မိတ်ဆက်
မိတ္ဆက္
Chapter 1 (U)
Chapter 1 (Z)
Chapter 2 (U)
Chapter 2 (Z)
Chapter 3 (U)
Chapter 3 (Z)
Chapter 4 (U)
Chapter 4 (Z)
Chapter 2 (U)
6.

အရှေ့နန်းတော်တံခါးဝတွင်စောင့်ကြပ်နေသောယန်တာ့ရန်မှာ ရှောင်ဝမ်ရယ်ပြေးလာသည်ကိုမြင်လိုက်ရ၏။

ဒီနှစ်များအတွင်း ရှောင်ဝမ်ရယ်၏ရုပ်ရည်မှာထင်ရှားလာခဲ့ပြီး သွင်ပြင်လက္ခဏာမှာလည်း ပို၍ပေါ်လွင်လာခဲ့၏။ တစ်ချက်ကြည့်လိုက်လျှင် ဧကရာဇ်ငယ်လေးနှင့်ပင် ဆင်တူသည်။ အထူးသဖြင့် သူ၏ နွေးထွေးပြီးတောက်ပသောမျက်ဝန်းများပင်...။

ယန်တာ့ရန် အရိုအသေပေးလိုက်၏။ သူ၏မျက်နှာမှာ မူလအတိုင်းတင်းမာပြီးခက်ထန်မြဲပင်။ "မင်းသားကိုးက အိမ်ရှေ့စံမင်းသားကိုရှာနေတာလား? အရှင့်သားက အခုအနားယူနေတယ်။ ကျွန်တော်..."

"...မဟုတ်ဘူး" ရှောင်ဝမ်ရယ်မှာ လက်ကိုနောက်ထားကာ နူးညံ့သောအသံဖြင့်ပြောလိုက်၏ "ကျွန်တော်လာတာ... ယန်ကောကောကိုတွေ့ဖို့လာတာပါ"

ယန်တာ့ရန်မှာ သူ့အားဘယ်အတွက်ကြောင့်လာရှာရသည်ကို အမှန်တကယ်နားမလည်။ သို့သော်လည်း ရှောင်ဝမ်ရယ်မှာ စိတ်လှုပ်ရှားပုံပေါ်နေသောကြောင့် များများစားစားဆက်မပြောခဲ့။ ကြည့်၍သာနေလိုက်သည်။

ရှောင်ဝမ်ရယ်မှာ ထိုင်ခုံရှည်ယူခိုင်းလိုက်ကာ ယန်တာ့ရန်နံဘေးဝင်ထိုင်နေ၏။ နေ့စဥ်ကိစ္စရပ်အချို့အကြောင်းစကားစမည်ပြောပြီး တဖန်နှုတ်ဆိတ်သွားပြန်သည်။

"ဒီနေ့ ဥယာဥ်တော်အနောက်ထဲမှာ ဆီးသီးပင်တွေတွေ့ခဲ့တယ်၊ ယန်ကောကော ကျွန်တော်နဲ့အတူလိုက်ခူးပေးပါလား?"

"ကျွန်တော်မျိုးက အရှေ့နန်းဆောင်ရဲ့ကိုယ်ရံတော်ပါ၊ ဒီနေရာကထွက်ဖို့အဆင်မပြေပါဘူး၊ အခြားတစ်ယောက်ရှာလိုက်ပါ"

ရှောင်ဝမ်ရယ် မကျေမနပ်ဖြင့် သူ၏နှုတ်ခမ်းများကိုမဆူမိအောင်ထိန်းလိုက်သည်။ သို့သော်လည်း နှလုံးသားထဲတွင် အရှေ့နန်းဆောင်မှာဘာလို့များစည်းကမ်းချက်များရတာလဲ၊ တနေ့လုံးဒီနေရာမှာအလုပ်လုပ်ရတာ အတော်ပင်ပန်းမှာပဲဟုတွေးနေ၏။

သူ၏သေးသွယ်သောမျက်နှာလေးကိုမော့ကာ ယန်တာ့ရန်အားကြည့်လိုက်သည်။ အတွေးထဲတွင် : ယန်တာ့ရန်ကို အနားခေါ်ထားရင်ကောင်းမလား? ဝင်ငွေများများစားစားမရှိပေမယ့် ကိုယ်ရံတော်တစ်ယောက်ကိုထောက်ပံ့ဖို့တော့လုံလောက်မှာပါ။ အဆိုးဆုံးအခြေအနေနဲ့ကြုံရင်လည်း လတိုင်းအင်္ကျီအသစ်နှစ်စုံလျော့လိုက်ရုံပေါ့...

ရလဒ်အနေဖြင့် ဧကရာဇ်ငယ်လေးတရေးတမောအိပ်နေရာမှနိုးလာသောအခါ သူ၏ကျိုးတိလေး သူပိုင်သောနန်းဆောင်မှ သူပိုင်သောလူကို လုယူရန်ကြံစည်နေသည်ကိုမြင်လိုက်ရ၏။

ဧကရာဇ်ငယ်လေး စကားတစ်ခွန်းမ​ဆိုပဲ ရှောင်ဝမ်ရယ်အား ကန်ထုတ်လိုက်လေတော့သည်။

7.

ရှောင်ဝမ်ရယ်မှာ ကျရူံးသော်လည်း ဇွဲမလျှော့ခဲ့။ နှစ်ရက်ကြာသောအခါ အရှေ့နန်းဆောင်ဆီသို့ ယန်တာ့ရန်အားလာရှာပြန်သည်။ ဤတစ်ကြိမ်တွင် ခူးကာစလတ်လတ်ဆတ်ဆတ်ဆီးသီးတစ်ခြင်းပါယူဆောင်လာ၏။

ရှောင်ဝမ်ရယ် ရေဆေးထားသောဆီးသီးများထဲမှ အကြီးဆုံးအလုံးကိုယူလိုက်ပြီး သူကိုယ်တိုင်အပင်ပေါ်တက်ခူးလာကြောင်းပြောရင်း ယန်တာ့ရန်ကိုကျွေးလိုက်၏။

ယန်တာ့ရန်ငြင်းလိုက်သောအခါ ရှောင်ဝမ်ရယ်မှာ သူ့ပါးစပ်ထဲထည့်ကာ အသံကျယ်ကျယ်ဝါးပြရင်း ယန်တာ့ရန်စားချင်လာအောင်ဖြားယောင်းနေပြန်သည်။

ယန်တာ့ရန်မှာ အဆုံးထိမလှုပ်ပေ။ ထို့အစား စာဖတ်နေသော ဧကရာဇ်ငယ်လေးကိုပေးလိုက်ရပြီး ရှောင်ဝမ်ရယ်၏ ဆီးသီးခြင်းတစ်ဝက်မှာ တခဏတွင်းကုန်သွားတော့၏။

ရှောင်ဝမ်ရယ် မတားလိုက်နိုင်။ သူဒေါသထွက်လွန်းကာ ငိုချတော့မည့်ပုံပင်။

ဧကရာဇ်ငယ်လေးကပြုံးကာ ဆီးသီးတစ်လုံးကိုယန်တာ့ရန်ပါးစပ်ထဲထည့်လိုက်ရင်း "ဒါလေးက ကျိုးတိလေးရဲ့စေတနာတွေ၊ စားကြည့်" ဟု ဆိုလိုက်သည်။

ယန်တာ့ရန် ကျိုးနွံစွာလက်ခံကာ တစ်ကိုက်ကိုက်ကြည့်ပြီး ခေါင်းငြိမ့်ကာပြောလိုက်၏ "အရမ်းချိုတယ်"

ရှောင်ဝမ်ရယ် အလွန်ပျော်ရွှင်သွားကာ မျက်ရည်များကိုသုတ်လိုက်တော့သည်။

8.

ရက်အတန်ကြာသော်ယခင်ဧကရာဇ်ကြီးမှ နန်းတော်အပြင်တွင် ညစာစားပွဲတစ်ခုကျင်းပကာ မြို့တော်အတွင်းရှိ အဆင့်မြင့်ရာထူးကြီးအိမ်တော်များမှ သမီးပျိုများအား ဖိတ်ကြားလေ၏။

အိမ်ရှေ့စံအတွက် ကိုယ်လုပ်တော်ရွေးသည့်ပွဲပင်..

အမတ်ကြီးများ၏သမီးများ ဗျက်စောင်းဖြင့်တေးသီချင်းမဖျော်ဖြေမီ ဧကရာဇ်ငယ်လေးက စင်ပေါ်မှ ကဗျာဖွဲ့သီနေ၏။

ရှောင်ဝမ်ရယ် ပျင်းရိလာသောကြောင့် ရေကန်နံဘေးသို့ တိတ်တိတ်လေးထွက်လာရင်း သစ်ပင်တစ်ပင်တွေ့လိုက်၏။

သူသည် သစ်ပင်တက်ရာတွင်အထူးကျွမ်းကျင်သည်။ ဤနန်းတော်တစ်ခွင် သစ်ပင်တက်ရာ၌ သူ့ကိုယှဥ်နိုင်မည့်သူမရှိ။ ထိုအထုံပါရမီမည်သို့ပါလာကြောင်း မည်သူမှမသိပေ။

ရှောင်ဝမ်ရယ် သစ်ကိုင်းပေါ်အကျအနထိုင်လိုက်သည့်အခါ အဝေးမှလူတစ်ယောက်လျှောက်လာသည်ကိုမြင်လိုက်ရ၏။ ထိုသူမှာ နန်းတွင်းအစောင့်များဝတ်ဆင်ရသော ခရမ်းနီရောင်ဝတ်စုံကိုဝတ်ဆင်ပြီး ဓားကောက်တစ်ချောင်းကိုင်ထား၏။ သူ၏ကြန်အင်လက္ခဏာမှာ ရှင်းလင်းပြတ်သားပြီးတမူထူးခြားကာ ချောမောခန့်ညားသည်။ အနှီပုဂ္ဂိုလ်မှာ အရှေ့နန်းဆောင်မှယန်တာ့ရန်ပင်...။

ရှောင်ဝမ်ရယ်မျက်လုံးများလင်းလက်သွားကာ လက်ကိုဆန့်ပြီးအောက်တွင်ရှိသောသူထံ လက်လှမ်းပြရင်းအော်ခေါ်လိုက်သည် "ယန်ကောကော..."

ယန်တာ့ရန်လည်း အသံကြားရာ သစ်ပင်ပေါ်သို့မော့ကြည့်လိုက်၏။ သူ၏အမြဲတစေတည်ကြည်နေသောမျက်နှာမှ အထိတ်တလန့်ဟန်ပေါ်လာပြီးအော်လိုက်သည် "မင်းသားကိုး သတိထား!"

နဂိုမူလ ကျကျနနထိုင်နေသောရှောင်ဝမ်ရယ်မှာ ယန်တာ့ရန်ထိုကဲ့သို့အော်​လိုက်အခါ ရုတ်တရက်လန့်သွားကာ သူ၏သေးသွယ်သောကိုယ်လေးမှာတခဏမျှယိမ်းထိုးပြီးပြုတ်ကျသွားတော့သည်။

ရှောင်ဝန်ရယ်မှာကြောက်လန့်ကာမျက်လုံးကိုစုံမှိတ်ထား၏။ သို့သော်လည်း သူထင်ထားသလိုဖင်ထိုင်ရက်မကျ။ ထို့အစား နွေးထွေးပြီးသန်မာသောထွေးပွေ့မှုက သူ့အားကြိုဆိုနေသည်။

ရှောင်ဝမ်ရယ်မျက်လုံးဖွင့်လိုက်သောအခါ သူ ယန်တာ့ရန်ရင်ခွင်ထဲ တင်းကျပ်စွာဖက်ထားခံရသည်ကိုတွေ့လိုက်ရ၏။

ယန်တာ့ရန်မှာ ကိုယ်ခံပညာကိုနေ့စဥ်ရက်ဆက်လေ့ကျင့်သောကြောင့် သူ၏ရင်ဘတ်ကြွက်သားများမှာ အလွန်ပင်ကျစ်လစ်သန်မာ၏။ ရှောင်ဝမ်ရယ်မှာ သူ့လက်မောင်းကြားရောက်နေပြီး အသက်ပင်မရှုနိုင်။

ယန်တာ့ရန် အနှီပုဂ္ဂိုလ်လေးကို အောက်သို့ချပေးကာ ရပ်စေလိုက်ပြီး ရိုသေကျိုးနွံစွာ ပြောလိုက်သည် "ကျွန်တော်မျိုး မသင့်မလျော်ပြုမိပါတယ်"

ရှောင်ဝမ်ရယ်ရှက်သွေးဖြာကာမသက်မသာဖြစ်နေပြီး တစ်ချိန်တည်းမှာ ထိုသို့ဆက်လက်ရှိနေချင်နေသယောင်...

9.

ညစာစားပွဲပြီးသည့်အခါ ဧကရာဇ်ဟောင်းကြီးနှင့် မင်းသားများအားလုံး နန်းတော်သို့ပြန်ကြသည်။ ယန်တာ့ရန်မှာ ထိုညတာဝန်ချိန်မရှိသောကြောင့် အိမ်သို့တစ်ဦးတည်းပြန်လာ၏။

အိမ်ပြန်လမ်းသည်အထီးကျန်အဖော်မဲ့လှ၏။ ယန်တာ့ရန် တစ်စုံတစ်ယောက် သူ့နောက်ခိုးကြောင်ခိုးဝှက်လိုက်လာသံကို ကြားလိုက်ရ၍ နားစွင့်လိုက်သည်။

သူ့နောက်ကိုလိုက်လာသူမှာ ကိုယ်ခံပညာမတတ်ကျွမ်း။ ခြေသံကိုပင်ထိန်းချုပ်မထား။ ယန်တာ့ရန်လည်းအာရုံမထားတော့ချေ။ ရလဒ်အနေဖြင့် အနှီလူမှာ သူ၏အိမ်ပေါက်ဝထိ လိုက်ပါလာတော့၏။

ယန်တာ့ရန်လှည့်ကြည့်လိုက်သောအခါ လူသူကင်းမဲ့သောလမ်းမကိုသာတွေ့ရ၏။ သူ၏ဓားကိုဓားအိမ်မှထုတ်ကာ အေးစက်စွာမေးလိုက်သည် "အခုထိထွက်မလာသေးဘူးလား?"

တအောင့်ကြာပြီးနောက် လမ်းမတစ်ဖက်ရှိအပ်ချုပ်ဆိုင်ထောင့်မှ ရှောင်ဝမ်ရယ်ခေါင်းကလေးပြူထွက်လာ၏။

ယန်တာ့ရန်မျက်မှောင်ကြုပ်ကာ "မင်းသားကိုးက ဘာလို့ဒီရောက်နေတာလဲ?"

ရှောင်ဝမ်ရယ် အနီးနားရောက်လာသည်နှင့်အမျှ ကိုယ်ကိုဖြောင့်ဖြောင့်ဆန့်လိုက်၏၊ သို့သော်လည်း သူ၏ဖြောင့်မတ်ကြောင်းပြနိုင်မည့် ယုံကြည်ချက်မှာမရှိ "ကျွန်တော်.. ကျွန်တော် နန်းတော်ကိုပြန်နေတာ"

"လမ်းကဆန့်ကျင်ဖက်မှာလေ" ယန်တာ့ရန် ညှာတာခြင်းမရှိထောက်ပြလိုက်၏။

"အိုး အဲ့လိုလား ကျွန်တော်လမ်းမှားသွားတာနေမှာ"

ယန်တာ့ရန် ဘေးဘီကြည့်ရင်းမေးလိုက်၏ "တစ်ယောက်တည်းလာတာလား?"

ရှောင်ဝမ်ရယ် ခေါင်းငြိမ့်ပြလိုက်သည်။

ယန်တာ့ရန် လက်လျော့သည့်အနေဖြင့်သက်ပျင်းချရင်းပြောလိုက်သည် "သွားရအောင် ကျွန်တော်မျိုး မင်းသားကိုးကိုနန်းတော်ထိ ပြန်လိုက်ပို့ပေးမယ်"

ရှောင်ဝမ်ရယ်မှာမလှုပ်ချေ။ လက်နှစ်ဖက်ကိုနောက်ထားရင်း ချောင်းဟန့်ကာ မသိမသာအရိပ်အခြေပေးလိုက်၏ "နောက်ကျနေပြီ၊ တကယ်တော့ ဒီမှာညအိပ်လိုက်တာလည်း မဆိုးလောက်ပါဘူး"
© Nancy N,
книга «Little Nine | ဘာသာပြန်».
Коментарі