Perfect Wish (ေဇာ္ဂ်ီ)
The real us (1): I wanna know the real you (ေဇာ္ဂ်ီ)
The real us (2): You don't know the real me (ေဇာ္ဂ်ီ)
The Most (+) (ေဇာ္ဂ်ီ)
Perfect Wish (ယူနီကုတ်)
The real us (1): I wanna know the real you (ယူနီကုတ်)
The real us (2): You don't know the real me (ယူနီကုတ်)
The Most (+) (ယူနီကုတ်)
ဖူးစာမှန်သည် မမှန်သည်
The real us (2): You don't know the real me (ယူနီကုတ်)
"သား၊ သားချစ်သူက ယောက်ျားလေးဆို?"

"ဟို ... ဖေဖေသိသွားပြီလား? အဲဒါကလေ၊ သား ဖေဖေ့ကိုမပြောရဲလို့ပါ"

"မပြောရင် မသိတော့ဘူးတဲ့လား?"

"အဲဒီလိုမဟုတ်ပါဘူး ဖေဖေ။ တကယ်ပါ၊ သားက လိင်တူစိတ်ဝင်စားမိတယ်ဆိုတာ ဖေဖေ့ကိုဖွင့်မပြောရဲတာပါ။ ဖေဖေစိတ်ပျက်သွားမှာ၊ သားအပေါ်စိတ်ကုန်သွားမှာကို သားရင်မဆိုင်ရဲသေးလို့၊ ဖေဖေ့မေတ္တာရိပ်အောက်မှာပဲ ဆက်နေချင်သေးလို့ပါ"

"ကြားကြားချင်း မယုံနိုင်ခဲ့ဘူး။ အဖေသိပ်ချစ်တဲ့သားကို အဖေက ဇနီးသားသမီးတွေနဲ့ နွေးထွေးတဲ့မိသားစုလေး ရစေချင်တာ။ သားလေးကို အထီးကျန်တာမျိုးမခံစားရစေချင်လို့ အဖေဂရုတစိုက်စောင့်ရှောက်နေတယ်လို့ ကိုယ့်ဘာသာထင်ထားခဲ့တာ။ တကယ်တမ်းကျ ကိုယ့်သားက ဘာဖြစ်နေလဲဆိုတာတောင် အဖေမသိခဲ့ဘူး"

"တောင်းပန်ပါတယ် ဖေဖေရယ်။ ဖေဖေ သားကို လိုလေသေးမရှိ စောင့်ရှောက်ခဲ့ပါတယ်။ သားကိုက ... သားကိုက အဲဒီလိုဖြစ်သွားခဲ့ရတာမို့ ဖေဖေ့ဘက်က လိုအပ်ချက်မရှိပါဘူး"

"သား၊ ပြန်စဉ်းစားပါဦး။ အဖေ အတင်းအကျပ်မလုပ်ချင်ဘူး။ သားရဲ့ဖြစ်တည်မှုကိုလည်း အဖေလက်ခံဖို့ ခက်နေတယ်"

"ဖေဖေ လက်မခံနိုင်ရင် သား ... ထွက်သွားပေးပါ့မယ်။ ပတ်ဝန်းကျင်မှာ သားအတွက်နဲ့ ဖေဖေမျက်နှာမပျက်စေရပါဘူး"

"မဟုတ်ဘူး ဆူးရိုင်း၊ မဟုတ်ဘူးလေ သားရယ်။ အဖေ အဲဒီလိုပြောချင်တာမဟုတ်ဘူး။ သားကို အဖေမစွန့်ပစ်နိုင်ဘူး။ သားစိတ်ကို ပြုပြင်စေချင်တာ။ အဖေသိပ်ပြီးလောဘကြီးမိသလား သား"

"ဖေဖေ၊ သား ... သား ကြိုးစားပါ့မယ်။ ဒါပေမဲ့လေ၊ သားအဖေ့ကို အရမ်းအားနာလို့ ..."

"တော်ပြီ သား၊ တော်ပြီ။ အဖေ့ဆန္ဒကိုပဲ ပြောပြတာ။ သားရဲ့အခြေအနေမှန်သမျှကို လက်ခံပေးနိုင်ဖို့ အဖေလည်း ကြိုးစားနေပါတယ်"

ဖေဖေက ဘယ်လိုသိသွားတာလဲ? ဒီလောက်ဆင်ဆင်ခြင်ခြင်နေတာကို မြန်မြန်ကြီးသိသွားတာက တစ်ခုခုပဲ။ ဘယ်လိုပဲဖြစ်ဖြစ်သိမှာပဲမို့ သိသွားတာလည်း ကောင်းပါတယ်။ ဖေဖေ့ကိုအားနာတယ်။

"ခွန်၊ ငါတို့အကြောင်း ဖေဖေသိသွားပြီ"

"ဟင်! အန်ကယ်ကဘာပြောလဲ ရိုင်း"

"ငါ့ရဲ့ဖြစ်တည်မှုကို သူလက်ခံဖို့ခက်တယ်တဲ့"

"ဪ"

"ငါတို့လမ်းခွဲရအောင်ကွာ"

"ဟာကွာ၊ မဆိုင်လိုက်တာ။ တဖြည်းဖြည်းချင်း နားလည်အောင်ပြောပြလို့ရတယ်လေ။ ကိုယ်တို့တွဲတာမှ နှစ်လပဲရှိသေးတာလေကွာ။ ပြောရက်လိုက်တာ"

"ဖေဖေစိတ်ဆင်းရဲအောင် ငါဆက်မလုပ်နိုင်တော့ဘူး"

"အန်ကယ်က ဆိုးဆိုးဝါးဝါးတွေပြောလို့လား?"

"အဲဒီလိုပြောရင်တောင် ခံသာသေးတယ်။ တော်ပြီကွာ၊ မပြောချင်တော့ဘူး"

ဖေဖေ့ကျေးဇူးတွေက ငါ့အပေါ်အများကြီးပဲ။ အခုလိုကျတော့ ငါမှားပြီလို့ပဲ တွေးမိတယ်။
မျက်ရည်ကအလိုလိုကျပြန်ပါပြီ။

"ရိုင်း၊ ကိုယ်ကားတင်ပြေးလိုက်ရမလား?"

"မင်း ကားတင်ပြေးတိုင်းပါရအောင် ငါက အားနွဲ့တဲ့မိန်းကလေးလည်းမဟုတ်ဘူး"

"လုပ်လိုက်ရလို့ ယောက်ျားတစ်ယောက်အဖတ်တင်သွားမယ်နော်"

"မင်းကလေ တကယ့်ကောင်။ ပေါက်ကရတွေမပြောပါနဲ့ကွာ"

"ရိုင်းစိတ်ပြောင်းသွားအောင် နောက်တာပါ။ အခု ကိုယ့်ဆေးခန်းကို ဝင်ခဲ့ဦးနော်။ Result ကြည့်ရမယ်လေ"

"အင်း၊ ဒါပဲ"

¤

မနေ့ကတည်းက လူကစိတ်ရှုပ်နေတာကြောင့် သင်တန်းကနေ ခပ်စောစောပဲဆင်းလိုက်တယ်။ အထူးအဆန်းပါပဲလား။ သူက ဘာကိစ္စနဲ့ ငါ့ကိုလာစောင့်နေတာလဲ?

"လင်း၊ ငါ ဒီဘက်လမ်းကြုံလို့ မင်းဆီဝင်လာတာ။ အခုပဲဖုန်းဆက်တော့မလို့"

"ဪ၊ အထူးအဆန်းဖြစ်သွားတာ။ ငါက သင်တန်းစောဆင်းလာတာ"

"အိမ်ပြန်မှာမလား? လိုက်ခဲ့လေ"

"မင်းလည်း အိမ်ပြန်တော့မှာလား?"

"အင်း၊ ပျင်းတာနဲ့ ကားပတ်မောင်းမလို့။ ဪ၊ အအေးသောက်ဦး။ ရော့"

"ကောင်းတယ်၊ ငါလည်း စိတ်နည်းနည်းရှုပ်နေတာနဲ့ အတော်ပဲ"

ကားထဲရောက်တော့ အအေးဘူးပေးလာလို့ လှမ်းယူသောက်ရင်း သူမောင်းနေတဲ့ကားပေါ် တဖြည်းဖြည်းအိပ်ပျော်သွားမိတယ်။
ပြန်နိုးလာတော့ မမြင်ဖူး၊ မရောက်ဖူးတဲ့ အခန်းတစ်ခန်းထဲက ခုတင်တစ်လုံးပေါ်မှာ။ ထထိုင်ရင်း ဘာတွေဖြစ်သွားတာလဲ တွေးနေမိတုန်းမှာပဲ ...

"နိုးပြီပေါ့? ခေါင်းမူးနေလား?"

"ခေါင်းမကြည်ဘူး။ ငါဘာဖြစ်တာလဲ? ဒါ ဘယ်နေရာလဲ?"

"ငါ့သူငယ်ချင်းအိမ်ပါ"

"ဘာဖြစ်လို့ ဒီရောက်နေတာလဲ?"

"အဲဒါက ..."

စကားပြောနေရင်း တံခါးခေါက်သံကြားလိုက်ရတယ်။

"ခဏ"

သူအခန်းအပြင်ထွက်သွားပြီး

"ငါမေးနေတယ်လေ၊ ဆူးရိုင်းဘယ်မှာလဲ?"

"ဆူးရိုင်းက အဖေ့သားမက်ဖြစ်သွားပြီလေ။ ဪ၊ သလင်းရိုင်းလို့ပြောရင် ပိုသင့်တော်မယ်ထင်တယ်"

ဖေဖေ့အသံကြားလိုက်ရလို့ နားစွင့်လိုက်ခါမှ မင်း ဘာပြောလိုက်တာလဲ?

"မင်း ဘာစကားပြောတာလဲ? ငါ့ကို အသေသတ်နေကြတာလား?"

"ရင့်၊ မင်းဘာပြောလိုက်တာလဲ? ငါက ဖေဖေ့သားမက်တဲ့လား? မင်း ... မင်းနဲ့ငါ ... မင်းနဲ့ငါ ဘာမှမဖြစ်ဘူးလေ။ ဖေဖေ၊ သူပြောသလို မဟုတ်ဘူးနော်။ သားနဲ့သူ ဘာမှမဟုတ်ဘူး"

"တော်တော့ လင်း၊ ငါ မင်းကိုခိုးပြေးခဲ့တာလေ။ အခုချိန်ဆို တော်တော်များများကသိပြီးကြရောပေါ့"

"ဘာဖြစ်တယ်? ဖေဖေ၊ အဲဒါ ... အဲဒါ ..."

မဟုတ်ဘူးလေ။ ဘာလို့ ငါ့ကို ခိုးပြေးရတာလဲ?
ဖေဖေစိတ်တွေတိုပြီး သူ့ကိုထိုးကြိတ်နေတာသိပေမဲ့ ဘာမှဝင်မပြောမိပါ။ ဖေဖေက သားအရင်းကို အမွေပြတ်စွန့်ပစ်ပြီး မွေးစားသားကိုတော့ သားအဖြစ် ဆက်ပြီးသတ်မှတ်ထားခဲ့တယ်။
တကယ်ဆို ဖေဖေ့သူငယ်ချင်းရဲ့သားကို ဖေဖေကမွေးစားခဲ့တာ။ မိဘအရင်းတွေဆုံးပြီးချိန် အားကိုးရာဖြစ်ခဲ့တဲ့ ဖေဖေ၊ ငယ်ငယ်ကတည်းက ညီအစ်ကိုလို၊ သူငယ်ချင်းလို ခင်တွယ်ခဲ့ရတဲ့ ဆူးရင့်။
သလင်းရိုင်းဆိုတဲ့နာမည်အရင်းကို သူနဲ့ဆင်တူ ဆူးရိုင်းဆိုပြီး ဖေဖေပြောင်းပေးခဲ့တာ။ အခုတော့ သလင်းရိုင်းဘဝကိုပဲ ပြန်ရောက်ခဲ့ရပြီ။

ဖေဖေလက်ခံဖို့ခက်တယ်ဆိုလို့ တိမ်တံခွန်နဲ့လမ်းခွဲဖို့ကြိုးစားနေတဲ့ငါ၊ အခုတော့ ဆူးရင့်နဲ့ညားရသတဲ့။
ဖေဖေ့အမြင်မှာ ငါ့ဖြစ်တည်မှုက ဘာထူးခြားသွားမှာလဲ?
မင်းက ငါ့ကိုချစ်နေတာလို့ ငါမရိပ်မိခဲ့ဘူး။ ငါ့ကိုတန်ဖိုးထားတယ်ဆိုပြီး အခုလိုလုပ်ပစ်တော့ မင်းကိုငါက ဘယ်လိုယုံကြည်ရမလဲ? ခဏလောက်တော့ မျက်နှာချင်းမဆိုင်မိအောင် ရှောင်ပါစေ။ ငါ မင်းကို မမုန်းချင်လို့ပါ။

¤

ငါ့စကားနားထောင်တာလား၊ အရွဲ့တိုက်တာလားလို့ ငါလည်းမသဲကွဲတော့ဘူး။ အစာအိမ်ဖြစ်တတ်လွန်းတဲ့မင်းက ငါ့အပြင် အစားအသောက်ကိုပါရှောင်နေတာ အဆင်မပြေဘူး။
သုံးရက်နဲ့လေးညမြောက်မှာ

"လင်း၊ အား ... ငါ ... ငါဗိုက်အောင့်လို့။ အ! ဘယ်လိုလုပ်ရမလဲ?"

ဖြစ်မှာပေါ့။ မင်းကိုယ်မင်းလည်း ဂရုမစိုက်ဘူး။ ဆေးခန်းသွားရင် ပိုကောင်းမယ်၊ တော်တော်လေး ပြန်အောင့်နေတယ်မဟုတ်လား?

"ဆေးခန်းသွားလေ"

"ငါ ... အင်းပါ"

အင်း ဆိုပြီး ဆေးတွေသွားရှာနေတယ်။ ဆေးတွေပါလာတယ်ထင်ပါရဲ့။
ထမင်းစားဖို့ပြင်နေရင်း မီးဖိုချောင်ထဲရောက်လာတဲ့ မင်းက ဒီလိုအခြေအနေမှာ ထမင်းစားဦးမှာလား?

"ငါ ဆန်ပြုတ်ပြုတ်ချင်လို့ မီးဖိုခန်းသုံးမလို့"

လူကယိုင်နဲ့နဲ့ရယ်။ အခုမှ ဆန်ပြုတ်တဲ့။ ငါ စိတ်ညစ်ပါတယ်။

"ပြီးမှ ငါပြန်လာစားမယ်"

ဖွထားတဲ့ဆေးတွေထဲ မင်းရဲ့ဆေးကတ်က မပါပြန်ဘူး။ ပါလာတဲ့ဆေးတွေက မင်းသုံးဖို့လား၊ ငါသုံးဖို့လား။ ဆေးမသောက်ဘဲ ဘယ်လိုသက်သာမှာလဲ ဆူးရင့်။
ထင်တဲ့အတိုင်း ညဘက်ဗိုက်အောင့်လို့ ညည်းနေတဲ့အသံက ခပ်သဲ့သဲ့။ ငါ့အိတ်ထဲဆောင်ထားပေးခဲ့တဲ့ မင်းသောက်နေကျဆေးတွေယူပြီး တိုက်လိုက်တော့လည်း နှစ်နှစ်ခြိုက်ခြိုက်အိပ်သွားတာ ဟိုးငယ်ငယ်က ဆူးရင့်ဆိုတဲ့ကောင်လေးလိုပဲ။ အဲဒီတုန်းကလိုလေးပဲ နေလိုက်ပါလား ဆူးရင့်ရာ။

¤

တစ်ပတ်ကြာခဲ့ပြီ။ မင်းငါ့ကို ဘယ်အချိန်ထိ အိမ်ထဲပိတ်လှောင်ထားမှာလဲ?
ငါတို့ကိစ္စကို လူတိုင်းသိပြီးပြီဆိုရင်လည်း ဘာတွေစိတ်ပူနေသေးတာလဲ?
တိမ်တံခွန်နဲ့တော့ မိတ်ဆွေတွေလိုပဲ အခင်အမင်မပျက် ဆက်ရှိနေချင်ပါသေးတယ်။ သူ့ဘက်က ဘာအမှားမှမရှိဘဲ ငါတို့ကြားကခင်မင်မှုကို ငါ့ဘက်ကစပြီးမဖျက်ချင်ဘူး။

"သူ့နာမည် မင်းပါးစပ်ကပြောစရာမလိုဘူး။ ငါ မင်းနောက်လိုက်ခဲ့တာမဟုတ်ဘူး။ မင်းကသာ ငါ့ကိုအတင်းဆွဲခေါ်ခဲ့တာ။ ငါ ဖေဖေ့ကိုသွားတွေ့ရဦးမယ်။ ဒီကိစ္စပြီးကတည်းက ငါတို့စကားမပြောဖြစ်ကြဘူး၊ ဖေဖေ့အတွေးနဲ့ အဆုံးအဖြတ်ကို ငါသေချာသိချင်သေးတယ်"

"အဖေ့ဆီ ငါလိုက်ပို့မယ်"

"ဟုတ်ပြီလေ၊ ညနေကျ သွားကြတာပေါ့"

အိမ်ရောက်တော့ ဖေဖေက ဆူးရင့်ကို အိမ်ရိပ်တောင်မနင်းပါနဲ့တဲ့လေ။

"ဖေဖေ၊ သားတောင်းပန်ပါတယ်"

"အခုကိစ္စမှာ ငါ့သားဘက်က ဘာမှမမှားခဲ့တာမို့ တောင်းပန်စရာမလိုပါဘူး။ အဖေက သားကို ယောက်ျားလေးတစ်ယောက်နဲ့ သဘောမတူချင်ကြောင်းပြောပြီး ဆူးရင့်က သားကိုခိုးပြေးခဲ့တယ်။ တကယ်တမ်းဆို ဟိုကောင့်ကို အဖေဆုံးမမှုညံ့လို့ ဖြစ်ရတာပဲလေ။ တောင်းပန်ရမယ်ဆို အဖေ့ဘက်က ..."

"မဟုတ်တာ၊ မဟုတ်တာဘဲ ဖေဖေရယ်။ သားနဲ့သူ ဒီလောက်အနေနီးနေတာကို သူ့ဘက်က အဲဒီလိုတွေးနေမှန်း မရိပ်မိခဲ့တာ သားညံ့လို့ပါ"

"အဖေသိသိချင်း ဒီကိစ္စကို လိုက်ပိတ်ဖို့ကြိုးစားပါသေးတယ်။ ဒါပေမဲ့ ဆူးရင့်က အခိုင်အမာ၊ အတိအကျနဲ့ကို သတင်းဖြန့်ထားခဲ့ပြီးပြီ။ ဘယ်လိုမှမဖြစ်တဲ့အဆုံး သူ့ကိုအမွေဖြတ်ဖို့ပဲ အဖေဆုံးဖြတ်လိုက်နိုင်တယ်။ ငါ့သားလေးကို ဒီပြဿနာထဲက အဖေဆွဲမထုတ်နိုင်ခဲ့ဘူး"

"သားကြောင့် သူ့ကိုအမွေဖြတ်တာဆိုရင်တော့ မလိုပါဘူး ဖေဖေ။ သားအတွက်နဲ့တော့ ဖေဖေ့ရဲ့ တစ်ဦးတည်းသောသွေးသားကို မစွန့်ပစ်ပါနဲ့"

"အဖေ့မှာ အရင်တုန်းက သားနှစ်ယောက်ရှိတာပဲလေ။ တစ်ယောက်ကိုစွန့်ပစ်လိုက်လည်း နောက်တစ်ယောက်ရှိပါသေးတယ်။ ဟုတ်တယ်မဟုတ်လား ငါ့သား။ မင်းက ငါ့သားပဲလေကွာ"

"ဖေဖေ့ကို သားအရမ်းချစ်ပါတယ်။ သားက ဖေဖေ့ရဲ့သားပါပဲ"

ဖေဖေ့ကိုဖက်ပြီး ငိုမိတယ်။ မိဘမေတ္တာက သိပ်ကိုအေးချမ်းပါတယ်။

"အဲဒီတော့ ဆူးရင့်မွှေတဲ့ကိစ္စနဲ့ပတ်သက်ပြီး သားဘယ်လိုဖြစ်ချင်လဲ?"

"ဖြစ်ပြီးခဲ့ပြီပဲ ဖေဖေရယ်။ ရှေ့ဆက်ပြီး အဆင်ပြေအောင် ကြိုးစားရမှာပေါ့"

"သားတို့အဆင်ပြေလား? လိုအပ်တာရှိရင် အဖေ့ကိုပြောပါ။ နေဖို့ထိုင်ဖို့ကိစ္စနဲ့ အလုပ်ကိစ္စတွေ အဆင်မပြေရင် သားတစ်ယောက်စာအတွက် အဖေ အပြည့်အဝတာဝန်ယူနိုင်တယ်"

"သူလုပ်ခဲ့တဲ့ကိစ္စအတွက် သူတာဝန်ယူပါလိမ့်မယ် ဖေဖေ"

"ငါ့သားပါ ရောပြီးပင်ပန်းနေတော့မှာ"

"သားက အရင်အတိုင်းပဲ အရင်အလုပ်ဆက်လုပ်မှာပါ"

"အဆင်ပြေမယ်ထင်သလိုလုပ်ပါ။ စိတ်ဆင်းရဲမခံပါနဲ့။ လိုတာရှိရင် အဖေ့ကိုချက်ချင်းပြော။ ဟုတ်ပြီလား?"

"ဟုတ်ကဲ့၊ ဖေဖေ"

¤

တိုက်ခန်းတစ်ခန်းဝယ်မယ်တဲ့။ ငါက မင်းကိုမှီခိုနေမယ့်သူမဟုတ်တာ မင်းသိမှာပါ။ ငါတို့နှစ်ယောက်လုံးနေမှာမို့ ငါလည်း ကုန်ကျစရိတ်တာဝန်ယူရမှာပေါ့။

"ငါပြောနေတယ်လေ ဆူးရင့်။ ဘာလဲ၊ တစ်သက်လုံး အိမ်ထဲထည့်ပိတ်ထားမလို့လား?"

"မဟုတ်ပါဘူးကွာ"

"ဟုတ်လို့လည်းမရဘူးလေ။ မင်းကဖေဖေ့ရဲ့သားမို့ အတိုင်းအတာတစ်ခုအထိ ငါလက်ခံပေးလိုက်ပြီးပြီ။ မင်းကိုမုန်းမိအောင်အထိ မလုပ်ပါနဲ့"

မင်းကို မမုန်းချင်ဘူးကွာ။

¤

"ရိုင်း၊ ဘယ်လိုဖြစ်တာလဲ? သတင်းတွေကြားနေတာ တကယ်ပဲလား?"

"ဟုတ်တယ် ခွန်။ ငါတောင်းပန်ပါတယ်၊ မမျှော်လင့်ဘဲ အဲဒီလိုတွေဖြစ်သွားတယ်"

ဖုန်းခေါ်လိုက်တယ်ဆိုရင်ပဲ အသက်မရှူဘဲမေးလာတဲ့ စကားလုံးတွေကို အားနာပေမဲ့ အမှန်အတိုင်းပြောလိုက်ခြင်းကသာ သူ့အတွက်ပိုအဆင်ပြေမယ်။

"ဟာကွာ၊ ဘယ်လိုတွေဖြစ်တာလဲ?"

"ငါ ဆေးခန်းကိုလာခဲ့ပါ့မယ်"

"ဟုတ်ပြီ ရိုင်း။ ကိုယ်စောင့်နေမယ်"

▪︎

"ငါ တောင်းပန်တယ် ခွန်"

"မင်းလိုက်သွားတာမှမဟုတ်တာ။ မင်းအမှားမဟုတ်ဘူး"

"ငါတို့ သူငယ်ချင်းလိုပဲ ဆက်နေလို့ရတယ်မဟုတ်လား?"

"ရတာပေါ့။ ကိုယ့်ဘက်က စည်းမကျော်စေရဘူးလို့ အာမခံတယ်။ ဒါနဲ့ မင်း ခေါင်းကိုက်တာ ဘယ်လိုနေသေးလဲ?"

"သက်သာသွားပီ"

¤

အဆင်မပြေဘူး။ ငါတစ်ယောက်တည်း ဘယ်လိုမှအဆင်မပြေတဲ့အနေအထားမှာ လုပ်စရာ တစ်ခုပဲရှိတယ်။ ဆူးရင့်ကို ပြောရမှာပေါ့။

"ငါပြောစရာရှိလို့"

"အင်း၊ ဘာဖြစ်လဲ?"

"ဟိုတစ်ယောက် ညက သူ့အိမ်နဲ့ပြဿနာဖြစ်တယ်။ အဲဒါ ဒီမှာခဏခေါ်ထားမလို့"

"မင်းသဘောလေ။ ဒီအခန်းက မင်းလည်းတစ်ဝက်ပိုင်တာပဲ"

တိမ်တံခွန်လာနေမှာကို မင်းဘက်က လွယ်လွယ်နဲ့သဘောတူလိုက်မယ်လို့ ငါတကယ်ထင်မထားတာ။
စကားများများမပြောရဘဲ ခွင့်ပြုပေးလိုက်တာ ကျေးဇူးတင်ပါတယ်။ ငါတကယ်ကို စကားတွေအများကြီး မပြောချင်သေးဘူး။

¤

ရေခဲသေတ္တာထဲ ရေသန့်ဘူးတောင် နှစ်ဘူးပဲရှိတယ်။ လစာမထုတ်ရသေးခင် ပိုက်ဆံပြတ်ပြန်ပြီထင်ပါရဲ့။ ငါ့လစာကျတော့ တစ်စက်ကလေးမှတောင်မထိဘဲ မင်းရတာကို တစ်ဝက်လာပေးထားပြီး ကျန်တဲ့တစ်ဝက်နဲ့ ဝယ်စရာတချို့ကို ကြုံရင်ကြုံသလိုဝယ်နေတာ မင်းအတွက် ဘာနဲ့သုံးသလဲလို့ ငါသိချင်မိသား။
အခုကတော့ မနေ့ကလစာထုတ်ထားတဲ့ငါကပဲ ဝယ်ဖြည့်ရတာပေါ့လေ။

ပစ္စည်းတွေဝယ်ပြီးပြန်လာတော့ အိမ်တံခါးကြီးကပွင့်လို့။ အော်ပြောပြီးမှ ဧည့်ခန်းမှာထိုင်နေတာကိုမြင်တယ်။ ဘယ်လိုရုပ်နဲ့ ထိုင်နေမှန်းမသိဘူး။
ထင်တဲ့အတိုင်း လစာမထုတ်ရသေးလို့တဲ့။ ဒီညတော့ ငါချက်ကျွေးတဲ့ညစာပဲ အေးအေးဆေးဆေးစားလိုက်ပါတော့။

စိတ်နဲ့ကိုယ်နဲ့ကပ်ပုံမရတဲ့မင်းက အဲဒီအစပ်တွေကို နှိုက်စားနေပြန်ပြီ။ တီငယ်နဲ့တွေ့ခဲ့တဲ့အကြောင်း ဘယ်လိုပြောရပါ့မလဲ?

"သား၊ ဘယ်လာတာလဲ?"

"ဪ၊ တီငယ်။ နေကောင်းလား? ဖေဖေရော နေကောင်းတယ်မဟုတ်လား?"

"ကောင်းပါတယ်ကွယ်"

"ကျွန်တော်က အိမ်အတွက်လိုတာတွေလာဝယ်တာ တီငယ်ရဲ့"

"အဆင်ပြေကြရဲ့လား သားတို့ရယ်"

"ပြေပါတယ် တီငယ်ရယ်"

"အေးကွယ်၊ ရင့်လေးနဲ့လည်း တွေ့ချင်တာ။ သူလိမ္မာရဲ့လား?"

"အခုထိတော့ အချိုးပြေနေပါတယ်။ အရင်လိုမဟုတ်ဘူး"

"တော်သေးတာပေါ့။ တီငယ် အစ်ကိုကြီးကိုပြောပါသေးတယ်။ ရင့်လေးကို အရမ်းစိတ်ဆိုးနေပြီး စကားကို အဟမခံဘူး။ တီငယ်တို့ တစ်ရက်လောက်ဆုံကြမယ်လေ"

"ကျွန်တော် သူအားမယ့်ရက်မေးပြီး ဖုန်းဆက်လိုက်မယ် တီငယ်"

"အေးပါကွယ်"

¤

"မရပါဘူး။ ကိုယ် မွေ့ရာအထူတွေမှာထားတယ်။ ခဏနေလာပို့လိမ့်မယ်။ အပြင်ထွက်အိပ်မယ်ပြောကတည်းက စီစဉ်ထားတာ။ အဲဒီမွေ့ရာတွေကို ဟိုဘက်ဒီဘက်ကပ်ခင်းရင် အလယ်မှာ တော်တော်ကြီးလွတ်ဦးမှာ။ နှစ်ယောက်လုံးအိပ်လို့ရတယ်"

"သဘောပဲ"

အားလုံးခင်းကျင်းနေရာချပြီးတော့ ခဏနားဖြစ်ကြတယ်။ ညနေစာစီစဉ်ကြပြီးတော့

"ခွန်၊ ငါ အမှိုက်သွားပစ်ဦးမယ်။ အမှိုက်ပုံးပြည့်နေပြီ"

"ကိုယ် သွားပစ်ပေးမယ်"

"နေပါ"

အမှိုက်ပစ်ပြီးပြန်လာတော့ တိုက်ခန်းလှေကားမှာရပ်နေတဲ့ ဆူးရင့်။ ဘာတွေအတွေးလွန်နေမှန်းမသိ။ ရုံးမှာ အလုပ်တွေပင်ပန်းလို့လား? တိမ်တံခွန်ရောက်နေမှာကြောင့်လား?

တိမ်တံခွန်နဲ့ဆူးရင့် စကားနှစ်ခွန်းသုံးခွန်းပြောပြီး ဆူးရင့်ထွက်သွားတယ်။ တိမ်တံခွန်ကတော့

"သူ ဘာဖြစ်လာတာလဲ? ဧကန္တ ယောက်ျားကို သဝန်တိုနေတာထင်တယ်"

"အမ်"

"သေချာတယ်၊ ဂျေဝင်နေတာ။ အရင်တည်းကသူချစ်နေတာ ရိုင်းကမရိပ်မိတာကို တကယ်အံဩတယ်"

"ထင်မှထင်မထားတာ။ ကဲ၊ ညနေစာလေး ပြင်ရအောင်"

"အိုခေ"

▪︎

"ရိုင်း၊ မင်းအဖေကို ဘယ်တော့ပြောမှာလဲ?"

"ငါ မပြောချင်သေးဘူး"

"ပြောထားမှဖြစ်မှာပေါ့။ ကိုယ်ပါ လိုက်ပြောပေးမယ်လေ"

"အင်းပါ"

"မတော်လိုက်ရတဲ့ယောက္ခမကြီးကို အခုမှလိုက်တွေ့ရတော့မှာပေါ့"

"မပြီးတော့ဘူးလား အဲဒီကိစ္စ"

"နှမြောလွန်းလို့ပါ"

"ငါ့မှာ လိုင်စင်ကြီးနဲ့နော်"

"အား၊ ရင်တွေနာလိုက်တာ။ ကိုယ်ကအရင် ကားတင်ပြေးလိုက်မယ်ပြောပြီး သူဦးသွားတာ"

"ဖြစ်ရလေကွာ။ ဟား ဟား"

¤

ထမင်းလည်းထွက်မစားဘူး။ အဲဒီလိုလုပ်နေမယ်ဆိုလည်း အစတည်းက ခေါ်မလာနဲ့လို့ ပြောလိုက်ပါလား။ အစားမမှန်ရင် အစာအိမ်ကအောင့်ဦးမယ်။

ဟား! ဆူးရင့်၊ မင်းက ထမင်းသာထွက်မစားတာ။ ဆေးလိပ်ကျသောက်နေလိုက်တာ မွှန်ထူနေတာပဲ။ အရင်လိုတားလိုက်ချင်ပေမဲ့ မဖြစ်သေးဘူးထင်ပါတယ်လေ။

"မင်းဆီက အိမ်သော့နောက်တစ်ချောင်း လာတောင်းတာ"

"ဪ"

ထမင်းထွက်စားတော့လို့ ပြောလိုက်ရမလား။ တော်ပါပြီ၊ ကလေးလည်းမဟုတ်ဘူး။ သူ့ဘာသာဂရုစိုက်တတ်ရမှာပေါ့။

¤

"မနက်ဖြန် ငါတို့သင်တန်းကကလေးတွေ ပွဲလေးတစ်ပွဲလိုက်ရမယ်။ ညနေလည်း ဝိုင်းကြမလို့တဲ့။ ငါလည်းလိုက်သွားမလို့"

"အင်း၊ စိတ်ပြေလက်ပျောက် သွားပါ။ အရမ်းတော့မသောက်နဲ့ ရိုင်း"

"အင်း၊ မနက်ကျရင် ငါ့ကို ချိန်းထားတဲ့နေရာ လိုက်ပို့ပေး"

"ကောင်းပါ့မလား?"

"ဘာကိုလဲ?"

"ဆူးရင့်ကိုပြောပြီးပြီလား? သူ့အလုပ်ပိတ်ရက်ဆိုတော့ သူလိုက်ပို့လည်း ရတယ်လေ"

"သူ့နားရက်မှာ နားပါစေ"

"ရိုင်း၊ ကိုယ်မေးတာမှန်မှန်ဖြေ။ မသိသေးတာဆိုရင်လည်း ကိုယ်မေးတာကို သေချာစဉ်းစား။ မင်း ဆူးရင့်ကို ချစ်နေသလား?"

"ဟင်? ငါက ဘာဖြစ်နေလို့လဲ?"

"သူ့လို သိသိသာသာဂရုစိုက်ပြီး အရိပ်လိုကြည့်နေတာမျိုးမဟုတ်ပေမဲ့ သူ့အတွက်စဉ်းစားပေးတတ်တာ နေရာတကာပဲ"

"ငါက ..."

"ကိုယ်တွေးတာလေ၊ ဆူးရင့်အပေါ်ထားတဲ့စိတ်ကို ပြောင်းချင်လို့ ကိုယ့်ကိုလက်ခံခဲ့တာလားလို့"

"မဟုတ်ဘူး၊ မဟုတ်ပါဘူး။ ငါက သူ့ကို ညီအစ်ကိုလို၊ သူငယ်ချင်းလိုပဲ သံယောဇဉ်ရှိတာပါ"

"ကိုယ့်ကိုအားမနာပါနဲ့။ မင်းရဲ့ရည်းစားဟောင်းအနေနဲ့ မေးနေတာမဟုတ်ဘူး။ သူငယ်ချင်းတစ်ယောက်အနေနဲ့ စပ်စုကြည့်တာပါ"

"မစပ်စုနဲ့"

"ဟား ဟား၊ ဟုတ်နေတာပဲ"

"ဘာ ဟုတ်နေရမှာလဲ?"

"မင်း ညာနေပြီဆို ပါးကို လက်ညှိုးကွေးပြီးပွတ်နေတတ်တာလေ"

"ငါမလုပ်ဘူး"

ပါးပေါ်ရောက်နေတဲ့လက်ကို ပြန်ရုတ်ပြီး တိမ်တံခွန်ကိုသာ ဘုကြည့်ကြည့်နေလိုက်မိတယ်။

"ကိုယ် ဝင်ရှုပ်ခဲ့သလိုဖြစ်သွားလား ရိုင်း"

"မဟုတ်တာ။ ငါကသာ ..."

"မဟုတ်ရင်ပြီးရော။ အိပ်တော့၊ မနက် ကိုယ်လိုက်ပို့မယ်"

¤

စိတ်ထဲ နေလို့မကောင်းဘူး။ သင်တန်းကအဖွဲ့တွေနဲ့ နည်းနည်းလောက်သောက်ပြီး လူကခပ်ထွေထွေဖြစ်လာတယ်။ တိုက်ခန်းအောက်ရောက်တော့ အပေါ်ကနေဆင်းလာပြီးကြိုတာ တိမ်တံခွန်။

"အဆင်ပြေလား? ဘယ်လောက်တောင်သောက်လာတာလဲ? အဝတ်လဲပြီး အိပ်တော့"

"နေရခက်တယ်။ မူးတယ်ကွာ"

"သောက်လာပြီးတော့ မူးတယ်တဲ့လား?"

"သံပရာရည်ဖျော်ပေး၊ ချဉ်ချဉ်လေး"

"အေးပါကွာ"

"သံပရာရည်ကချဉ်တယ်"

"မရစ်နဲ့ ရိုင်း။ မင်းအချဉ်မကြိုက်မှန်းသိလို့ အနေတော်ပဲဖျော်ခဲ့တာ"

"အဲဒါကြောင့် ချိုနေပါတယ်လို့"

"ဟမ်၊ ဖြစ်ရပြန်ပါပြီ။ အဲဒီအဝတ်တွေ လဲတော့လေ"

"မလဲလည်း အိပ်လို့ရတယ်လေ"

"လိမ္မာပါတယ် ရိုင်းရယ်၊ ဒါလေး လဲလိုက်နော်။ ကိုယ် ဒီခွက်တွေ သွားသိမ်းဦးမယ်"

"ပြီးရော"

¤

"ရပါတယ်။ မင်းမလိုက်ပါနဲ့"

"လိုက်မှာ။ မင်းအဖေကို ကိုယ်လိုက်တွေ့ဦးမှာ"

¤

အနားမှာဂရုစိုက်ပေးနေတဲ့ တိမ်တံခွန်ကြောင့် ဝေဒနာတွေ တော်တော်သက်သာရပါတယ်။

"ဆူးရင့်၊ ငါ့အခန်းထဲ ခုတင်ပြန်ဆင်ဖို့ တစ်ချက်ကူပေးပါ"

"တိမ်တံခွန်က မနက်ဖြန်မှပြန်မှာမဟုတ်ဘူးလား?"

"အရေးပေါ်လူနာရှိလို့ ခေါ်နေတာနဲ့ တစ်လက်စတည်းပြန်သွားပြီ။ အရေးတကြီးနဲ့မို့ ကူလုပ်မသွားနိုင်တာ"

"ဪ"

အခန်းထဲမှာ ခုတင်ပြန်ဆင်ပြီးတော့ လူကဘာဖြစ်တယ်မသိ။ ခေါင်းထဲမှာမကြည်လင်။ ဆေးသောက်လိုက်ရင်တော့ သက်သာသွားမယ်ထင်ပါရဲ့။

¤

"ဖေဖေ"

"သားလေး၊ နေကောင်းရဲ့လား?"

"ကောင်းပါတယ်ဗျ။ စိတ်မပူပါနဲ့"

"အလုပ်နားလိုက်ပါလား သားရယ်။ ပင်ပန်းမှာပေါ့"

"စန္ဒရားတီးသင်ပေးရတာ ဘယ်လောက်များပင်ပန်းလို့လဲ ဖေဖေရယ်"

"မင်းမှာက သင်တန်းသားတွေအများကြီးလေ သားရယ်"

"ရပါတယ်။ သား ဘာမှမဖြစ်ပါဘူး။ လိုရင်နားမှာပါ"

"အဖေ့အိမ်ကိုပြန်လာနေပါလား သားရယ်"

"မဖြစ်သေးပါဘူးဗျာ"

"အဲဒီကောင်ကိုကွာရှင်းချင်သလား?"

"မဟုတ်ပါဘူး။ သားအဆင်ပြေပါတယ် ဖေဖေရဲ့။ ဆူးရင့်ကလည်း သားကိုဂရုစိုက်ပါတယ်"

"ဂရုစိုက်လို့ပဲ ကိုယ့်ယောက်ျားဘာဖြစ်နေလဲတောင် သိရဲ့လား?"

"သူ့ကို မပြောချင်လို့ပါ"

¤

"Happy Birthday ဖေဖေ"

"ကျေးဇူး သားလေး"

▪︎

"မင်း၊ ဘာလာရှုပ်ပြန်ပြီလဲ? ပြန်တော့"

"အဖေ့ကို စိတ်ဆင်းရဲစေခဲ့လို့ ကျွန်တော်တောင်းပန်ပါတယ်"

ဆူးရင့်ဒူးထောက်ထိုင်ချပြီး လက်အုပ်ချီလိုက်တော့ ဖေဖေက

"မလိုဘူး။ မင်း သွားတော့"

"ဖေဖေ၊ သားတို့ကို အတူတူကန်တော့ခွင့်ပေးပါ"

မင်းစိတ်မကောင်းဖြစ်နေတာရော၊ ဖေဖေမျက်နှာမကောင်းတာရောကြောင့် ငါပါဝင်ကန်တော့ဖြစ်ခဲ့တယ်။ တကယ်ဆို လက်ထပ်တဲ့နေ့ကတည်းက ကန်တော့ရမှာမဟုတ်လား?

ဖေဖေကတော့ ကွာရှင်းဖို့ကိစ္စပြောခဲ့တယ်။ မင်းဘက်က ခါးခါးသည်းသည်းငြင်းနေတာတွေ့တော့ ငါ့စိတ်ထဲ တစ်မျိုးလေးတော့ဖြစ်မိပါရဲ့။ ငါ့ကို အဲဒီလောက်အထိချစ်တာလား ဆူးရင့်။
ကွာရှင်းဖို့ကိစ္စက ငါတောင်းဆိုခဲ့တာမဟုတ်ပါဘူး။ ဖေဖေက ငါ့ဘက်ကတွေးပြီး ပြောခဲ့တာပါ။

¤

"သက်သာရဲ့လား သား"

"ဟုတ်၊ သက်သာပါတယ် ဖေဖေ"

"ရိုင်း၊ အဆင်ပြေလား? အန်ကယ်က ဒီနေ့နားတာလား?"

"အေးကွာ၊ မင်းသူငယ်ချင်းက ဒီနေ့သိပ်မလန်းလို့ စောင့်ကြည့်နေတာ"

"ဖေဖေကလည်း သားဘာမှမဖြစ်ပါဘူး"

"ငါ့တူရေ၊ မင်းသူငယ်ချင်းကိုကြည့်ပြောပါဦးကွာ"

"ဟုတ်ကဲ့ပါ"

▪︎

"ရိုင်း၊ မင်း သူ့ကိုပြောသင့်ပြီနော်"

"အင်းပါ၊ ငါပြောမှာပါ"

"ခုနက ဖုန်းဆက်တာ ဘာတဲ့လဲ?"

"အိမ်ပြန်လာခဲ့ဖို့ ခေါ်နေတာ။ ဖေဖေ့အိမ်မှာပဲ ကပ်မနေနဲ့တဲ့"

"အင်း၊ ပြန်လိုက်ပါ။ ပြီးတော့ သေချာရှင်းပြလိုက်"

¤

အလုပ်ကနေခွင့်ယူပြီး သူငယ်ချင်းတွေနဲ့ ခရီးထွက်မယ်ဆိုတော့ လိုက်လို့မရဘူးလို့ ခပ်ညည်းညည်းပြောလာတဲ့ မင်း။ ငါ တစ်ယောက်တည်းပဲ သွားချင်တယ်။

"လေးရက်လောက်ကြာမှာဆို ငါက မင်းမရှိဘဲ ဘယ်လိုနေခဲ့ရမှာလဲ?"

"နေတတ်အောင်နေပါ ဆူးရင့်"

ငါမရှိလည်း မင်းနေတတ်ရမယ်။ လူ့ဘဝဆိုတာက ပုံသေနည်းတစ်ခုမဟုတ်လို့ အချိန်မရွေး အပြောင်းအလဲတွေဖြစ်နိုင်တာ မင်းသိသင့်တယ် ဆူးရင့်။

"နောက်ဆယ့်နှစ်ရက်နေရင် ငါတို့မင်္ဂလာသက်တမ်းခြောက်လပြည့်နော် လင်း"

အဲဒီနေ့မှာ ငါ မင်းနဲ့အတူရှိနေချင်ပါတယ်လို့ပြောရင် မင်းယုံလိုက်ပါ ရင့်ရေ။

¤

"ငါ့ကို သူငယ်ချင်းအိမ်လိုက်ပို့ပေးပါ ဆူးရင့်။ အဲဒီကနေမှ စုပြီးသွားကြမှာ"

"အိုခေ လင်း။ ငါလိုက်ပို့ပေးမယ်။ ငါတော့ လေးရက်လုံး လွမ်းနေရတော့မှာပဲ"

လေးရက်မကရင်ရော လွမ်းနေမှာလား?

▪︎

"ရိုင်းရယ်၊ မင်းအမှန်အတိုင်းပြောခဲ့သင့်တယ်။ သူမျှော်နေတော့မှာပေါ့"

"ငါနေကောင်းသွားမှ ဖွင့်ပြောလိုက်ရင် သူလည်းစိတ်မပူရတော့ဘူးပေါ့။ အရမ်းကြာသွားခဲ့ရင်လည်း ဖေဖေ သူ့ကိုပြောမှာပဲလေ။ ငါကိုယ်တိုင် မပြောနိုင်တော့ရင်တော့ မင်းပြောပေးပါ၊ ခွန်"

"ဟင့်အင်း၊ မင်းကိုယ်တိုင်ပြောပါ"

"ငါးဆယ်ရာခိုင်နှုန်းတော့ ပြောဖို့အခွင့်အရေးရှိသေးတယ်လေ။ ကျန်တဲ့တစ်ဝက်ကိုတော့ မင်းတာဝန်ယူပါ"

"မင်းကျန်းမာရေးရဲ့ ငါးဆယ်ရာခိုင်နှုန်းကို ကိုယ်တာဝန်ယူမှာမို့ မင်းက ရာနှုန်းပြည့်အခွင့်အရေးယူထားပါ"

▪︎

"ဖေဖေ၊ သားဆုံးဖြတ်တာ မှားပြီလားဟင်?"

"သားရယ်"

"ငါမှားပြီလား ခွန်?"

"မင်းဘဝကို မင်းပိုင်တာမို့ မင်းစိတ်ကြိုက်ဆုံးဖြတ်တာကို ကိုယ် ဘာမှပြောခွင့်မရှိဘူးလေ။ ဒါပေမဲ့ ကိုယ်ကတော့ မင်းကိုခွဲစိတ်စေချင်ခဲ့တာပါ။ အခုက 50 -50 ဆိုပေမဲ့ ကြာလာရင် အဲဒီတစ်ဝက်တောင် ကိုယ်တို့ဘက်ရှိလာမှာမဟုတ်ဘူးလေ။ အဲဒီအကျိတ်က ပိုကြီးလာရင် ခွဲဖို့တောင်မလွယ်တဲ့အနေအထားမျိုး ဖြစ်လာမှာလေ"

"အင်း၊ ငါ့ဦးနှောက်ကို နယ်လုနေတဲ့အဲဒီအဖုကို ဆွဲဖယ်ပစ်လိုက်"

"စိတ်ချပါ"

¤

ဘယ်လိုလုပ်မလဲ ရင့်။ ဒီနေ့ ခြောက်လပြည့်မင်္ဂလာရက်လေးကို ငါမလာနိုင်ဘူးလေ။ ငါ့ခေါင်းထဲက ဦးနှောက်အကျိတ်ကို မနက်ဖြန်ခွဲထုတ်မှာမို့ ဒီနေ့က ပြင်ဆင်စရာရှိတာ ပြင်ဆင်နေကြပြီ။
.
ငါ့မျက်လုံးထဲ အရာရာကဝေဝါးဝါးပဲ။ ငါ့လက်ကိုဆုပ်ကိုင်ပေးထားတဲ့ တိမ်တံခွန်ရဲ့လက်ကိုလည်း ငါမခံစားမိတော့ဘဲ အိပ်ပျော်သွားတယ်ထင်ပါရဲ့။
.
ငါ ဘယ်ရောက်နေတာလဲ ငါမသိဘူး။ ငါ့အခြေအနေ ဘယ်လိုဖြစ်သွားတာလဲလို့လည်း ငါမသိဘူး။ ငါက လှုပ်ရှားမှုမရှိ၊ ခံစားမှုမသိတဲ့အနေအထားနဲ့ ဘာဖြစ်နေမှန်းကို မသိပါဘူး။
ဖေဖေ။ ဟုတ်တယ်၊ ဖေဖေ့ရဲ့ခပ်တိုးတိုးရှိုက်သံနဲ့ အက်ကွဲနေတဲ့အသံကို ငါကြားရတယ်။ မင်းနာမည်ကိုလည်း ကြားမိတယ်။ ငါစိတ်ပူလိုက်တာ ဆူးရင့်ရယ်။ မင်းဘာဖြစ်နေတာလဲ?
.
ရက်လည်တယ်တဲ့။ ဘယ်သူ့ရက်လည်မို့ ဖေဖေက ဝမ်းနည်းနေတဲ့အသံ ဖြစ်နေတာလဲ?
ငါများတစ်ခုခုဖြစ်တာလား? ငါသေပြီဆိုလည်း အခုလိုဖြစ်နေမယ်မထင်ပါဘူး။ ဝိညာဉ်ဆိုရင် လွင့်ချင်ရာလွင့်တယ်လို့ ငါသိထားတာပါ။
မင်း၊ မင်းဘာဖြစ်လဲ ဆူးရင့်။ ငါစိတ်ပူလာပြီနော်။ ငါ ဖေဖေ့ကိုမေးရမယ်၊ မင်းဘာဖြစ်တာလဲလို့။

ဟာကွာ ... လှုပ်မရဘူး၊ စိတ်ညစ်လိုက်တာ။ ငါအိပ်နေတာဆိုလည်း နိုးမှဖြစ်မယ်။ ရင့်ရေ၊ ငါ မင်းနဲ့တွေ့ချင်တယ်လေ။

အား!!! နာလိုက်တာ။ ဘယ်နားကနာမှန်းမသိဘူး။ တစ်ကိုယ်လုံးနာနေတာလား?
တတီတီစက်သံကလည်း ဆူနေတာပဲ။ ခွန်ရေ၊ ငါ့ကိုလာကြည့်ပါဦး။ ငါနေကောင်းချင်ပြီ။

တိမ်တံခွန်လာကြည့်ပေးတာလား၊ ဘာကြောင့်လဲတော့မသိဘူး။ အခုဆို ငါခန္ဓာကိုယ်က မနာတော့ဘူး။ ဟိုစက်သံလည်းမကြားရတော့ဘူး။ ထကြည့်ရမယ်။

ဟင်! ဖေဖေ။ ဘာလို့ငိုတာလဲ?
ဘုရားရေ၊ ငါ ... ငါက ... ငါက သေသွားပြီလား?
ခွန်၊ ဖေဖေ့ကိုကြည့်ပြောပါဦးကွာ။ အဲဒီလိုကြီးပဲ ဖေဖေ့နားမှာ ကျောက်ရုပ်လိုရပ်မနေနဲ့လေ။ ငါသေပြီဆိုလည်း ဘာဖြစ်လဲ? အရင်ကတည်းက ငါးဆယ်ရာခိုင်နှုန်းပဲရှိတာမို့ အခုလိုဖြစ်သွားတာကို မင်းလည်း ကိုယ့်ဘာသာအပြစ်မတင်နဲ့နော်။

"သားရယ်၊ အဖေဘယ်လိုဖြေရမလဲ? ဒီနေ့ ဆူးရင့်ရက်လည်လေကွာ၊ နောက်ထပ်သားတစ်ယောက်က အဖေ့ကိုခွဲသွားပြန်ပြီလား?"

ဘာဖြစ်တယ်? ရင့်က ...ရင့်ကဘာဖြစ်တာလဲ? မဟုတ်ဘူးလေ၊ ရင့်က ဘာလို့ ငါ့ထက်အရင်သေရတာလဲ? မဟုတ်ဘူးနော်။
ဖေဖေရေ၊ မငိုပါနဲ့ဗျာ။ သားလည်း ငိုချင်တယ်လေ။

"သနားပါတယ်ဟယ်။ အဲဒီအန်ကယ်ရဲ့သားကြီးက ဒီနေ့ရက်လည်တာတဲ့။ ကားတိုက်ခံရတာလို့ပြောတယ်"

"ဟဲ့၊ ဒါကသားမက်ဆို"

"ဒါက မွေးစားသား။ သူ့သားအရင်းနဲ့ယူထားတာ။ မွေးစားသား သားမက်ပေါ့ဟာ။ ဒေါက်တာတိမ်တံခွန်ရဲ့ သူငယ်ချင်း"

"ဪ၊ အရမ်းခံစားရရှာမှာပဲ။ ကြားရတာတောင် စိတ်မကောင်းဘူး"

သူနာပြုလေးနှစ်ယောက်ကပြောသွားတယ်။ ရင့်က ကားတိုက်ခံရတာတဲ့။ ဟား ... ပြောတော့ ငါတို့ ခြောက်လပြည့်အတွက် တစ်ခုခုလုပ်ပေးမလိုနဲ့။ အဲဒီလို လက်လွတ်စပယ်ထွက်သွားရသလား?
ရင်ထဲမွန်းကျပ်လိုက်တာ၊ ဆေးရုံထဲမှာမို့ထင်ပါရဲ့။

ဟင်! ဆူးရင့်။ ဆေးရုံအဝမှာ ဆူးရင့်လား? ငါ့ကိုလာရှာတာလား?

"ရင့်"

"ဟင်?"

"ရင့်"

"လင်း၊ မင်းဘာလို့ ဆေးရုံရောက်နေတာလဲ? ဘာဖြစ်လို့လဲဟင်?"

ဟား ဟား၊ ပျော်လိုက်တာ။ ငါ မင်းကိုတွေ့ပြီ။ ငါ သေချာရှင်းပြမယ်၊ ဒါပေမဲ့ နောက်မှပေါ့။

"ငါ ဘာဖြစ်လို့လဲ? မဖြစ်ပါဘူး။ အိမ်ပြန်ရအောင်လေ"

"အင်း၊ ငါ မင်းကိုမျှော်နေတာ"

"ငါ ချမ်းတယ်၊ အိမ်ပြန်ရအောင်"

"လာ၊ သွားကြမယ်"

▪︎

ရင့်ရယ်၊ မင်းက မင်းကိုယ်မင်း သေလို့သေမှန်းမသိအောင်ကို ငါ့ဆီစိတ်ရောက်နေခဲ့တာပဲ။ ငါ အားနာလိုက်တာ။ ငါ ဘယ်လိုရှင်းပြရမလဲ?
အခုတော့ ပျော်ပျော်ကြီးနေလိုက်ဦးမယ်။ ပြီးမှ ငါပြောပြပါ့မယ်။ မင်းက သော့ပျောက်တယ်ပဲထင်နေမှတော့ ပျောက်တယ်ပေါ့ကွာ။
တကယ်ပါပဲ၊ နောက်ဖေးကဝင်ဖို့ မင်းမို့တွေးတတ်တယ်။ ငါတို့လည်းနော်၊ သေပြီးမှပဲ ကိုယ့်အိမ်ထဲကိုယ် သူခိုးလိုကျော်ဝင်ရမယ်တဲ့။ အသစ်အဆန်းတွေ။

"ဖြည်းဖြည်းလာ။ လင်းရယ်၊ ငါ မင်းကိုလွမ်းလိုက်ရတာ"

"ငါလည်း မင်းကို သတိရနေတယ်"

"ဘယ်လို? မင်း တကယ်ပြောတာလား?"

"အင်း၊ မင်းနဲ့မတွေ့ရမှ ငါသိရတာ"

"သလင်းရိုင်းအစစ်ပါနော်"

"ငါအစစ်ပါကွ"

ငါတော့ငါပဲ။ အရင်လိုမဟုတ်တာလေးပဲ။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ ငါတို့က ဘဝတူတွေပဲ။

"ငါ မင်းစိတ်ထဲကို ဝင်ကြည့်ချင်လိုက်တာ။ မင်းအတွေးတွေကို သိချင်လိုက်တာ"

"မင်းကိုလွမ်းနေတုန်း တွေ့လိုက်ရလို့ အရမ်းပျော်နေတယ်"

"ဟားဟား၊ ပျော်လိုက်တာ"

"ဟာ၊ ဟေ့ကောင်မဖက်နဲ့။ ဟေ့ကောင်၊ လွှတ်စမ်း။ ဟိုဘက်တိုက်ကအဒေါ်ကြီး ကြည့်နေတယ်လေ"

ဘာလဲ? အဲဒီအဒေါ်ကြီးက ငါတို့ကို မြင်နေရလို့လား?

"အမ်၊ ဪ ... သူလည်း မမြင်ဖူးလို့ချောင်းတာနေမှာ။ နေဦး၊ ပြတင်းတံခါးပိတ်လိုက်မယ်"

"ဟားဟား၊ မြင်လိုက်လား ရင့်? အဒေါ်ကြီး အိမ်ထဲကို ကမန်းကတန်းပြန်ဝင်သွားပြီ။ သူချောင်းတာ လူမိသွားလို့ လန့်သွားတယ်ထင်တယ်"

သေချာပြီ၊ နေဝင်ခါနီးမှာ သူ ငါတို့ကို မြင်သွားပုံပဲ။ ပြီးတော့ မင်းသေတာကို သူသိပုံရတယ် ရင့်။
ဟားဟား၊ ကြောက်သွားရှာမှာပဲ။ မရည်ရွယ်ပါဘူး အဒေါ်ရေ၊ ကျွန်တော်တို့က ခြောက်တာမဟုတ်ရပါဘူး။ အဒေါ်ကြီးနဲ့ ခဏလေးရေစက်ဆုံတာပါ။

"ဟုတ်မှာ"

"ငါပင်ပန်းတယ်၊ နားတော့မယ်။ ငါလေ၊ မင်းအခန်းထဲလာအိပ်မယ်နော်၊ ရလား?"

မင်းအခန်းထဲမှာ မင်းရင်ခွင်ထဲ ငါဝင်အိပ်မယ်။

"တကယ်? ရတာပေါ့၊ ရတယ်"

"Let's go"

မင်း အရမ်းပျော်နေတာလား?
ဒါဆို ငါကမင်းကို စတွေ့ကတည်းက ချစ်ခဲ့ရတဲ့အကြောင်း၊ မင်းက ငါ့လိုမဟုတ်ဘူးထင်လို့ မျိုသိပ်ခဲ့ရကြောင်းတွေ ပြောပြရပါဦးမယ်။ မင်းပိုပျော်သွားအောင်လို့ပေါ့။
ငါ့မှာ မင်းကိုရှင်းပြရမှာတွေ များလိုက်တာနော်။

အခုတော့ မင်းရင်ခွင်ထဲ ငါခဏနားဦးမယ်။
You don't know the real me.

~~~~~~~~~~ The End ~~~~~~~~~~
© Demon ,
книга «April Memo- One shot Collection».
The Most (+) (ယူနီကုတ်)
Коментарі