Perfect Wish (ယူနီကုတ်)
မျက်စိရှေ့မှာမြင်နေရတဲ့ အမှောင်ထု၊ သူ့မျက်စိတွေဖွင့်ထားတာတော့ အသေအချာ။
သူထင်ရာ ရွှေနန်းကနေ နိုးထလာတဲ့အခါမှာလည်း အပြင်လောကက ပိန်းပိတ်လို့။
မွတ်သိပ်မှုကို ငြိမ်းအေးစေဖို့အတွက် တစ်ခုခုတော့ ဝတ္တရားကျေပေးရတော့မယ်။
သူ့ရှေ့ကဖြတ်ပြေးသွားတဲ့ စုတ်ချွန်းချွန်း၊ အမြီးရှည်ရှည်ကောင်က ပါးစပ်ကလည်း တကျွိကျွိပြောနေသေးတာ။ စိတ်အနှောင့်အယှက်ဖြစ်ရပေမဲ့ သူတို့လည်းမဆိုးပါဘူး။ နောက်ထပ်ဖြတ်ပြေးတဲ့အကောင်က နောက်နေ့ဆိုတာကို မသိချင်တော့တဲ့အတိုင်းပဲ။
ညရဲ့ဆိတ်ငြိမ်မှု၊ လေညင်းရဲ့အေးမြမှု၊ ပိုးကောင်တွေရဲ့ညံစီမှုတွေကို ခံစားနေရလောက်အောင် သူ့ဖြစ်တည်မှုက လူသားမဆန်ခဲ့ပါဘူး။ ဆာလောင်မှုကိုဖြည့်တင်းဖို့အတွက် အမှောင်ရိပ်တွေကိုဖြတ်ပြီး ဦးတည်ရာမဲ့လျှောက်သွားနေမိတဲ့သူ၊ ညနက်လာလေ ဆာလောင်လာလေ။ လွင့်ချင်တိုင်းလွင့်ပစ်ရအောင်လည်း သူကတိမ်တိုက်မဟုတ်လေသောအခါ သူ့လောဘရဲ့ဦးတည်ရာကို ခုတ်မောင်းမိနေတာလည်း သူ့တစ်သက်ရှိရောပေါ့။
လမ်းမကြီးဘက်ကနေချိုးကွေ့ပြီး လမ်းကြားထဲဝင်လာတဲ့အရိပ်တစ်ခုနဲ့အတူ ခပ်စူးစူးရေမွှေးနံ့၊ မိတ်ကပ်နံ့တွေနဲ့ ကောက်ကြောင်းဖော်အဝတ်အစားတွေ ဆင်ယင်ထားတဲ့ လူသားမလေးတစ်ယောက် ဖိနပ်သံတစ်ဒေါက်ဒေါက်ပေးပြီး ပုရိသပေါင်းစုံကိုနှိုးစက်ပေးမယ့်အပြုံးတွေ လှုပ်ခတ်လာနေတယ်။ ညုတုတုဟန်တွေနောက် သူလိုက်ပါမိလေတော့ သူလေးကနှစ်နှစ်ခြိုက်ခြိုက်လေး ပြုံးရှာတယ်။
ခဏအကြာမှာတော့ လူသူပြတ်တဲ့လမ်းကြားထဲ ရယ်သံချိုချိုလေးနဲ့အတူ အမှုန်လေးတွေတလွင့်လွင့်။
¤
မနက်အလင်းရောင်နဲ့ထပ်တူ အချိန်ကိုက်နှောင့်ယှက်ပါသော ဖုန်းမြည်သံကြောင့် စောင်ပုံထဲက လက်တစ်ဖက်ထွက်လာပြီး Bedside Table ပေါ်ကဖုန်းကိုစမ်းလို့ စောင်အောက်ပြန်လျှိုဝင်သွားတယ်။ စက္ကန့်ပိုင်းလေးအတွင်းမှာပဲ ဝုန်းခနဲအသံနဲ့အတူ စောင်ရော၊ ခုတင်ပေါ်ကအဝတ်အစားတချို့ပါ လွင့်ထွက်သွားရကာ
📲
"ဘာ!!! မဖြစ်ဘူးလေ။ ငါအလုပ်ပြုတ်လို့ မဖြစ်ဘူးလို့"
တစ်ဖက်က ဘာပြောလိုက်သည်မသိ၊ ရှုံ့မဲ့သွားသောမျက်နှာထက်မှာ ဆံပင်တွေကပါ ဖရိုဖရဲကျနေပါသေးရဲ့။
📲
"မင်းကတော့ Sugar Mama နဲ့ သာယာနိုင်တာပေါ့။ တော်ပါပြီ၊ အလုပ်ရှာရမယ် မအားတော့ဘူး။ Shut the f**k up!"
ချိုသာလှပါသောနှုတ်ခွန်းဆက်နည်းသုံး၍ ဖုန်းချပစ်လိုက်အပြီး အတွင်းခံတစ်ထည်သာပါသော ခန္ဓာကိုယ်က ခုတင်ပေါ်ကယိုင်ထိုးဆင်းအလာ ခလုတ်တိုက်မိသွားတာကြောင့်
"Sh*t!"
ငုံ့ကြည့်လိုက်တဲ့အခါ တွေ့လိုက်ရတာက မိန်းမဝတ်အတွင်းခံတစ်ထည်။
"Damn it!"
ခုတင်အောက်ကန်သွင်းလိုက်ပြီး ပါးစပ်ကမျိုးစုံပေါက်ပေါက်ဖောက်ကာ ရေချိုးခန်းထဲဝင်သွားပါသော သူ့မနက်ခင်းက သူ့နှုတ်ထွက်စကားတွေလိုပဲ မင်္ဂလာမရှိဘူးလို့များ ထင်နေသလားမသိနိုင်။
ခဏအကြာမှာတော့ မီးဖိုခန်းလို့သတ်မှတ်ရမယ့်အကန့်လေးထဲ သံစဉ်မမှန်တဲ့သီချင်းသံတစ်ခုက ထွက်ပေါ်နေပါတယ်။ အဆိုတော်က ရေစက်လက်နဲ့ခေါင်းပေါ်မှာ ပဝါတစ်ထည်တင်ပြီး ကော်ဖီဖျော်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ စားပွဲပေါ်က ပေါင်မုန့်ချပ်တွေထည့်ထားတဲ့အိတ်ရယ်၊ ယိုဘူးတစ်ဘူးရယ်ကိုယူ၊ ကော်ဖီခွက်ကိုင်ကာ အိမ်ရှေ့ထွက်လာပြီး ခပ်နွမ်းနွမ်းဆိုဖာတွေပေါ် နေရာယူလိုက်တယ်။ ပေါင်မုန့်ကိုယိုသုတ်ရင်း စားပွဲပေါ်ကအလုပ်ကြော်ငြာစာတွေကို ပြူးပြဲနေအောင် ဖတ်နေရသေးတာကြောင့် ခေါင်းကိုလည်းမသုတ်နိုင်သေးပါ။
*ဒေါက် ဒေါက်*
ပါးစပ်ထဲ ပေါင်မုန့်ကိုက်မိရုံရှိသေး တံခါးခေါက်သံကြားမိသလိုမို့ ထပ်နားစွင့်မိတော့
*ဒုန်း ဒုန်း ဒုန်း*
တစ်ခုခုကိုသေချာသွားတဲ့မျက်နှာပေးနဲ့အတူ ပေါင်မုန့်ကိုက်ရင်းပဲ အလျင်စလိုထပြေးကာ တံခါးဖွင့်ပေးတဲ့အခါမှာ
"ဟဲ့! နင့်တံခါးက ကြာရင်ပြုတ်ကျမယ်သိလား။ Bell က ပျက်ပြန်ပြီလား?"
"နင် အဲဒီလိုထုနေရင်တော့ တံခါးပြုတ်ကျမှာပဲ။ အဲဒီခေါင်းလောင်းက မနေ့ကတောင်ရသေးတယ်လေ"
"ရသေးရင် နင်ကကန်းသွားတာလား? ဖယ်စမ်း၊ ငါအထဲဝင်မယ်လေ"
ပြောလည်းပြော၊ တွန်းတိုက်ပြီးအထဲဝင်လာသောသူမက လက်ထဲမှာလည်း အထုပ်တွေအပြည့်။
"ဟဲ့၊ အလုပ်ရှာနေတာလား? ဘာဖြစ်လို့လဲ?"
"ဟ! အလုပ်ပြုတ်လို့ပေါ့။ ရှင်းနေတာပဲကို"
မျက်နှာချင်းဆိုင်ဆိုဖာတွေမှာ ထိုင်လိုက်ကြပြီး
"ဘာတွေယူလာတာလဲ?"
"မနက်စာရယ်၊ တစ်ပတ်စာရယ်"
"အဟဲ၊ ချစ်သည်းလေးက လိမ္မာလိုက်တာကွာ။ လာပါဦး၊ မွချင်လို့"
ပါးစပ်ထဲကလက်ကျန်ပေါင်မုန့်ကို အလျင်စလိုမျိုချပြီး လက်နှစ်ဖက်ကိုဆန့်ထုတ်လို့ သူပြောလိုက်တော့
"A**hole!!! ဒီမှာဘောင်ချာတွေ၊ အလုပ်လစာရတာနဲ့ အကုန်ပြန်ဆပ်"
"နင့်ဘိုးအေမို့လို့ အမွေတောင်းနေလား?"
"ငါ့အဘွားတော့ အလွတ်ပေးစမ်းပါ။ ခေါင်းသုတ်ဦး၊ သေနေဦးမယ်"
"အမြင်မတော်ရင် လာသုတ်ပေးလိုက်"
"အခုသေမလား? ငါ ဆေးရုံကားခေါ်ပေးမယ်"
"××××××××××"
"ဆဲမနေနဲ့၊ ငါကြားတယ်"
"ဟိုငနာလေးက မနက်ကလှမ်းပြောတာ။ အလုပ်ပြုတ်တာကို ရိုးရိုးမပြောဘူး။ သူ့လို လိုက်ရှင်းပေးမယ့်သူမရှိရင်လည်း ဆင်ခြင်တဲ့။ သက်သက်နှိမ်တာ"
"ဟား ဟား ဟား၊ ကောင်းတယ်။ ပြောခံရတာ နည်းတောင်နည်းသေးတယ်။ ဟဲ့၊ နင့်ဖုန်းလာနေတယ်"
"အေးပါ။ အဲ ... ဟိုငနာလေးပဲ။ ပြော၊ ဖေ့သားကြီး"
"အေး၊ မပြောဘူး။ ဖုန်းပြန်ချပြီ"
"အဟဲ၊ နောက်တာပါ။ ငါ့သူငယ်ချင်းလေးက လိမ္မာပါတယ်"
"ငါ့မမကပြောတယ်။ သူ့သူငယ်ချင်းရဲ့သားလေးက မူလတန်းတက်နေတာတဲ့။ အဲဒါ ကလေးကိုကျောင်းကြိုပို့အတွက်ရော၊ သေချာစောင့်ကြည့်ပေးဖို့ရော လူရှာနေတာတဲ့။ မင်းလုပ်မလား? High Boss တွေဆိုတော့ လစာကောင်းမယ်"
"ငါက ကလေးထိန်းပေါ့?"
"Bodyguard ကွာ။ အဲ၊ Babyguard လို့ခေါ်မလားပေါ့။ ဟားဟား"
"တစ်နေကုန် စောင့်ပေးရမှာလား?"
"ကျောင်းချိန်တော့ ခဏနားလို့ရတာပေါ့။ မနက်ဆို ကလေးကျောင်းချိန်မတိုင်မီ တစ်နာရီစောရောက်ရမယ်တဲ့။ ရုံးဆင်းချိန်နောက်ပိုင်း နောက်ထပ်နှစ်နာရီအထိ မင်းက ကလေးနဲ့နေပေးရမယ်။ အဲဒီလောက်ဆို သူ့မိဘတွေပြန်ရောက်ပြီမို့ မင်းတာဝန်ချိန်ပြီးပြီ"
"မဆိုးပါဘူး။ လုပ်မယ်ကွာ"
"ဟုတ်ပြီလေ၊ ငါသေချာပြန်ချိန်းပေးမယ်"
"Much Thanks"
"နေစမ်းပါ"
ဖုန်းပြောရင်း ခေါင်းသုတ်ရင်းနဲ့ သူဖုန်းချလိုက်တော့ Speaker ဖွင့်ထားတာမို့ အကုန်ကြားနေတဲ့သူငယ်ချင်းမလေးက
"မဆိုးပါဘူး"
"အင်း၊ ညဘက်လည်း တခြားမှာအချိန်ပိုင်းလုပ်ချင်ရင် လုပ်လို့ရတာပေါ့"
¤
"ကလေးလေး"
"နာမည်ရှိတယ်၊ Smith. ကလေးလေးမဟုတ်ဘူးနော် သိဖို့"
"အဟက်၊ ငစွာလေး"
"ငစွာလေးလည်းမဟုတ်ဘူး။ S, m, i, t, h, Smith. Ok?"
"ဟား ဟား ဟား၊ ဟုတ်ပါပြီကွာ။ Smith လေးရယ်"
မနက်ပိုင်းကျောင်းကိုလိုက်ပို့ဖို့ အိမ်ထဲမှာ သူ့ကိုနှုတ်ဆက်တော့ ကလေးငယ်က ခပ်စွာစွာလေးတုံ့ပြန်လာတာမို့ သူရယ်မိပါတယ်။ တကယ်ကို အသွက်ကလေး။
"ဘယ်လိုကြီးရယ်တာလဲ? နည်းနည်းလေး ဣန္ဒြေရရနေလေဗျာ။ ဒီအစ်ကိုကြီးတော့ တော်တော်သင်ပေးရဦးမှာ"
ဘုရားရေ၊ ဂုဏ်သရေရှိလူကြီးမင်းလေးက ဆိုဆုံးမနေပါပြီ။
"သားလေးရေ၊ ကျောင်းသွားတော့လေ"
"ဟုတ် မာမီ။ ဒီအစ်ကိုကြီးကို သင်စရာရှိတာ သင်ပေးနေတာ"
"ဪကွယ်၊ ဘယ်လိုပြော?"
"ရပါတယ် အစ်မ။ အရမ်းသွက်လွန်းလို့ ကျွန်တော်အသည်းယားနေတာ"
"သွက်တယ်ကွယ်၊ မနိုင်ဘူး။ စိတ်ချမယ်နော်၊ တို့သွားတော့မယ်။ သားရေ၊ ညကျပြန်တွေ့မယ်နော်"
"ဟုတ်ကဲ့၊ See you tonight."
ကလေးအဖေဖြစ်သူကို မနက်ကသူရောက်တော့ နှုတ်ဆက်ရုံပဲနှုတ်ဆက်လိုက်ရပြီး အလုပ်ဆီထွက်သွားတာတွေ့ရတယ်။ ချမ်းသာတဲ့အလျှောက် အလုပ်နောက်လိုက်နေရတာကြောင့် ကလေးနောက်ကလိုက်ပြီး သေချာကြည့်ရှုစောင့်ရှောက်ပေးဖို့ မအားနိုင်ကြတဲ့အဖြစ်။ တစ်ပတ်မှာတစ်ရက်တော့ ကလေးအတွက်အချိန်ပေးကြလို့ ကလေးက မိဘနဲ့အနေမဝေးပါတဲ့လေ။ တကယ်ကို သွက်လက်ပြီး ချစ်စရာလေး။
"ဟိုအစ်ကိုကြီး၊ သွားမယ်လေဗျာ"
"ဪ၊ အေး။ သွားကြစို့"
ကလေးလေးကို ကားနောက်ခန်းမှာ သေချာနေရာချထားပေးပြီး ကျောင်းကိုကားမောင်းထွက်လာခဲ့တယ်။
"မေးမလို့။ ကားမောင်းရင်း စကားပြောလို့ရလား?"
"အာ ... ရပါတယ်ဗျာ။ မေးပါ"
"ကိုကြီးလို့ပဲ ခေါ်မယ်။ ပြီးတော့ သားမေးစရာတွေရှိသေးတယ်။ ညနေမှ သေချာမေးမယ်နော်။ သားကိုရော ဘာမေးဦးမလဲ?"
"သဘောပါ၊ သဘောပါ။ Smith လေးသဘောပါ။ အခုထိတော့ Smith မေမေကပြောပြထားလို့ ကိုကြီးက တော်တော်လေးသိထားပါတယ်။ နောက်မှသိချင်တာရှိရင် မေးမယ်နော်"
"အွန်း၊ သားကိုလာမေးနော်။ သူများလျှောက်မေးမနေနဲ့။ အလကားအတင်းပြောနေတာ မကောင်းဘူး"
ဒီကလေးနှယ်၊ ပြောလည်းပြောတတ်ပါပေတယ်။
ဉာဏ်ကြီးရှင်လေးက သောကြာနေ့နဲ့ စနေနေ့ညနေတွေမှာ ခဲပန်းချီသင်နေပါသေးတယ်။ အိမ်ကိုဆရာခေါ်သင်တာကြောင့် သူကစောင့်ကြည့်ပေးရုံသာ။
"ကိုကြီး၊ ဆရာလာပြီတဲ့"
"အေး၊ သွားကြစို့"
Smith လေးရဲ့စာကြည့်ခန်းဆီရောက်လာတော့
"Good Evening, sir."
".................."
"တွေ့ရတာဝမ်းသာပါတယ် ဆရာ၊ ကျွန်တော်က Smith လေးအတွက် အဖော်လုပ်ပေးဖို့ရောက်နေတဲ့ Cassius Zane ပါ"
".................."
"Sir, hello sir."
ဆရာက သူ့ကိုကြည့်နေပြီး ဘာမှမတုံ့ပြန်တော့ Smith က သူ့ဆရာအင်္ကျီစကိုဆွဲရင်း ခေါ်လိုက်တယ်။
"အာ ... ဟုတ်ကဲ့။ ကျွန်တော် Dylan Barron ပါ၊ တွေ့ရတာဝမ်းသာပါတယ်"
"ဟုတ်ကဲ့ခင်ဗျ။ အေးအေးဆေးဆေးသင်ကြပါ။ Smith, ကိုကြီးအပြင်မှာရှိမယ်၊ လိုတာရှိရင် ခေါ်လိုက်နော်"
"Yes, brother."
အဲဒီဆရာဆိုတဲ့လူက ဘယ်လိုကြီးကြည့်နေပြီး သူကလည်း ဘယ်လိုတွေနေရခက်နေမှန်း သူ့ကိုယ်သူလည်း မသိတော့ပါ။
¤
သူ ဒီအလုပ်ကိုလုပ်နေတာ လတစ်ဝက်ကျိုးပါပြီ။ ကလေးလေးနဲ့လည်း တော်တော်လေးရင်းနှီးနေပြီး အဆင်ပြေနေလို့ စိတ်ချမ်းသာရတယ်။ ကလေးက တစ်ချက်တစ်ချက်ဆိုးပေမဲ့ သူညှိလို့ရနေသေးတယ်။
"ကိုကြီးကို သဘောကျတာလေ အရင်လူတွေလို မာမီတို့ဆီ အကုန်ပြန်တိုင်မနေဘူး"
အဲဒီလိုလည်း လူကြီးစကားပြောပြီး ချုပ်တတ်သေးတယ်။
"ကိုကြီးရေ၊ ရေခဲမုန့်လေးစားချင်လား?"
သူစားချင်တာကို ကိုယ့်ကိုစားချင်လားတဲ့။ မလိမ့်တစ်ပတ်လေး။ သွားပိုးစားနေလို့ ဆရာဝန်က အချိုလျှော့စားခိုင်းတာကို အဲဒီလိုအကွက်တွေလည်း ရွှေ့ချင်ပါသေးသော ကလေးပေါက်ရယ်ပါ။
"ဒီနေ့ဆို ကိုကြီးရှိလို့ပေါ့။ မဟုတ်ရင် သားက မာမီ့ကိုလှမ်းခေါ်ရမလား ဘာလား၊ မတွေးတတ်ဘူး"
ကိုယ်လေးနွေးပြီး ဖျားချင်သလိုဖြစ်လို့ ကျောင်းကလာခေါ်ခိုင်းတာကြောင့် ကိုယ့်မှာအပြေးသွားပြီး ဆေးခန်းပါပို့ပေးခဲ့တာကို ပြောပုံလေးက ကိုယ့်မှာ တဖြုတ်ဖြုတ်ကြွေ။ တကယ်တော့ ရာသီဥတုကြောင့် နည်းနည်းလေးကိုယ်ပူရုံဖြစ်ပြီး ချွေးစို့သွားတာနဲ့ပြန်ကောင်းသွားပါပြီ။
¤
Night club ရဲ့မီးရောင်စုံတွေကြား လူရောင်စုံတွေနဲ့ စရိုက်ရောင်စုံတွေ ခုန်ပေါက်လို့။ Bar မှာထိုင်သောက်နေကြသူတွေ၊ ခုံဝိုင်းတွေမှာ ပူးကပ်နေကြတဲ့ စုံတွဲတွေ၊ အမှောင်ရိပ်ကျရာထောင့်ဝိုင်းတွေက ဆေးတန်ခိုးနဲ့ နတ်ပြည်ရောက်နေသူတွေနဲ့ ထိုထိုမြင်ကွင်းအစုံကြားမှ Toilet သွားရာလမ်းချိုးထောင့်လေးမှာတော့ အတွဲတစ်တွဲက တက်ကြွနေလေရဲ့။
ကောင်လေးတစ်ယောက်က သူ့ခါးတွေကိုဆွဲဖက်ထားတဲ့ လူငယ်တစ်ယောက်ကို လည်ပင်းတွေဆီလက်ချိတ်ထားပြီး နက်နက်ရှိုင်းရှိုင်းတွေနမ်းနေပါတယ်။ အတိအကျပြောရရင် ယောက်ကျားလေးနှစ်ယောက်ရဲ့ အပျော်ရှာမှုမြင်ကွင်းတစ်ခု။ ခဏကြာတော့ လူငယ်ကဘာပြောလိုက်သည်မသိ၊ ကောင်လေးကခေါင်းညိတ်ကာ နှစ်ယောက်သား အတူတူထွက်သွားကြတယ်။
လူရှင်းတဲ့လမ်းကနေ Guest House တစ်ခုဆီဦးတည်နေရင်း မှောင်ရိပ်ရင့်ရင့်တစ်နေရာအရောက် ဘယ်သူကဘယ်သူ့ကို ဆွဲခေါ်လိုက်သည်မသိဘဲ အမှောင်ထဲတိုးဝင်သွားကြပါတယ်။ အချိန်တစ်ခုအကြာမှာ လူငယ်ကပြန်ထွက်လာပြီး ကောင်လေးကိုတော့မတွေ့ရ။ ညလေအေးရဲ့ အမှုန်အငွေ့ပါးပါးကြားက ခပ်ချောချောမျက်နှာမှာ ခပ်လွင့်လွင့်အပြုံးတစ်စ ဖြတ်ပြေးသွားပြီး လမ်းတွေကူးသွားရင်း ပျောက်ကွယ်သွားလေရဲ့။
¤
"ကိုကြီးရေ၊ သား ရုပ်ရှင်တစ်ကားလောက်ကြည့်ချင်တယ်"
"မကြည့်တာကြာပြီဆိုတော့ ကြည့်ချင်ရင်ကြည့်လေ။ ဘယ်အခွေကြည့်မှာလဲ? ဖွင့်ပေးမယ်"
ကစားဖို့ထားတဲ့သီးသန့်အခန်းလေးထဲ တီဗီကိုဖွင့်ပေးရင်းမေးလေတော့
"အဲဒီ စားပွဲအောက်ဆင့်လေးမှာလေ။ Twilight"
"Smith က ကြည့်ရဲလို့လား?"
"မာမီနဲ့ကြည့်တာ အခု မင်းသမီးရဲ့သမီးလေး ကြီးလာပြီလေ။ အဲဒီအပိုင်းကိုကြည့်မှာ"
"ဪ"
သူ့မိဘတွေပေးကြည့်တာမို့ ဖွင့်ပေးလိုက်မိတယ်။
"ကိုကြီးရေ့၊ အဲဒီ Vampire တွေက တကယ်ကြီး အစွယ်တွေထွက်ထွက်လာတာလား?"
"အင်းပေါ့"
"ဟီဟိ၊ မိုက်တယ်။ မင်းသားက မင်းသမီးသေလို့ကိုက်ပစ်လိုက်တာလေ မင်းသမီးက သွေးတွေပြောင်းကုန်ပြီး သွေးစုတ်ဖုတ်ကောင်ဖြစ်သွားရော။ သားအကိုက်ခံရရင်ရော သွေးစုတ်ဖုတ်ကောင်ဖြစ်သွားမှာလားဟင်?"
"ဟာကွာ၊ ပေါက်ပေါက်ရှာရှာ။ ဘာလို့အကိုက်ခံရမှာလဲ?"
"ဟင့်၊ မေးကြည့်တာကို။ တကယ်ရှိလို့လား?"
"ဟင်? မရှိပါဘူး။ မရှိလို့ ပေါက်ကရတွေတွေးမနေနဲ့လို့ ပြောတာပေါ့ကွ"
"ပြီးရော။ ဆက်ကြည့်တော့မယ်၊ တိတ်တိတ်နေနော်"
ဪ၊ ကိုယ်တော်လေးရယ်။ ခင်ဗျားလေးပဲ ပွစိပွစိမေးနေတာလေကွာ။
¤
သူအလုပ်အားတဲ့တစ်ရက် အိမ်မှာအိပ်နေတုန်း ဖုန်းမြည်လာတာကြောင့် ကောက်ကိုင်လိုက်တော့
📲
"ဟဲ့ ... အဟင့် ... ငါ့ ... ငါ့ဆီလာခဲ့ပေး ... အီးဟီး ..... ဟီး"
"ဟင်၊ နင်ဘာဖြစ်တာလဲ? ဘာလို့ငိုနေတာလဲ?"
"ငါ့ ... လူကြီး ... သူ ... အင့် ... သူဆုံးပြီ။ အဟင့် ... အင့် ... သတ်ခံရတာတဲ့ ... အဟင့်"
"ဟာ! နင် အိမ်မှာလား? ငါအခုလာပြီ။ ငါလာပြီနော်၊ ခဏလေးစောင့်"
"အင်း၊ အိမ်မှာ"
ဘာတွေဖြစ်ရတာလဲကွာ၊ သူ့သူငယ်ချင်းလေးရဲ့ရည်းစားက ရန်များတတ်တဲ့လူလည်း မဟုတ်တာကို။ ချက်ချင်းပဲ သူငယ်ချင်းလေးကိုနှစ်သိမ့်ဖို့ သူပြေးရပါတော့တယ်။
သူ့အိမ်လေးထဲရောက်တော့ ဖုန်းလေးနားမှာ ကျုံ့ကျုံ့လေးထိုင်ငိုလို့။
"ဟာ၊ ထလေ။ ငါ့ကိုပြောဦး၊ ဘာဖြစ်တာလဲ?"
"ရဲစခန်း ... ဟင့် ... လိုက်သွားမလို့"
"ဟုတ်ပြီ ဟုတ်ပြီ။ ငါလိုက်ပို့မယ်"
လည်ပင်းမှာလှီးဖြတ်ခံရပြီး ဒဏ်ရာကနေသွေးထွက်လွန်လို့ သေဆုံးရတာဖြစ်ပေမဲ့ အနီးအနားမှာတော့ သွေးအိုင်မတွေ့ရတာကြောင့် တခြားတစ်နေရာမှာအသတ်ခံရပြီးမှ အလောင်းကိုလာပစ်သွားတာလို့ အကြမ်းဖျဉ်းသုံးသပ်ကြပါတယ်။ ရုန်းကန်တိုက်ခိုက်ထားတဲ့ အနေအထားတွေလည်း တွေ့ရပြီး သေချာတဲ့ဆေးစစ်ချက်ထွက်လာရင်တော့ သေဆုံးရခြင်းအကြောင်းအရင်းကို ပိုပြီးအတိအကျသိရပါမယ်တဲ့လေ။ အခင်းဖြစ်ရာနေရာမှာလည်း ဘယ်လိုသဲလွန်စမှ ရှာမတွေ့သေးပါတဲ့။ စစ်ဆေးဆဲ၊ ရှာဖွေဆဲအခြေအနေမှာ သူတို့ထိုင်စောင့်ရုံသာ။
¤
"သွားပါ။ အလုပ်ဝင်တာမှ တစ်လမပြည့်သေးဘူး၊ မပျက်ပါနဲ့။ ငါအဆင်ပြေသလိုလိုရှိပါတယ်"
"အင်း၊ တစ်ခုခုဆို ဖုန်းဆက်နော်"
"အေးပါ။ ဟိုကောင်လည်းလာမယ်ပြောပါတယ်"
"Ok"
•
"ကိုကြီးအသည်းကွဲလာတာလား?"
"ဘာမှမကွဲဘူး။ ရှိလည်းမရှိပါဘူး ကွဲစရာက"
"ရုပ်ကြီးကစူပုပ်လို့"
"ဪ၊ ကိုကြီးသူငယ်ချင်းရဲ့ရည်းစား ဆုံးသွားလို့ စိတ်မကောင်းတာပါ"
"ဪ၊ သနားပါတယ်။ ကိုကြီးသူငယ်ချင်းက မိန်းကလေးလား?"
"အင်း"
"သူ့ကောင်လေးက ရောဂါဖြစ်လို့လားဟင်?"
"ဒီတိုင်းရန်ဖြစ်ကြတာထင်တယ်"
"ဪ၊ အဲဒီမမကိုပြောလိုက်ပါ။ Fighting လို့"
"အေးပါကွာ"
"ဟိုနေ့ကတည်းက ပြောမလို့ သိလား?"
"သိဘူးလေ"
"ဟာဗျာ၊ အကောင်းပြောမလို့ကို။ သားဆရာနဲ့ကိုကြီးနဲ့က အရင်ကတည်းကသိကြတာလား?"
"မသိပါဘူး။ ဘယ်ဆရာနဲ့လဲ?"
"မသိပါဘူးက အရင်လာတယ်"
"ဟုတ်တယ်လေ၊ သားရဲ့ဆရာတိုင်းကို ကိုကြီးဒီရောက်မှ သိတာလေ"
"ဪ၊ သားပြောတာ ပန်းချီဆရာကို"
"သူနဲ့က အခုမှ လေးခါပဲဆုံဖူးတာလေ။ ကိုကြီးရောက်တာမှ လတစ်ဝက်ဆိုတော့ သူနဲ့ဆုံတာ နှစ်ပတ်လေ၊ လေးရက်လေ"
"ဆရာ့ကြည့်ရတာ ကိုကြီးကိုသိနေသလိုမျိုးပဲ"
"ကိုကြီးက အလုပ်အစုံလုပ်ဖူးတော့ သူမြင်ဖူးသလိုရှိတာနေမှာပေါ့။ သူက ဘာပြောလို့လဲ?"
"ဘာမှမပြောဘူးလေ။ ကိုကြီးကိုမြင်ရင် တစ်ခုခုပြောချင်သလို လိုက်ကြည့်နေတာ"
"အဲ၊ ဟုတ်လို့လား? သူ့ဘာသာ တခြားကိုကြည့်တာနေမှာပါ"
"တကယ်ပါဆို၊ ဟိုနေ့က Stephen ကားရေဆေးတာကို ကိုကြီးကူတယ်လေ။ ဆရာက ပြတင်းပေါက်ကနေ အဲဒါကိုလှမ်းကြည့်နေတာ အကြာကြီးပဲ"
ခြံထဲကအလုပ်သမားကောင်လေးကို ကူညီလုပ်ကိုင်ပေးဖူးတယ်။
"ခြံထဲငေးနေတာနေမှာပေါ့။ ပန်းချီဆရာဆိုတော့ ပန်းချီဆွဲဖို့ကြည့်တာနေမှာ"
"ကိုကြီးကိုကြည့်တာပါဆိုနေ"
"အေးပါကွာ၊ ထားပါတော့။ ကြည့်တယ်ဆိုလည်း ကြည့်တယ်ပေါ့။
"တကယ်ပဲဟာကို"
"ဟုတ်ပါပြီလို့"
ကလေးက ကလေးနဲ့မလိုက်အောင် လည်လွန်းတယ်။
အဲဒီ Dylan Barron ဆိုတဲ့လူကရော ဘာလို့များ ကလေးရိပ်မိရအောင်အထိ သရုပ်ပျက်နေရသလဲ။ သက်သက်မဲ့ အနေရခက်တယ်။
¤
"Cassius?"
"ဗျာ"
ခေါ်သံကြားတာနဲ့ထူးမိပြီးမှ ပြန်လှည့်ကြည့်မိတော့
"ဪ၊ ဆရာပဲ။ နာရေးလာတာများလား?"
"ဟုတ်တယ်ဗျ။ ကျွန်တော့်မိတ်ဆွေလေ"
"တိုက်ဆိုင်တာပဲ၊ ကျွန်တော့်သူငယ်ချင်းရဲ့ Boyfriend လေ"
"ဪ၊ ဒါဆို Sandra ရဲ့သူငယ်ချင်းပေါ့"
"Sandra နဲ့လည်း သိတယ်လား?"
"သုံး၊လေးခါလောက် ဆုံဖူးလို့ သိနေကြတာပါ။ အခုပဲ သူ့ကိုနှုတ်ဆက်ပြီးတာ"
"ပြန်တော့မှာလား?"
"ဟုတ်ကဲ့"
"ကျွန်တော်တော့ Sandra ကို သူ့အိမ်လိုက်ပို့ရဦးမယ်"
"ကောင်းပါပြီ။ ခွင့်ပြုပါဦး၊ သောကြာညနေမှ တွေ့ကြတာပေါ့"
"ဟုတ်ကဲ့ပါ"
အခုမှ အင်္ဂါနေ့ပဲရှိသေးတာကို။ ဟာ၊ ဘယ်နေ့ဖြစ်ဖြစ်ပေါ့လေ။ သောကြာက သူ့ဘာသာအချိန်တန်ရင် ရောက်မှာပဲ။
¤
"ကိုကြီး၊ သားအိပ်ချင်လို့ ခဏအိပ်မယ်။ ဆရာလာရင်နှိုးပါနော်"
"ဟုတ်ပါပြီ"
ကျောင်းက အတန်းကြီးတွေစာမေးပွဲရှိလို့ နေ့တစ်ဝက်ပဲတက်ရတော့ ပြန်ရောက်ပြီးလျှောက်ဆော့နေတဲ့ Smith လေးက အခုတော့ ပင်ပန်းသွားပုံပါပဲ။ ကလေးအိပ်တော့ သူလည်းအားနေတာမို့ အခန်းထဲကခုံပေါ်မှာ ဖုန်းလေးသုံးရင်းအိပ်ငိုက်သွားမိတယ်။
"Cass. အချစ်၊ ကိုယ့်ဆီလာပါဦး။ မတွေ့ရတာ ဘယ်လောက်ကြာပြီလဲ?"
အမှောင်ကျလုနီးပါးပတ်ဝန်းကျင်ကြောင့် သူဘာမှမမြင်ရဘဲ အသံကြားရာဆီသာ သွားနေမိတယ်။
"အချစ်၊ လာခဲ့လေ"
ကိုယ့်နားကပ်ပြီးကြားနေရတဲ့အသံကြောင့် ခဏရပ်ပြီးနားစွင့်မိပေမဲ့ ဘယ်နေရာကမှန်း အတိအကျမသိ။
"ကိုယ်ကမျှော်နေခဲ့ရတာ"
"ဘယ်သူလဲ?"
"မေ့သွားပြီလား?"
ဘာမှမမြင်ရဘဲ အသံချည်းသက်သက်ကြားနေရတော့ သိချင်စိတ်နဲ့ထပ်မေးမိတယ်။
"ခင်ဗျားဘယ်သူလဲ?"
"Cassius, Cassius?"
ပခုံးကိုလာထိတဲ့အထိအတွေ့ကြောင့် ခန္ဓာကိုယ်က ဆတ်ခနဲတုန်သွားပီး သတိပြန်ကပ်လာမှ အိပ်မက်မက်နေမှန်း သတိထားမိတဲ့အဖြစ်။
"ဆရာ ရောက်လာပြီပဲ။ Sorry ဗျာ၊ ကျွန်တော် နည်းနည်းလေးအိပ်ငိုက်သွားတယ်။ Smith ရေ၊ ထတော့ကွ။ ဆရာရောက်နေပြီ။ ကလေးလေး၊ Smith? ထတော့ ထတော့"
"အင်း ... အိပ်ချင်တယ်"
"ဆရာက ရောက်နေပြီလေ သားရဲ့"
"ဟင့်"
တစ်ဘက်လှည့်ပြီး အိပ်သွားပြန်ပါရဲ့။
"အဲ၊ ဒီကလေးလေးကတော့"
"နေပါစေလား Cassius. သူအရမ်းအိပ်ချင်နေတာထင်တယ်။ ကိုယ်စောင့်နေလိုက်မယ်"
"အဲဒီလို အဆင်ပြေမလား ဆရာ?"
"ရပါတယ်။ အပြင်မှာပဲ သွားထိုင်စောင့်လိုက်မယ်"
အပြင်ဘက်ဧည့်ခန်းဆီမှာ ထိုင်လိုက်ကြပြီး
"ဒီနေ့ ကျောင်းက နေ့တစ်ဝက်ပဲတက်ရလို့ ပြန်လာတော့ဆော့တယ်လေ။ ပြီးတော့ မောပြီးအိပ်သွားတာပဲ ဆရာရေ"
"Dylan"
"ဗျာ"
"ကိုယ့်နာမည် Dylan ပါ"
"ဟုတ်။ ဆရာပြောဖူးတယ်လေ၊ Dylan Barron လို့"
"မှတ်မိတယ်ဆိုရင် နာမည်ပဲခေါ်ပါလား"
"ဪ၊ ဟုတ်ကဲ့ပါ"
"ကိုယ်တို့ တစ်နေရာရာမှာဆုံဖူးလား?"
"ကျွန်တော်က အလုပ်တွေအစုံလုပ်ဖူးတော့ တစ်နေရာရာမှာ ဆုံဖူးကောင်းဆုံဖူးနိုင်ပါတယ်"
"ဒီမြို့မှာတော့မဟုတ်ဘူးလားလို့ပါ"
"ဗျာ"
"Cassius က ဒီမြို့ကိုပြောင်းလာတာ ဘယ်လောက်ကြာပြီလဲ?"
"ခြောက်လလောက်ပဲရှိပါသေးတယ်"
"ဪ၊ Sandra နဲ့က အရင်တည်းကသူငယ်ချင်းတွေလား?"
"ဟုတ်တယ်ဗျ။ ဟိုးအရင် သူနာပြုသင်တန်းတစ်ခုမှာတွေ့ပြီး ခင်နေကြတာ။ ဒီကိုပြောင်းလာတော့ တစ်မြို့တည်းမှာပဲ ပြန်ဆုံကြတာ"
"ဪ၊ ကိုယ်ကတော့ ဒီမြို့မှာနေတာ ခြောက်နှစ်လောက်ရှိပြီ။ အကူအညီတစ်ခုခုလိုရင် ပြောလေ၊ တတ်နိုင်သမျှကူညီပါ့မယ်"
"ကျေးဇူးတင်ပါတယ်"
အဲဒီနေ့က Smith အိပ်နေတာကြောင့် တစ်နာရီလောက်ထိုင်စောင့်ပြီး Dylan ပြန်သွားခဲ့ပါတယ်။ အေးစက်စက်နေတတ်တယ်လို့ ထင်ရပေမဲ့ တကယ်တမ်းတော့ Dylan က ခင်ဖို့ကောင်းပါတယ်။
¤
"Cass, အချစ်၊ လာခဲ့ပါ။ ကိုယ့်နောက်လိုက်ခဲ့"
"ဘယ်သူလဲ? နေဦးလေ၊ ခင်ဗျားဘယ်သွားမလို့လဲ?"
တစ်အိမ်လုံးက မီးရောင်မှိန်မှိန်တွေသာရှိနေပြီး အငွေ့တွေလည်းရှိနေတာမို့ သူ့ရှေ့ဘက် စင်္ကြန်လမ်းထဲကနေ လက်ကမ်းခေါ်နေသူကို ပုံရိပ်သာတွေ့ရပြီး ထိုလူက နောက်လှည့်ထွက်သွားတယ်။ ဘယ်သူလဲဆိုတဲ့သိချင်စိတ်နဲ့ နောက်ကနေ တဖြည်းဖြည်းချင်းလိုက်သွားမိတယ်။
ထောင့်ချိုးတစ်ခုမှာ အရှေ့ကလူပျောက်သွားပြီး ခပ်လှမ်းလှမ်းက လမ်းအလယ်တည့်တည့်မှာ ကြမ်းပြင်ပေါ် ရေစက်တွေကျနေတာကြောင့် ထိုနေရာနားအထိ သွားကြည့်မိတယ်။
"ဟင်! သွေးတွေပဲ"
သွေးစက်ကျလာရာ အပေါက်ဘက်ဆီကိုမော့ကြည့်မိတော့
"အား"
ရုတ်တရက် လူတစ်ယောက်ပြုတ်ကျလာပြီး ...
"ဟူး၊ အိပ်မက်မက်နေတာပဲ။ ဘယ်လိုအိပ်မက်ဆိုးလဲကွာ"
¤
မနက်မလင်းခင်အချိန်လေး အထပ်မြင့်တိုက်ဟောင်းတစ်ခုရဲ့ခေါင်မိုးမှာ လူနှစ်ယောက် ရုန်းရင်းဆန်ခတ်လှုပ်ရှားနေကြတာကို အိပ်မောကျနေတဲ့ပတ်ဝန်းကျင်ကတော့ သတိမထားမိကြပါ။
ခန္ဓာကိုယ်တစ်ခုလုံးကို ငွေရောင်သံကြိုးတွေနဲ့ တုပ်နှောင်ခံထားရသူက မီးလောင်သလိုဒဏ်ရာတချို့နဲ့။ ပါးစပ်မှာက သွေးနဲ့ကြက်ခြေခတ်ခံထားရတယ်။ တခြားတစ်ယောက်က ကြိုးတွေကို ရေစည်တွေတင်တဲ့စင်နဲ့ တွဲချည်နေခြင်း။ နေအလင်းရောင်ကလည်း ထွက်ပေါ်စပြုလာနေချိန် အရုဏ်ဦးလေး။
ရုန်းကန်ရင်းနဲ့ အားကုန်လာပုံရသူက ခဏငြိမ်သက်နေလိုက်ပြီးမှ အားယူရုန်းကန်လိုက်တော့ တိုင်နဲ့တွဲချည်နေတဲ့ကြိုးတွေ လျော့ကုန်တာမို့ ပြန်ချည်တဲ့လူကချည်နေသလို ရုန်းတဲ့လူကရုန်းနေရင်း လွတ်ထွက်သွားပါတယ်။ တိုင်ကနေသာ လွတ်ထွက်သွားပေမဲ့ ချည်ထားတဲ့ကြိုးတွေကြောင့် သိပ်မလှုပ်ရှားနိုင်တာမို့ တစ်ဘက်လူလက်ကနေတော့ ကိုယ်လွတ်မရုန်းနိုင်ပါ။
"ဒီနေ့မှ မနက်စောစောစီးစီး တိမ်ထူနေသေးတယ်။ နေထွက်ချိန်က ကျော်နေပြီကို"
စိတ်ပျက်လက်ပျက်ရေရွတ်ရင်း သူဖမ်းထားတဲ့လူကို အတင်းဆွဲချုပ်ထားပြန်ပါတယ်။ ရုန်းကန်ရင်းက အမိုးစွန်းနားရောက်သွားပြီး ဆောင့်ရုန်းလိုက်တဲ့အချိန် လက်ရန်းအဆွေးအမြည့်များပြုတ်ထွက်ကာ ချုပ်နှောင်ခံရသူက အမိုးပေါ်ကနေပြုတ်ကျပြီး ကြိုးကတိုင်ငုတ်တစ်ခုနဲ့ငြိကာ လေထဲတွဲလောင်းဖြစ်နေပါတယ်။
တဖြည်းဖြည်းထွက်လာတဲ့နေရောင်ကိုတစ်လှည့်၊ တွဲလောင်းဖြစ်နေသူကိုတစ်လှည့်ကြည့်ကာ ထိုလူအနားက လှည့်ထွက်သွားသူရဲ့မျက်နှာကို ဘယ်သူမှမမြင်လိုက်ကြပါ။
¤
"Cassius, တစ်ယောက်တည်းလား?"
"Dylan. နေ့လယ်စာစားဖို့ လာခဲ့တာလား?"
"ဟုတ်ပါတယ်။ အခုတော့ တစ်ယောက်တည်း ပျင်းခြောက်ခြောက်မဖြစ်ရတော့ဘူး"
"ကောင်းပါ့ဗျာ။ ကျွန်တော်ကမှာပြီးပြီ၊ Dylan ရော?"
"မှာခဲ့ပြီ ကောင်တာမှာ"
မှာထားတာတွေရောက်လာတော့ အတူစားသောက်ကြရင်း
"အမဲနှပ် ထည့်စားလေ"
"ကျွန်တော် သားကြီးငါးကြီးရှောင်တယ် Dylan"
"ဪ။ ဒါနဲ့ ပိတ်ရက်တွေမှာ တခြားအလုပ်လုပ်သေးတာလား?"
"ဟုတ်ကဲ့၊ အခုအလုပ်လေးက လစာကောင်းတော့ ပိတ်ရက်တွေကို တစ်ခါတလေမှ ပစ္စည်းပို့တဲ့အလုပ်လေး လုပ်ဖြစ်တယ်။ အရင်ကတော့ ရသမျှအချိန်ပိုင်းအလုပ်တွေ အကုန်လုပ်ဖြစ်တယ်"
"ကိုယ်ကတော့ တစ်ယောက်တည်းသမားမို့ ပန်းချီကားတချို့ရောင်းလိုက်၊ ကလေးတွေကိုသင်လိုက်နဲ့ အဆင်ပြေတယ်"
"ကျွန်တော်ကတစ်ယောက်တည်းပေမဲ့ ငယ်ငယ်ကနေခဲ့တဲ့ မိဘမဲ့ဂေဟာကကလေးတွေကို နည်းနည်းလေးပြန်ကြည့်ချင်တော့ အလုပ်အစုံလုပ်ဖြစ်တယ်။ ရသလောက်လေးစုပြီး ရောက်ရာအရပ်ကနေ ငွေလှမ်းပို့ပေးဖြစ်တယ်ပေါ့"
"Cassius က တော်တယ်ဗျာ"
"အဲဒီဂေဟာလေးက ကျွန်တော့်ကျေးဇူးရှင်မို့ ကျေးဇူးဆပ်တဲ့သဘောပါ"
"May God bless you."
"Amen"
".................."
"ဘာဖြစ်တာလဲ Dylan? နေမကောင်းဘူးလား? ဖြူဖျော့ဖျော့နဲ့"
"မဟုတ်ပါဘူးဗျာ။ ဒီနေ့ နေပူလွန်းတော့ ရေဓာတ်ကုန်လွယ်နေလို့ပါ"
"ဂရုစိုက်ဗျ။ အခုတလော ရာသီဥတုပူတယ်"
"ဟုတ်ကဲ့"
¤
"Sandra, နင် ဘယ်မှာလဲ? ဟေ့ Sandra"
"လာပါပြီဟ။ အထဲကိုဝင်ဦး"
"မဝင်တော့ဘူး၊ သွားမယ်လေ"
"ငါမလိုက်ဖြစ်တော့ဘူး။ သူ့မောင်နှမတွေက သူ့အတွက်အမှတ်တရပွဲလေးရှိတာ ငါသွားရမယ်။ မနက်အစောကမှဖုန်းဆက်တာ။ ပွဲကမနက်ဖြန်မှဆိုပေမဲ့ ငါ့ကို ဒီနေ့ကတည်းက လာခဲ့စေချင်တယ်တဲ့"
သူ့ Boyfriend အကြောင်းတွေးမိပြီး မျက်ရည်လေးတွေဝဲလာပြန်လို့
"အေးပါကွာ၊ နောက်တစ်ခေါက်ပေါ့"
"အင်း၊ မနက်စာစားသွား"
*Ring Ring Ring*
"ဖုန်းလာတယ်၊ ခဏ။ ဟယ်လို"
".............."
"ဟုတ်ပါတယ်၊ ကျွန်တော် Cassius Zane ပါ"
"............."
"ဗျာ! ဟုတ် ... ဟုတ်ကဲ့၊ အခုချက်ချင်းထွက်လာခဲ့ပါ့မယ်"
"ဘာဖြစ်တာလဲ?"
"ဖာသာ ... အသတ်ခံရလို့တဲ့"
"ဘယ်လို?"
"ငါ ... ငါ သွားတော့မယ်"
"အေးပါ။ ဟဲ့ ... သတိထားသွားနော်။ စိတ်လွတ်မနေနဲ့"
"အေး"
¤
"လည်ပင်းမှာလှီးဖြတ်ရာတွေ့ရပြီး သွေးလွန်ပြီးသေတာပါ။ အခန်းထဲကငွေသားတချို့ ပျောက်သွားတာဆိုတော့ ခိုးဖို့ဝင်လာသူနဲ့ ထိပ်တိုက်တိုးတယ်လို့ ခန့်မှန်းရပါတယ်။ ရုန်းကန်ထားတာတွေ့ရပြီး အလောင်းကို ဝင်းခြံထဲမှာတွေ့ရတာပါ၊ ဆွဲခေါ်ခံရပြီးမှ သတ်ခံရတာပါ။
ဒါပေမဲ့ သွေးထွက်လွန်နေတဲ့ခန္ဓာကိုယ်ကနေ ထွက်ထားတဲ့သွေးတွေတော့ ဘယ်နေရာမှာမှ ခပ်များများမတွေ့ရပါဘူး။ ကျွန်တော်တို့ ဆက်ပြီးစစ်ဆေးနေပါတယ်။ ခင်ဗျားက ဒီဂေဟာကို အမြဲထောက်ပံ့နေတဲ့လူဆိုတော့ ဖာသာကိစ္စကို ခင်ဗျားဆီအကြောင်းကြားရတာပါ"
"ဟုတ်ကဲ့၊ ကျွန်တော်လည်း ဒီနေ့ ဒီကိုလာဖို့စီစဉ်ထားတာပါ"
ဂေဟာမှာ လိုအပ်တာတွေစီစဉ်ပေးပြီးတော့ ညတော်တော်နက်နေခဲ့ပြီ။
*We're coming to you*
လည်ပင်းလှီးဖြတ်ရာ၊ သွေးထွက်လွန်သေဆုံးမှု၊ ထွက်ထားတဲ့သွေး မတွေ့ရခြင်းတွေက လွန်ခဲ့တဲ့တစ်ပတ်ကရခဲ့တဲ့စာကို ပြန်တွေးမိစေတယ်။
*ခွမ်း*
ပြတင်းတံခါးမှန်ကွဲပြီး ဝင်လာတဲ့တစ်စုံတစ်ခု။ အပြင်ဘက်ကို အလျင်အမြန်ကြည့်မိတော့ မသင်္ကာစရာ ဘာအရိပ်အယောင်မှမရှိ။ ဘယ်လောက်တောင်လျင်တဲ့အမျိုးလဲ?
စက္ကူလုံးလေးကိုကောက်ယူလိုက်တော့ ကျောက်ခဲမှာပတ်ထားခြင်း။ ဖြည်ကြည့်လိုက်တော့
*We're closer to you*
သေချာနေပါပြီ။ ဘာတစ်ခုမှမလုပ်နိုင်ရင် ကိုယ့်ဆီမရောက်ခင်မှာ ကိုယ့်နားကတစ်ယောက်ယောက်ကို ထပ်ပြီးဒုက္ခပေးတော့မယ့် အရေးပေါ်အခြေအနေတစ်ခု။
သူငယ်ချင်းရဲ့ရည်းစားနဲ့ ငယ်ငယ်ကမွေးစားအဖေဖာသာက တစ်ပုံစံတည်းသေဆုံးခဲ့တာဟာ စာတွေနဲ့ဆက်စပ်လိုက်ရင် နောက်ထပ်ပစ်မှတ်ဟာ လတ်တလော သူ့အနားရှိသူတစ်ယောက်ယောက်ဆီ ဦးတည်နေပါပြီ။
¤
အမြန်ဆုံးကိစ္စဖြတ်ပြီး ပြန်လာခဲ့ရတယ်။ သူ Smith နားမှာ မျက်စိထောက်ထောက်ကြည့်ဖို့ လိုနေပါပြီ။
"အစ်မ၊ ကျွန်တော့်အိမ်ပြင်နေလို့ ဒီက အလုပ်သမားတွေနေတဲ့နေရာမှာ တစ်ပတ်လောက်လာနေလို့ရမလားဗျ"
"ရတာပေါ့ကွယ်၊ သားလေးအတွက် အဖော်တောင်ရသေးတာကို။ တန်းလျားဘက်မသွားပါနဲ့၊ ဒီအောက်ထပ်မှာ အခန်းလွတ်ရှိတယ်လေ။ ဒီမှာပဲနေပါကွယ်"
"အားနာစရာဗျာ"
"တို့တွေက ကျေးဇူးတောင်တင်ရဦးမှာ။ ကလေးအဖေကိုလည်း တို့ပြောထားလိုက်ပါ့မယ်"
"ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်"
•
"ဟေး ... ပျော်စရာကြီး။ ကိုကြီး သားတို့အိမ်ကို တစ်ခါတည်းပြောင်းလာပါလား"
"အဲဒီလိုတော့ မဖြစ်ဘူးလေကွာ"
"ဘာဖြစ်လို့လဲ?"
"ကဲ၊ နောက်နေ့ကျရင် ကိုကြီးပစ္စည်းတွေရွှေ့တာကို ကူပေးဦးနော်"
"စိတ်ချ၊ မနက်ဖြန် သားကျောင်းပိတ်ရက်။ သား ကိုကြီးကို စောင့်ရှောက်ပေးမယ်"
"ဟား ဟား ဟား၊ အားကိုးပါတယ်ကွာ"
¤
"Cassius, ကိုယ်ပြန်တော့မယ်"
"ဪ၊ ပြန်ချိန်တောင်ရောက်ပြီလား?"
"အင်း၊ နောက်နေ့ကျရင် Cassius က ဒီကိုပြောင်းလာနေမှာဆို? Smith က ပျော်နေတာ"
"ဟုတ်ကဲ့၊ ကျွန်တော့်အိမ်ပြင်နေတော့ နေရတာအဆင်မပြေလို့ပါ"
"အဲဒါဆို မနက်ဖြန် ကိုယ်ဘာကူပေးရမလဲ? ကိုယ်အားနေတယ်"
"ရပါတယ်ဗျာ။ အဝတ်အစားနဲ့ အသုံးအဆောင်နည်းနည်းပါပဲ။ ဒီအိမ်က ကားလွှတ်ပေးမှာဆိုတော့ အဆင်ပြေပါတယ်"
"ဒါဆို ဘယ်အချိန်ပြောင်းမှာလဲ? Cassius ဆီကြိုလာပြီး သိမ်းစရာရှိတာ ကူပေးပါ့မယ်"
"ဗျာ"
"ဪ၊ Smith ပြောဖူးလို့လေ။ Cassius က ကမ်းနားလမ်း၊ တံတားဘက်နားကတိုက်ခန်းတွဲတွေမှာ နေတာလို့ ပြောဖူးတာ ကိုယ်မှတ်မိနေတယ်။ အဲဒီနားက စာသင်ကျောင်းလေးမှာလည်း ကိုယ်က အချိန်ပိုင်းပန်းချီဆရာလုပ်နေတာမို့ အဲဒီနေရာကို သေချာသိတယ်"
"အာ ... အဲဒီကျောင်းမှာလည်း အလုပ်လုပ်တာလား?"
"အင်း"
"မနက်ဖြန်က ကျောင်းပိတ်ရက်ဆိုတော့ တကူးတကဖြစ်နေမှာစိုးလို့ပါ"
"မဖြစ်ပါဘူး"
"နေ့လယ်လောက် ကားလာခေါ်မယ်ပြောတယ်"
"အဲဒါဆို မနက်စာစားပြီးရင် ကိုယ်ထွက်ခဲ့မယ်"
"ဟုတ်၊ ကျေးဇူးပါ"
ခင်ဗျားက ဘာလို့များ အရမ်းတွေကူညီချင်နေရတာလဲ?
¤
"Cassius"
အခန်းတံခါးဖွင့်ထားပြီး ပစ္စည်းတချို့ထုပ်ပိုးနေတဲ့သူက ခေါ်သံကြောင့်လှမ်းကြည့်တော့ Dylan က တံခါးဝမှာ။
"တံခါးဖွင့်ထားပြီး စောင့်နေတာ"
Dylan က ဝင်မလာသေးပါ။ Cassius လှမ်းကြည့်ရင်း
"အထဲဝင်ခဲ့လေ Dylan"
"အင်း၊ လာပြီ။ ဘာကူပေးရမလဲ?"
"ဒီခုံတွေလေ ရွှေ့ရမှာ။ မျက်နှာချင်းဆိုင်တိုက်ခန်းက လွတ်နေတာ။ ပိုင်ရှင်တွေက ကျွန်တော်နဲ့ရင်းနှီးတော့ သူတို့အခန်းမှာပဲ တချို့ပစ္စည်းတွေထည့်သိမ်းလိုက်ဆိုပြီး သော့ပေးထားတယ်"
"ဪ၊ လောလောဆယ် အဲဒီအခန်းက Cassius အပိုင်ပေါ့လေ"
"ဆိုပါတော့။ သူတို့ကတော့ အဲဒီဘက်ပြောင်းနေဖို့ပြောပါတယ်။ ကျွန်တော်က Smith လေးလည်း စာမေးပွဲနီးနေတော့ သူ့ကိုအာရုံစိုက်ပေးလို့ရအောင် ဟိုကိုပဲပြောင်းနေလိုက်တာ"
"ကောင်းပါတယ်။ ကဲ၊ ရွှေ့ကြတာပေါ့"
တစ်ဘက်ခန်းတံခါးဝရောက်တော့ ခုံတစ်ဖက်ကိုသယ်လာတဲ့ Dylan က ရပ်သွားတာမို့ သူလည်းရပ်သွားပြီး
"ဝင်ခဲ့လေဗျာ၊ ဘာဖြစ်လို့လဲ?"
"ခြေထောက်က ခဲလုံးတက်နင်းမိလို့"
"ဖြစ်ရမယ်"
•
"Smith စာမေးပွဲနီးနေတော့ စာလုပ်လို့ရအောင် ကိုယ့်အချိန်တွေ ခဏနားထားလိုက်တယ်။ ဒါပေမဲ့ Cassius ကိုတော့ ကိုယ်လာတွေ့လို့ရမလား?"
"ဗျာ"
"ဪ၊ ကလေးကျောင်းချိန်ဆို တစ်ခါတလေ Cassius အားနေတယ်မဟုတ်လား? အဲဒီလိုအချိန်မျိုးတွေမှာ ကိုယ်လာတွေ့လို့ရမလားလို့"
"အာ ... ရပါတယ်။ ခင်ဗျား အားရင်ပေါ့"
Dylan က ဘယ်ကိုလမ်းကြောင်းဖောက်နေပါသလဲ? သူ ဆက်မတွေးချင်တော့ပါ။
¤
"ကိုယ်ပြောစရာရှိတယ်။ ပြောပြချင်ရုံသက်သက်မို့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး Cassius ဘက်က ဝန်လေးစရာမလိုဘူး။ စိတ်ကြိုက်ဆုံးဖြတ်ပါ"
Smith ရဲ့ကျောင်းနဲ့သိပ်မဝေးတဲ့နေရာက ပန်းခြံလေးထဲမှာ နှစ်ယောက်သားထိုင်နေရင်း Dylan ကပြောလာတော့ ကော်ဖီအေးဘူးလေးထဲက ကော်ဖီတစ်ငုံသောက်လိုက်ပြီး သူပြန်မေးမိတယ်။
"ဘာပြောမလို့လဲ Dylan?"
"ကိုယ် မင်းကိုချစ်တယ်"
"အဲ၊ မနောက်ပါနဲ့ဗျာ"
"ကိုယ်က နောက်နေတဲ့ပုံပေါ်လို့လား?"
"တကယ်ကြီး? တကယ်ကြီးချစ်တာလား?"
"အင်း၊ စတွေ့ကတည်းကပဲ"
ဒါကြောင့် အဲဒီနေ့က Smith လေးမိတ်ဆက်ပေးတော့ သူ့ကိုအကြာကြီးငေးကြည့်နေတာလား?
"ကျွန်တော်က ... အင်း ..."
"လက်မခံနိုင်ရင်လည်း ကိုယ်တို့ အခုအတိုင်း မိတ်ဆွေတွေလိုပဲဆက်နေသွားလို့ ရတယ်မဟုတ်လား? ကိုယ့်ဘက်က Cassius စိတ်အနှောင့်အယှက်ဖြစ်အောင် ဘာတစ်ခုမှမလုပ်ပါဘူး"
"အင်း၊ မိတ်ဆွေတွေပဲပေါ့"
"ကျေးဇူးတင်ပါတယ်"
သူ့ကိုစိုက်ကြည့်ပြီးပြောလာတဲ့ Dylan ကို အကဲခတ်ကြည့်တော့ ခပ်အေးအေးပါပဲ။ အငြင်းခံရမယ်လို့ ကြိုသိနေလို့များ စိတ်ကိုပြင်ဆင်ထားတာလား။ ဒါမှမဟုတ် ဒီအတိုင်း သွေးတိုးစမ်းကြည့်တာလားလို့ သူသိချင်မိပါရဲ့။
"Cassius စိတ်ထဲ မယုံကြည်ဘူးဆိုရင်လည်း ကိုယ်အပြစ်မပြောပါဘူး။ ကိုယ်တို့တွေ့ကြတာလည်း မကြာသေးဘူးဆိုတော့ ကိုယ့်အေးစက်စက်ပုံစံက မယုံချင်စရာကောင်းနေတာပဲလေ။ ကိုယ်ကတော့ မင်းကိုတကယ်ချစ်တာပါ။ အချစ်ဆိုတာ ဘယ်လိုလူကိုမှချစ်ရမယ်လို့ ကန့်သတ်ချက်မရှိဘူးထင်တာပဲ"
"အာ ... ခင်ဗျားကိုမယုံတာမဟုတ်ပါဘူး။ Homo ကိုလည်း ကျွန်တော်လက်ခံပါတယ်။ ခင်ဗျားအနေအေးတာကိုလည်း ကျွန်တော်သိပါတယ်"
"တော်သေးတာပေါ့။ အထင်လွဲသွားပြီ ထင်နေတာ"
"မဖြစ်ပါဘူး။ ကျွန်တော် အချစ်အကြောင်းကို မတွေးချင်သေးလို့ပါ။ ငယ်သူငယ်ချင်းတစ်ယောက်လိုပဲ ခင်ဗျားကို ကျွန်တော်ခင်ပါတယ်"
¤
"ငါတို့ ဘာဆက်လုပ်မှာလဲ? ဒီအတိုင်းလွှတ်ထားလိုက်လို့ မရဘူးလေ"
"သူ့အနားမှာ Sun Defender ရှိနေတာကို ဘယ်လိုလုပ်မှာလဲ?"
"အားလုံးပူးပေါင်းရမှာပေါ့"
¤
"ကိုကြီးရေ၊ ကိုကြီး။ ရော့၊ ဒီမှာ ဆရာလာပေးတာ"
"ဒါက?"
"ချောကလက်လေ။ သားအတွက်ကိုလည်းကြည့်ဦး၊ အကြီးကြီးပဲ။ ဆရာက သိပ်ချစ်ဖို့ကောင်းတာပဲ"
"Happy Valentines day ပါ Cassius"
"ကျေးဇူးတင်ပါတယ် Dylan"
လေးထောင့်ဘူးလေးထဲ ချောကလက်လေးထောင့်တုံးလေးတွေက ရိုးရိုးလေးပေမဲ့
ချောကလက်ဆယ်တုံးပေါ်က စာလုံးလေးဆယ်လုံးကြောင့် Cassius ပြုံးမိပါတယ်။
*Only for YOU*
Smith လေး အိမ်ထဲပြေးဝင်သွားတော့ နှစ်ယောက်တည်းခြံထဲကျန်ခဲ့တဲ့အခါ Dylan က
"ကိုယ်သဘောကျတဲ့လူက နုနုနယ်နယ်လည်းမဟုတ်လေတော့ လှလှပပလေးတွေအစား ဒီလိုရိုးရိုးလေးကို ပိုကြိုက်မလားလို့လေ"
"ဟိုအသည်းပုံလေးတွေပဲ ယူလာရင်တော့ ကျွန်တော်တကယ်ကို အမှတ်တမဲ့ပဲထားလိုက်မိမှာ။ ခင်ဗျားရဲ့အတွေးက ကျွန်တော်နဲ့တိုက်ဆိုင်ပါတယ်"
"ကိုယ်သိတာပေါ့ Cass ရယ်"
"ဗျာ၊ ဘာပြောလိုက်တာလဲ?"
"ကိုယ့်အတွေးမှန်သွားတယ်လို့"
သူ့ရဲ့နှစ်နှစ်ခြိုက်ခြိုက်အပြုံးတွေကို Dylan ငေးကြည့်နေတာ သူသိပါတယ်။ သူလည်း တကယ်သဘောကျမိပါတယ်။
¤
"ကိုကြီး၊ ဟိုမှာ Cotton Candy တွေ။ သားကို တစ်ခုလောက်ဝယ်ကျွေးပါလား?"
"ဟိုနေ့ကပဲ ဆရာကျွေးတဲ့ချောကလက်တွေ စားထားတာလေ။ အချိုတွေစားတာများနေပြီ"
"ဟွန့်၊ အဲဒီချောကလက်ပေါ့။ ကြည့်တော့ ဝက်ဝံရုပ်ကြီးလိုပဲ၊ ဝေဖာအကြွပ်ပေါ်အုပ်ထားတာ။ အထဲမှာက အခေါင်းလိုက်ကြီး"
"ဟားဟား၊ အဲဒီအရုပ်လေးတွေက အဲဒီလိုပဲဟာကိုကွာ။ အပေါ်ကအုပ်ထားရုံပဲဆိုပေမဲ့ အဲဒါလည်း အများကြီးပါပဲလေ။ Almond တွေတောင် ပါတယ်မဟုတ်လား?"
ပြောလာရင်း ကားဆက်မောင်းလာတာကြောင့် ကျန်နေခဲ့တဲ့ Cotton Candy သည်ကြီးဆီ Smith က လှမ်းငေးလိုက်ပြီး
"သွားပါဗျာ။ မုန့်လေးတစ်ခုပဲ ဝယ်ကျွေးခိုင်းတာကို အများကြီးပြောနေရတယ်။ ဆရာ့လိုပဲ ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့ လျှောက်ပြောနေတာ။ ကိုကြီးတို့ညားရင် ကိုကြီးတို့ကလေးတော့ နေစရာမရှိလောက်ဘူး"
"အမ်၊ ဘယ်လို?"
"ဘာလဲ? ဆရာက ကိုကြီးကိုကြိုက်နေတာလေ။ သူ့ပန်းချီစာအုပ်မှာ ကိုကြီးပုံတွေချည်းပဲ"
"Smith က မြင်လိုက်တာလား?"
"မတော်တဆတွေ့မိတာ။ My Adorable Cass လို့တောင် ရေးထားသေးတယ်"
"အာ ... ထားတော့။ ဟိုရှေ့မှာ ထောပတ်ပေါင်မုန့်ဆိုင်ရှိတယ်။ အဲဒါစားမလား?"
ဒီလူတော့ ကလေးရှေ့လည်း မဆင်ခြင်ပြန်ဘူး။
"အဲဒါလည်း မဆိုးပါဘူး"
ကလေးစုတ်လေးက သူမကြိုက်တာလည်းမဟုတ်ဘဲ ချေနေသေးတာ။
ကားရပ်ပြီး ပေါင်မုန့်ဆင်းဝယ်နေတုန်း ဒုန်းခနဲအသံကြားမိလို့ လှည့်ကြည့်တော့ လမ်းမပေါ်က ကားချင်းဆင့်တိုက်ထားတဲ့မြင်ကွင်း။ ကားကြီးတစ်စီးရဲ့ဝင်တိုက်တာခံရတဲ့ အိမ်စီးကားလေးက မွမွကြေလို့။
"မဟုတ်ဘူးလေ။ Smith!!!"
သွားပြီ။ ကြေမွနေတဲ့ကားထဲ ကလေးက ...
ဘယ်မှာလဲ? ကလေးဘယ်မှာလဲ? မဖြစ်ရဘူးလေ။
ကားဆီတိုးကပ်သွားမယ့်သူ့ကို လူတွေဝိုင်းဆွဲကြတယ်။
"ပေါက်ကွဲနိုင်တယ်၊ ခင်ဗျားမသွားနဲ့"
*ဝုန်း*
"အား ... Smith ..... မဖြစ်ရဘူး။ Smith ....."
"ကိုကြီး"
"ဟင်?"
"သား ဒီမှာ ကိုကြီး"
"Smith, ကလေး၊ ဘာမှမဖြစ်ဘူးနော်။ ဘာမှမဖြစ်ဘူးမဟုတ်လား?"
"ဖြည်းဖြည်းလုပ်ပါ ကိုကြီးရဲ့။ သားဘာဒဏ်ရာမှ မရပါဘူး။ ဆရာရောက်လာပြီး သားကိုဆွဲခေါ်ပြီးမှ အဲဒီကားကြီး သားတို့ကားကို ဝင်တိုက်မိတာ"
"Dylan"
အခုမှသတိထားမိတယ်။ မလှမ်းမကမ်းမှာ Dylan ရပ်နေတာပဲ။ တော်သေးတာပေါ့၊ Smith လေးသာ တစ်ခုခုဖြစ်သွားရင် သူ့ကိုယ်သူ ခွင့်လွှတ်နိုင်မယ်မထင်ပါ။
"Dylan, ခင်ဗျားလက်မောင်း ..."
"အာ ... မထိပါဘူး။ အင်္ကျီပြဲသွားရုံပဲ"
လျှောကျနေတဲ့အပေါ်ထပ်အင်္ကျီကို ပြန်ဆွဲဝတ်လိုက်တဲ့ Dylan ရဲ့ T shirt လက်မောင်းနေရာမှာ သေချာပေါက် သွေးပေနေတယ်။ ကလေးမှာလည်း သွေးထွက်သံယိုမဖြစ်ဘူး၊ Dylan မှာလည်း သွေးထွက်ဒဏ်ရာမရှိဘူးလား?
¤
📲
"Dylan, ခင်ဗျားအားရင် ကျွန်တော့်ကို လာတွေ့ပါလား?"
"အားပါတယ်။ အခုပဲ Smith လေးမိဘတွေနဲ့တွေ့ပြီး ပြန်လာတာ"
"အင်း၊ သူတို့ ခင်ဗျားကို အရမ်းကျေးဇူးတင်နေကြတာ"
"ကိုယ် ဘယ်လာခဲ့ရမလဲ?"
"ကျွန်တော်တို့နားက ဘုရားကျောင်းလေးမှာ"
"ဘုရားကျောင်းမှာလား?"
"ဟုတ်တယ်"
"အင်း၊ ကိုယ်လာခဲ့မယ်"
•
📲
"Cassius"
"ခင်ဗျားရောက်ပြီလား? ဝင်လာခဲ့လေ ဘုရားကျောင်းထဲကို"
"ကိုယ်က အဲဒီရှေ့က ကော်ဖီဆိုင်မှာ။ Sandra နဲ့တွေ့လို့ ကော်ဖီအတူသောက်ရအောင် ဆိုလို့လေ"
"Sandra?"
"အေး၊ နင်လာခဲ့လေ။ ငါတို့စောင့်နေမယ်"
"အင်း၊ ငါလာပြီ"
ဘယ်လိုဖြစ်ပြီး Sandra နဲ့ဆုံပြန်တာလဲ?
"ဟေး၊ ငါတို့ဒီမှာ"
"အင်း"
သုံးယောက်သား စကားတွေပြောကြပြီးသာ လမ်းခွဲထွက်ကြတော့ Sandra က သူ့အနားပြေးကပ်လာပြီး
"Mr. Barron က နင့်ကိုကြိုက်နေတာမဟုတ်လား? အတွေးမမှားနဲ့နော်၊ သူကြည့်ရတာ အေးအေးဆေးဆေးသမားပဲ။ လိုအပ်ချက်များတဲ့လူမဟုတ်ဘူး"
"နေစမ်းပါ။ နင်အလုပ်ရှိတယ်ဆို? သွားတော့"
"အေးပါဟဲ့။ နောက်မှတွေ့မယ်"
¤
"Cass, အချစ်။ ကိုယ်မျှော်နေတာ"
"ခင်ဗျား ဘယ်သူလဲ?"
"လာလေ အချစ်ရဲ့။ ကိုယ့်လက်ကိုကိုင်လိုက်"
လှမ်းလာတဲ့လက်ကို စိတ်လွတ်လက်လွတ် ဆွဲကိုင်မိတော့ အေးစက်နေတဲ့အထိအတွေ့ရယ်၊ နီးကပ်လာတဲ့ မျက်ဝန်းနီနီတစ်စုံရယ်။
"အား၊ မက်ပြန်ပြီကွာ။ ဘာအိပ်မက်တွေလဲ?"
¤
"စားလေ Dylan"
"ဟင်? ကိုယ် ရင်ပြည့်နေလို့"
"ခင်ဗျားပဲ ခုနကပြောတော့ ဘာမှမစားရသေးဘူးဆို?"
"အင်း၊ အဆာလွန်သွားတာနေမယ်။ ခဏနော်၊ ကိုယ်နောက်ဘက်သွားလိုက်ဦးမယ်"
ရေအိမ်ဆီရောက်လာတဲ့ Dylan က လက်ကိုရေဆေးလိုက်ပြီး ဖြန့်ကြည့်နေတယ်။ လက်ကနီရဲနေပြီး အာရုံစိုက်ကာကြည့်နေရင်းမှာပဲ အကောင်းပကတိအတိုင်း ပြန်ဖြစ်သွားလေပြီ။
"ခင်ဗျားစွမ်းအားက မသေးပါလား?"
"Cassius"
"ဘာကိစ္စ ကျွန်တော့်နားကိုကပ်နေရတာလဲ? စာတွေက ခင်ဗျားလက်ချက်လား? သူတို့ကိုသတ်တာ ခင်ဗျားလား?"
"ဘာတွေပြောနေတာလဲ?"
"ငြင်းချင်သေးတာလား Dylan? ကျွန်တော်တကယ် နမော်နမဲ့နိုင်တာပဲ။ Smith လေး မတော်တဆမဖြစ်ခင်အထိ ခင်ဗျားကို သံသယမဝင်မိဘူး။ တကယ်ဆို သိနိုင်တာတွေ အများကြီးပဲ။
ကျွန်တော့်အိမ်ထဲကို ကျွန်တော်ဝင်ခွင့်မပေးမချင်း ခင်ဗျားဝင်လို့မရခဲ့ဘူး။ မျက်နှာချင်းဆိုင်အခန်းကို ဝင်ကြတော့လည်း အဲဒီလိုပဲ၊ ဝင်လေဆိုမှ ခင်ဗျားဝင်လာတယ်။ အိမ်ရှင်ခွင့်ပြုချက် လိုနေတယ်။
ပြီးတော့ ခင်ဗျားအစားစားရင် ဘာမှသေချာမစားဘူး။ အေးပေါ့လေ၊ ခင်ဗျားရဲ့ဆာလောင်မှုက တခြားတစ်ခုကိုး။ ပြီးတော့ ခင်ဗျားလက်မောင်းဒဏ်ရာရပြီး အဝတ်ပြဲသွားပေမဲ့ ဒဏ်ရာကတော့ ချက်ချင်းပြန်ကောင်းသွားတယ်။ ဘုရားကျောင်းမှာချိန်းတော့ ခင်ဗျားရှောင်ထွက်သွားတယ်။ အခုကတော့ ဖန်ခွက်ထဲထည့်ထားတဲ့ရေမန်းကို ခင်ဗျားကိုင်မိပြီး လက်တွေလောင်သွားတယ်။ ကြက်သွန်ဖြူနဲ့အစားအသောက်တွေကို ခင်ဗျားစားလို့မရဘူး။ ငွေဇွန်းနဲ့ခက်ရင်းကို ခင်ဗျားမကိုင်ဘူး။ ရင်ပြည့်နေတယ်ဆိုပြီး ရှောင်ထွက်တယ်။
ပြောပါဦး Mr. Vampire ရဲ့"
"ကိုယ်က ဘာပြောရမှာလဲ?"
"ခင်ဗျားနဲ့ကျွန်တော်သိပြီးတော့ မကြာပါဘူး၊ Sandra ရဲ့ရည်းစားအသတ်ခံရတယ်။ မိဘမဲ့ဂေဟာအကြောင်း ကျွန်တော်ခင်ဗျားကိုပြောပြီးတော့ ဖာသာအသတ်ခံရတယ်။ ကျွန်တော် Smith နားအနီးကပ်နေတာကိုတောင် လုပ်ကြံတယ်"
"ကိုယ်မလုပ်ဘူး။ ကိုယ် Smith ကိုကယ်ခဲ့တာ"
"အဲဒါကရော ဘာအကွက်လဲ? ဘာလို့ကယ်ရတာလဲ? ပြီးတော့ ဆုတောင်းစကားကို ခင်ဗျားခံနိုင်ရည်ရှိတယ်။ အဆောင်မပါဘဲ နေရောင်ထဲသွားနိုင်တယ်။ ကျွန်တော် တော်တော်စဉ်းစားခဲ့ရတာ"
"သူတို့ကို ကိုယ်လုပ်တာမဟုတ်ဘူး။ မင်းကိုထိမှာစိုးလို့ အဝေးကနေစောင့်ကြည့်နေရင်းက မင်းနဲ့နီးစပ်ဖို့ ကြံစည်လိုက်ရတာပါ"
"ဘာကိစ္စ ကျွန်တော့်ကိုစောင့်ကြည့်နေတာလဲ? ခင်ဗျားကဘာလဲ?"
"Sun Defender"
"ဘာရယ်? ဒါကြောင့် ခင်ဗျားက နေရောင်ကာကွယ်တဲ့အဆောင်မပါဘဲ နေ့ဘက်မှာ သွားလာနိုင်တာပေါ့။ ဟား ... ကျွန်တော် တကယ်ညံ့သေးတာပဲ"
"မင်းမညံ့ပါဘူး။ ဘယ်လိုပဲ Vampire ကိုအာရုံခံနိုင်တယ်ပြောပြော Sun Defender ကမသိစေချင်ရင် ဘယ်မုဆိုးမှ သေချာမသိနိုင်ပါဘူး"
"ဝန်ခံပြီပေါ့?"
"ခဏ။ ဒီနေရာက ... မင်းအတွက်အန္တရာယ်များတယ်။ သွားကြစို့"
"ဘာတွေကြံစည်နေတာလဲ? ခင်ဗျားပြန်ထွက်မရဘူး၊ ကျွန်တော်စည်းချထားတယ်"
"သူတို့တွေ မင်းဆီလာနေကြပြီ။ မြန်မြန်ရှောင်ရအောင်"
"ဉာဏ်မများနဲ့၊ ခင်ဗျားကို အလွတ်မပေးနိုင်ဘူး"
"ကိုယ်တကယ်ပြောနေတာပါ။ အခုမသွားရင်မမီတော့ဘူး"
"တခြားနည်းသုံးစမ်းပါ"
"ဟုတ်ပြီလေ"
Dylan လှုပ်ရှားလိုက်ချိန် Cassius တစ်ယောက် အသိစိတ်လွတ်ချင်ချင်ဖြစ်သွားလေပြီ။ သတိထားထိန်းလိုက်ပြီးမှ
"ဘာလုပ်တာလဲ? မဟုတ်သေးဘူး၊ ခင်ဗျား ... ခင်ဗျား ကျွန်တော့်ကို"
"Yes, my beloved."
Dylan က Cassius ကို သူ့ရဲ့ Beloved (Mate) အဖြစ် အမှတ်အသားလုပ်ပစ်လိုက်တာပါ။
Vampire တွေက တခြားတစ်ယောက်ရဲ့ Mate ကိုသွားထိတဲ့ ရန်များတဲ့အလုပ်မျိုးကို ရှောင်တတ်ကြတယ်။ နေရောင်အောက်မှာ လွတ်လွတ်လပ်လပ်သွားလာနိုင်တဲ့ Sun Defender တစ်ယောက်ရဲ့ Mate ဆိုရင် ပိုလို့ဝေးဝေးရှောင်ကြမှာပါ။
ဒါပေမဲ့လည်း အခုကတော့ Sun Defender ရဲ့ Mate က Hunter တစ်ယောက်ဖြစ်နေခဲ့ခြင်း။
Dylan က သူမြင်တာကို Cassius ဆီအာရုံလွှဲပြောင်းပြလိုက်တယ်။ Vampire တွေ Cassius ဆီ အာရုံခံလိုက်လာနေကြခြင်း။
မတတ်သာတဲ့အဆုံး Cassius တစ်ယောက် ကိုယ့်စည်းကိုယ်ပြန်ဖျက်ပြီး Dylan ခေါ်ရာနောက် လိုက်ရပါတော့တယ်။
တောစပ်မှာ Vampire တစ်ဖွဲ့ Cassius ကိုရှာဖွေနေတုန်းမှာ သူတို့နှစ်ယောက်ကတော့ တောအတွင်းပိုင်းကို တိုးဝင်မိကြပြီ။
ရုတ်တရက် သစ်ပင်တစ်ပင်ပေါ်ကနေ ခုန်ချလာတဲ့တစ်စုံတစ်ခုကြောင့် သူတို့ရပ်လိုက်ကြတော့ Vampire တစ်ကောင်၊ ပြီးတော့ နောက်ထပ်ထပ်ရောက်လာကြတဲ့အဖွဲ့က အားလုံးငါးယောက်။
"Defender, ခင်ဗျား ဘာလို့ဝင်ပါတာလဲ? ဖယ်ပေးပါ"
"မဖယ်နိုင်ဘူး"
"မဖယ်ရင် ခင်ဗျားကိုပါ တိုက်ခိုက်ရလိမ့်မယ်"
"ငါက ကြောက်မယ်ထင်တာလား?"
Dylan စကားကြောင့် တစ်ယောက်ကရှေ့တိုးလိုက်တော့ နောက်တစ်ယောက်က
"Wait! Defender's beloved."
ထိုလူ့စကားကြောင့် ကျန်တဲ့လေးယောက်ပါ လှုပ်လှုပ်ရှားရှားဖြစ်သွားကာ သတိထားမိသွားကြပြီး
"သူက မုဆိုးတစ်ယောက်ဆိုတာ မင်းမသိစရာမရှိဘူး Defender"
"သူ့ဆီက ငါ့ရဲ့အမှတ်အသားကိုလည်း မင်းတို့မသိစရာမရှိဘူး"
သူတို့စကားတွေကြား Cassius လည်း ဘာလုပ်ရမယ်မသိပါ။ Dylan က သူ့ကိုကာကွယ်ဖို့ အသည်းအသန်ကြိုးစားနေတာ တကယ်ကိုမယုံနိုင်စရာ။
"သူက မိန်းမပျက်ပုံစံနဲ့လည်း ကျုပ်တို့ကိုထောင်ဖမ်းတယ်။ Gay Club က Customer ပုံစံနဲ့ရော၊ Hunter ပုံစံအစစ်နဲ့ရော၊ တခြားပုံစံအမျိုးမျိုးနဲ့ပါ လှုပ်ရှားနေတာ။ မင်းကိုလည်း ဘယ်လိုတွေမြှူဆွယ်လိုက်သလဲ?"
"တိတ်စမ်း။ ငါ သူ့ကိုစောင့်နေရတာကြာပြီ"
"အဲဒါက ဒဏ္ဍါရီမဟုတ်ဘူးပေါ့? ဘယ်လိုပဲဖြစ်ဖြစ် ငါတို့သူ့ကို အလွတ်မပေးနိုင်ဘူး"
သူ့ကိုအလွတ်မပေးနိုင်ဘူးပြောလို့ Cassius ဝင်ပြောပါတော့တယ်။
"ငါက ငါ့အလုပ်ငါလုပ်တာလေ။ ပြောရရင် မင်းတို့လည်း ရည်ရွယ်ချက်ရှိရှိနဲ့ ငါ့အနားကလူတွေကို သတ်ပစ်ကြတာလေ"
"ကျုပ်တို့က မင်းကိုသတိပေးပြီးမှလုပ်ခဲ့တာ"
ပြောပြီးပြီးချင်းမှာပဲ စတင်တိုက်ခိုက်လာတာကြောင့် နှစ်ယောက်နဲ့ငါးယောက် တိုက်ပွဲဖြစ်ကြပါတော့တယ်။
ငါးယောက်မှာ နှစ်ယောက်သာကျန်တော့တဲ့အချိန် တောစပ်ကအဖွဲ့တွေပါရောက်လာကြပြီ။
"Defender's Beloved"
သိသိချင်း ဝေခွဲမရဖြစ်နေသူတို့ရှိသလို ဝင်ရောက်တိုက်ခိုက်သူတို့လည်း ရှိလာတော့ ငါးယောက်အဖွဲ့တုန်းက Cassius ကလည်း Hunter တစ်ယောက်မို့ စိတ်ပူစရာမလိုပေမဲ့ အခုလို အင်အားကွာချိန်မှာ Dylan က Cassius အတွက်ပါ ကူပေးနေရတာကြောင့် ဒဏ်ရာတချို့က ပြန်လည်ကုစားချိန်ပင်မရအောင် ထပ်ခါထပ်ခါထိခိုက်လာခဲ့ပြီ။
*ဝုန်း*
တစ်ယောက်ကိုရှောင်ရင်း နောက်တစ်ယောက်ရဲ့ကိုင်ပေါက်တာကို ခံလိုက်ရတဲ့ Cassius သစ်ပင်နဲ့တိုက်မိသံကြောင့် Dylan အပြေးသွားမိတော့ Cassius ရင်ဘတ်ကိုထိုးဖောက်လိုက်တဲ့ တစ်ဘက်က Vampire ရဲ့လက်က Dylan ဗိုက်ဆီဖောက်ထွက်မလို။
"Dylan"
Cassius စိုးရိမ်ပြီး ထအော်မိတော့ Dylan ပြုံးသွားပြီး ရှေ့ကတစ်ကောင်ကို ရင်ဘတ်ဖောက်ကာ နှလုံးကိုဆွဲညှစ်ခြေမွပစ်လိုက်မိတယ်။ လွင့်ထွက်သွားတဲ့ပြာတွေနဲ့အတူ Dylan ဒဏ်ရာ ပြန်ကောင်းခါနီးမှာ အဲဒီနေရာကိုပဲ ဦးတည်တိုက်ခိုက်လာကြတာမို့ အလူးအလဲရှောင်တိမ်းနေရဆဲ။
"We're coming."
ခပ်တိုးတိုးပေမဲ့ ပတ်ဝန်းကျင်တစ်ခုလုံးကို ပဲ့တင်ထပ်သွားတဲ့အသံကြောင့် အကုန်လုံးအာရုံစိုက်သွားတဲ့နေရာကိုကြည့်ကာ Dylan ပြုံးလိုက်တာကို Cassius မြင်လိုက်ပါရဲ့။
ဖြတ်ခနဲ အမြင်အာရုံထဲဝင်လာတဲ့ Vampire တွေက စုစုပေါင်းသုံးယောက်တည်းပေမဲ့ တစ်ဘက်ကရန်သူတွေကတော့ အနည်းငယ်တွန့်ဆုတ်သွားကြပြီ။ သုံးယောက်ထဲမှ ရှေ့ဆုံးကတစ်ယောက်က
"အားလုံးပဲ၊ အချင်းချင်းသတ်နေကြတာ မကောင်းဘူးထင်တယ်နော်။ ဒီနေရာကလည်း ဘယ်သူ့အပိုင်ဆိုတာ သိကြမယ်ထင်ပါတယ်"
"ခင်ဗျားတို့က ဘာလို့ Hunter တစ်ယောက်ကို ကာကွယ်ပေးချင်တာလဲ?"
"Hunter? အာ ... သူ့ရဲ့ Mate ကိုပြောတာလား?"
Dylan ကိုလက်ညှိုးထိုးကာ မေးလိုက်တော့
"အဲဒါက ..."
"အဲဒါက Sun Defender's Beloved လေ။ ငါတို့က Defender ကိုကူညီချင်ရုံသက်သက်ပါ။ သူက သူ့လူကိုကာကွယ်ချင်တဲ့ကိစ္စကတော့ ငါတို့လည်း ဝင်စွက်ဖက်လို့မရဘူးပေါ့"
"ရအောင် ကာကွယ်ထားကြ။ ငါတို့သွားစို့"
ကျန်နေတဲ့အဖွဲ့တွေ အလျှိုလျှိုပျောက်ကွယ်သွားကြပြီ။
"ခင်ဗျား နားမှဖြစ်မယ် Dylan"
Dylan ခေါင်းညိတ်လိုက်ပြီး Cassius ဆီလက်ကမ်းလိုက်တယ်။ Cassius က ခေါင်းခါလိုက်ချိန် သူ့ရှေ့မှာ ရိပ်ခနဲအရိပ်တစ်ခုတွေ့လိုက်ရပြီး Dylan လက်ထဲ ခွေလဲကျသွားပါတယ်။
"Sorry, Defender. သူကခေါင်းမာလွန်းလို့"
"ရပါတယ်"
¤
"ဘယ်ကိုရောက်နေတာလဲ?"
"အချစ်၊ လာလေ။ မင်္ဂလာအချိန်ကနီးနေပြီ"
သတို့သားဝတ်စုံပြည့်နဲ့ Dylan စကားကြောင့် သူလန့်သွားမိတယ်။ သူ့ကို အချစ်လို့ခေါ်နေခဲ့သူက Dylan လား? သူ့ကိုယ်သူကြည့်မိတော့လည်း ဆင်တူဝတ်စုံနဲ့။ မဖြစ်ဘူး၊ သူဒီမှာမနေနိုင်ဘူး။
ပြေးထွက်လိုက်မိတဲ့အခါ အမှောင်ထုထဲကျသွားပြီး
"အား!"
"နိုးပြီလား?"
"ဒါ ဘယ်နေရာလဲ?"
"ကိုကိုက သမီးတို့အိမ်မှာလေ"
"ကလေးက ဘယ်သူလဲ?"
"ဒီအိမ်ပိုင်ရှင်ရဲ့ မြေးပါ"
ရှုပ်ကုန်ပြီ။ အမျိုးစပ်လို့ပြီးမယ်မထင်။
အဲဒီအချိန် တံခါးပွင့်သွားပြီး သူတို့ကိုလာကူခဲ့တဲ့သုံးယောက်ထဲက အမျိုးသမီး ဝင်လာပါတယ်။
"သမီးရေ၊ တီတီတို့စကားပြောမလို့ သမီးအပြင်မှာသွားဆော့တော့နော်"
"ဟုတ်၊ ကိုကို တာ့တာ"
သူ့ကိုမော့ကြည့်တဲ့ကလေးက တာ့တာပြရင်း မျက်လုံးလေးတွေနီရဲသွားပြန်တယ်။ သူလေးကလည်း Vampire ပါပဲလား။
"နေသာရဲ့လား?"
"ဟုတ်ကဲ့။ ဒီနေရာက Lord Oliver ရဲ့ စံအိမ်များလား?"
"ရှင်က တကယ်တော်တာပဲ။ ဟုတ်ပါတယ်"
"အတတ်နိုင်ဆုံး လူသတ်ဖို့ရှောင်ရှားပြီး ရာဇဝတ်မှုကင်းမဲ့နယ်မြေကို ဖန်တီးခဲ့တဲ့ သက်တမ်းရင့် Vampire ကို ကျွန်တော်မသိရင် ကျွန်တော်ညံ့လို့ပေါ့။ ဒါကြောင့်သာ ကျွန်တော့်ကိုလိုက်သတ်တဲ့အဖွဲ့တွေ နောက်ဆုတ်သွားခဲ့တာပဲ"
"ဟုတ်ပါသတဲ့ရှင်"
"ကျွန်တော် ဒဏ္ဍါရီကိစ္စကို နည်းနည်းတော့သိတယ်။ ဒါပေမဲ့ ..."
"ရှင်သိတဲ့ လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ရာကနေ ပြန်စကြတာပေါ့။ Vampire တွေထဲမှာ အားနည်းတတ်တဲ့ သွေးနှောအနေနဲ့မွေးလာတဲ့အထဲ သူမတူအောင်အစွမ်းထက်သူတွေကိုတော့ Sun Defender လို့ သတ်မှတ်ကြတယ်။ Dylan လို Vampire မျိုးပေါ့။ သူက လူသားတစ်ယောက်ကို ချစ်ကြိုက်ခဲ့တယ်။ အဲဒီလူသားရဲ့အချစ်စစ်ကိုရခဲ့တဲ့ Sun Defender ဟာ သူ့ချစ်သူနဲ့ပေါင်းစပ်ပြီးချိန်မှာ အနှိုင်းမဲ့စွမ်းအားတချို့ကို ရရှိခဲ့တယ်။ သိပ်လှတဲ့အချစ်ပုံပြင်လေးက သူ့ချစ်သူရဲ့လူ့သက်တမ်း ကုန်ဆုံးချိန်မှာ အဆုံးသတ်ခဲ့တယ်။ လူသားဘဝနဲ့ပဲရှင်သန်ချင်ခဲ့တဲ့ သူ့ချစ်သူက သူ့ကို Vampire အသွင်မပြောင်းပေးရဘူးလို့ ကတိတောင်းခဲ့တယ်။ Defender က နောက်ဘဝအဆက်ဆက်လည်း စောင့်နေမယ်လို့ ပြောခဲ့တယ်။
ဒီကြားထဲဖြစ်ခဲ့တဲ့ ယုံတမ်းစကားလို အဖြစ်အပျက်ကလေးကတော့ ကြေကွဲစရာပါပဲ။ အဲဒီတုန်းက သူတို့နှစ်ယောက်ရခဲ့တဲ့ကလေးက မျိုးဗီဇမညီမျှမှုကြောင့် မကောင်းဆိုးဝါးတစ်ကောင်ဖြစ်ခဲ့ပြီး အမေကိုယ်တိုင် သူ့လက်နဲ့သတ်မှသေခဲ့တယ်။ အဲဒါကြောင့် Defender's Beloved က သူတို့အချစ်ကိုတိုင်တည်ပြီး ဆုတောင်းပြုခဲ့တယ်။ လူယောက်ျားဘဝရောက်မှသာ ပြန်ဆုံရပါစေတဲ့။ အဲဒီဆုတောင်းကြောင့် ကြားထဲကဘဝမှာ မိန်းကလေးတစ်ယောက်အနေနဲ့မွေးလာတော့ Dylan က သွားမတွေ့နိုင်ခဲ့ဘူး။ ဒါပေမဲ့ အဲဒီမိန်းကလေးက သူ့ချစ်သူနဲ့ခိုးရာလိုက်ပြေးတဲ့နေ့မှာ ကားမှောက်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးခဲ့တယ်။ Dylan ဒုတိယအကြိမ် အသည်းကွဲရတာပေါ့။
နောက်ထပ်ဘဝတစ်ခုမှာတော့ Hunter မျိုးရိုးကနေ မွေးဖွားလာတဲ့အခါ Defender အနေနဲ့က တွေ့ဖို့ခက်နေခဲ့တယ်။ ချစ်ရသူရဲ့အမုန်းကို မခံစားချင်လို့ မတွေ့ရဲခဲ့ပေမဲ့ နောက်ကနေလိုက်စောင့်ရှောက်နေခဲ့တာပါ။ Cassius, ဆုတောင်းတစ်ခုပြုမယ်ဆိုရင် သေချာလေး ပြီးပြည့်စုံအောင်တွေးပြီးမှ ပြုသင့်တယ်လို့ ကျွန်မထင်တယ်။ သစ္စာမှန်လို့ပြည့်တဲ့ဆုက တစ်ခါတလေမှာ ရင်နာစရာတွေဖြစ်နိုင်တယ် Cassius ရယ်"
"ဒါဆို ကျွန်တော်ငယ်ငယ်ကတည်းက မက်နေကျအိပ်မက်တွေထဲက အဲဒီလူဟာ Dylan ပေါ့။ ခုနက ကျွန်တော်တို့ မင်္ဂလာဝတ်စုံတွေနဲ့လို့ အိပ်မက်မက်တယ်"
"အိပ်မက်တွေ အမှန်တကယ်ဖြစ်လာရင်တော့ ဝမ်းသာစရာပေါ့ရှင်"
"သူ ဘယ်မှာလဲ?"
"သူနားနေတဲ့အခန်းဆီ ကျွန်မလိုက်ပို့ပေးမယ်လေ"
"ကျေးဇူးတင်ပါတယ်"
Dylan, ကျွန်တော့်အိပ်မက်ထဲကလူ၊ ကျွန်တော့်ဖူးစာရှင်တဲ့လား?
ဒီဘဝအတွက်ဆုံးဖြတ်ချက်နဲ့ သံသရာအတွက် ပြီးပြည့်စုံတဲ့ဆုတောင်းတစ်ခုကို အိပ်ခန်းတစ်ခန်းနဲ့တစ်ခန်းအကူး ဒီအချိန်ခဏလေးအတွင်းမှာ ကျွန်တော်ဆုံးဖြတ်ရတော့မှာပေါ့နော်။
"Dylan"
"Cassius, အဆင်ပြေရဲ့လား?"
"ငြိမ်ငြိမ်နေလေဗျာ၊ ကျွန်တော်က ဘာမှမဖြစ်ဘူး။ ကျွန်တော်တို့ရဲ့ပုံပြင်ကို ကျွန်တော်ပြန်နားထောင်ခဲ့ရတယ်။ ကျွန်တော် ဆုတောင်းမှားခဲ့တာလား Dylan?"
"ကိုယ့်ဘက်က ဘယ်တုန်းကမှ မင်းအမှားလို့မတွေးခဲ့ပါဘူး။ မင်းဆုံးဖြတ်ချက်တွေက ကိုယ့်အတွက်တော့ တသွေမတိမ်းနာခံရမယ့် အမိန့်တွေပါပဲ။ ဒီဘဝတစ်လျှောက်မှာလေ မင်းရဲ့အတွေးကိုမဖတ်မိအောင် ကိုယ်တော်တော်လေးကြိုးစားခဲ့တယ်။ ကိုယ်ကြောက်လို့ပါ"
"အခုဖတ်ကြည့်ပါလား?"
"မင်းကိုယ်တိုင်ပြောတာကိုပဲ နားထောင်ချင်ပါတယ်"
"Male Vampire တွေက ကိုယ်ဝန်ဆောင်လို့ရလား?"
"ဘာလို့လဲ Cass?"
"ကျွန်တော် ပြီးပြည့်စုံတဲ့ဆုတောင်းကို နောင်ဘဝတွေအတွက်မတောင်းခင် အခုဘဝအတွက်ကတော့ ခင်ဗျားပဲ အနစ်နာခံလိုက်ပါတော့"
"ဘယ်လို? Cass, ကိုယ်က ... ကိုယ်က ... မဟုတ်ဘူးလေ။ မဟုတ်ဘူးလေကွာ"
"ချစ်တယ်လေဗျာ။ တစ်ဘဝလောက်တော့ အလိုလိုက်လိုက်ပါ"
"အား ... Cass! No!!!"
ဒဏ္ဍါရီလေးရဲ့အဆုံးနဲ့ ပြီးပြည့်စုံတဲ့ဆုတောင်းလေးရဲ့အစမှာတော့
Lord Oliver စံအိမ်ရဲ့ အခန်းတစ်ခန်းထဲမှာ လူသားလေးတစ်ယောက်က အတင်းချုပ်နမ်းနေတာကို သဘာဝလွန်အစွမ်းနဲ့ရုန်းကန်နိုင်ရဲ့သားနဲ့ ပုံမှန်ခွန်အားကိုသာအသုံးပြုပြီး ရှောင်ဖယ်ပြေးနေတဲ့ Vampire လေးတစ်ကောင်ကို တွေ့ရလေရဲ့။ ။
~~~~~~~~~~~~~~ The End ~~~~~~~~~~~~~~

Коментарі