Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 21
တကယ်တမ်း မင်္ဂလာပွဲအခမ်းအနားက မနက်ဖြန်မှကျရောက်မည်ဆိုသော်လည်း တိုင်းပြည်ကြီးငယ်များမှ ဖိတ်ကြားကာထားသော သက်ဆိုင်ရာလူတိူ့က ရောက်ရှိနေနှင့်ကျပြီဖြစ်သည်။ ခန်းမဆောင်ကြီးသည် မျက်စိတစ်ဆုံး လူများနှင့်ပြည့်နှက်နေချေသည်။ အားလုံးက အလျားလိုက်ညီစွာစီထားသော လေးထောင်သဏ္ဍာန်စားပွဲပုလေးများကို ရှေ့တွင်ထားကာ ၎င်းတို့၏ အဆင့်အတန်းအလိုက်ထိုင်ကာနေကြသည်။

ချီရှန်းက ခန်းမဆောင်၏ တံခါးဝတွင်မတ်တပ်ရပ်ကာ ထိုညစာစားပွဲအားအကဲခပ်နေသည်။ သူ၏နောက်တွင် ကျီချန်းနှင့် အန်းလုက ပါလာသည်။ ချင်းယာက သူတိူ့နှင့်​မလှမ်းမကမ်းတွင် ရပ်ကာနေပြီး သူမက ပန်းနုရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ကာထားပြီး မင်းသမီးတစ်ပါးအသွင်ပြင်ဆင်ကာထားသည်။ သူမ၏ ခါးဘေးထက်တွင် မည်သည် လက်နက်ပစ္စည်းမျှမရှိချေ။

"အရှင်ချီရှန်း...ကျွန်မနောက်လိုက်ခဲ့ပေးပါ။ ကိုယ်လုပ်တော်ကျင့် နဲ့ အရှင်ကျီချန်းကတော့ ညာဘက်ထောင့် မှာနေရာနှစ်နေရာ လုပ်ပေးထားပါတယ်။ "

အန်းလုက နောက်ဘက်နားမှ နေ၍ ချီရှန်း၏ကျောပြင်ကို အသာတို့လိုက်သည်။ ချီရှန်းက မသိမသာလှည့်ကြည့်တော့ သူကခေါင်းငုံ့နေလေ၏။ ချီရှန်းက ပြန်လှည့်လိုက်ရင်း ချင်းယာကိုကြည့်လိုက်သည်။ ပြီးနောက် သူကခန့်ညားစွာနှင့်ပင် ထိုခန်းမဆောင်ကြီး၏ အလည်လမ်းကြောင်းမှနေ၍ လျှောက်လှမ်းလာတော့သည်။ ရှေ့တည့်တည့်တွင်ပင် မြင်နေရသည်က ဝူနန်နယ်စားမင်းပင်ဖြစ်သည်။ သူက ရှေ့ဘက်နားတွင် ထိုင်ကာနေသော အခြားနယ်စားများနှင့် အချင်းချင်းစကားဆိုရင်း ရီမောနေသည်။ အသက်ခြောက်ဆယ်နီးပါးရှိနေပြီဖြစ်သော အဘိုးကြီးဖြစ်သော်လည်း သူ၏ပုံစံကသန်မာနေသေးသည်။

ဝူနန်နယ်စားမင်း၏ ဘေးတစ်ဖက်တွင် ပြင်ဆင်ထားသော စားပွဲနှစ်လုံးရှိပြီး ထိုနေရာတွင် သူ၏သားဖြစ်သူနှစ်ယောက်ကထိုင်နေသည်။ ကျန်တဖက်တွင်လည်း ထို့သို့ခုံနှစ်လုံးရှိလေပြီး ကြည့်ရသည်မှာ သမီးဖြစ်သူနှင့် သူ့အတွက် ပြင်ဆင်ထားပုံရသည်။ ချီရှန်းက သူ၏နှုတ်ခမ်းစွန်းကိုအနည်းငယ်ကွေးညွှတ်ရုံ ကွေးလိုက်သည်။ဝူနန်နယ်စားမင်းက စကားဆိုနေရာမှ ချီရှန်းကိုတွေ့လေတော့ သူက ရီလျက်ပင်သူ၏ ပုလ္လင်ထက်မှ မတ်တပ်ကောက်ရပ်လိုက်လေသည်။ ပြီးနောက်သူက မလှမ်းမကမ်းတွင် ရပ်ကာနေသော ချီရှန်းအနားသို့ ငါးဆင့်ခန့်လောက်ရှိသော လှေကားကို ဖြတ်သန်း၍ရောက်လာသည်။

ချီရှန်းက သူ၏လက်နှစ်ဖက်ကိုနောက်တွင်ပစ်ထားလျက်ပင် ထိုနေရာတွင် ခန့်ညားစွာရပ်နေဆဲဖြစ်၏။ ဝူနန်နယ်စားမင်းက အနားသိူ့ရောက်ရောက်ခြင်းပင် အလွန်ဝမ်းသာရွှင်ပြသည့်ပုံစံမျိုးဖြင့် ချီရှန်းအား ဖက်လိုက်သည်။

"တူတော်...နောက်ဆုံးတော့ ဒီဦးရီတော်ဆီရောက်လာခဲ့ပြီပေါ့။ တွေ့ရတာ တကယ်ကိုဝမ်းသာပီတိဖြစ်ရပါတယ်။"

ထိုအခါမှ ခန်းမတစ်ခုလုံးတွင်ရှိသော လူများက ပြောလက်စကားများကို ရပ်ကာတိတ်ဆိတ်သွားကြပြီး အားလုံးနီးပါးက ဝူနန်နယ်စားမင်းနှင့် ထိုငယ်ရွယ်ခန့်ညားသည့်လူဆီသို့အကြည့်တို့စုပုံကျလာလေ၏။

ဝူနန်နယ်စားက ချီရှန်းအားအချိန်အတော်ကြာအထိ ဖက်ထားသည်။ ချီရှန်းက ထိုသို့သောနီးကပ်သည့်အထိအတွေ့များကို မနှစ်မြို့မှန်းသူသိသည်။ သို့ပါလျက် ဤသို့သာမန်ထက်ပိုသော ရင်းနှီးသည်ပုံစံကို အများသူတမင်မြင်အောင်ပြကာ ချီရှန်းကို စိန်ခေါ်လိုက်ပုံရသည်။ ချင်းယာက သူတို့၏ဘေးတွင်ရပ်ကာ သူမ၏ ဖခင်နှင့် ချီရှန်းကိုထပ်မံဂါရဝပြုသည်။

"ခမည်းတော်ကို ချင်းယာ ဂါရဝပြုပါတယ်။"

ဝူနန်နယ်စား၏ သားဖြစ်သူနှစ်ယောက်ကလည်း ချက်ချင်းဆင်းလာကာ ချီရှန်းတို့နှင့်မလှမ်းမကမ်းတွင်ရပ်လျက် ဂါရဝပြုကြသည်။

"ရှင်ဘုရင်လီချီရှန်းကို ဂါရဝပြုပါတယ်။"

ခန်းမဆောင်ရှိ အားလုံးသောသူများ၏ တီးတိုးစကားဆိုသံများက ဟိုတစ်သံသည်တစ်သံပေါ်ထွက်လာလေတော့သည်။ ချီရှန်းက ဝူနန်နယ်စားမင်းအား အနည်းငယ်ငုံ့ကြည့်လိုက်ပြီးနောက်

"လွှတ်လို့ရပြီထင်တယ် ဦးရီးတော်။"

ထိုအခါမှ ဝူနန်နယ်စားမင်းက ချီရှန်းအားလွှတ်လိုက်ရင်းဆိုသည်။

"အိုး...ဦးရီးတော်လည်း အသက်တွေရလာတော့ မေ့သွားတယ်။ မင်းက လူတစ်ယောက်နဲ့နီးနီးကပ်ကပ်နေရတာကို မကြိုက်ဘူးဆိုတာ။ ဒီအဘိုးကြီးကို တူတော်ကပဲခွင့်လွှတ်ပေးပါ။"

"ရပါတယ်။"

ချီရှန်းက ဝူနန်နယ်စားအား မျက်နှာသေဖြင့်ပင်အားမနာရန်ဆိုလိုက်သည်။ ဝူနန်နယ်စားကလည်းရီလိုက်လေ၏။ ထို့နောက် ချီရှန်းက အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်ပြီးနောက် သူ၏ နှုတ်ခမ်းထောင့်စွန်းကိုအနည်းငယ်ကွေးညွှတ်လို​က်ရင်းဆိုသည်။

" ဒါဆို တရင်းတနီးမလို့ ဖက်ပြီးပြီဆိုရင် ထုံးတမ်းစဥ်လာအရ ကျွန်တော့်ကိုဂါရဝပြုဖို့လိုလိမ့်မယ်ထင်တယ် ဦးရီးတော်။"

ဝူနန်နယ်စား၏ ပြုံးရွှင်ကာနေသော မျက်နှာထားကချက်ချင်းပျက်ယွင်းသွားလေသည်။ ဘေးရှိ ချင်းယာနှင့် သူ၏သားနှစ်ယောက်သည်ပင် အနည်းငယ်ကြောင်အသွားကြလေ၏။ ချီရှန်းက အနည်းငယ်ပြုံးလိုက်ရင် ဆက်ဆိုသည်။

" ဝူနန်က ဘယ်သူ့ရဲ့လက်အောက်ခံဖြစ်နေတုန်းလည်းဆိုတာ ဦးရီးတော်အသိဆုံးနေမှာပါ။ ဟုတ်တယ်မလား။"

ထို့နောက် ချီရှန်းက သူ၏ ဝတ်ရုံလက်နှစ်ဖက်ကိုခါလိုက်ပြီးနောက် နောက်တွင်ထိုလက်နှစ်ဖက်ကို ယှက်ကာထားပြီး အစောပိုင်းက ဝူနန်နယ်စားမင်းထိုင်ကာနေသောနေရာသို့တတ်ကာ ပုလ္လင်ထက်တွင် သူ၏ဝတ်ရုံကိုခါလျက် ဝင်ထိုင်လိုက်သည်။
အားလုံးက ဝိုင်းကြည့်နေကြ၏။ ဝူနန်နယ်စားတို့ကမူ ချီရှန်းအား မော်ကာကြည့်နေကြရသည်။ ချီရှန်းက ပုလ္လင်ထက်မှနေ၍ သူ၏လက်ကိုနှိမ့်ချည်မြင့်ချည်နှစ်ချက်ခန့် မြှောက်လိုက်ပြီး

"ဂါရဝပြုပြီးရင် ကျွန်တော့်ဘေးမှာလာထိုင်နော်။ ဦးရီးတော်ကိုတော့ အဲ့ဒီအောက်မှာပဲရပ်နေခိုင်းလို့ဘယ်ဖြစ်ပါ့မတုန်း။ ဟုတ်တယ်မလား။"

ချီရှန်းက ထိုစကားကိုဆိုရင်း ထပ်မံကာ သူ့ဘေးရှိ သူ့အတွက်ရည်ရွယ်ထားပုံရသော စားပွဲနှင့် ထိုင်ခုံကိုညွှန်ပြလိုက်သည်။ ဝူနန်နယ်စားက အတော်ကြာကြာကြောင်အနေလေ၏။ ဘေးရှိချင်းယာက တစ်ခုခုပြောရန်အားပြုလိုက်ပုံရချိန် ဝူနန်နယ်စားက တားလိုက်သည်။ ပြီးနောက်သူက သူ၏ ခါးကိူကိုင်းလိုက်ပြီး ဦးခေါင်းကမူ မော့ကာချီရှန်းကိုကြည့်နေရင်းပင် ဂါရဝပြုလိုက်သည်။

"ရှင်ဘုရင်လီချီရှန်းကို ဂါရဝပြုပါတယ်။ အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ။"

ချီရှန်းက သူ၏မျက်ဝန်းများကို အသာမှိတ်ကာကျေနပ်သဘောကျသည့်ပုံစံမျိုး ခေါင်းညိမ့်ပြလိုက်သည်။

"သက်သာသလိုနေစေ။"

ထိုအခါမှ ဝူနန်နယ်စားမင်းသာမက ချင်းယာနှင့် သူ၏သားနှစ်ယောက်သည်လည်း ဘေးတစ်ဖက်တစ်ချက်ဆီတွင် နေရာယူကာထိုင်လိုက်ကြတော့သည်။ ချင်းယာကဒေါသထွက်နေပုံရသည်။ ချီရှန်းအား အကြည့်စူးစူးများဖြင့် ဘေးမှနေ၍ ပစ်လွှတ်နေလေ၏။ အားလုံးကတော့ ပုံမှန်အတိုင်းစားသောက်ပွဲကို ကျင်းပနေကြသည်။ ဝူနန်နယ်စား၏ တတိယမြောက်သားကတော့ ခန်းမဆောင်တွင်မရှိချေ။ မင်္ဂလာပွဲကိစ္စနှင့် လိုအပ်သည်များကိူ လူပ်ဆောင်နေပုံရသည်။

ချီရှန်းတို့နှင့် မလှမ်းမကမ်းရှိ စားပွဲငယ်များတွင် နေရာယူကာထိုင်နေသော စော်ဘွားများနှင့် အခြားသော သက်ဆိုင်ရာလူများက တီးတိုးဆိုနေကြသည်။ ခန်းမကတိတ်ဆိတ်နေခြင်းမရှိသော်လည်း ထိုစကားသံတို့အား အနည်းငယ်တော့ကြားနေရ၏။

"ချိုက်အန်းအင်ပါယာရဲ့ ရှင်ဘုရင်လီချီရှန်း ၊ သက်တော် ၃၀ ခန့်လောက်ပဲရှိသေးတဲ့ ဘုရင်မင်းမြတ်။ တကယ်ပဲဒီလောက်ထိ ငယ်ရွယ်ပြီးချောမောခန့်ညားနေလိမ့်မယ်လို့ ထင်မထားဘူး။ သြဇာအာဏာကလည်း ဝူနန်နယ်စားကိုတစ်ချက်တည်းနဲ့ဝပ်ပြားသွားစေနိုင်တာပဲ။"

"ဟုတ်တယ်။ ကြားလိုက်ရတဲ့သတင်းတိုင်းက ဒီလိုချည်းပဲဆိုပေမဲ့ အခုလိုမျက်မြင်တွေ့ရတော့ တကယ်ကို ထပ်ပြီးမအံ့သြပဲမနေနိုင်ဘူး ။ မကြာသေးခင်ကမှ တိုင်းပြည်ငယ် ၁၂ခု ကို သိမ်းထားသေးတာမလား။ ဒီလောက်တော့ သူ့အတွက်မပြောပလောက်ဘူးလို့ထင်တာပဲ။ "

"ဟုတ်တယ်။ ပြောရရင် အသည်းတစ်ခါကွဲတ်ိုင်းတစ်ခါစစ်တိုက်နေပုံရတယ်။ လွန်ခဲ့တဲ့နှစ်နှစ်က သူ့ကိုယ်လုပ်တော်ဆုံးပါးသွားလို့ အတော်လေးပြဿနာရှာပစ်လိုက်သေးတယ်လေ။ စစ်ကြေညာခံရတဲ့တိုင်းပြည်ငယ်လေးတွေကတော့ ဓားစာခံဖြစ်ရတာပေါ့။

ယွဲ့တိုင်းပြည်တောင်ပါသေးတယ်လေ။ ဝူနန်နဲ့ မလှမ်းမကမ်းက တိုင်းပြည်ငယ်လေးလေ ပြီးတော့....."

ထိုတီးတိုးဆိုနေသည့် လူတစ်ယောက်က သူတိူ့နှင့်မလှမ်းမကမ်းတွင် ထိုင်ကာနေသော ယွဲ့တိုင်းပြည်၏ရှင်ဘုရင်ဖြစ်သည့် ကျင့်ဝမ်ချိုးနှင့်သူ၏ မိဖုရားခေါင်ကြီးတို့ကို မသိမသာလှမ်းကြည့်ကြသည်။ သူတို့နှစ်ဦးသည်လည်း ကြားရသည့်အတင်းစကားများကို လျစ်လျှူရှုမထားနိုင်လောက်အောင်ပင် မျက်နှာပျက်ယွင်းနေကြလေ၏။ သို့သော်လည်း ကျင့်ဝမ်ချိုးကမူ ခေါင်းကိုငူံ့နေလိုက်သည်။ သူ၏ဘေးရှိ မိဖုရားခေါင်ကြီးကမူ ဒေါသအိုးပေါက်ကွဲနေသည့် ပုံစံမျိုးဖြင့် သူမရှေ့ရှိ သေရည်ခွက်ကို ကောက်ကိုင်ကာ တချိုက်တည်းမော့ချပစ်လိုက်သည်။

သူမက သူမ၏ယောက်ျားဖြစ်သူ ကျင့်ဝမ်ချိုးကိုပါဒေါသပုံထွက်ချင်နေပုံရသော်လည်း သူ၏အကြည့်ကိုတစ်ခြားတစ်ဖက်ကိုသာလွှဲပစ်နေသည်။ သူမသေရည်ခွက်ကိုပြန်ချလိုက်ပြီးနောက် ရှေ့ကိုအကြည့်ရောက်မိလေတော့ မြင်လိုက်ရသည့်အရာကြောင့် သူမ၏ မျက်ဝန်းများက ပြူးကျယ်လာလေသည်။

သူမကစားပွဲပေါ်တွင် သူမ၏လက်ကိုလက်သီးဆုပ်ကာတင်လိုက်ရင်း သူ၏ရှေ့တွင်ရှိနေသော ကျင့်ယိချန်အား သေချာစွာဆိုက်ကြည့်နေသည်။

"ကျင့်ယိချန်....ဒီမျိုးမစစ်လေးက ဘယ်ကနေဘယ်လိုဖြစ်ပြီး ဒီကိုရောက်နေရတာလဲ။ "

"ဘယ်မှာလဲ။"

ကျင့်ဝမ်ချိုးက သူမအားမေးလိုက်တော့ သူမက သူတို့ရှေ့တည့်တည့်တွင်ထိုင်ကာ ဘေးရှိ ကျီချန်းထံမှ သေရည်ငဲ့ပေးခြင်းကို သေရည်ခွက်ကိုင်ကာ ခံနေသော အန်းလုကို မေးမော့ပြပြီး သူမ၏ ယောက်ျားအား မျက်စောင်းထိုးသည်။ ကျင့်ဝမ်ချိုးက မြင်လေတော့ မျက်မှောင်ကြုတ်လိုက်ပြီး

"သတင်းရထားတာက ကိုယ်လုပ်တော်ကျင့်က ချိုက်အန်းနန်းတော်မှာ အပျင်းဖျားနေလို့အိပ်ယာထဲကတောင် မထနိုင်ဘူးဆို။"

"ဟုတ်တယ်။ ကျွန်မလည်း အဲ့ဒီလိူပဲသတင်းရထားတာလေ။ သူကဘာလို့ ဘုရင်လီချီရှန်းနဲ့ ပါလာရတာလဲ။ ဒီကိစ္စကတစ်စက်ကလေးမှ မဖြစ်နိုင်ဘူး။"

"စိတ်လျှော့ပါ မိဖုရားကြီးရယ်။ ခဏနေလို့ ညစာစားပွဲပြီးတဲ့အခါ ကိုယ်တော် ယိချန်ဆီကိုသွားလိုက်ပါ့မယ်။"

အန်းလုက သောက်စားနေရင်း သူ့ကိုကြည့်ကာတီးတိုးဆိုနေသော ထိုဘုရင်နှင့်မိဖုရားခေါင်ကြီးအားမြင်လေတော့ သူက မျက်လုံးလေးကို ဖွင့်လိုက်ပိတ်လိုက်ဖြင့် ထိုသူတိူ့အားပြန်ကြည့်နေသည်။ ဤလူများ အဘယ်ကြောင့် မိမိအားကြည့်ကာ အတင်းတုတ်နေကြသည်ကို သူနားမလည်ချေ။ သိူ့သော်လည်း သူ၏အကျင့်အရပင် သူ၏နေရာမှနေ၍ ခေါင်းကိုငုံ့ကာဂါရဝပြုလိူက်ရင်း ထိုသူတို့အားရီပြကာ ကျီချန်းနှင့် စကားဆက်ပြောနေလိုက်သည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
© Hnin Aung,
книга «Love, But Hurt (Season_3) The Last Begin».
Коментарі