Perfect Wish (ေဇာ္ဂ်ီ)
The real us (1): I wanna know the real you (ေဇာ္ဂ်ီ)
The real us (2): You don't know the real me (ေဇာ္ဂ်ီ)
The Most (+) (ေဇာ္ဂ်ီ)
Perfect Wish (ယူနီကုတ်)
The real us (1): I wanna know the real you (ယူနီကုတ်)
The real us (2): You don't know the real me (ယူနီကုတ်)
The Most (+) (ယူနီကုတ်)
ဖူးစာမှန်သည် မမှန်သည်
The real us (1): I wanna know the real you (ယူနီကုတ်)
မချစ်ဘူးတဲ့။ ကိုယ့်ကိုမချစ်ခဲ့ဘူးတဲ့။
သိတယ်လေ၊ အစတည်းကသိလို့ ချစ်လားလို့လည်း မမေးခဲ့ဘူး။ ဘာလို့များ မမေးဘဲဖြေတာလဲဆိုတာ ကိုယ်သိတယ်။ သူ့စိတ်ထဲ ဘယ်သူရှိနေတာလဲဆိုတာကို ကိုယ်သိနေလေတော့ သူ့ရင်ထဲက တစ်ဦးတည်းသောဆိုတဲ့သူကြောင့် ကိုယ့်ကို အရှင်လတ်လတ် ငရဲကိုဆွဲချလိုက်တာလည်း ကိုယ်သိနေပါတယ်။

🎵 I never thought
I'd change my opinion again 🎶

မကိုင်ချင်ဘူး၊ သူခေါ်နေမှန်းသိသာနေတဲ့ Ringtone ကြောင့်ကို မကိုင်ချင်တာ။

🎶 But you moved me in a way
That I've never known 🎵

သူ စိတ်ပူနေမလား။ သူ့ကို စိတ်အနှောင့်အယှက်ပေးမိမလား။

"ငါပြန်လာနေပြီ"

"ဪ၊ မရောက်သေးဘူးလား။ ငါ ဒီညပြန်မအိပ်ဖြစ်ဘူးလို့ လှမ်းပြောတာ"

"အင်း"

"မနက်လည်း နောက်ကျမယ်။ မင်းအလုပ်မသွားခင်တော့ ပြန်ရောက်မှာမို့ ငါ့ကိုစောင့်နေပေး။ အဲဒါလှမ်းပြောတာ"

ကိုယ့်စကားတောင်မစောင့်ဘဲ ဖုန်းချသွားခဲ့ပြီ။ ဘယ်လောက်တောင်ရူးမိသလဲဆိုတာ အိမ်ပြန်မအိပ်တဲ့လူက ကိုယ်နောက်ကျတာကို စိုးရိမ်နေမလားလို့ တွေးမိတဲ့အထိ။ ရှိစေတော့။ သူဆိုတာက ကိုယ့်ခံစားချက်ကို သိပ်စိတ်မဝင်စားတာ ကိုယ်သိနေတာပဲ။

¤

မင်းမရှိရင် ကောင်းကင်ဘုံကတောင် Paradise မဟုတ်တော့ဘူး။
မင်းမရှိတဲ့နေရာမှာ တစ်ညလုံးလည်းပူနေသလို နေထွက်လာတော့လည်း လောင်ကျွမ်းလွန်းတယ်။ မနက်စာ၊ ကိုယ်မစားဖြစ်တာသေချာရင်တောင် မင်းပြန်လာရင်စားချင်မလားဆိုတဲ့အတွေးနဲ့ သွန်ပစ်ရဖို့သေချာနေတဲ့မနက်စာကို ပြင်ပေးထားမိတယ်။
ငါ့အပြစ်တွေကများတာမို့ မင်းခွင့်မလွှတ်လည်းနေပါ။ ငါတောင်းပန်တာကို အသိအမှတ်ပြုပေးတာပဲ ကျေနပ်ပါပြီ။

အိမ်ရှေ့က သံပန်းတံခါးဖွင့်သံကြောင့် ပြန်လာပြီဆိုတာသိလိုက်ပါတယ်။

"ငါပြန်ရောက်ပြီ။ မင်း ဘယ်မှာလဲ?"

"လာပြီ၊ ခဏ"

ပြင်ပြီးတဲ့မနက်စာကို အုပ်ဆောင်းနဲ့အုပ်ပြီး အပြင်ထွက်လာလိုက်တော့

"အလုပ်မသွားဘူးလား?"

"သွားမှာ၊ မီးဖိုချောင်ထဲရောက်နေလို့ အဝတ်မလဲရသေးတာ"

"ငါပြောစရာရှိလို့"

"အင်း၊ ဘာဖြစ်လဲ?"

"ဟိုတစ်ယောက် ညက သူ့အိမ်နဲ့ပြဿနာဖြစ်တယ်။ အဲဒါ ဒီမှာခဏခေါ်ထားမလို့"

ဟိုတစ်ယောက်ဆိုတာ သူ့ရဲ့တစ်ဦးတည်းသောဆိုတဲ့တစ်ယောက်။ အနီးကပ်ထပ်သတ်ဖို့ ကြံပြန်ပါပြီ။

"မင်းသဘောလေ။ ဒီအခန်းက မင်းလည်းတစ်ဝက်ပိုင်တာပဲ"

"အင်းလေ၊ မင်းနဲ့လည်းဆိုင်လို့ အရင်ပြောပြရတာလေ"

ပြောပြတာတဲ့။ ခွင့်ပြုချက်တောင်းတာလည်းမဟုတ်၊ တိုင်ပင်တာလည်းမဟုတ်။
ဟုတ်ပါတယ်လေ။ ခွင့်ပြုချက်တောင်းရအောင် ကိုယ့်အိမ်ပေါ် သူ့လူတင်လာမှာလည်းမဟုတ်ဘူး။ တိုင်ပင်ရအောင်လည်း ကိုယ်ဆိုတာ သူတို့နှစ်ယောက်ကြား အရေးပါတဲ့လူလည်းမဟုတ်ဘူး။ ကြိုပြောတာပဲ ကျေးဇူးတင်ပါတယ်။ ချက်ချင်းရောက်ချလာရင် ရုတ်တရက်ကြီး အံ့ဩရဦးမယ်၊ နာကျင်ရဦးမယ်။ အခုကတော့ ဖြည်းဖြည်းချင်းပေါ့။

"ဟေး၊ ငါပြောတာကြားလား?"

"ဟမ်? ဘာလဲ?"

"မနက်ဖြန် ခေါ်လာခဲ့မယ်လို့။ ပြီးတော့ ငါ့အခန်းမှာထားလိုက်မယ်။ ငါအပြင်ထွက်အိပ်လိုက်မယ်"

"အင်း။ မင်းအတွက် မနက်စာပြင်ထားတယ်။ ငါ အလုပ်သွားဖို့ပြင်လိုက်ဦးမယ်"

သူ့အခန်းတံခါးဖွင့်ထားပြီး အခန်းထဲကလှမ်းအော်နေတဲ့သူ့ကို ပြောမိတော့

"အင်း၊ စားလိုက်မယ်"

ဘာပြောတာ? စားမယ်တဲ့လား? အထူးအဆန်းတွေ။ အပြင်ကပြန်လာရင် တစ်ခုခုစားလာတတ်တဲ့သူက အခုတော့ အိမ်ကမနက်စာကိုစားမယ်တဲ့။ တကယ်ကို နားမလည်နိုင်ဘူး။

¤

အိမ်ပြန်ရောက်တဲ့အချိန် သူရှိမနေပါ။ ကိုယ့်ဆီပါတဲ့သော့အပိုနဲ့ တံခါးဖွင့်ဝင်ပြီးနောက် ဧည့်ခန်းထဲမှာထိုင်ပြီး ခဏလောက်ငြိမ်နေမိတယ်။ နောက်နေ့ကစပြီး အနေအထိုင်ကဆင်ခြင်ရဦးမယ်။ ကိုယ်က သူတို့ကြား နေစရာမရှိဖြစ်ရဦးမယ်ထင်ပါရဲ့။ ဖြစ်နိုင်ရင် ခေါ်မလာနဲ့လို့ငြင်းလိုက်ချင်သား။ အကြောင်းပြချက်မရှိလို့သာ၊ တကယ်ဆို သူနဲ့ကိုယ်အတူရှိနေတာပဲ ကိုယ့်ဘက်ကကျေးဇူးတင်စရာ။

"ဟေ့ကောင်၊ တံခါးကဘာလို့မပိတ် ... ဪ၊ ဒီမှာထိုင်နေတာလား?"

တံခါးနဲ့တည့်တည့်ကခုံမှာ ထိုင်နေတာကိုတော့ မမြင်သေးဘဲ တံခါးမပိတ်ထားလို့ အော်ဖို့လုပ်တာကအရင်။ သူ့လက်ထဲမှာက အထုပ်တွေနဲ့မို့ ကိုယ်ကပဲ တံခါးပိတ်ပေးဖို့ ထသွားလိုက်ရပါတယ်။

"ဘာတွေလဲ?"

"ရေခဲသေတ္တာထဲ ဘာမှမရှိတော့ဘူးလေ။ ရေသန့်ဘူးတောင် နှစ်ဘူးပဲကျန်တာကို"

"မင်း ပိုက်ဆံထုတ်ပြီမို့လို့လား? မနက်ဖြန်လစာထုတ်မှ ငါကဝယ်ထည့်မလို့"

"သင်တန်းက မနက်ဖြန်ပိတ်တယ်၊ ဒီနေ့ကငါ့အားရက်။ အဲဒါကြောင့် မနေ့ကတည်းက ငါလစာရပြီးပြီ"

"ဪ"

"ညစာ ငါချက်ရမလား? အေးပါ၊ ငါက မနက်ဖြန်လည်းအားတာပဲ။ မင်းကအလုပ်သွားရမှာ။ ငါပဲချက်လိုက်မယ်"

"အင်း၊ ရေချိုးဦးမယ်"

¤

"အား၊ စပ်လိုက်တာ"

"ဘာလို့ ဒီပန်းကန်လာနှိုက်လဲ?

"မှားနှိုက်တာ"

ကောင်းတယ်ဆိုတဲ့အကြည့်နဲ့ ကြည့်လာပြီး ထမင်းဆက်စားနေတဲ့သူကတော့ ကိုယ့်ရင်ထဲကအပူတွေကို သိပါ့မလား? အစပ်စားမိလို့မျက်ရည်ဝဲတာမဟုတ်ဘဲ တကယ်ငိုချင်မိတာကို သူမသိပါစေနဲ့။

"ရော့၊ ပန်းကန်တွေ မင်းဆေးလိုက်"

တစ်ယောက်ကညစာချက်ရင် တစ်ယောက်ကပန်းကန်ဆေးနေကျက ကိုယ်တွေနှစ်ယောက်ရဲ့ထုံးစံ။ နောက်တစ်ယောက်ရောက်လာရင် အဲဒီထုံးစံဆိုတာတွေက ဘာဖြစ်သွားနိုင်သလဲ? ကြိုမတွေးချင်တော့ပါ။

▪︎

"မအိပ်ချင်သေးရင် ခဏ"

တံခါးဝကအသံကြောင့် ခုတင်ပေါ်လှဲနေရာက ထထိုင်လိုက်မိတယ်။

"ဝင်ခဲ့လေ၊ တံခါးကစေ့ရုံလေး"

သူဝင်လာပြီး ခုတင်ဘေးကခုံမှာထိုင်ကာ

"ငါ တီငယ်နဲ့တွေ့ခဲ့တယ်။ မင်းနဲ့လည်းတွေ့ချင်နေတာတဲ့"

"ဘယ်မှာတွေ့တာလဲ?"

"ညနေက ဈေးဝယ်ရင်းမတော်တဆတွေ့တာ။ ဖေဖေကတော့ မင်းနာမည်တောင် အပြောမခံဘူးတဲ့"

"အင်း၊ အဖေ့ကိုတောင်းပန်ဖို့ကြိုးစားရတာ Mission Impossible ဖြစ်တော့မယ်"

"အဟား၊ မင်းအပြစ်နဲ့မင်းပဲလေ။ စိတ်ရှည်မှပေါ့"

"မင်းကရော ငါ့ကိုခွင့်လွှတ်ပြီလား?"

"ငါ ... ငါ အခြေအနေတိုင်းကိုတော့ လက်မခံနိုင်သေးဘူး။ ထားပါ၊ မင်း နားတော့။ Good Night"

"Good Night"

¤

တစ်နေကုန် အလုပ်လုပ်ရတာ စိတ်နဲ့လူနဲ့မကပ်ပါ။ အလုပ်ဆင်းတော့လည်း အိမ်မပြန်ချင်ဘူး။ ဒီအိမ်ခန်းလေးဆီရောက်ပြီးကတည်းက သူရှိနေမယ့်အိမ်ကိုမပြန်ချင်တာ ဒါပထမဆုံးပါပဲ။ အခုက သူတစ်ယောက်တည်းရှိနေမှာမဟုတ်ဘူးလေ။ သူ့ရဲ့တစ်ဦးတည်းသောဆိုသူပါ ရှိနေတော့မှာ။ ဘယ်လောက်ကြာကြာနေမှာလဲလို့ မမေးမိသလို သိလည်းမသိချင်တော့ပါဘူး။

"ဟေ့ကောင်၊ လှေကားထိပ်မှာ ဘာရပ်လုပ်နေတာလဲ?"

တိုက်ခန်းလှေကားထိပ်အထိ ရောက်လာတာလည်း ကိုယ့်ဘာသာသတိမထားမိတော့ပါ။ သူကရော ဘယ်ကပြန်လာတာပါလိမ့်? ဘာပဲပြောပြော သူတို့အတူရှိနေတာကြီးကို မမြင်ရတာ တော်သေးတာပေါ့။

"လာလေ၊ ဘာဖြစ်နေတာလဲ? အလုပ်မှာဘာဖြစ်လို့လဲ?"

ရှေ့ကတက်သွားပြီး နောက်ကနေကိုယ်ပါမလာလို့ လှည့်မေးတဲ့သူ။ ရုံးကလူတွေက အိမ်မှာဘာဖြစ်သလဲတဲ့။ အိမ်ကလူက ရုံးမှာဘာဖြစ်သလဲတဲ့။ ဆင်ခြင်မှပါပဲ၊ သိပ်သိသာလွန်းနေပြီ။

"လာပြီ"

"ခွန်၊ ငါတို့ပြန်လာပြီ"

တံခါးဖွင့်ဝင်လာပြီးတာနဲ့ အော်ခေါ်နေပြန်ပါပြီ။ သူဆိုသည်မှာ အိမ်ပြန်ရောက်တိုင်း အဲဒီလိုအော်နေကျ။

"ပြန်လာပြီလား? ဪ၊ ဆူးရင့်လည်းပြန်ရောက်ပြီပဲ"

"ဟုတ်ကဲ့၊ အဆင်ပြေရဲ့လား?"

"ဟုတ်၊ လာရှုပ်ရတာ အားတော့နာပါတယ်။ ရိုင်းက အပြင်ထွက်အိပ်မယ်ဆိုလို့ အခန်းထဲမှာပဲအိပ်လို့ရအောင် ခုတင်ဖယ်ထုတ်ပီး မွေ့ရာအထူနှစ်ခုပြောင်းထည့်လိုက်ရတယ်"

ဆူးရင့် ဘာမှမပြောနိုင်ဘဲ သူ့ဘေးကိုကြည့်လိုက်တော့

"အေး၊ အဲဒါပြောမလို့။ မင်း စတိုခန်းကိုဖွင့်ရင် သတိထားဦး။ ငါ့ခုတင်ကို ခေါက်ထည့်ထားတော့ ပစ္စည်းတွေနည်းနည်းကျပ်သွားတယ်"

"မင်း အဆင်ပြေရင်ပြီးတာပဲ။ တိမ်တံခွန်၊ ကျွန်တော့်ကိုခွင့်ပြုဦး။ ခဏနားပြီး ရေချိုးရမှာမို့"

"ဟုတ်"

သူတို့နှစ်ယောက် ဘာတွေပြောပြီးကျန်ခဲ့လဲ ဆူးရင့်မသိတော့ပါ။ မသိချင်တာတွေသိရပြီးကတည်းက ဘာကိုမှထပ်မသိချင်တော့ပါ။

¤

မီးဖိုခန်းထဲက နှစ်ယောက်သားရယ်မောသံတချို့ ဘယ်ဘက်ရင်အုံကို လာရိုက်ခတ်တယ်။ ကိုယ်နဲ့အတူတူ ထမင်းလက်ဆုံစားခဲတဲ့သူဟာ မီးဖိုခန်းထဲအတူရှိချိန်မှာလည်း စက်ရုပ်လိုသာနေခဲ့သူ။
ကိုယ့်ဘက်က စိတ်လိုက်မာန်ပါတွေမဆုံးဖြတ်ခင် မိဘတွေအိမ်မှာ အတူတူရယ်မောပျော်ရွှင်ခဲ့ကြတာကို ပြန်တွေးမိချိန်မှာ အိပ်ခန်းဆီသို့သာ ပြန်လှည့်လိုက်မိပါတယ်။
အခန်းပြတင်းပေါက်ကနေ ချွေချလိုက်တဲ့ပြာတွေဟာ လေထဲဝဲရင်းပျောက်ကွယ်သွားသလို သူ ကိုယ့်အပေါ်ထားတဲ့သံယောဇဉ်တချို့ကို မရိုးသားတဲ့စိတ်တွေထဲ ကိုယ်ကိုယ်တိုင်ပဲ ပျောက်ဆုံးစေခဲ့တာ။

*Knock Knock*

"မင်းဆီက အိမ်သော့နောက်တစ်ချောင်း လာတောင်းတာ"

"ဪ"

အင်းပေါ့၊ သော့သုံးချောင်းရှိနေတာကိုး။ သော့ယူပြီးပြန်ထွက်သွားတဲ့ သူ့ကျောပြင်က ဒီနေ့မှပိုပြီးအေးစက်နေသလို။

■■■

ကိုယ့်ကိုမွေးပြီးအမေဆုံးသွားတော့ အဖေကပဲထိန်းကျောင်းခဲ့တယ်။ အဖေ့သူငယ်ချင်းတို့မိသားစု မတော်တဆမှုကြောင့် ဆေးရုံရောက်ချိန် တစ်ဦးတည်းကျန်ခဲ့တဲ့ကလေးကို မွေးစားခဲ့ပြီး အိမ်ကိုခေါ်လာချိန်မှာ တစ်ဦးတည်းသောသားကိုယ်က အဖော်ရပြီဆိုပြီး ပျော်ခဲ့ရတာ။
သိပ်လိမ္မာတဲ့သူ့ကို အဖေကသိပ်ချစ်ခဲ့တာမှ မသိတဲ့လူဆို မွေးစားသားကကိုယ်လိုလို။
အရွယ်ချင်းမကွာတဲ့သူ့ကို အဖော်မင်တတ်တဲ့ကိုယ်က မျက်စိအောက်ကအပျောက်မခံဘဲ ကြည့်နေခဲ့မိတာကနေ အချစ်ဆိုတာဆီ ဦးတည်သွားခဲ့လေသလား မသေချာပေမဲ့ ယောက်ျားလေးချင်းမို့ ချစ်သူရည်းစားလိုအချစ်လို့ ထင်မထားခဲ့မိပါ။

တစ်နေ့မှာပေါ့၊ အဲဒီနေ့က သူ့မှာလိင်တူချစ်သူရှိနေတယ်လို့ ကိုယ်သိလိုက်ရချိန် ရင်တွေပူပြီး လူကဆောက်တည်ရာမရ။ ကိုယ့်အချစ်က ဘယ်လိုအချစ်မျိုးလဲလို့ ကိုယ့်ဘာသာစူးစမ်းနေချိန် သူကတော့ သူဘယ်လိုလူလဲဆိုတာကို အဖြေထွက်ပြီးသွားပါပြီ။ သူ့ချစ်သူနဲ့မိတ်ဆက်ပေးမယ်ပြောတော့ ကိုယ်ငြင်းခဲ့တယ်။ သူကတော့ သူ့လိုလူမျိုးတွေကို ကိုယ်လက်မခံနိုင်ဘူးလို့ ထင်သွားပုံပါပဲ။ ထင်ချင်သလိုထင်ပါစေ၊ အဲဒီအချိန်မှာ ကိုယ့်အပူနဲ့ကိုယ်မို့ အဖက်မလုပ်နိုင်။ သူတို့နောက်လိုက်ကြည့်မိရင် လူသတ်ချင်စိတ်ပေါက်နေရပေမဲ့ ဒီတိုင်းလည်း လွှတ်မထားနိုင်ပါ။ နောက်ဆုံး မနေနိုင်တော့လို့ အဖေ့နားထဲရောက်အောင် လုပ်ပစ်လိုက်မိတယ်။ တကယ်ဆို ကိုယ်က မစားရတဲ့အမဲ သဲနဲ့ပက်ခဲ့တာ။

သူ့ဘက်က သူ့ချစ်သူနဲ့အဆက်ဖြတ်ဖို့ ကြိုးစားနေပုံပါပဲ။ တစ်ရက်တော့ သူတို့အဆက်ဖြတ်ဖို့ ပြောကြတယ်ထင်ပါတယ်။ ဖုန်းပြောရင်း သူမျက်ရည်ကျနေတယ်။ ပါးစပ်ကတော့ အခါခါငြင်းနေတဲ့သူက အရုပ်ကြိုးပြတ်သလိုပဲ လူကခပ်ယဲ့ယဲ့သာ။ ရုတ်တရက် သူပြောလိုက်တဲ့စကားကို ကိုယ်ကြားမိတယ်။

"မင်း ကားတင်ပြေးတိုင်းပါရအောင် ငါက အားနွဲ့တဲ့မိန်းကလေးလည်းမဟုတ်ဘူး"

သူ့ချစ်သူက ကားတင်ပြေးမယ်လို့ ခြိမ်းခြောက်နေတာလား? ခြိမ်းခြောက်တာမဟုတ်ဘဲ တကယ်ဆိုရင် ကိုယ်ပဲရင်ကျိုးရမှာ။ နောက်တစ်နေ့လုံး သူ့နောက်တစ်ကောက်ကောက်လိုက်ရင်း စောင့်ကြည့်မိတဲ့အထိ စိတ်မချနိုင်ဖြစ်နေရတဲ့စိတ်ကြောင့် ကိုယ်ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်။
အဲဒီညနေက သူ့သင်တန်းကိုလိုက်သွားပြီး ကိုယ်တိုက်ခဲ့တဲ့အအေးဘူးကို သူကယုံယုံကြည်ကြည်သောက်လိုက်ချိန် ကိုယ့်အတွေးထဲမှာတော့ စိတ်ရိုင်းတွေချည်းပါပဲ။

¤

"ဆူးရင့်၊ မင်းဘာအချိုးချိုးတာလဲ? ငါ့သားဘယ်မှာလဲ?"

"................"

"ငါမေးနေတယ်လေ၊ ဆူးရိုင်းဘယ်မှာလဲ?"

"ဆူးရိုင်းက အဖေ့သားမက်ဖြစ်သွားပြီလေ။ ဪ၊ သလင်းရိုင်းလို့ပြောရင် ပိုသင့်တော်မယ်ထင်တယ်"

*ခွပ်*

"မင်း ဘာစကားပြောတာလဲ? ငါ့ကို အသေသတ်နေကြတာလား?"

"ရင့်၊ မင်းဘာပြောလိုက်တာလဲ? ငါက ဖေဖေ့သားမက်တဲ့လား? မင်း ... မင်းနဲ့ငါ ... မင်းနဲ့ငါ ဘာမှမဖြစ်ဘူးလေ။ ဖေဖေ၊ သူပြောသလို မဟုတ်ဘူးနော်။ သားနဲ့သူ ဘာမှမဟုတ်ဘူး"

"တော်တော့ လင်း၊ ငါ မင်းကိုခိုးပြေးခဲ့တာလေ။ အခုချိန်ဆို တော်တော်များများကသိပြီးကြရောပေါ့"

"ဘာဖြစ်တယ်? ဖေဖေ၊ အဲဒါ ... အဲဒါ ..."

"မင်းအလိုမတူလည်း နောက်ပြန်ဆုတ်လို့မရတော့ဘူး"

"ဆူး ရင့်"

အဖေ့ရဲ့ဒေါသတွေက ကိုယ့်မျက်နှာပေါ်ကို လက်သီးတွေအဖြစ်နဲ့ ပြိုကျလာတယ်။ သူကတော့ ကိုယ့်ကို စိတ်ပျက်စရာသတ္တဝါလို ကြည့်နေခဲ့တယ်။

"မင်း ငါ့သားမဟုတ်တော့ဘူး ဆူးရင့်။ ပြီးတော့ ဆူးရိုင်းက ဒီနေ့ကစပြီး သလင်းရိုင်းပြန်ဖြစ်သွားပြီ။ ဒါပေမဲ့ ဦးထက်မြက်ရဲ့အမွေခံသားအဖြစ်ကတော့ မစွန့်လွှတ်နိုင်ဘူး"

ညီအစ်ကိုချင်းလက်ထပ်ယူကြတယ်လို့ မဖြစ်ရလေအောင် သူ့ရဲ့နာမည်အရင်း သလင်းရိုင်းကိုပဲသုံးစေပြီး ကိုယ့်ကိုတော့ အမွေပြတ်စွန့်ပစ်ဖို့ အဖေဆုံးဖြတ်ခဲ့တယ်။ ကိုယ့်အတွက်က နာခံရုံပဲရှိတာပေါ့။
အဖေပြန်သွားပြီးချိန်မှာ နှစ်ယောက်တည်းကျန်ခဲ့တဲ့ကိုယ်တို့ကြား ပြောစရာတွေက အများကြီးမို့ ဘယ်ကစရမှန်းမသိ။

"မင်း ဘာလို့ဒီလိုလုပ်တာလဲ ဆူးရင့်? မင်းကို ခွန့်အကြောင်းပြောတော့ ငါတို့လိုလူတွေကိုပဲ ရွံသလိုလိုတွေ မင်းလုပ်နေခဲ့တာလေ။ မင်းမကြိုက်ဘူးထင်လို့ ငါဘာမှတောင် ရင်မဖွင့်နိုင်ခဲ့ဘူး။ ဖေဖေစိတ်ချမ်းသာဖို့ သူနဲ့လမ်းခွဲဖို့ ငါ့ရင်တွေအကွဲခံပြီး ဆုံးဖြတ်ခဲ့တာလေ။ အဲဒါကို အခုတော့ မင်းကငါ့ကို ခိုးပြေးတယ်တဲ့။ ဘာထူးသေးလဲ? ဖေဖေ့အမြင်မှာ ငါက ဘာထူးသွားသေးလဲ? ပိုဆိုးသွားတာပဲအဖက်တင်တာလေ။ ဖေဖေ ဘယ်လောက်စိတ်ပျက်သွားမလဲ?"

"ငါ မင်းကိုချစ်တယ်၊ တိမ်တံခွန်လက်ထဲ အပါမခံနိုင်ဘူး"

"ချစ်တယ်? ငါ့ကိုချစ်တယ်တဲ့၊ ရုတ်တရက်ကြီး ညီအစ်ကိုချင်းခိုးပြေးပြီးမှ ချစ်တယ်တဲ့"

"မင်းနဲ့ငါ ဘာမှမတော်တာ လူတိုင်းသိတယ်။ အဖေ့အတွက်လည်း ထူးတာပေါ့။ သူ့မွေးစားသားက တခြားယောက်ျားနဲ့ယူမယ့်အစား သူ့သားနဲ့ရတာလေ။ ထူးတာပေါ့"

"ဒါဆို ငါ့ဆန္ဒ၊ ငါ့သဘောကိုရော မင်းမတွေးတော့ဘူးလား? တိမ်တံခွန်က ယောက်ျားတစ်ယောက်ဖြစ်နေတာနဲ့ပဲ ဆူးရင့်ဆိုတဲ့ယောက်ျားကိုလည်း ငါကလက်ခံနိုင်မယ်လို့ မင်းတွေးလိုက်သလား? ငါက အဲဒီလောက်လွယ်နေတာလား?"

"လင်း၊ ငါ မင်းကိုအရမ်းတန်ဖိုးထားတာပါ။ အဲဒီလို မင်းကိုပေါ့ပျက်ပျက်မြင်တာမျိုး မင်းကိုယ်တိုင်တောင်မလုပ်ရဘူး"

"အဟက်! မင်းကပဲ ငါ့ကို အဲဒီလိုသတ်မှတ်လိုက်တာလေ။ တန်ဖိုးထားရင် ဒီလိုလုပ်စရာလား?"

"ဟင့်အင်း၊ ငါက မင်းကိုချစ်တာ၊ မြတ်နိုးတာ။ ပြီးတော့ အဆုံးရှုံးမခံနိုင်တာ"

"မဟုတ်ဘူး။ အဲဒါ တပ်မက်တာ၊ ရူးလွန်းတာ၊ ယုတ်မာတာ"

"မင်းကြိုက်သလိုစွပ်စွဲလိုက်။ အခုချိန်မှာ ငါတို့က သက်ဆိုင်သူတွေဖြစ်နေပြီ။ စာချုပ်ပြရဦးမလား?"

"မင်းအပေါင်းအသင်းတွေနဲ့ အသေအချာစီစဉ်ထားပြီး ငါ့လက်မှတ်ထိုးထားတဲ့စာရွက်ကို ပြောတာလား? ငါတောင် တစ်ချက်မထိရသေးတဲ့ အဲဒီစာရွက်ကို ငါစိတ်မဝင်စားဘူး။ ဖေဖေ့ကို သေချာရှင်းပြပြီး ငါ့ကိုအိမ်ပြန်ပို့ပါ"

"မလုပ်နိုင်ဘူး"

"ငါ မုန်းမိတော့မယ် ဆူးရင့်"

"အဲဒီစကားကို ငါမျှော်လင့်ထားပြီးသားပါ။ ရင်နာတယ် သိလား? ဒါပေမဲ့ မင်းမုန်းလည်း ငါကတော့ ဘယ်တော့မှလက်မလွှတ်ပေးဘူး"

"ဟား! မုန်းလိုက်တာ။ ငါ့မျက်စိရှေ့ ပေါ်မလာနဲ့"

အဲဒီနေ့က အဲဒီစကားပြောပြီးတည်းက သူ ကိုယ့်ကိုစကားမပြောတော့ပါ။
သုံးရက်နဲ့ လေးညမြောက်မှာတော့

"လင်း၊ အား ... ငါ ... ငါဗိုက်အောင့်လို့။ အ! ဘယ်လိုလုပ်ရမလဲ?"

အစာအိမ်အောင့်တတ်တဲ့ကိုယ့်ကို သူကပဲ ဂရုတစိုက်နဲ့ အစားစားချိန်မှန်ဖို့၊ အပူအစပ်ရှောင်ဖို့၊ ဆေးသောက်ဖို့တွေကို လုပ်ပေးခဲ့ရတာ။ အခုလို အစားမမှန်တာ၊ စားချင်တာတွေစားတာက ရောဂါပြန်ဖြစ်တဲ့အကြောင်းအရင်းတွေပါပဲ။

"ဆေးခန်းသွားလေ"

"ငါ ... အင်းပါ"

လှည့်တောင်မကြည့်ဘဲပြောလိုက်တဲ့ သူ့ရဲ့အေးစက်စက်စကားတွေက ရင်ဘတ်ကို ထုတ်ချင်းဖောက်သွားလို့ အစာအိမ်နာတာလည်း ကိုယ်မသိတော့ပါဘူး။ ကိုယ့်အိတ်ထဲထည့်ယူလာမိတဲ့ ဆေးတွေကိုကြည့်မိတော့ ကားမူးရင်ကပ်တဲ့ပလာစတာ၊ နှာစေးရင်သောက်တဲ့ Cetrine, အကိုက်အခဲပျောက်ဆေးတချို့နဲ့ Betadine ရယ်၊ အနာကပ်ပလာစတာတချို့ရယ်။ အဲဒါတွေက ကိုယ့်ထက် သူကပိုပြီး အသုံးလိုနေတတ်တာတွေချည်းသာ။ ကိုယ်သောက်နေကျဆေးကတ်တော့ ရှာမရပါ။
အစာရှိဖို့အတွက် ဆန်ပြုတ်ပဲပြုတ်သောက်လိုက်ဖို့ မီးဖိုချောင်ကိုသွားတော့ သူကထမင်းစားဖို့လုပ်နေတာမို့

"ငါ ဆန်ပြုတ်ပြုတ်ချင်လို့ မီးဖိုခန်းသုံးမလို့"

ခေါင်းညိတ်ပြတဲ့သူကြောင့် ရောဂါတောင် သက်သာသွားသလိုလို။ သူ့မျက်စိရှေ့ပေါ်မလာနဲ့ဆိုပြီး ကိုယ်တကယ်ရောဂါဖြစ်လာတော့ သူထမင်းစားနေတဲ့အနားကနေ ကိုယ့်ကိုနှင်မထုတ်ခဲ့ဘူးပဲ။

"ပြီးမှ ငါပြန်လာစားမယ်"

အတွေးမဆုံးခင် ပြောလိုက်တဲ့စကားကြောင့် လူကဆွံ့အလို့။ ခဏလေးတောင် ပေးမပျော်ပြန်ဘူး။

¤

"ဆူးရင့်၊ သတိထားစမ်း။ ဆူးရင့်၊ ငါပြောတာကြားလား?"

"ဟင်?"

"ရော့၊ ဆေးသောက်လိုက်"

ဘာမှမတွေးနိုင်ဘဲ သူပေးတဲ့ဆေးလုံးတွေကိုသောက်လိုက်ပြီး ကိုယ်အိပ်နေရာမှာပြန်ခွေနေလိုက်တယ်။
ညက ကိုယ်ဘယ်အချိန်အိပ်ပျော်သွားသလဲ မသိလိုက်ပေမဲ့ ပြန်နိုးလာချိန်မှာ မနက်လင်းနေပြီ။ ညကလို ဗိုက်လည်းအောင့်မနေတော့ပါ။ ညက သူဆေးလာတိုက်တာတော့ သေချာပါတယ်။

နောက်ဖေးဘက်ကူးလာလိုက်တော့ မီးဖိုချောင်မှာ သူရှိနေတာမို့ ပြန်ထွက်လာခဲ့လိုက်မိတယ်။ သူ့အရိပ်ကလေး အခန်းထဲဝင်သွားမှ နောက်ဘက်ကရေချိုးခန်းထဲ မျက်နှာသစ်ပြီးထွက်လာတော့ ထမင်းစားပွဲမှာ ပူပူနွေးနွေးဆန်ပြုတ်တစ်ခွက်။ မနေ့ကမှ သူငယ်ချင်းဝယ်လာပေးလို့ ရေခဲသေတ္တာထဲထည့်ထားတဲ့ အသားတချို့နဲ့ အသီးအရွက်တွေကို သူ့ဘာသာချက်စားပြီး ကိုယ့်အတွက် ကြက်သားဆန်ပြုတ်လုပ်ပေးခဲ့တာပဲ။ ချစ်လိုက်တာ လင်းရာ။

"ဟိုလေ၊ ငါ့အတွက်ဆေးက ဘယ်ကရတာလဲ?"

သူ့အိတ်ထဲကနေ ဆေးကတ်တွေထုတ်ပြီး ကိုယ့်ရှေ့ကစားပွဲပေါ်ပစ်ချပေးတယ်။ အိပ်ဆေးပါပါနေတာပဲ၊ ဒါကြောင့် ညက အိပ်ပျော်သွားခဲ့တာ။ သူဆိုတာက အရင်ကတည်းက ကိုယ့်ဆေးတွေကို အပိုဆောင်ထားပေးနေကျ၊ ကုန်သွားလည်း သူပဲဝယ်ပေးနေကျပါ။

"ငါတောင်းပန်ပါတယ်။ မင်းကို အခုလိုတွေလုပ်ခဲ့မိလို့"

ကိုယ့်စကားကိုမကြားသလိုနဲ့ ခုတင်ခြေရင်းဘက်မှာသွားထိုင်နေလို့ ဆေးကတ်ယူပြီး သူ့အခန်းထဲကနေ အလိုက်တသိပဲထွက်လာခဲ့လိုက်ပါတယ်။ သူငယ်ချင်းရဲ့အိမ်လေးထဲ တစ်ခုတည်းသောအခန်းကို သူ့ကိုပေးထားပြီး ကိုယ်ကရှေ့ခန်းမှာပဲ အိပ်ရာခင်းအိပ်နေတာပါ။ ညက သူအပြင်ထွက်လာရင်း ကိုယ့်အခြေအနေကိုသိသွားပြီး ဆေးတိုက်ခဲ့တာလား၊ သိနေလို့ပဲ ဆေးတိုက်ဖို့အပြင်ထွက်လာသလား၊ မသေချာပေမဲ့ သူ့စိတ်ထဲ နည်းနည်းတော့နေရာရနေသေးလို့ ကျေနပ်မိပါရဲ့။

¤

တစ်ပတ်ကြာပြီးနောက်

"ငါသင်တန်းပျက်နေတာ တစ်ပတ်ရှိပြီ ဆူးရင့်။ ဒီတစ်ပတ်တော့ သွားမှဖြစ်မယ်"

"ဘယ်ဖြစ်မလဲ?"

"ငါ့သင်တန်းမှာလည်း ငါတို့သတင်းတွေ မင်းဖွခဲ့ပြီးလောက်ပြီ။ ငါဘာတတ်နိုင်မှာလဲ?"

"မင်း တကယ်လက်ခံပြီလား လင်း၊ တကယ်လား?"

"မင်းလုပ်ထားတဲ့အခြေအနေထဲ မင်းဘာသာပဲနေလိုက်။ ငါကတော့ အရင်အတိုင်းပဲဆက်နေသွားမှာ"

"မရဘူးလေ၊ တိမ်တံခွန်နဲ့ ..."

"သူ့နာမည် မင်းပါးစပ်ကပြောစရာမလိုဘူး။ ငါ မင်းနောက်လိုက်ခဲ့တာမဟုတ်ဘူး။ မင်းကသာ ငါ့ကိုအတင်းဆွဲခေါ်ခဲ့တာ။ ငါ ဖေဖေ့ကိုသွားတွေ့ရဦးမယ်။ ဒီကိစ္စပြီးကတည်းက ငါတို့စကားမပြောဖြစ်ကြဘူး၊ ဖေဖေ့အတွေးနဲ့ အဆုံးအဖြတ်ကို ငါသေချာသိချင်သေးတယ်"

"အဖေ့ဆီ ငါလိုက်ပို့မယ်"

"ဟုတ်ပြီလေ၊ ညနေကျ သွားကြတာပေါ့"

တကယ်တမ်းအိမ်ရောက်သွားတော့ အဖေက ကိုယ့်ကို အိမ်ရိပ်တောင်မနင်းပါနဲ့တဲ့။ ခြံအပြင်မှာပဲစောင့်နေခဲ့ရပြီး သူနဲ့အဖေကတော့ တော်တော်ကြာကြာစကားပြောဖြစ်ခဲ့ကြတယ်။

"အဖေ ဘာပြောလဲ လင်း?"

"မင်းအကြောင်းမပါဘူး။ နာမည်တောင်မကြားချင်ဘူးတဲ့"

ကိုယ်ဘာမှဆက်မမေးမိသလို သူလည်းဆက်မပြောခဲ့ပါ။

"လင်း၊ ငါ တိုက်ခန်းတစ်ခန်းဝယ်ဖို့ လုပ်နေတာ။ ပြီးတော့ ငါ့စီနီယာတစ်ယောက်ရဲ့အလုပ်မှာ ဝင်လုပ်မယ်"

"အဲဒီတိုက်ခန်းဝယ်ဖို့ ငါငွေတစ်ဝက်စိုက်မယ်"

"မလိုဘူးလေ"

"နှစ်ယောက်နေမှာပဲလေ၊ တစ်ယောက်တစ်ဝက်ပေါ့။ အဲဒါပဲရှင်းတယ်"

နှစ်ယောက်တည်းနေဖို့ သူသဘောတူတယ်ပေါ့။ ကိုယ့်အတွေးမဆုံးသေးခင် သူက

"ပြီးတော့ ငါတစ်ခါတည်းပြောလိုက်မယ်။ ငါ အရင်အလုပ်ပဲဆက်လုပ်မယ်၊ အရင်လိုပဲနေမယ်။ ငါ့ကိစ္စတွေ မင်းဝင်စွက်ဖက်ဖို့ လုံးဝမစဉ်းစားပါနဲ့။ ဖေဖေကတော့ ငါ့ကိုဘာလိုအပ်လဲမေးလို့ အဆင်ပြေတယ်လို့ပဲ ပြောခဲ့တယ်"

ဝင်မစွက်ဖက်ရဘူးတဲ့။ တိမ်တံခွန်ကိစ္စကိုရော ဘာမှမပြောရတော့ဘူးလား။ သူဆက်ပြောပြန်တယ်။

"ဪ၊ မင်းဘာသာ ငါတို့ပတ်သက်မှုကို ဘယ်လိုပြောပြောရတယ်။ ငါနဲ့ခွန်ရဲ့ကြားတော့ ဝင်မပါနဲ့"

ကိုယ်တွေရဲ့ပတ်သက်မှုကိုသိပြီးရင်တောင် တိမ်တံခွန်ကလက်ခံနိုင်မယ်လို့ သူဆိုလိုချင်တာလား? သူတို့ချင်းက အဲဒီလောက်ကို နားလည်ပေးနိုင်ကြတယ်ပေါ့။

"ငါပြောနေတယ်လေ ဆူးရင့်။ ဘာလဲ၊ တစ်သက်လုံး အိမ်ထဲထည့်ပိတ်ထားမလို့လား?"

"မဟုတ်ပါဘူးကွာ"

"ဟုတ်လို့လည်းမရဘူးလေ။ မင်းကဖေဖေ့ရဲ့သားမို့ အတိုင်းအတာတစ်ခုအထိ ငါလက်ခံပေးလိုက်ပြီးပြီ။ မင်းကိုမုန်းမိအောင်အထိ မလုပ်ပါနဲ့"

ကိုယ့်အမျိုးသားဆိုတဲ့အခြေအနေကို လက်ခံတယ်လို့ ဆိုလိုတာလို့ပဲ မှတ်ယူလိုက်မိတယ်။ ကျန်တာ သူ့စိတ်ကြိုက်နေပါစေတော့။ မုန်းမှာကိုတော့ မခံစားနိုင်ဘူး။

ဒီလိုနဲ့ပဲ သူနဲ့တိမ်တံခွန် ဘယ်လိုတွေနားလည်မှုရသွားတယ်မသိ။ တွေ့ကြ၊ ဆုံကြ၊ ရယ်မောကြနဲ့ အဆင်ပြေနေကြတာကို တွေ့မြင်နေရပါတယ်။ လူမြင်ကွင်းမှာပဲ ဣနြေ္ဒရရနဲ့ မိတ်ဆွေသူငယ်ချင်းလို ဆက်ဆံရေးမျိုးဆိုပေမဲ့ သူတို့ချစ်သူတွေဖြစ်ကြတာကို သိကြတဲ့လူတွေလည်းရှိနေတာမို့ ကိုယ်တို့သုံးယောက်ရဲ့အနေအထားက မရေမရာ။

■■■

အခုတော့ တိမ်တံခွန်က အိမ်ပေါ်အထိရောက်လာနေပြီ။

"Morning, ဆူးရင့်"

"Morning, တိမ်တံခွန်"

"ခွန်၊ ငါ့ကို မင်းတို့ဆိုင်နားက Studio ကိုပဲ ပို့ပေးတော့။ သူတို့ အဲဒီမှာချိန်းထားကြတယ်တဲ့"

ဖုန်းကိုင်ပြီးဝင်လာတဲ့သူက ကိုယ့်ကိုမမြင်တာလား? ကိုယ်ကပဲ ကိုယ်ပျောက်နေတာလား?

"Ok, စားလိုက်ဦး။ ပြီးရင်သွားကြမယ်လေ"

"အင်း။ ဪ၊ ငါစောစောသွားရမယ် ဆူးရင့်။ အပြန်နောက်ကျမယ်။ ညစာလည်း အပြင်မှာစားမှာ"

"ငါလာကြို ... Sorry ... မင်းအဆင်ပြေရင် ပြီးတာပါပဲ"

သူတို့ရှေ့ကနေ ထွက်လာမိတယ်။ ဒီနေ့ ကိုယ့်အလုပ်နားရက်။ သူကတော့ သူ့သင်တန်းကလူတွေနဲ့ Studio ကိုသွားဖို့ကို တိမ်တံခွန်နဲ့သွားမယ်။ အပြန်လည်းနောက်ကျမယ်ဆိုတော့ ကိုယ်က တစ်နေကုန် နေမထိထိုင်မသာနဲ့ ရင်ပူနေရဦးမယ်။
ငါ့အပြစ်နဲ့ငါ ရှိပါစေတော့။

¤

"ဆူးရင့်၊ ရိုင်းမရောက်သေးဘူးလား?"

ကိုယ်လည်းမျှော်နေတာပဲ။ မမျှော်တဲ့လူကရောက်လာပေမဲ့ သူတို့အတူရှိမနေလို့ ပျော်မိသလိုလို၊ သူတစ်ယောက်တည်းမို့ စိတ်မချသလိုလို။

"မရောက်သေးဘူး"

"သိပ်စိတ်မပူပါနဲ့။ သူတို့သင်တန်းက ကားနဲ့လိုက်ပို့ပေးမှာပါ။ သူတို့ ပွဲလေးတစ်ပွဲရှိနေတာ"

"ဪ"

ကိုယ်က သူပြောမှသိရတဲ့ဘဝ။
တိမ်တံခွန်အခန်းထဲဝင်သွားပြီး ကိုယ်ကတော့ သူ့ကိုထိုင်မျှော်နေမိတယ်။ တော်တော်လေးကြာတော့မှ တိုက်ရှေ့က ကားပါကင်ဆီ ကားတစ်စီးရပ်လာပြီး သူဆင်းလာကာ သူ့အဖွဲ့တွေကိုနှုတ်ဆက်နေတယ်။ မူးလာတာလား? စိတ်ပူပြီး အောက်ဆင်းမယ်အလုပ်မှာ တိမ်တံခွန်ထွက်လာပြီး

"ရိုင်းပြန်လာပြီတဲ့၊ နည်းနည်းသောက်လာတယ်ထင်တယ်"

သူကပြောပြီး အောက်ထပ်ကိုပြေးဆင်းသွားတယ်။ ကိုယ့်အတွက်က နေရာမရှိပါ။
တွဲခေါ်လာပြီး အခန်းထဲခေါ်သွားတာ ကိုယ့်ရှေ့တင်။ တိမ်တံခွန်ပြန်ထွက်လာပြီး အမူးပြေသောက်ဖို့ လုပ်နေတာကိုလည်း ဒီတိုင်းကြည့်နေမိတယ်။ အဝတ်လဲဖို့ပြောနေတာကိုလည်း ကြားနေတယ်။ ခပ်လေးလေးအသံနဲ့ သူရစ်နေတာလည်း ကြားတယ်။ တိမ်တံခွန်က ချော့မော့သိပ်လိုက်လို့ အိပ်သွားတာလည်း သိနေတယ်။ ဘာလုပ်ရမှန်းမသိလို့သာ ငြိမ်ငြိမ်လေးထိုင်နေမိတာပါ။

¤

တစ်နေ့တစ်နေ့ ကိုယ်က သူတို့ကြားမှာ တဖြည်းဖြည်းနဲ့ဘေးရောက်နေရတယ်။ တချို့ညနေတွေ သူတို့အတူပြန်လာကြတယ်။ တချို့နေ့တွေ သူတို့အတူ အပြင်ထွက်သွားကြတယ်။ ကိုယ့်အတွက်က အရင်လို သူတို့ကိုလိုက်ကြည့်ဖို့တောင် အားမရှိတော့ပါ။
အိမ်နဲ့အဆင်မပြေတဲ့လူက ကိုယ်တို့အိမ်မှာ တစ်လကြာသွားပြီ။ ဆေးဆိုင်နဲ့ဆေးခန်း တွဲဖွင့်ထားတဲ့ဆရာဝန်က အိမ်နဲ့အဆင်မပြေရင် သွားစရာနေရာမရှိတော့ဘူးတဲ့လား?

"ဆူးရင့်၊ သန်ဘက်ခါ ကိုယ်ပြန်တော့မယ်။ ရိုင်းကိုဂရုစိုက်ပေးပါနော်"

ခက်ပြီ၊ တကယ်ဆို ကိုယ်က သလင်းရိုင်းရဲ့ယောက်ျားပါ။ ဘာလို့များ သူကပြန်မှာနေရတာလဲ?

"ဟုတ်ကဲ့"

¤

"ဆူးရင့်၊ ငါ့အခန်းထဲ ခုတင်ပြန်ဆင်ဖို့ တစ်ချက်ကူပေးပါ"

"တိမ်တံခွန်က မနက်ဖြန်မှပြန်မှာမဟုတ်ဘူးလား?"

"အရေးပေါ်လူနာရှိလို့ ခေါ်နေတာနဲ့ တစ်လက်စတည်းပြန်သွားပြီ။ အရေးတကြီးနဲ့မို့ ကူလုပ်မသွားနိုင်တာ"

"ဪ"

သူ့ခုတင်ပြန်ဆင်ပေးပြီးတော့ ခုတင်ပေါ်မှာ ငြိမ်ငြိမ်လေးထိုင်နေပြန်တယ်။

"ဘာဖြစ်လို့လဲ လင်း? နေမကောင်းဘူးလား?"

"ကောင်းပါတယ်"

ဒါဆို တိမ်တံခွန်ပြန်သွားလို့ မျက်နှာမကောင်းတာလား?

▪︎

နောက်ပိုင်းတွေ ခဏခဏမဟုတ်ပေမဲ့ သူက တိမ်တံခွန်ရဲ့ဆေးခန်းကို ပုံမှန်အဝင်အထွက်လုပ်နေတယ်။ တစ်ခါတလေ တိမ်တံခွန်က အိမ်ပြန်လိုက်ပို့တဲ့အခါ သူ့မျက်နှာကပြုံးရွှင်လို့။ ကိုယ်နဲ့လည်း ပုံမှန်အပြောအဆိုရှိပေမဲ့ ကိုယ့်စိတ်ထဲလေးနေခဲ့တယ်။ ဘယ်အချိန်ထားသွားမလဲလို့တွေးရင်း ကိုယ့်မှာရင်မောနေရတာ နေမထိထိုင်မသာ။

"တီငယ်ပြောတာ မေ့နေပြီလား?"

"မမေ့ပါဘူး၊ အဖေ့မွေးနေ့ကျရင် သွားကြတာပေါ့"

"အင်း"

¤

"Happy Birthday ဖေဖေ"

"ကျေးဇူး သားလေး"

"ပျော်ရွှင်ပါစေ အဖေ"

"မင်း၊ မင်းဘာကိစ္စ ပါလာတာလဲ?"

"တောင်းပန်ချင်လို့ပါ"

"မလိုဘူး၊ ထွက်သွား"

"အစ်ကိုကြီး၊ ရင့်ကို အိမ်ရိပ်မနင်းနဲ့ပြောလို့ သူမလာဘူးလေ။ အခုက အိမ်မှာမှမဟုတ်တာ။ ဧည့်သည်တွေနဲ့အစ်ကိုကြီးရယ်၊ စိတ်လျှော့လိုက်ပါ"

တီငယ်ဝင်ပြောမှ အဖေကလှည့်ထွက်သွားပါတယ်။ အဖေပိုင်တဲ့ စားသောက်ဆိုင်မှာပဲ သုံးထပ်လုံးအပြည့်ခင်းကျင်းပြီး မွေးနေ့ပွဲလုပ်နေတာကြောင့် အိမ်ရိပ်မနင်းနဲ့လို့လည်း ပြောလို့မရတော့ပါ။ တီငယ်နဲ့ ခဏစကားပြောနေတုန်း သူပျောက်သွားတယ်။ တီငယ်ထွက်သွားပြီး နည်းနည်းကြာတော့မှာ သူပြန်ရောက်လာပါတယ်။

"ဘယ်သွားတာလဲ? ငါကလိုက်ရှာနေတာ"

"အောက်ထပ်ခဏဆင်းတာ ဖေဖေ့မိတ်ဆွေတွေနဲ့တိုးနေလို့ စကားပြောနေတာ။ မင်းကိုတောင် မေးနေကြသေးတယ်"

"ဪ"

"ပွဲပြီးတော့မယ် ဆူးရင့်။ ပြီးတာနဲ့ ငါတို့ ဖေဖေ့ကိုသွားတွေ့ရအောင်။ ဖေဖေဘာပြောပြော ငြိမ်နေလိုက်ပါကွာ"

"အင်းပါ"

▪︎

"မင်း၊ ဘာလာရှုပ်ပြန်ပြီလဲ? ပြန်တော့"

"အဖေ့ကို စိတ်ဆင်းရဲစေခဲ့လို့ ကျွန်တော်တောင်းပန်ပါတယ်"

ဒူးထောက်ထိုင်ချပြီး လက်အုပ်ချီလိုက်တော့

"မလိုဘူး။ မင်း သွားတော့"

"ဖေဖေ၊ သားတို့ကို အတူတူကန်တော့ခွင့်ပေးပါ"

ဒါဘယ်လိုအခြေအနေလဲ? လက်ထပ်ပြီးခါစစုံတွဲက မိဘကိုကန်တော့နေသလိုမျိုးလား?
သူကပါထိုင်ချပြီး တောင်းဆိုလာတော့ အဖေကမငြင်းတော့ပါ။ ကန်တော့ပြီးတာနဲ့ သူက မတ်တပ်ထရပ်လိုက်ပေမဲ့ ကိုယ်ကတော့ဒူးထောက်လျက်သား။ အဖေကလည်း သူ့ကိုတွေတွေလေးလိုက်ကြည့်နေတယ်။ ပြီးတော့မှ

"မင်း ဆူးရိုင်းကိုကွာရှင်းပေးရင် ငါခွင့်လွှတ်ပေးမယ်"

"ဟင်! မဖြစ်ဘူး၊ မဖြစ်ဘူးလေ။ လင်း၊ ငါ ကွာရှင်းမပေးနိုင်ဘူးနော်"

"မင်း သူ့ကိုပြောနေစရာ ဘာအကြောင်းမှမရှိဘူး"

"အဖေ့ဆီက ခွင့်လွှတ်ပါတယ်ဆိုတဲ့ စကားကိုတော့ ကျွန်တော်ကြားချင်ပါတယ်။ အမွေကိစ္စကြောင့်မဟုတ်ပါဘူး။ ဒါပေမဲ့ သူ့ကိုတော့ ကွာရှင်းမပေးနိုင်ဘူး"

ကိုယ်ရဲ့ခါးခါးသည်းသည်းငြင်းဆန်မှုကြောင့် အဖေကလက်လျှော့လိုက်တယ်။ အိမ်ပြန်ရောက်တဲ့အထိ သူကစကားမပြောပါ။

"လင်း၊ အဖေ့ကို မင်းတောင်းဆိုထားတာလား? ငါ့ကို မင်းကြိုက်သလို သတ်မှတ်လို့ရပါတယ်၊ ကြိုက်သလိုဆက်ဆံလို့ရတယ်။ ဒါပေမဲ့ မင်းဘေးနားတော့နေခွင့်ပေးပါ လင်းရယ်။ နော်"

¤

အဲဒီနောက်ပိုင်းကစလို့ သူက တစ်ခါတလေ အဖေ့အိမ်မှာသွားအိပ်တာတွေရှိတယ်။ နှစ်ညလောက်ဆိုတာ အလွန်ဆုံးပဲ၊ ကိုယ်မနေနိုင်လို့ နားပူနားဆာလုပ်ပြီး မရရအောင်ပြန်ခေါ်တာနဲ့ သူအိမ်ပြန်လာခဲ့ရတာပါပဲ။

"လင်း၊ မင်း ငါနဲ့နေရတာ တော်တော်စိတ်ဆင်းရဲနေတာလား?"

"................"

"မင်း၊ ပိန်သွားတယ်။ နေရောကောင်းရဲ့လား?"

"အလုပ်ပင်ပန်းလို့ပါ။ အဲဒါကြောင့် အခု ခွင့်တစ်လလောက်ယူပြီး နားမလို့"

"တကယ်လား? ကောင်းတာပေါ့။ ငါ့သဘောဆို မင်းကို အလုပ်မလုပ်စေချင်ဘူး။ ဒါပေမဲ့ မင်းမှာလည်း မင်းစိတ်ဝင်စားရာကို လုပ်ခွင့်ရှိတာကြောင့် ငါဘာမှမပြောတာ။ အာ ... ငါကအလုပ်သွားနေရတော့ အိမ်မှာ မင်းတစ်ယောက်တည်းဖြစ်နေမှာ။ ဘယ်လိုစီစဉ်ပေးရမလဲ?"

"မလိုပါဘူး။ ဖေဖေအားနေရင် အဖော်သွားလုပ်ပေးမယ်။ တစ်ရက်တလေတော့ သူငယ်ချင်းတွေဆီသွားမယ်၊ မဟုတ်ရင်အိမ်မှာပဲ နားနားနေနေ နေမှာပေါ့။ နောက်အပတ်ထဲတော့ ငါတို့သူငယ်ချင်းတွေ အပန်းဖြေခရီးလေး သုံး၊ လေးရက်လောက်ထွက်ဖြစ်မယ်"

"နောက်တစ်ပတ်? နောက်တစ်ပတ်ထဲကို ငါတို့ပရောဂျက်တစ်ခုအပြီးသတ်ရမှာ။ ဘယ်လိုလုပ်ရပါ့မလဲ?"

"ငါ့ဘာသာသွားမှာ၊ မင်းမလိုက်နဲ့"

"ဟင်?"

"ဟုတ်တယ်လေ၊ ငါတို့သူငယ်ချင်းတွေချည်းသွားမှာ။ ဘယ်သူမှ အစွယ်အပွားမခေါ်ဘဲ သီးသန့်သွားကြမှာ"

"လေးရက်လောက်ကြာမှာဆို ငါက မင်းမရှိဘဲ ဘယ်လိုနေခဲ့ရမှာလဲ?"

"နေတတ်အောင်နေပါ ဆူးရင့်"

ပြောပြီးထထွက်သွားတာကြောင့် ကိုယ်လှမ်းအော်လိုက်တယ်။

"နောက်ဆယ့်နှစ်ရက်နေရင် ငါတို့မင်္ဂလာသက်တမ်းခြောက်လပြည့်နော် လင်း"

သူကတော့လှည့်တောင်မကြည့်ပါ။

¤

သူ့သူငယ်ချင်းဆိုသူရဲ့အိမ်ကို ကိုယ်လိုက်ပို့ပေးခဲ့ပြီး အလုပ်ကိုထွက်လာခဲ့လိုက်တယ်။
ညနေအိမ်ပြန်ရောက်ရင်လည်း သော့ဖွင့်ဝင်ရတဲ့အိမ်က အလင်းရောင်မရှိ မှောင်မိုက်လို့။
မျက်နှာချင်းဆိုင်အခန်းဘက် ကြည့်လိုက်ပြန်ရင်လည်း အခန်းတံခါးဖွင့်မယ့်လူမရှိ။
မနက်လင်းလို့လည်း မနက်စာပြင်ပေးရမယ့်လူ မရှိလို့ ကိုယ်လည်းမနက်စာမစားဖြစ်ပါ။
ပိတ်ရက်နဲ့တိုက်ဆိုင်လို့ ခြောက်ကပ်နေတဲ့အိမ်ခန်းကလည်း အေးစက်နေတာ ခဲမတတ်။
မင်းမရှိတဲ့ငါ့ဘဝက အဆင်မပြေဘူး လင်းရယ်၊ လေးရက်က လေးကမ္ဘာလောက်ကြာတယ်။
သူကလည်း ဖုန်းမခေါ်သလို ကိုယ်ခေါ်ရင်လည်း ဧရိယာပြင်ပတဲ့။
ကိုယ်တစ်ယောက်တည်းများ ကမ္ဘာ့အပြင်ဘက်ရောက်နေသလားလို့ တွေးမိတာအကြိမ်ကြိမ်။

သူမရှိတာ ငါးရက်မြောက်တဲ့မနက်၊ သူ့ဘက်ကဆက်သွယ်မလား မျှော်မိတယ်။
တစ်နေ့လယ်လုံးလည်း အလုပ်လုပ်လို့မဖြောင့်သလို ညနေကျတော့လည်း မျှော်မိဆဲ။
ဆက်သွယ်မှုဧရိယာပြင်ပသို့ ရောက်ရှိနေပါသဖြင့် ခေါ်ဆို၍မရနိုင်ပါရှင်လို့ ပြောတတ်တဲ့မိန်းမနဲ့လည်း ကြာရင်ညားတော့မယ်။ ငါ့ကိုလာတားဦး လင်းရေ။
တီငယ်ဆီဆက်တော့ ပြန်လာတော့မယ်လို့ပြောတယ်တဲ့။

ခြောက်ရက်ရှိပြီ။ သူ့သူငယ်ချင်းအိမ်ကိုလိုက်သွားပြီး မေးကြည့်တော့လည်း ခရီးကပြန်မလာသေးဘူးတဲ့။
မနက်ဖြန် ကိုယ်တို့မင်္ဂလာသက်တမ်းခြောက်လပြည့်ပြီ။ သေချာမှာလိုက်ရဲ့သားနဲ့ ရောက်မလာသေးဘူး။ အဓိကက သူမရှိဘူးဆိုတဲ့ခံစားချက်ကြီးက အဆိုးဆုံးပဲ။
ညဦးပိုင်းမှာ လမ်းထိပ်အထိ ကိုယ်လမ်းထွက်လျှောက်ရင်း သူ့ဆီဖုန်းခေါ်ဖို့ ကြိုးစားမိပြန်ပါတယ်။
အဲဒီမိန်းမက သိပ်မာယာများတာပဲ။ သူပဲ ဆက်သွယ်မှုဧရိယာပြင်ပဆိုပြီး ပြောပြောနေတာ၊ အခုတော့ စက်ပိတ်ထားပါတယ် ဖြစ်ပြန်ပြီ။

အိုး! ဘာအသံလဲ? ကိုယ့်ဖုန်းဆီအာရုံရောက်နေတုန်း ဆူဆူညံညံအသံတွေကြောင့် ကြည့်မိတော့ ကိုယ့်နားမှာတင် ဆူညံပွက်လောရိုက်နေတာပဲ။ ညဘက်တွေအိပ်ရေးပျက်လို့ထင်တယ် နားတွေအူ၊ လူကမူးနောက်ပြီး လည်ထွက်သွားသလိုလို၊ လွှင့်ထွက်သွားသလိုလိုနဲ့။
အတတ်နိုင်ဆုံး စိတ်ကိုစုစည်းပြီး သူပြန်လာမလားဆိုတဲ့အတွေးနဲ့ လမ်းထိပ်မှာ ခဏထိုင်စောင့်ဖြစ်တယ်။
နောက်ရက်တွေလည်း အလုပ်မသွားနိုင်ဘဲ သူ့ကိုပဲစောင့်နေမိတယ်။ ညနေစောင်းတိုင်း လမ်းထိပ်ထွက်ထိုင်တတ်လို့ ဟိုနေ့ကကိုယ့်ကိုဟောင်တဲ့ခွေးတောင် အခုဆို အကျင့်ပါပြီး မဟောင်တော့ဘူး။

သူခရီးသွားတာ ဘယ်နှရက်တွေရှိကုန်ပြီလဲ? မဖြစ်တော့ဘူး၊ အဖေ့အိမ်ကိုတော့ သွားကြည့်ရမယ်။
အဖေတို့က သိပ်စိတ်ကြီးတာပဲ၊ အိမ်ထဲပေးမဝင်ပြန်ဘူး။ အဲဒီလိုဆို ကိုယ်က ဘယ်လိုမေးမလဲ?
တိမ်တံခွန်ဆီသွားကြည့်ရင် ကောင်းမလားပဲ။
တိမ်တံခွန်ရဲ့ဆေးခန်းရှေ့ရောက်တော့ ဆေးဆိုင်ပဲဖွင့်ထားပြီး ဆေးခန်းကပိတ်လျက်သား။ ခဏနေတော့ တိမ်တံခွန်ထွက်လာပြီး ကားနဲ့ထွက်သွားတာမို့ နောက်ကလိုက်မိတယ်။ ဆေးရုံသွားတာပဲ။ ပြန်တာပဲကောင်းမယ်၊ တခြားမှာရှာရမယ်။
အတွေးနဲ့အတူ ပြန်လှည့်ထွက်လာပြီး ဆေးရုံဂိတ်ပေါက်အရောက်မှာ

"ရင့်"

"ဟင်?"

"ရင့်"

"လင်း၊ မင်းဘာလို့ ဆေးရုံရောက်နေတာလဲ? ဘာဖြစ်လို့လဲဟင်?"

"ငါ ဘာဖြစ်လို့လဲ? မဖြစ်ပါဘူး။ အိမ်ပြန်ရအောင်လေ"

"အင်း၊ ငါ မင်းကိုမျှော်နေတာ"

"ငါ ချမ်းတယ်၊ အိမ်ပြန်ရအောင်"

"လာ၊ သွားကြမယ်"

▪︎

"မင်းက သော့ကို ဘာလို့သေချာယူမလာတာလဲ?"

"ငါလေ၊ မင်းအကြောင်းပဲတွေးနေရလို့ အဲဒါပဲတွေးနေရတာနဲ့ ကျန်တာတွေသတိမထားမိဘူး"

"အခု အိမ်ထဲဘယ်လိုဝင်ကြမလဲ?"

"အာ ... နောက်ဖေးလမ်းကြားကနေ နောက်ဘက်လှေကားကတက်မယ်လေ။ အဲဒီကပြတင်းပေါက်က သေချာပိတ်မရတာ သိတယ်ဟုတ်?"

"အေး၊ ဟုတ်တယ်"

"ကဲ၊ ရပြီ။ ခဏနော်၊ ငါနောက်ဖေးတံခါးဖွင့်ပေးမယ်"

"ငါလည်းကျော်ဝင်မှာပေါ့၊ ဟာဟ"

"ဖြည်းဖြည်းလာ။ လင်းရယ်၊ ငါ မင်းကိုလွမ်းလိုက်ရတာ"

"ငါလည်း မင်းကို သတိရနေတယ်"

"ဘယ်လို? မင်း တကယ်ပြောတာလား?"

"အင်း၊ မင်းနဲ့မတွေ့ရမှ ငါသိရတာ"

"သလင်းရိုင်းအစစ်ပါနော်"

"ငါအစစ်ပါကွ"

"ငါ မင်းစိတ်ထဲကို ဝင်ကြည့်ချင်လိုက်တာ။ မင်းအတွေးတွေကို သိချင်လိုက်တာ"

"မင်းကိုလွမ်းနေတုန်း တွေ့လိုက်ရလို့ အရမ်းပျော်နေတယ်"

"ဟားဟား၊ ပျော်လိုက်တာ"

"ဟာ၊ ဟေ့ကောင်မဖက်နဲ့။ ဟေ့ကောင်၊ လွှတ်စမ်း။ ဟိုဘက်တိုက်ကအဒေါ်ကြီး ကြည့်နေတယ်လေ"

"အမ်၊ ဪ ... သူလည်း မမြင်ဖူးလို့ချောင်းတာနေမှာ။ နေဦး၊ ပြတင်းတံခါးပိတ်လိုက်မယ်"

"ဟားဟား၊ မြင်လိုက်လား ရင့်? အဒေါ်ကြီး အိမ်ထဲကို ကမန်းကတန်းပြန်ဝင်သွားပြီ။ သူချောင်းတာ လူမိသွားလို့ လန့်သွားတယ်ထင်တယ်"

"ဟုတ်မှာ"

"ငါပင်ပန်းတယ်၊ နားတော့မယ်။ ငါလေ၊ မင်းအခန်းထဲလာအိပ်မယ်နော်၊ ရလား?"

"တကယ်? ရတာပေါ့၊ ရတယ်"

"Let's go"

ညချမ်းရဲ့ လအလင်းက ခပ်မှိန်မှိန်၊ ကြယ်ရောင်ကလည်း ခပ်မှေးမှေး၊ လေပြည်အေးတစ်သုတ်ကြောင့် သူ့ကိုပိုတိုးလို့ ဖက်ထားမိတယ်။
သူ့အတွေးကို ကိုယ်အမြဲသိချင်ခဲ့တာ၊ သိရပြီထင်ပါတယ်။

အခုတော့ သူက ကိုယ့်ခါးကိုဖက်ထားပြီး အိပ်မောကျလို့ .....
I wanna know the real you.

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
© Demon ,
книга «April Memo- One shot Collection».
The real us (2): You don't know the real me (ယူနီကုတ်)
Коментарі