Perfect Wish (ေဇာ္ဂ်ီ)
The real us (1): I wanna know the real you (ေဇာ္ဂ်ီ)
The real us (2): You don't know the real me (ေဇာ္ဂ်ီ)
The Most (+) (ေဇာ္ဂ်ီ)
Perfect Wish (ယူနီကုတ်)
The real us (1): I wanna know the real you (ယူနီကုတ်)
The real us (2): You don't know the real me (ယူနီကုတ်)
The Most (+) (ယူနီကုတ်)
ဖူးစာမှန်သည် မမှန်သည်
ဖူးစာမှန်သည် မမှန်သည်
(Wattpad မှာ Title က *ဖူးစာမှန်၏၊ မမှန်၏* ပါ။ ဒီမှာက *၏* ကို ခေါင်းစဉ်မှာလက်မခံလို့ပါ)
¤¤¤¤¤¤

"ကေကေး၊ သွေးတွေဆင်းလို့ ဆေးရုံတင်ရတယ်တဲ့။ အဲဒါ မြူလိုက်သွားနေတာ၊ ကိုလေးလည်း ဆေးရုံကိုလိုက်ခဲ့ပေးပါနော်"

ဆေးရုံအဝင်ဝတွင် အရေးပေါ်လူနာတင်ယာဉ်မှ လူနာတစ်ဦးကို သယ်ထုတ်လာ၍ အလုပ်များကုန်ကြသည်။

"Car accident patient လား?"

"ဟုတ်ပါတယ်"

"ဒီဘက်ကိုလာပါ"



"ဟယ်လို မြူ"

"ဒီဖုန်းပိုင်ရှင် ယာဉ်တိုက်မှုဖြစ်လို့ ( ...) ဆေးရုံမှာ ရောက်နေပါတယ်။ နောက်ဆုံးခေါ်ထားတဲ့နံပါတ်ကို အကြောင်းကြားပေးတာပါ"

"ဗျာ၊ ဟုတ်ကဲ့။ ကျွန်တော် အခုချက်ချင်းလာခဲ့ပါ့မယ်"

ဖုန်းချလိုက်ပြီး​နောက် နံပါတ်တစ်ခုကိုနှိပ်လိုက်ပြီး

"မြူက အဲဒီကိုလိုက်လာတဲ့လမ်းမှာ ကားတိုက်မှုဖြစ်တယ် ကိုလွင်ပြင်။ ကျွန်တော် (...) ဆေးရုံကို လိုက်သွားနေတယ်။ နောက်မှပြန်ခေါ်မယ်"

■■■■■

"ကေကေး၊ ဘာဖြစ်လို့လဲ?"

"အင့်၊ ဟင့်အင်း"

"တစ်ခုခုဖြစ် ..."

စကားမဆုံးမီ ထမင်းဝိုင်းမှထ၍ ဘေစင်ဆီပြေးလေသူ သူငယ်ချင်းကြောင့် စိုးရိမ်ကာ

"ဟဲ့! နေဦးလေ"

"မြူ၊ ဖြည်းဖြည်းထလေ။ မပေါ့မပါးကြီးနဲ့ကိုကွာ"

ဘေးမှလာတွဲသော ခင်ပွန်းဖြစ်သူကို လှည့်မကြည့်နိုင်ပေ။

"ကိုလေး၊ ကေကေး အန်ပြန်ပြီထင်တယ်"

"ထိုင်နေပါ မြူရယ်။ ကိုယ်သွားကြည့်ပေးမယ်။ သူက အန်နေကျပဲကွာ"

"ကိုလေးညှို့၊ ရှင် ဘယ်လိုပြောလိုက်တာလဲ? သူက ..."

"ဟုတ်ပါပြီကွာ။ မြူသွားကြည့်မှာမဟုတ်လား? ဖြည်းဖြည်းသွားပါ"

"ရတယ် မ၊ ငါဘာမှမဖြစ်ဘူး။ အဆင်ပြေသွားပြီ"

လင်မယားနှစ်ယောက် ငြင်းခုန်နေကြစဉ် ထထွက်သွားသူက ထမင်းစားပွဲသို့ပြန်ရောက်လာလေပြီ။

"ကေကေးရယ်၊ အခုထိ အန်တုန်းလား? လေးလတောင်ရှိနေပြီကို"

မျက်ရည်ဝဲကာပြောလာသော မြူ့စကားကြောင့်

"ဟာကွာ၊ ဘာမှမဖြစ်ဘူးလေ။ ဘာဖြစ်ရပြန်တာလဲ? ငိုမလို့လား? ကလေးမျက်လုံးပြူးလိမ့်မယ်။ ငါဘာမှမဖြစ်တော့ဘူး။ အဲဒီကျောက်ပွင့်သုပ်အနံ့ကြောင့်ဖြစ်တာ"

လေးညှို့တစ်ယောက် ကျောက်ပွင့်သုပ်ကိုတစ်လှည့်၊ ပြောနေသူကိုတစ်လှည့် ကြည့်လိုက်သည်။
ကျောက်ပွင့်သည် အနံ့ပြင်းလေသလား?

"ကိုလေး၊ အဲဒီအသုပ်ကို မြန်မြန်ယူစားလိုက်စမ်းပါ။ ကေကေး အနံ့မခံနိုင်ဘူးတဲ့"

"ရတယ် မရယ်။ ငါ မစားနိုင်တော့ဘူး။ မင်းတို့ဆက်စားကြနော်။ ငါဧည့်ခန်းမှာစောင့်မယ်"

"မစားတော့ဘူးလား? နင်ဘာစားချင်လဲ?"

"ဟင့်အင်း၊ ငါနောက်မှ စားချင်တာရှိရင် အိမ်မှာလုပ်ခိုင်းလိုက်မယ်။ ဆိုင်ကကောင်မလေးတွေကိုလည်း ဝယ်ခိုင်းလို့ရတာပဲ။ အခုက တကယ်မရတော့လို့ပါ။ ဆက်စားနော်၊ အာဟာရပြည့်မှဖြစ်မှာ သိတယ်မဟုတ်လား? ပြီးမှထွက်လာခဲ့၊ ငါအချိန်ရတယ်"

"အင်းပါ"

"ဒေါ်မြူခိုးငယ်၊ ထမင်းကို ဖြောင့်ဖြောင့်စားပါလား ခင်ဗျ။ အဲဒီဧည့်ခန်းကို မျက်လုံးကြီးပါသွားပြီလား?"

"ကိုလေးက ဘာဖြစ်နေတာလဲ?"

"ကျောက်ပွင့်က ဘာအနံ့ရလဲလို့ စမ်းသပ်မလို့"

"ကိုလေးရယ်၊ သူက ဒီလိုပဲဖြစ်တတ်တာလည်း သိရဲ့သားနဲ့ ဘာလို့ လိုက်ကပ်သတ်ပြောနေပြန်ပြီလဲ?"

"အိုခေ၊ ဆက်စားပါဗျာ။ ကျွန်တော်မျိုး ဘာမှမပြောတော့ပါဘူး"

"မပြောနဲ့"

စားသောက်ပြီးသောအခါ

"ကိုလေး၊ စားပြီးရင် ဆွေဆွေ့ကိုသိမ်းခိုင်းလိုက်နော်။ မြူ အပေါ်ခဏတက်လိုက်ဦးမယ်"

"အင်းပါ၊ ဖြည်းဖြည်းသွားဦး"

လေးညှို့ မြူခိုးငယ်ကိုလှမ်းကြည့်ပြီး ထွက်သွားသည်သေချာမှ

"ခုနကပဲ သူငယ်ချင်းကို ထပွေ့မလိုဖြစ်နေတာလည်း သူပဲ။ အခု ဧည့်ခန်းကဟာလေးကို အဖက်မလုပ်ဘဲ အပေါ်တက်သွားတာလည်း သူပဲ"

ခပ်တိုးတိုးရေရွတ်ပြီး စားလက်စထမင်းကို လက်စသတ်လိုက်သည်။
လေးညှို့စားသောက်ပြီးလို့ ဧည့်ခန်းဘက်ထွက်မည်ပြင်လိုက်ချိန်တွင်

"ကိုလေးညှို့ရေ၊ မနက်က ဆေးခန်းကရေးပေးလိုက်တဲ့ ဆေးစာကို ရှင်ဘယ်နားထားလိုက်သလဲ?"

အော်မေးလျက် လှေကားမှဆင်းလာနေသော မြူခိုးငယ်ကြောင့် လေးညှို့စဉ်းစားသွားရသည်။ ထိုစာရွက်ကို နောက်ဆုံးကိုင်သူမှာ မြူခိုးငယ်ပင်ဖြစ်သည်။

"မြူပဲ နောက်ဆုံးကိုင်တာလေ"

"မြူ ဆေးခန်းကစာအုပ်ထဲပဲ ပြန်ထည့်ထားတာလေ။ အခုမတွေ့တော့ဘူး"

"မြူရယ်၊ တစ်နေရာရာမှာရှိမှာပါ"

ဧည့်ခန်းဆိုဖာတွင်ဝင်ထိုင်ကာ ခင်ပွန်းဖြစ်သူကို မကြည်ကြည့်နှင့်ကြည့်လိုက်သော မြူခိုးငယ် စကားပြန်ပြောရန်ပြင်လိုက်စဉ်

"မ၊ မနက်က အပေါ်ကနေထပ်ဝတ်တဲ့ အနွေးထည်အိတ်ထဲ ရှာကြည့်ပြီးပြီလား?"

"အနွေးထည်? ကားပေါ်မှာထင်တယ်"

"ငါသွားယူလိုက်မယ်"

ပြောလည်းပြော၊ ထလည်းထထွက်သွားလေသည်။ ခဏအတွင်းပြန်ဝင်လာပြီးနောက်

"ဒီမှာလေ မရဲ့"

"အင်း၊ ကေကေးသတိထားမိလို့ တော်သေးတာပေါ့။ မဟုတ်ရင် ရှာနေရဦးမှာ"

မြူခိုးငယ်စကားကြောင့် လေးညှို့ စိတ်ပျက်လက်ပျက်နှင့်ပင် ဆိုဖာပေါ်မှီထိုင်နေလိုက်သည်။ ကိုယ်တိုင်ကလည်း တကယ်ကို သတိမထားမိခဲ့သည်က ကိုယ့်အပြစ်နှင့်ကိုယ်။

*Ring Ring Ring*

"ကိုလေး၊ ဖုန်းလာတယ်"

လေးညှို့ ဖုန်းကိုကြည့်ကာ မျက်မှောင်ကျုံ့လိုက်သည်။

"ဟုတ်ကဲ့ ကိုလွင်ပြင်"

မိန်းကလေးနှစ်ယောက်၏အကြည့်က လေးညှို့ထံရောက်လာလေသည်။

"ကေသရီ ရှိပါတယ်။ ပြောမလား?"

လေးညှို့က ကေသရီထံသို့ ဖုန်းကိုလှမ်းပေးလိုက်သည်။ ကေသရီယူလိုက်ပြီး

"ဟယ်လို၊ ဘာဖြစ်လို့လဲ? ဪ၊ ဖုန်းအားကုန်ပြီထင်တယ်။ အိမ်ရောက်ရင် အားသွင်းမယ်ဆိုပြီး မေ့သွားတာ။ အိတ်ထဲကနေတောင် မထုတ်ဖြစ်ဘူး"

"..............."

"ကြာဦးမှာဆို? ပြီးရောလေ၊ စောင့်နေလိုက်မယ်"

"ကိုဝေးရေ၊ မြန်မြန်လာခေါ်ပါ။ ကေကေးအန်နေတာနဲ့ အစားမစားရသေးဘူး"

"ဟာ၊ မ! မပြောနဲ့။ ဘာမှမဖြစ်ဘူး။ ခင်ဗျားဘာသာ အေးဆေးလုပ်။ ကျွန်တော်စောင့်နေမယ်"

ဖုန်းချလိုက်ပြီး လေးညှို့ကိုပြန်ပေးလိုက်ကာ

"ဘာလို့သွားပြောတာလဲ? အလကားနေရင်း ပွစိပွစိနဲ့ အမေးအမြန်းကထူတော့မယ်"

"နင့်ကို သူ့လောက်ဂရုစိုက်တာ သူပဲရှိတယ်လေ။ အဲဒီလိုပြောမှ နင်အစားစားဖြစ်မှာလေ ကေကေးရဲ့။ သူကတော့ မရရအောင် ကျွေးမှာပဲ"

"စိတ်ညစ်လို့ပါ"

"မင်းလည်းနော်၊ ကိုလွင်ပြင့်အချစ်တွေကို အပြစ်ပြောနေလိုက်။ အချစ်တွေစူးလိမ့်မယ်"

"အဲဒါ ကိုလေးညှို့အပူမပါပါဘူး"

"ကိုလေး၊ ပြောပြန်ပြီနော်။ သွားပါတော့၊ အခန်းထဲသွားနားတော့။ အလုပ်အားတုန်းလေး နားလိုက်လေနော်"

လေးညှို့ ပြန်မပြောနားမထောင်လုပ်နေလိုက်သည်။ မြူခိုးငယ်က ကေသရီအနားသို့သွားထိုင်ကာ

"ဖုန်းအားသွင်းလိုက်ဦးလေ။ ပြီးတော့ ငါပြစရာရှိတယ်သိလား။ မနေ့က ငါတွေ့ထားတဲ့ ကလေးလေးတွေရဲ့ ဗီဒီယိုဖိုင်တစ်ခုလေ"

"အင်း၊ ကြည့်မယ်"

IPad တစ်လုံးရှေ့ချပြီး အလုပ်များနေလေသော မိန်းကလေးနှစ်ယောက်ကိုကြည့်ကာ လေးညှို့ သက်ပြင်းသာချမိတော့သည်။

¤

သူတို့နှစ်ဦး၏ရေစက်သည် ထူးခြားလွန်းလှသည်။
အထက်တန်းမှစခဲ့ကြသော သူငယ်ချင်းသံယောဇဉ်တို့ကြောင့် တက္ကသိုလ်တွင်လည်း တပူးတွဲတွဲရှိကြသည့် သူတို့နှစ်ဦးထဲမှ မြူခိုးငယ်ဆိုသော သွက်သွက်လက်လက်နှင့် လှလှပပကောင်မလေးကို ကျောင်းပြောင်းလာသည့် နောက်ဆုံးနှစ်ကျောင်းသားလေးညှို့က မြင်မြင်ချင်းပင် စိတ်ဝင်စားမိခဲ့သည်။ ထူးဆန်းသည်က မြူခိုးငယ်ဘေးမှ ခပ်တည်တည်နှင့် ချစ်စရာကောင်းသည့် ဂျစ်ကန်ကန်ဂျူနီယာကောင်မလေး ကေသရီကို လေးညှို့ကြည့်မရပါ။
ထို့နည်းတူပင် မြူခိုးငယ်ဆီချဉ်းကပ်လာသော လေးညှို့ကိုလည်း ကေသရီက အမြင်မကြည်ပေ။

လေးညှို့နှင့်ကေသရီ၏ မရိုးနိုင်သောရန်ပွဲများကြားမှပင် မြူခိုးငယ်၏အချစ်ကို လေးညှို့ရခဲ့ပြီး ကေသရီတို့ကျောင်းပြီးသည့်အခါ လွင်ပြင်ဝေးဆိုသူနှင့် ကေသရီဖူးစာဆုံခဲ့သည်။ အတိအကျဆိုရလျှင် လွင်ပြင်ဝေး၏စိတ်ရှည်ဇွဲကောင်းမှုသည် လေးညှို့၏ မြူခိုးငယ်ကိုလက်ထပ်ခွင့်တောင်းခြင်းကြောင့် အရာထင်ခဲ့ခြင်းပင်။ မြူခိုးငယ်ခေါင်းညိတ်ခဲ့သော လက်ထပ်ခွင့်ကြောင့် ကေသရီပေါက်ကွဲကာ လွင်ပြင်ဝေးနှင့်တွဲခဲ့သည်။ ကေသရီအမြဲပြောသည်က

"ချစ်တာကချစ်လေ။ ဘာကိစ္စ ငယ်ငယ်ရွယ်ရွယ်နဲ့ လက်ထပ်မှာလဲ?" ဟူ၍။

မည်သို့ဆိုစေ လေးညှို့နှင့်မြူခိုးငယ်လက်ထပ်ပွဲအတွက် အများဆုံးအကူအညီပေးသည်မှာလည်း ကေသရီပင်ဖြစ်နေခဲ့သည်။ အမှတ်ရစရာတစ်ခုမှာ မင်္ဂလာပွဲပြီး၍ လက်ကိုင်ပန်းစည်းပစ်မည့်အချိန်တွင်

"မြူခိုးရေ၊ နင်လှည့်မကြည့်ရဘူးနော်။ ဟဲ့ ကေသရီ၊ လာလေဟယ်"

"မလာဘူး"

"Wedding planner ကြီးက ဘာကိစ္စ ဒီအချိန်လေးကို မပါရမှာလဲ? လာခဲ့"

"Wait! ငါတို့လည်းပါမယ်လေ"

"နင်တို့ယောက်ျားလေးတွေက ဘာလုပ်မှာလဲ?"

"ငါတို့လည်း လင်လိုချင်တယ်လေကွာ"

"အပွင့်မတွေကတစ်မျိုး။ သွားစမ်းပါ ခပ်ဝေးဝေးကို"

ရင်းနှီးလွန်းကြသော ယောက်ျားလေးတစ်ဖွဲ့က ဝင်နှောက်နေ၍ ကေသရီရယ်မိရင်း ခပ်လှမ်းလှမ်းသို့ ခွဲထွက်လိုက်သည်။ သို့သော် ...

"အေး၊ လုကြဟာ။ ငါတော့ပစ်ပြီ"

"ဟဲ့ ဟဲ့ မြူခိုး၊ နေပါ ....."

နေရာလုနေသောသူငယ်ချင်းများ စကားပင်မဆုံးလိုက်ပါ။ မြူခိုးငယ်ပစ်လိုက်သော ပန်းစည်းလေးသည် ကေသရီရင်ခွင်သို့ ပြေးဝင်သွားလေပြီ။ အယောင်ယောင်အမှားမှားနှင့် ဖမ်းကိုင်လိုက်မိပြီးမှ ကြောင်အအနှင့်ကြည့်နေသော ကေသရီ၊ သိလိုစိတ်အပြည့်နှင့် လှည့်ကြည့်သော မြူခိုးငယ်၊ ခပ်လှမ်းလှမ်းမှနေ၍ ထိုမြင်ကွင်းကိုကြည့်နေပါသော လွင်ပြင်ဝေး။

"Congratulations, ကိုလွင်ပြင်"

နောက်ဘက်မှနေ၍ ပခုံးကိုဖက်ကာပြောလာသောစကားကြောင့် လွင်ပြင်ဝေးလှည့်ကြည့်သည့်အခါ ပြောလာသူက သတို့သားအသစ်စက်စက် လေးညှို့။

"ပြောင်းပြန်ကြီးကွာ"

"မြန်မြန်ယူကြပါဗျာ။ ကျွန်တော်တော့ မြူ့ကို ကေသရီနဲ့ပြိုင်လုနေရသလို ခံစားရလွန်းလို့ပါ"

"ဟား ဟား၊ သူတို့က အချစ်ဆုံးသူငယ်ချင်းတွေလေ"

"အစ်ကို ကေသရီကို အဲဒီလိုလွှတ်ထားရလား? မြူ့နားမှာပဲရောက်နေတာ အစ်ကို ဘယ်လိုမှမနေဘူးလား?"

"ကိုယ့်မျက်စိရှေ့မှာပဲ သူစိတ်ချမ်းသာနေတာကို မြင်နေရတာ ကိုယ်ကျေနပ်တယ်"

"အဲဒီစကားရဲ့အဓိပ္ပါယ်ကို ကျွန်တော် အတိအကျသိသလိုပဲ။ ကျွန်တော်ကတော့မရဘူး၊ ကျွန်တော့်အနားမှာပဲ ကျွန်တော့်ကြောင့်ပျော်ရွှင်နေရအောင် လုပ်ပေးချင်တာ"

"ကောင်းပါတယ်၊ အဲဒီဆန္ဒလည်း ပြည့်သွားပြီမဟုတ်လား"

"ထင်ရတာပဲ။ ကေသရီ့အချိုးတွေကို ကြည့်ရဦးမယ်"

"Hey, she's my girlfriend."

"သိပါတယ်။ မတတ်နိုင်ဘူး၊ အစ်ကို့ရှေ့လည်း ပြောရမှာပဲ။ တကယ်ကြည့်မရတာ။ သူကလည်းပြောပါတယ်၊ ကိုလေးညှို့က မုန်းစရာကောင်းတယ်တဲ့"

"ဟား ဟား ဟား"

သတို့သားက ရင်ဖွင့်ပွဲလုပ်နေသကဲ့သို့ သတို့သမီးဘက်တွင်လည်း

"ကေကေးရေ၊ ယူတော့မှာလား?"

"သက်သက်မဲ့ ညစ်ပတ်တာမဟုတ်လား၊ မ?"

ပြောပြီး ဘေးကစားပွဲပေါ် ပန်းစည်းကိုတင်လိုက်သည်။

"ဘာလဲ ကေသရီရယ်။ မြူခိုးက လှည့်တောင်မကြည့်တာကို၊ နင်ဘယ်မှာရှိမှန်း သိတောင်မသိဘူး"

"အေးလေ အေးလေ"

"Marry me"

ကေသရီတင်ထားလိုက်သောပန်းစည်းကို ယောက်ျားလေးသူငယ်ချင်းတစ်ယောက်က ယူလိုက်ပြီး ကေသရီရှေ့ခါးညွတ်ကာပြောလေတော့

"မသာလေးက တစ်မျိုး၊ သေချင်တာလား?"

"ဘာရယ်? ချစ်တယ် ဟုတ်လား? အား ... သေပျော်ပါပြီအချစ်ရယ်"

"သေနာကောင်"

ကေသရီလိုက်ရိုက်နေ၍ သူငယ်ချင်းအဖွဲ့တွေကြား ပတ်ပြေးကာ ရယ်ကြမောကြနှင့် မင်္ဂလာပွဲလေးက ပြီးဆုံးခဲ့ရသည်။

¤

"ဟော၊ ကားသံကြားတယ် ကေကေးရဲ့။ ကိုဝေးလာပြီထင်တယ်"

"မြန်လိုက်တာ"

သူတို့ အပေါက်ဝဆီသို့လှမ်းကြည့်နေရင်း

"Catty, အန်ပြန်ပြီလား? အခုဘယ်လိုနေသေးလဲ?"

ဝင်လာလာချင်း လှမ်းမေးနေသောလွင်ပြင်ဝေးကြောင့် လေးညှို့က ထသွားလိုက်ပြီး

"အသက်ရှူပါဦးဗျာ"

"အာ ... ကိုယ်က စိုးရိမ်လို့ပါ။ မနေ့က အန်ပြီးတော့ ဘာမှမစားနိုင်ဘူးလေ။ ပြီးတော့ အစာမရှိလို့ ဗိုက်တွေအောင့်ရော။ အဲဒါ ဒီနေ့ထပ်ဖြစ်ရင် မကောင်းဘူးလေ"

"ကေကေး၊ ငါ့ကိုဘာလို့မပြောတာလဲ?"

"အခုမှ ဘာမှမဖြစ်တာကွာ။ ဝေး၊ ခင်ဗျားကလည်း လျှာရှည်လိုက်တာ"

"စိတ်ပူလို့ Catty, မင်းက အဲဒီလိုခဏခဏဖြစ်နေတာကို ဂရုမစိုက်ဘူးလေ"

"ဟုတ်ပြီဗျာ၊ အစာဝင်အောင်စားမယ်။ အိုခေ? အခုတော့ ပြန်မယ်"

"အင်း၊ လာလေ။ လေးညှို့၊ မြူခိုး၊ ကိုယ်တို့ပြန်တော့မယ်"

"ငါ သွားပြီ၊ မ။ ဆေးကတော့ ညနေကျရင် ဆိုင်ကတစ်ယောက်ယောက်ကို ပို့ခိုင်းလိုက်မယ်။ မင်းယောက်ျားကိုလွှတ်မနေနဲ့၊ မင်းနားမှာပဲထား။ တစ်ယောက်တည်းမနေနဲ့နော်"

"အင်းပါ"

ကေသရီတို့အတွဲထွက်သွားပြီးနောက်

"ဘာဖြစ်နေပြန်တာလဲ ကိုလေး? ဘာလဲ၊ ကေကေးကို ပိုကိုပိုတယ်လို့ တွေးနေပြန်ပြီလား?"

"မတွေးပါဘူး။ ကိုယ်ဝန်ဆောင်တွေခံစားရသမျှ သူကခံစားနေရတော့ မြူ့ကိုသူစိတ်ပူတာ ကိုယ်သိပါတယ်။ သူ့ဆီမှာရပ်သွားရင် မြူတစ်ခုခုဖြစ်မှာကို သူစိုးရိမ်နေတာ ကိုယ်တို့အားလုံးသိတာပဲ။ ကိုယ်လည်းစိတ်ပူတယ်လေ"

¤

ကေသရီနှင့်မြူခိုးငယ်၏အဖြစ်က တကယ်ကိုထူးခြားဆန်းကြယ်၏။
တစ်ရက်တွင် သူတို့နှစ်ဦးစပ်တူဖွင့်ထားသော Floral & Gift House လေးတွင် ထမင်းစားကြရင်း

"အင့်"

"ဘာဖြစ်တာလဲ ကေကေး"

"အန်ချင်သလိုပဲ"

"လေတွေထင်တယ်။ အစားစားလိုက်ရင် သက်သာမလားပဲ"

"အင်း"

ဆက်စားနေကြရင်း

"အွန့်"

ကေသရီ နောက်ဖေးဘက်ပြေးလေတော့ မြူခိုးငယ်ထလိုက်ရတော့သည်။ ထိုနေ့က ပျို့လိုက်၊ အန်လိုက်နှင့် ကေသရီအလုပ်များနေခဲ့သည်။ ပြဿနာသည် တစ်ရက်နှင့်ပြီးမသွားပေ။ ကြာလာတော့ ဆိုင်မှလူတွေပင် ကေသရီကို ဘာလိုလိုတွေကြည့်ကုန်ကြသည်။

"ကေကေး၊ ဘာဖြစ်တာလဲ?"

"ရိပ်ခနဲဖြစ်သွားတာ။ ရတယ်"

"ထိုင်လိုက်ဦး။ ကေကေး၊ ငါမေးရင်စိတ်မဆိုးနဲ့။ နင် လစဉ်မှန်ရဲ့လား?"

"မင့်ကြီးဒေါ်! ငါနဲ့ဝေးနဲ့ ကင်းတယ်ဟ"

"ငါက စိုးရိမ်လို့ပါ ကေကေးရယ်။ အခုကလေ နင့်ပုံစံက အဲဒီလိုဖြစ်နေပြီ။ ဆိုင်ကလူတွေပါ ဘာလိုလိုတွေပြောနေပြီ"

"ဝေးကပါ မမေးပေမဲ့ ဘယ်သူနဲ့လဲထင်တော့မယ်"

"ဟား၊ သူက အဲဒီလိုထင်စရာလား?"

"စိတ်လျှော့၊ အဲဒီလိုတော့ အရိပ်အမြွက်တောင် မပြောသေးပါဘူး။ ငါလည်း ဘာပြောရမှန်းမသိဘူး"

"နင် အိမ်မှာနားနေတဲ့ တစ်ပတ်လုံးလည်း ဆိုင်မှာ တိုးတိုးပြောနေကြတယ်။ ငါမခံနိုင်ဘူး။ ကေကေး၊ ဆေးခန်းပြကြည့်ရအောင်။ တော်ကြာ အစာအိမ်တို့ ဘာတို့ ဖြစ်နေမှာစိုးတယ်"

"အင်း"

"ဟိုလေ၊ ငါတို့ နန်းညိုဆီသွားရအောင်လား?"

"သူ့ဆေးခန်းက ဝေးတာကိုကွာ"

"ဘာပဲပြောပြောကွာ၊ သူနဲ့ကျ အရမ်းရင်းနှီးတော့ တိုင်ပင်လို့ကောင်းတယ်လေ"

"မ၊ ငါ့ကိုမယုံပြန်ဘူးလား?"

"မဟုတ်ဘူး၊ မဟုတ်ဘူးလေ ကေကေးရယ်။ ငါက ရိုးရိုးလေးပြောတာပါဟာ"

"အင်း၊ မနက်ဖြန်သွားမယ်"



"အဲဒီတော့ ငါမေးတာ စိတ်မဆိုးနဲ့နော် ကေသရီ"

"အေးပါ၊ ဒီနှစ်ပတ်အတွင်း ငါလည်း တော်တော်အကျင့်ရနေပါပြီ"

ဒေါက်တာနန်းညို၏ အချိန်အတော်ကြာမေးမြန်းမှုအဆုံးတွင် ဆီးစစ်ကိရိယာလေး ထုတ်ယူလာခဲ့သည်။
ကေသရီမှာတော့ စိတ်ပျက်လက်ပျက်နှင့် လက်မှိုင်ကျသွားလေပြီ။ သို့သော် ဒေါက်တာနန်းညိုပြောသည်က

"မြူခိုး၊ နင် လစဉ်မှန်လား?"

"ငါ? ငါက ... ငါ ပြီးခဲ့တဲ့လကပျောက်သွားတယ်။ ဒီလနောက်ကျနေတယ်။ ဟိုတလောက သွေးပေါင်ကျလို့ နောက်ကျတာလားမသိဘူး"

"ရော့၊ ဆီးစစ်ကြည့်"

"ဟင်? ငါကလား?"

"အင်းလေ၊ နင်က အိမ်ထောင်သည်ပဲ။ ဆီးစစ်ခိုင်းတာ စိတ်ဆိုးဦးမလို့လား?"

မြူခိုးငယ်လက်ထဲသို့ ထည့်ပေးပြီး ကြောင်အမ်းနေသည့်သူ့ကို နောက်ဖေးဘက်သို့ တွန်းလွှတ်နေသော ဒေါက်တာသူငယ်ချင်းကို ကေသရီလည်း တအံ့တဩကြည့်နေမိတော့သည်။
အချိန်အနည်းငယ်ကြာပြီးနောက် မြူခိုးငယ်တစ်ယောက် တစ်စုံတစ်ခုဖမ်းစားခံရသကဲ့သို့ စိတ်လွတ်နေသည့်အနေအထားနှင့် ရှေ့သို့ထွက်လာကာ ဒေါက်တာ့လက်ထဲသို့ ဆီးစစ်ကိရိယာလေး ပေးလာသည်။

"Two lines"

ကေသရီ၏ ရေရွတ်သံကြောင့် ဒေါက်တာနန်းညို ထရယ်လေတော့သည်။

"ခစ် ခစ်၊ တကယ်ရယ်ရတယ် သိလား? ကိုလေးညှို့တစ်ယောက်တော့ ပေါက်ကွဲတော့မှာပဲ။ တကယ်ဆို မိန်းမကိုချစ်လွန်းတဲ့ယောက်ျားတွေ ကိုယ်စားခံစားပေးတယ်လို့သာ ကြားဖူးတာလေနော်"

"ဟင့် ... အင့် ... အီး ဟီး"

"ဟာ! မ၊ ဘာလို့ငိုတာလဲ? ဘာဖြစ်လို့လဲ?"

"ပျော်လို့။ အင့် ... ဟင့် ... စိတ်မကောင်းလို့"

"မြူခိုးရယ်၊ စိတ်ထိန်းပါ။ ဒီလိုအချိန် နင့်စိတ်တွေရှုပ်ထွေးနေမှာ သိပါတယ်"

"မဟုတ်ဘူး ညိုရဲ့။ ဟင့် ... ငါကလေ ... အင့် ... ငါ့ကြောင့်ဖြစ်တာမသိဘဲ ... ကေကေးကို တစ်မျိုးထင်မိသေးတာ။ ဟီး ... ငါကဆိုးလိုက်တာ"

"မငိုနဲ့လေ။ ငါက မင်းကို အပြစ်ပြောမိလို့လား? တော်ပြီ၊ မငိုနဲ့တော့ ပင်ပန်းတယ်။ ဗိုက်ထဲကကလေးပါ မောနေလိမ့်မယ်"

ကလေးဆိုမှပင် မြူခိုးငယ် အငိုတိတ်တော့သည်။ ဤသည်ကိုပင် ရှိုက်သံက မဆုံးချင်သေးပါ။
ဒေါက်တာနန်းညိုသည်လည်း အတွေ့အကြုံအသစ်တစ်ခု ရသွားသကဲ့သို့ ကေသရီနှင့်ဖြူခိုးငယ်တို့ကိစ္စသည်လည်း သူငယ်ချင်းများကြား Hit ဖြစ်သွားခဲ့ရသည်။
လွင်ပြင်ဝေးသိသွားသည့်အခါတွင်

"ဟား ... တော်သေးတာပေါ့။ မဟုတ်ရင်လေ၊ ကိုယ့်မှာ Catty ကိုမျက်နှာပူလို့ တွေ့တောင်မတွေ့ရဲဘူး။ ကိုယ်တို့ကိုတွဲတွေ့နေရင် လူတွေက Catty ကို အထင်သေးသလိုများကြည့်မလား၊ Catty များ အနေရခက်မလား၊ ရောဂါတစ်ခုခုများဖြစ်နေသလားနဲ့ ရင်တွေပူလိုက်ရတာ"

"တခြားတစ်ယောက်နဲ့ တစ်ခုခုဖြစ်လာသလားလို့ရော မတွေးဘူးလား?"

"ဟဲ့၊ နင်ဘယ်လိုမေးလိုက်တာလဲ?"

"သူယောက်ျားလေ၊ တွေးမှာပဲ။ ငါဆိုလည်းတွေးမှာ"

"ကိုယ်ဝန်ခံပါတယ်၊ တွေးခဲ့ဖူးတယ်။ ဒါပေမဲ့ Catty စကားကိုပဲ ယုံပေးဖို့ ကိုယ်ဆုံးဖြတ်လိုက်ပြီးသား"

"တခြားတစ်ယောက်ကိစ္စ ခင်ဗျားကိုတာဝန်ယူခိုင်းရင်ရော?"

"ကေကေး၊ တော်ပါတော့။ မဟုတ်တာတွေ မမေးနဲ့လေ"

"ကိုယ်က မင်းပြောတဲ့အတိုင်းလုပ်မှာ Catty"

"မဟုတ်လို့ပြောရဲတာများ"

"ကေကေးရေ၊ နင်တော်လိုက်တော့လို့ ငါပြောနေတယ်လေ။ ဘာဖြစ်လို့ ဘာပြောပြောအလိုမကျတာလဲ? မရစ်ပါနဲ့တော့ ကေကေးရယ်။ ကိုဝေးက နင့်ကိုသိပ်ချစ်တာ နင်သိသားနဲ့"

"မင်းက ဘာကိစ္စ ရှေ့နေလိုက်နေတာလဲ?"

သူ့ရှေ့မှ ငရုတ်သီးများများနှင့်သရက်သီးသုပ်ကို ယူစားရင်း ကေသရီတစ်ယောက် မာန်ဖီနေပြန်ပါတော့သည်။

"အေးပါဟာ၊ မပြောတော့ပါဘူး"

အမှန်တကယ်ပင် ကိုယ်ဝန်ဆောင်သည်က မြူခိုးငယ်ပါဟု ကျိန်ပြောလျှင်ပင်ယုံစရာမရှိ။



လေးညှို့သိစဉ်ကတော့ ပိုဆိုးခဲ့သည်။

"တကယ်လား? တကယ်လား မိန်းမ? အား ... ပျော်လိုက်တာ။ ငါအဖေဖြစ်တော့မယ်"

မြူခိုးငယ်ကိုဖက်ပြီး အပျော်လွန်နေသူကိုကြည့်ကာ ကေသရီရေရွတ်လိုက်သည်။

"အခုမှ လာချစ်ပြနေတာ။ ကိုယ့်မိန်းမဘာဖြစ်နေသလဲလို့ တစ်ချက်တောင်မရိပ်မိဘဲနဲ့"

"မင်းတို့မိန်းကလေးချင်းတောင် ရိပ်မိလို့လား?"

"ကိုလေး၊ မပြောနဲ့လေ"

မြူခိုးငယ် ခပ်တိုးတိုးတားမြစ်လိုက်၍ လေးညှို့အာရုံက မိန်းမဖြစ်သူဆီ ပြန်ရောက်လာသည်။

"ဒါဆို ကိုယ်ဝန်ဆောင်တွေနဲ့ပတ်သက်တာတွေ ကိုယ်ရှာဖတ်ရမယ်။ မြူက အပူအစပ်တွေ၊ အလေးအပင်မတာတွေ ရှောင်ရမယ်မဟုတ်လား?"

"သူ မစားပါဘူး"

ကေသရီပြောသည်မှာလည်း မှန်ပေသည်။ တကယ်တမ်း ထိုသို့စားနေသည်က ကေသရီကိုယ်တိုင်ပင်။

"အင်း"

လေးညှို့မကျေနပ်တော့ပါ။ အမှန်ဆိုလျှင် မိန်းမကိုယ်စား ယောက်ျားဖြစ်သူက ခံစားပေးသည်သာ သူကြားဖူးသည်။ ယခုက ကိုယ်စားဖြစ်နေသည်မှာ သူမဟုတ်ပါဘဲ ကေသရီဖြစ်နေသည်။ ဘာကြောင့်ဖြစ်ရလဲမေးချင်သော်လည်း နောက်ဆုံးတော့ လေးညှို့ကပင် မိန်းမကိုမချစ်သူ ဖြစ်သွားနိုင်ပေသည်။ ထိုထိုသောအချက်များနှင့် ကေသရီအပေါ် လေးညှို့၏မနာလိုမှုများ ပိုများလာခဲ့သည်။

"မ၊ နွားနို့သောက်ရင် ကလေးက အသားဖြူတယ်တဲ့။ မင်းလည်း နွားနို့ကြိုက်တာပဲ၊ ပုံမှန်သောက်ပေးလေနော်"

"အင်းပါ"

"နန်းညိုပြောလိုက်တဲ့ ဆေးတွေလေ၊ သူ့ဆီမရှိတဲ့ဆေးတွေကို ငါမှာထားပြီးပြီ။ မနက်ဖြန်လာပို့လိမ့်မယ်"

"ဟင်၊ ဘယ်တုန်းကမှာတာလဲ? နေ့လယ်ကပဲ ဆေးခန်းကပြန်ရောက်တာကို"

ဆေးခန်းမှပြန်ရောက်ကတည်းက ညနေ လေးညှို့ပြန်လာသည်အထိ ကေသရီကစောင့်ပေးနေခဲ့သည်။ ယခုလည်း လေးညှို့ပြန်ရောက်လျှင်ရောက်ချင်း စကားပြောနေကြခြင်းပင်။

"လိုင်းပေါ်ကနေ ဟိုကောင်တွေဆေးဆိုင်ကို မှာလိုက်တာ။ စကားတွေရှည်နေလို့ မြူခိုးအနားယူနေတယ်၊ ဖုန်းဆက်မေးချင်ရင် မနက်ဖြန်မှမေးလို့ ပြောထားတယ်"

"ခစ် ခစ်၊ နင်သိပ်တော်တယ်"

သူ့ရှေ့တွင် နှစ်ယောက်တစ်ကမ္ဘာဖြစ်နေသော ကေသရီတို့ကိုကြည့်ကာ လေးညှို့မျက်နှာ အုံ့မှိုင်းနေတော့သည်။

"ကိုလေးညှို့၊ စာအုပ်ရှာဝယ်မှာဖြင့် မြန်မြန်ဝယ်နော်။ ကျွန်တော်မရှာလိုက်တော့ဘူး။ ပြန်တော့မယ်၊ မင်းနားတော့လေ မ"

"အင်း၊ ကားကို သတိထားမောင်းဦး"

"အင်းပါ။ ကားနားလိုက်မနေနဲ့တော့"

"တောက်၊ ပြန်တာကို ကောင်းကောင်းမပြန်ဘူး။ ငါ့ကိုခနဲ့သွားသေးတယ်။ စာအုပ်မြန်မြန်ရှာဝယ်တဲ့။ သူအရင်သိလို့ သူအရင်ဦးပြီး ဆေးတွေမှာပေးတာကိုများ ပနာယူနေသေးတယ်"

"အယ်၊ အဲဒီလိုမဟုတ်ပါဘူး ကိုလေးရယ်။ ကေကေးက အဲဒီသဘောနဲ့ပြောတာ မဟုတ်ပါဘူး"

"ကျွန်တော်မရှာတော့ဘူးဆိုပြီး ပြောသွားတာလေ"

"စိတ်လျှော့ပါနော်။ သူကပြောသွားလည်း ကိုလေးကအကြီးပဲ၊ ခွင့်လွှတ်လိုက်ပါ"

"အဲဒီခြ​​​​င်္သေ့မနဲ့တော့ကွာ"

"ခစ်ခစ်၊ ကိုဝေးကတော့ ကြောင်ငယ်လေးတဲ့လေ။ Catty က ချစ်ဖို့ကောင်းပါတယ်လေ"

"အေး၊ ချစ်နေလိုက်ကြပါတော့"

¤

"Catty, ဘာစားချင်လဲ?"

"မြန်မာမုန့်တွေစားချင်တာ"

"အိုခေ"

မြန်မာမုန့်အစုံရသည့် မြန်မာထမင်းဆိုင်လေးတွင် ကေသရီစိတ်ကြိုက်ဝင်ဝယ်ပြီး ကမ်းနားမှဆိပ်ခံတံတားဘက် ထွက်ခဲ့ကြသည်။ စားသောက်နေရင်း ကေသရီက

"ကျွန်တော် တော်တော်လေး သက်သာနေပြီ။ အရင်လောက်မဖြစ်တော့ဘူး။ သူ့ကာလကျော်သွားပြီထင်တယ်။ နောက်ပိုင်းဝေဒနာတွေကျ မြူခိုးငယ်ကို ဂရုစိုက်ပေးမှဖြစ်မယ်ထင်ပါရဲ့"

"လေးညှို့က စိတ်ချရပါတယ်"

"ဝေး"

"ဟင်?"

"ကျေးဇူးတင်ပါတယ်"

"ရုတ်တရက်ကြီးပါလား Catty"

"ကျွန်တော့်ကို အများကြီးသည်းခံပြီး ချစ်ပေးလို့လေ"

"ကိုယ်ကလည်း ကျေးဇူးတင်ပါတယ်။ ကိုယ့်ရဲ့အချစ်တွေအများကြီးကို မညည်းမညူလက်ခံပေးလို့"

"ပြောရရင်လေ၊ အဲဒီလို အများကြီးချစ်ခံရတော့လည်း စိတ်ပင်ပန်းရသား"

"အဲဒီလိုဖြစ်သွားလား? ကိုယ့်ကိုအားမနာပါနဲ့ Catty ရယ်၊ အနားမှာနေပြီး ချစ်နေခွင့်ရနေတာကိုပဲ ကိုယ်ကျေနပ်နေပါပြီ"

"အင်း၊ ကျွန်တော်လည်း ချစ်ပါတယ်"

"အင်း၊ တစ်ခါတလေပြောလို့လားမသိဘူး။ အဲဒီစကားကြားလိုက်ရရင် ရင်ထဲမှာငလျင်တွေလှုပ်တယ်"

"ဟာဟ၊ ခင်ဗျားကတော့ ပိုပြီ"

"ပိုပါရစေ"

ကေသရီခါးကိုသိုင်းဖက်ပြီး ခေါင်းထဲမျက်နှာဝှက်ကာ အနမ်းခြွေလိုက်ပြီး လွင်ပြင်ဝေးတစ်ယောက် အပြုံးကြီးပြုံးနေမိတော့သည်။

¤

"ကိုလေးညှို့၊ မကလေ သားအိမ်ကနည်းနည်းလေး ..."

"ဘာဖြစ်လို့လဲ ကေသရီ?"

"ဟိုလေ၊ ဂရုစိုက်ပေးပါ။ ကလေးကလည်းနှစ်ယောက်ဆိုတော့ ပိုပြီးဂရုစိုက်ရမယ်ထင်တယ်။ မပြောကောင်းမဆိုကောင်း ဒီတစ်ခါလွဲချော်သွားရင် နောက်တစ်ခါကိုယ်ဝန်ဆောင်ဖို့ မဖြစ်နိုင်ဘူးတဲ့"

"ဘာ ... ဘာပြောတာလဲ?"

"အဲဒါတွေ မ မသိဘူး။ နန်းညိုက ကျွန်တော့်ကိုပြောတာ။ မ သိရင် တစ်ခုခုဆို ကလေးတွေကိုဦးစားပေးပါလို့ပဲ ပြောတော့မှာ"

"ဟာ ... အဲဒီတစ်ခုခုလည်း မဖြစ်ရဘူး။ ဖြစ်ရင်တောင် မြူကအဓိကပဲ"

"အဲဒီလောက်ဆို ကျွန်တော်စိတ်အေးပြီ။ ကိုလေးညှို့က ကလေးအရမ်းချစ်တတ်တော့ စိတ်ပူမယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ သူမသိပါစေနဲ့နော်"

"အင်း၊ ပြောပြပေးတာ ကျေးဇူးတင်ပါတယ်။ ငါဂရုစိုက်ပါ့မယ်။ ဘာမှမဖြစ်စေရပါဘူး"

¤

"မရေ၊ ဖြည်းဖြည်းထိုင်ပါဟ"

"ဖြည်းဖြည်းပါပဲ"

"ကိုယ့်ဗိုက်ကိုယ်ကြည့်ဦး"

"ကြည့်တယ်လေ၊ အမွှာလေးနှစ်ယောက်တဲ့"

"ဟာဟ၊ ဘာလေးတွေလဲ မသိချင်ဘူးလား?"

"လူလေးတွေပေါ့"

"ဪ၊ အေး။ ခြ​င်္သေ့လေးတွေဆို ကိုလေးညှို့တစ်ယောက် ငါ့ကိုလာသတ်လိမ့်မယ်"

"ငါ့ကိုလည်းပြောနေတယ်။ ကေသရီနဲ့ ခဏခဏမတွေ့နဲ့တဲ့။ မွေးလာတဲ့ကလေးလေးတွေ ကေသရီနဲ့တူနေရင် မဖြစ်ဘူးတဲ့လေ"

"ဘာလဲ၊ အခုတောင် သူငယ်ချင်းတွေဆုံရင် သူ့ကိုဝိုင်းဟားနေကြတယ်လို့ ထင်နေတာမဟုတ်လား"

"ခစ်ခစ်၊ သူ့ဘာသာ အတွေးတွေများနေတာပါ"

"အင်း၊ အလကားနေ ရန်လိုနေတာ"

"နင်ကရော ဘာထူးလို့လဲ?"

"အေး၊ ကိုက်သတ်ချင်နေတာ"

"နင်တို့ကတော့လေ၊ တကယ်ပါပဲ။ ဒါနဲ့၊ နင်ကရော ကိုဝေးနဲ့ ဘယ်တော့ယူမှာလဲ?"

"ဘာမှလည်းမဆိုင်ဘူး"

"စကားမလွှဲနဲ့။ နင့်ကို ကိုဝေးက လက်ထပ်ခွင့်တောင်းထားတယ်မဟုတ်လား?"

"မယူချင်သေးပါဘူး"

"ယူမယ်ဆို မငယ်တော့ဘူးနော် ကေကေး"

"အဲဒါ မင်းကြောင့်လေ"

"ဘာလို့လဲ?"

"မင်းဗိုက်ကိုကြည့်ပြီး သူလည်း စိတ်ကူးယဉ်နေတာ"

"သူလည်း အားကျမှာပေါ့"

"သူမွေးပေးရမှာမဟုတ်တိုင်း အားကျစရာလား?"

"နင်ကလည်းဟယ်။ စဉ်းစားပေးလိုက်ပါ။ ချစ်ရဲ့သားနဲ့"

"ချစ်တာနဲ့လက်ထပ်တာ မတူဘူးလေ"

"ဒီစကားတွေပဲပြောနေလိုက်တော့။ တကယ်ကို ကျွဲပါးစောင်းတီး"

"ငါ လက်မထပ်ချင်သေးဘူး"

"ဒါဆိုလည်း သူပြောသလို စေ့စပ်ထားလိုက်ပေါ့"

"စဉ်းစားဦးမယ်"

¤

"ကေကေးရေ၊ ငါမှာထားတဲ့ ကြေးအိုးရော?"

"လာပို့နေပြီတဲ့"

"အင်း၊ ဗိုက်ဆာလို့"

"ခဏစောင့်လိုက်ပါ။ သိပ်မှမဝေးတာကို။ ငါ အပြင်ထွက်စောင့်နေလိုက်မယ်"

အနည်းငယ်ကြာသည်အထိ ပြန်ဝင်မလာသော ကေသရီကြောင့်

"ဟင့်၊ သူကိုယ်တိုင်များ ကြေးအိုးသွားလုပ်နေသလားပဲ"

မြူခိုးငယ် အပြင်ထွက်လိုက်ရန်ပြင်လိုက်သည်။

"မမမြူ၊ အပြင်ထွက်မလို့လား? သမီးတွဲပေးမယ်လေ၊ ဘယ်သွားမလို့လဲ?"

"ကေကေးက ကြေးအိုးပို့မယ့်လူကို ထွက်စောင့်နေတာ ပြန်မလာသေးလို့"

"ဪ၊ မကေ ခုနကမှထွက်သွားတာပဲ။ ကြာသေးပါဘူး မမရဲ့။ လာ၊ သမီးနဲ့သွားထွက်ကြည့်ကြမယ်"

အပျင်းပြေဆိုင်ကိုလာရင်း ကြေးအိုးမှာစားသော မြူခိုးငယ်ကို ဆိုင်ကကောင်မလေးကတွဲကာ အပြင်ထွက်လာခဲ့ကြသည်။
ဆိုင်ပေါက်ဝနှင့်မလှမ်းမကမ်း သစ်ပင်အရိပ်လေးတွင် Food Delivery ကောင်လေးဆီမှ အစားအသောက်များလက်လွှဲယူနေသော ကေသရီကို တွေ့လိုက်ရသည်။

"မကေက လာပါပြီ မမမြူရဲ့"

"အင်း"

ကေသရီပြန်လှည့်ရာဆီသို့ မြူခိုးငယ် ရပ်ကြည့်နေစဉ် အပေါ်ထပ်မှပြုတ်ကျလာသော အလှပန်းအိုးကြီးတစ်လုံးသည် ကေသရီခြေလှမ်းမည့်နေရာနှင့်တည့်တည့်။
ကေသရီသည်က သတိမထားမိဘဲ မြူခိုးငယ်ကိုသာ သူ့လက်ထဲမှအထုပ်တွေကို မြှောက်ပြလိုက်သည်။

"ကေကေး နောက်ဆုတ်"

ကေသရီက နောက်သို့ပြန်လှည့်ကြည့်သည်။ မြူခိုးငယ် ပြေးသွားပြီး ကေသရီကိုဆွဲဖက်တော့ နှစ်ဦးသားပစ်လဲပြီး ပန်းအိုးက သူတို့အနားမှာပင် ကွဲသွားခဲ့သည်။

"မ၊ ဘယ်လိုလုပ်လိုက်တာလဲ? မ"

"အား၊ အား ဟ။ နာတယ်"

"မမမြူ။ မကေ၊ သွေးတွေ။ မမမြူမှာ သွေးတွေ"

"မ၊ သတိထားပါဦး။ မရေ"

¤

"ကေသရီ၊ မင်းထွက်သွား"

"မကို ဝင်တွေ့ပါရစေ"

"မလိုဘူး။ မင်း သူ့အနားမှာရှိနေရင် ထပ်ပြီးထိခိုက်နေလိမ့်မယ်"

"ကျွန်တော် တောင်းပန်ပါတယ်"

"ထွက်သွား"

ဆေးရုံအခန်းဝမှာပင် အပြင်သို့တွန်းထုတ်ခံလိုက်ရ၍ ခုံတန်းလေးတွင် ထိုင်နေလိုက်မိသည်။

"Catty, အရမ်းတွေ ငိုနေပြန်ပြီလားကွာ"

"ကလေးလေးတွေ ... ကျွန်တော့်ကြောင့် ..."

"ကိုယ့်ကြောင်လေးကြောင့် မဟုတ်ပါဘူးကွာ။ ဖြစ်ချိန်တန်လို့ ဖြစ်ရတာပါ"

"သူတို့ မရှိတော့ဘူး။ မက နောက်ထပ်လည်း ကလေးမရနိုင်တော့ဘူး"

¤

"ဘာဖြစ်တယ်? မြူခိုးတို့ရဲ့သန္ဓေသားကို ကိုယ်ဝန်ဆောင်ပေးမလို့?"

"အင်း"

"မဖြစ်နိုင်တာတွေမလုပ်နဲ့ Catty"

"ဘာလို့မဖြစ်နိုင်ရမှာလဲ? အငှားကိုယ်ဝန်ဆောင်တွေတောင် ရှိနေသေးတာပဲ"

"အဲဒီတော့ ကိုယ်က ဘယ်လိုလုပ်ပေးရမှာလဲ? စေ့စပ်ထားတာ ပြန်ရုတ်သိမ်းမပေးနိုင်ဘူးနော်"

"အဲဒါဆို လက်ထပ်ပြီး ကလေးအဖေနာမည်ခံမလို့လား? စေ့စပ်ပွဲကိုပဲ ဖျက်သိမ်းပေးလိုက်ပါဗျာ"

"နာမည်ခံဖို့လား? အဲဒီလိုလုပ်သင့်ရင်လည်း လုပ်ရမှာပေါ့။ ငါက မင်းကိုချစ်တာလေ၊ မင်းဘာဖြစ်ဖြစ် ငါလက်မလွှတ်နိုင်ဘူး"

"မဖြစ်နိုင်တာမပြောနဲ့"

"မင်းအရင်ပြောတာ။ အဲဒီကိစ္စရှေ့ဆက်တိုးမယ်ဆိုရင် ငါနဲ့အရင်လက်ထပ်ပါ"

¤

"မ"

"အင်း"

"ငါ ဝေးနဲ့လက်ထပ်တော့မယ်"

"ဪ"

"ငါ့ကိုခွင့်မလွှတ်နိုင်တာလား?"

"မဟုတ်ပါဘူး။ နင့်ကိုတွေ့ရရင် ကလေးတွေကို သတိရတာပါ"

"မငိုပါနဲ့ မရယ်။ ငါလေ ကိုလေးညှို့နဲ့ မင်းရဲ့ရင်သွေးကို ငါကိုယ်တိုင်မွေးပေးမယ်"

"ဘယ်လို? အာ ... ဟင့်အင်း၊ မလုပ်ရဘူး။ အဲဒီလိုလုပ်ဖို့ ကိုဝေးနဲ့လက်ထပ်မှာဆိုရင် မလုပ်ရဘူးနော်"

"သူနဲ့ငါညှိပြီးပြီ"

"ဟင့်အင်း၊ ငါသဘောမတူဘူး"

"သေချာစဉ်းစားပါ မ။ ငါကတော့ ရအောင်လုပ်ယူမှာ"



"ဘာဖြစ်တယ်? မင်းရူးနေလား ကေသရီ? အဲဒီလိုစကားနဲ့တော့ ငါ မင်းကိုခွင့်မလွှတ်နိုင်ဘူးနော်"

"ကိုလေးညှို့ခွင့်လွှတ်ဖို့ ကျွန်တော်လုပ်နေတာမဟုတ်ဘူး။ မအတွက် ဖြေစရာတစ်ခုရှိအောင် လုပ်နေတာ"

"ကိုလွင်ပြင်နဲ့ လက်ထပ်မှာဆို?"

"အင်းလေ။ အများအမြင်မှာတော့ သူနဲ့ကျွန်တော့်ရဲ့ကလေးပေါ့။ မွေးပြီးရင် ကိုလေးညှို့တို့ရင်သွေးအဖြစ် ပြန်ပေးပါ့မယ်"

"ကိုယ်စားကိုယ်ဝန်ဆောင်တယ်ဆိုတာ လွယ်သလား ကေသရီ။ ကိုလွင်ပြင်၊ ဒီလူလည်း တကယ်ကိုပဲ"

"အဲဒါ ကျွန်တော်တို့ကိစ္စပါ"

"ငါ သဘောမတူဘူး ကေသရီ"

"ကျွန်တော်ကတော့ မကို ရအောင်ပြောပြီး စီစဉ်မှာ"

¤

"မ၊ အောင်မြင်ပြီ။ ဒီတစ်ခေါက် အောင်မြင်ပြီ"

ဒုတိယအကြိမ်မှာပဲ မြူခိုးငယ်တို့ရင်သွေးလေးက ကေသရီဆီမှာ သန္ဓေမြဲသွားခဲ့ပါသည်။ အားလုံးထက်ကိုပိုပျော်နေသော ကေသရီကို ပြုံးကြည့်နေသည့် လွင်ပြင်ဝေးကြောင့် လေးညှို့ သက်ပြင်းချမိသည်။
သူလိုချစ်တတ်သူ နောက်တစ်ယောက်ရှိပါဦးမည်လား?

"မ၊ ငါလေ ဒီကိုယ်ဝန်ကျတော့ အရမ်းကြီးမအန်တော့ဘူး"

မသိလျှင် အရင်တစ်ခါကိုယ်ဝန်ဆောင်ခဲ့သည်က ကေသရီဟု အထင်မှားနိုင်စရာပင်။

"ငါတောင်းပန်ပါတယ်။ ငါ့ကြောင့် မလည်း အရမ်းကို စိတ်ဆင်းရဲခဲ့ရမှာနော်"

"တော်တော့ ကေကေးရယ်။ အခုက ပျော်ပျော်နေရမယ်လေ"

"ငါပျော်နေရတာ သူတို့လေးတွေကို အားနာတယ်"

မြူခိုးငယ် မျက်ရည်ကျလာသည့်အခါ ကေသရီက

"မငိုပါနဲ့။ ငါ့ရင်တွေ နာလို့ပါ။ နောက်မပြောတော့ပါဘူး"

"အင်း"

¤

"ဝေး၊ ကျွန်တော် တောင်းပန်ပါတယ်။ ဒီကလေးလေးမွေးပြီးရင် ကျွန်တော်တို့ရဲ့ရင်သွေးလေး ယူကြမယ်နော်"

"တကယ်လား Catty?"

"အင်း၊ တကယ်။ ကျွန်တော် ခင်ဗျားကိုချစ်တယ်။ ကျွန်တော့်စိတ်တိုင်းကျ ဆုံးဖြတ်တာတွေကို လိုက်ဖြည့်ဆည်းပေးခဲ့တဲ့အတွက် ကျေးဇူးတင်တယ်"

"အရူးလေး၊ မလိုဘူးလေ။ ကျေးဇူးတင်စရာ မလိုဘူး"

"မသိဘူး၊ ပြောလိုက်ရမှ စိတ်သက်သာမှာမို့"

"ဟား ဟား၊ သဘောပါဗျာ"

¤

"ဟယ်လို ကိုဝေး၊ အိမ်တံခါးကြီးပိတ်ထားလို့"

"မြူခိုး၊ Catty သွေးတွေဆင်းလို့ ဆေးရုံရောက်နေတာ"

"ရှင်! မနက်ကပဲ နောက်နေ့ဆေးရုံကြိုတက်မယ်ပြောနေတာကို"

"အင်း၊ လာမယ်ဆို ဆေးရုံရောက်မှ ကိုယ့်ဆီဖုန်းခေါ်လိုက်ပါ"

"ဟုတ်၊ မြူ အခုလာပြီ"

နေ့စေ့လစေ့နှင့် မွေးရက်နီးလာ၍ နောက်တစ်နေ့ဆေးရုံကြိုတက်မည့် ကေသရီက သွေးဆင်းပြီး ဆေးရုံရောက်သည်တဲ့။ မြူခိုးငယ် မယုံနိုင်ပါ။ လေးညှို့ကိုသာ အကြောင်းကြားရန်ပြင်ရတော့သည်။

"ကေကေး၊ သွေးတွေဆင်းလို့ ဆေးရုံတင်ရတယ်တဲ့။ အဲဒါ မြူလိုက်သွားနေတာ၊ ကိုလေးလည်း ဆေးရုံကိုလိုက်ခဲ့ပေးပါနော်"

"ဟင်? ဟုတ်ပြီ။ ကိုယ်လာခဲ့မယ်၊ မြူ ကားကို သတိထားမောင်းနော်"

"အင်း"

ပြောနေရင်းပင် ရှေ့မှကားက အချိုးမပြေပါ။ လမ်းတောင်းသည်ကိုလည်း ဖယ်မပေးဘဲ နှေးတိနှေးတုံ့နှင့် အလွန်စိတ်ပျက်ဖွယ်ရာပင်။ ကေသရီအတွက် စိုးရိမ်နေမိ၍ အလျင်လိုနေသော စိတ်အစုံတို့ကြောင့် ရှင်းသွားသောယာဉ်ကြောဆီသို့ ကားလေးကိုခေါင်းတည်လိုက်ပြီး ရှေ့ကားကိုကျော်လိုက်ချိန် .....

မြူခိုးငယ်၏အမြင်အာရုံတွင် အရာရာသည် အရှိန်ပြင်းစွာလည်ပတ်နေပြီး ဝေဝါးသွားခဲ့သည်။ သူ ကေသရီဆီသို့ သွားရမည်။

¤

"သမီးလေးမွေးပါတယ်။ ကလေးကကျန်းမာပါတယ်"

"ကလေးအမေက ..."

"စိတ်မကောင်းပါဘူးရှင်။ ကာယကံရှင်ဆန္ဒအရ ကျွန်မတို့ ကလေးကိုပဲ ဦးစားပေးလိုက်ရပါတယ်။ သေဆုံးချိန် (၁၇:၂၃)နာရီပါ"

"ဗျာ"

*Ring Ring*

"ဟယ်လို"

"မြူက အဲဒီကိုလိုက်လာတဲ့လမ်းမှာ ကားတိုက်မှုဖြစ်တယ် ကိုလွင်ပြင်။ ကျွန်တော် (...) ဆေးရုံကို လိုက်သွားနေတယ်။ နောက်မှပြန်ခေါ်မယ်"

အဟက်! ကံတရားကလေ၊ သိပ်ကိုကျီစယ်ပါတယ်ဗျာ။ ကျွန်တော်က ဘာဆက်လုပ်ရမလဲ?

နှစ်နာရီခန့်ကြာပြီးနောက်

"ပြော၊ လေးညှို့"

"မြူ ဆုံးပြီ။ မြူမရှိတော့ဘူး ကိုလွင်ပြင်"

"ဘာ"

"ဟုတ်တယ်၊ မြူ မရှိ ..... ဟင် ... ကိုလွင်ပြင်၊ ကေသရီရော? ကေသရီဘယ်လိုနေလဲ?"

"သေဆုံးချိန် (၁၇:၂၃)နာရီတဲ့။ သမီးလေးက သူတို့နဲ့သိပ်တူတယ် လေးညှို့"

"ဗျာ"

¤

ညှို့မြူကေလွင်

"ဟုတ်၊ နာမည်ရှည်ရင် ကေငယ်လို့ပဲခေါ်ပါနော်။ ဖေဖေ မေမေတို့နာမည်တွေပါအောင် မှည့်ထားလို့ပါ"

"သမီးလေး ဖေဖေ မေမေ နာမည်ကရော?"

"ဦးလေးညှို့၊ ဒေါ်မြူခိုးငယ် နဲ့ ဦးလွင်ပြင်ဝေး၊ ဒေါ်ကေသရီပါ"

"မဟုတ်ဘူးလေ။ ဖေဖေနဲ့မေမေက ဘယ်သူတွေလဲ?"

"ကေငယ့်မှာ ဖေဖေနှစ်ယောက်၊ မေမေနှစ်ယောက်ရှိလို့ပါ"

"မဟုတ်သေးပါဘူး။ အခု သမီးက ဘယ်သူနဲ့နေတာလဲ?"

"ဖေဖေနဲ့လည်းနေတယ်။ ပါပါးနဲ့လည်းနေပါတယ်"

"အဲ၊ မတူဘူးလား?"

"ဖေဖေကတစ်အိမ်၊ ပါပါးကတစ်အိမ်လေ။ မတူပါဘူး"

ကလေးငယ်၏အဖြေသည် ကြားရသူတိုင်းကို နားလည်ရခက်စေခဲ့သည်။

"ကျွန်တော်တွေးမိတယ်။ သူတို့နှစ်ယောက်ရဲ့အချစ်က ဘယ်လိုလဲလို့ပေါ့။ အစ်ကိုရဲ့လိုက်လျောမှုတွေကိုလည်း တကယ်အံ့ဩတယ်"

"သူတို့အချစ်ကို အမျိုးအစားမခွဲတတ်လို့ ကိုယ့်ဘက်က လိုက်လျောမှုတွေနဲ့ ဖူးစာရေးခဲ့တာပါ"

"ဒါဆို ကျွန်တော်တို့နှစ်တွဲရဲ့ဖူးစာက မှန်ခဲ့ရဲ့လား?"

"မေတ္တာမှန်ခဲ့ရင် ဖူးစာမှန်၏၊ မမှန်၏က အရေးမကြီးတော့ပါဘူး"



ငါတို့ မင်းတို့ကိုလွမ်းရင်းနဲ့ သမီးလေးကို အစွမ်းကုန်ချစ်ပေးပါ့မယ်။

~~~~~~~~~~ The End ~~~~~~~~~~
© Demon ,
книга «April Memo- One shot Collection».
Коментарі