Part 2
Unicode....
2007ခုနှစ်...ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့...
Shimmer Company ltd.၏ ဥက္ကဋ္ဌဖြစ်သော ဦးမိုးနိုင်သုတ ညနေပိုင်းအစည်းအဝေးအပြီး သားဖြစ်သူကိုပါ တခါတည်း ကျောင်းဝင်ကြိုလိုက်သည်။
အိမ်ရောက်သည်နှင့် အပေါ်တက်ရန်ပြင်နေသော ဆယ်နှစ်အရွယ် သားဖြစ်သူ ရှိုင်းသန့်သုတကို ပြောစရာရှိသည်ဆိုကာ ဧည့်ခန်းထဲရှိဆိုဖာပေါ်သို့ ထိုင်စေသည်။
"ဒယ်ဒီ သားကို အသိပေးစရာရှိတယ်၊ သားအတွက် မာမီအသစ်နဲ့ ညီလေးကို မနက်ဖြန်အိမ်ခေါ်လာမယ်သား၊
ကျေးဇူးပြုပြီး ဒယ်ဒီတောင်းဆိုတာပါ၊ အဆင်ပြေအောင်နေပေးမယ်မလား..."
ခေါင်းလေးကိုအသာပုတ်ကာဆိုလေတော့ မျက်နှာသေဖြင့် ခေါင်းတစ်ချက်သာငြိမ့်ပြတာကြောင့် သားဖြစ်သူ နားဝင်စေရန် ပို၍ရှင်းပြလိုက်သည်။
"ဒယ်ဒီတို့က လက်ထပ်မှဖြစ်မှာမို့ပါသား၊
ခုချိန်ဖြစ်ဖြစ် နောက်မကျသေးတာမို့ ဒယ်ဒီတာဝန်ယူပေးချင်တယ်
လွန်ခဲ့တဲ့ ခုနစ်နှစ်တည်းက သူ့ဆီမှာ ဒယ်ဒီ့ရင်သွေးလေးရှိခဲ့တာ၊
ဒယ်ဒီအချိန်ကြာကြီး ဖုံးကွယ်ထားမိတဲ့အတွက် သားကိုတောင်းပန်ပါတယ်၊
သားမာမီလည်း ဒယ်ဒီ့ကိုခွင့်လွှတ်ပေးမှာပါ"
ဦးမိုးနိုင် သူ့ဖြေရှင်းများကိုအဆုံးသတ်ရင်း သက်ပြင်းတချက်ချလိုက်သည်။
သားသူ့ကိုနားလည်မှာပါ၊ မိသားစုအသစ်ကို လက်ခံမှာပါလေ....
"မာမီက ဒယ်ဒီ့ကိုချစ်လွန်းတော့ ခွင့်လွှတ်မှာပါ၊
သားကတော့ ဘာတတ်နိုင်မှာလဲ ဒယ်ဒီကြိုက်တာသာလုပ်"
ရှိုင်းသန့် ထိုမျှသာပြောကာ ခြေကိုခပ်ကြမ်းကြမ်းနင်းပြီး အပေါ်ထပ်ကို တက်ခဲ့သည်။
ရှိုင်းသန့်ဒယ်ဒီသည် ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ထားသော စီးပွားရေးလုပ်ငန်းရှင် မြန်မာနိုင်ငံသားတစ်ယောက်ဖြစ်သည်။
စီးပွားရေးအတည်တကျဖြစ်သည့်အပြင် ထိုင်းနိုင်ငံသူ ဂျာနယ်လစ်တစ်ဦးဖြစ်သည့် Saya Wicharyaနှင့် ဖူးစာဆုံခဲ့သဖြင့် ဘန်ကောက်တွင်အခြေချဖို့ရန်ပါ ဖြစ်လာခဲ့သည်။
အိမ်ထောင်သက်တမ်းတစ်နှစ်ပြည့်ပြီးသည့်နောက် ရှိုင်းသန့်သုတဟူသော သူတို့၏အနာဂတ်ကလေး သူတို့ဘဝထဲသို့ ဝင်ရောက်လာခဲ့သည်။
သို့သော် ပျော်ရွှင်သည့် မိသားစုဘဝလေးကို မနာလိုနေသော ကံကြမ္မာကြီးက ဖြိုခွဲပစ်ခဲ့သည်။
ရှိုင်းသန့် ခုနစ်နှစ်အရွယ်တွင် အက်ဆီးဒန့်တစ်ခုကြောင့် မာမီကွယ်လွန်ခဲ့လေသည်။
အခန်းထဲရောက်သည်နှင့် လွယ်အိတ်ကို ကြမ်းပြင်ပေါ်ပစ်ချလိုက်ရင်း....
ဘာကိုနားလည်ရမှာလဲ.....
မာမီရှိနေစဥ်ကတည်းက တခြားတစ်ယောက်ရှိနေခဲ့တာကိုတဲ့လား....
ကလေးတောင် ရလိုက်သေးတယ်ဆိုတာကိုလား....
မာမီ့ဗိုက်ထဲက ထွက်လာတာမဟုတ်တဲ့ မွေးချင်းတွေကို သူမလိုချင်ပါဘူး....
ပြီးတော့ပြီးတော့ မာမီဆုံးတာ ဟိုတလောကမှ သုံးနှစ်ပြည့်တာပါ.....
မာမီ့ကိုလွမ်းတယ်....
တခြားတစ်ယောက်ကို မာမီလို့မခေါ်ချင်ပါဘူး...
ရှိုင်းသန့်တစ်ယောက် အိပ်ရာပေါ်တွင် ခေါင်းကိုခေါင်းအုံးနှင့်ဖိကာ ရှိုက်ကြီးတငင်ငိုကြွေးရင်း ဆယ်နှစ်သားကောင်လေးတစ်ယောက်၏ ရင်ထဲကဆန္ဒများကို ခပ်တိုးတိုးရေရွတ်နေမိသည်။
နောက်နေ့ ကျောင်းကိုလာကြိုသူမှာ အရင်လို ဒယ်ဒီမဟုတ်၊ အိမ်က ဒရိုင်ဘာဦးလေးကြီးဖြစ်သည်။
ရှိုင်းသန့်သိပ်တော့ စိတ်ထဲမထားတတ်၊ တခါတလေ ဒယ်ဒီမအားရင် ဦးလေးလာကြိုနေကျပဲမို့၊
ပြီးတော့ မနေ့ကကိစ္စများကြောင့် ရှိုင်းသန့် ဒယ်ဒီ့ကို မျက်နှာချင်းမဆိုင်ချင်ပါ။
အိမ်ရောက်တော့ ဒယ်ဒီ့ကားက ခြံထဲမှာရှိနေသည်။
အိမ်ထဲကိုဝင်ဝင်ချင်း ဧည့်ခန်းဆီမှ ဒယ်ဒီ့ခေါ်သံကိုအရင်ကြားလိုက်သဖြင့် ခေါင်းတစ်ချက်စောင်းကြည့်လိုက်တော့ ဒယ်ဒီတစ်ယောက်တည်းမဟုတ်....
ဒယ်ဒီနှင့်မျက်နှာချင်းဆိုင်တွင် ထိုင်နေသော သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်နှင့် သူ့ဘေးတွင်ခေါင်းငုံ့ကာထိုင်နေသော ကောင်လေးတစ်ယောက်......
ရှိုင်းသန့် စိတ်ရှုပ်စွာ ဧည့်ခန်းဆီသို့ခြေလှမ်းလိုက်ရင်း ဒယ်ဒီ့နားအရောက် မထိုင်သေးဘဲ လက်အုပ်ချီ ဦးညွတ်ကာ ထိုင်းလိုနှုတ်ဆက်လိုက်သည်။
ထိုအမျိုးသမီးကလည်း သူ့ကိုပြုံးပြကာ လက်အုပ်ချီ၍ ပြန်ပြီးနှုတ်ဆက်သည်။
ဘေးနားက အနှီကောင်လေးကတော့ တုပ်တုပ်မျှပင်မလှုပ်သေး။
"သား၊ ထိုင်ဦး
ဒါ သားရဲ့မာမီအသစ် ဒေါ်နန်းကြည်ဖြူတဲ့
ကရင်လူမျိုးကွယ့်
သားမြန်မာလိုပြောလို့ရတယ်
ဟိုကညီလေးက လွန်းတဲ့
အခုတော့ လွန်းသုတဖြစ်သွားပြီပေါ့...
ညီလေးကိုနှုတ်ဆက်လိုက်ဦး"
ဦးမိုးနိုင် လက်ညှိုးညွှန်ပြ၍ တစ်ဦးချင်း မိတ်ဆက်ပေးရင်း ရှိုင်းသန့်ပုခုံးပေါ်လက်နှင့်အသာဖိကာ ရှေ့ကကောင်လေးဆီသို့သွားရန် မျက်စပစ်ပြလိုက်သည်။
ရှိုင်းသန့်လည်း မသွားချင်သွားချင်ဖြင့် ခုချိန်ထိ ခေါင်းငုံ့ထားသော ထိုကောင်လေးဘေးတွင် ဝင်ထိုင်လိုက်သည်။
"ငါ့နာမည်သိတယ်မလား"
ငုံ့ထားသောမျက်နှာကို တချက်ကြည့်ကာ မေးလိုက်သောကြောင့် ငုံ့နေရာမှ ရှိုင်းသန့်ကိုကြည့်ကာ ခေါင်းညိတ်ပြသည်။
"ဒယ်ဒီက ရှိုင်းသန့်သုတလို့ပြောပါတယ် ကိုကို"
လွန်း၏ အဖြေကို ရှိုင်းသန့်ဘဝင်မကျလှသဖြင့် မျက်မှောင်တစ်ချက်ကြုံ့ကာ သူ့ကိုစိုက်ကြည့်လိုက်သည်။
ရှိုင်းသန့်စိုက်ကြည့်နေသည်ကြောင့် လွန်း နေရခက်စွာ မျက်နှာကိုတခြားတစ်ဖက်လွှဲလိုက်မိသည်။
"ဒယ်ဒီ သား နားတော့မယ်"
ဒယ်ဒီက ခေါင်းငြိမ့်ပြတာကြောင့် ထိုင်နေရာမှ ထလိုက်ကာ မည်သူ့ကိုမှ မနှုတ်ဆက်ဘဲ ခြေလှမ်းကျဲတို့က မိမိအခန်းသို့သာ ဦးတည်နေသည်။
ရှိုင်းသန့်စိတ်ထဲတွင်တော့ ထိုကောင်လေးကို အလိုမကျဖြစ်ရင်း....
ဒီနေ့ပဲ အိမ်ရောက်တာကို ဒယ်ဒီ့ကို ငါ့လိုလိုက်ခေါ်နေတယ်.....
ငါ့ကိုလဲ ကိုကိုတဲ့.....
ဟက်.... နည်းနည်းမှ အချိုးမပြေတဲ့ကောင်....
ရှိုင်းသန့် ရေချိုးရင်း တွေးမိသော အတွေးစတို့အကျိုးဆက်ကြောင့် ထွက်ပေါ်လာသောဒေါသတို့ဦးတည်ရာက သူ့ရဲ့ ဖအေတူမအေကွဲညီဆိုသည့် လွန်းသုတဆီသို့.....
~~~~~~~~~~~~~~~
Zawgyi...
ဘာကိုနားလည်ရမှာလဲ.....
မာမီ့ကိုလွမ်းတယ်....
"သား၊ ထိုင်ဦး
ကရင်လူမျိုးကွယ့်
ဟိုကညီလေးက လွန်းတဲ့
"ငါ့နာမည်သိတယ်မလား"
"ဒယ်ဒီ သား နားတော့မယ်"
ငါ့ကိုလဲ ကိုကိုတဲ့.....

Коментарі