်လာခဲ့သည်။ သူမွေးဖွားစဥ် ဧကရာဇ်မှာ ၁၀နှစ်သာရှိသေးသည်။ သူသည်အိမ်ရှေ့စံဖြစ်သော်ငြား သူ့အားဧကရာဇ်ငယ်လေးဟု အများကခေါ်ကြ၏။

ရှောင်ဝမ်ရယ်တလပြည့်မွေးနေ့တွင် ယခင်ဧကရာဇ်ကြီးမှ အကိုရှစ်ဦးကိုခေါ်၍ သူ့၏နာမည်အားရွေးခိုင်းခဲ့သည်။

ဧကရာဇ်ငယ်လေးသည်မင်းသားများထဲတွင် ခြောက်ယောက်မြောက်အကြီးဆုံးပင်။ သူသည် အချိန်ကြာမြင့်စွာ ပညာမသင်ကြားရသေးသောကြောင့် အသိပညာလည်းမပေါကြွယ်သေး။ စာပေရေးရာမှာ ပါရမီကြွယ်လှသော အကိုကြီးများ၏ ပန်းအမျှလှပသော  နာမည်များကိုတွေ့ရသောအခါ သူအလွန်အမင်းပြာယာခတ်သွားသည်။

သူ့၏အနားရှိ ကိုယ်ရံတော်ငယ်လေးအား တံတောင်ဖြင့်တို့ကာ " 'ဟုန်'(ကြည်လင်သော) ဆိုတဲ့စာလုံးဆိုဘယ်လိုလဲ? ငါ့နာမည်က 'ချင်'(ကြည်လင်သော) ဆိုတော့ ဆီလျှော်တယ်မလား"

ထိုကိုယ်ရံတော်လေးမှာ ယန်တာ့ရန်အငယ်လေးပင်...။

ယန်တာ့ရန်အငယ်လေးမှာ ဧကရာဇ်ငယ်လေးဖြင့် သက်တူရွယ်တူဖြစ်၏။ ထို့အပြင် သူသည်မွေးကတည်းက ကိုယ်ခံပညာရပ်ကိုသာ လေ့ကျင့်ထားသူပင်။ သူ အဘယ်လို့များ ဤနာမည်၊ အကြောင်းခြင်းရာများကို သိပါလိမ့်မလဲ?

ထို့ကြောင့် သူ ရိုကျိုးစွာခေါင်းငြိမ့်လိုက်ကာ "အရှင့်သား စဥ်းစားတာကောင်းပါတယ်"

ဧကရာဇ်ငယ်လေး အနှီးထုပ်လေးထဲအိပ်ပျော်နေသော ကလေးငယ်ဆီသွားကာ ဧကရာဇ်ထံလျှောက်တင်လိုက်သည် "အားချန်(ကျွန်တော်မျိုး) 'ဟုန်'ဆိုတဲ့ စာလုံးကိုကောင်းတယ်လို့ထင်ပါတယ်"

သူ၏စကားမဆုံးခင်မှာပင် အနှီးထုပ်ထဲမှ မျက်လုံးမှိတ်ထားသောရှောင်ဝမ်ရယ်လေး ရုတ်တရက်ထကာ အော်ငိုလေတော့သည်။

ယခင်ဧကရာဇ်ကြီးက ဝမ်းမြောက်ဝမ်းသာစွာ "ကောင်းပြီ ရှောင်ကျိုး(နံပတ်ကိုးလေး)က ဒီနာမည်ကိုသဘောကျတဲ့ပုံပဲ၊ သူ့ကို *လျန်ဟုန် လို့ခေါ်ရအောင်"

လျန်ဟုန် = ကြည်လင်သောရေ

3.

အမှန်တကယ်ကိုပင် ရှောင်ဝမ်ရယ်သည် သူ၏နာမည်အတိုင်းအလွယ်တကူရှက်သွေးဖြာတတ်သည်။ (လျန်ဟုန်, 'ကြည်လင်သောရေ' သည် 'ရှက်သွေးဖြာ' ဟူသောစာလုံးဖြင့် အသံထွက်ခြင်းဆင်တူသည်)

အထူးသဖြင့် ဧကရာဇ်ငယ်လေးသူ့အားလာကြည့်သောအခါတွင်ဖြစ်၏။

ဧကရာဇ်ငယ်လေးသည် ယန်တာ့ရန်အသေးလေးနှင့်အတူ ပုခတ်ရှေ့တွင်ရပ်နေသည်။ နို့စို့ကလေးငယ်သည် သူ၏လက်ချောင်းကိုစုပ်ထားရင်း ဝိုင်းစက်ပြီးရွှန်းလဲ့သောမျက်ဝန်းများဖြင့် သူတို့နှစ်ဦးအား စိုက်ကြည့်လေရာ ဧကရာဇ်ငယ်လေးလည်း ဝမ်း​သာကြည်နူးသွားသည်။

ဧကရာဇ်ငယ်လေးမှ ယန်တာ့ရန်အသေးလေးအား ကလေးကိုချီဖို့ရန်ပြောလိုက်သည်။

ရင့်ကျက်ပြီးလူကြီးလေးနှင့်တူသော ယန်တာ့ရန်အသေးလေးသည် မပြောင်းလဲသောမျက်နှာထားဖြင့်ပင် ရိုးရိုးရှင်းရှင်းလက်ကိုဆန့်ထုတ်ပေးလိုက်သည်။

သူ့၏လက်မောင်းပေါ်ရောက်သည်နှင့်တပြိုင်တည်း နို့စို့ကလေးလေးမှာ အမှန်တကယ်ရှက်သွေးများဖြာသွားလေတော့သည်။

ဧကရာဇ်ငယ်လေးလည်း ချစ်ကြည်နူးစွာ "ကျိုးတိ (ညီလေးကိုး)က တကယ်ချစ်ဖို့ကောင်းတာပဲ"

ယန်တာ့ရန် အေးစက်သောမျက်နှာထားဖြင့် "မင်းရဲ့ကျိုးတိ ငါ့အပေါ်ရှူးပေါက်ချသွားပြီ"

4.

မျက်စိတစ်မှိတ်အတွင်း ရှောင်ဝမ်ရယ်မှာသူ၏အကိုများနှင့်အတူကျောင်းသွားနိုင်သည့်အရွယ်သို့ရောက်လာခဲ့သည်။ သို့ပေမယ့် ကြီးထွားနှုန်းမှာနှေးကာ သူ၏အရပ်မှာစားပွဲခုံနှင့်တန်းတူလောက်ပင်...။

ဆရာအိုကြီးက ရှောင်ဝမ်ရယ်လေးစားပွဲခုံမမှီမှာစိုးသဖြင့် ထိုင်ခုံပေါ်တွင်ခုထိုင်သည့်မွေ့ယာအခင်းကိုသုံးခုဆင့်ကာထိုင်ခိုင်းလိုက်သည်။

ရှောင်ဝမ်ရယ်မှာ ကြောင်တောင်တောင်ရပ်နေကာ ဘာဆက်လုပ်ရမှန်းမသိချေ။

ဧကရာဇ်ငယ်လေးနောက်မှလိုက်ပါလာသော ယန်တာ့ရန်အသေးလေးလည်း ထိုအခြင်းအရာကိုမြင်၍ ထိုဘက်သို့လျှောက်လာခဲ့သည်။

ထိုအချိန်မှာ ယန်တာ့ရန်အသေးလေးသည် အရပ်ရှည်ရှည်လူငယ်လေးအဖြစ် ကြီးပြင်းခဲ့ပြီးဖြစ်၏။ သူသည်ဤအသေးလေးကို ပေါ့ပါးစွာ မ,လိုက်ကာ အခင်းအထပ်ထပ်ခင်းထားသည့်အပေါ်တင်ပေးလိုက်သည်။

ရှောင်ဝမ်ရယ် တန်းလန်းကျနေသောခြေထောက်ကိုလွှဲရမ်းကာ မျက်နှာမှာတဖန်နီရဲလာတော့သည်။

5.

ဧကရာဇ်ငယ်လေးသည် မိဖုရားကြီး၏သားအကြီးဆုံးဖြစ်သဖြင့် သူသည် ဘဝတစ်လျှောက်လုံး အရှေ့နန်းဆောင်၏ အရှင်သခင်ပင်...။

အနီးကပ်ကိုယ်ရံတော်ဖြစ်သော ယန်တာ့ရန်ကလေးသည် ဧကရာဇ်ငယ်လေးနှင့်အတူတူကြီးပြင်းလာရသည်။ သူသည်လည်း ဧကရာဇ်ငယ်လေးနှင့်အတူ အရေးပါသောသူအဖြစ်သတ်မှတ်ခြင်းခံရ၏။

ယန်တာ့ရန်မှာ အပြောအဆို၌သာမက အမူအရာပါ တည်ကြည်လေးနက်သောကြောင့် လူစိမ်းများအနေဖြင့် သူနှင့်ရင်းနီးရန်မလွယ်ကူချေ။ ထိုအခြင်းအရာမှာ သူ၏​ကျော်ကြားလှသောအချက်ပင်...။

သို့ပေမယ့် အိမ်ရှေ့စံဖြစ်သော ဧကရာဇ်ငယ်လေးနှင့်အတူတကွရှိသည့်အခါ သူသည်ဖော်ရွေပြီး ပေါင်းသင်းရလွယ်ကူသည်။

ရှောင်ဝမ်ရယ်မှာ နေ့လယ်နေ့ခင်း အရှေ့နန်းဆောင်သို့အပြေးသွားရသည်ကိုအင်မတန်နှစ်ခြိုက်၏။ နန်းတွင်းထဲတွင် သူသည် သူ့ထက်၁၀နှစ်ကြီးသောအကိုကြီးအနားကပ်နေရသည်ကို နှစ်သက်သည်ဟုထင်မှတ်ကြသည်။

ရှောင်ဝမ်ရယ်အနားမှ အစေခံမိန်းမပျိုတချို့သာ အမှန်တရားကိုသိရှိကြ၏။ "အိုး.. ယန်တာ့ရန်ကိုရှာဖို့သွားပြန်ပြီပဲ"

______________

N - ဒီတခေါက်တော့ စကားပြေလိုလေးပြန်ထားပါတယ်။ ဖတ်ရတာအရမ်းထောက်ရင်ပြောပေးပါ။ စာလုံးပေါင်းအမှားတွေလည်း ထောက်ပေးသွားကြပါ။
© Nancy N,
книга «Little Nine | ဘာသာပြန်».
Коментарі